ဆောင်းပါးများ
မိမိ၏မောဟအတိုင်းအတာကို သိမှသာ မှန်သော အသိသုတဖြစ်သည်။
-ကွန်ဖြူးရှပ်
-ကွန်ဖြူးရှပ်
ပဋိပက္ခဒဏ် ခံနေရတဲ့ဒေသတွေ၊ အာဏာရှင်စနစ်အောက် သို့မဟုတ် အသွင်ကူးပြောင်းနေတဲ့ လူ့အဖွဲ့အစည်းတွေမှာ NGO တွေနဲ့ CSO တွေဟာ ပြည်သူ့တန်ဖိုးများ ပညာပေးရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်တယ်။ သူတို့က "အမြင်ဖွင့်သင်တန်း"၊ "အသိပညာပေး လေ့ကျင့်ရေး"၊ "ထောက်ခံအရေးဆိုသည့် ဟောပြောပွဲများ" နဲ့ "လူထုပညာပေး" အစီအစဉ်တွေကနေ ဒီမိုကရေစီစိတ်ဓာတ်၊ လူ့အခွင့်အရေးနဲ့ ပြည်သူ့ ပါဝင်မှုကို မြှင့်တင်ဖို့ ကြိုးစားကြတယ်။ ဒါပေမဲ့ ဒီကြိုးပမ်းမှုတွေက ရည်ရွယ်ချက် ကောင်းမွန်ပေမဲ့ ကိုယ်ပိုင်လက္ခဏာတွေ၊ အသိပညာ၊ ကိုယ်ကျင့်တရားနဲ့ လူမှုရေး အပြောင်းအလဲတွေဆိုင်ရာ ထာဝရ တည်မြဲတဲ့ အနှစ်သာရတွေရှိတယ်ဆိုတဲ့ အမြင်တွေအပေါ် မကြာခဏ အခြေခံနေပြီး ဒီလိုအမြင်တွေကို ထပ်ဆင့် ပွားနေတာပဲ။ ထာဝရတည်မြဲတဲ့ အနှစ်သာရဆိုတဲ့ ပုံရိပ်ယောင်ကို ကျော်လွန် ရှုမြင်ခြင်း ထာဝရတည်မြဲတဲ့ အနှစ်သာရဆိုတဲ့ ပုံရိပ်ယောင်တွေ၊ တံဆိပ်အမာကို ကျော်လွန် ရှုမြင်တဲ့ ရှုထောင့်ကနေ ကြည့်ရင် ဒီလုပ်ဆောင်မှုတွေရဲ့ ဉာဏ်ပညာဆိုင်ရာနဲ့ မဟာဗျူဟာမြောက် အခြေခံအုတ်မြစ်တွေကို သေသေချာချာ ဝေဖန် ဆန်းစစ်ဖို့ လိုအပ်တယ်။ "ပညာပေးခြင်း" ဆိုတဲ့ စကားလုံးက ဘယ်လို ပုဂ္ဂလဓိဋ္ဌာန်ကျတဲ့ ပုံစံတွေ မွေးမြူပေးလဲ။ ဘယ်သူ့ရဲ့ အမှန်တရားတွေကို "အသိပညာ" အဖြစ် မြှင့်တင်နေလဲ။ ဒါ့အပြင် ဒီရည်ရွယ်ချက် ကောင်းတဲ့ လုပ်ဆောင်မှုတွေဟာ သူတို့ ဖယ်ရှားလိုတဲ့ ကိုယ်ပိုင်လက္ခဏာ၊ အာဏာနဲ့ ကိုယ်ကျင့်တရားရဲ့ တည်မြဲမှုတွေကို ဘယ်လောက်အထိ ပြန်ပြီး အားဖြည့်ပေးနေလဲ။ စာရေးသူက ခေတ်ပြိုင် NGO/CSO တွေရဲ့ အသိပညာပေးပုံစံဟာ ထာဝရတည်မြဲတဲ့ အနှစ်သာရဆိုင်ရာ လောက အမြင်တွေကို မကြာခဏဆိုသလို အမှန်တကယ် ဖြစ်တည်မှုအဖြစ် ယုံစေပြီး ပုံရိပ်ယောင် အယူအမြင်တွေ ခိုင်မာစေကာ လူသားတို့ရဲ့ ရှုပ်ထွေးမှု လျော့နည်းစေတယ်လို့ မြင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က ဆွေးနွေးညှိနှိုင်းမှု လုပ်ရမှာတွေကို ကြိုတင် ပြင်ဆင်ထားတဲ့ ဇာတ်ကြောင်းတွေနဲ့ အစားထိုးလိုက်လို့ပါပဲ။ ဆင်ခြင်သုံးသပ်မှု ပိုမိုပါဝင်တဲ့ (reflexive) နဲ့ စုပေါင်းတည်ဆောက်မှုအခြေပြု လက်တွေ့ကျတဲ့ (constructivist) လုပ်ဆောင်မှုတွေ လိုအပ်နေတယ်။ ဒါက အပေါ်စီးကနေ ပြည်သူတွေကို "သတင်းအချက်အလက်" ပေးလိုတဲ့ ဆန္ဒကို တွန်းလှန်ပြီး အောက်ခြေကနေ လွတ်မြောက်မှု၊ တာဝန်ယူမှုနဲ့ တရားမျှတမှုဆိုင်ရာ တိုးတက် ပြောင်းလဲနေတဲ့ နားလည်မှုတွေကို ပူးပေါင်း တည်ဆောက်ဖို့ပါပဲ။ "အသိပညာပေးခံရသူ" ဆိုသည့်ပုစ္ဆာ "အသိပညာပေးခြင်း" ဆိုတဲ့ စကားလုံးက အသိစိတ်ရဲ့ အဆင့်ဆင့် အလွှာအတန်းခွဲခြားမှု (hierarchy of consciousness) ကို ရည်ညွှန်းတယ်။ ဒါက "အသိရှိတဲ့/အမြင် အလင်းပွင့်တဲ့" ပညာပေးသူ/သင်တန်းဆရာနဲ့ "အသိမရှိတဲ့/အမြင် မပွင့်တဲ့" ပြည်သူတို့ပဲ။ ဒါက အသိပညာဟာ အဆင့်ဆင့် ရှိရုံသာမက တဖက်သတ် စီးဆင်းမှုနဲ့ လွှဲပြောင်းနိုင်တယ်လို့ ယူဆထားတယ်။ ပိုမြင့်တဲ့ အမှန်တရားကြီး ရှိတယ်လို့ ယူဆတယ်။ ဉာဏ်ပညာရှိတဲ့ လုပ်ဆောင်သူတွေဆီကနေ အသိဉာဏ် ချို့တဲ့သူတွေဆီ စီးဆင်းတယ်လို့ မှတ်ယူတယ်။ ဒီလိုနဲ့ အသိဉာဏ် ကင်းမဲ့မှုကို တခြားသူတွေရဲ့ အခြေအနေအဖြစ်၊ အများအားဖြင့် "ဒေသခံတွေ"၊ "ရိုးရာ အသိုက်အမြုံ" သို့မဟုတ် "မတိုးတက်တဲ့ နိုင်ငံသား" လို့ တံဆိပ် သတ်မှတ်မိနိုင်တယ်။ အသိပညာပေးခြင်းရဲ့ "လက်ခံသူ" တွေဟာ ကိုယ်ကျင့်တရားနဲ့ ဉာဏ်ပညာဆိုင်ရာ ထောက်ပံ့ရေး ကွင်းဆက်မှာ လက်အောက်ခံ သက်သက် ဖြစ်သွားကြပြီး ပညာပေးသူကတော့ အမှန်တရားကို ရထားတဲ့ အမြင့်စား အလွှာတွေ ဖြစ်လာတယ်။ ဒါတွေက တကယ်တမ်း လက်တွေ့လောကကို ထပ်ဟပ်ဖို့ထက် မိမိတို့ရဲ့ အုပ်စုယုံကြည်ချက်တွေကို ထင်ဟပ်ဖို့ပိုများတယ်။ ထာဝရ တည်မြဲတဲ့ အနှစ်သာရကို ကျော်လွန် ရှုမြင်ခြင်းဆိုင်ရာ ဝေဖန် သုံးသပ်မှုက ဒီနေရာကနေ စတယ်။ "မှားယွင်းတဲ့ အသိ" ဟာ ပြင်ပ ဝင်ရောက် စွက်ဖက်မှုနဲ့ ဖယ်ရှားပစ်ရမယ့် တည်မြဲနေတဲ့ အခြေအနေတခု ဖြစ်တယ်ဆိုတဲ့ ဒဏ္ဍာရီကို စိန်ခေါ်ရမယ်။ အသိဉာဏ် ကင်းမဲ့မှုဆိုတာ မကြာခဏဆိုသလို လက်ဝါးကြီးအုပ်ထားတဲ့ အသိပညာ စနစ်တွေနဲ့ ဆန့်ကျင်တဲ့ ရှင်သန်မှု သို့မဟုတ် လိုက်လျော ညီထွေမှု မရှိတဲ့ ပုံစံတမျိုးလည်း ဖြစ်နိုင်တယ်။ ပညာပေးခံရမယ့်သူရဲ့ ဖြစ်တည်မှုနဲ့ အရှိတရား (ontology of the subject) မမေးခွန်းထုတ်ဘဲ "အသိပညာပေးခြင်း" ဆိုတာ သူတို့ရဲ့ ကိုယ်ပိုင် အသိပညာ ပုံစံတွေ တည်ဆောက်နိုင်တဲ့ စွမ်းဆောင်နိုင်စွမ်းကို ငြင်းပယ်တာပဲ။ တစိတ်တပိုင်းပဲ ရှိတောင် နားထောင်သင့်တဲ့ အရှိတရားတွေကို မလေးစားပဲ၊ အတွေးအခေါ်ပုံစံတခုဟာ အပြည့်အဝမှန်တာ၊ အပြည့်အဝမှားတာ လို့ စဉ်းစားတိုင်းမှာ အသိပညာဆိုင်ရာမောက်မာမှုတခုကို မင်းသားမျက်နှာဖုံး စွပ်ပေးထားတတ်တယ်။ ဇာတ်ကြောင်းပုံစံနှင့် ကိုယ်ကျင့်တရားအဖြစ် ထောက်ခံအားပေးခြင်း လူထုဟောပြောပွဲတွေဟာလည်း ရိုးရှင်းတဲ့ ဇာတ်ကြောင်းပုံစံတွေအပေါ် မှီခိုနေတတ်တယ်။ ဥပမာ- သားကောင်တွေနဲ့ ကျူးလွန်သူတွေ၊ သူရဲကောင်းတွေနဲ့ လူဆိုးတွေ၊ ဖိနှိပ်ခံရတဲ့ အုပ်စုတွေနဲ့ လွတ်မြောက်စေတဲ့ အတွေးအခေါ်တွေ စတာတွေပဲ။ ဒါတွေဟာ အသုံးဝင်တဲ့ စည်းရုံးရေး ကိရိယာတွေ ဖြစ်နိုင်ပေမဲ့ ကိုယ်ပိုင်လက္ခဏာတွေကို ဆက်စပ်မှု၊ သမိုင်းနဲ့ ပြောင်းလဲနိုင်စွမ်းကို ဖုံးကွယ်ထားတဲ့ အနှစ်သာရဆိုင်ရာ တံဆိပ်အမာစား အမျိုးအစားတွေအဖြစ် မကြာခဏဆိုသလို ခိုင်မာစေတယ်။ ကိုလိုနီ အယူအဆတွေ ပုံစံ အသစ်နဲ့ ထည့်သွင်းနိုင်တယ်။ ကိုယ်ကျင့်တရားဆိုင်ရာ ကိစ္စရပ်တွေကို သေသေချာချာ အဖြေရှာရမယ့် အရာတွေအဖြစ် မမြင်ဘဲ ရှင်းရှင်းလင်းလင်း အမှန်-အမှား၊ အကောင်း-အဆိုး စဉ်းစားနိုင်တယ်ဆိုတဲ့ အယူအဆဟာ စိတ်ရဲ့ ဖျော်ဖြေမှုတခု ဖြစ်လာကာ ရှုပ်ထွေးတဲ့ အရှိတရားကို ယဇ်ပူဇော်လိုက်သလိုပဲ။ ထာဝရတည်မြဲတဲ့ ကိုယ်ပိုင်လက္ခဏာတွေအပေါ် မှီခိုမှုမှာ အမျိုးသမီးတွေကို ထာဝရသားကောင်တွေအဖြစ်၊ လူငယ်တွေကို တပြေးညီတိုးတက်တဲ့အမြင် ရှိသူတွေအဖြစ်၊ တိုင်းရင်းသား လူနည်းစုတွေကို မွေးရာပါ ဖိနှိပ်ခံရသူတွေအဖြစ် ပြသတတ်တယ်။ ဒီထောက်ခံအားပေးတဲ့ လှုပ်ရှားမှု အများစုက ဒီအုပ်စုတွေအတွင်းမှာရှိတဲ့ အတွင်းပိုင်း မတူညီမှု (internal heterogeneity) နဲ့ အငြင်းပွားဖွယ် ကိုယ်ပိုင်လက္ခဏာတွေရှိတာ လျစ်လျူရှုထားကြတယ်။ မဟာဗျူဟာမြောက် ဘဝအပေါ် ချဉ်းကပ်ခြင်းဟာ နိုင်ငံရေး ဆက်စပ်မှုတွေမှာ လိုအပ်နိုင်ပေမဲ့ စစ်ဆေးမှု မရှိဘဲ ထားတဲ့အခါ မဟာဗျူဟာအဖြစ် မဟုတ်ဘဲ အယူဝါဒအဖြစ် ပြောင်းသွားနိုင်တယ်။ ဒီလို အလွန်အကျွံ ရိုးရှင်းအောင် လုပ်ဆောင်မှုတွေဟာ အန္တရာယ်များတယ်။ ဒါတွေက နိုင်ငံရေး လက်တွေ့ဘဝတွေကို ကိုယ်ကျင့်တရားဆိုင်ရာ မြင်ကွင်းတွေအဖြစ် ပြောင်းလဲပစ်ပြီး ဒီမိုကရေစီဆန်တဲ့ ဘက်စုံပါဝင်မှုကို မထိန်းသိမ်းနိုင်တဲ့ နှစ်ပိုင်းခွဲခြား အစွန်းရောက်ခြင်းတွေ အားဖြည့်ပေးတယ်။ ဒါကြောင့် Advocacy တွေဟာ စည်းလုံး ညီညွတ်မှုနဲ့ ပူးပေါင်း ဆောင်ရွက်မှု (co-agency) မဟုတ်ဘဲ အပြစ်ရှိတယ်လို့ ခံစားရမှုနဲ့ သနားလို့ ကယ်တင် စောင်မတဲ့ ပညာပေးမှုမျိုး ဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိတယ်။ ပြည်သူ့ ပညာရေးကို ယဉ်ကျေးမှုပြုသော မစ်ရှင်အဖြစ် ရှုမြင်ခြင်းပြဿနာ CSO တွေရဲ့ ပြည်သူ့ ပညာပေးလုပ်ငန်း အများစုဟာ အထူးသဖြင့် ပဋိပက္ခလွန် သို့မဟုတ် အသွင်ကူးပြောင်းနေတဲ့ လူ့အဖွဲ့အစည်းတွေမှာ လုပ်ဆောင်တဲ့အခါ ကိုလိုနီခေတ် ယဉ်ကျေးမှုပြုခြင်း မစ်ရှင်တွေကို ပုံတူကူးမိထားကြတယ်။ ဒါတွေမှာ "ခေတ်မီ" တာကို "ခေတ်နောက်ကျ" တာနဲ့ ဆန့်ကျင်ဘက် ပြုထားတယ်။ လူ့အခွင့်အရေး၊ ကျား-မ တန်းတူညီမျှမှု၊ ဒီမိုကရေစီနဲ့ နိုင်ငံသား တာဝန်ယူမှုတွေကို ဆက်စပ်မှုရှိတဲ့ ဟောပြောချက်တွေအဖြစ် မဟုတ်ဘဲ စကြာဝဠာဆိုင်ရာ အမှန်တရားတွေအဖြစ် မိတ်ဆက်တယ်။ ဒီအမှန်တရားဆိုတာကြီးတွေကိ အလုပ်ရုံ ဆွေးနွေးပွဲတွေ၊ လက်စွဲ စာအုပ်တွေ၊ ရုပ်သံ လှုပ်ရှားမှုတွေနဲ့ လေ့ကျင့်ရေးတွေကနေ ကူးစက်စေတယ်။ ဒီလို ချမှတ်မှုတွေဟာ ဉာဏ်ပညာဆိုင်ရာ အကြမ်းဖက်မှု (epistemic violence) ဖြစ်တယ်ဆိုတာ မေ့လျော့ကုန်ကြပြီး တခြားအုပ်စုတွေရဲ့ အရှိတရားကို ကျော်ချပစ်တတ်တယ်။ ညှိနှိုင်းဆွေးနွေးမှုကို ကျော်ချပစ်ဖို့ ပိုအားသန်လာတယ်။ ဒီပညာရေး ပုံစံတွေဟာ ထာဝရ တည်မြဲတဲ့ အနှစ်သာရဆိုင်ရာ နှစ်ပိုင်း ခွဲခြားမှုတွေ ဖြစ်တဲ့ - ပညာတတ်/ပညာမဲ့၊ ခေတ်မီ/ရိုးရာ၊ တိုးတက်တာ/ခေတ်နောက်ကျတာ - စတာတွေအပေါ် တည်ဆောက်ထားတယ်။ သူတို့က အသိပညာကို ပေးအပ်ရမယ့် ပက်ကေ့ချ်တခုလို သဘောထားပြီး ပူးပေါင်း ဖန်တီးတဲ့ အဓိပ္ပာယ် နေရာအဖြစ် မသတ်မှတ်ဘူး။ ဒီပုံစံမှာ စွမ်းဆောင်ခွင့်ပေးခြင်း (empowerment) တောင် စည်းကမ်းဥပဒေသ ပုံစံတမျိုး ဖြစ်လာတယ်။ လူတွေကို ရန်ပုံငွေထောက်ပံ့သူ (Donor) နဲ့ ဆက်ဆံရာမှာ သင့်လျော်တဲ့ ဘာသာစကားတွေနဲ့ ဘယ်လို ပြောရမယ်၊ ထောက်ပံ့ကြေး ရရှိဖို့ ထိုက်တန်တဲ့ ကိုယ်ပိုင်လက္ခဏာတွေနဲ့ ဘယ်လို လိုက်လျောညီထွေ ဖြစ်အောင် လုပ်ရမယ်၊ ရန်ပုံငွေ ရရှိဖို့ သူတို့ရဲ့ နာကျင်မှုကို ဘယ်လို ဖျော်ဖြေမှုအဖြစ် ပြောင်းရမယ်ဆိုတာတွေ သင်ကြားပေးတာပဲ။ ထာဝရ တည်မြဲတဲ့ အနှစ်သာရကို ကျော်လွန် ရှုမြင်ခြင်းဆိုင်ရာ ဝေဖန်ပိုင်းခြားတဲ့ တွေးခေါ်မှုက ပညာရေးကို "ကော်ပီ" ကူးစေခြင်းအဖြစ် မဟုတ်ဘဲ ဆက်နွယ်မှုဆိုင်ရာ စုံစမ်း မေးမြန်းမှုအဖြစ် မြင်ဖို့ မိမိတို့ကို တိုက်တွန်းတယ်။ နိုင်ငံရေးနဲ့ ကိုယ်ကျင့်တရားဆိုင်ရာ ပညာရေးဟာ အသိပညာကို အငြင်းပွားနိုင်တဲ့၊ ဆက်စပ်မှုရှိတဲ့၊ လက်ရှိ မှန်တယ်လို့ ယူဆထားတာတွေလည်း ပိုကောင်းတာ တွေ့ရင် ပြောင်းလဲနိုင်တယ်လို့ အသိအမှတ်ပြုတဲ့၊ ထောင်လွှား မောက်မာခြင်း မရှိတဲ့ အသိပညာ အခြေခံတဲ့၊ အပြန်အလှန် မေးမြန်း စုံစမ်းတဲ့ ပဋိပုစ္ဆာ ဆွေးနွေးပွဲတွေ (dialogic engagements) ကနေ ပေါ်ထွက်လာရမယ်။ ကိုယ်စားပြုမှု ထောင်ချောက် အသိပညာပေးခြင်း၊ ထောက်ခံအားပေးခြင်း၊ Advocacy နဲ့ အမြင်ဖွင့်ခြင်း အားလုံးဟာ "ကိုယ်စားပြုမှု" ထောင်ချောက်ထဲ မကြာခဏဆိုသလို ကျရောက်တတ်တယ်။ သူတို့က သက်ဆိုင်ရာ အုပ်စုတွေ မပြောနိုင်ခင် သူတို့အတွက် တံဆိပ်တခု၊ နေရာတခု ပေးထားတယ်။ သားကောင်ဖြစ်မှုကို ကြိုတင် ခန့်မှန်းပြီး သားကောင်ဖြစ်မှုအပေါ် ဆုချမိတတ်တယ်။ ဆန့်ကျင်မှုကို ကြိုတင် တွေးထားတဲ့ ပုံစံတွေ အတွင်းမှာ စီစဉ်ထားတယ်။ နေထိုင်ရတဲ့ ဘဝ အတွေ့အကြုံတွေရဲ့ များပြားမှုကို ရိုးရှင်းပြီး နားလည်လွယ်တဲ့ ကိုယ်ကျင့်တရားဆိုင်ရာ အမျိုးအစားတွေအဖြစ် ပြောင်းလဲပစ်တယ်။ ဒီလို ပညာပေးရမယ့် အရာတွေ ရိုးရှင်းအောင် လုပ်ဆောင်မှုတွေဟာ အကျိုးအကြောင်းမဲ့ မဟုတ်ဘူး။ ဒါတွေဟာ အဖွဲ့အစည်းရဲ့ လိုအပ်ချက်တွေ၊ ဥပမာ- ရန်ပုံငွေ ရှာဖွေခြင်း၊ တိုင်းတာနိုင်တဲ့ ရလဒ်တွေ၊ ပရောဂျက် အစီရင်ခံခြင်းတွေအတွက် အထောက်အကူပြုတယ်။ ဒါပေမဲ့ ဒီလို လုပ်ဆောင်ခြင်းအားဖြင့် အရပ်ဘက် လူ့အဖွဲ့အစည်းက ဆန့်ကျင်တယ်လို့ ပြောတဲ့ ခိုင်မာတဲ့ စံ၊ အသိပညာနဲ့ အာဏာရဲ့ မညီမျှမှုတွေ သူ့ကိုယ်သူ ပြန်ပြီး ထုတ်လုပ်နေတာပဲ။ လူမှုရေး လက်တွေ့ဘဝတွေဟာ တည်ဆောက်ထားတာ ဖြစ်ပေမဲ့ စိတ်ကူးယဉ်မှုသက်သက် မဟုတ်ကြောင်း သတိပေးရမယ်။ ကိုယ်ပိုင်လက္ခဏာတွေဟာ မပြောင်းလဲတဲ့ အနှစ်သာရတွေ မဟုတ်ဘဲ၊ ရုပ်ပိုင်းဆိုင်ရာနဲ့ သင်္ကေတဆိုင်ရာ ကန့်သတ်ချက်တွေ အတွင်းမှာ ဆွေးနွေး ညှိနှိုင်းရတဲ့ မဟာဗျူဟာမြောက် ရပ်တည်ချက်တွေပဲ။ ဒီလို ဆန့်ကျင်ဘက် ဆက်စပ်မှု (dialectic) လျစ်လျူရှုတဲ့ မည်သည့် ပညာရေးမဆို သူ့ရဲ့ နိုင်ငံရေးဆိုင်ရာ အလားအလာကို သစ္စာဖောက်ရာ ရောက်တယ်။ တည်ဆောက်မှုအခြေပြု လက်တွေ့ကျင့်သုံးမှုဆီသို့ NGO တွေနဲ့ CSO တွေဟာ ထာဝရ တည်မြဲတဲ့ အနှစ်သာရဆိုင်ရာ သဘောထားတွေ ကျော်လွန်ချင်တယ်ဆိုရင် သူတို့ရဲ့ ပြည်သူ့ အခန်းကဏ္ဍတွေကို ဝင်တဲ့အခါ တည်မြဲတဲ့ အမှန်တရားတွေရဲ့ သာသနာပြုတွေအဖြစ် မဟုတ်ဘဲ၊ ဘက်စုံ ပါဝင်တဲ့၊ သီးခြားစီ တည်ရှိတဲ့၊ တိုးတက် ပြောင်းလဲနေတဲ့ နိုင်ငံရေးဆိုင်ရာ စိတ်ကူးဉာဏ်တွေ လွယ်ကူ ချောမွေ့အောင် လုပ်ဆောင်ပေးသူတွေအဖြစ် ပြန်ပြီး စိတ်ကူးရမယ်။ ဘုံကောင်းကျိုးကို ဆက်စပ်ပေါ်ထွန်းလာအောင် လုပ်ပေးရမယ်။ သွတ်သွင်းဖို့ မဟုတ်ဘူး။ တည်ဆောက်မှုအခြေပြု လက်တွေ့ကျင့်သုံးမှုဆိုတာ တန်ဖိုးတွေကို စွန့်ပစ်ဖို့ ဒါမှမဟုတ် ရှုပ်ထွေးမှုတွေကြောင့် ဘာမှ မလုပ်ဘဲ ငြိမ်နေဖို့ တိုက်တွန်းတာ မဟုတ်ဘူး။ အဲဒီအစား ပြည်သူ့ပညာရေးကို ပိုပြီး နှိမ့်ချတဲ့၊ အပြန်အလှန် ဆွေးနွေးတဲ့ နည်းလမ်းကို တိုက်တွန်းတယ်။ အဲဒီနည်းလမ်းက အသိပညာအားလုံးဟာ ပြည့်စုံမှုမရှိဘူး၊ အခြေအနေနဲ့ ဆက်စပ်နေတယ်၊ စစ်မှန်တဲ့ ထိတွေ့မှုတွေကနေ ပြန်လည်ပြင်ဆင်ဖို့ အမြဲတမ်း ပွင့်နေတယ်ဆိုတာကို အသိအမှတ်ပြုတယ်။ တချို့ ဇာတ်ကြောင်းတွေက ထိထိရောက်ရောက် စည်းရုံးနိုင်ပေမဲ့ မေးခွန်းထုတ်စရာ မလိုတဲ့ အယူဝါဒတွေ မဖြစ်လာသင့်ဘူးဆိုတာကိုလည်း လက်ခံတယ်။ ဒီချဉ်းကပ်မှုက တနေရာတမျိုးဆုံးဖြတ်တဲ့ထောင်ချောက်ထဲ ရောက်သွားဖို့မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ တရားမျှတမှု၊ ဂုဏ်သိက္ခာနဲ့ အခွင့်အရေးတွေကို ဆက်ပြီး ကာကွယ်နေသေးလို့ပဲ။ ဒါပေမဲ့ ဒါတွေကို အတင်းအကြပ် ချမှတ်တာမျိုး မဟုတ်ဘဲ ပူးပေါင်းဖန်တီးတဲ့ လုပ်ငန်းစဉ်တွေကနေတဆင့် ထုတ်ဖော်ပြောဆိုရမယ်လို့ အခိုင်အမာ ဆိုတယ်။ ဒါဟာ NGO ဒါမှမဟုတ် CSO တွေရဲ့ ကြိုးပမ်းမှုအားလုံးကို တဘက်စောင်းနင်း စွပ်စွဲတာလည်း မဟုတ်ဘူး။ ရည်ရွယ်ချက် ကောင်းတဲ့ အဖွဲ့အစည်းတွေတောင် ရောက်သွားနိုင်တဲ့ ထောင်ချောက်ဖြစ်တဲ့၊ တဖြည်းဖြည်း ရောက်လာတတ်တဲ့ အနှစ်သာရဝါဒတွေကို သတိထားဖို့ တိုက်တွန်းတာပဲ။ စိန်ခေါ်မှုက အရပ်ဘက် လုပ်ငန်းဆောင်ရွက်သူတွေရဲ့ အလုပ်ကို စွန့်ပစ်ဖို့ မဟုတ်ဘဲ အာဏာကို ဗဟိုချုပ်ကိုင်မှုတွေ လျှော့ချပြီး၊ လက်တွေ့ဘဝရဲ့ ရှုပ်ထွေးမှုကို အသိအမှတ်ပြုကာ ဒီမိုကရေစီ ဖြစ်ပေါ်လာမှုကို ထိန်းသိမ်းဖို့ နည်းလမ်းတွေနဲ့ စဉ်ဆက်မပြတ် ပြန်လည် စိတ်ကူးပုံဖော်ဖို့ တိုက်တွန်းချက်ပဲ ဖြစ်တယ်။ အနှစ်ချုပ်ခြင်း NGO တွေနဲ့ CSO တွေရဲ့ အသိပညာပေး လေ့ကျင့်ရေးတွေ၊ ထောက်ခံအားပေးတဲ့ ဟောပြောပွဲတွေနဲ့ လူထုပညာပေး လုပ်ငန်းတွေဟာ ဒီမိုကရေစီရေးနဲ့ ဆန့်ကျင်ရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍတွေကနေ ပါဝင်ခဲ့ကြတယ်။ ဒါပေမဲ့ သူတို့ရဲ့ လက်ရှိ လုပ်ဆောင်ပုံတွေဟာ ပိုနက်ရှိုင်းတဲ့ ဉာဏ်ပညာဆိုင်ရာ ပျက်ကွက်မှု မကြာခဏ ဖော်ပြနေတယ်။ အနတ္တလောကမှာ ဒါက အရာဝတ္ထုပြုခြင်း (objectify)၊ အမျိုးအစား ခွဲခြားခြင်း (categorize) နဲ့ နိုင်ငံရေး မဟုတ်အောင် လုပ်ဆောင်ခြင်း (depoliticize) တွေ ဖြစ်ပေါ်စေတဲ့ ထာဝရ တည်မြဲတယ်ဆိုတဲ့အနှစ်သာရမူဘောင်တွေ ပြန်ပြီး ထုတ်လုပ်နေတာပဲ။ ဘုံကောင်းကျိုးကို စစ်မှန်စွာ ပျိုးထောင်ဖို့အတွက် အရပ်ဘက်အဖွဲ့အစည်းရဲ့ သာသနာပြု ပုံစံ စွန့်လွှတ်ပြီး ဘက်စုံပါဝင်တဲ့၊ ဆင်ခြင် သုံးသပ်တဲ့နဲ့ ဖွင့်ဟထားတဲ့ တည်ဆောက်မှုပဓာနလက်တွေ့ကျင့်သုံးမှု (constructivist praxis) လက်ခံရမယ်။ ရည်မှန်းချက်က လူတွေ အသိဉာဏ်ရှိအောင် အမြင်ပွင့်အသိဉာဏ်တွေ ရလာအောင် လုပ်ဖို့ မဟုတ်ဘဲ၊ လူတွေကို ဘဝအဓိပ္ပာယ်ရဲ့ ပူးပေါင်း ဖန်တီးသူတွေ ဖြစ်အောင် လုပ်ဖို့ပဲ။ ရေရှည်မှာ ဒါကပဲ အရေးကြီးတဲ့ အသိဉာဏ် ဖြစ်ပါတယ်။
0 Comments
|
ဆောင်းပါးရှင်ဆန်းစ စာမရီ Archives |