ဆောင်းပါးများ
မိမိ၏မောဟအတိုင်းအတာကို သိမှသာ မှန်သော အသိသုတဖြစ်သည်။
-ကွန်ဖြူးရှပ်
-ကွန်ဖြူးရှပ်
5/15/2025 0 Comments နိုင်ငံရေးနှင့် ဝေါဟာရစကားလုံးများနိုင်ငံရေးဟာ လက်နက်စွဲကိုင်ပြီး ကြမ်းတမ်းတဲ့ စစ်ပွဲတွေကို ဦးတည်တာမဟုတ်ဘဲ ယဉ်ကျေးတဲ့ ပဋိပက္ခ အခင်းအကျင်းဖြစ်ဖို့ ဦးတည်ရမှာဖြစ်တယ်။ ဒါမှလည်း လူတွေဟာ လူပီပီသသ နေရမယ်၊ အခြေခံ လိုအပ်ချက်တွေ ရမယ်။ ဒါကြောင့် လက်နက်တွေအစား နှုတ်စကားတွေကို ယုံကြည်ဖို့လိုတယ်။ ဝေါဟာရတွေကို အဓိပ္ပာယ်အတူတူ နားလည်သဘောပေါက်ပြီး အစဉ်အမြဲ တသမတ်တည်း အသုံးပြုဖို့ လိုတယ်။ ဘာသာစကားနဲ့ ဝေါဟာရတွေဟာ ကျွန်တော်တို့က လောကကြီးကို ဘယ်လိုမြင်တယ်၊ ဘယ်လိုဘာသာပြန်တယ်၊ ဘယ်လိုအဓိပ္ပာယ်ကောက်တယ် ဆိုတာတွေအပေါ် သက်ရောက်မှုရှိတယ်။ နိုင်ငံရေးမှာ ဘာသာစကားနဲ့ ဝေါဟာရတွေဟာ ရည်ရွယ်ချက်တွေကို ဆက်သွယ်ဖို့အတွက် သုံးတဲ့ကြားခံတွေလောက်သာ မဟုတ်ဘဲ စကားလုံးတွေမှာ အင်အားရှိတယ်။ အဲ့စကားလုံးတွေကနေ အဆင့်အတန်းသတ်မှတ်ပြီး လူ့အဖွဲ့အစည်းကို ခွဲခြားဆက်ဆံကြတယ်။ စကားလုံးတွေကနေ လူထုရဲ့ ကံကြမ္မာ၊ နိုင်ငံရဲ့လားရာကို ပုံဖော်သတ်မှတ်ကြတယ်။ ဥပမာပြောရရင် လူမျိုး၊ လူမျိုးကြီး၊ လူမျိုးငယ်၊ လူမျိုးစု စတဲ့ အသုံးအနှုန်းတွေမှာ အဆင့်အတန်းတွေ သတ်မှတ်ဖော်ပြကြတယ်။ မြန်မာစကားမှာ လူမျိုးဆိုတဲ့ ဝေါဟာရဟာ “လူ-အမျိုးအစား” ဆိုပြီး အဓိပ္ပာယ်ရတယ်။ ရှေးတုန်းက လူမျိုးပေါင်း တရာ့တပါးဆိုတဲ့ စကားဟာ မတူညီတဲ့ လူအုပ်စုတွေကို ရည်ညွှန်းတယ်။ “မျိုး” ဆိုတဲ့ စကားကို သန့်မြင့်ဦးနဲ့ မိုက်ကယ်ချာနေက “မျိုးစေ့” ကိုလဲ ဆိုလိုတယ်လို့ ဖွင့်ဆိုတယ်။ ကုန်းဘောင်ခေတ်က မင်းမျိုးနဲ့ ကျွန်မျိုး ဆိုပြီး ယေဘုယျအနေနဲ့ လူတန်းစားခွဲခြားတယ်။ မူရင်းအနေနဲ့ အာရှတိုက်မှာရှိတဲ့ လူ့အဖွဲ့အစည်းတွေမှာ အိန္ဒိယအသွင်လွှမ်းမိုးတဲ့ လူမှုဖွဲ့စည်းမှုတွေ (Indianization of civilizations) ဖြစ်လာပေမဲ့ အိန္ဒိယထက် ပိုမိုပျော့ပြောင်းပြီး လှုပ်ရှား (socially mobilized) နိုင်တဲ့ လူမှုဖွဲ့စည်းမှုအဖြစ် ပုံဖော်နိုင်တယ်လို့ ယူဆနိုင်တယ်။ ဘုရင်တွေက မိမိတို့ အနိုင်ယူလိုက်တဲ့ လူမျိုးတွေကို “ကျွန်” လို့ အမည်တပ်တယ်။ ဥပမာပြောရမယ်ဆိုရင် ဗန္ဓုလအနေနဲ့ ရခိုင်ကို တိုက်ခိုက်ပြီးနောက် ရခိုင်စစ်ရှောင်သူတွေကို လိုက်လံဖမ်းဆီးရာမှာ အင်္ဂလိပ်ကို ပို့တဲ့ ရာဇသံမှာ “ငါတို့ ကျွန်တွေကို ပြန်ပေး” ဆိုတဲ့သဘော ရေးသားထားတယ်။ ဒါကြောင့် ကုန်းဘောင်ခေတ်တိုင်အောင် စစ်နိုင်သူက “သခင်မျိုး”၊ စစ်ရှုံးတဲ့ ဘုရင်နဲ့ သူ့နိုင်ငံသားတွေက “ကျွန်မျိုး” ဆိုတဲ့ အယူအဆရှိကြောင်း တွေ့မြင်ရတယ်။ ဗြိတိသျှကိုလိုနီလက်အောက် ရောက်တဲ့အခါမှာ ငါတို့က “စစ်ရှုံးသော်လည်း သခင်မျိုး” ဆိုပြီး ယူဆလာကြတယ်။ ယခုခေတ်မှာ “လူမျိုးစု” ဆိုတဲ့ စကားကို Ethnic လို့ ဘာသာပြန် ဖလှယ်လေ့ရှိတယ်။ တကယ်တမ်း Ethnic ဆိုတဲ့ စကားလုံးက အင်္ဂလိပ်ဘာသာမှာလဲ မျိုးဆက်၊ သွေးသားနဲ့ အခြေခံတဲ့အတိုင်း ပြောနေကြသော်လဲ ရှေးခေတ်က အသုံးအနှုန်းများမှာ အခြားနေရာကလာတဲ့ ဒေသရဲ့ ပင်ရင်းယဉ်ကျေးမှု၊ ဘာသာတရားနဲ့ မတူသူတွေကို ဆိုလိုတာဖြစ်တယ်။ “Heathen, Pagan” စတဲ့ စကားလုံးတွေနဲ့ အပြန်အလှန် အဓိပ္ပာယ်ဖလှယ်ပြီး သုံးကြတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ လူမျိုးစုတွေကို Ethnic လို့ သတ်မှတ်တာကို ရှေးခေတ်အင်္ဂလိပ်တဦးသာ ဖတ်လိုက်မယ်ဆိုရင် အခြားဒေသက လာကြတဲ့ အဓိကမဟုတ်တဲ့ လူအုပ်စုငယ်များလို့သာ နားလည်သွားကြပေလိမ့်မယ်။ ယခုခေတ်မှာတော့ Ethnic က မျိုးရိုး ဆက်စပ်မှုအတွက် သုံးတဲ့ စကားလုံး ဖြစ်နေပြီ။ ကုလသမဂ္ဂက မိမိတို့ရဲ့ ဌာနေဒေသမှာပဲ မွေးပြီး နိုင်ငံရေးအာဏာ မရရှိသူတွေကို Indigenous ဖြစ်တယ်လို့ ဘာသာပြန်တယ်။ မြန်မာလို “ဌာနေတိုင်းရင်းသား” လို့ ဘာသာပြန် ခေါ်ဝေါ်တယ်။ ဒါပေမဲ့ ဗမာတွေကလဲ ဌာနေတိုင်းရင်းသားဖြစ်သလား လို့ မေးစရာဖြစ်လာတယ်။ တို့ဗမာအစည်းအရုံးခေတ်က စာတွေမှာ “ယနေ့ နိုင်ငံရင်းသားဖြစ်သော ဗမာတို့သည် အာဏာမရသေး” လို့ ဖော်ပြထားတယ်။ လွတ်လပ်ရေးကြေငြာစာတမ်းမှာတော့ တိုင်းရင်းသား ဆိုတဲ့ အသုံးအနှုန်း နှစ်ကြိမ်ပါဝင်ပြီး “တိုင်းပြည်၊ နိုင်ငံ၏ အရင်းအစမှတည်သော လူသား၊ သားသမီး” ဆိုတဲ့ အဓိပ္ပာယ်မျိုး ကောက်နိုင်တယ်။ ဒါပေမဲ့ လူမျိုးစုနဲ့ တိုင်းရင်းသားကို အတူတူလိုပဲ သုံးကြတယ်။ ဗမာစကားရဲ့ ရှုထောင့်နဲ့ကြည့်မယ်ဆိုရင် နိုင်ငံရင်းသားမှာ ဗမာပါတယ်လို့ ဆိုနိုင်သော်လဲ “ဌာနေတိုင်းရင်းသား အခွင့်အရေး” (Indigenous Rights) ကို ကုလသမဂ္ဂက ဖွင့်ဆိုရာမှာ နိုင်ငံရေးအာဏာမရတဲ့ ဖိနှိပ်ခံလူထုကို ဆိုလိုခြင်းဖြစ်တယ်။ ဗမာစကား “ဌာနေ တိုင်းရင်းသား” မှာ နိုင်ငံရေးအာဏာ လူများစုဖြစ်တဲ့ ဗမာတို့ကို ထည့်သွင်းထားတဲ့အတွက် “ဌာနေတိုင်းရင်းသား အခွင့်အရေး” ဆိုင်ရာ စာချုပ်၊ စာတမ်း၊ ညှိနှိုင်းမှုနှင့် အကာအကွယ်အားလုံးကို သက်ရောက်စေခြင်း မရှိတော့ပေ။ ဒါကြောင့် “ဗမာလည်း တိုင်းရင်းသားပဲ” ဆိုတာမှန်ပေမဲ့ အစီအမံအားဖြင့် ဖိနှိပ်ခံ ဌာနေတိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ကာကွယ်တဲ့ ယန္တရားတွေဟာ မြန်မာနိုင်ငံမှာ အသုံးမဝင်ဘူးလို့ ဆိုလိုရာ ရောက်သွားလိမ့်မယ်။ နောက်ထပ်စကားတမျိုးမှာ “လူမျိုးကြီး” ဆိုတဲ့ အသုံးအနှုန်းဖြစ်တယ်။ ကိုလိုနီခေတ် ဗိုလ်ချုပ်အောင်ဆန်းတို့ လက်ထက်ကတည်းက လူမျိုးကြီးဆိုတဲ့ အသုံးအနှုန်းဟာ ဂုဏ်ရှိတဲ့၊ ယဉ်ကျေးမှုမြင့်တဲ့၊ စုစည်းနိုင်တာကို ဖော်ပြတဲ့ ဝေါဟာရအဖြစ် မြင်ကြတယ်။ ယခုခေတ်မှာ လူမျိုးကြီး လို့ပြောရင် ဖိနှိပ်သူတွေ၊ မတရားဂုဏ်မောက်သူတွေအဖြစ် မြင်ကြပြီး ဝေါဟာရက ပေးတဲ့ ခံစားချက်က ပြောင်းလဲသွားတယ်။ နိုင်ငံရေးအရ စုစည်းနိုင်ပြီး ဘာသာစကား၊ ယဉ်ကျေးမှုတူကြတဲ့ လူမျိုးစုတွေ စုပေါင်းခြင်းကို လူမျိုးကြီးတရပ် ပေါ်လာတယ်ဆိုပြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် နားလည်ထားတယ်လို့ သူ့ရဲ့ ဖဆပလ ပဏာမညီလာခံ ပြင်ဆင်တဲ့မိန့်ခွန်းမှာ တွေ့ရတယ်။ ဒီလို ဖွင့်ဆိုချက်ကို ယခုခေတ်မှာ အမျိုးသားလူထု Nation ဆိုတဲ့ အမြင်နဲ့ တိုက်ရိုက်ဖလှယ်ကာ နားလည်နိုင်တယ်။ အဲ့အချိန်က မွန်၊ ရခိုင်တို့ကိုတောင် လူမျိုးကြီး ဆိုပြီး ဗိုလ်ချုပ်အောင်ဆန်းက မသတ်မှတ်ဘဲ လူမျိုးကြီးဖြစ်လာဖို့ ပါဝင်ရမဲ့လူမျိုးစုတွေလို့သာ ရှုမြင်ခဲ့တယ်။ ယခုခေတ်မှာ ဒီစကားလုံးဟာ အတိုင်းအတာတခုအထိ နိုင်ငံရေးအာဏာကို စုဖွဲ့ပိုင်ဆိုင်ဖူးတဲ့ သမိုင်းရှိသူတွေလို့ နားလည်ကြတယ်။ အင်္ဂလိပ်ဝေါဟာရ Nation ဆိုတာ မူလအဓိပ္ပာယ်အရ မွေးလာတဲ့သဘော၊ မွေးရာပါတဲ့သဘော၊ ဘာသာစကားနဲ့ လူမှုရေးဆက်သွယ်ကာ အတူယှဉ်တွဲနေလိုတဲ့ သဘောလို့ ဆိုလိုတယ်။ ယခုခေတ်မှာ (အထူးသဖြင့် လူမျိုး တမျိုးထဲရှိတဲ့ ဥရောပနိုင်ငံတွေမှာ) Nation ဆိုတဲ့ အသုံးအနှုန်းက State ဆိုတဲ့ နိုင်ငံကို ရည်ညွှန်းတာလဲ ရှိပြန်တယ်။ Nationality လို့ ဆိုရင် လူမျိုးများလွန်းတဲ့ ရွှေ့ပြောင်းလာသူတွေရဲ့ အမေရိကန်နိုင်ငံ၊ ဒါမှမဟုတ် လူမျိုးတခုထဲရှိပြီး ကွဲပြားမှုနည်းတဲ့ ဂျာမဏီလို နိုင်ငံတွေမှာ Citizen နဲ့ သဘောတရားတူတူ သုံးကြတယ်။ ဒါပေမဲ့ အမေရိကန်နိုင်ငံမှာ Novajo Nation လို့ ပြောလိုက်တာနဲ့ ဌာနေတိုင်းရင်းသားတို့ရဲ့ စုဖွဲ့မှုလို့ နားလည်ကြသေးတယ်။ Nation ဟာ စိတ်ပိုင်းဆိုင်ရာ ဆက်စပ်မှု ဖြစ်ပြီး State ဆိုတာ အာဏာနဲ့အုပ်ချုပ်တဲ့ နိုင်ငံလို့ နားလည်လို့ရတယ်။ Nation အတွက် မြန်မာမှာ အနီးစပ်ဆုံးစကားမှာ “အမျိုးသားလူထု” ဖြစ်တယ်။ ဝေါဟာရတွေကို ဒီလိုကြည့်လိုက်ရင် စကားတလုံးချင်းစီက လူမှုနိုင်ငံရေးအပေါ် သက်ရောက်မှုတွေရှိကြတယ်။ “နိုင်ငံ” ဆိုတဲ့ ဝေါဟာရဟာ အရေးပါမှု၊ စိန်ခေါ်မရမှု၊ အာဏာရှိမှုကို ဖော်ပြပြီး “လူမျိုး” ဆိုတာ စုစည်းမှု၊ ဆက်စပ်မှုကို ဖော်ပြတယ်။ “လူမျိုးစု” ဆိုတဲ့ စကားမှာ သေးငယ်မှု၊ အာဏာမရှိမှုကို ဖော်ပြရာရောက်ပြီး ယနေ့ “လူမျိုးကြီး” ဆိုတဲ့စကားမှာ ဖိနှိပ်တတ်မှု၊ မလိုလားမှုကို ဖော်ပြရာရောက်တယ်။ “တိုင်းရင်းသား” ဆိုတဲ့ စကားလုံးဟာ မူလဒေသ အရင်းအမြစ်တွေနဲ့ သက်ဆိုင်မှု၊ နိုင်ငံရဲ့အောက်မှာ တည်ရှိတယ်လို့ ဖော်ပြတယ်။ “ခိုးဝင်လာသူများ” ဆိုတဲ့ စကားလုံးမှာ မလိုလားအပ်မှုနဲ့ ဥပဒေပြင်ပကနေ စီရင်လို့ရတယ်ဆိုတဲ့ စဉ်းစားချက်ကို ပေးတယ်။ “လူမျိုးငယ်” ဆိုတဲ့ စကားလုံးမှာ အာဏာမရှိမှုနဲ့ ခေတ်နောက်ကျမှုလို့ ဆိုလိုရာရောက်တယ်။ “လူမျိုးရေးအမြင်” ဆိုတဲ့ စကားမှာ မကျေနပ်မှု၊ ခေတ်နောက်ပြန်ဆွဲမှု ဆိုပြီး ယူဆကြတယ်။ ဒီလို စကားလုံးတွေရဲ့ အသုံးအနှုန်းတွေဟာ လူထုအပေါ် ဘယ်လိုသက်ရောက်မှုရှိစေလဲဆိုတာတွေကို နားလည်ဖို့လိုတယ်။ ဒါထက်အရေးကြီးတာက တယောက်တမျိုး ဝေါဟာရတွေကို သုံးချင်သလို သုံးကြပြီး နိုင်ငံရေးကို ညှိနှိုင်းကြတဲ့အခါ ဆိုလိုတာတမျိုး၊ နားလည်တာတမျိုး ဖြစ်လာပြီး နောင်မှာ သဘောတူထားသမျှ ပြိုကျပြီး အမုန်းပွားရတော့တယ်။ ဥပမာ ဒီမိုကရေစီဆိုတဲ့ စကားလုံးကိုပင် KNU က ပဲခူးရိုးမကျပြီးတဲ့ကာလတွေမှ စတင်ပြီး “အမျိုးသားဒီမိုကရေစီ (Ethnic democracy)” အဖြစ် ညွှန်းဆိုခဲ့တယ်။ နောက်ပိုင်းတွင် တိုင်းရင်းသားမျိုးစုံက လူမျိုးရေးလွတ်မြောက်ရေးနဲ့ ယှဉ်တွဲတဲ့ “Decolonized democracy” နဲ့ နိုင်ငံရေး ကိုယ်စားလှယ်များအားလုံးက သဘောတူညှိနှိုင်းရပြီး ရလာတဲ့ “Consociational democracy” ကို ညွှန်းဆိုတယ်။ NLD က လူမှုရေးအရ အမြင်သာတဲ့ “Depoliticized democracy” နဲ့ NLD ကို ဗဟိုပြုပြီး အားလုံးလာကပ်ကြတဲ့ ကင်းခြေများသဏ္ဍာန် “Centripetal democracy” ကို ညွှန်းဆိုတယ်။ စစ်တပ်က သူ့ထိန်းချုပ်မှုအောက်မှာ ရှိတဲ့ “စည်းကမ်းပြည့်ဝသော”လို့ ခေါင်းစဉ်အမှားတပ်ထားတဲ့ “Illiberal democracy” ကို ညွှန်းရာတွင် သုံးတယ်။ ယခုခေတ်မှာလဲ စစ်တပ်၊ NUG နဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အားလုံးက ဖက်ဒရယ်ဒီမိုကရေစီ လို့ ပြောနေပေမဲ့ လက်တွေ့ဆိုလိုရင်းကတော့ မတူကြပါ။ စကားလုံးတွေကို ဖတ်တဲ့၊ နားထောင်တဲ့အခါမှာ သူတို့ရဲ့ နောက်ကွယ်က ဘာကိုဆိုလိုတယ်ဆိုတဲ့ ရည်ရွယ်ချက်ကို တွေးဖို့လိုပါတယ်။ စစ်တပ်က “ငြိမ်းချမ်းရေး”လို့ ပြောတဲ့အခါ လက်နက်ဖြုတ်သိမ်းရေးကို ဆိုလိုတာဖြစ်နိုင်တယ်။ “ဒီမိုကရေစီ ဖက်ဒရယ်” ဆိုတဲ့ စကားကလဲ ပညာရပ်ဆိုင်ရာ ဝေါဟာရမှာရှိတဲ့ စကားမဟုတ်ပါ။ ဒီစကားကို ဖန်တီးရတဲ့ရည်ရွယ်ချက်က အာဏာစုစည်းမှုဟာ အမျိုးသားတန်းတူရေးထက် အရေးကြီးတယ်ဆိုတဲ့ အမြင်ကို အခြေခံထားတယ်လို့ ဆိုနိုင်တယ်။ “မြန်မာနိုင်ငံရဲ့ ဖြစ်စဉ်ဟာ ထူးခြားတယ်” ဟု အားလုံးက ပြောကြတယ်။ စစ်တပ်အတွက် ဒီစကားက “ငါတို့နိုင်ငံရေးက မထွက်နိုင်၊ တိုင်းရင်းသားတွေ လက်နက်အရင်ဖြုတ်ပါ” လို့ ပြောဖို့ သုံးတတ်တယ်။ ဌာနေလူမျိုး တိုင်းရင်းသားလှုပ်ရှားမှုတွေကတော့ လစ်ဘရယ်ဒီမိုကရေစီကို တိုက်ရိုက်သုံးမရသေးဘူးလို့ ပြောလိုတာဖြစ်နိုင်တယ်။ ဒီလို ပြောတာဟာ မယုံကြည်မှုကို တိုးစေဖို့ ရည်ရွယ်တာမဟုတ်ဘဲ စကားလုံးတွေကို ကျော်ပြီး နားလည်ဖို့ဖြစ်တယ်။ ဒါ့အပြင် စကားလုံးတွေကို အခြေခံပြီး တည်ဆောက်တဲ့ ယုတ္တိအမှားတွေ မဖြစ်စေဖို့ ရည်ရွယ်ပါတယ်။ စကားလုံးတွေကို နားလည်မှု တူ မတူ ဆိုတဲ့အချက်ကို အမြဲဆန်းစစ်ဖို့ လိုပါတယ်။
0 Comments
5/14/2025 0 Comments စုစည်းတည်ဆောက်ကြရသော ဗဟုသုတများသစ်ပင်တွေကြီးထွားတယ်။ မြစ်တွေစီးဆင်းတယ်။ ကျောက်တုံးတွေကို လွှတ်ချလိုက်ရင် ကျသွားတယ်။ လေတိုက်သွားတာ မျက်နှာမှာ ခံစားရတယ်။ ဆားအရသာကို လျက်ကြည့်နိုင်တယ်။ မိုးကြိုးသံကို ကြားနိုင်တယ်။ ဒီကမ္ဘာက လက်တွေ့အမှန််ဖြစ်တယ်ဆိုတာ ရှင်းနေတာပါပဲ။ ဒါပေမယ့် ကျွန်ုပ်တို့ မကြာခဏမေ့တတ်တာက ဒီကမ္ဘာကို တိုက်ရိုက်ထိတွေ့နိုင်တာမဟုတ်ဘူးဆိုတာပါ။ ကျွန်ုပ်တို့ရဲ့ "အာရုံခံစားမှုတွေ" ဆိုတဲ့ စစ်ထုတ်စနစ် (ဒါမှမဟုတ်) ဘာသာပြန်မှုကနေတဆင့်ပဲ သိရှိနိုင်တာဖြစ်တယ်။
