6/18/2025 0 Comments ဝပြည်(ယခုစာမှာ Draft မူကြမ်းဖြစ်၍ အချက်အလက်ကို နောက်ဆုံးအကြိမ် ပြန်လည်မစစ်ဆေးရသေးပါ။)
မြန်မာ-တရုတ်နယ်စပ်ဒေသ တဝိုက်ရှိ တောင်ကုန်းများတွင် နေထိုင်ကြသော ဝလူမျိုးများသည် ၎င်းတို့၏ သီးခြားရပ်တည်မှုနှင့် လွတ်လပ်သောဘဝပုံစံကြောင့် ရာစုနှစ်ပေါင်းများစွာကတည်းက "တောင်ပေါ်မှ တောရိုင်းလူများ" အဖြစ် လူသိများခဲ့သည်။ ဒဏ္ဍာရီဆန်သော သမိုင်းကြောင်းနှင့် ပြင်းထန်သော လွတ်လပ်သည့် စိတ်ဓာတ်တို့ဖြင့် ထူးခြားသည့် ဝလူမျိုးတို့သည် ကိုလိုနီခေတ်နှင့် ကိုလိုနီခေတ်လွန်ကာလများကြား ရှုပ်ထွေးသော သမိုင်းတခုကို ဖြတ်သန်းခဲ့ရသည်။ ဝလူမျိုးတို့၏ သမိုင်းကြောင်းသည် တိကျသော မှတ်တမ်းများရရှိရန် ခက်ခဲပြီး ဒဏ္ဍာရီများနှင့် မှန်းဆမှုများဖြင့် ပြည့်နှက်နေသည်။ ဝလူမျိုးများအကြောင်းကို ဗမာစာထက် တရုတ်စာဖြင့်သာ ပိုမိုလေ့လာနိုင်ပြီး ပုဂံကျောက်စာများတွင် ဝရွာများရှိခဲ့ကြောင်း တွေ့ရှိရသည်။ ဝလူမျိုးများသည် ဩစထရို-အေးရှန်း ဘာသာစကားအုပ်စုဝင် မွန်-ခမာ ဆက်စပ်စကားများ ပြောကြသည်။ ၎င်းတို့သည် မြန်မာနိုင်ငံမြောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ် အရှေ့ဘက်ပိုင်းနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ ကြမ်းတမ်းသော တောင်တန်းဒေသများတွင် နေထိုင်ကြသည်။ မာတင်စမစ်က ဝလူမျိုးများသည် လူဦးရေနည်းပါးပြီး ကမ္ဘာ့နိုင်ငံတိုင်းတွင် ဝိုင်းပယ်ခံရဆုံး လူနည်းစုတခုဖြစ်ကြောင်း မှတ်တမ်းတင်ထားသည်။ ဗြိတိသျှတို့ အုပ်ချုပ်စဉ်က ဝတို့၏ အချက်အချာဒေသများသို့ ပေါက်ရောက်မှု မရှိသလောက်ဖြစ်ပြီး ဝလူမျိုးစုကို "အရိုင်း" နှင့် "အယဉ်" ဟူ၍သာ နှိမ့်ချဖော်ပြတတ်ခဲ့ကြသည်။ မှတ်တမ်းတင်မှုများတွင်လည်း ခေါင်းဖြတ်ဓလေ့တခုတည်းကိုသာ ဖော်ပြခဲ့ကြသည်။ ဗြိတိသျှလက်ထက်တွင်လည်း သန်းခေါင်စာရင်း အတိအကျ ကောက်ယူနိုင်ခြင်းမရှိဘဲ လူဦးရေ ခန့်မှန်းတွက်ချက်မှုသာ ရှိခဲ့သည်။ ဗြိတိသျှတို့သည် ဝဒေသကို ဝေးလံပြီး ငှက်ဖျားရောဂါများ ပေါများသည့်ဒေသအဖြစ် သတ်မှတ်ကာ (ဝစော်ဘွား၏ မိုင်းလွန်းနယ်မှလွဲ၍) အုပ်ချုပ်မှု မရှိခဲ့ပေ။ ဝဒေသတွင်လည်း ထောင်ချောက်များ ရှိတတ်ပြီး မသင်္ကာသူများသည် ဝင်ရောက်ရန် ခက်ခဲသလို ဝင်ပြီးပါကလည်း ထွက်ခွာရန် ခက်ခဲတတ်သည်။ ၁၉ ရာစုနှောင်းပိုင်းတွင် ဗြိတိသျှအရာရှိ ဂျိမ်းစ်ဂျော့ခ်ျစကော့နှင့် ၁၉၃၇ ခုနှစ်တွင် ဗီစီပစ်ချ်ဖို့ဒ်တို့သည် ဝဒေသသို့ ရောက်ရှိကာ မှတ်တမ်းများ တင်နိုင်ခဲ့ကြသည်။ ဗြိတိသျှအုပ်ချုပ်မှုအောက် (၁၈၈၅-၁၉၄၈) တွင် မြန်မာပြည်သည် ကိုလိုနီဖြစ်ခဲ့သော်လည်း ရှမ်းပြည်နယ်များသည် ဗြိတိသျှသရဖူလက်အောက်ခံနယ်များအဖြစ် တည်ရှိခဲ့ပြီး ဝတောင်တန်းဒေသများမှာ "အစိုးရအုပ်ချုပ်မှုမရှိသော" ဒေသများအဖြစ် ဆက်လက်တည်ရှိခဲ့သည်။ ဗြိတိသျှတို့သည် တရုတ်နယ်စပ်လုံခြုံရေးအတွက် ရှမ်းပြည်နယ်များကို သိမ်းပိုက်ခဲ့သော်လည်း ဝတောင်တန်း ဒေသများကို အုပ်ချုပ်ရန် လက်တွေ့စိန်ခေါ်မှုများစွာ ကြုံတွေ့ခဲ့ရသည်။ တရုတ်အုပ်ချုပ်ရေးမှူးများသည်လည်း ဝတောင်တန်းဒေသများကို ရှောင်ရှားခဲ့ကြသည်။ ဗိန်းငင်းနယ် နောက်ဆုံးစော်ဘွား၏သား မဟာစန်းက "ကျွန်ုပ်တို့ စည်းလုံးနေတဲ့အခါ၊ ဗြိတိသျှတွေတောင် ကျွန်ုပ်တို့ရဲ့ နယ်မြေကို ထိန်းချုပ်မရဘူး" ဟု ပြောခဲ့သည်ဟု ဆိုသည်။ သမိုင်းကြောင်းအရ ဝလူမျိုးများသည် မိရိုးဖလာအလုပ် လယ်ယာစိုက်ပျိုးခြင်းကိုသာ လုပ်ကိုင်ခဲ့ကြပြီး စိုက်ပျိုးရေးနှင့် သက်ဆိုင်သော ပွဲတော်များကို ယနေ့တိုင် ကျင်းပဆဲဖြစ်သည်။ ၎င်းတို့သည် သစ်သားဗုံများ တီးခတ်ကာ ကခုန်လေ့ရှိပြီး တရုတ်ပြည်တွင် ဝရိုးရာဆံပင်လွှဲအကသည် ခရီးသွားများကို ဆွဲဆောင်လျက်ရှိသည်။ ဝလူမျိုးအများစုသည် နတ်ကိုးကွယ်မှုကို အဓိကထား ယုံကြည်ကြပြီး နာဂလူမျိုးတို့၏ ဓလေ့များနှင့် အလွန်ဆင်တူသည်။ ကျွဲမွေးမြူ၍ ယစ်ပူဇော်သော ဓလေ့များလည်းရှိသည်။ ရှေးယခင်က အမျိုးသားတိုင်း လူခေါင်းသုံးကြိမ်ဖြတ်ဖူးရမည်ဟူသော ဓလေ့ထုံးတမ်းရှိခဲ့သည့် ဒေသများလည်း ရှိခဲ့သည်။ ခေါင်းများကို ချိတ်ထားပါက မကောင်းဆိုးဝါးများ မလာနိုင်ဟု ယုံကြည်သည်ဟုဆို၏။ လူခေါင်းများ မဖြတ်လိုသူများအတွက် အသင့်ဝယ်ယူနိုင်သော ခေါင်းများလည်း ရှိခဲ့ပြီး လူသေအလောင်းမှ ခေါင်းဖြတ်ယူခြင်း သို့မဟုတ် အိမ်အောက်တွင် အလောင်းများမြှုပ်နှံထားခြင်းများလည်း ရှိခဲ့သည်။ နယ်မြေပြင်ပတွင်လည်း လူခေါင်းဖြတ်ခြင်းကို မပြုလုပ်ပေ။ နောင်အခါတွင်မူ ကျွဲခေါင်းနှင့် ခွေးခေါင်းများဖြင့် အစားထိုးချိတ်ကြသည်ကို တွေ့ရသည်။ ခရစ်ယာန်ဘာသာနှင့် ဗုဒ္ဓဘာသာသို့ ကူးပြောင်းပြီးသော ဝလူမျိုးများတွင်မူ မူလဓလေ့များနှင့် ကွဲပြားမှုများ ရှိသည်။ ၁၆၅၀-၁၈၀၀ ကြား မှတ်တမ်းများတွင် ဝလူမျိုးတို့၏ စီးပွားရေးသည် ဘိန်းနှင့် ငွေတူးဖော်ရေးပေါ်တွင် အခြေခံပြီး တရုတ်ကုန်သည်များနှင့် (အထူးသဖြင့် ယူနန်ပြည်နယ်တွင် ၁၈၅၅-၁၈၇၃ ခုနှစ် ပုန်ကန်မှုအပြီး ကုန်သွယ်ရေးလမ်းကြောင်းများကို ထိန်းချုပ်ခဲ့သော ပန်သေးလူမျိုးများနှင့်) ကုန်သွယ်ခဲ့ကြ၏။ ဝလူမျိုးများသည် ရှမ်းစော်ဘွားများနှင့် လန်နဘုရင်များထံ အခွန်အတုပ်များ ပေးဆောင်ခဲ့ပြီး ထိုဘုရင်များသည်လည်း ၎င်းတို့အား မူရင်းဌာနေလူမျိုးများအဖြစ် အသိအမှတ်ပြုခဲ့ကြသည်။ ဒုတိယကမ္ဘာစစ် (၁၉၄၂-၁၉၄၅) အတွင်း ဝတောင်တန်းဒေသများသည် တိုက်ပွဲအနည်းငယ်သာ ကြုံတွေ့ခဲ့ရသည်။ ဂျပန်တို့သည် ၁၉၄၂ ခုနှစ်တွင် မြန်မာနိုင်ငံကို သိမ်းပိုက်ခဲ့ပြီးနောက် ကျိုင်းတုံနှင့် မိုင်းပန်တို့ကို ဂျပန်မဟာမိတ်ဖြစ်သော ထိုင်းနိုင်ငံသို့ ၁၉၄၅ ခုနှစ်အထိ ပေးအပ်ခဲ့သည်။ လားရှိုးမှ ကူမင်းသို့ ဆက်သွယ်ထားပြီး တရုတ်တပ်ဖွဲ့များကို ထောက်ပံ့ခဲ့သည့် နာမည်ကျော် ဘားမားလမ်းနှင့် စတီးဝဲလ် (လီဒို) လမ်းမကြီးတို့သည်လည်း ဝတောင်တန်းဒေသများကို ရှောင်ကွင်းခဲ့သည်။ ၁၉၃၀ ပြည့်လွန်နှစ်များတွင် အမေရိကန်နှစ်ခြင်းခရစ်ယာန်သာသနာပြု မာကပ်စ်ဗင်းဆင့်ယန်း ရောက်ရှိလာခြင်းနှင့်အတူ ဝလူမျိုးတို့၏ သီးခြားနေထိုင်သည့် လူနေမှုတံတိုင်းကြီးမှာ စ၍ပြိုလာခဲ့သည်။ သူ၏ဖခင် ဝီလျံယန်းသည် ၁၉၀၁ ခုနှစ်ကတည်းက လားဟူလူမျိုးများအကြားတွင် သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ ဗင်းဆင့်ယန်းသည် လားဟူနှင့် ကရင်တို့၏ ကယ်တင်ရှင်လူဖြူတဦးအကြောင်း ဒဏ္ဍာရီများကို အခြေခံယူ၍ ၁၉၃၃ ခုနှစ်တွင် ဝဘာသာစကားကို ရိုမန်နိုက်စ်ဘာသာအဖြစ် ပြောင်းလဲခဲ့ပြီး ၁၉၃၉ ခုနှစ်တွင် ဓမ္မသီချင်းများနှင့် သမ္မာကျမ်းစာအပြည့်အစုံကို ထုတ်ဝေခဲ့သည်။ သူသည် Menglian တွင် ဘုရားရှိခိုးကျောင်းနှင့် ကျောင်းတကျောင်းကို တည်ထောင်ကာ ဝနှင့် လားဟူလူမျိုးများကို ပညာသင်ကြားပေးခဲ့ရာ အများအပြားသည် သင်းအုပ်ဆရာများ ဖြစ်လာခဲ့သည်။ ဤကြိုးပမ်းမှုများသည် စာတတ်မြောက်မှုတိုးစေ၍ ခရစ်ယာန်ဘာသာကို မိတ်ဆက်ပေးခဲ့သော်လည်း ဝလူမျိုးအများစုတွင် နတ်ကိုးကွယ်မှုများ ဆက်လက်ရှိနေခဲ့ကြသည်။ ၁၉၅၇ ခုနှစ်တွင် ဝစာပေကို လက်ရေးဖြင့် စတင်သုံးစွဲခဲ့သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှုနှင့် ဝလူမျိုးတို့၏ အခန်းကဏ္ဍသည် ရှုပ်ထွေးပြီး သိမ်မွေ့သော သမိုင်းကြောင်းတခုဖြစ်သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးနီးကပ်လာသောအခါ ဦးနု ဦးဆောင်သော ၁၉၄၇ ခုနှစ် နယ်စပ်ဒေသစုံစမ်းရေး ကော်မတီသည် မေမြို့၌ တိုင်းရင်းသားလူနည်းစုများ၏ အနာဂတ်ကို ဆွေးနွေးရန် စုဝေးခဲ့သည်။ ထိုစဉ်က ရှမ်း၊ ကချင်၊ ချင်းနှင့် ကရင်နီတို့သည် ဖက်ဒရယ်ဖွဲ့စည်းပုံအတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ရရှိရန် မျှော်လင့်ခဲ့ကြသော်လည်း ကရင်လူမျိုးများက ဗြိတိသျှ၏ အချုပ်အခြာအာဏာပိုင် အခြေအနေကို