ဆောင်းပါးများ
မိမိ၏မောဟအတိုင်းအတာကို သိမှသာ မှန်သော အသိသုတဖြစ်သည်။
-ကွန်ဖြူးရှပ်
-ကွန်ဖြူးရှပ်
4/25/2025 0 Comments ဗမာဇာတ်သွင်းခြင်းကိုလိုနီခေတ်တုန်းကတော့ Burmanization ဆိုတဲ့ ဝေါဟာရကို ဗြိတိသျှတွေ သုံးရာမှာ ရိုးရှင်းတဲ့ လုပ်ငန်းစဉ်တခုအနေနဲ့ စတင်ခဲ့တယ်။ ဗမာဘာသာစကားနဲ့ ဓလေ့ထုံးတမ်းတွေကို အသုံးပြုပြီး အုပ်ချုပ်ရေးယန္တရားကို ဒေသခံတွေအတွက် ပိုမိုလက်တွေ့ကျအောင် ပြုလုပ်ဖို့ ရည်ရွယ်ခဲ့တယ်။ ဗမာမှုပြုခြင်းလို့ ဆိုလိုတယ်။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ ဒီဖြစ်စဉ်ဟာ ပိုမိုရှုပ်ထွေးပြီး ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တဲ့ ဗျူဟာတခုအဖြစ် ပြောင်းလဲလာခဲ့တယ်။ ဒီနေ့မှာတော့ Burmanization ဆိုတာ ဗမာဇာတ်သွင်းခြင်းလို့ ဆိုလိုပြီး တနိုင်ငံလုံးကို ဗမာလက္ခဏာသွတ်သွင်းခြင်း၊ ဌာနေလူမျိုးတွေကို ဗမာ့သမိုင်း၊ ဗမာ့လက္ခဏာ၊ ဗမာ့နေနည်းကို ပဓာနထားလာအောင် ပြုလုပ်ခြင်းများအဖြစ် ဖိအားပေးတဲ့ လုပ်ငန်းစဉ်တခုအဖြစ် သတ်မှတ်နိုင်ပါတယ်။ ဒါဟာ ဗမာမဟုတ်တဲ့ ယဉ်ကျေးမှုတွေ၊ ဘာသာစကားတွေ၊ နိုင်ငံရေးအမွေအနှစ်နဲ့ သင်္ကေတတွေကို ဗမာယဉ်ကျေးမှုရဲ့ လွှမ်းမိုးမှုအောက်မှာ ရပ်တည်ဖို့ နိုင်ငံတော်စပွန်ဆာနဲ့ ဖိအားပေးတဲ့ ဖြစ်စဉ်တခု ဖြစ်လာတယ်။ ဗမာဇာတ်သွင်းခြင်းရဲ့ အူတိုင်က ဗဟိုချုပ်ကိုင်မှုနဲ့ ခွဲခြားလို့မရပါဘူး။ ဗဟိုချုပ်ကိုင်မှုဟာ နိုင်ငံရေးအာဏာတင်မကဘဲ အကြမ်းဖက်ခွင့်အာဏာကို လက်ဝါးကြီးအုပ်မှု၊ စီးပွားရေးအာဏာကို လက်ဝါးကြီးအုပ်မှုနဲ့ သမိုင်းဇာတ်ကြောင်းကိုလက်ဝါးကြီးအုပ်ဖို့ ရည်ရွယ်တဲ့ လုပ်ရပ်တွေကို ဆိုလိုတယ်။ ဒီလိုနည်းလမ်းတွေကနေ အာဏာဟာ စစ်တပ်နဲ့ လူနည်းစုအထက်တန်းလွှာတွေလက်ထဲမှာ စုစည်းသွားပါတယ်။ ဗမာဇာတ်သွင်းခြင်းဆိုင်ရာ မူဝါဒတွေကို အားပေးတဲ့ နိုင်ငံတော်ဟာ ယဉ်ကျေးမှုကို အာဏာခိုင်မာစေဖို့ ကိရိယာတခုအနေနဲ့ အသုံးချပါတယ်။ ဗမာဇာတ်သွင်းလိုက်တဲ့အခါ ဗမာမဟုတ်တဲ့ ဌာနေလူမျိုးတွေ ဗမာဖြစ်လာကြပါတယ်။ ဒီကနေ ဗမာလူထုအနေနဲ့ လူမှုရေးအရင်းအနှီးပိုရလာတယ်။ ဗမာစကားတတ်ခြင်းနဲ့ ဗမာ့လက္ခဏာက စီးပွားရေးအရင်းအနှီးနဲ့ စီးပွားရေး တန်ဖိုးတွေ ဖြစ်လာတယ်။ ဗမာတွေက ဥပဒေကို ပိုနားလည်နိုင်သလို ပိုချောင်ချိတယ်။ ယဉ်ကျေးမှုနဲ့ သမိုင်းမှာ စိုးမိုးနိုင်တယ်။ ဗမာတဦးဟာ သူ့ဖြစ်တည်မှုကို အတည်ပြုဖို့ မလိုဘူး။ ကျောင်းမှာ သင်တဲ့သမိုင်းနဲ့ အိမ်မှာသိတဲ့ သမိုင်းက အများကြီးမကွာဘူး။ လူမှုကွန်ရက်တွေ၊ မိတ်ဆွေတွေ၊ နားလည်မှုတွေ၊ အသက်မွေးဝမ်းကျောင်းရွေးမယ့် တက္ကသိုလ်ဝင်တန်းလို အချိန်မှာ ဗမာစာကို ဖြေရတဲ့အခါလို ကိစ္စနဲ့၊ မှတ်ပုံတင်လိုအရာတွေက အစ သိပ်ကြိုးစားစရာမလိုဘဲ ရနိုင်တယ်။ ဒီလိုအကျိုးတွေ အနည်းနဲ့အများရှိကြပါတယ်။ ဗမာမှုပြုခြင်းရဲ့ နည်းလမ်းတွေဟာ စာပေ၊ ဗီဒီယို၊ ဂီတ၊ အနုပညာနဲ့ ပညာရေးဆိုင်ရာ ပစ္စည်းတွေကနေ စတင်ပြီး လူမှုရေး "စံနှုန်း" နဲ့ "ပုံသေလုပ်ငန်း" တွေကို ချမှတ်ခြင်းအထိ ကျယ်ပြန့်ပါတယ်။ ပြီးတော့ ရွှေ့ပြောင်းလုပ်သားတွေနဲ့ စီးပွားရေးလွှမ်းမိုးမှုတွေကလည်း ဒီဖြစ်စဉ်ကို ထောက်ပံ့ပေးပါတယ်။ ဒီလိုနည်းနဲ့ နိုင်ငံတော်ဟာ ဌာနေတိုင်းရင်းသားလူမျိုးလက္ခဏာတွေကို ဖိနှိပ်ပြီး သူတို့ရဲ့ ရိုးရာယဉ်ကျေးမှုတွေကို လုယက်ဝါးမြို ပုံသွင်းယူပါတယ်။ ရလဒ်အနေနဲ့ ဌာနေတိုင်းရင်းသားလူမျိုးတွေဟာ သူတို့ရဲ့ သမိုင်းကြောင်းနဲ့ ဝေးကွာလာပြီး စီးပွားရေးအရ ချို့တဲ့လာကာ မြေယာသိမ်းယူမှုတွေ၊ လူကုန်ကူးမှုတွေနဲ့ ရင်ဆိုင်ရပြီး လူမှုရေးအရ ပြိုကွဲလာပါတယ်။ ဗမာဇာတ်သွင်းခြင်းဟာ ယဉ်ကျေးမှုဆိုင်ရာ ဖော်ပြချက်တွေကို ပြောင်းလဲရုံသာမက လူ့အဖွဲ့အစည်းရဲ့ အခြေခံအဆောက်အအုံကိုပါ ပြောင်းလဲစေပါတယ်။ ရိုးရာအုပ်ချုပ်ရေးစနစ်တွေကို အားနည်းစေပြီး နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို စိန်ခေါ်မှုတွေကို ဖယ်ရှားလိုက်တာကြောင့် မြေယာနဲ့ သယံဇာတတွေနဲ့ ပတ်သက်တဲ့ တရားရေးပြဿနာတွေကို ပိုမိုလွယ်ကူစွာ ဖြေရှင်းနိုင်ပါတယ်။ နိုင်ငံတော်က မြေတွေသိမ်းလိုက်လို့ တခြားနိုင်ငံမှာ အလုပ်သွားလုပ်ရင်း လူကုန်ကူးခံကြရပါတယ်။ တခြားဒေသမှာ အလုပ်သွားလုပ်ရင်း တောရိုင်းဥပဒေသလိုပဲ အားနည်းသူတွေ နင်းပြားဖြစ်ကုန်ကြရပါတယ်။ ဌာနေတိုင်းရင်းသားလူမျိုးတွေရဲ့ ရပိုင်ခွင့်တွေ အားနည်းလာတာနဲ့အမျှ နိုင်ငံတော်ဟာ သတ္တု၊ သစ်နဲ့ ရေကဲ့သို့သော သဘာဝသယံဇာတတွေကို ပိုမိုလွယ်ကူစွာ ရယူနိုင်ပါတယ်။ ဒါဟာ စီးပွားရေးအရ ခေါင်းပုံဖြတ်ခံရခြင်းနဲ့ သယံဇာတတွေကို ထုတ်ယူခြင်းဆီ ဦးတည်သွားစေပါတယ်။ စာရင်းချို့ ချကြည့်ပါမယ်။
တချို့ ဌာနေတိုင်းရင်းသားလူတွေဟာ ရှင်သန်ဖို့ ဗမာအမှတ်သညာကို လက်ခံကြပေမယ့်၊ အများစုကတော့ သူတို့ရဲ့ ယဉ်ကျေးမှုနဲ့ နိုင်ငံရေးအမွေအနှစ်ကို ကာကွယ်ဖို့ လက်နက်ကိုင်တော်လှန်ရေးတွေအထိ ပြုလုပ်ကြပါတယ်။ ဒီအတွင်းပိုင်းပဋိပက္ခတွေဟာ ဗမာအများစုနဲ့ တိုင်းရင်းသားလူနည်းစုတွေကြားမှာ နားလည်မှုလွဲမှားမှုတွေနဲ့ တင်းမာမှုတွေကို ဖြစ်စေပါတယ်။ ဒါ့အပြင် တိုင်း ၇ ခုခွဲထားလို့ ဗမာဦးဆောင်မှု ဗမာ့တာဝန်ခံမှုဟာ ခေါင်းကွဲပြီး တစုတစည်းတည်း နိုင်ငံရေးအာဏာကိုင်သူဟာ စစ်တပ်သာလျှင် ဖြစ်လာပါတယ်။ ကျန်တာအားလုံးဟာ စစ်တပ်နဲ့ အာဏာလုဘက်သာ ဖြစ်လာပြီး ဗမာလူထုဘက်မှာ တာဝန်ခံနိုင်မှု မရှိတော့ပါဘူး။ တကယ်တမ်း ဗမာမှုပြုခြင်းရဲ့ အဓိကအကျိုးကျေးဇူးခံစားသူတွေဟာ သာမန်ပြည်သူတွေ မဟုတ်ဘဲ စီးပွားရေးအလွှာနဲ့ နိုင်ငံအီလစ်တွေပါ။ စစ်တပ်ဟာ အာဏာနဲ့ အမြတ်အစွန်းတွေကို တိုးချဲ့ပြီး ဒီဖြစ်စဉ်ကို အသုံးချကာ စီးပွားရေးအကျိုးအမြတ်တွေ ရယူပါတယ်။ အုပ်စုနဲ့ပတ်သက်သူတွေဟာ မယှဉ်နိုင်တဲ့ စီးပွားရေး အခွင့်အလမ်းတွေကို ရရှိပြီး ဗမာနိုင်ငံရေးသမားတွေဟာ အဖေလိုပုံ တရားဝင်မှုကို အသုံးချပြီး အာဏာတည်ဆောက်ပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေဟာလည်း လူမျိုးစုပေါင်းစုံနဲ့ လုပ်ကိုင်ရမယ့်အစား ဗဟိုချုပ်ကိုင်မှုရှိတဲ့ နိုင်ငံတော်နဲ့ လုပ်ကိုင်ရတာ ပိုမိုလွယ်ကူပါတာမို့ ရောချကြပါတယ်။ အီလစ်တွေအတွက် အကျိုးအရှိဆုံးဖြစ်ပါတယ်။ အတိုချုပ်ပြောရရင် ဗမာမှုပြုခြင်းဟာ ယဉ်ကျေးမှုကွဲပြားမှုကို နိုင်ငံရေးနဲ့ စီးပွားရေးထိန်းချုပ်မှုအတွက် လက်နက်အဖြစ် အသုံးချတဲ့ ဗျူဟာတခုပါ။ ဒါဟာ ဗဟိုချုပ်ကိုင်မှုရဲ့ ကိရိယာတခုဖြစ်ပြီး အာဏာရှင်တွေက အုပ်ချုပ်ရေးကို ရိုးရှင်းအောင်၊ သယံဇာတတွေကို ထိန်းချုပ်ဖို့နဲ့ ဇာတ်ကြောင်းတွေကို ပြန်လည်ရေးသားဖို့ အသုံးပြုပါတယ်။ တချိန်တည်းမှာပဲ တိုင်းရင်းသားလူမျိုးစုတွေရဲ့ ကိုယ်ပိုင်လက္ခဏာတွေကို ဖျက်သိမ်းလိုက်ပါတယ်။ ဒီစနစ်ဟာ အပေါ်ယံမှာ ဗမာလူထုကို အနည်းနဲ့အများ အကျိုးရှိစေတယ်လို့ မြင်ရပေမယ့် ဒီကနေ အီလစ်တွေက အကျိုးအမြတ်ရသလို စစ်တပ်က ပြည်တွင်းစစ်ကိုပြပြီး တရားဝင်မှုကို ထုတ်လုပ်သလို စစ်သားလည်း စုဆောင်းပါတယ်၊ စီးပွားရေးအမြတ်လည်း ရှာပါတယ်။ ဒါတွေက ရေရှည်မှာ ဗမာလူထုအတွက်လည်း ပြန်ထိခိုက်ပါတယ်။ မြန်မာမှာ ဒီပြဿနာဟာ လှိုက်စားနေပြီး ဖြေရှင်းရမယ့် အနာဆွေး ဖြစ်ပါတယ်။
0 Comments
Leave a Reply. |
ဆောင်းပါးရှင်ဆန်းစ စာမရီ Archives |