ကျွန်ုပ်တို့ရဲ့ အာရုံခံစားမှုတွေဟာ အံ့သြစရာကောင်းပေမယ့် ကန့်သတ်ချက်တွေရှိတယ်။ ကျွန်ုပ်တို့မျက်လုံးတွေက မြင်နိုင်တဲ့အလင်းရောင်စဉ် (visible spectrum) ဆိုတဲ့ အလင်းရဲ့သေးငယ်တဲ့အစိတ်အပိုင်းကိုပဲ မြင်နိုင်တယ်။ ဒါက ခရမ်းလွန်ရောင်ခြည်၊ အနီအောက်ရောင်ခြည်နဲ့ အခြားဖြာထွက်မှုတွေပါဝင်တဲ့ ပိုမိုကြီးမားတဲ့အလင်းကမ္ဘာထဲကမှ သေးငယ်တဲ့ အကွာဟလေးတခုပါပဲ။ ကျွန်ုပ်တို့နားတွေက ဆင်တွေရဲ့ ပြောနေတဲ့ အနိမ့်သံတွေ၊ လင်းနို့တွေရဲ့ ထုတ်နေတဲ့ အမြင့်သံတွေကို မကြားနိုင်တဲ့ အသံအတိုင်းအတာအရ သေးငယ်တဲ့အပိုင်းကိုပဲ ကြားနိုင်တယ်။ အရေပြားက ထိတွေ့မှုကိုခံစားနိုင်ပေမယ့် ကျွန်ုပ်တို့ကိုဝန်းရံနေတဲ့ သိမ်မွေ့တဲ့စွမ်းအင်တွေကိုတော့ မခံစားနိုင်ဘူး။ နာကျင်မှုဆိုတာတောင် လက်တွေ့ဒဏ်ရာထက် ကျွန်ုပ်တို့ရဲ့အာရုံကြောတွေနဲ့ ဦးနှောက်က ဘယ်လိုနားလည်သလဲဆိုတာနဲ့ ပိုသက်ဆိုင်တယ်။ ဒီကမ္ဘာက ကျွန်ုပ်တို့ အာရုံခံနိုင်တာထက် ပိုမိုကြွယ်ဝတယ်။ မိုက်ခရိုစကုပ်၊ အပူချိန်တိုင်းကိရိယာ၊ ဂြိုလ်တုတွေလို ကိရိယာတွေနဲ့ ကျွန်ုပ်တို့ ပိုမိုနားလည်နိုင်တယ်လို့ ထင်ကောင်းထင်နိုင်တယ်။ တစိတ်တပိုင်းအားဖြင့် မှန်ပါတယ်။ ဒါပေမယ့် ဒီကိရိယာတွေကို ကျွန်ုပ်တို့က နားလည်ဖို့ ဘာသာပြန်ဖို့လိုအပ်တုန်းပါပဲ။ တယ်လီစကုပ်တလုံးက ကြယ်တပွင့်ကို "မြင်တာ" မဟုတ်ဘူး။ သူက ကျွန်ုပ်တို့ကို ရုပ်ပုံ (ဒါမှမဟုတ်) အချက်ပြမှုတခုပြပြီး ကျွန်ုပ်တို့က ဒါကို အဓိပ္ပါယ်ပြန်ရတယ်။ ရိုးရှင်းတယ်ထင်ရတဲ့ စက်တွေတောင် လူသားတွေရဲ့အတွေးအခေါ်တွေကို အခြေခံပြီး လူမှုအသိုင်းအဝိုင်းတွေမှာ အသုံးပြုကြတာပါ။ အပူချိန်တိုင်းကိရိယာက ဂဏန်းတလုံးပြပေးတယ်။ ဒါပေမယ့် ဒီဂဏန်းရဲ့အဓိပ္ပါယ်၊ ဒါနဲ့ဘာလုပ်မလဲ၊ ဒါကိုဘယ်လိုခံစားရမလဲဆိုတာ - ကျွန်ုပ်တို့ရဲ့ယဉ်ကျေးမှုက သင်ပေးတာပါ။ အပူချိန်ဆိုတာကို စဉ်းစားကြည့်ရအောင်။ ရိုးရှင်းတဲ့အချက်တခုလို့ ထင်ရမဟုတ်လားတယ်။ ပူလား အေးလား? ကျွန်ုပ်တို့က သာမိုမီတာဂဏန်းကိုကြည့်ပြီး အဝတ်အစားရွေးနိုင်တယ်။ ဒါပေမယ့် အပူချိန်ဆိုတာ ကိုင်ထားလို့မရဘူး။ အရောင်မဟုတ်ဘူး။ အသံမဟုတ်ဘူး။ ဒါက အလွန်သေးငယ်တဲ့အမှုန်တွေ ဘယ်လောက်မြန်မြန်ရွေ့လျားနေလဲဆိုတာကို တိုင်းတာတဲ့နည်းလမ်းတခုပါ။ ကျွန်ုပ်တို့မမြင်နိုင်တဲ့အရာတခုကို ဖော်ပြဖို့ ဖန်တီးထားတဲ့ အတွေးအခေါ်တခုပါ။ ပြီးတော့ မတူညီတဲ့ယဉ်ကျေးမှုတွေနဲ့ အချိန်ကာလတွေမှာ ဒါကို မတူညီတဲ့နည်းလမ်းတွေနဲ့ တိုင်းတာကြတယ်။ ဆဲလ်စီယပ်စ်၊ ဖာရင်ဟိုက်၊ ကယ်လ်ဗင်။ စနစ်တခုစီမှာ လူမှုအသိုင်းအဝိုင်းက သဘောတူညီထားတဲ့ ကိုယ်ပိုင်စည်းမျဉ်းတွေရှိတယ်။ အလွန်သေးတဲ့ အက်တမ်၊ အီလက်ထရွန် အဆင့်မှာ အပူချိန်ဟာ လူတွေ နားလည်သလို "ပူ" တာ မဟုတ်ဘူး။ "ပူ" တယ်ဆိုတာ လူက ဘာသာပြန်ထားတာပဲ။ တကယ်က အမှုန်တွေရဲ့ အရွေ့ပဲ။ ဗြိတိန်မှာ "အခန်းပုံမှန်အပူချိန်"လို့ခေါ်တာက အရှေ့တောင်အာရှမှာ အေးလွန်းတယ်လို့ ခံစားရနိုင်တယ်။ ယဉ်ကျေးမှုတခုမှာ အဖျားရှိတာက အနားယူဖို့လိုတယ်လို့ အဓိပ္ပါယ်ရှိပေမယ့် အခြားတယဉ်ကျေးမှုမှာတော့ ခန္ဓာကိုယ်အတွင်းမှာ တခုခုမှားယွင်းနေတဲ့လက္ခဏာလို့ မြင်ပြီး ဆေးဖက်ဝင်အပင်တွေနဲ့ အထူးလုပ်ဆောင်မှုတွေ လိုအပ်တယ်လို့ ယူဆနိုင်တယ်။ ခန္ဓာကိုယ်ရဲ့အပူချိန်က လက်တွေ့ဖြစ်တယ်။ ဒါပေမယ့် ဒါရဲ့အဓိပ္ပါယ်၊ ဒါကိုကျွန်ုပ်တို့ဘယ်လိုနားလည်သလဲ၊ ဒါကိုအခြေခံပြီး ကျွန်ုပ်တို့ဘဝတွေကို ဘယ်လိုနေထိုင်သလဲဆိုတာ၊ ဒါတွေကို လူမှုအသိုင်းအဝိုင်းက ပုံဖော်ပေးသေးတယ်မဟုတ်လား။ အလေးချိန်ကလည်း လက်တွေ့အခြေခံသလိုပါပဲ။ ကျောက်တုံးတလုံးကို လွှတ်ချလိုက်ရင် ကျသွားတယ်။ ဆန်အိတ်တအိတ်ကို မလိုက်ရင် လက်တွေ့ပင်ပန်းတယ်။ ဒါပေမယ့် "အလေးချိန်"ဆိုတာ ဘာလဲ? ဒါက ဒြပ်ထုအပေါ် မြေဆွဲအားရဲ့ဆွဲအားပါ။ မြေဆိုရာမှာ ကမ္ဘာပေါ်မှာတိုင်းတဲ့ အလေးချိန်နဲ့ တခြားဂြိုလ်တွေမှာ တိုင်းလို့ရတဲ့ အလေးချိန် မတူညီဘူး။ အလေးချိန်ဟာ ကိုယ်တိုင်းနေတဲ့ ပစ္စည်းထက် ကိုယ်တိုင်းနေတဲ့နေရာအပေါ် ပိုမှီခိုတယ်။ မြေဆွဲအားကိုယ်၌က မမြင်ရဘူး။ ဒါက မြင်မရတဲ့အပြန်အလှန်သက်ရောက်မှုတခုဖြစ်ပြီး သင်္ချာနဲ့ဖော်ပြတယ်၊ မော်ဒယ်တွေနဲ့ ခန့်မှန်းတယ်၊ နှိုင်းယှဉ်မှုတွေသုံးပြီး သင်ကြားတယ်။ ဒါက လက်တွေ့ဖြစ်တယ်။ ဒါပေမယ့် ဒါကိုနားလည်ပုံက ယဉ်ကျေးမှုဆိုင်ရာသင်္ကေတတွေနဲ့ အတွေးအခေါ်တွေကနေ အမြဲပုံဖော်နေတာပါ။ တချို့အရင်ခေတ်ယဉ်ကျေးမှုတွေမှာ ကိုယ်အလေးချိန်များတာက ချမ်းသာတဲ့လက္ခဏာလို့ မြင်ကြတယ်။ အခြားယဉ်ကျေးမှုတွေမှာတော့ ပေါ့ပါးတာက စင်ကြယ်မှုရဲ့လက္ခဏာလို့ အဓိပ္ပါယ်ရှိတယ်။ ဒီနေ့ခေတ် ကျန်းမာရေးကို အလေးပေးတဲ့ယဉ်ကျေးမှုတွေမှာ အလေးချိန်က ကိုယ်ကျင့်တရားဆိုင်ရာအဓိပ္ပါယ်တွေ ပါလာတယ်။ လူတွေကို ခန္ဓာကိုယ်အလေးချိန်နဲ့ပဲ မကဘဲ ဒီအလေးချိန်က သူတို့ရဲ့အားထုတ်မှု၊ တန်ဖိုး၊ ဒါမှမဟုတ် ဆွဲဆောင်မှုအပေါ် ဘာပြောသလဲဆိုတာနဲ့လည်း အကဲဖြတ်ခံရတယ်။ ကယ်လိုရီတိုင်းစက်ပေါ်က ဂဏန်းတလုံးက ရူပဗေဒသက်သက်မဟုတ်ဘူး။ ဒါက လူမှုရေးအဓိပ္ပါယ်တွေလည်း ပါဝင်နေတယ်။ ဒြပ်ဆွဲအားဆိုတဲ့ အကြီးမားဆုံးနဲ့ ဓမ္မဓိဋ္ဌာန် အကျဆုံးအားတခုတောင် မတူညီတဲ့နည်းလမ်းတွေနဲ့ နားလည်နိုင်တယ်။ နယူတန်က ဒါကို ဆွဲအားလို့မြင်တယ်။ အိုင်းစတိုင်းက အာကာသရဲ့ကွေးညွတ်မှုလို့ မြင်တယ်။ ဒီနေ့ခေတ် သိပ္ပံပညာရှင်တချို့က ကွမ်တမ်ဆွဲအား၊ ကြိုးသီအိုရီ၊ ဒါမှမဟုတ် အခြားအရာတွေကနေ ပေါ်ထွက်လာတဲ့အားလို့ ပြောကြတယ်။ ပန်းသီးကျတဲ့ပုံက မပြောင်းလဲသေးဘူး။ ဒါပေမယ့် ဘာကြောင့်ကျရတာလဲဆိုတဲ့ ကျွန်ုပ်တို့ရဲ့ရှင်းလင်းချက်တွေက ပြောင်းလဲသွားတယ်။ မြေဆွဲအားက လက်တွေ့ဖြစ်တယ်။ ဒါပေမယ့် ဒါနဲ့ပတ်သက်တဲ့ကျွန်ုပ်တို့ရဲ့အသိပညာက အမြဲပြောင်းလဲနေနိုင်တယ်။ ဒါဟာလည်း သိပ္ပံရဲ့သဘာဝပဲ ပိုကောင်းတဲ့မော်ဒယ်လ်တွေဖော်ပြဖို့ မရှိသေးခင် အကောင်းဆုံးလို့ရွေးထားတာကို အသုံးချဖို့ ယုံထားတာ Provisional Truths တွေပဲ။ ပိုကောင်းတဲ့မော်ဒယ်လ် ဖြစ်လာရင်ပြောင်းရမှာပဲ မဟုတ်လား။ ဒါက လူမှုအသိုင်းအဝိုင်းအနေနဲ့ အသိပညာတည်ဆောက်ပုံရဲ့ ရိုးရှင်းတဲ့အမှန်တရားပါ။ ဒါက "အားလုံး နတ္ထိ၊ ဘာမှမရှိဘူး"လို့ မဆိုလိုဘူး။ ဒါက ကျွန်ုပ်တို့က ပြောင်းလဲနေတဲ့ အနတ္တအရှိတရားကို အဓိပ္ပါယ်တွေကနေတဆင့်ပဲ နားလည်တယ်၊ အဓိပ္ပါယ်ဆိုတာ ကျွန်ုပ်တို့ရဲ့ဘာသာစကား၊ သမိုင်း၊ အတူတူနားလည်ထားတဲ့အရာတွေကနေ အမြဲပုံဖော်နေတယ်လို့ ဆိုလိုတာပါ။ ကျွန်ုပ်တို့အပြင်ဘက်မှာ ကမ္ဘာတခုရှိတယ်။ ဒါပေမယ့် ကျွန်ုပ်တို့က နှိုင်းယှဉ်မှုတွေ၊ အမျိုးအစားတွေ၊ သဘောတူညီထားတဲ့အမှန်တရားတွေသုံးပြီး ဒါနဲ့ဆက်သွယ်တယ်။ ဒါကို ဘာသာစကားနဲ့ အရှင်းဆုံးမြင်နိုင်တယ်။ ဘာသာစကားက လက်တွေ့ကိုနားလည်ဖို့ ကျွန်ုပ်တို့ရဲ့ကိရိယာပါ။ ဒါက ကမ္ဘာကိုဖော်ပြတာပဲမဟုတ်ဘူး။ ဒါက ကျွန်ုပ်တို့မြင်ပုံကိုပါ ပြောင်းလဲစေတယ်။ အီနွိုက်လူမျိုးတွေမှာ နှင်းအတွက် စကားလုံးများစွာရှိတယ်၊ တခုစီက အနည်းငယ်ကွဲပြားတဲ့နှင်းအမျိုးအစားတွေကို ဖော်ပြတယ်။ ဂျပန်ဘာသာမှာ "komorebi" ဆိုတဲ့ စကားလုံးရှိတယ်။ အရွက်တွေကနေ နေရောင်ဖြတ်သန်းဝင်ရောက်တဲ့အလင်းအတွက်ပါ။ အင်္ဂလိပ်လိုဆိုရင် လှတယ်လို့ပြောနိုင်ပေမယ့် ဒီတိကျတဲ့ခံစားမှုအတွက် စကားလုံးတလုံးမရှိဘူး။ ခံစားမှုက ရှိနေတယ်။ ဒါပေမယ့် ကျွန်ုပ်တို့ယဉ်ကျေးမှုက ဒါကို ဒီလောက်အထိ သတိထားမိဖို့ သင်မပေးဘူး။ ရုရှားလူမျိုးတွေအတွက် အပြာရောင်ဟာ တမျိုးတည်း မဟုတ်ဘူး။ ဘာသာစကားက တည်ငြိမ်နေတာမဟုတ်ဘူး။ ဒါက ပြောင်းလဲပြီး လိုက်လျောညီထွေဖြစ်အောင် လုပ်တယ်။ စကားလုံးအသစ်တွေပေါ်လာပြီး အဟောင်းတွေပျောက်ကွယ်သွားတယ်။ ဥပမာ "cool" ဆိုတဲ့စကားလုံးက အရင်တုန်းက အပူချိန်ကိုပဲဆိုလိုတယ်၊ အခုတော့ ခေတ်စားတယ်လို့ပါဆိုလိုနိုင်တယ်။ မိုက်တယ်လို့ပြောရင် အရင်က မကောင်းဘူး၊ အခုခေတ်မှာက ကောင်းတယ်လို့ ဆိုလိုလာတယ်။ "Friend" က နာမ်ဖြစ်ခဲ့တယ်၊ အခုတော့ "အွန်လိုင်းမှာ သူမကို friend လုပ်လိုက်တယ်" ဆိုတဲ့ ကြိယာအဖြစ်သုံးနိုင်တယ်။ ဗိုက်ကင်းတွေက အုပ်ချုပ်သူ၊ အင်္ဂလိုဆက်ဆွန်တွေက လုပ်သားတွေ ဖြစ်ခဲ့တဲ့အတွက် အင်္ဂလိပ်စကားမှာ နွား၊ သိုး၊ ဆိတ်တို့လို အကောင်တွေကို အင်္ဂလိုဆက်ဆွန်သံနဲ့ Cow, Sheep, Goat လို့ ခေါ်ပြီး အသားတွေကိုတော့ ဗိုက်ကင်းတွေက Beef, Lamb, Mutton စသည်ဖြင့် ခေါ်တယ်။ မြန်မာမှာ "စားသည်" "အိပ်သည်" "သေသည်" ဆိုတာကို လူတန်းစားအလိုက်ပြောနည်း များစွာရှိတယ်။ လူတွေရဲ့ လိုအပ်ချက်တွေနဲ့ နည်းပညာပြောင်းလဲတာနဲ့အမျှ ကျွန်ုပ်တို့စကားလုံးတွေကလည်း ကြီးထွားလာတယ်။ ဘာသာစကားပြောင်းလဲတာနဲ့အမျှ ကျွန်ုပ်တို့လက်တွေ့ကိုမြင်ပုံကလည်း ပြောင်းလဲတယ်။ စိတ်ကျန်းမာရေးကို စဉ်းစားကြည့်ပါ။ လွန်ခဲ့တဲ့နှစ် ၁၀၀ လောက်ကတော့ စိုးရိမ်စိတ်၊ စိတ်ဓာတ်ကျမှု၊ ဒါမှမဟုတ် စိတ်ဒဏ်ရာဆိုတဲ့ စကားလုံးတွေက နေ့စဉ်စကားပြောမှာမှ မဟုတ်ဘူး။ လူတွေက စိတ်လှုပ်ရှားလွန်းတာ၊ ဝမ်းနည်းတာ၊ ဒါမှမဟုတ် "အာရုံကြောပြဿနာ"တွေအကြောင်း ပြောကြတယ်။ ဒီနေ့ခေတ်မှာတော့ ဒီလက္ခဏာတွေကို ကုသဖို့နည်းလမ်းတွေရှိတယ်။ ကုထုံး၊ ဆေး၊ လူမှုလက်ခံမှု အမျိုးမျိုးပဲ။ ဒါပေမယ့် ခွဲခြားဆက်ဆံအကဲဖြတ်မှုတွေလည်း ရှိတယ်။ အရင်က လိင်တူကြိုက်ရင်ဆေးကုရမယ်လို့ ဆရာဝန်တွေတွေးခဲ့ဖူးတယ်။ ခုကျရောဂါမဟုတ်တော့ဘူး။ အရင်က အမျိုးသမီတွေ မဲပေးခွင့်မရှိဘူး။ အခုရှိတယ်။ အရင်က ကျွန်စနစ်မျိုး ဒီနေ့မရှိဘူး။ ဒီအခြေအနေတွေက အရင်ကတည်းက ရှိနေခဲ့တာဖြစ်နိုင်ပေမယ့် ဒါတွေကိုနားလည်ပုံက မိမိတို့ယဉ်ကျေးမှုက တည်ဆောက်ပေးတာပါ။ အချိန်ဆိုတာလည်း ဒီလိုပါပဲ။ စက္ကန့်၊ နာရီ၊ နောက်ဆုံးရက်၊ ပြက္ခဒိန် စသည်ဖြင့်။ ဒါတွေက လူသားတွေဖန်တီးထားတာတွေပါ။ အသုံးဝင်တယ်ဆိုတာ အမှန်ပါပဲ။ ဒါပေမယ့် သင်နေထိုင်တဲ့နေရာနဲ့အချိန်ပေါ်မူတည်ပြီး အချိန်ဆိုတာ မတူညီတဲ့ခံစားမှုရှိတယ်။ အနောက်တိုင်းစက်မှုလူ့အဖွဲ့အစည်းတွေမှာ အချိန်ကို တိုင်းတာ၊ ရောင်းဝယ်၊ ထိရောက်စွာအသုံးချတယ်။ ဌာနေလူမျိုးစုတွေရဲ့ယဉ်ကျေးမှုအများစုမှာတော့ အချိန်က သဘာဝနဲ့အတူလိုက်သွားတယ်။ ထပ်ကာထပ်ကာဖြစ်နေတယ်၊ ရက်ရောတယ်၊ အတူမျှဝေတယ်။ အချိန်ကို ထိတွေ့လို့မရဘူး၊ ဒါပေမယ့် ဒါက ကျွန်ုပ်တို့ဘဝတွေကို ထိန်းချုပ်ထားတယ်။ ကျွန်ုပ်တို့နာရီတွေက လူမှုသဘောတူညီချက်တွေပါ။ သိပ္ပံအရလည်း ကမ္ဘာပေါ်ကနေ အနီးဆုံး ကြယ်တာရာကို အရှိန်တခုနဲ့ ထွက်သွားပြီး ကမ္ဘာကို ပြန်လာရင် သွားသူက အချိန် နှစ်တရာကြာပေမယ့် ပြန်လာရင် ကမ္ဘာမှာ နှစ်တသန်းမက ကုန်နေနိုင်တယ်။ အားလုံးအတွက် တူနေတာ မဟုတ်ပါဘူး။ မိမိတို့ အလျင်နဲ့ ဆက်စပ်တယ်။ အသိပညာကို လူမှုအသိုင်းအဝိုင်းက တည်ဆောက်တယ်လို့ပြောတာက ကျွန်ုပ်တို့ ဟာ အမှန်တရားဆိုတာကို ရှာဖို့မရနိုင်ဘူး၊ လူတွေကို ပယ်ထုတ်ပြီး သစ္စာဓမ္မကို ရှာလို့မရဘူး၊ မျှော်လင့်ချက်ကင်းတယ် ဒါမှမဟုတ် ဘာမှအရေးမကြီးဘူးလို့ မဆိုလိုဘူး။ ဒါက ကျွန်ုပ်တို့ကို အသိတရားအရာမှာ မထောင်လွှားဖို့ပြောတာပါ။ ဒါက ဘယ်အသိပညာမှ အပြည့်အဝမဟုတ်ဘူး၊ အမှန်တရားတိုင်းက သူ့အခြေအနေပေါ်မူတည်နေတယ်ဆိုတာ သတိပေးတာပါ။ အဓိကစနစ်တွေအပြင်ဘက်က အခြားသိမှတ်နည်းတွေအတွက် အမြဲနေရာချန်ထားဖို့ ပြောတာပါ။ ဒါက ပြောင်းလဲမှုအတွက်ကြိုးစားနေသူတွေ၊ ဆရာတွေ၊ သိပ္ပံပညာရှင်တွေ၊ ခေါင်းဆောင်တွေကိုလည်း သတိထားဖို့လိုတယ်လို့ ဆိုလိုတာပါ။ ကျွန်ုပ်တို့က တခုခုသိတယ်လို့ပြောတဲ့အခါ ဒါကိုဘယ်လိုသိလဲ? ဘယ်သူသင်ပေးတာလဲ? ဘယ်သူ့အသိပညာတွေလွဲနေလဲ? ပိုမိုလူများပါဝင်၊ ပိုမိုမျှတ၊ ပိုမိုပညာရှိစွာနဲ့ အသိပညာအသစ်တွေကို ဘယ်လိုတည်ဆောက်နိုင်မလဲ? ဆိုတာကို မေးဖို့လိုတယ်။ ဒီအသိနဲ့နေထိုင်တာက သိပ္ပံနဲ့အချက်အလက်တွေကို လျစ်လျူရှုဖို့မဟုတ်ဘူး။ လူသားတွေရဲ့အနက်ကောက်ယူမှုတွေကနေ အသိပညာတွေအားလုံးရောက်ရှိလာတယ်ဆိုတာ နားလည်ဖို့ပါ။ ကျွန်ုပ်တို့က သမိုင်းအပြင်ဘက်မှာမဟုတ်ဘူး။ ကျွန်ုပ်တို့က သမိုင်းထဲမှာပါ၊ ဘာသာစကား၊ ယဉ်ကျေးမှုနဲ့ အသိုင်းအဝိုင်းတွေက နက်ရှိုင်းစွာပုံဖော်ထားတာပါ။ ဗဟုသုတဆိုရာမှာ ကျောက်တုံးလေးတွေလိုက်စုသလို အမှန်တရားတွေကို စာအုပ်တွေ၊ သင်တန်းတွေမှာပဲ လိုက်စုနေရမယ်လို့ မဟုတ်ဘူး။ ပညာဟာ ရေနဲ့ပိုတူတယ်။ ဆက်စပ်နေတယ်။ သိတာတွေကို အစာချေပြီး ပြန်တွေးခြင်းများများလုပ်ဖို့လိုတယ်။ ပညာဟာ သီးသန့်မဟုတ်ဘူး။ ကျွန်ုပ်တို့က လောကကြီးကနေ မလွတ်မြောက်နေဘူး။ ဒီလောကထဲမှာ အဓိပ္ပါယ်တွေကို ဖန်တီးနေတာပါပဲ မဟုတ်လား။ 5/7/2025 0 Comments လစ်ဘာတီရီယန် မြူနီစီပယ်ဝါဒမဲဆန္ဒရှင်တွေ စိတ်ကုန်မှု မြင့်တက်လာပြီး အင်စတီကျူးရှင်းတွေအပေါ် ယုံကြည်မှု ကျဆင်းနေတဲ့ ဒီမိုကရေစီတွေနဲ့ ပင်ပန်းနွမ်းနယ်နေတဲ့ ခေတ်ကြီးမှာ စူးစမ်းလိုတဲ့ မေးခွန်းတခု ပေါ်ထွက်လာခဲ့တယ်။ အဲ့ဒါက ဒီမိုကရေစီရဲ့ အနာဂတ်ဟာ နိုင်ငံတော်အတိုင်းအတာနဲ့ ပြုပြင်ပြောင်းလဲမှုကြီးတွေမှာ မဟုတ်ဘဲ ဒေသခံ လူမှုအဖွဲ့အစည်းတွေရဲ့ တိတ်ဆိတ်သော်လည်း ခိုင်မာစွာတည်ရှိနေတဲ့ အစွမ်းသတ္တိမှာ ရှိနိုင်မလားဆိုတဲ့ မေးခွန်းပါပဲ။ ဒါက လစ်ဘာတီရီယန် မြူနီစီပယ်ဝါဒရဲ့ ကတိ - ဒါ့အပြင် လှုံ့ဆော်မှု - ပဲ။ ဒါက နိုင်ငံရေး လောကအမြင် တခု ဖြစ်တယ်၊ အဲဒီ လောကအမြင်က မိမိတို့ကို ဒီမိုကရေစီက ဘာဖြစ်နိုင်မလဲဆိုတာ ပြန်လည်စိတ်ကူးကြည့်ဖို့ စိန်ခေါ်နေတယ်။ အပေါ်ကနေ စီမံခန့်ခွဲတာ မဟုတ်ဘဲ အောက်ခြေကနေ ရှင်သန်နေထိုင်တာအဖြစ်ပေါ့။ လစ်ဘာတီရီယန် မြူနီစီပယ်ဝါဒကို နိုင်ငံရေးအတွေးဆရာ Murray Bookchin က ပထမဆုံး သေချာရေးသားဖော်ထုတ်ခဲ့တယ်။ ဒီဝါဒကို လွယ်လွယ်ကူကူ တံဆိပ်ကပ်ပြီး ပြောလို့တော့ မရဘူး။ ဒါက လစ်ဘရယ်ဝါဒ မဟုတ်ဘူး၊ ကွန်ဆာဗေးတစ်ဝါဒ မဟုတ်ဘူး၊ ရိုးရာဆိုရှယ်လစ်လည်း မဟုတ်ဘူး။ ဒါက နိုင်ငံရေးဘဝရဲ့ အခြေခံဦးတည်ချက် ပြောင်းလဲခြင်း ဖြစ်တယ်၊ အာဏာကို ဗဟိုချုပ်ကိုင်မှု လျှော့ချဖို့၊ တိုက်ရိုက်ဒီမိုကရေစီရဲ့ ဒေသခံ အင်စတီကျူးရှင်းတွေ တည်ဆောက်ဖို့၊ ဒါ့အပြင် ကွန်ဖက်ဒရယ်တွေအားဖြင့် ချိတ်ဆက်ဖို့ ရှာဖွေတဲ့ အရာပါပဲ။ ဒါက အေသင်စည်းဝေးပွဲနဲ့ နယူးအင်္ဂလန် မြို့နယ် အစည်းအဝေးလို ရှေးကျတဲ့ အခြေခံမူတွေကနေ ဆွဲယူထားတယ်၊ ဒါပေမဲ့ သူ့ရဲ့ အရေးပေါ်မှုက မိမိတို့ရဲ့ အခုခေတ် အငြိမ်မသက်မှုတွေနဲ့ သက်ဆိုင်နေတယ်။ ခေတ်သစ် ဒီမိုကရေစီတွေက မဲဆန္ဒစနစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပုံစံ၊ ဒါမှမဟုတ် လုပ်ထုံးလုပ်နည်းဆိုင်ရာ တရားမျှတမှုဂုဏ်တွေအပေါ် မကြာခဏ ဂုဏ်ယူလေ့ရှိကြတယ်။ ဒါပေမဲ့ သူတို့က အဓိပ္ပါယ်မဲ့မှု အကျပ်အတည်းကိုလည်း မကြာမကြာ ခံစားကြရတယ်။ နိုင်ငံသားတွေကို မဲပေးဖို့ တောင်းဆိုပေမဲ့ ဆွေးနွေးဖို့ခေါ်နေတာ မဟုတ်ဘူး။ ဥပဒေတွေကို လိုက်နာဖို့ပြောပေမဲ့ ဥပဒေပြုရာမှာ ပါဝင်ဖို့ မဟုတ်ဘူး။ နိုင်ငံရေးဟာ ပွဲကြည့်ပရိသတ်နဲ့ အားကစား ဖြစ်လာတယ်။ ငါတို့ကြက်ဖနိုင်နိုင်ဆိုပြီး ဖြစ်လာတယ်။ လူနဲ့ ဝေးကွာတယ်၊ ပရော်ဖက်ရှင်နယ်ဆန်တယ်၊ ဒါ့အပြင် လူတွေအပေါ် အဆိုးမြင်စိတ်များလာတယ်။ လစ်ဘာတီရီယန် မြူနီစီပယ်ဝါဒက မတူညီတဲ့ အခြေခံမူတခုနဲ့ စတင်တယ်။ ဒီမိုကရေစီဟာ တကယ်လူထုအုပ်ချုပ်ရေး ဖြစ်ဖို့ဆိုရင် ကိုယ်တိုင်နဲ့သက်ဆိုင်ရမယ်ဆိုတာပဲ။ Bookchin က မိမိတို့ရဲ့ မြို့နယ်တွေ၊ ရပ်ကွက်တွေ၊ ဒါ့အပြင် မြို့ကြီးပြကြီးတွေမှာ ဆုံးဖြတ်ချက်ချရာမှာ တိုက်ရိုက် ပါဝင်ခြင်းအားဖြင့်သာ နိုင်ငံရေးကို ကိုယ်ကျင့်တရားဆိုင်ရာနဲ့ ဘုံလုပ်ငန်းတခုအဖြစ် ပြန်လည်ရယူနိုင်တယ်လို့ ငြင်းခုံခဲ့တယ်။ တနည်းအားဖြင့် အုပ်ချုပ်ရေးဟာ လူတွေ အချင်းချင်း သိကြတယ်၊ စိုးရိမ်ပူပန်မှုတွေကို မျှဝေကြတယ်၊ ဒါ့အပြင် တာဝန်ယူမှုရှိနိုင်တဲ့ နေရာတွေမှာ အမြစ်တွယ်ပြီး အသွင်သဏ္ဌာန် ရှိရမယ်လို့ ဆိုလိုတယ်။ ဒါက အတိတ်ကို လွမ်းဆွတ်တာ မဟုတ်ဘူး။ ဒါက အတိုင်းအတာကို အနှစ်သာရနဲ့ အစားထိုးခွင့်ပေးထားတဲ့ စနစ်တခုအပေါ် ဝေဖန်သုံးသပ်ခြင်း ဖြစ်တယ်။ နိုင်ငံတော် အင်စတီကျူးရှင်းတွေမှာရော၊ စီးပွားရေးမှာပါ အာဏာ ဗဟိုချုပ်ကိုင်ထားတာက တစ်ဦးချင်းစီကို အသံမဲ့ ဖြစ်စေခဲ့တယ်။ လစ်ဘာတီရီယန် မြူနီစီပယ်ဝါဒက ပိုမို ကိုယ်စားပြုမှုကို တောင်းဆိုခြင်းအားဖြင့် မဟုတ်ဘဲ မတူညီတဲ့ နိုင်ငံရေးနေရာတခုကို တောင်းဆိုခြင်းအားဖြင့် တုံ့ပြန်တယ်။ လစ်ဘာတီရီယန် မြူနီစီပယ်ဝါဒက ဘယ်လို နိုင်ငံသားမျိုးကို ပေါ်ထွက်လာစေသလဲ။ နှစ်အနည်းငယ်တိုင်း မဲပေးပြီး ကိုယ်ပိုင်ဘဝထဲကို ပြန်ဝင်သွားတဲ့ စားသုံးသူ-မဲဆန္ဒရှင် မဟုတ်ဘူး။ ပါတီစည်းကမ်းတွေ ဒါမှမဟုတ် ဆွဲဆောင်မှုရှိတဲ့ ခေါင်းဆောင်တွေကို လွှဲအပ်ပေးတဲ့ အယူဝါဒစွဲကိုင်သူ မဟုတ်ဘူး။ အဲဒီအစား ဒါက တက်ကြွတဲ့၊ ဆွေးနွေးငြင်းခုံတတ်တဲ့ နိုင်ငံသားကို ပေါ်ထွက်လာစေတယ်၊ နိုင်ငံရေးကို မျှဝေထားတဲ့ တာဝန်ယူမှုနဲ့ လူသိရှင်ကြား အကြောင်းပြချက်ပေးမှုရဲ့ ဖော်ပြချက်အဖြစ် မြင်တဲ့သူ ဖြစ်တယ်။ Bookchin က မြူနီစီပယ်စည်းဝေးပွဲတွေမှာ ပါဝင်ခြင်း - ဘတ်ဂျက်တွေ ဆုံးဖြတ်ရာမှာ၊ ပဋိပက္ခတွေ ဖြေရှင်းရာမှာ၊ ဘုံကောင်းကျိုးတွေကို စိတ်ကူးကြည့်ရာမှာ - တစ်ဦးချင်းစီကို ပြောင်းလဲနိုင်တယ်လို့ ယုံကြည်ခဲ့တယ်။ ကိုယ့်ဘာသာကိုယ် အုပ်ချုပ်မှုဟာ အုပ်ချုပ်ရေး နည်းစနစ် တခုတည်း မဟုတ်ဘူး၊ ဒါဟာ စိတ်နေစိတ်ထား သင်ကျောင်း တခု ဖြစ်တယ်လို့ သူက အခိုင်အမာ ပြောခဲ့တယ်။ ဒါက လူတွေကို ပြည်သူ့ရေးရာ သီလတွေ မွေးမြူဖို့ ဖိတ်ခေါ်တယ်- စိတ်ရှည်မှု၊ ဆွဲဆောင်နိုင်မှု၊ ကိုယ်တိုင်နှိမ့်ချမှု၊ ဆုံးဖြတ်နိုင်စွမ်း။ ဒါက မိမိတို့ကို နားထောင်ဖို့နဲ့ သင်ယူဖို့ လိုအပ်တယ်၊ ရိုးရိုး ထုတ်ဖော်ပြောဆိုဖို့ မဟုတ်ဘူး။ ဒီလိုနည်းနဲ့ လစ်ဘာတီရီယန် မြူနီစီပယ်ဝါဒဟာ ဖွဲ့စည်းပုံဆိုင်ရာ အဆိုပြုချက် တခုတည်း မဟုတ်ဘဲ ကိုယ်ကျင့်တရားဆိုင်ရာ လောကအမြင်လည်း ဖြစ်တယ်။ ဒါက လူသားတွေဟာ သီးခြားနေထိုင်ခြင်းအားဖြင့် မဟုတ်ဘဲ ဆွေးနွေးပြောဆိုခြင်းအားဖြင့် ရှင်သန်ကြီးထွားတယ်လို့ ယူဆထားတယ်။ ဒါက ဒီမိုကရေစီဟာ အင်စတီကျူးရှင်းတွေရဲ့ အစုံ တခုတည်း မဟုတ်ဘဲ နေထိုင်မှုပုံစံ တခု - စည်းလုံးညီညွတ်မှု၊ အပြန်အလှန် အသိအမှတ်ပြုမှု၊ ဒါ့အပြင် လူသိရှင်ကြား စိတ်ဓာတ်ကို မွေးမြူခြင်းအပေါ် အခြေခံထားတဲ့ ပုံစံ - ဖြစ်တယ်လို့ အခိုင်အမာ ဆိုထားတယ်။ နိုင်ငံတော်တွေကို လစ်ဘရယ်တွေက မရှိမဖြစ် လိုအပ်တဲ့ မကောင်းဆိုးဝါးတွေ (Leviathans) အဖြစ် တလျှောက်လုံး စဉ်းစားခဲ့ကြတယ်။ Leviathans မပါဘဲ နေထိုင်တာကရော ဘယ်လိုလဲ။ ဝေဖန်သူတွေက ကန့်ကွက်နိုင်တာလည်း ရှိပါတယ်။ သေးငယ်တဲ့ စည်းဝေးပွဲတွေက ရှုပ်ထွေးတဲ့ လူ့အဖွဲ့အစည်းကို ဘယ်လို အုပ်ချုပ်နိုင်မလဲ။ ဒါက ဒေသဆိုင်ရာ ကန့်သတ်မှု၊ စွမ်းဆောင်ရည် မပြည့်မီမှု၊ ဒါမှမဟုတ် ပရမ်းပတာ ဖြစ်မှုကိုတောင် ဖိတ်ခေါ်တာ မဟုတ်ဘူးလား။ ဒီမှာ Bookchin ရဲ့ အဖြေ ရှိတယ်။ သူက သီးခြား မြူနီစီပယ်တွေ တယောက်တည်း လုပ်ဆောင်တာကို စိတ်ကူးမယဉ်ခဲ့ဘူး။ အဲဒီအစား သူက ပိုပြီး ကျယ်ပြန့်တဲ့ ကိစ္စရပ်တွေကို ညှိနှိုင်းဖို့ အမိန့်ပေးထားတဲ့၊ ပြန်ခေါ်နိုင်တဲ့ ကိုယ်စားလှယ်တွေကို စေလွှတ်တဲ့ ကွန်ဖက်ဒရယ်ကောင်စီတွေရဲ့ ကွန်ရက်တွေကို စိတ်ကူးယဉ်ခဲ့တယ်။ ဒီလို စနစ်မျိုးမှာ ဆုံးဖြတ်ချက်ချမှုက ဒေသတွင်းမှာ အမြစ်တွယ်နေဆဲ ဖြစ်တယ်၊ ဒါပေမဲ့ ရလဒ်တွေက ဒေသတွေအနှံ့အပြား စုပေါင်း ဆောင်ရွက်နိုင်တယ်။ ဒါက ပရမ်းပတာ မဟုတ်ဘူး၊ ဒါ့အပြင် ဗဟိုချုပ်ကိုင်ထားတဲ့ နိုင်ငံတော်လည်း မဟုတ်ဘူး။ ဒါက ဗျူရိုကရက်တစ် အမိန့်ပေးမှုအစား ဒီမိုကရက်တစ် သဘောတူညီချက်နဲ့ ချည်နှောင်ထားတဲ့ လူမှုအဖွဲ့အစည်းတွေရဲ့ ကွန်ဖက်ဒရယ်ပဲ။ ဒီလို စနစ်မျိုးက မိမိတို့ရဲ့ လွှမ်းမိုးနေတဲ့ ပုံစံတွေကို စိန်ခေါ်နေတယ်။ Hobbes က မိမိတို့ကို Leviathan - လုံးဝ အာဏာရှိတဲ့ အချုပ်အခြာအာဏာပိုင် - ကို ပေးခဲ့တဲ့နေရာမှာ လစ်ဘာတီရီယန် မြူနီစီပယ်ဝါဒက မိမိတို့ကို Agora ကို ပေးတယ်၊ အဲဒါက တန်းတူညီမျှသူတွေ တွေ့ဆုံပြီး ဆွေးနွေးကြတဲ့ လူသိရှင်ကြား နေရာပဲ။ ခေတ်သစ် နိုင်ငံရေးသီအိုရီက အစီအစဉ်ကျနမှုနဲ့ နာခံမှုကို မကြာခဏ ဦးစားပေးတဲ့နေရာမှာ ဒီ လောကအမြင်က ကိုယ်ပိုင်လုပ်ပိုင်ခွင့်နဲ့ အသင်းအဖွဲ့ကို ဦးစားပေးတယ်။ ဒါ့အပြင် ဒါက ဘယ်ဘက်နဲ့ ညာဘက် နှစ်ခုစလုံးကိုပါ စိန်ခေါ်မှုတခု ဖြစ်တယ်။ ဘယ်ဘက်ကိုတော့ နိုင်ငံတော် ဗဟိုချုပ်ကိုင်မှုက လွတ်မြောက်ရေး ရည်မှန်းချက်ကို တကယ် အထောက်အကူ ပြုခဲ့သလား၊ ဒါမှမဟုတ် အုပ်ချုပ်သူလူတန်းစား တခုကို တခြားလူတန်းစား တခုနဲ့ အစားထိုးလိုက်တာ သက်သက်ပဲလားလို့ မေးခွန်းထုတ်တယ်။ ညာဘက်ကိုတော့ ခိုင်မာတဲ့၊ ပါဝင်မှုရှိတဲ့ လူမှုအဖွဲ့အစည်းတွေ မရှိဘဲ တစ်ဦးချင်း လွတ်လပ်မှုက အဓိပ္ပါယ်ရှိရဲ့လားလို့ မေးခွန်းထုတ်တယ်။ ဒါ့အပြင် နှစ်ခုစလုံးကို ဒီမေးခွန်းကို မေးတယ်- လွတ်လပ်မှုနဲ့ တန်းတူညီမျှမှုဟာ တင်းမာမှု မရှိဘဲ အပြန်အလှန် အားဖြည့်ပေးနေတဲ့ လူ့အဖွဲ့အစည်းတခုကို မိမိတို့ စိတ်ကူးယဉ်နိုင်မလား၊ ဘာ့ကြောင့်လဲဆိုတော့ ဒါတွေဟာ မျှဝေထားတဲ့ ပြည်သူ့ဘဝမှာ အမြစ်တွယ်နေလို့ပဲ။ နောက်ဆုံးတော့ လစ်ဘာတီရီယန် မြူနီစီပယ်ဝါဒကို ဆွဲဆောင်မှုရှိစေတာက သူ့ရဲ့ အင်စတီကျူးရှင်းဆိုင်ရာ အဆိုပြုချက်တွေ တခုတည်း မဟုတ်ဘဲ သူ့ရဲ့ ကိုယ်ကျင့်တရားဆိုင်ရာ ခံယူချက်ပဲ။ ဒါက နိုင်ငံရေးကို နည်းပညာပိုင်းဆိုင်ရာ စီမံခန့်ခွဲမှု ဒါမှမဟုတ် အယူဝါဒဆိုင်ရာ စစ်ပွဲထက် ပိုတဲ့ အရာအဖြစ် ပြန်လည်ရယူဖို့ မိမိတို့ကို ဖိတ်ခေါ်တယ်။ ဒါက နိုင်ငံရေးကို မိမိတို့ ဘယ်သူဖြစ်လာတယ်ဆိုတဲ့ နေရာ - ကိုယ့်ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်နေတဲ့ ကိုယ်ပိုင်ပုဂ္ဂိုလ်တွေအဖြစ် မဟုတ်ဘဲ တန်ဖိုးတွေကို ဖော်ပြနေတဲ့ လူသိရှင်ကြား သတ္တဝါတွေအဖြစ် - အဲဒီနေရာအဖြစ် မြင်ဖို့ တိုက်တွန်းတယ်။ ဒါက Aristotle က လူသားတွေကို zoon politikon - polis (မြို့ပြနိုင်ငံ) မှာ သူတို့ရဲ့ အမြင့်ဆုံး စွမ်းရည်တွေ အကောင်အထည်ဖော်တဲ့ နိုင်ငံရေး သတ္တဝါတွေ - လို့ ခေါ်ခဲ့တုန်းက စိတ်အားထက်သန်စေတဲ့ စိတ်ဓာတ်မျိုးပဲ။ ဒါက Rousseau ရဲ့ ဘုံကောင်းကျိုးကို ဆွေးနွေးဖို့ စုဝေးတဲ့အခါ လူတွေဟာ သူတို့ရဲ့ အစိတ်အပိုင်းတွေရဲ့ ပေါင်းလဒ်ထက် ပို ဖြစ်လာနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ကို ထပ်ဟပ်နေတယ်။ ဒါ့အပြင် ဒါက လွတ်လပ်မှုဟာ ကြားဝင်နှောင့်ယှက်မှုကနေ လွတ်လပ်မှု သက်သက် မဟုတ်ဘဲ ပါဝင်မှုအားဖြင့် လွတ်လပ်မှု ဖြစ်တယ်လို့ ခံယူထားတဲ့ ပြည်သူ့သမ္မတစနစ် အစဉ်အလာနဲ့လည်း ပဲ့တင်ထပ်နေတယ်။ လစ်ဘာတီရီယန် မြူနီစီပယ်ဝါဒဟာ စိတ်ကူးယဉ်ကမ္ဘာ (utopia) မဟုတ်ဘူး။ ဒါက ပြီးပြည့်စုံတဲ့ သဟဇာတဖြစ်မှု ဒါမှမဟုတ် ပဋိပက္ခ အဆုံးသတ်ခြင်းကို ကတိမပေးဘူး။ ဒါပေမဲ့ ဒါက မျှော်လင့်ချက်ရှိတဲ့ ဦးတည်ချက်တခုကိုတော့ ရှာပေးတယ်။ အဲ့ဒါကတော့ မိမိတို့ နေထိုင်ပြီး ဆက်ဆံတဲ့ နေရာတွေဆီ နိုင်ငံရေးကို ပြန်ယူဆောင်ခြင်းအားဖြင့် ပိုမို တရားမျှတတဲ့၊ ပိုပြီး အဓိပ္ပါယ်ရှိတဲ့ ဒီမိုကရေစီကို တည်ဆောက်နိုင်တယ်ဆိုတာပဲ။ ဒါက ဒီမိုကရေစီဟာ မိမိတို့အတွက် လုပ်ပေးတာ မဟုတ်ဘဲ မိမိတို့ အတူတကွ လုပ်ဆောင်တာဖြစ်တယ်ဆိုတာကို ပြန်သတိရစေတယ်။ နိုင်ငံသားဖြစ်မှုဟာ ဝန်ထုပ်ဝန်ပိုး မဟုတ်ဘဲ ခေါ်ဆိုမှု တခု ဖြစ်တယ်ဆိုတာပဲ။ ဒါ့အပြင် လူ့အဖွဲ့အစည်းရဲ့ ကျန်းမာရေးဟာ သူ့ရဲ့ GDP အတိုင်းအတာ ဒါမှမဟုတ် သူ့ရဲ့ ဥပဒေတွေရဲ့ ခေတ်မီဆန်းပြားမှုမှာ မဟုတ်ဘဲ သူ့ရဲ့ ပြည်သူတွေဟာ သူတို့ရဲ့ မျှဝေထားတဲ့ ဘဝတွေကို ပုံဖော်ဖို့ တကယ် လွတ်လပ်သလားဆိုတာမှာ တည်ရှိတယ်ဆိုတာပဲ။ လစ်ဘာတီရီယန် မြူနီစီပယ်ဝါဒက မေးခွန်းထုတ်တာက မိမိတို့ ဘယ်လို အုပ်ချုပ်မလဲဆိုတာ သက်သက် မဟုတ်ဘဲ မိမိတို့ ကိုယ့်ဘာသာကိုယ် အုပ်ချုပ်တဲ့အခါ ဘယ်သူဖြစ်မလဲဆိုတာပဲ။ ဗမာဇာတ်သွင်းတယ်လို့ ပြောရင် တွန့်သွားတတ်တယ်။ ဒါပေမဲ့ "ဗမာ" ဆိုတာ ဘာလဲ။ "ဗမာ" ဆိုတဲ့ စကားလုံးဟာ အဓိပ္ပာယ်များစွာနဲ့ စီးမြောလာခဲ့တယ်။ သာမန်အားဖြင့် ရှင်းရှင်းလင်းလင်းပဲလို့ ထင်ရပေမဲ့ တကယ်တမ်းကျတော့ အလွှာလိုက် ရှိနေတယ်၊ မတည်ငြိမ်ဘူး၊ အငြင်းပွားဖွယ်ရာတွေလည်း ဖြစ်နေတယ်။ ဒါဟာ တိုင်းရင်းသားအမှတ်အသား ဒါမှမဟုတ် ဥပဒေအမျိုးအစားတစ်ခုတည်းလည်း မဟုတ်ပါဘူး။ ဘာသာစကားတစ်ခု၊ ပတ်စ်ပို့တစ်ခု၊ ဒါမှမဟုတ် အလံတစ်ခုတည်းလည်း မဟုတ်ဘူး။ ဒါဟာ အရည်အသွေးတစ်ခု၊ မှတ်ဉာဏ်တစ်ခု၊ တောင်းဆိုမှုတစ်ခု၊ တစ်ခါတစ်ရံမှာ ဝန်ထုပ်ဝန်ပိုးတစ်ခုလည်း ဖြစ်တယ်။ "ဗမာဆိုတာ ဘာလဲ" လို့ မေးမြန်းတာဟာ ဝိသေသလက္ခဏာ ဖန်တီးမှု၊ ဖျက်ဆီးမှု၊ ခုခံမှုနဲ့ ပြန်လည်ပုံဖော်မှုရဲ့ ရှည်လျားတဲ့ သမိုင်းထဲကို ခြေချလိုက်တာပါပဲ။ ကြိုပြောထားချင်တာက "ဗမာ" ဆိုတာ ဆိုတဲ့ ဝေါဟာရကိုယ်တိုင်မှာ ကောင်းတာ၊ ဆိုးတာ မရှိဘူး။ ဘယ်လို သုံးစွဲသလဲ ဆိုတာပဲ ရှိပါတယ်။ ၁။ နာမဝိသေသနအဖြစ် "ဗမာ" အရိုးရှင်းဆုံးပြောရရင် "ဗမာ" ဆိုတာ နာမဝိသေသနအဖြစ် လုပ်ဆောင်နိုင်တယ်။ ဖော်ပြချက်တစ်ခုပေါ့။ ဟင်းတစ်ခွက်က ဗမာဟင်း ဖြစ်နိုင်တယ်၊ အဆောက်အအုံတစ်လုံးက ဗမာ့လက်ရာ ဖြစ်နိုင်တယ်၊ စာရေးနည်း ဒါမှမဟုတ် နှုတ်ဆက်ပုံက ဗမာ့ဓလေ့ ဖြစ်နိုင်တယ်။ ဒီသဘောအရဆိုရင် ဒါဟာ အရည်အသွေး၊ ပုံစံ၊ အရသာတစ်ခုကို ရည်ညွှန်းတာပေါ့။ ဒါပေမဲ့ ဒီနေရာမှာတောင် ဘာကို "ဗမာ" လို့ ခေါ်ဆိုမလဲဆိုတဲ့ သဘောတူညီချက် ရှိထားပြီး အဲဒီသဘောတူညီချက်က ဘယ်တော့မှ အစွဲကင်းရှင်း၊ ဘက်လိုက်ခြင်းကင်းတာမျိုး မရှိဘူး။ ဘယ်ယဉ်ကျေးမှုဆိုင်ရာ အစိတ်အပိုင်းတွေကို "ဗမာ" လို့ ခေါ်ပြီး ဘယ်ဟာတွေကို မခေါ်ဘူးလဲ။ ဘယ်သူ့ရဲ့ သင်္ကေတတွေကို ဗမာ့စံ ပုံမှန်အဖြစ် သတ်မှတ်ပြီး ဘယ်သူ့ရဲ့ သင်္ကေတတွေကို "ဌာနေတိုင်းရင်းသား" ဒါမှမဟုတ် "လူနည်းစု" လို့ သတ်မှတ်လဲ။ ဒီမေးခွန်းတွေဟာ နာမဝိသေသနအနေအထားရဲ့ အောက်မှာတောင် ရှိနေပါတယ်။ ၂။ သွေးသား ဒါမှမဟုတ် မျိုးရိုးအရ "ဗမာ" မကြာခဏဆိုသလို "ဗမာ" ဆိုတာကို "ဗမာ" မိဘတွေက မွေးတဲ့သူလို့ ယူဆကြတယ်။ ဒါပေမဲ့ ဘယ်မိဘတွေက အရည်အချင်းပြည့်မီလဲမေးစရာတော့ ရှိတယ်။ ဟံသာဝတီကျတော့ မွန်တွေ ဗမာဖြစ်တာအများကြီးပဲ။ ယုံလီနဲ့ ပါလာတဲ့ တရုတ်တွေ၊ အယုဒ္ဓယက ပါလာတဲ့ ထိုင်းတွေ၊ မြောက်ဦးက ပါလာတဲ့ ရခိုင်တွေ၊ မဂိုဘုရင်နဲ့ပါလာတဲ့ အိန္ဒိယသားတွေ၊ သံလျင်ကခေါ်လာတဲ့ ပြင်သစ်တွေ၊ စသည် စသည်ဖြင့် ဗမာဖြစ်ကုန်တာပဲ။ တချို့အတွက်တော့ ဒါဟာ ဗမာလူမျိုး အများစုထဲမှာ မွေးဖွားတာကို ဆိုလိုတယ်။ တို့ဗမာအစည်းအရုံးလို အနေအထားတချို့အတွက်တော့ တိုင်းရင်းသားအဆင့်အတန်းမခွဲဘဲ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းမှာရှိတဲ့ ဘယ်သူမဆို ပါဝင်တယ်။ ဒါပေမဲ့ ဥပဒေနဲ့ နိုင်ငံရေးဆိုင်ရာ စိတ်ကူးပုံဖော်မှုတွေ အများစုမှာတော့ အမွေအနှစ်တချို့ကိုသာ "ဗမာ" အပြည့်အဝလို့ သတ်မှတ်ပြီး တခြားအမွေအနှစ်တွေကိုတော့ တိုင်းရင်းသား၊ လူနည်းစု ဒါမှမဟုတ် သံသယဖြစ်ဖွယ်အဖြစ် သတ်မှတ်တယ်။ ၃။ နိုင်ငံတော် ဝိသေသလက္ခဏာအဖြစ် "ဗမာ" "ဗမာ" ဆိုတာ နိုင်ငံတော်ရဲ့ စရိုက်လက္ခဏာအဖြစ်လည်း ရှိတယ်။ ဆိုလိုတာက ခေတ်သစ်ဗမာနိုင်ငံရဲ့ အယူဝါဒ၊ ဖွဲ့စည်းပုံ ဒါမှမဟုတ် စံနှုန်းတွေကို ကိုယ်စားပြုတဲ့ တစ်စုံတစ်ယောက် ဒါမှမဟုတ် တစ်စုံတစ်ရာကို ပြောတာ။ ဒါတွေမှာ မြန်မာ့တပ်မတော်၊ ဗျူရိုကရက်တစ် အဖွဲ့အစည်းတွေ ဒါမှမဟုတ် နိုင်ငံတော်က ထောက်ပံ့တဲ့ ယဉ်ကျေးမှုတွေ ပါဝင်တယ်။ နိုင်ငံသမိုင်းကို ပြောလိုက်ရင် ပျူ၊ တကောင်း၊ ပုဂံက စပြောတတ်တယ် (ဒီဘုရင်တွေတောင် သူတို့ကိုယ်ကို ဗမာလို့ ခေါ်ရဲ့လားဘယ်သူမှမသိ)။ ဒီလိုအသုံးပြုမှုမှာ "ဗမာ" ဆိုတာ မျိုးရိုးအမွေအနှစ်ထက် ပါဝါကို ပိုပြီး ရည်ညွှန်းတယ်။ ဗဟို၊ နိုင်ငံတော်၊ လွှမ်းမိုးထားတဲ့ ဇာတ်ကြောင်း စတာတွေပေါ့။ လုံးပေါင်းစုတာ ဗမာ။ ဒါကြောင့် တချို့အတွက်တော့ ဒီ "ဗမာ" ဆိုတဲ့ ပုံစံဟာ ပိုင်ဆိုင်ဖို့ တောင်းဆိုရမယ့် မျိုးရိုးအမွေအနှစ်တစ်ခု မဟုတ်ဘဲ ဆန့်ကျင်တွန်းလှန်ရမယ့် ယန္တရားတစ်ခု ဖြစ်နေတယ်။ ဒါက လုပ်စားကိုင်စာ ဗမာလူထုကို တွန်းလှန်ဖို့ ဆိုလိုတာ မဟုတ်ဘူး။ ဗမာ့နည်း ဗမာ့ဟန်ကိုပဲ စပွန်ဆာပေးတဲ့ နိုင်ငံဆိုတဲ့ အင်စတီကျူးရှင်းကို ဆိုလိုတယ်။ ဒါပေမယ့် လူဖြူဝါဒကို အပြောခံရရင် လူဖြူတွေ ထိသလိုပဲ State-Institutional critique ကို Personal critique လို မြင်ကြတာလည်း ဗမာဖြစ်တည်မှုရဲ့ လက္ခဏာဘက်က တခုပဲ။ ၄။ ဘာသာစကားအဖြစ် "ဗမာ" "ဗမာ" ဆိုတာ ဘာသာစကားလည်း ဖြစ်တယ်။ ဘာသာစကားက လူတွေ ဘယ်လိုတွေးတယ်၊ ဘယ်လို မှတ်မိတယ်၊ ဘယ်လို ဆက်စပ်တယ်၊ ဘယ်လို ခုခံတယ်ဆိုတာကို ပုံဖော်ပေးတယ်။ ဗမာစကား ကျွမ်းကျင်ရုံနဲ့ "ဗမာ" ဖြစ်လာတာ မဟုတ်ပေမဲ့ ဒါဟာ သတ်မှတ်ထားတဲ့ ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ် (ဥပမာ- သူ့ရဲ့ ဥပမာတွေ၊ စကားပုံတွေ၊ စည်းချက်တွေ) ထဲကို ဝင်ရောက်ဖို့ တံခါးပေါက်တစ်ခုပါပဲ။ တစ်ချိန်တည်းမှာပဲ ဗမာဘာသာစကားကို အမျိုးသားဘာသာစကားအဖြစ် မြှင့်တင်လိုက်တဲ့အတွက် တခြားဘာသာစကားများစွာကို ဖယ်ရှားပစ်လိုက်ပြီး စည်းလုံးစေတဲ့ ကိရိယာရော ဖျက်ဆီးတဲ့ ကိရိယာရော ဖြစ်လာစေတယ်။ လူများသုံးတယ်ဆိုတာကနေ ဒါက စံနှုန်းပဲ ဖြစ်လာတယ်။ နောက်ပိုင်းကျ ဒီစာနဲ့ ရေးထားတာတွေက တခြားလူနည်းစုစာနဲ့ ရေးထားတာတွေထက် ပိုတရားဝင်တယ်၊ သန့်စင်တယ်ဆိုတာမျိုးဖြစ်လာတယ်။ အရင်းအမြစ်တွေလည်း အများကြီး ပံ့ပိုးမှုရတယ်။ ၅။ ယဉ်ကျေးမှု အမွေအနှစ်အဖြစ် "ဗမာ" တချို့လူတွေကတော့ ပူးတွဲယဉ်ကျေးမှု သမိုင်းကြောင်း ခံစားချက်ကနေတစ်ဆင့် ကိုယ့်ကိုယ်ကိုယ် ဗမာလို့ သတ်မှတ်ကြတယ်။ သူတို့ဟာ ဗမာလူမျိုးစု မဟုတ်နိုင်ပေမဲ့ ဗမာ့ပုံပြင်တွေ၊ တန်ဖိုးတွေ၊ ရုန်းကန်မှုတွေနဲ့ ယဉ်ကျေးမှုတွေကို အမွေခံထားတယ်။ ဒီသဘောအရ "ဗမာ" ဖြစ်တယ်ဆိုတာက သတ်မှတ်ထားတဲ့ ယဉ်ကျေးမှု အမွေအနှစ်တစ်ခုနဲ့ ဆက်စပ်နေခြင်းကို ဆိုလိုတယ်။ အိမ်မှာ ညာလက်နဲ့ ဟင်းနှိုက်ရမယ်လို့ သင်ခံရတဲ့ မြောက်ဖျားလူမျိုးကနေ ကျောင်းမှာ ဘယ်လက်နဲ့ပဲ ဇွန်းကိုင်ဟင်းနှိုက်ဖို့ သင်ပေးခံရတာကိုပဲ နမူနာတွေးပါ။ ပထဝီဝင်၊ သမိုင်းနဲ့ ယဉ်ကျေးမှုတွေက ကမ္ဘာကြီးကို နားလည်တဲ့ နည်းလမ်းများထဲမှာ ပါတာပေါ့။ ဒီလို ဗမာ့ဝိသေသလက္ခဏာပုံစံက ပြောင်းလဲလွယ်တယ်၊ ဆက်စပ်မှုရှိတယ်၊ ပြီးတော့ အနှစ်သာရကို အခြေခံတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေနဲ့ ရင်ဆိုင်ရတဲ့အခါ မကြာခဏဆိုသလို ရွေးချယ်ခံရတယ်။ အမွေအနှစ်ထဲ ရောက်လာလို့ ဗမာလို့ နာမည်တပ်ခံလိုက်ရတာတွေ ရှိသေးတယ်။ ဥပမာ ပဲခူးစား ပေါ်တူဂီကပြား အန်တိုနီယိုကို ဗမာ့သူရဲကောင်းကြီး မင်းရဲကောင်းပုံဆိုပြီး ဟိုင်းကြီးကျွန်းမှာ ကျောက်တိုင်ထူပေးထားတာမျိုးပေါ့။ နိုင်ငံတွေရဲ့ အမြတ်ထုတ်မှုဟာ အီလစ်တွေဆီက လာပေမယ့်၊ ဒီအီလစ်တွေရဲ့ ရေရှည်နေနိုင်တဲ့ ပါဝါဟာ ယဉ်ကျေးမှုအုတ်မြစ်တခုခုကနေ လာရတယ်။ ယဉ်ကျေးမှုအုတ်မြစ်ဟာ လူတွေမရှိပဲ မနေနိုင်ဘူး။ အဲ့သည်ယဉ်ကျေးမှုအုတ်မြစ်ထဲ မျောပါနေသူတွေဟာ အီလစ်တွေလို အမြတ်ရနေတဲ့သူတွေ မဟုတ်ပေမယ့် မကြိုးစားပဲ ရတာတွေ ရှိတယ်။ ဥပမာ ယဉ်ကျေးမှု၊ ဘာသာစကား၊ သမိုင်းစတာတွေကို ကြိုးစားထိန်းသိမ်းစရာ မလိုဘူး၊ အမြတ်ထုတ်တဲ့ အီလစ်တွေက အဲ့ဒါကို စပွန်ဆာပေးထားတတ်တယ်။ ၆။ သမိုင်းဆိုင်ရာ အသိစိတ်အဖြစ် "ဗမာ" ဗမာဖြစ်တယ်လို့ မပြောကြပေမဲ့ ဗမာ့သမိုင်း (ပါဝါပုံစံတွေ၊ ကိုလိုနီပြုခံရမှု၊ ခုခံမှုနဲ့ စိတ်ဒဏ်ရာတွေ) ကို နက်နက်နဲနဲ နားလည်တဲ့သူတွေလည်း ရှိတယ်။ သူတို့ဟာ တိုင်းရင်းသားလူနည်းစုတွေ၊ ပြည်ပရောက် အသိုင်းအဝိုင်းတွေ ဒါမှမဟုတ် နယ်စပ်ဒေသက လူမျိုးတွေ ဖြစ်နိုင်တယ်။ သူတို့က နိုင်ငံရေး ဒါမှမဟုတ် ကိုယ်ကျင့်တရားဆိုင်ရာ အကြောင်းပြချက်တွေကြောင့် ဗမာဆိုတဲ့ တံဆိပ်ကို ငြင်းပယ်နိုင်တယ်။ ဒါပေမဲ့ ဗမာနိုင်ငံရဲ့ သမိုင်းဆိုင်ရာ ဖွဲ့စည်းပုံကို ဝေဖန်ပိုင်းခြားပြီး နာနတ်စာနာစွာ ဆက်ဆံခြင်းအားဖြင့် သူတို့ဟာ ဗမာ့အခြေအနေနဲ့ ရောယှက်နေတယ်။ သူ့ရဲ့ ဆန့်ကျင်ဘက်တွေကို ရင်းနှီးစွာ သိတယ်။ သူ့ရဲ့ ကျရှုံးမှုတွေနဲ့ အိပ်မက်တွေကို မြင်တယ်။ သူ့ရဲ့ သင်ခန်းစာတွေကို သယ်ဆောင်ထားတယ်။ ပိုပြီး နက်နဲတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ သူတို့ရဲ့ အသိအမြင်နဲ့ ခုခံမှုက သူတို့ကို မျိုးရိုးလိုက်တဲ့ တံဆိပ်တွေထက် ပိုမိုနက်နဲတဲ့ နည်းလမ်းနဲ့ "ဗမာ" ဖြစ်စေနိုင်တယ်။ ၇။ ဗမာဖြစ်လာတဲ့သူတွေ အဖေဗမာ၊ အမေဗမာ မဟုတ်ပေမယ့် Burmanization လို့ခေါ်တဲ့ ဗမာဇာတ်သွင်းခံရတဲ့အခါ ဗမာဖြစ်လာတာ ရှိသေးတယ်။ သူတို့ကတော မူရင်းဇစ်မြစ် Roots ကို လွှတ်လိုက်ပြီး သမိုင်းကို ပုဂံ၊ တကောင်းက စပြီးနားလည်မယ်။ ဗမာ့လူနေမှု စံနှုန်းလို အရာတွေ၊ ပြောဆိုနေထိုင်မှုတွေကို အသားကျသွားမယ်။ အမျိုးသားနိုင်ငံတရားတွေကို ယုံကြည်မယ်။ နှစ်တရာနီးပါး တို့ဗမာအစည်းအရုံးက စပြီး ဖဆပလ-ကွန်မြူနစ်၊ မဆလ-ဗကပ၊ နဝတ-NCGBU၊ NLD-USDP ကနေ ဒီနေ့ စကစ-NUG အထိ ဘက်ကွဲနေတဲ့ နိုင်ငံရေးအားပြိုင်မှုမှာ နိုင်ငံကြီးဟာ တကယ်ရှိတယ်လို့ ယုံကြည်လျက် ဘက်တဘက်ကို အခိုင်အမာရွေးပြီး “နိုင်ငံထူထောင်ရေး” အားပေးမယ်။ မိမိတို့ရဲ့ ဇစ်မြစ်အကြောင်း ကောင်းကောင်းနားမလည်ဘူး။ နိုင်ငံရေးအမွေအနှစ် ရေစီးကြောင်းကို ကြည့်ရင် ဗမာ့ရေစီးကြောင်းထဲ မျောပါနေမယ်။ ဒါဆို "ဗမာ" က ဘာတွေ ဖြစ်နိုင်သေးလဲ။ * နေရာနဲ့ ပတ်သက်တဲ့ကိစ္စ - လူတစ်ယောက်က ဗမာစံနှုန်းတွေ လိုက်လျောညီထွေပြောပြီး ပိုင်ဆိုင်မှုကို အခိုင်အမာ ပြောဆိုနိုင်တယ် ဒါမှမဟုတ် နိုင်ငံရေးနယ်ပယ်မှာ နေရာယူနိုင်တယ်။ နိုင်ငံကြီးရှိတာကို ယုံပြမယ်။ လူများစု သဘောကျအောင် လုပ်ပြရင် ထောက်ခံမှု ရလာတာမဟုတ်လား။ * ဒဏ်ရာ - တချို့အတွက်တော့ "ဗမာ" ဆိုတာ လွှမ်းမိုးမှု၊ ဖယ်ရှားခံရမှု၊ ဝိသေသလက္ခဏာကို ပိတ်ဆို့ထားခြင်းကို ကိုယ်စားပြုတယ်။ သူတို့မြေပေါ်မှာ ကျူးကျော်လာတဲ့ ဝိသေသလက္ခဏာလို့ မြင်မယ်။ ဗကပ က အရင် ကေအိုင်အိုမှာ သင်တန်းပေးတော့ တယောက်က “ခင်ဗျားတို့က သခင်တွေများလိုက်တာ၊ ကျုပ်တို့က သခင်ယေရှုပဲ သိတယ်” လို့ ငေါ့ပြီး ပြန်ပြောတဲ့ပုံကနေစလို့ အလံဖြုတ်ချ၊ ဆိုင်းဘုတ်မီးရှို့တာလိုပါ အမျိုးမျိုးဖြစ်နိုင်တယ်။ * ပေါင်းကူးတံတား - အဆိုးချည်းမဟုတ်ဘူးနော်။ တစ်ခါတစ်ရံမှာတော့ ကွဲပြားမှုတွေကြား ချိတ်ဆက်ဖို့အတွက် ဘာသာစကားတစ်ခု ဖြစ်လာတယ်။ မပြည့်စုံပေမဲ့ ဝေမျှခံစားရတာမျိုးပေါ့။ ကိုယ့်စကား ကိုယ်မပြောရရင် ကိုယ့်ပုံပြင်က တပိုင်းတစတော့ ပျောက်တာပဲ၊ ဒါပေမယ့် အားလုံးကို ချိတ်ဆက်လို့ရလာတယ်။ * ပုစ္ဆာ - လူအများစု၊ အထူးသဖြင့် လူငယ်တွေနဲ့ လှုပ်ရှားတက်ကြွသူတွေကြားမှာ "ဗမာ" ဆိုတာ အဖြေထက် မေးခွန်းတစ်ခု ပိုဖြစ်နေတယ်။ အမျိုးသားရေးဝါဒနဲ့ ဘုံစရိုက်အမျိုးမျိုးကြားက တင်းမာမှုတစ်ခုပေါ့။ ကိုယ့်ကိုယ်ကိုယ် ဗမာလို့ မကြေညာဘဲ ဗမာဖြစ်နိုင်သလား။ ဟုတ်ကဲ့၊ ဖြစ်နိုင်ပါတယ်။ ပြီးတော့ အဲဒါတွေကပဲ ပိုအားသန်တဲ့ ဗမာတွေ ဖြစ်နေနိုင်တယ်။ ကိုယ့်ကိုယ်ကိုယ် ဗမာလို့ မကြေညာပေမဲ့ သူ့ရဲ့ သမိုင်းကြောင်းနဲ့ "နိုင်ငံတော်" လို့ ခေါ်တဲ့ အဖွဲ့အစည်းရဲ့ ဖွဲ့စည်းပုံကို မေးလိုက်ရင် ပုဂံကနေစပြီး နိုင်ငံရေးအမွေအနှစ်နားလည်မှု တခုလုံး ဗမာ့ရေစီးကြောင်းကိုပဲ မြင်တတ်ကြသူတွေပါ။ သူတို့က တရားဝင် ခေါင်းစဉ်ကို ငြင်းပယ်နိုင်ပေမဲ့ သူ့ရဲ့ သမိုင်းဆိုင်ရာ ဆွဲအားထဲမှာ သူတို့ ရှင်သန်နေကြတယ်။ ကိုလိုနီနယ်မြေတွေ၊ စစ်အုပ်ချုပ်ရေးနဲ့ မပြီးပြတ်သေးတဲ့ နိုင်ငံတည်ဆောက်မှုရဲ့ မှတ်ဉာဏ်တွေကို သူတို့ ထိန်းသိမ်းထားတယ်။ ရေစီးကြောင်းအောက်မှာ မြုပ်ပြီးမျောပါပြီး ရေစီးကြောင်းကို မမြင်နိုင်တော့တာမျိုး ဖြစ်လာနိုင်တယ်။ ဒီလူတွေဟာ အလံကို ဝှေ့ယမ်းတာ ဒါမှမဟုတ် နိုင်ငံတော်သီချင်းကို သီဆိုတာမျိုး လုပ်မှာ မဟုတ်ဘူး။ သူတို့က လူဟာ လူပဲလို့ ပြောနိုင်တယ်။ ဖိနှိပ်ခံရတဲ့အတွေ့အကြုံ မရှိရင်၊ ရုန်းထွက်ဖို့ မလိုတဲ့စိတ် ဖြစ်နေလိမ့်မယ်။ ဒါပေမယ့် ဒီအကြောင်း စာမေးပွဲစစ်ချင်ရင် နားလည်တဲ့သမိုင်းရယ်၊ အနာဂတ်နိုင်ငံမှာ ဘယ်ဘာသာစကားနဲ့ ဘယ်သမိုင်းကို ကျောင်းတွေမှာ ပြဋ္ဌာန်းရမလဲသာ မေးကြည့်လိုက်ပါ။ လူများစုတို့ ပြည်ထောင်စုတို့ ကိုလိုနီခေတ်ရုန်းကန်မှုတို့ ပြောလာတာကို ကြားရရင် လိုင်းက သေချာပါလိမ့်မယ်။ ကိုယ်က ဗမာရယ်လို့ မခံယူပေမယ့် ကိုယ်ဆွဲလိုတဲ့မူဝါဒတွေက လူများစု၊ နိုင်ငံအင်စတီကျူးရှင်းနဲ့ ဝိသေသတွေမှာ ဗမာဘက်ကို ယိုင်နေတာလည်း ရှိနိုင်ပါတယ်။ ဗမာဆန်သွားတာလည်း ရှိသေးတယ်။ ဗမာဘက်က ဘုရင်တွေအကြောင်းပြောရင် မိမိတို့ရဲ့ အမွေအနှစ်ကို ဗမာ့ဟန်လိုက်ပြင်ပြီး ဘုရင်တွေဖြစ်တဲ့ပုံပေါက်အောင် ပြောမယ်။ ဗမာ့ဘုရင်တွေ ဘုရားဗျာဒိတ်ရတာမြင်ရင် မိမိတို့ အကြီးအကဲတွေလည်း ဘုရားဗျာဒိတ်ရတယ်ဆိုတာမျိုး ရေးကြပြောကြမယ်။ မိမိတို့မှာ နိုင်ငံတွေ ရှိခဲ့တာကို သက်သေပြချင်တဲ့စိတ်ကို နားလည်ပါတယ်၊ ဒါပေမယ့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရဖို့ ဘုရင်တွေနဲ့ နေခဲ့ဖူးစရာ မလိုဘူးဆိုတာလည်း အရေးကြီးပါတယ်။ ဆိုလိုတာ "ဗမာ" ဆိုတာ ဖြစ်တည်မှုတခုတည်းမဟုတ်ပါဘူး။ ဒါဟာ ဆက်ပြီး မေးမြန်းရမယ့်၊ စိန်ခေါ်ရမယ့်၊ ပြန်လည်ဖန်တီးရမယ့် အရာတစ်ခုပါပဲ။ "ဗမာလူမျိုးကြီး" လို့ ပြောရင် ဗမာလူထုကို ဆန့်ကျင်တွန်းတိုက်ဖို့ ဆိုလိုနေတာ မဟုတ်ဘူးလို့ နားလည်ရမယ်။ ဗမာဝိသေသကိုပဲ စပွန်ဆာပေးနေတဲ့ နိုင်ငံယန္တရားကို ပြောတာဖြစ်တယ်။ ကိုလိုနီအမွေကျန်တဲ့ "နိုင်ငံ" ကို "မြန်မာ/Burma" လို့ နာမည်ပေးထားတာကအစ ဗမာလို့ပြောရင် နိုင်ငံနဲ့ လူထု နှစ်ခုလုံးကို ဝါးလုံးနဲ့ ရိုက်သလို ဖြစ်ပါတယ်။ နိုင်ငံနာမည်ကအစ ပြန်စဉ်းစားသင့်ရင် ပြန်စဉ်းစားဖို့ လှည့်ရမှာပါပဲ။ .... (ဒါနဲ့ ရှေးခေတ်အိန္ဒိယဘက်က ဒီမြေကို Brahmadesh လို့ ခေါ်ပြီး ပုဂံကျောက်စာတွေက မြမ္မာဆိုတာမျိုး ရေးပါတယ်။ ပေါ်တူဂီတွေ ဥရောပသားတွေက Birma လို့လည်း ခေါ်ပါတယ်။ နန်းတွင်းမှာ အသံနူးညံ့တဲ့ မြန်မာလို့ အသံထွက်မျိုး သုံးတတ်တယ်။ ဗမာ၊ မြန်မာက တူတူပါပဲ။ အသေးစိတ်က အရင်ကပြောဖူးလို့ အကျယ်မပြောတော့ပါ) မိမိတို့ အားလုံးဟာ ပြန်ထပ်ပုံစံတွေ ရှာဖွေသူတွေအဖြစ် ဘဝကို စတင်ကြတယ်။ မွေးတာ လအနည်းငယ်ပဲ ရှိသေးတဲ့ ကလေးက မျက်နှာတခု ရှေ့တိုးလာတဲ့အခါ ပြုံးရယ်ပြဖို့ သင်ယူတယ်။ ဒီအကျင့်ဟာလည်း တယောက်ယောက်က သင်ပေးခဲ့တာ မဟုတ်ဘဲ ဒါကို သူ့အနေနဲ့ သတိထားမိသွားလို့ပါ။ ငါ ပြုံးရင် တခြားသူမျက်နှာတွေက ပြန်ပြုံးတယ်ပေါ့။ ပြီးရင် ကောင်းမွန်တာလေးတွေ ခံစားရတယ်ပေါ့။ ဒီ အစောပိုင်း၊ မြင်ရခဲတဲ့ လုပ်ရပ်ဟာ တသက်တာလုံးအတွက် ပြန်ထပ်ပုံစံတွေရှာတဲ့ အလေ့အကျင့်တခုရဲ့ အစ နမူနာပဲ။ ပုံစံ အသိအမှတ်ပြုခြင်းဟာ မိမိတို့ "ဥာဏ်ရည်" လို့ ခေါ်တဲ့အရာအများစုရဲ့ နောက်ကွယ်က တိတ်တိတ်ကလေး ရှိနေတဲ့ ကျွမ်းကျင်မှု ဖြစ်တယ်။ ဘေခရာသီဥတု ဘယ်အချိန် ပြောင်းမလဲဆိုတာ မိမိတို့ ဘယ်လို သိလဲ၊ ဒါမှမဟုတ် တယောက်ယောက် အသံမမြှင့်ခင် သူတို့ ဒေါသထွက်တော့မယ်ဆိုတာ ဘယ်လို သိလဲဆိုတာတွေကို စဉ်းစားကြည့်ပါ။ မိမိတို့က သေးငယ်တဲ့ လက္ခဏာတွေကို မြင်ပြီး သူတို့ကို ဆက်စပ်လိုက်တယ်။ မျက်ခုံးပင့်လိုက်တာ၊ ရုတ်တရက် တိတ်ဆိတ်သွားတာ၊ စူးရှတဲ့ အသံထွက်တာမျိုးတွေပေါ့။ ဒါတွေက မိမိတို့ ဖတ်တတ်အောင် သင်ယူခဲ့တဲ့ ပုံစံတွေ ဖြစ်တယ်။ ပြီးရင် ဘာဖြစ်လာမလဲ မှန်းနိုင်တယ်။ အဲသည်စွမ်းရည်သာ မရှိရင် ဘဝကို ရှုပ်ထွေးနေလိမ့်မယ်။ ဒါပေမဲ့ ဒီ ကျွမ်းကျင်မှုက မျက်နှာအမူအရာတွေ ဖတ်တာ ဒါမှမဟုတ် မိုးရွာတာကို ခန့်မှန်းတာနဲ့တင် ရပ်တန့်မနေဘူး။ တကယ်တော့ ဒါဟာ ပိုပြီး နက်ရှိုင်းတဲ့ အရာတခု ဖြစ်လာနိုင်တယ်။ တကယ့် ထွင်းဖောက်ဝေဖန်နားလည်တဲ့ အတွေးအခေါ်ရဲ့ အစပေါ့။ နိုင်ငံရေးအကြောင်း ပြောနေတဲ့ လူတွေ အပြည့်ရှိတဲ့ အခန်းတခုထဲမှာ မိမိတို့ ရှိနေတယ်လို့ စိတ်ကူးကြည့်ပါ။ တချို့က ဒေါသထွက်နေမယ်။ တချို့က မျှော်လင့်ချက် ရှိနေမယ်။ လူတိုင်းမှာ ခိုင်မာအောင် ဆုပ်ကိုင်ထားတဲ့ သဘောထားတွေ ရှိမယ်။ မိမိတို့က တိတ်ဆိတ်စွာ နားထောင်မယ်။ တစ်ခုခုကိုလည်း သတိထားမိတယ်။ အဲ့ဒါက တချို့လူတွေက အသံအကျယ်ဆုံး ပြောတတ်ကြတယ်။ တချို့လူတွေက ဆုံးဖြတ်ချက်တွေကို လက်ဝါးကြီး အုပ်သွားတယ်။ ဒါတွေက စာအုပ်ထဲမှာ ဖတ်ရတဲ့ အချက်အလက်တွေ မဟုတ်ဘူး။ ဒါတွေက ဘဝထဲက ပုံစံတွေပဲ။ ဒါ့အပြင် တခါ မြင်လိုက်ပြီဆိုရင် မိမိတို့က မတူညီစွာ စဉ်းစားဖို့ စတင်လာတယ်။ မေးခွန်းတွေ မေးတယ်။ ဆူညံသံတွေရဲ့ အောက်ခံမှာ ဘာတွေ ရှိလဲဆိုတာကို တွေးတောတယ်။ တခါတလေ နိုင်ငံရေးမှာ ကြောက်ရွံ့မှု မြင့်တက်လာတဲ့အခါ သနားကြင်နာမှု ပျောက်ကွယ်သွားတယ်ဆိုတာကို မိမိတို့ သတိပြုမိနိုင်တယ်။ တခါတလေ မုန်းတီးမှုကြီးလာရင် ကိုယ့်အကျိုးကိုပါ ဖျက်ပြီး သူများကို ထိခိုက်အောင် လုပ်ချင်လာတယ်။ ဒီလိုနည်းနဲ့ ပြန်ထပ်နေတဲ့ပုံစံတွေကို ဖြစ်နေတဲ့အတိုင်း အသိအမှတ်ပြုခြင်းက ဝေဖန်ပိုင်းခြား တွေးခေါ်မှုအဖြစ် ကြီးထွားလာတယ်။ ဝေဖန်ပိုင်းခြား တွေးခေါ်မှုဆိုတာ အဆိုးမြင်နေတာကို ဆိုလိုတာ မဟုတ်ဘူး။ ဒါဟာ ပိုပြီး ရှင်းရှင်းလင်းလင်း မြင်တာကို ဆိုလိုတယ်။ ဒါဟာ မိမိတို့ ပြန်ထပ်ပုံစံတွေကို မြင်ရုံတင် မဟုတ်ဘဲ မေးခွန်းမေးတဲ့အခါ ဝေဖန်တွေးမှုဖြစ်လာတယ်။ ဘာ့ကြောင့် ဒီ ပုံစံလဲ။ ဘယ်သူတွေ အကျိုးခံစားရလဲ။ ဘာတွေ ပျောက်ဆုံးနေလဲ။ မိမိတို့က အပေါ်ယံပဲ လက်ခံတာကို ရပ်လိုက်တယ်။ အကြောင်းနဲ့ အကျိုးဆက်အကြောင်း မေးတယ်။ တခြားနည်းလမ်းတွေကို စိတ်ကူးယဉ်တယ်။ ကျောင်းသားတယောက်က သမိုင်းသင်ခန်းစာတိုင်းဟာ တူညီတဲ့ သူရဲကောင်းမျိုးနဲ့ စတင်တယ်ဆိုတာ မြင်နိုင်တယ်။ ဝေဖန်ပိုင်းခြားနိုင်လာရင် သူတို့က မေးလာနိုင်တာက ဘာ့ကြောင့် ဒီ သူရဲကောင်းတွေကို ပြောနေသင်နေသလဲ။ ချန်လှပ်ထားခဲ့တဲ့ သူတွေကရော ဘယ်လိုလဲ။ နိုင်ငံသားတယောက်က ရွေးကောက်ပွဲ သံသရာတိုင်းဟာ ကတိတွေနဲ့ အရှုပ်တော်ပုံတွေရဲ့ ဇာတ်ညွှန်းအတိုင်း သွားနေတယ်ဆိုတာ သတိထားမိနိုင်တယ်။ ပြီးတော့ သူတို့ တွေးတောနိုင်တာက ဘာလို့ ဒီလိုဖြစ်နေတာလဲ၊ စနစ်က ဘာဖြစ်နေတာလဲ။ ဒါက မိမိတို့ရဲ့ ဒီမိုကရေစီအကြောင်း ဘာပြောနေတာလဲ။ ပုံစံတွေက ချည်မျှင်တွေလိုပဲ။ ဝေဖန်ပိုင်းခြား တွေးခေါ်မှုဟာ သူတို့ကို ကမ္ဘာကြီးကို နားလည်အောင် ကူညီပေးတဲ့ အဝတ်စတခုအဖြစ် ရက်လုပ်ခြင်း လုပ်ငန်းပဲ။ ပုံပြင်တွေ၊ အလေ့အကျင့်တွေ၊ အာဏာတွေမှာ ချည်မျှင်တွေကို ပိုပြီး ကောင်းကောင်း မြင်လေလေ၊ မိမိတို့က ပိုပြီး ကောင်းမွန်တဲ့ မေးခွန်းတွေ မေးနိုင်လာလေလေပဲ။ ဒါ့အပြင် ပိုပြီး ကောင်းမွန်တဲ့ မေးခွန်းတွေနဲ့အတူ မိမိတို့က ပိုကောင်းတဲ့ လမ်းကြောင်းတွေကို ရွေးချယ်ဖို့ စတင်လာတယ်။ ပိုအသုံးကျတဲ့ အသိပညာတွေ ရလာတယ်။ ဒါကြောင့် ပြန်ထပ်ပုံစံ အသိအမှတ်ပြုခြင်းဟာ သင်္ချာပညာရှင်တွေ ဒါမှမဟုတ် သိပ္ပံပညာရှင်တွေအတွက် သက်သက် မဟုတ်ဘူး။ ဒါဟာ မိမိတို့ အားလုံးအတွက်၊ နေ့တိုင်း၊ ပညာရှိရှိ နေထိုင်ဖို့ ကြိုးစားတဲ့အခါ လိုအပ်တယ်။ ပြန်ထပ်ပုံစံတွေကို မိမိတို့ အသိအမှတ်ပြုတဲ့အခါ နောက်ခံအကြောင်းအရာတွေကို နားလည်အောင် လုပ်ဆောင်ဖို့ အစဖြစ်တယ်။ အဲဒီ ပုံစံတွေကို မိမိတို့ မေးခွန်းထုတ်တဲ့အခါ သူတို့ကို ပြောင်းလဲဖို့ ဖြစ်စေလာနိုင်တယ်။ ဒါ့အပြင် တခါတလေ ရိုးရှင်းတဲ့ မေးခွန်းလေးတွေက အပြောင်းအလဲ စတင်တာပဲ။ တခြားသူတွေ မမြင်နိုင်တဲ့ အရာတခုကို ရိုးရိုးလေးရှုမြင်ခြင်းနဲ့၊ ဘာကြောင့်လဲ၊ တခြားနည်းလမ်း ရှိနိုင်မလားလို့ တွေးတောခြင်းအားဖြင့်ပေါ့။ နယူတန်ဟာ ပန်းသီးလေးတွေ ကျလာတဲ့ ပြန်ထပ်ပုံစံကို ကြည့်ပြီး ဒြပ်ဆွဲအားကို တွေးခဲ့တယ်။ ပန်းသီးတွေ ကမ္ဘာပေါ်ကျရင် လမင်းကြီးက ကမ္ဘာပေါ် ဘာလို့ကျမလာသလဲ မေးလိုက်ရာက ကဲကုလသင်္ချာဘာသာရပ်ကြီးတခု ဖြစ်လာတယ်။ မိမိတို့ကော... ဘာပြန်ထပ်ပုံစံတွေ ကြည့်ပြီး၊ ဘာမေးခွန်းတွေ မေးကြမလဲ။ 5/4/2025 0 Comments နက်ရှိုင်းအတွေးစများ
ဘဝမှာ အရေးအရာတွေ ကို နားလည်အောင် အရမ်းကြိုးစားတဲ့ အခိုက်အတန့်တွေ ရှိတယ်။ အဖြေတွေရချင်တာ၊ ရှင်းလင်းမှုတွေ နဲ့ ထိန်းချုပ်မှုရှိတဲ့ ခံစားချက်ကို မိမိတို့ လိုချင်တဲ့အခါတွေလည်း ရှိတယ်ပေါ့။ ဒါပေမဲ့ ဘဝက အမြဲတမ်း ဒီလို အလုပ်လုပ်တာ မဟုတ်ဘူး။ ဆိုလိုတာက မကြာခဏဆိုသလို ဝိရောဓိဖြစ်တာတွေ၊ တပြိုင်နက်တည်း ဦးတည်ရာ နှစ်ခု သွားနေသလို ထင်ရတဲ့ စိတ်ကူးတွေ နဲ့ ကြုံတွေ့စေတယ်။ အစပိုင်းမှာ ဒါတွေ က မကိုက်ညီတဲ့၊ ကျိုးပဲ့နေတဲ့ အစိတ်အပိုင်းတွေလိုပဲ စိတ်ပျက်စရာ ကောင်းတယ်လို့ ခံစားရနိုင်တယ်။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ သေသေချာချာ ကြည့်ရင် တခြားအရာ တခုကို မိမိတို့ မြင်နိုင်တယ်။ အဲ့ဒါက ဒီ ဆန့်ကျင်ဘက် ဝိရောဓိတွေ၊ ဒီ ပဋိပက္ခတွေ ဟာ မိမိတို့ တွေးခေါ်မှု ရဲ့ အားနည်းချက် တွေ မဟုတ်ဘဲ ပိုနက်နဲတဲ့ နားလည်မှုဆီကိုရောက်နိုင်မယ့် လျှို့ဝှက်တံခါးတွေ ဖြစ်တယ်။ ဉာဏ်ပညာဟာ မိမိတို့ဆီကို ခိုင်မာတဲ့ ခေါင်းစီးတွေ ဒါမှမဟုတ် ကျယ်လောင်တဲ့ ကြေညာချက်တွေ နဲ့ ရောက်လာတာ မဟုတ်ဘူး။ တိတ်တိတ်လေး ရောက်လာတယ်။ အချက်အလက် တွေ သိတာ ဒါမှမဟုတ် စကားပြောဆိုမှုမှာ လိမ္မာပါးနပ်တာနဲ့ ပညာဟာ အတူတူ မဟုတ်ဘူး။ ဉာဏ်ပညာဆိုတာ မိမိတို့မှာ အဖြေတွေ အားလုံး မရှိဘူးလို့သိတာ၊ ပြီးတော့ ဖြစ်ကောင်းဖြစ်နိုင်တာက ခိုင်မာတဲ့ အဖြေတွေ ဘယ်တော့မှ ရှိမှာ မဟုတ်ဘူးဆိုတာကို လက်ခံတဲ့အခါ ပညာအားဖြင့် ကြီးထွားလာတာ ဖြစ်တယ်။ ဒါက အာကျယ်ကျယ်နဲ့ သိလာတာ မဟုတ်ဘူး။ ပညာက တိုးတိုးလေး ပြောနိုင်တယ်။ ပညာဟာ ပုစ္ဆာတွေ ထဲမှာ၊ မသေချာမှု နဲ့ သံသယကြား တိတ်ဆိတ်တဲ့ နေရာတွေမှာ နေထိုင်တတ်တယ်။ တခုခုသင်ယူတာကို စဉ်းစားကြည့်ပါ။ မိမိတို့ များသောအားဖြင့် ဒါကို လှေကား တထစ်ချင်း တက်ရတဲ့ လှေကား တခုလို မြင်ယောင်ကြတယ်။ အချက်အလက် တခုစီက လှေကားထစ်အသစ် တထစ်ပေါ့။ ဒါပေမဲ့ တကယ့်လက်တွေ့ သင်ယူမှုက ကျယ်ပြန့်တဲ့ ပင်လယ်ကြီး ရဲ့ ကမ်းခြေမှာ ရပ်နေတာနဲ့ ပိုတူတယ်။ မိမိတို့ ပို နားလည်လေလေ၊ မိမိတို့ မနားလည်တာ ဘယ်လောက် များလဲဆိုတာ ပိုမြင်လေလေပဲ။ ဒါက မဝါးကြွားဖို့ သတိပေးသလို လှပစွာရှိတာလည်း ဖြစ်တယ်။ မိမိတို့ အဖြေတခု ရတိုင်း နောက်ထပ် မေးခွန်း ဆယ်ခုမက ပွင့်လာရမယ်။ မသိသေးတာကို သိလာခြင်းဟာ အရသာ ရှိနေရမယ်။ ဒါက ကျရှုံးတာ မဟုတ်ဘူး။ ဒါက သင်ယူမှု ရဲ့ သဘာဝပဲ ဖြစ်တယ်။ တကယ့် ဉာဏ်ပညာက မိမိတို့ မသိသေးတာ ဘယ်လောက် များလဲဆိုတာကို သိမှတ်တဲ့ အခိုက်အတန့်မှာ စတင်တယ်။ မသိတာဟာ အနန္တရှိတယ်။ နောက်တခုတွေးစို့။ ရှေ့ကို ဆက်သွားဖို့ ဖို့ တခါတလေ မိမိတို့ ရပ်ဖို့ ဖို့ လိုအပ်တယ်။ ကိုယ် ဘယ်သူ ဖြစ်တယ် ဆိုတာ သိရှိဖို့ ဖို့ တခါတလေ အရင် နည်းနည်းလမ်းပျောက်ဖို့ ဖို့ လိုအပ်တယ်။ ဒါက ထူးဆန်းတယ်၊ မှားတယ်လို့တောင် ထင်မြင်နိုင်တယ်။ ဒါပေမဲ့ ရှုပ်ထွေးမှုက အမြဲတမ်း ရန်သူ မဟုတ်ဘူး။ မိမိတို့ရဲ့ အဓိပ္ပာယ် အရှိဆုံး အခိုက်အတန့် တွေ၊ မိမိတို့ တကယ် ကြီးထွားဖွံ့ဖြိုးတဲ့ အခိုက်အတန့် တွေဟာ မသေချာမှုတွေအတွင်းမှာ ရောက်လာတယ်။ လမ်းကြောင်း ရှင်းလင်း မနေတဲ့အခါ မိမိတို့ အတွင်းဘက်ကို စတင် ကြည့်တယ်။ ပြီးတော့ ဒီလို လုပ်ဆောင်ရာမှာ မိမိတို့ အရင်က သတိမထားမိခဲ့တဲ့ အရာတွေ ကို ရှာတွေ့တယ်။ မတူညီတဲ့ ရှင်းလင်းမှု ပုံသဏ္ဌာန်တခု စတင် ထွက်ပေါ်လာတယ်။ မိမိတို့ ကမ္ဘာကြီးဟာ ယူဆယုံမှတ်မှုတွေ ခိုင်မာနေအောင် ကိုယ့်ကိုယ်ကိုယ် ပြောပြတဲ့ ဇာတ်လမ်း တွေ နဲ့ ပြည့်နေတယ်။ နိုင်ငံတွေ၊ ပိုက်ဆံ တွေ၊ စည်းမျဉ်း တွေ လို အရာတွေ ကို မိမိတို့ ယုံကြည်တယ်။ ဒါ တွေ ထဲက ဘယ် တခု ကိုမှ သစ်ပင် ဒါမှမဟုတ် ကျောက်တုံး တခုကို ကိုင်တွယ်နိုင်တဲ့ နည်းလမ်းအတိုင်း အခိုင်အမာ ရှင်းထောက်ပြပြီး မကိုင်တွယ်နိုင်ဘူး။ ဒါပေမဲ့ ဒါတွေ က တကယ့်အရာတွေ လို ခံစားရတယ်။ ဘာလို့လဲဆိုတော့ ဒါတွေ က အရေးကြီးတယ်လို့ မိမိတို့ လူအားလုံး သဘောတူကြလို့ပဲ။ ဒီ မျှဝေထားတဲ့ ယုံကြည်မှု