တောင်းဆိုခဲ့သည်။ ဝကိုယ်စားလှယ်များ (မိုင်းလွန်၊ ဆွန်းလုံ၊ မိုင်းကုန်းနှင့် မိုင်းမွန်) သည် ရှင်းလင်းသော နိုင်ငံရေးအမြင်ကို ထုတ်ဖော်ခဲ့ခြင်းမရှိပေ။ ပင်လုံစာချုပ် (၁၉၄၇) သည် ရှမ်း၊ ကချင်နှင့် ချင်းတို့အား ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ခွဲထွက်ခွင့် (၁၉၅၈ ခုနှစ်နောက်ပိုင်း) ကို ပေးအပ်ခဲ့သော်လည်း ဝလူမျိုးများသည် ဤအစီအစဉ်များ၏ အပြင်ဘက်တွင် ရှိနေခဲ့ပြီး ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ဝတောင်တန်းဒေသများအပေါ် မြန်မာနိုင်ငံ၏ တကယ့်တရားစီရင်ပိုင်ခွင့် မရှိခဲ့ပေ။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း နိုင်ငံရေးပြောင်းလဲမှုများသည် ဝဒေသအပေါ် များစွာ သက်ရောက်ခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ချုပ် (ဖဆပလ) မှ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ကို ထုတ်ပယ်လိုက်ခြင်းသည် ဗကပအား မြေအောက်သို့ ရောက်ရှိစေခဲ့ပြီး ၁၉၄၉ ခုနှစ်တွင် တနိုင်ငံလုံးမှ တစတစ ဝတောင်တန်းဒေသများအနီးသို့ ပျံ့နှံ့သွားခဲ့သော ပြည်တွင်းစစ်ကို ဖြစ်ပေါ်စေခဲ့ရာ လက်နက်ကိုင်ပြောက်ကျား ၁၅,၀၀၀ မျှ ပါဝင်ခဲ့သည်။ စစ်အေးခေတ်သည် ဝဒေသသို့ စိန်ခေါ်မှုအသစ်များ ယူဆောင်လာခဲ့သည်။ ၁၉၅၀ ပြည့်နှစ်များတွင် မိုင်းလွိုင်၊ နာဝီနှင့် ဗိန်းငင်းနယ်များနှင့် ယန်းစော်ဘွားမိသားစုတို့၏ ပဒေသရာဇ်နယ်များသည် ရိုးရာမြေရှင်ပဒေသရာဇ်စနစ်မျှ အခြေအနေများ ဖြစ်သည်ဟု ဆိုသည်။ ယင်းအခြေအနေများမှာ ရှမ်းတော်လှန်ရေး၊ ကူမင်တန်နှင့် စစ်အာဏာသိမ်းမှုများကြောင့် ပြောင်းလဲသွားခဲ့သည်။ ၁၉၆၀ ပြည့်နှစ်တွင် ရှမ်းပြည်နယ်လွတ်လပ်ရေးတပ်မတော်ကို ဖွဲ့စည်းခဲ့ပြီး ကချင်လွတ်မြောက်ရေး တပ်မတော်ကို ၁၉၆၁ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။ ဗိုလ်ချုပ်နေဝင်း၏ ၁၉၆၂ ခုနှစ် အာဏာသိမ်းမှုသည် တရုတ်-မြန်မာ ဆက်ဆံရေးကို ဆိုးရွားစေခဲ့ပြီးနောက် ဝတောင်တန်းဒေသများသည် ဗကပ၏ ဩဇာလွှမ်းမိုးမှုအောက်သို့ ရောက်ရှိလာခဲ့သည်။ စစ်အာဏာသိမ်းမှုသည် တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ထိခိုက်စေပြီး စစ်အုပ်ချုပ်ရေးကို ဖန်တီးခဲ့သည်။ ထိုအချိန်တွင် ရှမ်းတော်လှန်ရေးနှင့် ပူးပေါင်းသော ဝစော်ဘွားမျိုးဆက်များ ရှိသလို၊ ဗကပနှင့် ပေါင်းသူလည်းရှိ၊ စစ်တပ်နှင့် ပေါင်းသူလည်းရှိပြီး မိမိတို့ဒေသကို ခုခံလျက် စစ်တပ်ကို ပြန်တိုက်သူများလည်း ရှိခဲ့သည်။ တရုတ်နိုင်ငံသည် ဗကပကို ထောက်ခံလာခဲ့ပြီး ပြည်နှင်ဒဏ်ခံနေရသူများကို ၁၉၆၂ ခုနှစ်တွင် ဗိုလ်နေဝင်းဆန့်ကျင်ရေး ဝါဒဖြန့်မှုများ ထုတ်ပြန်ခွင့်ပြုခဲ့သည်။ ၎င်းသည် ဗကပကို ပိုမိုအသက်ဝင်စေခဲ့ပြီး ဒေသကို ပိုမိုမတည်ငြိမ်ဖြစ်စေခဲ့သည်။ နေဝင်း၏ ၁၉၆၃ ခုနှစ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသည် ဗကပခေါင်းဆောင်များအား ၎င်းတို့၏ ပဲခူးရိုးမတပ်ဖွဲ့များနှင့် ပြန်လည်ဆက်သွယ်ရန်နှင့် နယ်စပ်ကျူးကျော်မှုများကို စီစဉ်ရန် အမှတ်မထင် ခွင့်ပြုပေးခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် ဗကပကေဒါများသည် ယူနန်မှ ထိုးဖောက်ဝင်ရောက်မည့် လမ်းကြောင်းများကို စစ်ဆေးခဲ့ကြပြီး တရုတ်နိုင်ငံသည် လက်နက်ထောက်ပံ့ရန် အတွက် အဝေးပြေးလမ်းမကြီးများ တည်ဆောက်ခဲ့သည်။ ဝတောင်တန်း စစ်ဆင်ရေးအတွက် အခြေခံအုတ်မြစ်ကို ချပေးခဲ့သည်။ ၁၉၅၀ ပြည့်နှစ်များတွင် ရှမ်းလူမျိုးများ၏ မကျေနပ်မှုသည် ကြီးထွားလာခဲ့ပြီး မြန်မာစစ်တပ်၏ ကူမင်တန် (KMT) ကို ဆန့်ကျင်သော စစ်ဆင်ရေးနှင့် ၁၉၅၈ ခုတွင် ခွဲထွက်ခွင့်ရရှိတော့မည်ဟူသော အခြေအနေများကြောင့် ဖြစ်သည်။ ၁၉၅၉ ခုနှစ်တွင် ဝအရာရှိ ဗိုလ်မောင်သည် ရှမ်းကျောင်းသားများနှင့်အတူ ပုန်ကန်ခဲ့ပြီး တန့်ယန်းကို ခဏတာ သိမ်းပိုက်ခဲ့သည်။ ဗိုလ်မောင်မှာ ပြည်ထောင်စုစစ်ရဲတပ်မှ ပုန်ကန်ထွက်ခွာခဲ့သူဖြစ်ပြီး ဝလူမျိုးများ လေးစားရသူ ဖြစ်သည်။ ၁၉၅၉ ခုနှစ်တွင် ရှမ်းစော်ဘွားများသည် အာဏာစွန့်ခဲ့ကြပြီး ရှမ်းပြည်နယ်ကို ပြန်ဖွဲ့စည်းခဲ့သော်လည်း မငြိမ်မသက်မှုများ ဆက်လက်တည်ရှိနေခဲ့သည်။ ၁၉၄၉ ခုနှစ် တရုတ်ပြည်တွင်းစစ်တွင် ရှုံးနိမ့်ခဲ့သော ကူမင်တန် (KMT) တပ်ဖွဲ့များသည် ဝတောင်တန်းဒေသများသို့ ဝင်ရောက်လာခဲ့သည်။ အမေရိကန် CIA နှင့် ထိုင်ဝမ်အစိုးရတို့၏ ထောက်ပံ့မှုဖြင့် KMT တို့သည် မိုင်းဆတ်တွင် လေတပ်အခြေစိုက်စခန်းတခု တည်ထောင်ခဲ့ပြီး ယူနန်ပြည်နယ်ကို ကျူးကျော်ရန် ရည်ရွယ်ခဲ့သည်။ တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) သည် KMT ကို တန်ပြန်ရန် ၁၉၅၀ ပြည့်နှစ်တွင် ဝဒေသများသို့ ဝင်ရောက်ခဲ့မှုများရှိပြီး အစပိုင်းတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ကတိပြုခဲ့သော်လည်း နောက်ပိုင်းတွင် ပိုမိုတင်းကျပ်စွာ ထိန်းချုပ်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ်များတွင် ကူမင်တန်တို့က ထိုင်ဝမ်သို့ အယောင်ပြ ထွက်သွားသူများရှိသော်လည်း အချို့သော ကူမင်တန်တပ် (အထူးသဖြင့်) ထောက်လှမ်းရေး တပ်များမှာ ကြားဖြတ်အသံဖမ်းမှုများ ဆက်လက်လုပ်ဆောင်နေသည်များ ရှိသည်။ ရှမ်း၊ ဝ၊ လားဟူ တပ်သားများ စုဆောင်း၍ လှုပ်ရှားမှုများရှိနေသည်။ ထို့ကြောင့် တရုတ်နီတပ်များသည် ကွန်မြူနစ်ပါတီ ကေဒါများကို အသုံးပြုပြီး ဝတိုင်းရင်းသားရွာများတွင် စည်းရုံးရေးများပါ လုပ်ဆောင်ခဲ့ကြပြန်သည်။ Burma: Insurgency and Politics of Ethnicity စာအုပ်တွင် မဟာစန်း က ၁၉၆၅ ခုနှစ်အတွင်း ရံဖန်ရံခါ တရုတ်ကွန်မြူနစ်ပါတီ (CCP) ကေဒါများသည် CCP အမည်မသုံးဘဲ ဗကပ ဖြစ်သည်ဟု ပြောသည်များရှိသည်ဟု တွေ့ရသည်။ ၁၉၅၀ ပြည့်လွန်နှစ်များ အစောပိုင်းတွင် ဗကပသည် အခက်အခဲများနှင့် ကြုံတွေ့ရသည်။ ရှမ်းပြည်နယ်ရှိ KMT တပ်ဖွဲ့များကို မြန်မာအစိုးရနှင့် ပူးပေါင်းရန် အဆိုပြုခဲ့သော ၁၉၅၁ ခုနှစ် "ငြိမ်းချမ်းရေးနှင့် ပူးပေါင်းအစိုးရ" မူဝါဒသည် မူဝါဒအသစ်နှင့်အညီ ဗကပသည် မြေများကို တောင်သူလယ်သမားများအား ပြန်လည်ပေးအပ်ခြင်းကို ရပ်ဆိုင်းခဲ့သည်။ အကျိုးဆက်မှာ တောင်သူလယ်သမား မိသားစုများဖြစ်ကြသော ဗကပ တိုက်ခိုက်ရေးသမား အများအပြားသည် စိတ်ပျက်ကာ မိမိတို့၏ ဇာတိရွာများသို့ ပြန်သွားကြခြင်း ဖြစ်သည်။ ဗကပ တပ်ဖွဲ့များကို ထက်ဝက်လျော့ကျစေခဲ့သည်။ ၁၉၅၁ ခုနှစ်နှောင်းပိုင်းတွင် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ခေါင်းဆောင်ပိုင်း၏ မူဝါဒအသစ်ကို သဘောမတူသော အမာခံအုပ်စုများသည် လက်နက်ကိုင်တိုက်ပွဲ ဆက်လက်ဆင်နွှဲနိုင်ရန် အကူအညီရှာဖွေရန် တရုတ်နိုင်ငံသို့ လျှို့ဝှက်ထွက်ခွာခဲ့ကြသည်။ ပထမအသုတ်အဖြစ် ရဲဘော်အောင်ကြီး ဦးဆောင်သော ကွန်မြူနစ် ၃၀ ဦးသည် ယူနန်သို့ ရောက်ရှိခဲ့သည်။ နောက်တနှစ်အစောပိုင်းတွင် ပါတီဒုဥက္ကဋ္ဌ သခင်ဘသိန်းတင်သည် ဆင်နှင့်ခြေလျင်ဖြင့် တနှစ်ကြာ ခရီးနှင်ကာ ကချင်ပြည်နယ် လိုင်ဇာအနီးမှ တရုတ်နိုင်ငံသို့ ဝင်ရောက်ခဲ့သည်။ တရုတ်အစောင့်အရှောက်ဖြင့် ပေါက်ဆန်းမှတဆင့် ကူမင်း၊ ထို့နောက် ပေကျင်းသို့ ဆက်လက်ထွက်ခွာခဲ့သည်။ နောက်ထပ် ထပ်မံရောက်ရှိသူများနှင့် တရုတ်နိုင်ငံရောက် ဗကပ ကေဒါစုစုပေါင်း ၁၄၃ ဦး ရှိခဲ့သည်။ ဤအဖွဲ့တွင် ဗိုလ်ဇေယျ၊ သခင်သန်းမြိုင်နှင့် သခင်ဘော် စသည့် ထင်ရှားသော ခေါင်းဆောင်များလည်း ပါဝင်ခဲ့သည်။ ဗကပ၏ မော်ဝါဒ လက်နက်ကိုင်တော်လှန်ရေးတွင် ဝလူမျိုးများ၏ အခန်းကဏ္ဍကို လျှော့တွက်၍မရပေ။ ဖွဲ့စည်းစတွင် ဗမာပြည်နိုင်ငံရေးကို အာရုံစိုက်ခဲ့သော ဗကပသည် အရှေ့မြောက်ပိုင်း ဝတောင်တန်းဒေသများတွင် သီးခြားနေထိုင်သော ဝလူမျိုးများကဲ့သို့သော ဌာနေတိုင်းရင်းသားလူနည်းစုများကို လေးလေးနက်နက် မရှိခဲ့ပေ။ ဝလူမျိုးများသည် အစောပိုင်း နိုင်ငံရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများတွင် ဘေးရောက်နေဆဲဖြစ်သည်။ သို့သော် ပြည်တွင်းတင်းမာမှုများနှင့် စစ်ရေးအခြေအနေတို့ကြောင့် ဗကပနှင့် ကွန်မြူနစ်များသည် ဗမာတို့၏ အမာခံနယ်မြေများထက် ကျော်လွန်၍ ၎င်းတို့၏နယ်မြေဩဇာကို ချဲ့ထွင်ရန် ကြိုးပမ်းခဲ့ရာ ဝလူမျိုးများကဲ့သို့သော တိုင်းရင်းသားအုပ်စုများနှင့် နောက်ပိုင်းတွင် ပူးပေါင်းဆောင်ရွက်ရန် လမ်းခင်းပေးခဲ့သည်။ တရုတ်နီတို့ကလည်း မြန်မာနိုင်ငံအတွင်း KMT စခန်းများကို စေ့ငုကြည့်နေခဲ့သည်။ ၁၉၆၇ ခုနှစ်တွင် တပ်နီတော်ထောက်လှမ်းရေးက ဘိန်းသယ်ဆောင်သည့် လားတင်းကုပ်မှ လူငယ်တဦးကို ငှားရမ်း၍ မဟာခွန်ကို လုပ်ကြံသတ်ဖြတ်ခဲ့သည်။ လုပ်ကြံမှုအောင်မြင်ပြီး ထိုလူငယ်လည်း သေဒဏ်ပေးခံခဲ့ရသည်။ ထို့နောက်တွင် ဗင်နွန်းကွပ်ကဲမှုလည်း မဟာဆန်းအောက် ရောက်ရှိလာခဲ့သည်။ ဗကပ၏ ဝလူမျိုးများနှင့် တိုက်ရိုက်ထိတွေ့မှုသည် ၁၉၆၉ ခုနှစ် အောက်တိုဘာလတွင် စတင်ခဲ့သည်။ ဗြိတိသျှတို့ လက်ထွက် မြန်မာစစ်သား မြသားအောင်သည် ဝတောင်တန်းဒေသများသို့ စွန့်စားဝင်ရောက်ကာ တရုတ်ထောက်လှမ်းရေး၏ လမ်းညွှန်မှုဖြင့် မြသားအောင်သည် ထင်ရှားသော ဝစစ်ခေါင်းဆောင်နှစ်ဦးဖြစ်သည့် ကျောက်ညီလိုင် နှင့် ပေါက်ယိုချန်း တို့နှင့် ဆက်သွယ်ခဲ့သည်။ ၁၉၆၇ ခုနှစ်တွင် ဗကပသည် ဝတောင်တန်းဒေသအနီးရှိ ဒေသခံစစ်ခေါင်းဆောင်များနှင့် မဟာမိတ်ဖွဲ့ရန် စတင်ခဲ့သည်။ အင်အားသုံး တိုက်ခိုက်ရန် ဗျူဟာနှင့်အတူ လက်နက်များ ပေးအပ်ကူညီရန် ကတိများဖြင့် ကျောက်ညီလိုင်နှင့် ပေါက်ယိုချန်းတို့ကိုလည်းကောင်း၊ ကိုးကန့်ရှိ တရုတ်တိုင်းရင်းသား ဖုန်ကျားရှင် ကိုလည်းကောင်း ဗကပ ခေါင်းဆောင်မှုနှင့် တရုတ်လက်နက်များကို လက်ခံစေခဲ့သည်။ ၁၉၆၇ ခုနှစ်တွင် ကိုးကန့်ကို သိမ်းပိုက်ခဲ့သည်။ အလားတူပင် အာခါမျိုးနွယ်စုဝင် လာအိုအာဂျီဖျောင်း ဦးဆောင်သော တပ်ဖွဲ့သည် ၁၉၇၀ ပြည့်နှစ်တွင် ဗကပ၏ စတင်တည်ထောင်သည့် နေ့စွဲကို အစွဲပြု၍ စစ်ဇုန် ၈၁၅ ကို ဖွဲ့စည်းခဲ့သည်။ ဤမဟာမိတ်ဖွဲ့မှုများသည် ဗကပ၏ တိုင်းရင်းသားအုပ်စုများကို ခေတ်မီလက်နက်များဖြင့် အသုံးပြုကာ ဩဇာကို ချဲ့ထွင်သည့် ဗျူဟာပင်ဖြစ်သည်။ မဟာစန်း၏ ဝတပ်ဖွဲ့သည် ကြီးမားသော အဖွဲ့ဖြစ်သည်။ လက်နက်အားကောင်းသည်။ ၁၉၆၉ ခုနှစ် ဖေဖော်ဝါရီလတွင် ဝတပ်သား ၈၅၀ မျှ တန့်ယန်းသို့ ချီတက်ခဲ့သည်။ ထိုအချိန်သည် မဟာစန်း ဗဟိုစစ်တပ်ဘက်မှ ရပ်တည်ခဲ့ချိန်ဖြစ်သည်။ ဝတို့၏ နိုင်ငံရေးအတွင်း တရုတ်ဖြူ၊ ရှမ်း၊ တပ်မတော်၊ ဗကပ ဖိအားများတွင် တစစီ ကွဲပြားနေသည့်အချိန် ဖြစ်သည်။ ၁၉၆၉ ခုနှစ် ဒီဇင်ဘာလတွင် ကျောက်နှင့် ဗကပ ကော်မစ်ဆာ ကျော်ထင် တို့သည် စောဖှာကို သိမ်းပိုက်ခဲ့ပြီး သာသနာပြုပညာသင်ကြားထားသော ဝလူမျိုး ဆောလူး ဦးဆောင်သော အစိုးရစစ်တပ်ကို အနိုင်ယူခဲ့သည်။ ဝလူမျိုးများ၏ ကနဦးခုခံမှုသည် ပြင်ပလူများကို ဆန့်ကျင်သည့် သမိုင်းအတိုင်း ဖြစ်ပါသည်။ သို့သော် ခွင်မရွာတွင် ရွာလုံးကျွတ် ကျား၊ မ၊ ကလေး၊ လူကြီး အားလုံးသည် အိမ်ကြီးတလုံးထဲတွင် ခံတပ်ပြု ပိတ်ဆို့ထားခဲ့သော်လည်း ဗကပ၏ B-40 ဒုံးကျည်ဖြင့် အကုန်အစင် အမြစ်ဖြတ်ဖျက်ဆီးခံခဲ့ရသည်။ သို့သော် ၁၉၇၀ ပြည့်နှစ်တွင် ဝလူမျိုးများသည် အလွန်အမင်း ကွဲပြားနေခဲ့ပြီး ဗကပ၏ ပင်မစစ်ချီလမ်းကြောင်းဖြင့် ဝင်လာသည်။ ဗကပသည် သံလွင်မြစ်ရှေ့ကို များစွာအောင်မြင်ခဲ့ပြီး တရုတ်နီတို့၏ အားပေးမှုကိုလည်း ရရှိခဲ့သည်။ သာလွန်ကောင်းမွန်သော လက်နက်အင်အားကို လက်ခံခဲ့ကြပြီး ဝလူမျိုးအများအပြားသည် တပ်မတော်သို့ ပလောင်အနေဖြင့် ဝင်ရောက်ခဲ့ကြပြီး ကိုးကန့်တရုတ်များကို အရာရှိအဖြစ်၊ မြန်မာများကို နိုင်ငံရေးစည်းရုံးရေး ကော်မစ်ဆာအဖြစ် ခန့်အပ်ခဲ့သည်။ ၁၉၇၁ ခုနှစ်တွင် ဗကပ၏ လျှို့ဝှက်ရေဒီယိုဖြစ်သော မြန်မာပြည်သူ့အသံကို စတင်ခဲ့ပြီး အရှေ့မြောက်ပိုင်း လက်နက်ကိုင်တော်လှန်ရေးတွင် ဝလူမျိုးများ၏ အရေးပါသော အခန်းကဏ္ဍကို အလေးပေးဖော်ပြကာ ထောက်ခံမှု ဆက်လက်ရရှိစေရန် ဝဘာသာစကားဖြင့် ထုတ်လွှင့်ခဲ့သည်။ ဗကပသည် မြန်မာနိုင်ငံ၏ အကြီးမားဆုံး တော်လှန်ရေး အင်အားစုကြီးတခု ဖြစ်သည်။ ဝတို့အဖို့ အစားအသောက်၊ ယူနီဖောင်း၊ လက်နက်နှင့် လွတ်လပ်ရေးတို့မှာ အလွန်အားတက်စရာ ဖြစ်သည်။ ထို့အပြင် နောင်တချိန် မြန်မာ့တော်လှန်ရေး၏ ဦးဆောင်အဖွဲ့အစည်းများ ဖြစ်လာမည်ဟုလည်း ဆိုသည်။ ဝလူမျိုးတို့သည် ရဲစွမ်းသတ္တိနှင့် ကြံ့ခိုင်မှုတို့မှာ အလွန်ကျော်ကြားလှသည်။ ထို့ကြောင့် တရုတ်၊ ဗမာ၊ ရှမ်း အားလုံးကလည်း တပ်သား စုဆောင်းလိုကြသည်။ ယင်းစစ်ပွဲကာလအတွင်း ဝလူမျိုး လူငယ် သုံးသောင်းမျှ သေဆုံးရသည်ဟု ပြောကြသည်။ သို့တိုင်အောင် ဝတို့ကို ဘေးဖယ်ထားရာ ၁၉၈၅ ရောက်မှသာ ကျောက်ညီလိုင် နှင့် ပေါက်ယိုချန်း တို့ ဗကပ ဗဟိုကော်မတီထဲသို့ ရောက်ရှိလာကြသည်။ ဗကပ၏ ရည်မှန်းချက်များသည် ၁၉၇၁ ခုနှစ် နိုဝင်ဘာလ ကွမ်းလုံတိုက်ပွဲတွင် အဆုံးအဖြတ်ဖြစ်ခဲ့သည်။ ယင်းတိုက်ပွဲ၏ ရည်ရွယ်ချက်မှာ ဝတောင်တန်းဒေသများကို မြန်မာပြည်မနှင့် ဆက်သွယ်ရန် သံလွင်မြစ်ပေါ်ရှိ မဟာဗျူဟာမြောက် တံတားကို သိမ်းပိုက်ရန်ဖြစ်သည်။ ဦးနုခေတ်တွင် တရုတ်နိုင်ငံက တည်ဆောက်ခဲ့သော ကွမ်းလုံတံတားကို မြန်မာစစ်စခန်းတခုက ကာကွယ်ထားပြီး ဗကပက တိုက်ခိုက်ဖျက်ဆီးခဲ့သည်။ ဗကပသည် ရှမ်းတောင်တန်းကြီးကို သိမ်းပိုက်ခဲ့ပြီး တရုတ် "ဗော်လန်တီယာများ" နှင့် ရုရှားအစောင့်များ၏ ထောက်ခံမှုဖြင့် ယူနန်မှ ထောက်ပံ့ရေးပစ္စည်းများနှင့် ဆေးဝါးများ ရရှိခဲ့သည်။ ဗကပ တို့သည် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ကွမ်းလုံဒေသ အတွင်းသို့အလုံးအရင်းဖြင့် ချီတက်ဝင်ရောက်လာပြီး အနီးကပ် လှံစွပ်ထိုး တိုက်ပွဲ ၈ ကြိမ်တိတိ ဖြစ်ပွားသည် အထိ ပြင်းထန်ခဲ့သည်။ ဗကပတွင် ဝတပ်များအပါအဝင် အင်အား ၃၀၀၀ ကျော်ရှိသည်ဟု ဆိုသည်။ မြန်မာစစ်တပ်ဘက်မှလည်း အင်အားဖြည့်တင်းမှုများဖြင့် ခုခံသည်။ ခြေလျင်တပ်၏ တိုက်ခိုက်မှုပေါင်း ၄၀ ကျော် ရှိခဲ့သော်လည်း ဝနှင့် တရုတ်တပ်ဖွဲ့များဖြင့် အားဖြည့်ထားသော ဗကပ၏ ခံတပ်များသည် ခိုင်မာစွာ ရပ်တည်နေခဲ့သည်။ မြန်မာတို့သည် လေကြောင်းမှ ပစ်ခတ်သော လက်နက်ကြီးများကို အသုံးပြုခဲ့ပြီး ဗကပစစ်သား ရာပေါင်းများစွာကို သတ်ဖြတ်ခဲ့သည်။ ရက်ပေါင်း ၄၂ ရက်ကြာ ပြင်းထန်သော တိုက်ပွဲများအပြီးတွင် ဗကပသည် ၁၉၇၂ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့တွင် ဆုတ်ခွာခဲ့ပြီး တံတားကို မသိမ်းပိုက်နိုင်ခဲ့ပေ။ ဒေသခံ ကိုးကန့်တပ်တခုဖြစ်သော လော်စစ်ဟန်[1] ဦးဆောင်သောအဖွဲ့သည် မြန်မာများကို လမ်းပြအဖြစ် ကူညီခဲ့သည်။ ကွမ်းလုံရှုံးနိမ့်မှုသည် နိုင်ငံရေး အလှည့်အပြောင်းတခုဖြစ်သည်။ မြန်မာစစ်တပ်သည် ဗကပကို ဝတောင်တန်းဒေသများ သို့မဟုတ် ကိုးကန့်မှ မောင်းထုတ်နိုင်မည်မဟုတ်ကြောင်း နားလည်ခဲ့၍ မြန်မာပြည်မရှိ အားနည်းသော ဗကပစခန်းများကို ချေမှုန်းရန် အာရုံစိုက်ခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင် ယင်းကာလများသည် လာအိုနှင့် ဗီယက်နမ်ရှိ ကွန်မြူနစ်လှုပ်ရှားမှုများလည်း ရှိသည့်အတွက် ကမ္ဘာအနှံ့အရင်းရှင်အစိုးရများကလည်း စိတ်ဝင်စားခဲ့ကြသည်။ တဘက်က ဗကပ၏ လူလှိုင်းစစ်ဆင်ရေး၏ အသေအပျောက်ဆိုးမှုကိုလည်း တွေ့ခဲ့ရသည်။ ဝလူမျိုးများ၏ စီးပွားရေးသည် ဒေသတွင်း မြေဆီလွှာမကောင်းခြင်းနှင့် မြင့်မားသော နေရာဒေသကြောင့် တောင်များပေါ်စိုက်ပျိုးရသော “ဘိန်း” တွင် မှီခိုခဲ့ရသည်။ ၁၉၇၀ ပြည့်လွန်နှစ်များနှောင်းပိုင်းတွင် မြန်မာနိုင်ငံ၏ ဘိန်းခင်းများ၏ ၈၀% သည် ဝတောင်တန်းဒေသများအပါအဝင် ဗကပ ထိန်းချုပ်မှုအောက်သို့ ကျရောက်ခဲ့သည်။ ဗကပသည် ဘိန်းစိုက်ပျိုးသူများနှင့် ကုန်သည်များထံမှ အခွန်ကောက်ခံခဲ့ပြီး စပါးအထွက်နှုန်း၏ ၂၀%၊ ဒေသခံကုန်သွယ်ခွန် ၁၀% နှင့် ပို့ကုန်အပေါ် ၅% တို့ကို ကောက်ခံခဲ့သည်။ ဘိန်းများကို ပန်ဆန်းတွင် သိုလှောင်ထားပြီး တန်ကြီးနှင့် လားရှိုးမှ ကုန်သည်များထံ ရောင်းချခဲ့ရာ များသောအားဖြင့် တရုတ်ဖြူ အကြွင်းအကျန်များနှင့် စစ်ခေါင်းဆောင် ခွန်ဆာတို့က လုပ်ကိုင်သော ထိုင်းနယ်စပ်ရှိ ဓာတ်ခွဲခန်းများသို့ ရောက်ရှိခဲ့သည်။ ဗကပ၏ ဝတောင်တန်းရှိ ဓာတ်ခွဲခန်းများသည် ဟီရိုအင်း၏ ရှေ့ပြေး ပစ္စည်းဖြစ်သော pitzu[2] ကို ထုတ်လုပ်ခဲ့ပြီး သယ်ယူပို့ဆောင်ရေးစရိတ်များကို လျှော့ချပေးခဲ့သည်။ ၁၉၇၃ ခုနှစ်တွင် ဝနယ်စားများနှင့် ခေါင်းဆောင်များ၏ ရိုးရာလှုပ်ရှားမှုကို ဗကပနှင့် တပ်မတော်တို့၏ ထိုးစစ်နှစ်ရပ်စလုံးက ထိရောက်စွာ ဖျက်ဆီးပစ်လိုက်ပြီဖြစ်သည်။ ဗကပ၏ ကျူးကျော်မှုကြောင့် ဝနယ်ခွဲများမှ အာဏာစွန့်ခံခဲ့ရပြီးနောက် ဦးနေဝင်း၏ ၁၉၇၂-၇၃ ခုနှစ်တွင် ကာကွယ်ရေးတပ်ဖွဲ့စုများကို ဖျက်သိမ်းရန် ဆုံးဖြတ်ချက်သည် မဟာစန်းနှင့် ဝခေါင်းဆောင်များကို မြေအောက်သို့ ရောက်ရှိစေခဲ့သည်။ တပ်ဖွဲ့ဝင် ရာဂဏန်းမျှနှင့် ၎င်းတို့၏ မိသားစုများနှင့်အတူ ထိုင်းနယ်စပ်သို့ ဆင်းသက်ခဲ့ရာ မဟာစန်းသည် မိုင်းမိုင်းအနီးရှိ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) ၏ တောင်ပိုင်းစခန်းတွင် အခြေချ ခဲ့သည်။ လော်စစ်ဟန် ၏ ကိုးကန့်တပ်ဖွဲ့နှင့် ခွန်ဆာ ၏ ရှမ်းပြည်တပ်မတော် (SUA) တို့နှင့်အတူ SSPP နှင့် အမျိုးသားဒီမိုကရက်တစ်တပ်ဦး (NDF) တို့နှင့် မဟာမိတ်ဖွဲ့ခဲ့ကြသည်။ ၁၉၇၆ ခုနှစ် ဇူလိုင်လတွင် သူသည် ဝအမျိုးသားတပ်မတော် (WNA) ကို ထူထောင်ခဲ့ပြီး SSPP နှင့် NDF တို့နှင့် အနီးကပ် ပူးပေါင်းကာ မိမိတို့၏ ဇာတိမြေများကို ပြန်လည်သိမ်းပိုက်ရန် ရည်ရွယ်သည့် စစ်အင်အားသစ်ကို တဖြည်းဖြည်း တည်ဆောက်ခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် SSPP ၏ စစ်ဦးစီးချုပ် စိုင်းစံမောင်က မဟာစန်းအား ၎င်းတို့သည် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) နှင့် မဟာမိတ်ဖြစ်နေပြီး တရုတ်နိုင်ငံမှ လက်နက်များ ရရှိနေသောကြောင့် ဝအမျိုးသားတပ်မတော် (WNA) ကို ဆက်လက်ထောက်ပံ့နိုင်မည် မဟုတ်ကြောင်း အသိပေးခဲ့သည်။ စိုင်းစံမောင်သည် ဗကပ ကို အပြည့်အဝမယုံကြည်သော်လည်း ဗကပ ဗဟိုကော်မတီက SSPP ကို "တော်လှန်ရေး" မဟာမိတ်အဖြစ် အခြေအနေတည်ငြိမ်သည်နှင့် ဝ "လွတ်မြောက်နယ်မြေများ" ကို နောက်ဆုံးတွင် သိမ်းပိုက်မည်ဟု အာမခံထားကြောင်း ပြောဆိုခဲ့သည်။ ဤအဆုံးအဖြတ်သည် WNA ကို အဖွဲ့ငယ်များစွာအဖြစ် ကွဲစေခဲ့သည်။ အရာရှိနှစ်ဦးဖြစ်သော မဟာစိုင်းနှင့် ညီအောင်တို့သည် ၎င်းတို့၏ တပ်ဖွဲ့ဝင်များနှင့်အတူ SSPP သို့ ကူးပြောင်းသွားခဲ့ပြီး ၁၉၈၀ ပြည့်နှစ် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လော်စစ်ဟန်၏ ကိုးကန့် ကာကွယ်ရေးတပ်များနှင့်အတူ လက်နက်ချခဲ့သည်။ မဟာစန်းသည် ကုန်းကျန်း၏ ရှမ်းပြည်တော်လှန်ရေးတပ်မတော် (SURA) နှင့်အတူ နေထိုင်ရန် ပီယင်လွမ်သို့ ပြောင်းရွှေ့ခဲ့ပြီး WNA ကို ပြန်လည်အသက်သွင်းရန် ကြိုးစားခဲ့သည်။ ထိုအတောအတွင်း အခြားသော အမျိုးသားရေးအဖွဲ့နှစ်ဖွဲ့ ပေါ်ပေါက်လာခဲ့သည်။ တဖွဲ့မှာ ညောင်ရွှေစော်ဘွားသား အိုက်ဆောင်ဆူ နှင့် ၎င်း၏ဇနီး ဒေါ်လီရီဆိုင်း (ခေါ်) ဒေါ်ရုပ်ဆွေ (မဟာစန်း၏ ခယ်မ) တို့ ဦးဆောင်ပြီး၊ အခြားတဖွဲ့မှာ ဗိုလ်ကန်ဆီယာ ဦးဆောင်ခဲ့သည်။ အဖွဲ့နှစ်ဖွဲ့စလုံးသည် ကေအမ်တီ (KMT) ၏ ကျောထောက်နောက်ခံပြုမှုဖြင့် ထိုင်းနယ်စပ် အရှေ့ဘက် ပန်းတောရှိ စစ်စခန်းအနီးတွင် ၎င်းတို့၏ တပ်ဖွဲ့များကို တည်ဆောက်ခဲ့ကြသည်။ အနီးအနားတွင် KMT ၏ လုံးဝထိန်းချုပ်မှုအောက်ရှိ တာမာ ဦးဆောင်သော အင်အား ၁၀၀ ခန့်ရှိသည့် ဝတပ်ဖွဲ့တခုသည် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုအတွက် အသွင်ပြောင်းအဖွဲ့အစည်းအဖြစ် စခန်းချခဲ့ကြောင်း သိရသည်။ ဘိန်းဖြူစွဲလမ်းမှုသည် ထိုင်းနယ်စပ်တလျှောက်ရှိ ဝစစ်သားများအကြား ကျယ်ပြန့်သော ပြဿနာတခု ဖြစ်သည်။ သို့သော် အဖွဲ့လေးဖွဲ့စလုံးသည် ကျိုင်းတုံဒေသနှင့် ဗကပ ၏ ကျူးကျော်မှုကြောင့် အနောက်ဘက်သို့ ထွက်ပြေးခဲ့သော ဝဒုက္ခသည်မိသားစု ၁၀,၀၀၀ ခန့်ထံမှ စစ်သားများကို ဆက်လက်စုဆောင်းနိုင်ခဲ့သည်။ "လူတိုင်းက ဝစစ်သားတွေကို သုံးနေပြီး လူတိုင်းက ဝတွေနဲ့ မဟာမိတ်ဖွဲ့ဖို့ ကြိုးစားနေကြတယ်၊ ဒါပေမဲ့ သေဆုံးနေတာက ဝလူမျိုးတွေဖြစ်ပြီး ဘိန်းကုန်သွယ်မှုအတွက် အမြဲတမ်း အပြစ်တင်ခံနေရတာကလည်း ဝလူမျိုးတွေပါပဲ" ဟု မဟာစန်းက ပြောခဲ့သည်။ ဗကပ ၏ ၁၉၈၀-၁၉၈၁ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ဝအခြေစိုက်စခန်းအား ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းဆိုခဲ့သော်လည်း ဆွေးနွေးပွဲများ ပျက်စီးခဲ့ကာ ဝလူမျိုးများသည် ဗကပ ၏ ထိန်းချုပ်မှုအောက်တွင် ဆက်လက်ရှိနေခဲ့သည်။ ၁၉၈၂ ခုနှစ် မတ်လတွင် ဒေါ်လီရီဆိုင်း၊ ကန်ဆီယာ၊ မဟာစန်းနှင့် နာဝီနယ်စား၏သား ဖြစ်သူ လုပ်ဖော်ကိုင်ဖက်ဟောင်း ခွန်းလူမဟာတို့သည် တပ်ဖွဲ့ဝင် ၅၀၀ ကို ပေါင်းစည်း၍ WNA အသစ်တခု ဖွဲ့စည်းရန် သဘောတူခဲ့ကြသည်။ ဤစည်းလုံးညီညွတ်မှုကို ရရှိပြီး မကြာမီပင် ဝလှုပ်ရှားမှုသည် ၁၉၈၂-၈၃ ခုနှစ်တွင် ခွန်ဆာ၏ SUA (KMT ၏ အဓိကပြိုင်ဘက်) ကို ထိုင်းနိုင်ငံမှ မောင်းထုတ်ခံရပြီးနောက် ဖြစ်ပွားခဲ့သော နယ်စပ်စစ်ပွဲအတွင်းသို့ ရောက်ရှိခဲ့သည်။ ဝစစ်သား ရာနှင့်ချီ၍ ၎င်းတို့၏ မိသားစုများနှင့်အတူ တိုက်ပွဲများကြောင့် ရွှေ့ပြောင်းခံခဲ့ရပြီး SUA သည် ဒွိုင်လန်းနှင့် မိုင်းမယ် အနီးရှိ SSPP, PNO နှင့် LNUP ခံတပ်များကို လျင်မြန်စွာ သိမ်းပိုက်ခဲ့သည်။ နောက်ဆုံးတွင် ခွန်ဆာသည် ကုန်းကျန်း၏ တိုင်တော်လှန်ရေးကောင်စီ (TRC) နှင့် ပူးပေါင်းခဲ့သည်။ တဖန် ဝလူမျိုးများသည် ယခင်နိုင်ငံရေး ကိစ္စရပ်များတွင် အလွန်အမင်း ယုံလွယ်မှုကို ပြသခဲ့ရာမှ အပြောင်းအလဲများ၏ သားကောင်ဖြစ်ခဲ့ရသည်။ WNA ခေါင်းဆောင်မှု ကွဲပြားမှုများကို အခွင့်ကောင်းယူ၍ ဗိုလ်ချုပ် လီဝင်ဟွမ်၏ KMT အကြွင်းအကျန်များသည် ၎င်းတို့၏ ကြွယ်ဝမှုကို အသုံးပြု၍ အိုက်ဆောင်ဆူ နှင့် ကန်ဆီယာတို့၏ ဝအမျိုးသားကောင်စီ (WNC) အဖွဲ့ကို ဒွိုင်အန်းခမ်းတောင်ပေါ်တွင် အားဖြည့်ပေးခဲ့ရာ ၎င်းတို့၏ ကိုယ်ပိုင်စီးပွားရေးအကျိုးစီးပွားအတွက် TRC ထံမှ ဒွိုင်လန်ကို ပြန်လည်သိမ်းပိုက်ရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။ ထိုအတောအတွင်း အနောက်ဘက်တွင် အခြားဒေသခံ KMT စစ်မှုထမ်းဟောင်းများ၏ ငွေကြေးထောက်ပံ့မှုဖြင့် အမျိုးသားဒီမိုကရက်တစ်တပ်ဦး (NDF) သည် မဟာစန်းနှင့် ခွန်းလူမဟာတို့၏ ဝအမျိုးသားအဖွဲ့အစည်း (WNO) အဖွဲ့ကို လက်နက်တပ်ဆင်ပေးပြီး ရှမ်းပြည်နယ်သို့ ဝင်ရောက်နိုင်သည့် မဟာဗျူဟာမြောက် မဲအော့-မိုင်းမယ် တံခါးပေါက်ကို ၎င်း၏ NDF တပ်ဖွဲ့များအတွက် ပြန်လည်သိမ်းပိုက်ရန် တိုက်တွန်းခဲ့သည်။ နောက်ထပ် နှစ်အနည်းငယ်အတွင်း ဝလူမျိုး ရာနှင့်ချီ၍ တောင်ပေါ်ဒေသနှစ်ခုစလုံးတွင် လက်နက်ကိုင်တိုက်ပွဲများနှင့် ပြောက်ကျားအမြောက်ဖြင့် ပစ်ခတ်မှုများကြောင့် သေဆုံးဒဏ်ရာရခဲ့ကြပြီး ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံအထိ ဆက်လက်ဖြစ်ပွားခဲ့သည်။ NDF နှင့် ဗကပ အကြား ၁၉၈၆ ခုနှစ် ပူးတွဲစစ်ရေးစာချုပ် ချုပ်ဆိုပြီးနောက် NDF နှင့် ဝခေါင်းဆောင်များအကြား ၁၉၈၇ ခုနှစ်အတွင်း ပြန်လည်ရင်ကြားစေ့ရေး ရရှိခဲ့သည်။ မဟာစန်း ကိုယ်တိုင် ခွန်ဆာနှင့် ဆွေးနွေးခဲ့ပြီး ၎င်း၏ ညီနှင့်လည်း တွေ့ဆုံခဲ့သည်။ အထူးသဖြင့် အိုက်ဆောင်ဆူ၏ WNC အဖွဲ့သည် ဒွိုင်အန်းခမ်းတောင်အနီးတွင် ခံတပ်များ တူးထားသော SSPP နှင့် KIO တပ်ဖွဲ့များ၏ အကူအညီဖြင့် လျင်မြန်စွာ ကြီးထွားလာခဲ့သည်။ ဤအနေအထားကို ဗကပ ၏ ၆ တပ်မဟာ (နောင် NDF မဟာမိတ်များ) မှ ဝတပ်ဖွဲ့ဝင် ရာနှင့်ချီ၍ ထိုင်းနယ်စပ်သို့ ဆင်းလာကာ တပ်မတော်နှင့် TRC ကို တိုက်ခိုက်ရန် ရောက်ရှိလာမှုကြောင့် ပိုမိုအားဖြည့်ခဲ့သည်။ WNC သည် ခဏအသက်ရှူရသည့် ကာလဖြစ်ပြီး မြောက်ဘက်သို့ တပ်ဖွဲ့အချို့ကို ပြန်လည်စေလွှတ်ကာ နိုင်ငံရေးအခြေအနေများကို ဆန်းစစ်ပြီး စစ်သားသစ်များကို ပြန်လည်ခေါ်ယူနိုင်ခဲ့သည်။ WNC ကို လေ့ကျင့်ပေးနေသော NDF ခေါင်းဆောင်အချို့က ၎င်းတို့သည် ဗကပ မှ ခွဲထွက်မှုများအတွက် လျှို့ဝှက်စွာ လုပ်ဆောင်နေကြောင်းပင် ပြောဆိုခဲ့ပြီး PA ရှိ ဝတပ်ဖွဲ့ဝင်အများအပြားက ဗကပ အပေါ် စိတ်ပျက်အားငယ်မှုများကို ပုဂ္ဂလိကအရ ပြောခဲ့ကြသည်ဟု ဆို၏။ ၁၉၇၀ ပြည့်လွန်နှစ်များနှောင်းပိုင်းတွင် ဗမာပြည်ကွန်မြူနစ်ပါတီ (CPB) ၏ စစ်တပ်မှာ စစ်သည် ၂၃,၀၀၀ ခန့်ရှိသော်လည်း ပါတီဝင် ၂,၅၂၀ သာ ရှိပြီး စစ်တပ်မှ ၈၈၈ ဦးသာ ပါဝင်သည်။ တရုတ်ထောက်လှမ်းရေးမှူး ကန်ဆန် ၁၉၇၅ ခုတွင် ကွယ်လွန်ခြင်းနှင့် မော်စီတုန်း ၁၉၇၆ ခုတွင် ကွယ်လွန်ခြင်းနောက် တရုတ်ထောက်ပံ့မှု လျော့နည်းလာခဲ့သည်။ ၁၉၇၇ ခုနှစ်တွင် တိန့်ရှောင်ဖိန် ပြန်လည်နေရာရလာခြင်းသည် တရုတ်အကူအညီများကို လျှော့ချခဲ့ပြီး ဝသို့ ထောက်ပံ့မှုများ လျော့ကျသွားသည်ကို သိသာထင်ရှားစေခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် တိန့်ရှောင်ဖိန်၏ ရန်ကုန်ခရီးစဉ်နှင့် တရုတ်-မြန်မာ ဆက်ဆံရေး တိုးတက်မှုတို့သည် ဗကပအပေါ် ထောက်ပံ့မှုကို ပိုမိုကန့်သတ်စေခဲ့သည်။ ဗကပ သည် ကူမင်းရုံးများကို ဖယ်ရှားခဲ့ပြီး ၎င်း၏ မြန်မာပြည်သူ့အသံ ရေဒီယိုသည် ၁၉၇၈ ခုနှစ်တွင် ပန်ဆန်းသို့ ရွှေ့ပြောင်းခဲ့သည်။ ၁၉၇၉ ခုနှစ်တွင် "မင်းရန်အောင်-၁" ထိုးစစ်သည် ဗကပ ၏ ဌာနချုပ်ဖြစ်သော ပန်ဆန်းကို ပစ်မှတ်ထားခဲ့သည်။ ဝတပ်ဖွဲ့များက ခုခံတွန်းလှန်နိုင်ခဲ့သော်လည်း မြန်မာတပ်ဖွဲ့များသည် ၃၀ ကီလိုမီတာ အကွာတွင် အခြေစိုက်စခန်းတခု ထူထောင်နိုင်ခဲ့သည်။ ၁၉၈၅ ခုနှစ်တွင် ပြုလုပ်ခဲ့သော ဗကပ ၏ ပန်ဆန်းညီလာခံတွင် ကျောက်ညီလိုင်နှင့် ပေါက်ယိုချန်းတို့ကို ဗဟိုကော်မတီဝင် အရန်အဖြစ် ရွေးကောက်တင်မြှောက်ခဲ့သော်လည်း တိုင်းရင်းသားပြဿနာများကို လျစ်လျူရှုခဲ့ပြီး ဝလူမျိုးတို့၏ ကိုယ်စားပြုမှုမှာ အနည်းငယ်သာ ရှိခဲ့သည်။ ညီလာခံ၏ မော်ဝါဒ ကျေးလက်ဦးစားပေး ဗျူဟာကို ပြန်လည်အတည်ပြုခြင်းသည် လူငယ်ကွန်မြူနစ်များကို ဝေးကွာစေခဲ့ပြီး ဝလူမျိုးများကို သွယ်ဝိုက်သောအားဖြင့် သက်ရောက်ခဲ့သည်။ ညီလာခံအပြီးတွင် ဗကပ သည် တရုတ်ထောက်ပံ့မှု ဆုံးရှုံးမှုကို ဖြည့်ဆည်းရန် ဝဘိန်းကို အားကိုးလာခဲ့ပြီး ဟီရိုအင်းအခြေခံ ၂ ကီလိုဂရမ်နှင့်အထက် ရှိသော တပ်မှူးများကို ကွပ်မျက်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ ယူနန်မှ မူးယစ်ဆေးဝါး ပျံ့နှံ့မှုကြောင့် ဖြစ်ပေါ်လာသော တရုတ်ဖိအားသည် ဤ ၁၉၈၅ ခုနှစ် ပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှုကို ဖြစ်ပေါ်စေခဲ့ဖွယ်ရှိသည်။ ၁၉၈၆ ခုနှစ်တွင် ကွန်မြူနစ်မဟုတ်သော အဖွဲ့အစည်းဖြစ်သည့် ဝအမျိုးသားအဖွဲ့ချုပ် (WNO) မှ အိုက်ခမ်းအိုက်သည် ဗကပ နယ်မြေများသို့ သွားရောက်ခဲ့ပြီး ဝလူမျိုးများကို ဗကပ အပေါ် သစ္စာရှိမှုကို မေးခွန်းထုတ်ရန် လှုံ့ဆော်ခဲ့သည်။ မိသားစုသည် ဝိန်းငွေတွင် ဗကပ ကို ဆန့်ကျင်ခဲ့သော မဟာစန်း ဦးဆောင်သော WNO သည် ၁၉၈၃ ခုနှစ်တွင် အမျိုးသားဒီမိုကရက်တစ်တပ်ဦး (NDF) သို့ ဝင်ရောက်ခဲ့သည်။ ဗကပ ၏ ၁၉၈၆ ခုနှစ် စီးစင်းဝမ် တိုက်ခိုက်မှုတွင် ဝတပ်ဖွဲ့များ ပါဝင်ခဲ့သော်လည်း ကျရှုံးခဲ့ပြီး ပန်ဆိုင်းနှင့် စတုရန်းကီလိုမီတာ ၅၀၀ ကို ဆုံးရှုံးခဲ့ကာ ဝဒေသ၏ ကုန်သွယ်ရေးဝင်ငွေကို ထိခိုက်စေခဲ့သည်။ ဝလူမျိုးများ၏ မကျေနပ်မှုများ ကြီးထွားလာခဲ့ပြီး ဗမာခေါင်းဆောင်မှုအောက်တွင် ၎င်းတို့ကိုယ်တိုင်ကို စွန့်ပစ်ရမည့်သူများအဖြစ် မှတ်ယူခဲ့ကြသည်။ ၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ကျောက်ညီလိုင်နှင့် ပေါက်ယိုချန်းတို့သည် ဝလူမျိုးသက်သက် ပါဝင်သော မြန်မာအမျိုးသားညီညွတ်ရေးပါတီ (BNUP) ကို စီစဉ်ခဲ့ကြသည်။ ၁၉၈၉ ခုနှစ် မတ်လတွင် ဖုန်ကျားရှင်၏ ကိုးကန့်ပုန်ကန်မှုသည် ၎င်းတို့၏ လုပ်ဆောင်မှုကို အစောပိုင်းက ကြိုတင်ကာကွယ်ခဲ့သော်လည်း ဧပြီလ ၁၇ ရက်နေ့တွင် ဝတပ်ဖွဲ့ ၇၀၀ က ပန်ဆန်းကို သိမ်းပိုက်ခဲ့ပြီး လက်နက်တိုက်၊ ရေဒီယိုစခန်းနှင့် ဌာနချုပ်တို့ကို သိမ်းယူခဲ့သည်။ ဝသူပုန်များသည် မာ့က်စ်ဝါဒီ ရုပ်တုများကို ချိုးဖျက်ခဲ့ကြပြီး ဗကပ စာပေများကို မီးရှို့ခဲ့ကြကာ ဧပြီလ ၁၈ ရက်နေ့တွင် ၎င်း၏ "ကျဉ်းမြောင်းသော လူမျိုးရေးမူဝါဒများ" ကို ပြစ်တင်ရှုတ်ချခဲ့သည်။ ဧပြီလ ၂၈ ရက်နေ့တွင် ထုတ်လွှင့်ခဲ့သော ရေဒီယိုအစီအစဉ် တစ်ခုတွင် ဗကပ ၏ "မှားယွင်းသော လမ်းစဉ်" ကို ရှုတ်ချခဲ့ပြီး ဝလူမျိုးများကို ပြင်းထန်သော အခွန်များနှင့် ဗလာနတ္တိ သဘောတရားများဖြင့် "လှည့်စားသော တော်လှန်ရေး" ထဲသို့ ဆွဲသွင်းခဲ့သည်ဟု စွပ်စွဲခဲ့သည်။ ဝလူမျိုးများသည် လူနည်းစုများကို ကိုင်လှုပ်ရာတွင် နာမည်ဆိုးဖြင့် ကျော်ကြားသော ကော်မစ်ဆာ မြသားအောင်နှင့် စိုးသိန်းတို့ကို ဖမ်းဆီးခဲ့သော်လည်း တရုတ်ဖိအားဖြင့် ပြန်လွှတ်ပေးခဲ့သည်။ ဗကပ အကြီးအကဲ တင်ရီ ထွက်ပြေးခဲ့သည်။ တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံနှင့် ကုန်သွယ်ရေးသဘောတူညီချက်များအပြင် ဗကပ ခေါင်းဆောင်များအား ပင်စင်ပေးမည့် ကမ်းလှမ်းချက်များ (၁၉၈၁၊ ၁၉၈၅၊ ၁၉၈၈) သည် ပုန်ကန်မှုကို အားပေးခဲ့ဖွယ်ရှိသည်။ သခင်ဘသိန်းတင်၏ ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလ တရုတ်ဆန့်ကျင်ရေး မိန့်ခွန်းသည် ပုန်ကန်မှုကို မီးပွားစေခဲ့ဖွယ်ရှိသည်။ ပုန်ကန်မှုအပြီးတွင် ဗကပ ပြည်နှင်ဒဏ်ခံနေရသူများသည် တရုတ်ပင်စင်နှင့် အိမ်ရာများ ရရှိခဲ့ကြပြီး ဝလူမျိုးများသည် ပန်ဆန်းကို ထိန်းချုပ်ခဲ့သည်။ သခင်ဗသိန်းတင်လက်ထက် ၁၉၈၉ ခုနှစ်တွင် တပ်တွင်းပုန်ကန်မှု ဖြစ်သည်။ ဝတို့သည် ရန်သူများကို လက်စားချေရန် အမြဲကြံစည်ကြသလို၊ မဟာမိတ်များကိုလည်း အမြဲလေးစား ကြသည်။ ဗကပကို အာဏာသိမ်းခြင်းမှာလည်း အသေခံရန် စေခိုင်းမှုများလွန်းလှပြီး လူလှိုင်းစစ်ဆင်ရေးများကို မခံတော့ခြင်းမှ မီးစပွားလာခြင်း ဖြစ်သည်။ ဘိန်းအရောင်းအဝယ်ကို ထဲထဲဝင်ဝင် ပတ်သက်နေသည့် ဖုန်ကျားရှင်က ဗကပ ခေါင်းဆောင်မှုကို ပြောင်ပြောင်တင်းတင်း စိန်ခေါ်ကာ မုံကိုးမြို့ကို သိမ်းခဲ့သည်။ ကျောက်ညီလိုင်နှင့် ပေါက်ယိုရှန်းတို့လည်း အာဏာသိမ်းမှုကို ဦးဆောင် ပါဝင်ကြသည်။ ကိုးကန့်ဒေသမှစသော ဤပုန်ကန်မှုကြောင့် နောက်ဆုံး ပန်ဆန်းဗကပဌာနချုပ်ပါ ကျဆုံးသွားပြီး မြန်မာအစိုးရကို ခြိမ်းခြောက်နိုင်ခဲ့သော ဗမာပြည်ကွန်မြူနစ်ပါတီလည်း ပြိုကွဲသွားတော့သည်။ ၁၉၈၉ ခုနှစ်တွင် ဗကပ တပ်တွင်းပုန်ကန်မှုများ ဖြစ်ပွားချိန်၌ ထိုင်းနယ်စပ်ရှိ ဝအမျိုးသားတပ်မတော် (WNA) တပ်ဖွဲ့များသည် ဗကပ ၏ အတွင်းရေးကိစ္စရပ်များတွင် ဘေးလူများအဖြစ်သာ ရှိနေခဲ့သည်။ ဗကပ တပ်တွင်း ပုန်ကန်မှုများ ဖြစ်ပွားချိန်တွင် ရှမ်းပြည်နယ်ရှိ CPB, တပ်မတော်, KMT, TRC နှင့် NDF တို့တွင် ဝတပ်ဖွဲ့ဝင် ထောင်နှင့်ချီ၍ ရှိနေခဲ့သည်။ မဟာစန်းနှင့် WNA ကိုယ်စားလှယ်အဖွဲ့သည် ၁၉၈၉ ခုနှစ် အာဏာသိမ်းပြီးနောက် ဗကပ ၏ အထွေထွေဌာနချုပ်ဟောင်း ပန်ဆန်းဒေသသို့ သွားရောက်ခဲ့ရာ အစပိုင်းတွင် သံသယဖြင့် တွေ့ဆုံခဲ့ရပြီး နိုင်ငံရေးအမြင်များ ဖလှယ်ခြင်းမှ ဖယ်ထုတ်ခံခဲ့ရသည်။ ထိုအတောအတွင်း ကျောက်ညီလိုင် ဦးဆောင်သော ကွဲထွက်သွားသည့် အဓိက ဝတပ်ဖွဲ့သည် နှစ်ပေါင်းများစွာကြားခဲ့သည့် ဗကပ ဝါဒများ၏ လွှမ်းမိုးမှုခံရဆဲဖြစ်ပြီး "လူမျိုးရေး ခွဲခြားမှု ဆန့်ကျင်ရေး" နှင့် ဝမဟုတ်သော အမည်ဖြစ်သည့် မြန်မာပြည် ဒီမိုကရေစီ စည်းလုံးညီညွတ်သောတပ်မတော် အမည်ဖြင့် တပ်မတော်နှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်ခဲ့သည်။ ဤပဋိပက္ခများအားလုံး၏ ရလဒ်မှာ "သူပုန်ပီပီသသ" တိုင်းရင်းသား ဝလှုပ်ရှားမှုသည် ပအိုဝ်း၊ ကရင်နီ၊ လားဟူနှင့် ရှမ်းလူမျိုးများကဲ့သို့ပင် လွန်ခဲ့သော နှစ် ၂၀ အတွင်း အရှေ့မြန်မာနိုင်ငံရှိ ဗကပ ၏ လုပ်ဆောင်မှုများကြောင့် ဖြစ်ပေါ်လာသော တော်လှန် နိုင်ငံရေး၏ မုန်တိုင်းအတွင်းမှ ပြင်းထန်စွာ ကွဲပြားသွားခဲ့သည်။ ၁၉၈၉ ခုနှစ် ပုန်ကန်မှုသည် ဗကပ ၏ ဩဇာလွှမ်းမိုးမှုကို အဆုံးသတ်စေခဲ့ပြီး ဝလူမျိုးများအား ၎င်းတို့၏ အနာဂတ်ကို ပုံဖော်ရန် ခွင့်ပြုခဲ့သော်လည်း တရုတ်ဩဇာလွှမ်းမိုးမှုသည် ဆက်လက်တည်ရှိနေခဲ့သည်။ ၎င်းတို့၏ စစ်ရေးစွမ်းရည်နှင့် ဘိန်းအခြေခံ စီးပွားရေးတို့က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပြီး ဗကပ တားမြစ်ချက်များရှိသော်လည်း ဦးခေါင်းဖြတ်ခြင်းကဲ့သို့သော ယဉ်ကျေးမှုဓလေ့များသည် ဆက်လက်တည်ရှိ နေခဲ့သည်။ ဝလူမျိုးများ၏ စာတတ်မြောက်မှု နည်းပါးခြင်းသည် ဗကပ ဝါဒဖြန့်မှုများနှင့် ထိတွေ့ဆက်ဆံမှုကို ကန့်သတ်ထားခဲ့သလိုဖြစ်ပြီး မိမိတို့၏ သရုပ်လက္ခဏာကို ထိန်းသိမ်းထားနိုင်ခဲ့သည်။ နောက်ပိုင်း ၁၉၈၉ ခုနှစ်တွင်မှ ဗကပလက်ထွက် ဝတို့သည် အိုက်ဆောင်ဆူ၏ WNC နှင့် ပူးပေါင်းခဲ့သည်။ ဗကပမှ ဆင်းသက်လာသော တိုက်ခိုက်ရေးသမားများဖြင့် ပြည်ထောင်စုဝပြည်ထောင်စုပါတီ (UWSP) နှင့် ပြည်ထောင်စုဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ကို တည်ထောင်ခြင်းက ပိုမိုကျယ်ပြန့်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆီသို့ ဦးတည်သွားသည်။ ဗကပ ၏ စစ်တုရင်ရုပ်များမှ ဝတို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အဖွဲ့အစည်းများအဖြစ် ပြောင်းလဲခြင်းသည် ဆယ်စုနှစ်များစွာ ပဋိပက္ခများကြောင့် ပြောင်းလဲခဲ့သော ဒေသတွင် ခံနိုင်ရည်ရှိမှုကို ထင်ဟပ်စေသည့် အလှည့်အပြောင်းတခုဖြစ်သည်။ မြန်မာ-တရုတ်နယ်စပ်တလျှောက်ရှိ ဝတောင်တန်းဒေသ၏ ကြမ်းတမ်းသော မြေမျက်နှာပြင်သည် ပဋိပက္ခ၏ မီးလောင်ရာနေရာတစ်ခု ဖြစ်ခဲ့သည်မှာ ကြာပြီဖြစ်သည်။ ၂၀ ရာစု၏ အချိန်အများစုတွင် ဤဝေးလံခေါင်ဖျားသော ဒေသသည် ဗကပ အတွက် အမာခံနယ်မြေတခုအဖြစ် ဆောင်ရွက်ခဲ့ပြီး ဗဟိုအစိုးရ၏ အာဏာကို စိန်ခေါ်ခဲ့သော အင်အားစုဖြစ်သည်။ သို့ရာတွင် မူးယစ်ဆေးဝါးနိုင်ငံရေးခေတ်သစ်အတွက် လမ်းခင်းပေးခဲ့သည်။ ဝတိုင်းရင်းသား ပုန်ကန်သူများသည် မြန်မာအစိုးရကို တိုက်ခိုက်နေသော အခြားသူပုန်အဖွဲ့များနှင့် ပူးပေါင်းလိမ့်မည်ဟု လူအများက ခန့်မှန်းခဲ့ကြသည်။ သို့သော် ရန်ကုန်တွင် အသစ်ဖွဲ့ထားသော စစ်အစိုးရသည် ဤခြိမ်းခြောက်မှုကို ကောင်းစွာသိရှိထားပြီး လျင်မြန်စွာနှင့် ပြတ်ပြတ်သားသား ဆောင်ရွက်ဆုံးဖြတ်ခဲ့သည်။ သွေးထွက်သံယို တန်ပြန်ထိုးစစ်ဆင်မည့်အစား လိမ္မာပါးနပ်သော ပူးပေါင်းဆောင်ရွက်မှု နည်းဗျူဟာကို အသုံးပြုခဲ့ပြီး အပစ်အခတ်ရပ်စဲရေးနှင့်၊ အထူးသဖြင့် ကြီးထွားလာနေသော မူးယစ်ဆေးဝါးကုန်သွယ်ရေးတွင် အမြတ်အစွန်းများသော စီးပွားရေးအခွင့်အလမ်းများကို ကတိပြုခဲ့သည်။ ဤအစီအစဉ်သစ်၏ ကြားခံလူများအဖြစ် မြန်မာ့စစ်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ခင်ညွန့် အပါအဝင် အဓိကဆောင်ရွက်သူ ပုဂ္ဂိုလ်များ ရှိခဲ့သည်။ ကိုးကန့်စစ်ခေါင်းဆောင် လော်စစ်ဟန်၏ အကူအညီဖြင့် ပုန်ကန်သူများနှင့် ဆွေးနွေးခဲ့သည်။ လော်စစ်ဟန်၏ သတင်းစကားမှာ ရိုးရှင်းသော်လည်း အစွမ်းထက်သည်ဟုဆိုရမည်။ အစိုးရကို တိုက်ခိုက်ခြင်းကို ရပ်ဆိုင်းပါက နယ်မြေနှင့် လက်နက်များကို ဆက်လက်ထိန်းချုပ်ခွင့် ရရှိမည်ဟူ၏။ ဤလက်တွေ့ကျသော ချဉ်းကပ်မှုသည် သွေးထွက်သံယိုမှုမရှိဘဲ ဝလူမျိုးတို့၏ အာဏာကို ခိုင်မာအောင် လုပ်ဆောင်ရန် အခွင့်အရေးကို မြင်ခဲ့စေကာ ဝခေါင်းဆောင်များကို ဆွဲဆောင်ခဲ့သည်။ ထိုအချိန်တွင် စစ်အစိုးရသည် တည်ငြိမ်မှုရခြင်းနှင့် မိတ်ဖွဲ့ခြင်းတိုးလာရန်အတွက် နယ်စပ်ဒေသများတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် အတိုင်းအတာတခုကို လက်ခံရန် ဆန္ဒရှိခဲ့သည်။ စစ်အစိုးရ၏ တုံ့ပြန်မှု၏ မြန်ဆန်မှုနှင့် ထိရောက်မှုသည် ဝနှင့် အခြားတော်လှန်ရေးအဖွဲ့များအကြား ဖြစ်နိုင်ခြေရှိသော မဟာမိတ်ဖွဲ့ခြင်းကို ထိရောက်စွာ ကာကွယ်ပေးခဲ့သည်။ အမျိုးမျိုးသော အတိုက်အခံ အင်အားစုများကို စည်းလုံးရန် ကြိုးပမ်းခဲ့သော NDF သည် ဝခေါင်းဆောင်များက ပုန်ကန်မှုထက် ဆွေးနွေးမှုကို ရွေးချယ်ခဲ့သောကြောင့် မျှော်လင့်ချက်များ ပျောက်ဆုံးခဲ့ရသည်။ UWSA သည် ဗကပထံမှ အာဏာသိမ်းပြီး မကြာမီ ၁၉၈၉ ခုနှစ် မေလ ၉ ရက်တွင် ငြိမ်းချမ်းရေး ယူခဲ့ခြင်းဖြစ်သည်။ ယခင် ဗကပ တပ်မတော်၏ အကြီးဆုံးတပ်ဖွဲ့ကို ညှိနှိုင်းပြီးနောက် စစ်အစိုးရသည် အခြား ကွဲထွက်သွားသော အဖွဲ့များသို့ အလားတူ အပစ်အခတ်ရပ်စဲရေး ကမ်းလှမ်းမှုများကို ပြုလုပ်ခဲ့သည်။ ယင်းဗျူဟာသည် ယခင်က အတော်လေး စည်းလုံးခဲ့သော ကွန်မြူနစ်အင်အားစုတစ်ခုကို တိုင်းရင်းသားအလိုက် ဖွဲ့စည်းထားသော စစ်တပ်ငယ်များအဖြစ် ကွဲပြားသွားစေခဲ့သည်။ ဤကနဦး အပစ်အခတ်ရပ်စဲရေးများသည် စာဖြင့် ရေးသားထားခြင်း မရှိဘဲ နှုတ်ကတိများဖြင့် နားလည်မှုများအပေါ် အခြေခံထားခြင်းဖြစ်သည်။ ယင်းကလည်း မငြိမ်သက်မှုကို ပို၍ပင် ဖြစ်နိုင်စေသည်။ ကိုးကန့်သည် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ကို ဖွဲ့စည်းခဲ့ပြီး အခြားအဖွဲ့များသည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာယူခဲ့ကြသည်။ ကျောက်ညီလိုင်နှင့် ပေါက်ယိုချန်းတို့ ဦးဆောင်သော အဖွဲ့မှာ တရုတ်ထောက်ပံ့သော လက်နက်ခဲယမ်းများစွာကို အမွေဆက်ခံခဲ့ပြီး ဝတောင်တန်းဒေသများတွင် လွှမ်းမိုးသော အင်အားစုအဖြစ် လျင်မြန်စွာ နေရာယူခဲ့ကြသည်။ မြန်မာပြည်အပေါ် သစ္စာရှိမှုကို သင်္ကေတပြုသည့်အနေဖြင့်သာ တရားဝင် သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့သည်မှာ နောက်ဆယ်စုနှစ်များစွာကြာပြီးမှသာ ဖြစ်၏။ မြေပြင်ရှိ အာဏာချိန်ခွင်လျှာကို များစွာပြောင်းလဲခြင်းမရှိခဲ့ပေ။ ၁၉၈၉ ခု အပစ်အခတ်ရပ်စဲရေးများသည် ဝတောင်တန်းဒေသများသို့ ငြိမ်းချမ်းရေးကို ယူဆောင်လာခဲ့ သော်လည်း ထိန်းမနိုင်သိမ်းမရသော မူးယစ်ဆေးဝါးထုတ်လုပ်မှု ခေတ်သစ်တခုကိုလည်း စတင်စေခဲ့သည်။ မြန်မာစစ်အစိုးရ၏ တည်ငြိမ်မှုကို ဦးစားပေးသည့် လက်တွေ့ကျသော ဆုံးဖြတ်ချက်သည် မူးယစ်ဆေးဝါး ကုန်သွယ်မှု ကြီးထွားလာစေရန် ခွင့်ပြုခဲ့သည်။ မူးယစ်ဆေးဝါးများဖြင့် အရင်းအမြစ်များ အင်အားဖြည့်ထားသော အင်အားကြီးမားသည့် စီးပွားရေးနှင့် စစ်ရေးအခြေခံအင်အားကို တည်ဆောက်ရန် အခွင့်အရေးကို လျင်မြန်စွာ အခွင့်ကောင်းယူခဲ့သော အသစ်ဖွဲ့စည်းထားသည့် ပြည်ထောင်စုဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) အတွက် အထူးအကျိုးဖြစ်ထွန်းစေခဲ့သည်။ ဗကပ ပုန်ကန်မှုအပြီး ချက်ချင်းဆိုသလို ဝဒေသတွင် ဘိန်းစိုက်ပျိုးမှုနှင့် ဟီရိုအင်းထုတ်လုပ်မှု သိသိသာသာ တိုးမြင့်လာခဲ့သည်။ ဗကပ ၏ အခြေခံအဆောက်အအုံနှင့် နယ်မြေထိန်းချုပ်မှုကို အမွေဆက်ခံခဲ့သော UWSA သည် ဤတရားမဝင်ဈေးကွက်ကို အခွင့်ကောင်းယူရန် အကောင်းဆုံးအနေအထားတွင် ရှိနေခဲ့သည်။ ကြာရှည်သော လက်နက်ကိုင်တော်လှန်ရေးတိုက်ပွဲများ၏ ကန့်သတ်ချက်များမှ ကင်းလွတ်လာသောကြောင့် ၎င်းတို့သည် ဘိန်းထုတ်လုပ်မှုကို ချဲ့ထွင်ရန်နှင့် ဟီရိုအင်းကို သန့်စင်ရန်အတွက် အရင်းအမြစ်များကို မြှုပ်နှံနိုင်ခဲ့သည်။ မူးယစ်ဆေးဝါးထုတ်လုပ်မှု ပေါက်ကွဲခြင်းသည် ကမ္ဘာလုံးဆိုင်ရာ ဝယ်လိုအား မြင့်တက်လာခြင်းနှင့် တိုက်ဆိုင်ခဲ့ပြီး UWSA အတွက် အမြတ်အစွန်းများသော ဝင်ငွေစီးဆင်းမှုကို ပံ့ပိုးပေးခဲ့သည်။ UWSA ၏ မူးယစ်ဆေးဝါးကုန်သွယ်မှုတွင် ထွန်းကားလာမှုသည် ယူနန်နွယ်ဖွား စွန့်ဦးတီထွင်လုပ်ငန်းရှင် သုံးဦးဖြစ်သော ဝေညီအစ်ကိုများကြောင့် ပိုမိုလွယ်ကူလာခဲ့သည်။ ဝလူမျိုးအသိုင်းအဝိုင်းအတွင်း ခိုင်မာသော ဆက်သွယ်မှုများနှင့် စီးပွားရေးဉာဏ်ပညာတို့ ပေါင်းစပ်ပြီး ရှုပ်ထွေးသော မူးယစ်ဆေးဝါးမှောင်ခိုကွန်ရက်များကို ထူထောင်နိုင်ခဲ့သည်။ ဝေညီအစ်ကိုများသည် ဝဒေသသို့ မက်သာအမ်ဖက်တမင်း ထုတ်လုပ်မှုကို မိတ်ဆက်ခဲ့သည်။ အလုပ်သမားများစွာ လိုအပ်သော ဘိန်းစိုက်ပျိုးခြင်းနှင့် ပြုပြင်ခြင်းတို့နှင့်မတူဘဲ မက်သာအမ်ဖက်တမင်းကို ဓာတုဗေဒနည်းဖြင့် ထုတ်လုပ်နိုင်သဖြင့် အမြတ်အစွန်းရရန် ပိုမိုမြန်ဆန်ထိရောက်သော နည်းလမ်းကို ပေးစွမ်းခဲ့သည်။ ထုတ်ကုန်အသစ်သည် အိမ်နီးချင်းထိုင်းနိုင်ငံနှင့် အခြားအရှေ့တောင်အာရှ နိုင်ငံများတွင် ဈေးကွက်တခုကို ကောင်းကောင်းရှာဖွေတွေ့ရှိခဲ့ပြီး ဒေသတွင်း မူးယစ်ဆေးဝါးကုန်သွယ်မှုတွင် UWSA ကို အဓိက ကစားသမားအဖြစ် ခိုင်မာစေခဲ့သည်။ UWSA ၏ လွှမ်းမိုးမှု တိုးလာခြင်းသည် ကုန်သွယ်ရေးလမ်းကြောင်းများကို ထိန်းချုပ်ရန် ကြိုးပမ်းနေသော အခြားမူးယစ်ဆေးဝါးဂိုဏ်းများနှင့် ပဋိပက္ခများသို့ မလွဲမသွေ ဦးတည်ခဲ့သည်။ ယင်းကာလများတွင် နာမည်ဆိုးဖြင့်ကျော်ကြားသော သျှမ်းစစ်ခေါင်းဆောင် ခွန်ဆာ ဦးဆောင်သော မိုင်းတိုင်တပ်မတော် (MTA) သည် အဓိကပြိုင်ဘက်အဖြစ် ပေါ်ထွက်လာခဲ့သည်။ နှစ်ဖက်တပ်ဖွဲ့များသည် ၁၉၉၀ ပြည့်လွန်နှစ်များအစောပိုင်းတလျှောက် သွေးထွက်သံယို တိုက်ပွဲများစွာတွင် ပါဝင်ခဲ့ကြသည်။ ၁၉၉၃ ခုနှစ်တွင် ခွန်ဆာ၏ မုန်တိုင်အာမီတပ်များနှင့် တိုက်ပွဲဖြစ်ပြီး မြန်မာစစ်တပ်က ဝတို့ဘက်ကနေ ကူတိုက်ပေးခဲ့သည်။ မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲရေးနှင့် မူးယစ်ဆေးဝါးကုန်သွယ်မှုမှ ရရှိသော အရင်းအမြစ်များကို ရယူနိုင်ခြင်းတို့ကြောင့် UWSA သည် တဖြည်းဖြည်း အသာစီးရလာခဲ့သည်။ ပဋိပက္ခသည် ၁၉၉၆ ခုနှစ်တွင် ခွန်ဆာ မြန်မာအာဏာပိုင်များထံ မမျှော်လင့်ဘဲ လက်နက်ချခြင်းဖြင့် အဆုံးသတ်ခဲ့သည်။ ခွန်ဆာ၏ လက်နက်ချမှုသည် အစိုးရအတွက် အရေးပါသော အောင်ပွဲတခုဖြစ်သော်လည်း ၎င်းသည် မြောက်ပိုင်းထိုင်း-မြန်မာနယ်စပ်ဒေသ၏ မူးယစ်ဆေးဝါးကုန်သွယ်မှုကို UWSA က လုံးဝလွှမ်းမိုးနိုင်ရန် လမ်းခင်းပေးခဲ့သည်။ မူးယစ်ဆေးဝါးအပေါ် မှီခိုနေရသော်လည်း UWSA သည် အခြားသော စီးပွားရေးလှုပ်ရှားမှုများကိုလည်း စတင်လုပ်ဆောင်ခဲ့သည်။ မူးယစ်ဆေးဝါးကုန်သွယ်မှုမှ ရရှိသောငွေများကို လမ်းများ၊ ကျောင်းများနှင့် ဆေးရုံများ အပါအဝင် အခြေခံအဆောက်အအုံစီမံကိန်းများတွင် မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံခဲ့ပြီး ဝတောင်တန်း ဒေသများအတွင်း UWSA ၏ ထိန်းချုပ်မှုနှင့် တရားဝင်မှုကို ခိုင်မာစေခဲ့သည်။ ၎င်းတို့သည် မြန်မာ၊ တရုတ်နှင့် ထိုင်းနိုင်ငံရှိ သံဖြူတူးဖော်ရေးနှင့် တရားဝင်စီးပွားရေးလုပ်ငန်းများကဲ့သို့သော အခြားကဏ္ဍများတွင်လည်း ရင်းနှီးမြှုပ်နှံခဲ့သည်။ မူးယစ်ဆေးဝါးထုတ်လုပ်မှုတွင် ၎င်းတို့၏ ဆက်လက်ပါဝင်ပတ်သက်မှု အတိုင်းအတာသည် အငြင်းပွားဖွယ်ရှိနေသေးသော်လည်း ဤစီးပွားရေးကဏ္ဍပေါင်းစုံလုပ်ဆောင်ခြင်းသည် မူးယစ်ဆေးဝါးဈေးကွက်၏ အပြောင်းအလဲများမှ အတိုင်းအတာတခုအထိ ကာကွယ်ပေးခဲ့ပြီး UWSA ကို မူးယစ်ဆေးဝါး ဗဟိုပြုစစ်တပ်တခုမှ ပိုမိုရှုပ်ထွေးသော နိုင်ငံရေးနှင့် စီးပွားရေးအဖွဲ့အစည်းတခုအဖြစ် ပြောင်းလဲတိုးတက်စေရန် လမ်းခင်းပေးခဲ့သည်။ ဤလျင်မြန်သော ကြီးထွားမှုနှင့် ခိုင်မာအားကောင်းမှုကာလသည် UWSA ကို ဒေသတွင်း အင်အားကြီးမားသော အဖွဲ့အစည်းအဖြစ် ထူထောင်ခဲ့သည်။ မူးယစ်ဆေးဝါးကုန်သွယ်မှုမှ ရရှိသော ငွေများက ဝခေါင်းဆောင်များကို ချမ်းသာကြွယ်ဝစေခဲ့ရုံသာမက ဝဒေသအတွင်း အုပ်ချုပ်ရေးဖွဲ့စည်းပုံကိုလည်း တည်ဆောက်နိုင်စေကာ လူမှုရေးအစီအစဉ်များတွင် ရင်းနှီးမြှုပ်နှံ နိုင်စေခဲ့သည်။ ထိုအချက်ကလည်း ဝလူမျိုးများအပေါ် ၎င်းတို့ ထိန်းချုပ်မှုကို ခိုင်မာစေခဲ့သည်။ မူးယစ်ဆေးဝါးနှင့် ပတ်သက်မှုစွပ်စွဲချက်များက ၎င်းတို့၏ နိုင်ငံရေးအခြေအနေကို ပိုမိုရှုပ်ထွေးစေပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို စိန်ခေါ်နေသည်။ မကြာသေးခင်က ၂၀၂၅ ခုနှစ် ဇွန်တွင် ထိုင်းဝန်ကြီးချုပ်ဟောင်းက ဝတို့မှာ မူးယစ်ဆေးဝါးများ ထိုင်းနိုင်ငံအတွင်း ပို့နေသည့်လက်သည်ဟု စွပ်စွဲသလို ဝဘက်ကလည်း မူးယစ်ဆေးဝါးများကို ကိုင်တွယ် လျော့ချထားသည်ဟု ဆိုခဲ့သည်။ ယနေ့တွင် UWSP/UWSA ထိန်းချုပ်မှုအောက်ရှိ ဝဒေသသည် ဒေသတွင်း ရဲတပ်ဖွဲ့နှင့် စီးပွားရေး အရင်းအမြစ်များကို စီမံခန့်ခွဲသည့် တစိတ်တပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အဖွဲ့အစည်းအဖြစ် လုပ်ဆောင်နေသည်။ ဝလူမျိုးများသည် မျိုးနွယ်စုဖွဲ့စည်းပုံများနှင့် လူမှုအသိုင်းအဝိုင်း၏ သဘောတူညီချက်များအပေါ် အခြေခံထားသော ရိုးရာအုပ်ချုပ်ရေးနှင့် ခေတ်မီဗျူရိုကရေစီစည်းမျဉ်းများကို ဟန်ချက်ညီအောင် ထိန်းထားသည်။ မြန်မာနိုင်ငံနှင့် ဝတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုင်ရာ သဘောတူညီချက်များသည် ၁၉၈၉ ခုနှစ် အပစ်အခတ်ရပ်စဲရေးမှ စတင်၍ ပုံစံအမျိုးမျိုးရှိသည်။ ပုံစံများမှာ ပုံမှန်တရားဝင်လုပ်မထားသည့် အပစ်အခတ်ရပ်စဲရေးများမှ တစိတ်တပိုင်း အသိအမှတ်ပြုထားသော ဖွဲ့စည်းပုံဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်များအထိ ကွဲပြားသည်။ သို့နှင့် ဝသည် မြေပြင်တွင် နိုင်ငံငယ်တခုပမာ ဖြစ်လာခဲ့သည်။ မြန်မာအစိုးရ၏ အချုပ်အခြာအာဏာကို မငြင်းပယ်သော်လည်း ကာကွယ်ရေး အစီအမံများနှင့် ဥပဒေများကို လက်မခံသလို ငွေကြေးတွင်လည်း ဗမာငွေကြေးပင် မသုံးကြပေ။ ဝလူမျိုးများသည် မြန်မာနိုင်ငံ၏ ဗဟိုချုပ်ကိုင်မှုကို ဆန့်ကျင်ခဲ့ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပါဝင်ခဲ့သော်လည်း ပင်မနိုင်ငံရေးလမ်းများမှ မကြာခဏဆိုသလို ဘေးဖယ်ထားခံရသည်။ ၁၉၈၉ ခုတည်းက အရေးပါလာသော တရုတ်နိုင်ငံ၏ ဩဇာလွှမ်းမိုးမှုသည် နယ်စပ်မူဝါဒများနှင့် ပထဝီနိုင်ငံရေးအကျိုးစီးပွားများဖြင့် ပုံဖော်ထားသော ဝလူမျိုးများ စစ်ရေးနှင့် နိုင်ငံရေးစွမ်းရည်ကို အားဖြည့်ပေးသည်။ နိုင်ငံရေးအားဖြင့်မူ အချို့သော ဝခေါင်းဆောင်များသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့်အတူ ဖက်ဒရယ်စနစ်တွင် ပေါင်းစည်းရေးကို ထောက်ခံကြပြီး အချို့မှာမူ ခွဲထွက်ရေးကို နှစ်သက်ကြသည်။ ဝ၏ မဟာဗျူဟာမြောက် ပထဝီတည်နေရာသည် ရှမ်းကဲ့သို့သော အခြားတိုင်းရင်းသားအုပ်စုများနှင့် ဆက်ဆံရေးကိုလည်း ရှုပ်ထွေးစေသည်။ ဆယ်စုနှစ်များစွာကြာ တိုက်ပွဲများ ဖြစ်ပွားခဲ့သော်လည်း ဝလူမျိုးများသည် ၎င်းတို့၏ ထူးခြားသော ယဉ်ကျေးမှုဆိုင်ရာ သရုပ်သကန်လက္ခဏာကို ထိန်းသိမ်းထားနိုင်ခဲ့ပြီး နှုတ်ဖြင့်ပြောဆိုသော ရိုးရာဓလေ့များနှင့် ယဉ်ကျေးမှုပြန်လည်ရှင်သန်ရေးကို အသုံးပြု၍ ဝလူထုကြား နိုင်ငံရေးတရားဝင်မှုကို ခိုင်မာစေခဲ့သည်။ ပြည်ထောင်စုဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) သည် ၎င်း၏ ထိန်းချုပ်နယ်မြေအတွင်း နိုင်ငံတည်ဆောက်ရေးစီမံကိန်းကြီးကို စတင်ခဲ့သည်။ UWSA ၏ နိုင်ငံတည်ဆောက်ရေးစီမံကိန်းအပေါ် တရုတ်၏ လွှမ်းမိုးမှုသည် ငြင်းမရနိုင်ပေ။ တရုတ်ကုမ္ပဏီများသည် လမ်းများနှင့် အခြေခံအဆောက်အအုံများကို တည်ဆောက်ခဲ့ပြီး တရုတ်ငွေကြေးသည် လွတ်လပ်စွာ လည်ပတ်နေကာ တယ်လီကွန်းကွန်ရက်သည် တရုတ်ဆာဗာများနှင့် ချိတ်ဆက်ထားသည်။ UWSA ၏ ဌာနချုပ်ဖြစ်သော ပန်ဆန်းကို ပန်ခမ်း ခေတ်မီမြို့အဖြစ် ပြောင်းလဲခြင်းသည် ဤနိုင်ငံတည်ဆောက်ရေးစီမံကိန်း၏ သင်္ကေတတခုဖြစ်သည်။ ယခင်က အဆောက်အအုံ အနည်းငယ်မျှသာ စုစည်းထားသည့် ပန်ခမ်းသည် ယခုအခါ လမ်းခင်းထားသော လမ်းများ၊ ခေတ်မီအိမ်ရာများ၊ စည်ကားသောဈေးများနှင့် တရုတ်ဧည့်သည်များကို ဝန်ဆောင်မှုပေးသော ကာစီနိုများပင် ရှိသည်။ မူးယစ်ဆေးဝါးမှ ရရှိသော ငွေကြေးနှင့် တရုတ်ရင်းနှီးမြှုပ်နှံမှုဖြင့် ကြီးထွားလာသော ဤလျင်မြန်သော ဖွံ့ဖြိုးတိုးတက်မှုသည် မြန်မာအစိုးရ၏ တိုက်ရိုက်ထိန်းချုပ်မှုအောက်ရှိ ဖွံ့ဖြိုးမှုနောက်ကျသော ဒေသများနှင့် လုံးဝဆန့်ကျင်ဘက် ဖြစ်သည်။ UWSA သည် နိုင်ငံတော်များ၏ ဗျူရိုကရေစီစနစ်များနှင့် ဆင်တူသော ရှုပ်ထွေးသော ကိုယ်ပိုင် အုပ်ချုပ်ရေးဖွဲ့စည်းပုံတခု ဖြစ်သည့် ဝဗဟိုအာဏာပိုင်အဖွဲ့ (WCA) ကို တည်ထောင်ခဲ့သည်။ WCA သည် ဘဏ္ဍာရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အမျိုးသမီးရေးရာများအပါအဝင် ဌာနအမျိုးမျိုးကို ကြီးကြပ်သည်။ ဤဖွဲ့စည်းမှုဆိုင်ရာ ရှုပ်ထွေးမှုသည် ရိုးရှင်းသော စစ်ရေးထိန်းချုပ်မှုထက် ကျော်လွန်၍ UWSA ၏ ရည်မှန်းချက်များကို ထင်ဟပ်သည်။ လူထုကို အုပ်ချုပ်ရန်နှင့် ဝန်ဆောင်မှုများ ပေးအပ်ရန် ဆန္ဒကို ပြသသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ အခြေခံအဆောက်အအုံစီမံကိန်းများနှင့် ဝယဉ်ကျေးမှု ပြန်လည်ရှင်သန်ရေးတို့ကို ဦးစားပေးသော်လည်း အာဏာကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားသည်။ UWSA သည် မြန်မာအစိုးရ၏ ဝါးမြိုစုပ်ယူရေးမူဝါဒများကို မခံရဘဲ ဝယဉ်ကျေးမှုနှင့် ဘာသာစကားကို တက်ကြွစွာ မြှင့်တင်နိုင်ခဲ့သည်။ ကျောင်းများတွင် ဝနှင့် အခြားဒေသခံဘာသာစကားများကို တရုတ်နှင့် မြန်မာဘာသာတို့နှင့်အတူ သင်ကြားပေးသည်။ ဝသူရဲကောင်းများနှင့် အမျိုးသားသင်္ကေတများ၏ ရုပ်တုများသည် အများပြည်သူနေရာများကို အလှဆင်ထားပြီး ဝလူမျိုးတို့၏ အမှတ်အသားနှင့် ဂုဏ်ယူမှုကို မြှင့်တင်ပေးသည်။ ဤယဉ်ကျေးမှုဆိုင်ရာ ပြန်လည်ရှင်သန်မှုသည် UWSA ၏ အုပ်ချုပ်မှုကို တရားဝင်စေရန်နှင့် ဒေသခံလူထုနှင့် ၎င်း၏ ဆက်သွယ်မှုကို ခိုင်မာစေရန်အတွက် အစွမ်းထက်သော ကိရိယာတခုအဖြစ် ဆောင်ရွက်ခဲ့သည်။ UWSA ၏ နိုင်ငံတည်ဆောက်ရေး ကြိုးပမ်းမှုများသည် တိုင်းရင်းသားများအတွင်း အတိုင်းအတာအရ အထင်ကြီးစရာကောင်းသော်လည်း ဒေသကို လွတ်လပ်သည့် ဒီမိုကရေစီအဖြစ်သို့ ပြောင်းလဲခြင်း မရှိသေးပေ။ နိုင်ငံရေးလွတ်လပ်မှုမှာ အလွန်ကန့်သတ်ချက်ရှိသည်။ UWSA ၏ နိုင်ငံရေးတောင်ပံဖြစ်သော UWSP သည် လီနင်ဝါဒပုံစံ ရှေ့ပြေးပါတီသဖွယ်ဖြစ်ပြီး အာဏာကို ခိုင်မာစွာ ထိန်းချုပ်ထား၏။ ဤပုံစံသည် ခေတ်မီလာသည်ဟု မြင်ရသော်လည်း လူအချို့အတွက် ကြွယ်ဝချမ်းသာမှုကို ကွက်ဖြစ်ပေါ်စေ၍ UWSA ၏ တပါတီအုပ်ချုပ်မှုကိုသာ အားဖြည့်ပေးသည်။ ခေတ်လည်းမီရမည်၊ မိမိတို့ ထိန်းချုပ်၍လည်း ရရမည်ဟူသည် UWSA ၏ ချဉ်းကပ်မှုလည်း ဖြစ်သည်။ မြန်မာနိုင်ငံတွင်မူ ဝ-တရုတ် ဆက်ဆံရေးသည် ပထဝီဝင်အရ နီးစပ်မှုသာမက အာဏာရှင်ဆန်သော အုပ်ချုပ်မှုစနစ်၏ ဘုံပုံစံကိုလည်း ထင်ဟပ်သည်။ တရုတ်၏ လွှမ်းမိုးမှုအောက်တွင် ဝတောင်တန်းဒေသများသည် ဝေးလံခေါင်ဖျားပြီး ပဋိပက္ခများပြည့်နှက်သော ဒေသတခုမှ ခေတ်မီအံ့ဩဖွယ်ကောင်းသော အဖွဲ့အစည်းတခု အဖြစ် ပြောင်းလဲခဲ့သည်။ ၎င်းသည် တရုတ်နှင့် မြန်မာအစိုးရနှစ်ခုလုံးနှင့် ဝ၏ဆက်ဆံရေးကို နားလည်ရန် အဓိကအချက် ဖြစ်သည်။ တရုတ်နိုင်ငံတွင် ကွန်မြူနစ်အစိုးရသည် စာတတ်မြောက်မှုကို မြှင့်တင်ရန်နှင့် ထိန်းချုပ်မှုကို ခိုင်မာစေရန် ရည်ရွယ်၍ ၁၉၅၇ ခုနှစ်တွင် ရိုမန်ဘာသာဖြင့် ရေးသားထားသော ဝစာပေကို မိတ်ဆက်ခဲ့သည်။ သို့သော် ၁၉၅၈ ခုနှစ်တွင် မူဝါဒများ ပြောင်းလဲသွားခဲ့ပြီး လက်နက်များ သိမ်းဆည်းခြင်း၊ ဗုံအိမ်များ ဖျက်ဆီးခြင်းနှင့် ဦးခေါင်းဖြတ်ခြင်းဆိုင်ရာ သင်္ကေတများ ဖျက်သိမ်းခြင်းတို့ကို ပြုလုပ်ခဲ့သည်။ ထို့အပြင် တရုတ်ပြည် ဝလူမျိုးများကို စုပေါင်းလယ်ယာများသို့ အတင်းအကြပ် ရွှေ့ပြောင်းစေခဲ့ပြီး ရိုးရာခေါင်းဆောင်များကို ဘေးဖယ်ထားခဲ့သည်။ သို့သော် ယဉ်ကျေးမှုဆိုင်ရာ ပွဲများကို ကျင်းပပေးသည်လည်း ရှိသည်။ ပြည်ထောင်စုဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့် တရုတ်နိုင်ငံကြား ဆက်ဆံရေးသည် နိုင်ငံရေး၊ စီးပွားရေးနှင့် မဟာဗျူဟာပိုင်းဆိုင်ရာ ရှုပ်ထွေးမှုများစွာဖြင့် ယှက်နွယ်နေပါသည်။ နှစ်နိုင်ငံကြားတွင် သမိုင်းကြောင်းဆိုင်ရာ အဆက်အသွယ်များ၊ ပထဝီဝင်ဆိုင်ရာ နီးစပ်မှုများနှင့် ဘုံအကျိုးစီးပွားများစွာ ရှိနေသောကြောင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ဝဒေသအရေးနှင့် ပြည်တွင်းရေးပြောင်းလဲမှုများအပေါ် ဩဇာလွှမ်းမိုးမှု ကြီးမားလျက်ရှိပါသည်။ UWSA နှင့် တရုတ်နိုင်ငံကြား သမိုင်းကြောင်းအရ ဆက်နွယ်မှုများသည် ဗကပ ခေတ်ကတည်းက စတင်ခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က ဝစစ်သားအများအပြားသည် တရုတ်နိုင်ငံမှ စစ်ရေး လေ့ကျင့်မှုများနှင့် ထောက်ပံ့မှုများကို ရရှိခဲ့ကြသည်။ ဤပူးပေါင်းဆောင်ရွက်မှု အမွေအနှစ်သည် ယနေ့တိုင် ဆက်လက်တည်ရှိနေသော "ပါတီအချင်းချင်း" ဆက်ဆံရေးအတွက် အခြေခံအုတ်မြစ်ကို ချခဲ့သည်။ ၎င်းသည် လက်နက်လွှဲပြောင်းမှုများနှင့် တရားဝင်လမ်းကြောင်းများကို ကျော်လွန်၍ အခြားထောက်ပံ့မှုပုံစံများအတွက် အဆင်ပြေသော နည်းလမ်းကို ဖန်တီးခဲ့သည်။ တရုတ်နိုင်ငံသည် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမရှိဟူသော မူဝါဒကို တရားဝင်ပြောဆိုသော်လည်း မြေပြင်အနေအထားအရ UWSA နှင့် ပိုမိုနက်ရှိုင်းပြီး နီးနီးကပ်ကပ် ဆက်နွယ်နေသည်ကို တွေ့ရသည်။ ဤအချက်ကလည်း မြန်မာစစ်တပ်ကို မကျေမနပ် ဖြစ်စေသည့် အချက်တခုဖြစ်သည်။ ပေကျင်းမှ ထပ်တလဲလဲ ငြင်းဆိုချက်များရှိနေသော်လည်း UWSA ၏ MANPADS (လူသယ်ယူနိုင်သော လေယာဉ်ပစ် ဒုံးကျည်များ)၊ အမြောက်များ၊ သံချပ်ကာယာဉ်များ အပါအဝင် ခေတ်မီတရုတ် လက်နက်များကို ရယူနိုင်မှုသည် ဤဆက်ဆံရေး၏ နက်ရှိုင်းမှုကို ကောင်းစွာဖော်ပြနေသည်။ မြန်မာနိုင်ငံရှိ တရုတ်၏ စီးပွားရေးအကျိုးစီးပွားများသည်လည်း UWSA အပေါ် ၎င်း၏ ချဉ်းကပ်ပုံကို ပုံဖော်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်။ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ အရှေ့တောင်အာရှနှင့် ကုန်သွယ်ရေးအတွက် အရေးပါသော လမ်းကြောင်းနှင့် အိန္ဒိယသမုဒ္ဓရာသို့ ဝင်ရောက်နိုင်သော လမ်းကြောင်းတခု ဖြစ်သည်။ ထို့ကြောင့် တည်ငြိမ်သော နယ်စပ်ဒေသသည် တရုတ်၏ စီးပွားရေးရည်မှန်းချက်များအတွက် အလွန်အရေးကြီးသည်။ ဝတောင်တန်းဒေသများတွင် တကယ်တမ်း အုပ်ချုပ်နေသော အာဏာပိုင်အဖွဲ့အစည်းဖြစ်သည့် UWSA သည် ဤတည်ငြိမ်မှုကို ထိန်းသိမ်းရာတွင် အဓိကမိတ်ဖက်ဖြစ်လာပြီး ၎င်းတို့၏ တရားမဝင်လုပ်ငန်းများတွင် ပါဝင်ပတ်သက်မှုကို ခွင့်ပြုခြင်းပင် ဖြစ်စေကာမူ တရုတ်နိုင်ငံက ခွင့်ပြုထားသည်ဟု ဆိုနိုင်သည်။ သို့ရာတွင် တရုတ်၏ မူးယစ်ဆေးဝါးမူဝါဒ၏ အရေးပါသော အလှည့်အပြောင်းတခုဖြစ်သည့် ၁၉၉၂ ခုနှစ် ပင်ရွှမ်းစစ်ဆင်ရေးသည် နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးကုန်သွယ်မှုနှင့် တရားဝင်အကျင့်ပျက်ခြစားမှုများ၏ အတိုင်းအတာတို့ကြောင့် ဖြစ်ပေါ်လာသော စိန်ခေါ်မှုများကို ထင်ရှားစေခဲ့သည်။ ဟီရိုအင်းဖြန့်ဖြူးရေးဗဟိုအဖြစ် လူသိများသော ယူနန်ပြည်နယ်ရှိ မြို့တမြို့ဖြစ်သည့် ပင်ရွှမ်းတွင် မူးယစ်ဆေးဝါးမှောင်ခိုနှိမ်နင်းမှုသည် ပေကျင်း၏ ပြည်တွင်း၌ မူးယစ်ဆေးