4/25/2025 0 Comments နိုင်ငံရေးမိတ်သဟာယဖြစ်မှုဒီနေ့ခေတ်မှာ နိုင်ငံရေးကို ပြိုင်ပွဲနယ်ပယ် တခုအဖြစ် မြင်လာတာ ကျင့်သား ရနေပြီ။ ပြိုင်ဘက်ဝါဒတွေ အားပြိုင်ကြတယ်၊ အကျိုးစီးပွားတွေ ညှိနှိုင်းကြတယ်၊ ပြီးတော့ အောင်ပွဲတွေကို GDP လို ဂဏန်းတွေနဲ့ တိုင်းတာတာ များတယ်။ နိုင်ငံရေးဟာ ဗျူဟာတွေနဲ့ တွက်ချက်မှုတွေ၊ ဟောပြောမှုတွေနဲ့ ဆောင်ပုဒ်တွေ၊ အာဏာကို အတည်ပြုတာနဲ့ ခုခံတာတွေရဲ့ နေရာတခုလို့ မိမိတို့ ယူဆထားမိတယ်။ ဒါပေမဲ့ ဒီနိုင်ငံရေးလမ်းတလျှောက် အသံမထွက်ပေမယ့် အလွန်အမင်း အခြေခံကျတဲ့ စိတ်ကူးတခုအကြောင်း ပြောဆိုတာကို မိမိတို့ ရပ်လိုက်မိတယ်။ အဲ့ဒါက နိုင်ငံရေးမိတ်သဟာယစိတ်ပဲ။ နိုင်ငံရေးမိတ်သဟာယဆိုတာ ညစာ အတူစားတာ ဒါမှမဟုတ် သီချင်းခံစားပုံ တူတာတွေကနေ ဖြစ်ပေါ်လာတဲ့ မိတ်ဆွေပုံစံမျိုး မဟုတ်ဘူး။ ပိုရှားပါးတဲ့၊ ပိုရှေးကျတဲ့၊ ပိုနက်ရှိုင်းတဲ့ ပုံစံမျိုး။ မိတ်ဆွေဖွဲ့မှုဟာ ဒီဖွံ့ဖြိုးတဲ့ အဓိပ္ပာယ်အရ ဆိုရင် တဦးနဲ့တဦး ဂရုစိုက်နိုင်စွမ်း ဖြစ်တယ်။ အကျိုးအမြတ်ကိုအမြဲကြည့်ဖို့ မဟုတ်ဘူး။ "မင်း ငါ့အတွက် ဘာလုပ်ပေးနိုင်လဲ" လို့ မမေးဘဲ "ငါတို့ အတူတူ ကောင်းကောင်းမွန်မွန် ဘယ်လို နေထိုင်နိုင်မလဲ" လို့ မေးတဲ့ စိတ်ဗီဇ ဖြစ်တယ်။ ဒါဟာ စာချုပ်တွေ ဒါမှမဟုတ် အဆင်ပြေမှုတွေမှာ အခြေခံတာ မဟုတ်ဘဲ ယုံကြည်မှုနဲ့ တခြားလူရဲ့ ဘဝဟာ (သူကကိုယ်နဲ့ မသိကျွမ်းသေးရင်တောင်၊ ရင်းနှီးမှု မရှိရင်တောင်မှ) အရေးကြီးသေးတယ်ဆိုတဲ့ ယုံကြည်မှုမှာ အခြေခံတယ်။ ဆိုလိုတာက နိုင်ငံရေးအရ တနိုင်ငံတည်း၊ လူထုတခုတည်း၊ တကမ္ဘာတည်း မျှဝေနေကြတာဖြစ်လို့ မိတ်ဆွေစိတ်ကို ဒီကနေဖြစ်တည်ရင် လက်ဖက်ရည် အတူတူသောက်ဖူးစရာကို မလိုဘူး။ အကယ်၍ နိုင်ငံရေးဟာ သူ့ရဲ့ လူသားအဆန်ဆုံး အခြေအနေမှာ ရန်သူတွေကို စီမံခန့်ခွဲတာ မဟုတ်ဘဲ ဒီလိုမျိုး မိတ်ဆွေဖွဲ့မှုကို ပျိုးထောင်တာ ဖြစ်မယ်ဆိုရင် ခင်ဗျားဘာတွေးမိသလဲ။ လူစိမ်းတွေကို ဂရုစိုက်ခြင်းရဲ့ ကျင့်ဝတ်ကို ပြောရအောင်။ နိုင်ငံရေးမိတ်သဟာယဖြစ်မှု ဆိုတဲ့ စကားစုမှာ တိတ်ဆိတ်တဲ့ ကိုယ်ကျင့်တရားဆိုင်ရာ တော်လှန်မှုတခု ပါဝင်တယ်။ ဒါက စိတ်ခံစားမှု ဒါမှမဟုတ် ဘဝထဲက အကြောင်းအရာမျှဝေတာတွေ မလိုအပ်ဘူး။ ဒါက ပိုရိုးရှင်းပေမဲ့ ပိုခက်ခဲတဲ့အရာတခုကို တောင်းဆိုတယ်။ ဘယ်တော့မှ မတွေ့ဖူးသေးတဲ့ လူတွေရဲ့ ကောင်းကျိုးကို မိမိတို့ ချမှတ်တဲ့ ဆုံးဖြတ်ချက်တွေထဲ ထည့်သွင်း ထားဖို့ပဲ။ သူတို့ကို တန်းတူညီမျှနဲ့ ရိုးသားစွာ ဂရုစိုက်မှု စက်ဝိုင်းထဲ ထည့်သွင်းဖို့ဖြစ်တယ်။ အမြတ်အစွန်း၊ ကွဲပြားခြားနားခြင်းနဲ့ စွမ်းဆောင်ရည်တွေက ပုံဖော်နေတဲ့ ကမ္ဘာမှာ ဒါက မလွယ်ဘူး။ အင်စတီကျူးရှင်းတွေက၊ ဈေးကွက်တွေက၊ ကြောက်ရွံ့မှုကပါ ကျွန်တော်တို့ကို တွက်ချက်ဖို့၊ တန်ဖိုးကို တိုင်းတာဖို့၊ တခြားသူတွေကို သူတို့ရဲ့ အသုံးဝင်မှု ဒါမှမဟုတ် မိမိတို့ဘက်နဲ့ ကိုက်ညီမှုအပေါ် အခြေခံပြီး သတ်မှတ်ဖို့ လေ့ကျင့်ပေးထားတယ်။ ဒါပေမဲ့ မိတ်ဆွေဖြစ်မှုဟာ နိုင်ငံရေးနိယာမတခုအနေနဲ့ အာဏာကို ခုခံနိုင်တယ်။ ဒါဟာ ငွေကြေးအမြတ်ရဖို့ ကုန်စည်လဲလှယ်တဲ့ ပုံစံမျိုး မဟုတ်ဘူး။ သဘောမတူတာနဲ့ ပျက်ပြယ်သွားတာ မဟုတ်ဘူး။ တခြားသူတွေအပေါ် ဂရုထားဖို့ တိုက်တွန်းတယ်။ ဒါကလည်း သူတို့က မိမိတို့နဲ့သရုပ်တူလို့ ဒါမှမဟုတ် သဘောတူလို့ မဟုတ်ဘဲ သူတို့က နိုင်ငံရေးမိတ်ဆွေနွေ ဖြစ်နေလို့ပဲ။ မိမိတို့ဟာ တကယ်တမ်း အာဏာအကြောင်း မပြောဘဲ မိတ်ဆွေဖွဲ့မှုအကြောင်း မပြောနိုင်ဘူး။ မိတ်ဆွေဖွဲ့မှုဟာ ဟာလာဟင်းလင်း နေရာမှာ ကြီးထွားလာမှာ မဟုတ်ဘူး။ ဒါဟာ မိမိတို့ သူ့ပတ်ဝန်းကျင် တည်ဆောက်ထားတဲ့ အခြေအနေတွေမှာ ကြီးထွား ဒါမှမဟုတ် နွမ်းနယ်သွားတယ်။ တန်းတူမညီမျှမှု၊ ဖိနှိပ်မှု ဒါမှမဟုတ် သမိုင်းနဲ့ချီတဲ့ အကြမ်းဖက်မှုတွေ ရှိတဲ့ လူ့အဖွဲ့အစည်းတွေမှာ မိတ်ဆွေဖွဲ့မှုဟာ နွေးထွေးတဲ့ ခံစားချက် သက်သက် မဟုတ်ဘူး၊ ဒါဟာ အာဏာ ပြန်လည် ဖြန့်ဝေတဲ့ လုပ်ရပ် ဖြစ်တယ်။ ဒါက ခက်ခဲတဲ့ မေးခွန်းတွေ မေးတယ်- အသိအမှတ်ပြုမှု အခြေအနေတွေကို ဘယ်သူ သတ်မှတ်သလဲ။ ဘယ်သူ့ အသံကို နားထောင်သလဲ။ ဘယ်သူက ပိုင်ဆိုင်သလဲ။ နိုင်ငံရေးမိတ်သဟာယဖြစ်မှု ကို ကျင့်သုံးတာဟာ ကြင်နာမှုတင် မဟုတ်ဘဲ တရားမျှတမှုအတွက်ပါ ကတိကဝတ် ပြုတာ ဖြစ်တယ်။ ဒါဟာ လူတချို့ကို အမြဲတမ်း အသံမဲ့အောင် ဖိထိန်းထားတဲ့ အလွှာစနစ်တွေကို ဖြိုဖျက်တာ ဖြစ်တယ်။ ဒါဟာ ဂရုစိုက်ပေးမှုတင် မဟုတ်ဘဲ စည်းလုံးညီညွတ်မှုကို ပေးတာ ဖြစ်တယ်။ ပိုပြီး ကွဲပြားခြားနားလာတဲ့ အချိန်မှာ လူတွေကို တံဆိပ်တွေအဖြစ် လျှော့ချလိုက်တဲ့အခါ၊ နိုင်ငံရေးဟာ (လက်နက် ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ) ပြည်တွင်းစစ် ပုံစံတခု ဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိတဲ့အခါ မိတ်ဆွေစိတ်ဟာ ခေတ်နောက်ကျနေတဲ့ ပုံပေါ်နိုင်တယ်။ ဒါပေမဲ့ ဒါဟာ မိမိတို့ အမှန်တကယ် လိုအပ်တဲ့အရာပဲ ဖြစ်နေနိုင်တယ်မဟုတ်လား။ မိတ်ဆွေဖြစ်မှုဟာ နိုင်ငံရေးအရ နားလည်ရမယ်ဆိုရင် တခြားသူတွေကို ရန်သူတွေအဖြစ် ပုံသဏ္ဌာန် သတ်မှတ်တာကို ဆန့်ကျင်တဲ့ ခုခံမှု ဖြစ်တယ်။ ရှုပ်ထွေးမှုကို ပယ်ဖျက်ဖို့ ငြင်းဆန်ခြင်း ဖြစ်တယ်။ သဘောမတူတာတောင်မှ ဆွေးနွေးမှုကို အခိုင်အမာ တောင်းဆိုတယ်။ နိုင်ငံရေးဟာ မူဝါဒအဖြစ် ပုံဖော်ထားတဲ့ လွှမ်းမိုးမှုသက်သက်ပဲလို့ ယုံကြည်တဲ့ ထုံအရိုးရှင်းတဲ့ သွေးဆောင်မှုကနေ မိမိတို့ကို ကာကွယ်တယ်။ နိုင်ငံရေး အားလုံးဟာ ယုံကြည်မှုဆိုတာအပေါ် အခြေခံတယ်။ ပြီးတော့ ယုံကြည်မှုဟာ မိတ်ဆွေဖြစ်မှုလိုပဲ ဥပဒေနဲ့ ပြဋ္ဌာန်းလို့ မရဘူး။ ဒါဟာ စောင့်ကြည့်မှု ဒါမှမဟုတ် ဆောင်ပုဒ်တွေနဲ့ တည်ဆောက်တာ မဟုတ်ဘူး။ ဒါဟာ ပုံမှန် ပါဝင်ခြင်း၊ နားထောင်ခြင်း၊ ထိခိုက်မှု ရှိကြောင်း သိမှတ်ခြင်းနဲ့ ထွက်မသွားခြင်းတို့ရဲ့ သည်းခံမှုရှိတဲ့ အလုပ်မှာ ဖြည်းဖြည်းချင်း ကြီးထွားလာတယ်။ မိမိတို့ မိတ်ဆွေဖွဲ့မှု ဆုံးရှုံးတဲ့အခါ စိုးမိုးထိန်းချုပ်မှုကို ကျင့်သုံးတတ်ကြတယ်။ ပိုပြီး စည်းမျဉ်းတွေ များများ၊ ပိုပြီး ပြင်းထန်တဲ့ အပြစ်ပေးမှုတွေ၊ ပိုထူတဲ့ နံရံတွေ လုပ်လာမယ်။ ဒါပေမဲ့ ဒါတွေ ဘယ်တခုကမှ လူတွေကို ဂရုစိုက်ဖို့ သင်မပေးဘူး။ လူမှုဆက်ဆံရေးတွေကသာ သင်ပေးတယ်။ ပြီးတော့ ဂရုစိုက်မှုရဖို့ ဖြစ်နိုင်ချေတောင် မရှိရင် နိုင်ငံရေးဟာ ငြိမ်းချမ်းရေးအတွက် နေရာတခု မဟုတ်တော့ဘူး။ ဒါဟာ စာရွက်စာတမ်းတွေနဲ့ စီမံခန့်ခွဲတဲ့ စစ်ပွဲတခု ဖြစ်လာတယ်။ နိုင်ငံရေးမိတ်သဟာယဖြစ်မှုအကြောင်း ပြောတာဟာ သဘောတူညီမှု ဒါမှမဟုတ် သရုပ်တူညီတာကို တောင်းဆိုတာ မဟုတ်ဘူး။ တကယ်တော့ အကောင်းဆုံး မိတ်ဆွေဖွဲ့မှုတွေဟာ ပဋိပက္ခထဲမှာ ကြီးထွားတယ်။ မတူညီမှုနဲ့ သစ္စာစောင့်သိမှုကြား အမှန်မြင်ရဲတဲ့ တင်းမာမှုမှာပေါ့။ မိတ်ဆွေတွေဟာ သဘောမတူပေမဲ့ တယောက်ကို တယောက် စွန့်ပစ်တာ မရှိဘူး။ မသက်မသာ ဖြစ်တဲ့အခါမှာတောင် သူတို့ ဆက်ဆံပေါင်းသင်းနေနေကြတယ်။ ဆိုးတဲ့ သူငယ်ချင်းရှိလာရင် သူ့ကိုကူညီဖို့၊ ကောင်းလာအောင် ဝိုင်းလုပ်ပေးနိုင်ဖို့ တွေးကြတယ်။ နိုင်ငံရေးမိတ်သဟာယဖြစ်မှု ဆိုတာ စိတ်ကူးယဉ် ပြီးပြည့်စုံတဲ့ နိဗ္ဗာန်လိုနေရာတခု မဟုတ်ဘူး။ ဒါက ကျင့်စဉ်တခု ဖြစ်တယ်။ ဒါက နက်နဲတဲ့ ကွဲပြားမှုတွေကြား မျှဝေထားတဲ့ ဘဝတွေကို ဆက်လက် ညှိနှိုင်းဖို့ မိမိတို့ကို တောင်းဆိုတယ်။ ယုံကြည်မှုရဖို့ ခက်ခဲတဲ့အခါမှာတောင် တယောက်နဲ့ တယောက် ကတိကဝတ် ရှိနေဖို့ဖြစ်တယ်။ ပဋိပက္ခသဘောတရားကို ပြန်လည် စိတ်ကူးယဉ်ဖို့ ဖိတ်ခေါ်တယ်။ ပဋိပက္ခဟာ ဖယ်ရှားပစ်ရမယ့် ခြိမ်းခြောက်မှုတခုအဖြစ် မဟုတ်ဘဲ ဂုဏ်သိက္ခာကို ဆက်လက် ကာကွယ်နိုင်တဲ့ နေရာတခုအဖြစ် ပုံပြောင်းဖို့ဆိုပါတော့။ ဘယ်သူက နိုင်ငံရေး မိတ်ဆွေ ဖြစ်ထိုက်သလဲ လို့လည်း မိမိတို့ မေးနိုင်တယ်။ လက်တွေ့မှာ လူတွေရဲ့ သနားကြင်နာမှုတောင်မှ နိုင်ငံ၊ လူမျိုး၊ ဘာသာ ဒါမှမဟုတ် ဝါဒကနေ မိမိတို့ အမွေရရှိတဲ့ နယ်နိမိတ်တွေကနေ ပုံဖော်ခံရတာပါပဲ။ ဒုက္ခရောက်တာနှစ်ခုတွေ့ရင်တောင် တချို့ကို ပိုကြည့်ဖို့လိုမျိုးပေါ့။ ဒါပေမဲ့ မိတ်ဆွေဖွဲ့မှုဟာ နိုင်ငံရေးကို ပြန်လည် အသက်သွင်းဖို့ ဆိုရင် အဲဒီ ကန့်သတ်မှုတွေကို ပြန်တွေးကြရမယ်။ ဒါဟာ "ငါ ဘယ်သူ့ကို ဂရုစိုက်လဲ" လို့ မေးရုံတင် မဟုတ်ဘဲ "တခြားသူတွေကို ဘယ်လို ဂရုမစိုက်ဖို့၊ လျစ်လျူရှုမိဖို့ သင်ယူခဲ့ရလဲ" လို့ မိမိတို့ကို မေးဖို့ သင်ပေးရမယ်။ ပြီးတော့ အဲဒီ သင်ယူမှုကို ဖျက်သိမ်းတာ ဘာကို ဆိုလိုနိုင်မလဲ။ Aristotle က တခါက မိတ်ဆွေဖြစ်မှုကို လူ့ဘဝရဲ့ အမြင့်မြတ်ဆုံး ကောင်းကျိုးလို့ ခေါ်ခဲ့တယ်။ ဒါက လွယ်လို့ မဟုတ်ဘူး။ မိမိတို့ဟာ တဦးတည်းသော သတ္တဝါတွေ မဟုတ်ဘူးဆိုတာ ဒါက မိမိတို့ကို သတိပေးတာပါပဲ။ မိမိတို့ဟာ အတူတူနေဖို့၊ ပူးပေါင်းဆောင်ရွက်နေထိုင်ဖို့ လူမှုသတ္တဝါတွေ ဖြစ်တယ်မဟုတ်လား။ နိုင်ငံရေးဟာ ထိခိုက်အောင် လုပ်တာထက် ကုစားဖို့ ဖြစ်မယ်ဆိုရင် ဒီအရှိတရားကို ပြန်လည် ဖော်ထုတ်ရမယ်။ မိတ်ဆွေဖြစ်မှုဟာ စိတ်ခံစားမှုဆိုင်ရာ အလှဆင်မှုတခုအဖြစ် မဟုတ်ဘဲ လူ့လောက အခြေခံအုတ်မြစ် တခုအဖြစ်ဖန်တီးဖို့ ဖြစ်တယ်။ နိုင်ငံရေးမိတ်သဟာယစိတ်ဟာ နိုင်ငံရေးက မိမိတို့ကို တောင်းဆိုနိုင်တဲ့ အလိုအပ်ဆုံးအရာ ဖြစ်နိုင်တယ်။ ဒါဟာ အလွတ်မြောက်ဆုံးအရာလည်း ဖြစ်နိုင်တယ်။ ဘာလို့လဲဆိုတော့ မိတ်ဆွေဖြစ်မှု ရှုထောင့်မှာ တရားမျှတမှုဟာ လူတွေကို ပြုပြင်တာ ဒါမှမဟုတ် လူတွေကို အနိုင်ရသူနဲ့ အရှုံးသမားတွေအဖြစ် ခွဲခြားတံဆိပ်ကပ်တာ မဟုတ်ဘူးလို့ သင်ပေးနိုင်လို့ပဲ။ ဒါဟာ နေရာတွေ မျှဝေတာ၊ လိုအပ်ချက်တွေကို ညှိနှိုင်းတာနဲ့ ဂုဏ်သိက္ခာကို ရွေးချယ်တာတွေမှာ အတူတူပူးပေါင်းလုပ်ကြဖို့ အကြောင်းပဲ။ ဒီရှုထောင့်မှာ နိုင်ငံရေး မိတ်သဟာယစိတ်ဟာ အာဏာထက် ပိုပြီး၊ အမြတ်အစွန်းထက် ပိုပြီး နိုင်ငံရေးအတွက် အခြေခံကျတဲ့ စိတ်ကူးပဲ ဖြစ်တယ်မဟုတ်လား။
0 Comments
4/25/2025 0 Comments ဗမာဇာတ်သွင်းခြင်းကိုလိုနီခေတ်တုန်းကတော့ Burmanization ဆိုတဲ့ ဝေါဟာရကို ဗြိတိသျှတွေ သုံးရာမှာ ရိုးရှင်းတဲ့ လုပ်ငန်းစဉ်တခုအနေနဲ့ စတင်ခဲ့တယ်။ ဗမာဘာသာစကားနဲ့ ဓလေ့ထုံးတမ်းတွေကို အသုံးပြုပြီး အုပ်ချုပ်ရေးယန္တရားကို ဒေသခံတွေအတွက် ပိုမိုလက်တွေ့ကျအောင် ပြုလုပ်ဖို့ ရည်ရွယ်ခဲ့တယ်။ ဗမာမှုပြုခြင်းလို့ ဆိုလိုတယ်။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ ဒီဖြစ်စဉ်ဟာ ပိုမိုရှုပ်ထွေးပြီး ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တဲ့ ဗျူဟာတခုအဖြစ် ပြောင်းလဲလာခဲ့တယ်။ ဒီနေ့မှာတော့ Burmanization ဆိုတာ ဗမာဇာတ်သွင်းခြင်းလို့ ဆိုလိုပြီး တနိုင်ငံလုံးကို ဗမာလက္ခဏာသွတ်သွင်းခြင်း၊ ဌာနေလူမျိုးတွေကို ဗမာ့သမိုင်း၊ ဗမာ့လက္ခဏာ၊ ဗမာ့နေနည်းကို ပဓာနထားလာအောင် ပြုလုပ်ခြင်းများအဖြစ် ဖိအားပေးတဲ့ လုပ်ငန်းစဉ်တခုအဖြစ် သတ်မှတ်နိုင်ပါတယ်။ ဒါဟာ ဗမာမဟုတ်တဲ့ ယဉ်ကျေးမှုတွေ၊ ဘာသာစကားတွေ၊ နိုင်ငံရေးအမွေအနှစ်နဲ့ သင်္ကေတတွေကို ဗမာယဉ်ကျေးမှုရဲ့ လွှမ်းမိုးမှုအောက်မှာ ရပ်တည်ဖို့ နိုင်ငံတော်စပွန်ဆာနဲ့ ဖိအားပေးတဲ့ ဖြစ်စဉ်တခု ဖြစ်လာတယ်။ ဗမာဇာတ်သွင်းခြင်းရဲ့ အူတိုင်က ဗဟိုချုပ်ကိုင်မှုနဲ့ ခွဲခြားလို့မရပါဘူး။ ဗဟိုချုပ်ကိုင်မှုဟာ နိုင်ငံရေးအာဏာတင်မကဘဲ အကြမ်းဖက်ခွင့်အာဏာကို လက်ဝါးကြီးအုပ်မှု၊ စီးပွားရေးအာဏာကို လက်ဝါးကြီးအုပ်မှုနဲ့ သမိုင်းဇာတ်ကြောင်းကိုလက်ဝါးကြီးအုပ်ဖို့ ရည်ရွယ်တဲ့ လုပ်ရပ်တွေကို ဆိုလိုတယ်။ ဒီလိုနည်းလမ်းတွေကနေ အာဏာဟာ စစ်တပ်နဲ့ လူနည်းစုအထက်တန်းလွှာတွေလက်ထဲမှာ စုစည်းသွားပါတယ်။ ဗမာဇာတ်သွင်းခြင်းဆိုင်ရာ မူဝါဒတွေကို အားပေးတဲ့ နိုင်ငံတော်ဟာ ယဉ်ကျေးမှုကို အာဏာခိုင်မာစေဖို့ ကိရိယာတခုအနေနဲ့ အသုံးချပါတယ်။ ဗမာဇာတ်သွင်းလိုက်တဲ့အခါ ဗမာမဟုတ်တဲ့ ဌာနေလူမျိုးတွေ ဗမာဖြစ်လာကြပါတယ်။ ဒီကနေ ဗမာလူထုအနေနဲ့ လူမှုရေးအရင်းအနှီးပိုရလာတယ်။ ဗမာစကားတတ်ခြင်းနဲ့ ဗမာ့လက္ခဏာက စီးပွားရေးအရင်းအနှီးနဲ့ စီးပွားရေး တန်ဖိုးတွေ ဖြစ်လာတယ်။ ဗမာတွေက ဥပဒေကို ပိုနားလည်နိုင်သလို ပိုချောင်ချိတယ်။ ယဉ်ကျေးမှုနဲ့ သမိုင်းမှာ စိုးမိုးနိုင်တယ်။ ဗမာတဦးဟာ သူ့ဖြစ်တည်မှုကို အတည်ပြုဖို့ မလိုဘူး။ ကျောင်းမှာ သင်တဲ့သမိုင်းနဲ့ အိမ်မှာသိတဲ့ သမိုင်းက အများကြီးမကွာဘူး။ လူမှုကွန်ရက်တွေ၊ မိတ်ဆွေတွေ၊ နားလည်မှုတွေ၊ အသက်မွေးဝမ်းကျောင်းရွေးမယ့် တက္ကသိုလ်ဝင်တန်းလို အချိန်မှာ ဗမာစာကို ဖြေရတဲ့အခါလို ကိစ္စနဲ့၊ မှတ်ပုံတင်လိုအရာတွေက အစ သိပ်ကြိုးစားစရာမလိုဘဲ ရနိုင်တယ်။ ဒီလိုအကျိုးတွေ အနည်းနဲ့အများရှိကြပါတယ်။ ဗမာမှုပြုခြင်းရဲ့ နည်းလမ်းတွေဟာ စာပေ၊ ဗီဒီယို၊ ဂီတ၊ အနုပညာနဲ့ ပညာရေးဆိုင်ရာ ပစ္စည်းတွေကနေ စတင်ပြီး လူမှုရေး "စံနှုန်း" နဲ့ "ပုံသေလုပ်ငန်း" တွေကို ချမှတ်ခြင်းအထိ ကျယ်ပြန့်ပါတယ်။ ပြီးတော့ ရွှေ့ပြောင်းလုပ်သားတွေနဲ့ စီးပွားရေးလွှမ်းမိုးမှုတွေကလည်း ဒီဖြစ်စဉ်ကို ထောက်ပံ့ပေးပါတယ်။ ဒီလိုနည်းနဲ့ နိုင်ငံတော်ဟာ ဌာနေတိုင်းရင်းသားလူမျိုးလက္ခဏာတွေကို ဖိနှိပ်ပြီး သူတို့ရဲ့ ရိုးရာယဉ်ကျေးမှုတွေကို လုယက်ဝါးမြို ပုံသွင်းယူပါတယ်။ ရလဒ်အနေနဲ့ ဌာနေတိုင်းရင်းသားလူမျိုးတွေဟာ သူတို့ရဲ့ သမိုင်းကြောင်းနဲ့ ဝေးကွာလာပြီး စီးပွားရေးအရ ချို့တဲ့လာကာ မြေယာသိမ်းယူမှုတွေ၊ လူကုန်ကူးမှုတွေနဲ့ ရင်ဆိုင်ရပြီး လူမှုရေးအရ ပြိုကွဲလာပါတယ်။ ဗမာဇာတ်သွင်းခြင်းဟာ ယဉ်ကျေးမှုဆိုင်ရာ ဖော်ပြချက်တွေကို ပြောင်းလဲရုံသာမက လူ့အဖွဲ့အစည်းရဲ့ အခြေခံအဆောက်အအုံကိုပါ ပြောင်းလဲစေပါတယ်။ ရိုးရာအုပ်ချုပ်ရေးစနစ်တွေကို အားနည်းစေပြီး နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို စိန်ခေါ်မှုတွေကို ဖယ်ရှားလိုက်တာကြောင့် မြေယာနဲ့ သယံဇာတတွေနဲ့ ပတ်သက်တဲ့ တရားရေးပြဿနာတွေကို ပိုမိုလွယ်ကူစွာ ဖြေရှင်းနိုင်ပါတယ်။ နိုင်ငံတော်က မြေတွေသိမ်းလိုက်လို့ တခြားနိုင်ငံမှာ အလုပ်သွားလုပ်ရင်း လူကုန်ကူးခံကြရပါတယ်။ တခြားဒေသမှာ အလုပ်သွားလုပ်ရင်း တောရိုင်းဥပဒေသလိုပဲ အားနည်းသူတွေ နင်းပြားဖြစ်ကုန်ကြရပါတယ်။ ဌာနေတိုင်းရင်းသားလူမျိုးတွေရဲ့ ရပိုင်ခွင့်တွေ အားနည်းလာတာနဲ့အမျှ နိုင်ငံတော်ဟာ သတ္တု၊ သစ်နဲ့ ရေကဲ့သို့သော သဘာဝသယံဇာတတွေကို ပိုမိုလွယ်ကူစွာ ရယူနိုင်ပါတယ်။ ဒါဟာ စီးပွားရေးအရ ခေါင်းပုံဖြတ်ခံရခြင်းနဲ့ သယံဇာတတွေကို ထုတ်ယူခြင်းဆီ ဦးတည်သွားစေပါတယ်။ စာရင်းချို့ ချကြည့်ပါမယ်။
တချို့ ဌာနေတိုင်းရင်းသားလူတွေဟာ ရှင်သန်ဖို့ ဗမာအမှတ်သညာကို လက်ခံကြပေမယ့်၊ အများစုကတော့ သူတို့ရဲ့ ယဉ်ကျေးမှုနဲ့ နိုင်ငံရေးအမွေအနှစ်ကို ကာကွယ်ဖို့ လက်နက်ကိုင်တော်လှန်ရေးတွေအထိ ပြုလုပ်ကြပါတယ်။ ဒီအတွင်းပိုင်းပဋိပက္ခတွေဟာ ဗမာအများစုနဲ့ တိုင်းရင်းသားလူနည်းစုတွေကြားမှာ နားလည်မှုလွဲမှားမှုတွေနဲ့ တင်းမာမှုတွေကို ဖြစ်စေပါတယ်။ ဒါ့အပြင် တိုင်း ၇ ခုခွဲထားလို့ ဗမာဦးဆောင်မှု ဗမာ့တာဝန်ခံမှုဟာ ခေါင်းကွဲပြီး တစုတစည်းတည်း နိုင်ငံရေးအာဏာကိုင်သူဟာ စစ်တပ်သာလျှင် ဖြစ်လာပါတယ်။ ကျန်တာအားလုံးဟာ စစ်တပ်နဲ့ အာဏာလုဘက်သာ ဖြစ်လာပြီး ဗမာလူထုဘက်မှာ တာဝန်ခံနိုင်မှု မရှိတော့ပါဘူး။ တကယ်တမ်း ဗမာမှုပြုခြင်းရဲ့ အဓိကအကျိုးကျေးဇူးခံစားသူတွေဟာ သာမန်ပြည်သူတွေ မဟုတ်ဘဲ စီးပွားရေးအလွှာနဲ့ နိုင်ငံအီလစ်တွေပါ။ စစ်တပ်ဟာ အာဏာနဲ့ အမြတ်အစွန်းတွေကို တိုးချဲ့ပြီး ဒီဖြစ်စဉ်ကို အသုံးချကာ စီးပွားရေးအကျိုးအမြတ်တွေ ရယူပါတယ်။ အုပ်စုနဲ့ပတ်သက်သူတွေဟာ မယှဉ်နိုင်တဲ့ စီးပွားရေး အခွင့်အလမ်းတွေကို ရရှိပြီး ဗမာနိုင်ငံရေးသမားတွေဟာ အဖေလိုပုံ တရားဝင်မှုကို အသုံးချပြီး အာဏာတည်ဆောက်ပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေဟာလည်း လူမျိုးစုပေါင်းစုံနဲ့ လုပ်ကိုင်ရမယ့်အစား ဗဟိုချုပ်ကိုင်မှုရှိတဲ့ နိုင်ငံတော်နဲ့ လုပ်ကိုင်ရတာ ပိုမိုလွယ်ကူပါတာမို့ ရောချကြပါတယ်။ အီလစ်တွေအတွက် အကျိုးအရှိဆုံးဖြစ်ပါတယ်။ အတိုချုပ်ပြောရရင် ဗမာမှုပြုခြင်းဟာ ယဉ်ကျေးမှုကွဲပြားမှုကို နိုင်ငံရေးနဲ့ စီးပွားရေးထိန်းချုပ်မှုအတွက် လက်နက်အဖြစ် အသုံးချတဲ့ ဗျူဟာတခုပါ။ ဒါဟာ ဗဟိုချုပ်ကိုင်မှုရဲ့ ကိရိယာတခုဖြစ်ပြီး အာဏာရှင်တွေက အုပ်ချုပ်ရေးကို ရိုးရှင်းအောင်၊ သယံဇာတတွေကို ထိန်းချုပ်ဖို့နဲ့ ဇာတ်ကြောင်းတွေကို ပြန်လည်ရေးသားဖို့ အသုံးပြုပါတယ်။ တချိန်တည်းမှာပဲ တိုင်းရင်းသားလူမျိုးစုတွေရဲ့ ကိုယ်ပိုင်လက္ခဏာတွေကို ဖျက်သိမ်းလိုက်ပါတယ်။ ဒီစနစ်ဟာ အပေါ်ယံမှာ ဗမာလူထုကို အနည်းနဲ့အများ အကျိုးရှိစေတယ်လို့ မြင်ရပေမယ့် ဒီကနေ အီလစ်တွေက အကျိုးအမြတ်ရသလို စစ်တပ်က ပြည်တွင်းစစ်ကိုပြပြီး တရားဝင်မှုကို ထုတ်လုပ်သလို စစ်သားလည်း စုဆောင်းပါတယ်၊ စီးပွားရေးအမြတ်လည်း ရှာပါတယ်။ ဒါတွေက ရေရှည်မှာ ဗမာလူထုအတွက်လည်း ပြန်ထိခိုက်ပါတယ်။ မြန်မာမှာ ဒီပြဿနာဟာ လှိုက်စားနေပြီး ဖြေရှင်းရမယ့် အနာဆွေး ဖြစ်ပါတယ်။ 4/25/2025 0 Comments ဘုံကောင်းကျိုး၏ အခရာဖြစ်မှုဒီနေ့ခေတ် ကမ္ဘာကြီးမှာ ဘုံကောင်းကျိုး ဆိုတဲ့ အယူအဆဟာ သဘောအားဖြင့် ပိုပြီး အရေးကြီးလာနေပေမဲ့ များသောအားဖြင့် လျစ်လျူရှု ခံနေရတယ်။ ဒါကို မိမိတို့ ပြန်လေ့လာကြည့်ရအောင်။
အကျဉ်းချုပ် ပြောရရင် ဘုံကောင်းကျိုး ဆိုတဲ့ အယူအဆဟာ ရှေးခေတ် ဂရိနဲ့ ရောမ ဒဿနပညာရှင်တွေရဲ့ အတွေးအခေါ်တွေမှာ အမြစ်တွယ်နေတယ်။ Plato နဲ့ Aristotle တို့ဟာ သူတို့ လူ့အဖွဲ့အစည်းတွေကို အုပ်ချုပ်ဖို့ ကိုယ်ကျင့်တရား နိယာမတွေနဲ့ ထိရောက်တဲ့ နည်းလမ်းတွေအဖြစ် သူတို့ ယူဆတာတွေကို ထောက်ခံခဲ့ကြတယ်၊ ဒီ စိတ်ကူးတွေဟာ နောက်ပိုင်းမှာ 'ဘုံကောင်းကျိုး' နဲ့ ဆက်စပ်လာတယ်။ Cicero နဲ့ St. Augustine တို့ရဲ့ ဘုံကောင်းကျိုး အပေါ် စိတ်ကူးတွေဟာ ငြိမ်းချမ်းရေးနဲ့ လူမှုရေးအစီအစဉ်ကျနမှု ကို ရည်ရွယ်ပေမဲ့ လူတိုင်း ဖွံ့ဖြိုးတိုးတက်ဖို့ အခြေအနေတွေ ဖန်တီးပေးဖို့ နိုင်ငံတော်ရဲ့ တာဝန်လို့ သူတို့ မယူဆခဲ့ဘူး။ Thomas Aquinas က သူ နားလည်တဲ့ 'ဘုံကောင်းကျိုး' ကို သူ့ရဲ့ ဘာသာရေးဘောင်ထဲမှာ နိုင်ငံသားတွေရဲ့ ကိုယ်ကျင့်တရား ကောင်းမွန်မှုနဲ့ ချိတ်ဆက်ခဲ့တယ်။ ဒါပေမဲ့ သူ့ရဲ့ အမြင်က လူမှုရေး ပြောင်းလဲမှုတွေနဲ့ လိုက်လျောညီထွေ ဖြစ်ဖို့ လိုအပ်တယ်ဆိုတာ ထည့်သွင်း စဉ်းစားခြင်း မရှိခဲ့ဘူး။ Hobbes၊ Locke နဲ့ Bentham လို ဒဿနပညာရှင်တွေက ဘုံကောင်းကျိုးကို ပုဂ္ဂလိက အကျိုးစီးပွားတွေရဲ့ ပေါင်းစုအဖြစ် မြင်ခဲ့ကြတယ်၊ ဒါက ပုဂ္ဂလဝါဒဆီ ဦးတည်စေခဲ့တယ်။ ၁၉ ရာစုနဲ့ ၂၀ ရာစု အစောပိုင်းတွေမှာ ဈေးကွက်လစ်ဘရယ်ဝါဒနဲ့ ဆိုရှယ်လစ်ဝါဒကြား ပဋိပက္ခတွေကြားမှာ ကက်သလစ် ဘုရားကျောင်းရဲ့ လူမှုရေး သွန်သင်မှုတွေက ဘုံကောင်းကျိုး ဆိုတဲ့ အယူအဆကို ပြန်လည် အသက်သွင်းခဲ့တယ်။ ပုပ်ရဟန်းမင်းကြီး Leo XIII နဲ့ Pius XI တို့ဟာ လူသား ဂုဏ်သိက္ခာ၊ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေနဲ့ လူမှု တရားမျှတမှုတွေကို အလေးထား ဆွေးနွေး/စဉ်းစားပါတယ် ။ ပုပ်ရဟန်းမင်းကြီး John XXIII က ဘုံကောင်းကျိုးကို ပိုပြီး ကျယ်ပြန့်စွာ သတ်မှတ်ခဲ့တယ်၊ ပုဂ္ဂလိက အခွင့်အရေးတွေ ကာကွယ်ဖို့၊ လူမှုရေး အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုဖို့နဲ့ အစိုးရ ဝင်ရောက် စွက်ဖက်တာကို လက်ခံဖို့ တိုက်တွန်းခဲ့တယ်။ ဒါ့အပြင် ဒုတိယ ဗာတီကန် ကောင်စီက ဘုံကောင်းကျိုး ဆိုတဲ့ အယူအဆကို ထပ်မံ ရှင်းလင်းခဲ့ပြီး လူသား ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပြည့်စုံမှု မြှင့်တင်ပေးတဲ့ အခြေအနေတွေကို ကာကွယ် မြှင့်တင်ရာမှာ အစိုးရ အာဏာပိုင်တွေနဲ့ အေဂျင်စီတွေရဲ့ အခန်းကဏ္ဍကို အသေးစိတ် ဖော်ပြခဲ့တယ်။ ပုပ်ရဟန်းမင်းကြီး Paul VI က ဘုံကောင်းကျိုးနဲ့ ဆန့်ကျင်စွာ ပစ္စည်းပိုင်ဆိုင်မှု အခွင့်အရေးတွေ သုံးစွဲတာကို သတိပေးခဲ့တယ်။ သူက နိုင်ငံတကာ တာဝန်တွေအပေါ် ပိုပြီး အလေးထား ဆွေးနွေး/စဉ်းစားပါတယ် ၊ "လူမှုရေး ပြဿနာဟာ ကမ္ဘာလုံးဆိုင်ရာ ကိစ္စတခု ဖြစ်လာပြီ" လို့ ကြေညာခဲ့တယ်။ ဒီအချိန်အထိ ဘုံကောင်းကျိုး အပေါ် အမြင်ဟာ ခရစ်ယာန် ဘာသာရေး ဦးစားပေး ဖြစ်နေတယ်လို့ သင် ထင်နိုင်တယ်။ မိမိတို့ဟာ Aristotle၊ Rousseau နဲ့ John Rawls တို့ရဲ့ အတွေးအခေါ်တွေအပေါ် အခြေခံပြီး ဘုံကောင်းကျိုးကို ဆွေးနွေးပါမယ် ။ Aristotle ရဲ့ နိုင်ငံရေးမိတ်သဟာယဖြစ်မှု ဆိုတဲ့ စိတ်ကူးဟာ ကျွန်တော်တို့ 'နိုင်ငံရေး' လို့ တံဆိပ်တပ်ထားတဲ့အရာမှာ ပူးပေါင်းဆောင်ရွက်မှုအကြောင်း တွေးခေါ်ဖို့ မဟာဗျူဟာကျကျ အသုံးဝင်တဲ့ အခြေခံတခုကို ပေးတယ်။ ဒီ စိတ်ကူးက ကောင်းမွန်တဲ့ လူ့အဖွဲ့အစည်း တခု တည်ဆောက်ဖို့အတွက် နိုင်ငံသားတွေကြား အချင်းချင်း နားလည်မှု၊ လေးစားမှုနဲ့ ပူးပေါင်းဆောင်ရွက်လိုစိတ်တွေဟာ မရှိမဖြစ် လိုအပ်တယ်လို့ အကြံပြုတယ်။ နိုင်ငံရေးမိတ်သဟာယဖြစ်မှု ဟာ နိုင်ငံသားတွေကြား ပုဂ္ဂိုလ်ရေးရင်းနှီးမှု၊ ယုံကြည်မှုနဲ့ သစ္စာစောင့်သိမှုတွေကို မြှင့်တင်ပေးတယ်၊ ဒါတွေက တည်ငြိမ်ပြီး သာယာဝပြောတဲ့ လူ့အဖွဲ့အစည်း တခု ဖြစ်ဖို့ အထောက်အကူ ဖြစ်စေတယ်။ ဒါကြောင့် Rousseau ရဲ့ General Will Theory က လူ့အဖွဲ့အစည်း တခုရဲ့ အထွေထွေ ဆန္ဒကို ကိုယ်စားပြုတယ်။ ဒီ အယူအဆက လူတိုင်းဟာ ကိုယ့် အကျိုးစီးပွားထက် ပိုပြီး အဖွဲ့အစည်း တခုလုံးရဲ့ ကောင်းကျိုးကို ရှာဖွေလိုစိတ် ရှိတယ်လို့ ယူဆတယ်။ ဒါဟာ ပုဂ္ဂိုလ်ရေး အကျိုးစီးပွားတွေရဲ့ ပေါင်းစုထက် ပိုတယ်။ သူ့ရဲ့ "Discourses on Political Economy" မှာ ဒါက လူတိုင်းကို အကျိုးပြုပြီး ဘယ်သူ့ကိုမှ ဖယ်ထုတ်တာ မရှိတဲ့အတွက် General Will ဟာ တရားမျှတမှုကို ရရှိနိုင်တယ်လို့ သူက ငြင်းခုံတယ်။ ဒီ သီအိုရီက လူတိုင်းရဲ့ အခွင့်အရေးတွေနဲ့ လိုအပ်ချက်တွေ၊ လူနည်းစု အသံတွေပါ ပါဝင် စဉ်းစားပြီး ပိုပြီး ပြည့်စုံတဲ့ ဘုံကောင်းကျိုး ကို ဖြစ်နိုင်စေတယ်။ နောက်ပိုင်းမှာ John Rawls ရဲ့ အယူအဆတွေဟာ ခေတ်သစ် ဒီမိုကရေစီ နိုင်ငံတွေအတွက် အထူး အရေးကြီးလာတယ်။ နိုင်ငံရေးအရစည်းလုံးညီညွတ်မှုက မတူညီတဲ့ အုပ်စုတွေကြား ပူးပေါင်းဆောင်ရွက်မှုနဲ့ နားလည်မှုကို မြှင့်တင်ပေးတယ်။ တန်းတူဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်တဲ့ လူသိရှင်ကြား ကျိုးကြောင်း ဆင်ခြင်မှု (သူ့ ဘာသာစကားအရ Veil of Ignorance) က ဆုံးဖြတ်ချက်ချရာမှာ ကျိုးကြောင်း ဆီလျော်မှု၊ ပွင့်လင်းမြင်သာမှုနဲ့ တရားမျှတမှုတို့ကို အားပေးတယ်။ ဒီ အယူအဆတွေက အားလုံး ပါဝင်ပြီး အားလုံး လက်ခံနိုင်တဲ့ ဆုံးဖြတ်ချက်တွေ ချဖို့ ကူညီတယ်။ ဒီ ဒဿနပညာရှင်တွေရဲ့ စိတ်ကူးတွေကို ပေါင်းစပ်လိုက်ရင် အောက်ပါ အစိတ်အပိုင်းတွေ ပါဝင်တဲ့ အယူအဆ တခုအဖြစ် ဘုံကောင်းကျိုးကို မဟာဗျူဟာကျကျ သတ်မှတ်နိုင်တယ် - က) အားလုံးကို အကျိုးပြုတာ - ဘုံကောင်းကျိုးဟာ လူ့အဖွဲ့အစည်းထဲက လူတိုင်းကို အကျိုးပြုရမယ်။ ဆင်းရဲချမ်းသာမှု၊ ပညာရေး၊ လူမျိုး ဒါမှမဟုတ် ဘာသာ မခွဲခြားဘဲ လူသား အားလုံးရဲ့ ဘဝ အရည်အသွေးကို မြှင့်တင်ပေးရမယ်။ ခ) တရားမျှတမှု - ဘုံကောင်းကျိုးဟာ လူတန်းစား တခု ဒါမှမဟုတ် အုပ်စု တခုကို ဦးစားမပေးဘဲ လူ့အဖွဲ့အစည်း တခုလုံးအတွက် တရားမျှတတဲ့ အကျိုးကျေးဇူးတွေ ဖန်တီးပေးရမယ်။ ဒါက လူထုယုတ္တိဆင်ခြင်မှုပေါ် အခြေခံပြီး အခွင့်အလမ်းတွေ၊ အရင်းအမြစ်တွေနဲ့ ဝန်ဆောင်မှုတွေကို တရားမျှတစွာ ခွဲဝေပေးခြင်းအားဖြင့် တရားမျှတမှုကို မြှင့်တင်ပေးရမယ်။ ဂ) ဘက်ပေါင်းစုံ ပါဝင်နိုင်မှု - ဘုံကောင်းကျိုးဟာ ဘယ်သူ့ကိုမှ ဖယ်ထုတ်ထားလို့ မရဘူး။ ဒါက လူနည်းစုတွေ၊ ဖယ်ကြဉ်ခံထားရတဲ့ အုပ်စုတွေနဲ့ အားနည်းတဲ့ လူတန်းစားတွေရဲ့ လိုအပ်ချက်တွေနဲ့ စိုးရိမ်မှုတွေကို ထည့်သွင်း စဉ်းစားရမယ်။ လူတိုင်း ပါဝင် ဆောင်ရွက်နိုင်ဖို့ လူမှုရေးနဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေ ဖန်တီးပေးရမယ်။ ဃ) ရေရှည် တည်တံ့ခိုင်မြဲမှု - ဘုံကောင်းကျိုးဟာ လက်ရှိ မျိုးဆက်ကိုတင် မဟုတ်ဘဲ နောင် အနာဂတ် မျိုးဆက်တွေကိုပါ အကျိုးပြုရမယ်။ ဒါက သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ရေရှည် တည်တံ့ခိုင်မြဲတဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ လူမှုရေး တည်ငြိမ်မှုတို့ကို အာရုံစိုက်ရမယ်။ င) ပူးပေါင်းဆောင်ရွက်မှုကို အားပေးတာ - ဘုံကောင်းကျိုးဟာ လူ့အဖွဲ့အစည်းထဲမှာ ပူးပေါင်းဆောင်ရွက်မှု၊ စည်းလုံးမှု၊ မိတ်ဆွေဖြစ်မှုနဲ့ အချင်းချင်း နားလည်မှုကို မြှင့်တင်ပေးရမယ်။ ဒါက စုပေါင်း ပြဿနာ ဖြေရှင်းတာနဲ့ အတူတကွ ပန်းတိုင် အောင်မြင်အောင် ကြိုးစားတာကို အားပေးရမယ်။ နိဂုံးချုပ်အနေနဲ့ ဘုံကောင်းကျိုးဟာ "ပုံသေ" မဟုတ်ဘဲ လူ့အဖွဲ့အစည်း တခုရဲ့ စည်းလုံးညီညွတ်မှု၊ တရားမျှတမှုနဲ့ သာယာဝပြောမှုအတွက် အရေးကြီးတဲ့ အယူအဆတခု ဖြစ်တယ်။ လူတိုင်းရဲ့ အကျိုးစီးပွားတွေကို ထည့်သွင်း စဉ်းစားဖို့နဲ့ လက်ရှိနဲ့ နောင် အနာဂတ် မျိုးဆက်တွေရဲ့ အကျိုးအတွက် ဆုံးဖြတ်ချက်ချတာကို လမ်းညွှန်ဖို့ အရေးကြီးတယ်။ ဘုံကောင်းကျိုး ရဲ့ ခွန်အားဟာ စိန်ခေါ်မှု ရှိတဲ့ စံနမူနာ ဖြစ်ပေမဲ့ ကွဲပြားမှုတွေကြား ပြန်လည် ညှိနှိုင်းနိုင်တာမှာ တည်ရှိတယ်။ ဒါဟာ လူသား လုပ်ဆောင်နိုင်စွမ်း လိုအပ်တာကို စုပေါင်း အသက်ရှင်ရပ်တည်မှုနဲ့ ချိန်ညှိဖို့ မဟာဗျူဟာကျတဲ့ ဘောင်တခု ဖြစ်တယ်၊ ပုံသေအဆုံးသတ် အမှတ်တခု မဟုတ်ဘူး။ ဘက်ပေါင်းစုံ ပါဝင်နိုင်တဲ့ ဘုံကောင်းကျိုး(များ) မူဘောင်ဆီ ဦးတည်တဲ့ လူ့အဖွဲ့အစည်း တခုဟာ ပိုပြီး တရားမျှတတဲ့၊ စည်းလုံးတဲ့နဲ့ ရေရှည် တည်တံ့ခိုင်မြဲတဲ့ အနာဂတ်ကို ရရှိနိုင်တယ်။ မိမိတို့ဟာ မိသားစု၊ နိုင်ငံတော် ဒါမှမဟုတ် ကမ္ဘာလုံးဆိုင်ရာ အသိုင်းအဝိုင်းလို လူမှုရေး ဖွဲ့စည်းပုံတွေရဲ့ မတူညီတဲ့ အဆင့်တွေမှာလည်း ဘုံကောင်းကျိုးအတွက် ကြိုးစားရပါလိမ်မယ်။ 4/25/2025 0 Comments နိုင်ငံရေးဆိုတာ ဘာလဲ'နိုင်ငံရေး' ဆိုတဲ့ ဝေါဟာရဟာ ရှုပ်ထွေးပြီး ဘက်ပေါင်းစုံထင်ဟပ်၊ ကဏ္ဍစုံပါဝင်တဲ့ အမှတ်တံဆိပ်တခု ဖြစ်တယ်။ သမိုင်း တလျှောက် ပညာရှင်တွေ၊ နိုင်ငံရေးသမားတွေနဲ့ တွေးခေါ်ဆရာတွေက မတူညီတဲ့ လူမှုရေးနဲ့ ဒဿနအခြေအနေတွေကို ထင်ဟပ်ရင်း နည်းလမ်းအမျိုးမျိုးနဲ့ အဓိပ္ပာယ် ဖွင့်ဆိုခဲ့ကြတယ်။ ဒီနေရာမှာ 'နိုင်ငံရေး' လို့ တံဆိပ်တပ်ထားတဲ့အရာကြီးအပေါ် မတူညီတဲ့ အမြင်တွေနဲ့ ဒီအမြင်တွေက လူ့အဖွဲ့အစည်းရဲ့ ဒီအရေးကြီးတဲ့ အစိတ်အပိုင်းတွေကို နားလည်ပုံကို ဘယ်လို ပုံဖော်သလဲ ဆိုတာကို လေ့လာသွားပါမယ်။
ထင်ရှားတဲ့ နိုင်ငံရေးသိပ္ပံပညာရှင် Harold Lasswell က နိုင်ငံရေးကို "ဘယ်သူက ဘာကို၊ ဘယ်တော့နဲ့ ဘယ်လို ရသလဲ" ဆိုတဲ့ လုပ်ငန်းစဉ်အဖြစ် မြင်ခဲ့တယ်။ ဒီ တိကျတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ဟာ နိုင်ငံရေးရဲ့ ဥစ္စာတန်ဖိုးတွေ ဖြန့်ဝေတဲ့ သဘာဝနဲ့ လူ့အဖွဲ့အစည်းထဲမှာ အရင်းအမြစ်တွေနဲ့ အာဏာကို ခွဲဝေပေးတဲ့ သူ့ရဲ့ အခန်းကဏ္ဍကို မီးမောင်းထိုးပြတယ်။ နောက်ထပ် နိုင်ငံရေး သီအိုရီ ပညာရှင်တဦးဖြစ်တဲ့ David Easton အတွက်တော့ နိုင်ငံရေးဟာ "လူ့အဖွဲ့အစည်းအတွက် တန်ဖိုးတွေကို အခွင့်အာဏာနဲ့ ခွဲဝေပေးတာ" ဖြစ်တယ်လို့ ဆိုပြန်တယ်။ ဒီအမြင်က လူ့အဖွဲ့အစည်းရဲ့ စံနှုန်းတွေနဲ့ ဦးစားပေးတွေကို သတ်မှတ် အတည်ပြုတဲ့ နိုင်ငံရေးရဲ့ အခန်းကဏ္ဍကို အလေးထားတယ်။ ရုရှား တော်လှန်ရေး ခေါင်းဆောင် Vladimir Lenin ကတော့ စီးပွားရေးဘက်လမ်းကို ပိုပြီး ချဉ်းကပ်ခဲ့တယ်၊ သူက "နိုင်ငံရေးဟာ စီးပွားရေးရဲ့ အမြင့်မားဆုံး စုစည်းထားတဲ့ ဖော်ပြချက်ပဲ" လို့ ပြောခဲ့တယ်။ ဒီအမြင်က နိုင်ငံရေး အာဏာနဲ့ စီးပွားရေး စနစ်တွေကြားက နီးကပ်တဲ့ ဆက်ဆံရေးကို ပေါ်လွင်စေတယ်။ Bernard Crick က ပိုပြီး ပြည့်စုံတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ပေးတယ်၊ သူက နိုင်ငံရေးကို "အုပ်ချုပ်မှု နယ်ပယ် တခုထဲမှာ ရှိတဲ့ ကွဲပြားတဲ့ အကျိုးစီးပွားတွေကို အဖွဲ့အစည်း တခုလုံးရဲ့ ကောင်းကျိုးနဲ့ အသက်ရှင်ရပ်တည်ရေးအတွက် သူတို့ရဲ့ အရေးကြီးမှုအရ အချိုးကျ အာဏာ ခွဲဝေပေးခြင်းအားဖြင့် ညှိနှိုင်း ဆောင်ရွက်တဲ့ လှုပ်ရှားမှု" လို့ ဖော်ပြတယ်။ ဒီအမြင်က မတူညီတဲ့ အကျိုးစီးပွားတွေကို စီမံခန့်ခွဲတာနဲ့ လူ့အဖွဲ့အစည်းထဲမှာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်တဲ့ နိုင်ငံရေးရဲ့ အခန်းကဏ္ဍကို မီးမောင်းထိုးပြတယ်။ Adrian Leftwich က ဒီစိတ်ကူးကို ပိုပြီး ချဲ့ထွင်တယ်။ သူက လူတွေဟာ သူတို့ရဲ့ လူမှုရေးနဲ့ ဇီဝဘဝအသက်တာတွေ ပြန်လည်ထုတ်လုပ်ရာမှာ အရင်းအမြစ်တွေကို အသုံးပြုဖို့၊ ထုတ်လုပ်ဖို့နဲ့ ဖြန့်ဝေဖို့ အတူတူစုစည်းလာတဲ့အခါ ဖြစ်ပေါ်လာတဲ့ ပူးပေါင်းဆောင်ရွက်မှု၊ ညှိနှိုင်းမှုနဲ့ ပဋိပက္ခဆိုင်ရာ လှုပ်ရှားမှု အားလုံးကို နိုင်ငံရေးမှာ ပါဝင်တယ်လို့ အကြံပြုတယ်။ ဒီ ကျယ်ပြန့်တဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်က နိုင်ငံရေးကို လူသားတွေအပြန်အလှန် ဆက်ဆံမှုနဲ့ လူမှုရေး အဖွဲ့အစည်းရဲ့ မွေးရာပါ အစိတ်အပိုင်းတခု အဖြစ် အသိအမှတ်ပြုတယ်။ ဒီ ကွဲပြားတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ ရှိနေပေမဲ့ မိမိတို့ 'နိုင်ငံရေး' လို့ တံဆိပ်တပ်ထားတဲ့ လုပ်ဆောင်မှုတွေနဲ့ အာဏာရွေ့လျားမှုတွေဟာ သာမန်လူတွေရဲ့ ဘဝတွေနဲ့ နက်နက်ရှိုင်းရှိုင်း ဆက်စပ်နေတယ်ဆိုတာ ရှင်းပါတယ်။ တကယ်တော့ လူတွေရဲ့ အပြုအမူတွေနဲ့ ဘဝတွေဟာ နိုင်ငံရေး အင်စတီကျူးရှင်းတွေရဲ့ သက်ရောက်မှု အမြဲခံနေရပြီး တချိန်တည်းမှာ မိမိတို့ကလည်း ကိုယ့် လုပ်ဆောင်မှုတွေနဲ့ ရွေးချယ်မှုတွေကနေ ဒီအဖွဲ့အစည်းတွေကို ပုံဖော်နေတာ ဖြစ်တယ်။ ဒီ ကွဲပြားတဲ့ အမြင်တွေရဲ့ အမျိုးမျိုးက 'နိုင်ငံရေး' ဆိုတာ ပုံသေအနှစ်သာရ ရှိတဲ့ တခုတည်းသောအယူအဆ မဟုတ်ဘဲ ဒီလို အမျိုးအစားခွဲထားတဲ့ လှုပ်ရှားနေတဲ့၊ ပြောင်းလဲနေတဲ့ လုပ်ဆောင်မှုတွေ၊ ပြောဆိုမှုတွေနဲ့ အာဏာဆက်ဆံရေးတွေပဲ ဖြစ်တယ်ဆိုတာကို မီးမောင်းထိုးပြတယ်။ ဒါက မိမိတို့ဘဝရဲ့ ပုဂ္ဂိုလ်ရေး အဆုံးအဖြတ်တွေကနေ ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်တွေအထိ အရာအားလုံးကို ဆိုလိုနေတယ်။ "နိုင်ငံရေး" အပေါ် က ဒီမတူညီတဲ့ အမြင်တွေကို နားလည်တာဟာ အချက်အလက်တွေကို နားလည်မှု ပိုပြည့်စုံတဲ့၊ ပိုပြီးပါဝင်ပတ်သက်တဲ့ နိုင်ငံသားတွေ ဖြစ်လာဖို့ မိမိတို့ကို ကူညီနိုင်တယ်။ အရင်းအမြစ်ခွဲဝေတာနဲ့ တန်ဖိုး သတ်မှတ်တာကနေ ပဋိပက္ခ ဖြေရှင်းတာနဲ့ လူမှုရေး ပူးပေါင်းဆောင်ရွက်တာအထိ နိုင်ငံရေးရဲ့ မတူညီတဲ့ ရှုထောင့်ဘက်ပေါင်းစုံကို သိရှိခြင်းအားဖြင့် ကျွန်တော်တို့ လူ့အဖွဲ့အစည်းတွေနဲ့ ကျွန်တော်တို့ရဲ့ တဦးချင်း ဘဝတွေကို ပုံဖော်ရာမှာ "နိုင်ငံရေး" ရဲ့ အရေးပါပုံကို ပိုကောင်းကောင်း နားလည်နိုင်တယ်။ စာရေးသူ ပုဂ္ဂိုလ်ရေးအရ အကြိုက်ဆုံးကို ပြောပါရစေ။ Mark Warren က နိုင်ငံရေးဟာ ပဋိပက္ခနဲ့ အာဏာတို့ရဲ့ ဆုံမှတ်ပဲလို့ဆိုတယ်။ အဲဒီမှာ ဦးတည်ချက် အကြောင်းအရာ တခု စာရေးသူက ထပ်ထည့်တယ်။ ပူးပေါင်းဆောင်ရွက်မှုပါ။ ဒါကြောင့် မိမိတို့ 'နိုင်ငံရေး' လို့ ခေါ်တဲ့အရာကို နားလည်ဖို့ နည်းလမ်းတခုက ဒါကို ပဋိပက္ခနဲ့ အာဏာတို့ရဲ့ ဆုံမှတ်အဖြစ် မြင်တာပဲ။ ဒီဘောင်ထဲမှာ ပူးပေါင်းဆောင်ရွက်မှုအတွက် နေရာပိုများအောင် လုပ်တာကို ပိုပြီး 'နိုင်ငံရေးကျတဲ့' နည်းလမ်းအဖြစ် သတ်မှတ်နိုင်တယ်။ တခြားတဖက်မှာ ပူးပေါင်းဆောင်ရွက်မှု နည်းလေလေ၊ ပိုပြီး ကွဲပြားခြားနားလေလေ၊ ဒါက နိုင်ငံရေးထက် စစ်ပွဲနဲ့ ပိုတူလာလေလေ ဖြစ်တယ်။ ဒါပေမဲ့ အာဏာဟာ သက်ဆိုင်ရာအဖွဲ့တွေကြား အများအားဖြင့် တန်းတူမညီဘူးဆိုတာ မိမိတို့ မှတ်သားထားရမယ်။ ဒီနေရာမှာ နိုင်ငံရေးမိတ်သဟာယဖြစ်မှုက အရေးကြီးတယ်။ ဒါက မတူညီတဲ့ အစမှတ်တွေ ရှိတယ်ဆိုတာကို သိမှတ်ဖို့ လိုအပ်တယ်။ ဒါဟာ ထုံအရိုးရှင်းစွာ စည်းလုံးမှုကိုရှာဖို့ မဟုတ်ဘဲ အာဏာကို ပြန်လည် ဖြန့်ဝေဖို့ တမင်တကာ ကြိုးစားအားထုတ်မှုပဲဖြစ်တယ်။ အခိုင်အမာ ရှိနေတဲ့ အဆင့်ဆင့်စနစ်တွေကို ဖြိုဖျက်ဖို့ မျှဝေထားတဲ့ ရည်မှန်းချက်တွေကို မဟာဗျူဟာကျကျ လိုက်နာတာ ဖြစ်တယ်။ ခိုင်မာပြီး သဟဇာတဖြစ်တဲ့ လူ့အဖွဲ့အစည်းတခုဟာ ကောင်းမွန်တဲ့ နိုင်ငံရေး စနစ်တွေရဲ့ အခြေခံပေါ်မှာ တည်ဆောက်ထားတာ ဖြစ်တယ်။ ပြီးတော့ အဲဒီ စနစ်တွေကို အချက်အလက် ပြည့်စုံတဲ့နဲ့ တက်ကြွတဲ့ နိုင်ငံသားတွေက ပုံဖော်ပေးတယ်။ နိုင်ငံရေးကို ချိတ်ဆက်နားလည်ရာမှာ ဒါရဲ့ ရှုထောင့်စုံချဉ်းကပ်နိုင်တဲ့သဘာဝကို နားလည်ခြင်းအားဖြင့် လူတွေအားလုံးအတွက် ပိုပြီး တရားမျှတတဲ့၊ တန်းတူညီမျှတဲ့၊ သာယာဝပြောတဲ့ အသိုက်အမြုံတွေ ဖန်တီးရာမှာ ပါဝင်နိုင်ပါတယ်။ မိမိတို့ရဲ့ နိုင်ငံရေးမိတ်သဟာယဖြစ်မှုနဲ့ ဘုံကောင်းကျိုးကို အာရုံစိုက်ကြပါစို့။ မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးမတည်ငြိမ်မှုကို ပြန်ကြည့်ရင် ခုခံတော်လှန်ရေးရဲ့သဘောသဘာဝမှာကိုက နက်ရှိုင်းပြီး အသွင်ပြောင်းနိုင်တဲ့အတွေးအခေါ်မျိုး ထွက်ပေါ်လာဖို့ဟာ အရေးတကြီးလိုအပ်နေပါတယ်လို့ သိမြင်နိုင်တယ်။ သဘာဝအရ လူအများအပြားဟာ စစ်အာဏာမသိမ်းခင်က မိမိတို့ဟာ ဇာတ်လမ်းကြီးတခုထဲမှာ စီးမြောနေတယ်လို့ မြင်ကြတာပါ။ ဒီဇာတ်လမ်းဟာ မင်းအောင်လှိုင်ရဲ့စစ်အာဏာသိမ်းမှုကြောင့် ယာယီရပ်နားထားတဲ့ဇာတ်လမ်းတခုဖြစ်သွားတယ်လို့ သဘောထားပြီး တော်လှန်ရေးထဲ ပါလာကြတယ်။ ဒါကိုပဲ မြင်သာအောင် ပြောရရင် ရုပ်ကြီးတကားကြည့်နေတုန်း မင်းအောင်လှိုင်က "Pause" လာနှိပ်လို့ သန့်စင်ခန်းဝင်လာသလိုပဲလို့ သဘောထားကြတယ်။ မင်းအောင်လှိုင်မရှိရင် မူလဇာတ်လမ်းကြီးကို Play ပြန်နှိပ်သလို ကိုယ့်ဘဝတွေထဲမှာ ရပ်နားထားတဲ့ ရုပ်ဝတ္ထုပစ္စည်းကြွယ်ဝမှုနဲ့ လူမှုရေးဆိုင်ရာ အောင်မြင်မှုအမျိုးမျိုးဆိုတဲ့ ရည်မှန်းချက်ပန်းတိုင်တွေကို ပြန်သွားရှာကြမယ်လို့ တွေးကြတာ ရှိပါတယ်။ ဒါပြီးရင် နိုင်ငံရေးတွေ မပါတော့ဘူးဆိုတာမျိုးတွေ ကြားကြမှာပါ။ ဒီလိုအတွေးအခေါ်မျိုးတွေက စိတ်လှုပ်ရှားဖွယ်စိတ်ကူးတွေ၊ စွန့်စားမှုတွေနဲ့ ယာယီစေ့ဆော်မှုရတဲ့ ခံစားရမှုတွေကို ဖန်တီးပေးနိုင်ပေမယ့် မြန်မာနိုင်ငံမှာ ကြာရှည်စွာစွဲစွဲမြဲမြဲဖြစ်နေတဲ့ စနစ်နဲ့ဆက်စပ်နေတဲ့ပြဿနာတွေကို အလွယ်တကူဖြေရှင်းလို့ရတယ်လို့ ထင်မှတ်စရာဖြစ်နေပါတယ်။ ဒီနိုင်ငံဟာ တာဝန်မယူတဲ့ လူစုလူဝေးနဲ့ အာဏာရှင်စနစ်ရဲ့ချုပ်ကိုင်မှုအောက်မှာ ပိတ်မိနေပါတယ်။ မြန်မာနိုင်ငံဟာ ဘယ်တုန်းကမှ တာဝန်ယူနိုင်တဲ့နိုင်ငံ မဖြစ်ခဲ့ပါဘူး။ ဘယ်ညှိနှိုင်းမှုကိုမဆို ရှေ့တက်နောက်ဖျက်နဲ့ လွတ်လပ်ရေး ရကတည်းက ဖဆပလ-ကွန်မြူနစ် ကနေ နဝတ/နအဖ - NCGUB ၊ NLD - USDP အခုဆို စကစ - NUG ဆိုတာမျိုး အပြန်အလှန်အမြစ်ဖြတ်ချေမှုန်းပစ်ဖို့ ကြိုးစားနေတဲ့ အုပ်စုကြီးနှစ်ခုက အမြဲရှိနေခဲ့တယ်။ နိုင်ငံဟာ မာဖီးယားနိုင်ငံဖြစ်ပြီး လူတွေကို အမဲပြန်လိုက်တဲ့နိုင်ငံဖြစ်တယ်။ ဘယ်တုန်းကမှ တာဝန်ခံနိုင်မှုမရှိခဲ့ပါဘူး။ ဒါ့အပြင် ဒီဖြစ်တည်မှာဟာ နိုင်ငံအစိုးရဝါဒ၊ စံနှုန်းတင်းမာမှုဝါဒ၊ လူမျိုးရေးအစွန်းရောက်ဝါဒဆိုတဲ့ ခိုင်မာတဲ့အခြေခံဝါဒတွေပေါ်မှာ ရပ်တည်နေပါတယ်။ ဒီအတွေးအယူတွေဟာ အာဏာရှင်စနစ်ကို တရားဝင်ဖြစ်စေတဲ့ စိတ်ကူးယဉ်အကာအရံတွေအဖြစ် လုပ်ဆောင်ပြီး စနစ်တကျဖိနှိပ်မှုတွေကို မှန်ကန်သယောင်ပြလေ့ရှိပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့တိုက်ပွဲဟာ စစ်ခေါင်းဆောင်တဦးကို ဖယ်ရှားဖို့၊ အာဏာအချိုးအစားပြောင်းလဲမှုယာယီတခုနဲ့ ပြေလည်မှာလည်း မဟုတ်ပါဘူး။ ဒါဟာ နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်းရဲ့အခြေခံအုတ်မြစ်တွေအထိ နက်နက်ရှိုင်းရှိုင်းပြောင်းလဲဖို့ လိုအပ်တယ်။ ပြည်တွင်းစစ်ကို အမြစ်ဖြတ်ရေး လိုပါတယ်။ စစ်တပ်နဲ့ လုံခြုံရေးယန္တရားတွေဟာ ခေါင်းပုံဖြတ်မှုနဲ့ တာဝန်မခံမှုသံသရာကနေ လွတ်မြောက်ဖို့ ပကတိအသွင်ပြောင်းလဲမှုတွေ လိုအပ်နေပါတယ်။ ဒါပေမယ့် ဒီစနစ်တကျပြောင်းလဲမှုတွေကို လုပ်ဆောင်နေတဲ့အချိန်မှာပဲ တော်လှန်ရေးသမားတွေဟာလည်း သူတို့ရဲ့ကိုယ်ပိုင်ဘဝလမ်းကြောင်းကို အခြေခံကျကျပြောင်းလဲဖို့ လိုအပ်နေပါတယ်။ တော်လှန်ရေးနဲ့အတူ ဘဝကိုချိန်ညှိဖို့ လိုတယ်။ ကိုယ်ပိုင်ဇာတ်လမ်းတွေကို တချက် Pause လုပ်ပြီး ခဏဝင်လာတဲ့ တော်လှန်ရေးကို မြင်တဲ့ ပြန်လည်တုံ့ပြန်မှုစိတ်ကူးတွေကို ကျော်လွှားဖို့ပါ။ ဒါဟာ ဓနအဆင့်အတန်း၊ ဇိမ်ခံလူမှုဆက်ဆံရေး၊ ဒါမှမဟုတ် အစဉ်အလာစံနှုန်းတွေကို ထိန်းသိမ်းခြင်းလိုမျိုး ပင်ကိုရည်မှန်းချက်တွေမဟုတ်တဲ့ ခုခံတော်လှန်ရေးဘဝတစ်ခုကို ဖန်တီးကတိကဝတ်လိုအပ်ပါတယ်။ မိသားစုရှိတဲ့သူနဲ့၊ ဘဝကို ဓနပေါ် အခြေခံစဉ်းစားသူတွေအတွက် ပိုပင်ပန်းမှာလည်း အမှန်ပါ။ သာမန်အခြေအနေတွေမှာ အရေးပါနိုင်ပေမယ့် ဒီအာရုံစိုက်မှုတွေဟာ ထိန်းချုပ်မှုနဲ့ ခေါင်းပုံဖြတ်မှုတွေကို မြဲမြံစေတဲ့ နိုင်ငံတော်ယန္တရားနဲ့ ရင်ဆိုင်ရတဲ့အခါ အတားအဆီးတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် "နှောင်ကြိုးမှတပါး ဆုံးရှုံးစရာမရှိ" ဆိုတာလည်း ဖြစ်လာတာပါပဲ။ လူတိုင်းကတော့ မိသားစုကို ပစ်ပြီးလုပ်နိုင်မှာ မဟုတ်သလို ကလေးတွေ ပညာရေးကို ပစ်ပြီးလည်း လုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီဘောင်ထဲကနေပဲ တာဝန်ခံနိုင်တဲ့နိုင်ငံနဲ့ အတင်းဝါးမြိုအမြတ်ထုတ်မှု မရှိတဲ့လူ့ဘောင်ကို တည်ဆောက်ရေးအတွက် ဘာလုပ်လို့ရမလဲ ချိန်ဆရပါလိမ့်မယ်။ မိမိတို့ ရယူတဲ့ သတင်းရင်းမြစ်၊ မိမိထုတ်လုပ်တဲ့ သတင်းစကားနဲ့ လူထုကြားအမြင်များဖန်တီးမှုတွေကိုတော့ အနည်းဆုံး တာဝန်ယူရမှာပါပဲ။ မဟာဗျူဟာကျဖို့လည်း လိုပါတယ်။ ကိုယ်လုပ်တဲ့အလုပ်ရဲ့ ၉၀% ဟာ စစ်တပ်ကိုအမြစ်ဖြတ်ရေးအတွက်ပဲ ဖြစ်ရမှာဖြစ်ပြီး ဘဝတူချင်း ဖိဖို့ မဖြစ်သင့်ပါဘူး။ ဒါ့အပြင် ကိုယ်နဲ့ အမြင်မတူတဲ့ လူ့အခွင့်အရေးစောင့်ရှောက်သူများကိုလည်း ကာကွယ်ပေးဖို့ လိုပါတယ်။ လူထုထဲမှာ မကွဲပြားအောင်၊ စည်းလုံးအောင် လုပ်ပေးဖို့လည်း လိုပါတယ်။ ဒီချိန်ညှိမှုဟာ အကြောင်းအမျိုးမျိုးကြောင့် လိုအပ်ပါတယ်။ လူထုထဲမှာပါ အမြစ်စွဲနေတဲ့ ပဒေသရာဇ်စိတ်၊ အမြတ်ထုတ်တာ ပုံမှန်လို့ တွေးတဲ့စိတ်၊ အဂတိနဲ့ အာဏာရှင်စနစ်ကို တိုက်ဖျက်ရေးဟာ အကြိမ်ကြိမ်ထကြွမှုတွေ ဒါမှမဟုတ် ကောက်ရိုးမီးပြည်သူ့စိတ်ဓာတ်တွေနဲ့ မအောင်မြင်နိုင်ပါဘူး။ ဒါတွေနဲ့အတူ စနစ်အသွင် ပုံစံတကျဖြစ်ရပါမယ်။ နိုင်ငံရေး၊ လူမှုရေး၊ ကိုယ်ပိုင်ဘဝအထိ ဘက်စုံပျံ့နှံ့နေတဲ့ မပြတ်တောက်တဲ့ခုခံမှုကို ဘဝနေနည်းအဖြစ် ရွေးလိုက်တဲ့သူတွေ လိုပါတယ်။ တော်လှန်ရေးနဲ့အတူ ဘဝကိုချိန်ညှိခြင်းဖြင့် တိုက်ပွဲဟာ မပြတ်တောက်တဲ့ဖြစ်စဉ်တစ်ခုဖြစ်လာဖို့ လိုပါတယ်။ နိုင်ငံကြီးဝါဒ၊ အစိုးရကြီးဝါဒ၊ အမျိုးသားဝါဒတွေကို မျက်စိမှိတ်လက်ခံခြင်း၊ တခြားနေရာကစံနှုန်းတွေကို အတင်းသွတ်သွင်းခြင်း၊ နိုင်ငံတော်အာဏာကို အရာရာထက်သာလွန်မြှင့်တင်ခြင်း စတဲ့အတွေးအခေါ်တွေဟာ လက်ရှိအခြေအနေကို ပိုလို့ခိုင်မာစေပါတယ်။ လူတွေဟာ သူတို့ကိုယ်သူတို့ ကြိုတင်သတ်မှတ်ထားတဲ့ဇာတ်လမ်းတွေထဲက သားကောင်တွေ ဒါမှမဟုတ် တကိုယ်တော်သူရဲကောင်းတွေလို့ မြင်လာတဲ့အခါ လှုပ်ရှားမှုတွေအတွက် မလိုအပ်တဲ့ ပြန်လည်တုံ့ပြန်မှုပုံစံတွေ ဖြစ်လာနိုင်ပါတယ်။ စံနှုန်းတွေဟာ ပုံမှန်နိုင်ငံတွေမှာ ပြောလို့ရပေမယ့် မာဖီးယားနိုင်ငံနဲ့ ပဒေသရာဇ်စိတ်ပျံ့နှံ့နေတဲ့ လူ့အသိုင်းအဝိုင်းမှာ အများကြီးသုံးလို့မရပါဘူး။ ကိုယ့်ဒီမိုကရေစီကို ကိုယ့်ဘာသာ ဓာတ်ခွဲခန်းမှာ စမ်းသပ်သလို ထုတ်ရမယ်ဆိုတာကို သတိထားဖို့ လိုအပ်လှပါတယ်။ ကိုယ့်ဘဝရဲ့ ပန်းတိုင်တွေကို တော်လှန်ရေးနဲ့ ဆန့်ကျင်ဘက် ဖြစ်မနေအောင်၊ အနာဂတ်နိုင်ငံရဲ့ ခုခံပြုပြင်ရေးလမ်းနဲ့ ဝိရောဓိ မဖြစ်နေအောင်၊ ပြန်ညှိပါ။ ပုံမှန်အေးဆေး ဖြစ်ချင်စိတ်နဲ့ ပြဿနာကို အခြေထိုင်စေသူတွေထဲမှာ ကိုယ်ပါ ရောပြီးပါဝင်သွားမယ့်အန္တရာယ်ကို သတိရှိရှိ ရှောင်ဖို့ကိုလည်း တိုက်တွန်းချင်တာပါပဲ။ |
ဆောင်းပါးရှင် - ဆန်းစ စာမရီဆန်းစ စာမရီသည် နိုင်ငံရေးနှင့် ဒဿနများ လေ့လာသူတဦးဖြစ်သည်။ ArchivesCategories |
Site powered by Weebly. Managed by Porkbun