တွေက မိမိတို့ လူ့အဖွဲ့အစည်းတွေ နဲ့ ဘဝတွေ ကို ပုံသဏ္ဌာန် ပေးတယ်။ ကမ္ဘာကြီးဟာ အမြဲတမ်း ပြောင်းလဲနေတယ်၊ ဘာတခုမှ ပုံသေ မဟုတ်ဘူးဆိုတာကို မိမိတို့ သိကောင်း သိနိုင်တယ်။ ဒါပေမဲ့ အနတ္တလောကမှာတောင် လူဟာရပ်တည်ဖို့ အတွက် ခိုင်မာတဲ့ အရာ တခုကို လိုအပ်နေတုန်းပဲ။ ဒါကြောင့် မိမိတို့ဟာ သီးခြား စိတ်ကူး တွေ၊ သီးခြား ဇာတ်လမ်း တွေကို ကိုင်ဆွဲထားဖို့ ရွေးချယ်ရလိမ့်မယ်။ ဒါဟာ ဖြစ်တည်မှုပဲ။ ဒါဟာ ဦးနှောက်က လုပ်ကိုလုပ်မယ့်အရာပဲ။ သူတို့ဟာ တင်းကျပ်တဲ့ အဓိပ္ပာယ်အရ "သစ္စာတရားလိုမှန်တာတွေ" မဟုတ်ရင်တောင် သူတို့က အသုံးဝင်တယ် မဟုတ်လား။ သူတို့က အတူတူ နေထိုင်ဖို့၊ အတူတူ အိပ်မက် မက်ဖို့ နဲ့ အနာဂတ်တွေ ကို အတူတူ တည်ဆောက်ဖို့ ကူညီတယ်မဟုတ်လား။ ဒါကြောင့် ဝိရောဓိဟာက အမြစ်ဖြုတ် တခုရွေးဖြေရှင်းရမယ့် ပြဿနာမဟုတ်ဘူး။ ဒါက ဆရာပဲ။ အရာ နှစ်ခုဟာ တချိန်တည်းမှာ မှန်နိုင်တယ်ဆိုတာကို ပြသတယ်၊ သူတို့က အချင်းချင်း ဆန့်ကျင်နေသလို ထင်ရရင်တောင်မှ မှန်နေနိုင်တာပေါ့။ စဉ်းစားကြည့်ပါ။ ခိုင်မာမှုထဲမှာ မသေချာတာ ဖြစ်နိုင်တယ်။ လွှတ်ချပြီး ထိန်းချုပ်နိုင်သွားတာ ဖြစ်နိုင်တယ်။ ရပ်ရမယ့်အချိန် သိရင် ပိုကြီးမားတဲ့ တိုးတက်မှု လုပ်နိုင်တယ်။ ဒီ စိတ်ကူး တွေ က ဝိရောဓိအချင်းချင်း ဖယ်ရှားတာ မဟုတ်ဘူး။ သူတို့က မိမိတို့ကို ချဲ့ထွင်ပေးတယ်။ သူတို့က မိမိတို့ကို ပို နက်ရှိုင်းတဲ့၊ ပို ကြင်နာတဲ့၊ ပိုပွင့်လင်းတဲ့ လူသား တွေ ဖြစ်လာစေနိုင်တယ်။ ဒါ့အပြင် အကြီးမားဆုံးလို့ ပြောချင်ပြောနိုင်တဲ့ ဝိရောဓိက ပညာပဲ။ မိမိတို့ဟာ ဉာဏ်ပညာကို လမ်းရှည်ကြီး ရဲ့ အဆုံးမှာ ရှိတဲ့ ရတနာ တခုလိုလို မကြာခဏ ရှာဖွေကြတယ်။ ဒါပေမဲ့ ဉာဏ်ပညာက မိမိတို့ အနိုင်ရ၊ အပိုင်သိမ်းရတဲ့ ဆု မဟုတ်ဘူး။ ဒါက မိမိတို့ ခရီးသွားတဲ့ နည်းလမ်းပဲ။ ဝိရောဓိတွေ ကြုံရတိုင်း မသက်မသာ ဖြစ်တာကို အလျင်စလို ဖြေရှင်းဖို့၊ နှစ်ခုတခုရွေးဖို့ လုပ်တာထက် ဝိရောဓိနဲ့ အတူတူနေထိုင်နိုင်တဲ့ နည်းလမ်းပဲ။ ဒါက မသိမှုမောဟရဲ့ အလယ်မှာ ပြုံးတတ်အောင် သင်ယူတဲ့ နည်းလမ်းပဲ။ အဖြေတွေ မဟုတ်ဘဲ မေးခွန်း တွေကို မိမိတို့ နှလုံးသားထဲမှာ ကိုင်ထားတဲ့ နည်းလမ်းပဲ။ ပဋိပက္ခကို မကြောက်မလန့်ဘဲ မိတ်ဆွေဟောင်းတယောက်လို ကြိုဆိုလိုက်ပါ။ ဒါက မိတ်ဆွေကို စိန်ခေါ်လိမ့်မယ်။ ဒါက မိတ်ဆွေကို အံ့အားသင့်စေလိမ့်မယ်။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ဒါက မိမိ ရှာဖွေနေတယ်လို့ ထင်ခဲ့တဲ့ ဘယ်အရာ တခု ထက်မဆို ပိုပြီး နူးညံ့တဲ့၊ ပို နက်ရှိုင်းတဲ့၊ ပိုထွန်းပတဲ့ ပညာပုံသဏ္ဌာန်တခုကို တွေ့ရှိနိုင်ပါလိမ့်မယ်။ 5/3/2025 0 Comments ကွန်ဖက်ဒရယ်စနစ်ဒီနေ့ နိုင်ငံရေးအခင်းအကျင်းမှာ "ကွန်ဖက်ဒရေးရှင်း" နဲ့ "ဖက်ဒရေးရှင်း" ဆိုတဲ့ အသုံးအနှုန်းတွေကို မကြာခဏ တခုအစား တခုသုံးနေကြတယ်၊ အဲဒီအသုံးအနှုန်းတွေရဲ့ အဓိပ္ပာယ်တွေဟာ နိုင်ငံရေးသီအိုရီအရ အတော်ကွဲပြားနေပါတယ်။ ရိုးရှင်းတဲ့ လေ့လာသူအတွက်၊ ဥရောပသမဂ္ဂ၊ ဆွစ်ဇာလန်၊ အမေရိကန်ပြည်ထောင်စုတို့ဟာ တနည်းနည်းနဲ့ "ကွန်ဖက်ဒရေးရှင်း" လို့ ထင်ရနိုင်ပေမယ့်၊ ပိုပြီးနီးကပ်စွာကြည့်ရင် မူလအဓိပ္ပာယ်အရ ကွန်ဖက်ဒရေးရှင်းရဲ့ သဘာဝဟာ ကျွန်တော်တို့ခေတ်မှာ အတော်ပျောက်ကွယ်သွားပြီ ဖြစ်တယ်။ အမှန်တကယ်မှာ ကွန်ဖက်ဒရေးရှင်းဆိုတာ ဘာလဲ? ပြီးတော့ ဘာကြောင့် အဲဒီအိုင်ဒီယာကို ကျွန်တော်တို့ခေတ်မှာ အဓိပ္ပာယ်ဖွင့်ဖို့ ခက်နေရတာလဲ?
ဒီမေးခွန်းတွေဟာ နည်းပညာဆိုင်ရာ အင်စတီကျူးရှင်းဒီဇိုင်းတွေကို ကျော်လွန်ပါတယ်။ သူတို့က ပိုနက်နဲတဲ့ စိုးရိမ်မှုတွေကို ထိတွေ့ပါတယ် - နိုင်ငံရေးအသိုင်းအဝိုင်းတွေက ဗဟိုအာဏာကို ဘယ်လောက်အာဏာ အပ်နှင်းသင့်သလဲ၊ သူတို့ရဲ့ သရုပ်သဏ္ဌာန်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ထိန်းသိမ်းနိုင်ဖို့ ဘယ်လောက်အတိုင်းအတာ လွတ်လပ်ခွင့် လိုအပ်လဲ? ၎င်းရဲ့ ရှေးရိုးပုံစံမှာ၊ ကွန်ဖက်ဒရေးရှင်းဆိုတာ အချုပ်အခြာအာဏာပိုင် နိုင်ငံရေးအသိုင်းအဝိုင်းတွေ - နိုင်ငံတွေ၊ လူမျိုးတွေ၊ ဒါမှမဟုတ် လူတွေရဲ့ သမေ္မာဖွဲ့စည်းမှုတခု ဖြစ်တယ်၊ သူတို့ဟာ တချို့ဘုံရည်ရွယ်ချက်တွေအတွက် ပူးပေါင်းဆောင်ရွက်ဖို့ ရွေးချယ်ကြတယ်၊ အထူးသဖြင့် လုံခြုံရေး၊ သံတမန်ရေး၊ ဒါမှမဟုတ် စီးပွားရေးဖလှယ်မှုတွေ ဖြစ်တယ်။ ဒါဟာ ဒီဇိုင်းအားဖြင့်၊ ထိခိုက်လွယ်တဲ့ ဟန်ချက်တခု ဖြစ်တယ် - အဖွဲ့ဝင်တိုင်းက သူတို့ရဲ့ ကိုယ်ပိုင်အချုပ်အခြာအာဏာကို နောက်ဆုံး ဆုံးဖြတ်ခွင့် ထိန်းထားတယ်၊ အဲဒီအချိန်မှာပဲ ဗဟိုအဖွဲ့က အတိုင်းအတာနဲ့ အာဏာမှာ တိုက်ရိုက်ကန့်သတ်ချက်ရှိတယ်။ ကွန်ဖက်ဒရယ်ဝါဒရဲ့ အမှတ်အသားတွေကတော့ -
တကယ့်လက်တွေ့မှာတော့၊ ကွန်ဖက်ဒရေးရှင်းတွေဟာ ကြာကြာမခံကြဘူး။ သမိုင်းက မြိတ်ဖွယ်သာ ဥပမာတွေကို ပေးထားတယ်။ ကွန်ဖက်ဒရေးရှင်း သဘောတူညီချက်တွေအောက်မှာ အစောပိုင်း အမေရိကန်ပြည်ထောင်စုဟာ အခွန်ကောက်ဖို့ ဒါမှမဟုတ် ဥပဒေတွေကို သက်ရောက်စေမှုရှိဖို့ စွမ်းရည်မရှိခဲ့ဘူး - ဒါဟာ အလွန်အမင်း ဗဟိုချုပ်ကိုင်မှုလျှော့ချတဲ့ စီမ်းသပ်မှုတခု ဖြစ်ပြီး ဒသမနှစ်အတွင်းမှာ ပိုအားကောင်းတဲ့ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေကို နေရာယူခဲ့တယ်။ ၁၉ ရာစုကျော် ဂျာမန်ကွန်ဖက်ဒရေးရှင်းဟာလည်း အလားတူပဲ သက်တမ်းတိုခဲ့တယ်၊ နောက်ဆုံးမှာ တစည်းတလုံးတည်းဖြစ်တဲ့ နိုင်ငံတခုနဲ့ အစားထိုးခံခဲ့ရတယ်။ ဆွစ်ဇာလန်ကွန်ဖက်ဒရေးရှင်းပင်လျှင်၊ သူ့နမည်က တခြားသဘောရှိသော်လည်း၊ ၁၈၄၈ ခုနှစ်မှာ ကွန်ဖက်ဒရယ်မော်ဒယ်ကို စွန့်လွှတ်ခဲ့ပြီး ခိုင်ခံ့တဲ့ ဖက်ဒရယ်ဒီမိုကရေစီတခုအဖြစ် အသွင်ပြောင်းခဲ့တယ်။ ဒီနေ့မှာ၊ ဆွစ်ဇာလန်ဟာ ကမ္ဘာ့အဗဟိုပြုဆုံး ဖက်ဒရေးရှင်းတွေထဲက တခု ဖြစ်နိုင်ပေမယ့်၊ သူဟာ သီအိုရီအရ ကွန်ဖက်ဒရေးရှင်းတခု မဟုတ်တော့ဘူး။ ဒီပုံစံက သင်ခန်းစာပဲ - ကွန်ဖက်ဒရေးရှင်းတွေ ဖြစ်ပေါ်လာတဲ့နေရာမှာ၊ သူတို့ဟာ ဖျက်သိမ်းခံရတယ် ဒါမှမဟုတ် ဖက်ဒရေးရှင်းတွေအဖြစ် ဆင့်ကဲပြောင်းလဲသွားတယ်။ ဘာကြောင့်လဲ? ဘာကြောင့်လဲဆိုတော့ ဘုံလုပ်ဆောင်မှုတွေရဲ့ စိန်ခေါ်မှုတွေ - စစ်ပွဲ၊ ကုန်သွယ်ရေး၊ ဒါမှမဟုတ် လူဝင်လူထွက်ဖြစ်စေ - အလွတ်သဘောအသင်းအဖွဲ့တွေက ပေးရန်ရုန်းကန်နေရတဲ့ စွမ်းရည်တွေ လိုအပ်လို့ပဲ။ ဒါပေမယ့်လည်း၊ မျက်မှောက်ခေတ် ကမ္ဘာလုံးဆိုင်ရာဖြစ်စဉ်တွေ ခေတ်မှာ အထူးသဖြင့် ကွန်ဖက်ဒရယ်အိုင်ဒီယာအတွက် ဆက်လက်တည်ရှိနေတဲ့ ဆန္ဒတခု ရှိနေတယ်။ ဥရောပသမဂ္ဂကို စဉ်းစားကြည့်ပါ။ အဲဒါဟာ နိုင်ငံတခုလည်း မဟုတ်သလို သာမန်မဟာမိတ်လည်း မဟုတ်ဘူး။ အဲဒီမှာ ဘုံငွေကြေး၊ ပါလီမန်၊ တရားရုံး၊ နဲ့ ဗျူရိုကရေစီတို့ ရှိတယ်။ အဲဒါဟာ နယ်စပ်တွေကို ဖြတ်ကျော်ပြီး ဥပဒေပြုတယ်၊ ဒါပေမယ့် အဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံတော်အချုပ်အခြာအာဏာနဲ့ သရုပ်သဏ္ဌာန်တွေကို ဆက်လက်ထိန်းသိမ်းထားတယ်။ ဥရောပသမဂ္ဂဟာ ကွန်ဖက်ဒရေးရှင်းတခုလား? အချို့က သူဟာ ကွန်ဖက်ဒရေးရှင်းတခုဖြစ်တယ်လို့ ငြင်းခုံကြတယ် - ပိုမိုးဒန်နောက်ပိုင်းကွန်ဖက်ဒရယ်ဝါဒရဲ့ ပုံစံအသစ်တခုပေါ့။ အခြားသူတွေကတော့ အဲဒါကို ဖြစ်ပေါ်လာနေတဲ့ ဖက်ဒရယ်အစီအစဉ်တခုအဖြစ် မြင်ကြတယ်။ ဒါပေမယ့် ပိုကောင်းတဲ့အဖြေကတော့ ဥရောပသမဂ္ဂဟာ တတိယအမျိုးအစားတခုကို သရုပ်ဖော်နေတာဖြစ်တယ် - နိုင်ငံနဲ့ မဟာမိတ်အဖွဲ့ကြား မျဉ်းတွေကို ဝါးမွှေးသွားစေတဲ့ နိုင်ငံအထက်လွန်နိုင်ငံရေးအဖွဲ့တခုပေါ့။ အဲဒါဟာ ရှေးဟောင်းမေးခွန်းတခုအတွက် လက်တွေ့ကျတဲ့ အဖြေတခု ဖြစ်ပါတယ် - အသိုင်းအဝိုင်းတွေဟာ သူတို့ကိုယ်သူတို့ အလျော့မပေးဘဲ နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်နိုင်တာ ဘယ်လိုလဲ? ရှုပ်ထွေးမှုဟာ နိုင်ငံရေးအသုံးအနှုန်းတွေက နိုင်ငံရေးလက်တွေ့မှာ လိုက်မမီလို့ ဖြစ်ပေါ်လာတာပါ။ "ကွန်ဖက်ဒရေးရှင်း" ဆိုတာ တခါက သီးခြားဥပဒေဆိုင်ရာ စီစဉ်မှုတခုကို ဆိုလိုခဲ့တယ်။ ဒီနေ့မှာတော့၊ အဲဒါကို မကြာခဏ စံနှုန်းအရ သုံးကြတယ်၊ လျော့ရဲတဲ့ ပေါင်းစည်းမှု၊ အပြန်အလှန်လေးစားမှု၊ နဲ့ ဒေသခံကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို နှစ်သက်ကြောင်း ဖော်ပြဖို့ပေါ့။ ဒီနေ့မှာ ကွန်ဖက်ဒရယ်ဝါဒရဲ့ အပြည်ပြည်ဆိုင်ရာ သဘောတူညီထားတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် မရှိပါဘူး။ ပြီးတော့ ဒါဟာ သင့်တော်မယ်ထင်တယ်။ ဘာလို့လဲဆိုတော့ အဲဒီအသုံးအနှုန်းဟာ ဖော်ပြချက်တခုထက် နိုင်ငံရေးရည်မှန်းချက်တခု - လွှမ်းမိုးမှုမရှိတဲ့ စည်းလုံးမှု၊ ချမှတ်တာထက် မျှဝေထားတဲ့ အာဏာ အမြင်တခု ပိုဖြစ်လာလို့ပါပဲ။ ဒါပေမယ့် ရည်မှန်းချက်တွေဟာ ပုံစံတွေ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးတည်ဆောက်သူတွေက ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေမှာ ကွန်ဖက်ဒရယ်အစီအစဉ်တွေကို အဆိုပြုတဲ့အခါ၊ ဒါမှမဟုတ် ခွဲထွက်ရေးလှုပ်ရှားမှုတွေက လွတ်လပ်ရေးအတွက် တောင်းဆိုချက်တွေကို ပျော့ပျောင်းစေဖို့ အဲဒီအသုံးအနှုန်းကို သုံးတဲ့အခါ၊ သူတို့ ဘာဆိုလိုတယ်ဆိုတာ အမြဲတမ်း ရှင်းလင်းတာမဟုတ်ဘူး။ ရည်မှန်းချက်က ဘုံအုပ်ချုပ်မှုလား? ပြိုင်တူအချုပ်အခြာအာဏာလား? အတင်းအကျပ်မပါဘဲ ညှိနှိုင်းဆောင်ရွက်မှုလား? မိမိတို့ မေးရမှာကတော့ - နိုင်ငံရေးအသိုင်းအဝိုင်းတွေဟာ အင်အားသုံးတာမဟုတ်ဘဲ ရွေးချယ်မှုအားဖြင့် ဘယ်လောက်အတိုင်းအတာအထိ တွဲဖက်ထားနိုင်သလဲ? ပြီးတော့ အပြန်အလှန်မှီခိုရတာ မရှောင်လွှဲနိုင်တဲ့ ကမ္ဘာမှာ စစ်မှန်တဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ဆိုတာ ဘယ်လိုပုံသဏ္ဌာန်နဲ့ တူသလဲ? ဒါမှမဟုတ် နိုင်ငံရေးအစီအစဉ်တခုဟာ ကွန်ဖက်ဒရေးရှင်းတခုဟုတ်မဟုတ် မေးတာကို ရပ်လိုက်ပြီး ကွန်ဖက်ဒရယ်ယုတ္တိကို ဘယ်လောက် ပါဝင်သလဲ စတင်မေးသင့်တယ်။ စက်တရမ်းတခုကို စိတ်ကူးကြည့်ပါ -
အာဏာရှင်ဗဟိုဝါဒနဲ့ ခွဲထွက်ရေးဝါဒဖြစ်တဲ့ အစိတ်စိတ်အမွှာမွှာဖြစ်ခြင်းတွေက ဘုံကောင်းကျိုးကို ခြိမ်းခြောက်နေတဲ့ အချိန်မှာ၊ ကွန်ဖက်ဒရယ်ဝါဒရဲ့ စိတ်ဓာတ် - သူ့ရဲ့ နှိမ့်ချမှု၊ အပြန်အလှန်အသိအမှတ်ပြုမှုကို ကတိကဝတ်ပြုမှုတို့ဟာ သူ့ရဲ့ အင်စတီကျူးရှင်းပုံစံထက် ပိုမိုတန်ဖိုးရှိနိုင်ပါတယ်။ "ဖက်ဒရယ်စနစ်" လို့ ပြောတဲ့အခါ ဘာကို ဆိုလိုတာလဲ? အဲဒါဟာ ရှင်းလင်းစွာ သတ်မှတ်ထားတဲ့ နိုင်ငံရေးဖွဲ့စည်းပုံတခုလား၊ ဒါမှမဟုတ် မတူကွဲပြားတဲ့ လူ့အဖွဲ့အစည်းတွေကြားက အမျိုးမျိုးသော မျှော်လင့်ချက်တွေနဲ့ ကြောက်ရွံ့မှုတွေကို ထင်ဟပ်ပြီး အဓိပ္ပာယ်ပေါင်းများစွာ ဆောင်တဲ့ သဘောတရားတခုလား? "ဖက်ဒရယ်စနစ်" ဆိုတဲ့ စကားလုံးဟာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဆွေးနွေးမှုတွေ၊ ငြိမ်းချမ်းရေးညှိနှိုင်းမှုတွေနဲ့ မတူကွဲပြားမှုကို စီမံခန့်ခွဲခြင်းအကြောင်း ဆွေးနွေးမှုတွေထဲမှာ ပဲ့တင်ထပ်နေပေမယ့်၊ အခင်းအကျင်းနဲ့ ကိုယ်စီရည်မှန်းချက်တွေပေါ် မူတည်ပြီး အဲဒီရဲ့ ဖွင့်ဆိုမှုတွေက ရွေ့လျားနေတာပါ။
ခေတ်သစ်နိုင်ငံရေးအခင်းအကျင်းမှာ ဖက်ဒရယ်စနစ်ကို နားလည်ခဲ့ကြပြီး အသုံးချခဲ့ကြတဲ့ အမျိုးမျိုးသော နည်းလမ်းတွေကို ခဏတာ စဉ်းစားကြည့်ပါ။ အချို့အတွက်၊ ဖက်ဒရယ်စနစ်ရဲ့ အနှစ်သာရဟာ အစိုးရအဆင့်မတူတဲ့အလွှာတွေကြား အာဏာခွဲဝေမှုမှာ တည်ရှိတယ်။ ဒါဟာ ဗဟိုအစိုးရ ဒါမှမဟုတ် ဖက်ဒရယ်အစိုးရနဲ့ ဒေသအလိုက်ယူနစ်တွေကြား အာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခွဲခြားထားမှုအပေါ် အလေးပေးတဲ့ ရှေးရိုးအင်စတီကျူးရှင်းဆိုင်ရာ အမြင်ဖြစ်တယ်။ ဥပမာ ပြည်နယ်တွေ၊ စီရင်စုတွေ၊ ဒါမှမဟုတ် ဒေသတွေရှိသမျှပေါ့။ အမေရိကန်ပြည်ထောင်စုက ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝါရှင်တန်ဒီစီနဲ့ တစ်ဖက်က တစ်ခုချင်းပြည်နယ်တွေအတွက် အာဏာတွေကို ရှင်းလင်းစွာသတ်မှတ်ထားပြီး ဖက်ဒရယ်စနစ်လက်စွဲစာအုပ်ဥပမာတခုအဖြစ် အသုံးဝင်နေတယ်။ အလားတူပဲ၊ ဂျာမနီရဲ့ လန်ဒါတွေဟာ ပညာရေး၊ ရဲလုပ်ငန်း၊ နဲ့ ယဉ်ကျေးမှုလိုနေရာတွေမှာ အရေးပါတဲ့ အာဏာကို ထိန်းသိမ်းထားတယ်။ ဖက်ဒရယ်စနစ်ရဲ့ ဒီနားလည်မှုဟာ အခြေခံအားဖြင့် ဥပဒေရေးရာနဲ့ အင်စတီကျူးရှင်းဆိုင်ရာ အာမခံချက်တွေနဲ့ ဆိုင်တယ်။ အစိုးရကြီးရဲ့ တဖက်သတ်အဆင့်က တခြားသူတွေကို တဖက်သတ်လွှမ်းမိုးနိုင်တာမျိုး မရှိစေနိုင်ဖို့၊ ခွဲစိတ်ဝေမျှထားတဲ့ အချုပ်အခြာအာဏာမှာ အမြစ်တွယ်ထားတဲ့ စစ်ဆေးမှုနဲ့ ချိန်ညှိမှုစနစ်တခု ဖန်တီးဖို့ဖြစ်တယ်။ ဒါပေမယ့်၊ အလွန်ကွဲပြားတဲ့ လူ့အဖွဲ့အစည်းတွေမှာ၊ ဖက်ဒရယ်စနစ်ဟာ နောက်ထပ်အရေးကြီးတဲ့ အဓိပ္ပာယ်တခုကို ရရှိလာတယ်။ စုံလင်ကွဲပြားမှုကို ကာကွယ်ထိန်းသိမ်းခြင်းပေါ့။ ဒီနေရာမှာ၊ နိုင်ငံရေးဖွဲ့စည်းပုံဟာ တခုတည်းသော နိုင်ငံရေးစနစ်အတွင်း လူမျိုးရေး၊ ဘာသာစကား၊ ဒါမှမဟုတ် ယဉ်ကျေးမှုကွဲပြားမှုတွေကို စီမံခန့်ခွဲဖို့ အရေးပါတဲ့ ကိရိယာတခုအဖြစ် မြင်တယ်။ ဥပမာ၊ အိန္ဒိယဟာ သူ့ရဲ့ ကျယ်ပြန့်တဲ့ ဘာသာစကားနဲ့ ယဉ်ကျေးမှုတွေကို ထည့်သွင်းစဉ်းစားဖို့ ပြည်နယ်တွေကို အများအားဖြင့် ဘာသာစကားလိုင်းတွေအတိုင်း ဖွဲ့စည်းထားတယ်။ ဘယ်လ်ဂျီယံလည်း သူ့ရဲ့ သီးခြားဘာသာစကားအုပ်စုတွေကို ထင်ဟပ်စေဖို့ ဒေသတွေနဲ့ အသိုင်းအဝိုင်းတွေအဖြစ် ဘာသာစကားအခြေခံပြီး ဖွဲ့စည်းထားတယ်။ ဘယ်လ်ဂျီယံအတွက်တော့ ဒတ်ချ်၊ ပြင်သစ် နဲ့ ဂျာမန်စကားပြောသူတွေလိုပေါ့။ ဒီရှုထောင့်မှာ၊ ဖက်ဒရယ်စနစ်ဟာ သာမညတော်ရုံ အာဏာခွဲဝေမှုအကြောင်းထပ်ပိုသွားပါတယ်။ အတူတကွယှဉ်တွဲနေထိုင်မှုရဲ့ လက်တွေ့လုပ်ငန်းအကြောင်း ပိုဖြစ်တယ်။ ကြီးမားတဲ့ ပြည်ထောင်စုအတွင်း သူတို့ရဲ့ ထူးခြားတဲ့ သရုပ်သဏ္ဌာန်တွေကို ထိန်းသိမ်းဖို့ အုပ်စုမတူတဲ့သူတွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် တစုံတရာတိုင်းတာ ပေးခြင်းဖြစ်တယ်။ တတိယအမြင်တခုကတော့ ဖက်ဒရယ်စနစ်ကို အာဏာရှင်ဆန်မှုဆန့်ကျင်ရေး အကာအကွယ်အဖြစ် မြင်တယ်။ ဒီနားလည်မှုဟာ နိုင်ငံရေးလွတ်လပ်ခွင့်အတွက် စိုးရိမ်မှုအပေါ် အမြစ်တွယ်နေပြီး ဗဟိုချုပ်ကိုင်မှုလျော့ချခြင်းကို ဗဟိုချုပ်ကိုင်ထားတဲ့ အာဏာက ဖိစီးချုပ်ချယ်မှု ဒါမှမဟုတ် ဖိနှိပ်မှုပုံစံဖြစ်လာနိုင်တဲ့ အလားအလာကို စစ်ဆေးဖို့ နည်းလမ်းတခုအဖြစ် မြင်တယ်။ အားကောင်းတဲ့ ကန်တွန်လွတ်လပ်ရေးရှိတဲ့ ဆွစ်ဇာလန်ဟာ ဒီအမြင်ကို သရုပ်ဖော်ပြတယ်။ ဒေသခံကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို နိုင်ငံတော်ကနေ အလွန်အကျွံထိန်းကွပ် သက်ရောက်စေမှုဖြစ်နိုင်တာကို မဖြစ်အောင် ဖက်ဒရယ်ကို ကာကွယ်ရေးအဖြစ် တန်ဖိုးထားတယ်။ နိုင်ဂျီးရီးယား ဖက်ဒရယ်ဖွဲ့စည်းပုံမှာ သီအိုရီအရ ရည်ရွယ်ချက်ကတော့ ယေဘုယျအားဖြင့် အာဏာကို လူ့အသိုင်းအဝိုင်းများစွာတို့တွင် ဖြန့်ဝေခြင်းဖြင့် တမျိုးက တခြားမျိုးပေါ် လွှမ်းမိုးမှုကို တားဆီးဖို့ ဖြစ်တယ်။ ဒီချဉ်းကပ်နည်းက ဖက်ဒရယ်စနစ်ကို လွတ်လပ်မှုအတွက် အကာအကွယ်အဖြစ် မီးမောင်းထိုးပြပြီး၊ အာဏာရဲ့ အန္တရာယ်ရှိတဲ့ စုစည်းမှုကို တားဆီးဖို့ အာဏာကို ဖြန့်ကျက်ထားဖို့ ကြိုးစားတယ်။ ဖယ်ကြဉ်ခံရတဲ့ ဒါမှမဟုတ် ဖိနှိပ်ခံအုပ်စုတွေအတွက်၊ အထူးသဖြင့် ကိုလိုနီလွန်ခေတ် ဒါမှမဟုတ် ပဋိပက္ခသက်ရောက်ခံရတဲ့ ဒေသတွေမှာ၊ ဖက်ဒရယ်စနစ်ဟာ နိုင်ငံရေးကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ကိုယ်စားပြုနိုင်တယ်။ ဒီနေရာမှာ၊ အဲဒါဟာ အုပ်ချုပ်ရေးဖွဲ့စည်းပုံသက်သက်မဟုတ်ဘဲ အသိုင်းအဝိုင်းတွေက သူတို့ရဲ့ ကိုယ်ပိုင်ကိစ္စရပ်တွေကို ထိန်းချုပ်ဖို့နဲ့ သူတို့ရဲ့ နိုင်ငံရေးဂုဏ်သိက္ခာကို ပြန်လည်ရယူဖို့ မျှော်လင့်နေတဲ့ မူဘောင်တခု ဖြစ်တယ်။ အီသီယိုးပီးယားရဲ့ လူမျိုးရေးဖက်ဒရယ်စနစ်ဟာ၊ (အနည်းဆုံး သီအိုရီအရတော့) လူမျိုးစုတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အသိအမှတ်ပြု ဖော်ပြမှတ်တမ်းတင်ထားပေမယ့်၊ လက်တွေ့အကောင်အထည်ဖော်မှုဟာ ဆန့်ကျင်ဘက်အနေနဲ့ တခါတလေမှာ အခြေအနေအသစ်တွေကို ဖြစ်ပေါ်စေခဲ့တာလည်းရှိတယ်။ မြန်မာနိုင်ငံက ဌာနေလူမျိုးအများအပြားဟာ ဗမာလူမျိုးကြီးစိုးတဲ့ ဗဟိုနိုင်ငံတော်ကနေ ကျွန်မှုလွတ်မြောက်ရေးလမ်းကြောင်းအဖြစ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိဖို့ ဖက်ဒရယ်စနစ်ကို ကြာရှည်စွာ တောင်းဆိုခဲ့ကြတယ်။ ဒါဟာ လွတ်မြောက်ရေးစီမံကိန်းအဖြစ် ဖက်ဒရယ်စနစ်ကို ရှုမြင်မှုလည်းဖြစ်တယ်။ ရှင်သန်ရေးနဲ့ မိမိတို့ အုပ်စုရဲ့ စုပေါင်းသရုပ်သဏ္ဌာန်ထိန်းချုပ်မှု မြှင့်တင်ရေးအတွက် နည်းလမ်းတခုပေါ့။ သူ့ရဲ့ ဖွဲ့စည်းပုံဆိုင်ရာ ဒါမှမဟုတ် အကာအကွယ်ပေးရေးအခန်းကဏ္ဍတွေကို ကျော်လွန်ပြီး၊ အချို့က ဖက်ဒရယ်စနစ်ကိုယ်တိုင်သည် အသက်ဝင်စွာနဲ့ ဒီမိုကရေစီစမ်းသပ်မှုတခုအဖြစ် မြင်ကြတယ်။ ဒီအမြင်မှာ၊ ဖက်ဒရယ်စနစ်ဟာ ကြားနေပုံစံတခု မဟုတ်ဘဲ ဒေသဆိုင်ရာယူနစ်တွေက အိုင်ဒီယာအသစ်တွေ၊ မူဝါဒတွေ၊ နဲ့ အုပ်ချုပ်ရေးပုံစံတွေကို စမ်းသပ်နိုင်တဲ့ အသက်ဝင်နေတဲ့ နိုင်ငံရေးဓာတ်ခွဲခန်းတခု ဖြစ်တယ်။ အခြားသူတွေကို သူတို့ရဲ့ အောင်မြင်မှုနဲ့ ကျရှုံးမှုတွေကနေ သင်ယူခွင့်ပေးတယ်။ သာဓကပြောရရင်၊ ကနေဒါရဲ့ ပြည်နယ်တွေဟာ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာရေးကို ချဉ်းကပ်ပုံမတူတဲ့နည်းတွေ ချမှတ်ဖို့ လွတ်လပ်ခွင့်ရှိတယ်။ စပိန်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အသိုင်းအဝိုင်းတွေဖြစ်တဲ့ ကက်တလိုးနီးယားနဲ့ ဘက်စ်ကာဒေသတွေလိုနေရာတွေမှာလည်း သီးခြားအုပ်ချုပ်ရေးပုံစံတွေကို စမ်းသပ်ကြည့်ကြတယ်။ ဒီအမြင်က ဖက်ဒရယ်စနစ်ရဲ့ ဗဟုဝါဒကို အားပေးမြှင့်တင်နိုင်မှု၊ ဆန်းသစ်တီထွင်မှုကို အားပေးတဲ့စွမ်းရည်၊ နဲ့ နိုင်ငံရေးစနစ်ရဲ့ လိုက်လျောညီထွေဖြစ်အောင်လုပ်မှု မြှင့်တင်နိုင်စွမ်းကို ဆန်းစစ်ဖို့ အလေးပေးတယ်။ အားနည်းတဲ့ ဒါမှမဟုတ် အသွင်ကူးပြောင်းနေတဲ့ နိုင်ငံတွေမှာ၊ ဖက်ဒရယ်စနစ်ဟာ မကြာခဏ အခက်ခဲကြီးကြီးမားမား ကြုံရတတ်တယ်။ ဒါပေမယ့် ဒီအတွက်ကြောင့်လည်း အရေးအကြီးဆုံး အခန်းကဏ္ဍ ဖြစ်လာလေ့ရှိတယ်။ ညှိနှိုင်းထားတဲ့ ငြိမ်းချမ်းရေးနဲ့ ရှုပ်ထွေးနက်နဲတဲ့ ယုံကြည်မှုတွေဟာ ဝေဝါးနေတတ်တယ်။ ပဋိပက္ခကြောင့် အလွန်ကွဲပြားနေတဲ့ လူ့အဖွဲ့အစည်းတွေမှာ၊ ဖက်ဒရယ်စနစ်ဟာ စံပြဖွဲ့စည်းပုံတွေအကြောင်း ဆရာကြီးဝါဒဆန်ဆန် ပြောနေတာထက် ကွဲကွာနေတဲ့ အုပ်စုတွေကြား ယုံကြည်မှုတည်ဆောက်ပြီးထိန်းသိမ်းခြင်းရဲ့ စိတ်ရှည်ဖို့လိုတဲ့ လုပ်ငန်းစဉ်ဖြစ်ဖို့ပိုများတယ်။ ဘော့စနီးယားနဲ့ ဟာဇီဂိုဗီနာရဲ့ စစ်လွန်ကာလရှုပ်ထွေးတဲ့ ဖက်ဒရယ်စနစ်ဟာ ထင်ရှားတဲ့ဥပမာတခု ဖြစ်ပြီး သူ့ရဲ့ လူမျိုးရေးအုပ်စုတွေကြား ငြိမ်းချမ်းရေးထိန်းသိမ်းဖို့ အတိအလင်း ဒီဇိုင်းဆွဲထားတာ ဖြစ်တယ်။ အီရတ်မှာလည်း၊ ကာ့ဒ်ဒေသဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဟာ နှစ်ပေါင်းများစွာ ဗဟိုကြီးစိုးမှုနဲ့ ပဋိပက္ခတွေနောက်ပိုင်း ဖန်တီးထားတဲ့ အာဏာခွဲဝေရေး သဘောတူညီချက်ရဲ့ အဓိကအစိတ်အပိုင်းတခု ဖြစ်တယ်။ ဒီအခြေအနေတွေမှာ၊ ဖက်ဒရယ်စနစ်ဟာ အခြေခံအားဖြင့် ငြိမ်းချမ်းရေးတည်ဆောက်မှုအတွက် ကိရိယာတခု ဖြစ်တယ်။ ကွဲအက်နေတဲ့ လူ့အဖွဲ့အစည်းကို အတူတကွထိန်းထားဖို့ မူဘောင်တခုပေါ့။ ဒါပေမယ့် အလွန်ဆိုးရွားတဲ့အခြေအနေ ထိန်းမနိုင်သိမ်းမရဖြစ်လာမှ အမျိုးသားနိုင်ငံအိပ်မက်ကနေ ဖက်ဒရယ်လမ်းပေါ်ပြောင်းလာတဲ့ အစိုးရနဲ့ နိုင်ငံတွေဟာ အလုပ်မဖြစ်တာလည်း များတတ်တယ်။ ဘာလို့လည်းဆို ဆေးကုဖို့အချိန်လွန်မှ ဆေးရုံရောက်သလိုပါပဲ။ နောက်ဆုံးအနေနဲ့၊ ဖက်ဒရယ်စနစ်ကို သဘောတူညီမှုတခု ဒါမှမဟုတ် အလုပ်ခွဲဝေမှုတခုအဖြစ် ရိုးရိုးမြင်တာထက် ကွဲပြားခြားနားမှုတွေကြားကနေ စည်းလုံးညီညွတ်မှုကို ပဓာနထားတဲ့ ကိုယ်ကျင့်တရားဆိုင်ရာ မျှော်မှန်းချက်တခုအဖြစ်ရှုမြင်တဲ့ ရည်မှန်းချက်ဝါဒီရှုထောင့်လည်း ရှိပါတယ်။ ဒီရှုထောင့်အရ ဖက်ဒရယ်စနစ်ဟာ အတင်းအကျပ်ညီညွတ်စေတာမဟုတ်ဘဲ အပြန်အလှန်မှီခိုနေရတာကို အသိအမှတ်ပြုတာအားဖြင့် စည်းလုံးညီညွတ်မှု ဖန်တီးတဲ့နည်းလမ်းတခုဖြစ်ပြီး၊ ဒေသန္တရသရုပ်သဏ္ဌာန်တွေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို နက်နက်ရှိုင်းရှိုင်း လေးစားတာ ဖြစ်တယ်။ ဥရောပသမဂ္ဂဟာ ဖယ်ဒရေးရှင်းအပြည့်မဟုတ်သော်လည်း၊ ဒီစံနမူနာရဲ့ အစိတ်အပိုင်းတွေကို သရုပ်ဖော်ထားပြီး၊ ကွဲပြားတဲ့ နိုင်ငံတွေကြားမှာ အချုပ်အခြာအာဏာ ပေါင်းစုခြင်းနဲ့ စုပေါင်းငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးဆိုင်ရာ ကတိကဝတ်ကို ကိုယ်စားပြုတယ်။ ဒါဟာ ဖက်ဒရယ်စနစ်ကို နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စီမံကိန်းတခုအဖြစ် ဆွေးနွေးချက်တွေ ရှိနေတယ်။ အချင်းချင်း အပြန်အလှန်ဆက်စပ်နေတဲ့ ကမ္ဘာမှာ မတူညီတဲ့ ဘဝနေထိုင်မှုပုံစံတွေကို လေးစားရင်း အတူတကွ အလုပ်လုပ်ဖို့ လိုအပ်တယ်ဆိုတာ အသိအမှတ်ပြုတာလည်းဖြစ်တယ်။ ကြည့်ပါ။ အစိုးရအဆင့်ဆင့်ရှိတဲ့ စနစ်တခုဆိုတဲ့ သာမညနားလည်မှုထက်ကျော်လွန်ပြီး၊ ဘာကြောင့် ဖက်ဒရယ်စနစ်ဟာ လူအမျိုးမျိုးအတွက် အဓိပ္ပာယ်အမျိုးမျိုးရှိနေရတာလဲ၊ ဘာကြောင့်လဲဆိုတော့ သူဟာ တခုတည်းသော၊ သတ်မှတ်ထားတဲ့ သဘောတရားမဟုတ်ဘဲ မတူညီတဲ့ ရည်မှန်းချက်တွေကို သရုပ်ဖော်နိုင်တဲ့ နိုင်ငံရေးပုံစံတခု ဖြစ်လို့ပါ။ အချို့အတွက်၊ သူဟာ ဖြန့်ကြက်ထားတဲ့ အာဏာအားဖြင့် လွှမ်းမိုးမှုမှ လွတ်လပ်ခွင့်အကြောင်း ဖြစ်တယ်။ တခြားသူတွေအတွက်၊ သူဟာ တန်ဖိုးထားတဲ့ သရုပ်သဏ္ဌာန်တွေနဲ့ ဘဝနေထိုင်မှုပုံစံတွေကို ကာကွယ်ခြင်းအကြောင်း ဖြစ်တယ်။ အချို့အတွက်တော့၊ သူဟာ ရှုပ်ထွေးတဲ့၊ ကွဲပြားတဲ့ လူ့အဖွဲ့အစည်းတွေကို အုပ်ချုပ်ဖို့ လက်တွေ့ကျတဲ့နည်းလမ်း ဖြစ်ပါတယ်။ တခြားသူတွေအတွက်၊ အဲဒါဟာ ကွဲပြားခြားနားမှုကို အသိအမှတ်ပြုရင်း ဘုံရည်ရွယ်ချက်အတွက် ရုန်းကန်ကြိုးပမ်းတဲ့ အတူတကွ နေထိုင်ဖို့ရာ စံနမူနာတခု ဖြစ်တယ်။ သင့်ရဲ့ ထိုးထွင်းသိမြင်မှုဟာ နက်နက်ရှိုင်းရှိုင်း အမှန်တရားတခုကို ဖော်ပြတယ်။ ဖက်ဒရယ်စနစ်ဆိုတာ တစုံတဦးက သတ်မှတ်ချက်ပေးတဲ့ တစုံတခုမဟုတ်ဘူး။ အဲဒါဟာ ရှုထောင့်စုံချဉ်းကပ်နိုင်တဲ့သဘာဝတွေနဲ့ နိုင်ငံရေးဝေါဟာရ၊ နိုင်ငံရေးဘာသာစကားတခုဖြစ်ပြီး လူ့အဖွဲ့အစည်းတိုင်းမှာ မတူညီတဲ့ပုံစံတွေနဲ့ ပြောဆိုကြတယ်။ သူ့ရဲ့ထူးခြားတဲ့ ကြောက်ရွံ့မှုတွေ၊ သမိုင်းနဲ့ချီတဲ့ အိပ်မက်တွေ၊ နဲ့ ရှုပ်ထွေးတဲ့ သမိုင်းကြောင်းတွေနဲ့ ပုံဖော်ထားတာဖြစ်တယ်။ ဖက်ဒရယ်စနစ်ကို နားလည်ဖို့ဆိုတာ သူ့ရဲ့ အင်စတီကျူးရှင်းဆိုင်ရာ ယန္တရားတွေကို အပေါ်ယံ ဘယ်လိုဖွဲ့စည်းမလဲဆိုတာ သိတာထက်ပိုပါတယ်။ သူဟာ သီးခြားအချိန်နဲ့ နေရာမှာ ဖော်ဆောင်မယ့် တန်ဖိုးတွေနဲ့ ရည်ရွယ်ချက်တွေကို ခွဲခြားသိမြင်ဖို့ လိုအပ်ပါတယ်။ 5/2/2025 0 Comments စည်းလုံးညီညွတ်ရေးရဲ့ ပြဿနာ(ဒီစာဟာ ဗမာဇာတ်သွင်းခြင်းကို ပြန်လည်နားလည်ခြင်းနဲ့ တွဲဖတ်ဖို့ပါ) မြန်မာ့နိုင်ငံရေး သမိုင်းမှာ လည်ပတ်နေတဲ့ ပါဝါ၊ ပုန်ကန်မှု၊ ပုန်ကန်မှုကို တန်ပြန်နှိမ်နင်းမှုနဲ့ ပျက်ပြယ်လွယ်တဲ့ မျှော်လင့်ချက်ဆိုတဲ့ သံသရာလည်နေခဲ့တယ်။ အပေါ်ယံကြည့်ရင် ဒီသံသရာဟာ အယူဝါဒဆိုင်ရာ ပြိုင်ဆိုင်မှုတစ်ခု (လက်ဝဲ-လက်ယာ၊ ကွန်မြူနစ်-ဆိုရှယ်လစ်၊ အာဏာရှင်စနစ်-ဒီမိုကရေစီ) ကို ကာလအသီးသီးမှာ ရောင်ပြန်ဟပ်နေသလို ထင်ရတယ်။ ဒါပေမဲ့ ဒီလိုဆန့်ကျင်ဘက် အခြေအနေတွေရဲ့ အောက်ခံမှာ ပိုပြီးတော့ ခိုင်မာတဲ့၊ ထုတ်မပြောတဲ့ အဖြစ်မှန်တစ်ခု ရှိနေတယ်။ အဲဒါကတော့ ဗမာဝိသေသလက္ခဏာဆောင် နိုင်ငံတော်နဲ့ ဗမာဖြစ်သွားတဲ့သူတွေရဲ့ နိုင်ငံရေးအထက်တန်းလွှာစီးမြောမှုကို ဆက်ခံတဲ့ အုပ်စုအသီးသီးက နိုင်ငံရဲ့ တိုင်းရင်းသားမျိုးနွယ်စုပေါင်းများစွာကို အစဉ်တစိုက် ဖယ်ရှားထားခြင်းပဲ ဖြစ်တယ်လို့ ပြောရမယ်။ လွတ်လပ်ရေးရစ ကတည်းက မြန်မာ့နိုင်ငံရေးဟာ နိုင်ငံတော်ကို အုပ်ချုပ်မှုကြောင့်သာမက နိုင်ငံတော်ကို လက်ဝါးကြီးအုပ်မှုကြောင့်လည်း ပုံဖော်ခံခဲ့ရတယ်။ နာမည်တွေနဲ့ ဆောင်ပုဒ်တွေကတော့ ပြောင်းလဲသွားတယ်။ ဖဆပလ-ကွန်မြူနစ် မဆလ - ဗကပ နဝတ-NCGUB NLD-USDP စကစ - NUG စသဖြင့်ပေါ့။ ဒါပေမဲ့ ကွဲနေတဲ့ပုံစံကတော့ အတူတူပဲ။ အုပ်စုတစ်ခုချင်းစီဟာ တရားဝင်မှုနဲ့ ထိန်းချုပ်မှုကို ရဖို့အတွက် ကြိုးပမ်းရင်း နိုင်ငံရဲ့ နယ်စပ်ဒေသတွေက မဟာမိတ်တွေကို စုစည်းဖို့ ကြိုးစားတယ်။ ကိုယ်ပါဝါရလာရင် ကိုယ့်ဖွဲ့စည်းမှုဟာ ဗဟိုဦးဆောင်မှုဖြစ်တယ်လို့ပြောကြပါတယ်။ ဖက်ဒရယ်စနစ်၊ ဖွံ့ဖြိုးတိုးတက်ရေး ဒါမှမဟုတ် တရားမျှတရေးဆိုတဲ့ ကတိတွေနဲ့ တိုင်းရင်းသားအဖွဲ့တွေကို ဆွဲဆောင်တယ်။ ဒါပေမဲ့ ဒါတွေဟာ ကတိတွေ မဟုတ်ဘူးဗျ။ အရောင်းအဝယ်တွေပဲ။ မြန်မာ့နိုင်ငံရေး စီးပွားရေးမှာ ဖြစ်ပေါ်နေတဲ့ အရောင်းအဝယ်အများစုလိုပဲ၊ သူတို့ဟာ ဗဟိုရဲ့ အကျိုးစီးပွားကိုသာ အထောက်အကူပြုတယ်။ ရှင်းရှင်းလင်းလင်း ပြောရရင် ဒါက သစ္စာဖောက်မှုတွေနဲ့ဆိုင်တဲ့ ဇာတ်လမ်းသက်သက် မဟုတ်ပါဘူး။ ဒီဇိုင်းဆွဲထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။ ဗဟိုအစိုးရဟာ စစ်ဖိနပ်၊ ဝတ်စုံ ဒါမှမဟုတ် သင်္ဃန်းဝတ်ထားသည်ဖြစ်စေ၊ အရင်းအမြစ်ထုတ်ယူမှုနဲ့ ယဉ်ကျေးမှု ပေါင်းစည်းရေးဆိုင်ရာ ယုတ္တိဗေဒကို အမြဲတမ်း အားကိုးခဲ့တယ်။ တိုင်းရင်းသားလူမျိုးတွေကို အုပ်ချုပ်တာသက်သက် မဟုတ်ဘူး။ အရင်းအနှီးတူးဖော်တာလည်း ပါတယ်။ ကျောက်စိမ်းနဲ့ သစ်တွေအတွက် သက်သက်မဟုတ်ဘဲ ဒီထက်ပိုတဲ့ ကိုယ်ကျင့်တရားဆိုင်ရာ အရင်းအနှီး၊ ထောက်ခံမှုအရင်းအနှီး၊ နယ်မြေဆိုင်ရာ တရားဝင်မှုနဲ့ ဆွေးနွေးမှုဆိုင်ရာ လိုက်နာမှုတွေအတွက်လည်း ဖြစ်တယ်။ နိုင်ငံရေးဗဟိုဌာနအသစ် တစ်ခု (စစ်ကောင်စီဖြစ်စေ၊ အရပ်ဘက်အဖွဲ့အစည်းဖြစ်စေ) ပေါ်ထွက်လာတိုင်း "တစ်နိုင်ငံလုံးအတွက်" ပြောတယ်လို့ အခိုင်အမာဆိုတယ်။ အမြဲတမ်း "လူတိုင်းကို ထည့်သွင်းမယ်" လို့ ကတိပြုတယ်။ ဒါပေမဲ့ ထည့်သွင်းတယ်ဆိုတာက လက်အောက်ခံဖြစ်ခြင်းကို ဆိုလိုတာဖြစ်ပြီး ပါဝင်တယ်ဆိုတာက ဝါးမြိုခံရခြင်းကို ဆိုလိုတာ များတယ်။ ဌာနေတိုင်းရင်းသားလူ့အဖွဲ့အစည်းတွေကို ပေးအပ်တာက အချုပ်အခြာအာဏာကို ဝေမျှတာ မဟုတ်ဘဲ လက်အောက်ခံ အဖြစ် ပေါင်းစည်းခြင်းပဲ ဖြစ်တယ်။ ဗမာဇာတ်သွင်းနိုင်ငံတော် မြန်မာနိုင်ငံရဲ့ "လူမျိုးအားလုံး" က တည်ဆောက်ထားတဲ့ တစ်ခုတည်းသော စည်းလုံးတဲ့ အမျိုးသားနိုင်ငံတော်ဆိုတဲ့ အယူအဆဟာ လွတ်လပ်ရေးကတည်းက စံပြတစ်ခုအဖြစ် ကိုလိုနီအမွေရထားခဲ့တယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ဝါးမြိုခြင်း ယန္တရားတစ်ခုလို ပိုပြီးတော့ လုပ်ဆောင်ခဲ့တယ်။ ဘာသာစကား၊ သမိုင်း၊ ဝတ်စားဆင်ယင်မှုနဲ့ မှတ်ဉာဏ်တွေကို တစ်ခုတည်းသော မြန်မာ့ဇာတ်ကြောင်းထဲမှာ ချောမွေ့အောင် ပုံသွင်းခဲ့တယ်။ ကွဲပြားမှုကို အသိအမှတ်ပြုတယ်။ တစ်ခါတစ်ရံ ဂုဏ်ပြုတယ်၊ ဒါပေမဲ့ အလှဆင်အဖြစ်သာ ရှိနေရင်ပေါ့။ နိုင်ငံရေးအရ မဖြစ်မနေလိုအပ်ရင်တော့ မဟုတ်ဘူး။ ဥပမာအားဖြင့် ရွေးကောက်ပွဲဖွဲ့စည်းပုံကို ကြည့်ပါ။ ပြည်သူလူထုရဲ့ ဆန္ဒကို ထင်ဟပ်စေဖို့ ရည်ရွယ်ပြီး ဒီမိုကရေစီအောင်ပွဲတွေအဖြစ် မကြာခဏ ချီးကျူးခံရတယ်။ ဒါပေမဲ့ နက်ရှိုင်းစွာ ဘုံစရိုက်အမျိုးမျိုးရှိတဲ့ လူ့အဖွဲ့အစည်းတစ်ခုမှာ မဲဆန္ဒပေးခြင်းဟာ အများစုရဲ့ ယုတ္တိဗေဒပေါ်မှာ အခြေခံနေတဲ့အခါ ဒါဟာ ဒီမိုကရေစီ မဟုတ်ဘူးလို့ ငြင်းစရာ ရှိလာတယ်။ မဲဆန္ဒပေးခြင်းကတဆင့် တရားဝင်အောင်လုပ်တဲ့ လွှမ်းမိုးမှုပဲ။ ဒီလိုစနစ်မျိုးမှာ ပင်မနိုင်ငံရေးစီးကြောင်းမှာ ပါဝင်သူ အရေအတွက်အရ အသာစီးရမှုက မဲတိုင်းကို ဗဟိုအုပ်ချုပ်ရေးအပေါ် ပြန်လည်အတည်ပြုခြင်း ဖြစ်စေတယ်။ ခေတ်ကြာလာလေ၊ မျိုးဆက်တွေဟာ ဒီထဲမှာ ပျော်ဝင်သွားလေပဲ။ ဒီလိုနဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တယ်လို့ ဆိုတဲ့ ဒီမိုကရေစီ လှုပ်ရှားမှုတွေတောင် သူ့ရဲ့ ဗဟိုချုပ်ကိုင်မှု ယုတ္တိဗေဒကို မကြာခဏ ပြန်လည်ဆင့်ပွားနေတယ်။ ဌာနေတိုင်းရင်းသားအဖွဲ့အစည်းတွေက ဖက်ဒရယ်စနစ် ဒါမှမဟုတ် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အကြောင်း ပြောတဲ့အခါ အကောင်းဆုံးပြောရရင် ဆူညံသံလို့ ကြားတယ်။ အဆိုးဆုံးပြောရရင် ခြိမ်းခြောက်မှုတွေလို့ ကြားတယ်။ ကိုယ်နဲ့မတည့်တဲ့ဘက်နဲ့ အလှမ်းသင့်လို့ပြော သလိုမေးငေါ့တတ်တယ်။ ဌာနေတိုင်းရင်းသားဆိုတာ တပြေးညီမဟုတ်ဘူး၊ ဗမာနဲ့ တိုင်းရင်းသားဆိုတာကိုက မမှန်တဲ့ Binary ဖြစ်တယ်။ ဒါပေမယ့် ဝါးမြိုခံရမှုမှာတော့ ယေဘုယျနှစ်လွှာဖြစ်သွားတာပဲ။ တစ်ယောက်က သံသယပွားနိုင်တဲ့ပုစ္ဆာရှိတယ်။ နိုင်ငံတော်ဟာ "လူတိုင်း" က ဘယ်တုန်းက တကယ်တည်ဆောက်ခဲ့တာလဲ။ တိုင်းရင်းသားလူမျိုးတွေကို "စီမံခန့်ခွဲရမယ့်" သတွေ၊ "စိတ်ဝင်စားမှု" ဒါမှမဟုတ် ထည့်သွင်းရမယ့် "လူနည်းစု" အဖြစ် မဟုတ်ဘဲ ပူးတွဲတည်ထောင်သူတွေအဖြစ် ဘယ်တုန်းကမှ သဘောထားခဲ့လဲ။ စည်းလုံးသော လွတ်မြောက်ရေးတပ်ပေါင်းစုတွေ ထပ်ခါတလဲလဲ ကျရှုံးတာဟာ အဖွဲ့အစည်းဆိုင်ရာ ကျရှုံးမှုသက်သက် မဟုတ်ဘူး။ စိတ်ကူးစိတ်သန်း ကျရှုံးမှုပဲ။ နိုင်ငံကို အုပ်ချုပ်ဖို့ တစ်ခုတည်းသော ဗဟိုဌာန ရှိရမယ်ဆိုတဲ့ အတွေးကို ဆက်တိုက်ငြင်းဆန်ခြင်းကနေ ဖြစ်ပေါ်လာတယ်။ ပြဿနာက ဒီလိုစိတ်ကနေရာတိုင်းမှာ ရှိနိုင်တာပဲ။ ပြည်နယ်နာမည်ပေါက်အမည်ရသူ လူမျိုးတွေရဲ့ အင်စတီကျူးရှင်းတွေက လူမျိုးငယ်လို့ပြောနေတဲ့ လူမျိုးစုတွေကို လက်အောက်ခံဖို့ ဆွဲခဲ့ကြတာတွေလည်း ရှိတယ်။ သူတို့က နိုင်ငံကြီးဝါဒီတွေအတွက်လည်း အပေါ်ကို လာမပေါင်းတဲ့သူတွေ၊ လူမျိုးငယ်တွေအတွက်လည်း အတင်းဆွဲသွင်းနေတဲ့ လူမျိုးကြီးအသေးစားတွေ ဖြစ်လာပြီး အလယ်မှာ ကန့်လန့်ဖြစ်နေတယ်။ ဒါပေမယ့် ဒါတွေကတော့ အခုလက်ရှိထိ ညှိနှိုင်းရင်း သွာနေကြတာ တွေ့ရပါတယ်။ အုပ်ချုပ်ခံရဖို့ ခွဲခြားခံရခြင်း အချိန်နဲ့အမျှ ဗဟိုအုပ်စုတွေ (စစ်ဘက်ဖြစ်စေ၊ အရပ်ဘက်ဖြစ်စေ) ဟာ ဌာနေတိုင်းရင်းသားအဖွဲ့အစည်းတွေကို သူတို့ရဲ့ သြဇာလွှမ်းမိုးမှုထဲကို သွတ်သွင်းဖို့ မတူညီတဲ့ နည်းဗျူဟာတွေကို အသုံးပြုခဲ့တယ်။ တချို့က ပြည်သူ့တော်လှန်ရေးရဲ့ ဘာသာစကားကို အရင်းပြုတယ်။ တချို့ကတော့ အုပ်ချုပ်ရေးရာထူးတွေ၊ ဖွံ့ဖြိုးရေးစီမံကိန်းတွေ ဒါမှမဟုတ် သင်္ကေတဆိုင်ရာ အမူအရာတွေ ကတိပေးပြီး အဖွဲ့အစည်းတွေကနေတဆင့် မဟာမိတ်ဖွဲ့ကြတယ်။ ဒါပေမဲ့ အားလုံးဟာ အရင်းအမြစ်နဲ့ ဆုံးဖြတ်ချက်ချမှုတွေကို ဗဟိုချုပ်ကိုင်တယ်။ အားလုံးက ပြောင်းလဲမှု ကတိပေးပေမဲ့ ထိန်းချုပ်မှုကိုပဲ ပြန်လည်အတည်ပြုတယ်။ အထက်တန်းလွှာ အုပ်စုတွေကြားက ဒီလွန်ကြိုးဆွဲတမ်းပွဲမှာ ဌာနေတိုင်းရင်းသားလူမျိုးတွေဟာ လက်နက်ကိုင် ပဋိပက္ခရဲ့ အလယ်ဗဟိုမှာသာမက ဇာတ်ကြောင်းတွေရဲ့ အလယ်ဗဟိုမှာလည်း ပိတ်မိနေတယ်။ သူတို့ရဲ့ အနာဂတ်ဟာ စည်းလုံးညီညွတ်မှုပေါ်မှာ မူတည်တယ်၊ "တကယ့်ရန်သူ" ဟာ ဟိုဘက်မှာ ရှိတယ်လို့ အမြဲတမ်း ပြောခံနေရတယ်။ ဒီလို အယူဝါဒဆိုင်ရာ အနေအထားက သဘာဝမဟာမိတ်တွေကို ကွဲပြားစေတယ်၊ ဌာနေတိုင်းရင်းသား မဟာမိတ်အဖွဲ့တွေကို အားနည်းစေပြီး သူတို့ကို ဘယ်တုန်းကမှ အမှန်တကယ် ကိုယ်စားမပြုခဲ့တဲ့ နိုင်ငံတော်ရဲ့ လွှမ်းမိုးမှုအောက်မှာ ထောင်ချောက်ဆင်နေသလို ဖြစ်တယ်။ တရားဝင်မှု ပြဿနာ အနာကျင်ဆုံးဟာသ ဒါပါပဲ။ နှစ်ဖက်စလုံး (စစ်တပ်နဲ့ စစ်တပ်ကို ဆန့်ကျင်သူတွေ) ဟာ တစ်ဖက်နဲ့တစ်ဖက် တရားမဝင်ဘူးလို့ စွပ်စွဲနေကြမယ်။ ဒါပေမဲ့ သူတို့ ပြောဆိုတဲ့ ကိုယ်ကျင့်တရားဆိုင်ရာ တရားဝင်မှုကို ဘယ်သူကမှ အပြည့်အဝ မရရှိသေးဘူး။ စစ်တပ်က မြေပေါ်တရားဝင်မှုရှိဖူးပေမယ့် အခုဆို ဒါတောင်မကျန်သလောက်ပဲ။ သမိုင်းအားလုံးကို ကိုယ်စားပြုပြီး၊ ကိုယ်ပိုင်ဖြစ်တဲ့ နိုင်ငံရေးအမွေအနှစ်တွေကို ဖွံ့ဖြိုစေတဲ့၊ နိုင်ငံတော်ဖွဲ့စည်းမှုလည်းမရှိဘူး။ ဒါက ဆောင်ပုဒ်တွေ၊ သင်္ကေတတွေ ဒါမှမဟုတ် နိုင်ငံတကာ ထောက်ခံမှု မရှိလို့ မဟုတ်ဘူး။ တရားဝင်မှုဟာ အာဏာ ဒါမှမဟုတ် လူကြိုက်များမှုကနေ လာတာ မဟုတ်ဘူး။ တရားမျှတမှုကနေ လာတာပဲ။ ဒါပေမယ့် လူများစု စဉ်းစားတဲ့ တရားမျှတမှုက တရားမျှတမှုမရှိတဲ့ နိုင်ငံကြီးကို ဗဟိုပြုနေရင် ဘယ်လိုလုပ်မလဲ။ ဌာနေလူမျိုးတိုင်းရင်းသားပြည်သူ၊ မတူကွဲပြားတဲ့ဂျန်ဒါတွေနဲ့ မတူညီတဲ့ဘာသာရေးဆည်းကပ်သူတွေကို ဘယ်လိုအနာဂတ်မျိုးကို လိုချင်လဲဆိုတာကို "အဓိပ္ပါယ်ရှိစွာ" မမေးတတ်ခဲ့တဲ့ နိုင်ငံတော်ဟာ သူတို့ကို ကိုယ်စားပြုတယ်လို့ မပြောနိုင်ဘူး။ ဌာနေတိုင်းရင်းသားနိုင်ငံရေး တောင်းဆိုချက်တွေနဲ့ သူတို့ရဲ့ "နိုင်ငံရေးအမွေအနှစ်တွေ" ကို နက်နက်နဲနဲ မပေါင်းစပ်တဲ့ ဒီမိုကရေစီလှုပ်ရှားမှုတစ်ခုဟာ သူ့ကိုယ်သူ တကယ်ပဲ ဒီမိုကရေစီလို့ မခေါ်နိုင်ဘူး။ အာဏာကို ဝေမျှရေး မပါဘဲ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ခုဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မဟုတ်ဘူးဗျ။ ဒါဟာ ဖျော်ဖြေပွဲတစ်ခုပဲ။ ဌာနေလူမျိုး နိုင်ငံရေးအမွေအနှစ်ကို နှိမ့်ချဝါးမြိုတာ ကိုလိုနီစနစ်မဟုတ်လား။ တကယ့် အကျပ်အတည်းက အာဏာကို ယှဉ်ပြိုင်နေတာတင် မဟုတ်ဘူး။ နိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံအခြေခံကကို ဖျက်ဆီးမှုပေါ်မှာ တည်ဆောက်ထားတာပဲ။ ဘိုးဘွားစဉ်ဆက်တွေသမိုင်းကို ဖျက်ဆီးတာ။ ဘာသာစကားကို ဖျက်ဆီးတာ။ မှတ်ဉာဏ်တွေကို ဖျက်ဆီးတာ။ ကိုလိုနီတွေပေးခဲ့တဲ့ အမျိုးသားနိုင်ငံမတိုင်ခင်က လည်ပတ်ခဲ့တဲ့အခြေအနေစနစ်တွေကို ဖျက်ဆီးတာ။ တက်ကြွတဲ့ အကြမ်းဖက်မှုနဲ့တင် မဟုတ်ဘဲ သိမ်မွေ့တဲ့ အတင်းအကြပ်ဖိအားပေးမှုနဲ့ ဖျက်ဆီးတာ။ အဲဒီမှာ "စည်းလုံးညီညွတ်မှု" ကို စင်တင်နေပေမဲ့ တဘက်မှာ ကွဲပြားခြားနားမှုကို တိတ်တဆိတ် ဖယ်ရှားပစ်တာပဲ။ နိုင်ငံတော်ကို ပြန်လည်စိတ်ကူးပုံဖော်ခြင်း နိုင်ငံတော်ဟာ ကွဲပြားမှုကို ထိန်းချုပ်တဲ့ စက်တစ်ခု မဟုတ်ဘဲ ကွဲပြားမှုကို ရှင်သန်စေတဲ့ ဖွဲ့စည်းပုံတစ်ခု ဖြစ်နေရင်ကော။ မြန်မာနိုင်ငံဟာ "တစ်မျိုးသားလုံး" မဟုတ်ဘဲ နိုင်ငံရေးအမွေအနှစ် မတူတဲ့ လူထုပေါင်းများစွာ ရှိတယ်ဆိုတဲ့ အဆိုနဲ့ စတင်မယ်ဆိုရင်ကော။ လူမျိုးတိုင်းဟာ ကိုယ့်အနာဂတ်ကို ကိုယ်တိုင် ပုံဖော်ပိုင်ခွင့်ရှိတယ်၊ နိုင်ငံရေးနယ်ပယ်ထဲကို ကြောက်ရွံ့မှု ဒါမှမဟုတ် လိုအပ်ချက်ကြောင့် မဟုတ်ဘဲ သဘောတူညီမှုနဲ့ ဝင်ရောက်ခွင့်ရှိတယ်ဆိုရင်ကော။ ဒီလိုလုပ်ဖို့အတွက် လူတိုင်းကို ပုံစံတစ်ခုတည်းမှာ ဝင်ဆံ့အောင် တောင်းဆိုတာကို ရပ်ရမယ်။ အချုပ်အခြာအာဏာကို တစ်ခုတည်းသော ပါဝါစုစည်းမှုအဖြစ် မဟုတ်ဘဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေရဲ့ ဆက်စပ်ခြယ်မှုန်းတဲ့ ပန်းချီကားတစ်ချပ်အဖြစ် ပြန်လည်စဉ်းစားရမယ်။ ဒါက ကွဲထွက်သွားတာ မဟုတ်ဘူး။ အတူယှဉ်တွဲနေထိုင်ဖို့ တူညီမှု မလိုအပ်ဘူးဆိုတာကို အသိအမှတ်ပြုတာပဲ။ ဒါ့အပြင် လွတ်မြောက်ရေးလမ်းကြောင်းကို ဗဟိုတစ်ခုတည်းက ဦးဆောင်လို့ မရဘူးဆိုတာကိုလည်း အသိအမှတ်ပြုရမယ်။ အစွန်းအစွန်အဖျားတွေက ပူးတွဲရေးသားရမယ်။ တစ်ခါတစ်ရံမှာတော့ အကြာကြီး ဖယ်ရှားခံခဲ့ရတဲ့သူတွေရဲ့ အမွေအနှစ်တွေ၊ အတွေ့အကြုံတွေကနေ ဦးဆောင်ရမယ်။ သူတို့က မြင့်မြတ်စင်ကြယ်လို့ မဟုတ်ဘဲ တရားမျှတမှုက ဘယ်လိုပုံစံဖြစ်မလဲဆိုတာကို သိလောက်အောင် ဒုက္ခခံစားခဲ့ရလို့ပဲ။ ဗဟိုမရှိတဲ့ အနာဂတ်ရှိနိုင်သလား မြန်မာနိုင်ငံရဲ့ ဝမ်းနည်းဖွယ်ရာက အာဏာရှင်စနစ်ကို ကြုံတွေ့ခဲ့ရတာတင် မဟုတ်ဘူး။ သူ့ရဲ့ ခုခံတော်လှန်ရေး လှုပ်ရှားမှုတွေကတောင် တူညီတဲ့ ဖွဲ့စည်းပုံကို မကြာခဏဆိုသလို ပုံတူကူးချနေတာပဲ။ အာဏာတစ်ခုတည်း၊ အစိုးရတစ်ခုတည်း၊ ဇာတ်ကြောင်းတစ်ခုတည်းက အားလုံးကို အုပ်ချုပ်ရမယ်ဆိုတဲ့ အယူအဆကို ခုခတော်လှန်ခြင်းမလုပ်သရွေ့ သမိုင်းက ထပ်ခါတလဲလဲ ဖြစ်နေမှာပဲ။ လူ့အသိုင်းအဝိုင်းအသစ်ရဲ့ အလုပ်က အလံတစ်ခုအောက် ဒါမှမဟုတ် အသံတစ်ခုအောက် စုစည်းဖို့ မဟုတ်ဘူး။ အသံများစွာ ပြောဆိုနိုင်စေမယ့်၊ အမှန်တရားများစွာ အတူယှဉ်တွဲတည်ရှိနိုင်စေမယ့်၊ လူမျိုးများစွာ အတူတကွ ရှင်သန်နိုင်စေမယ့် နိုင်ငံရေးပုံစံတစ်ခုကို ဖန်တီးဖို့မဟုတ်လား။ |
ဆောင်းပါးရှင်ဆန်းစ စာမရီ Archives |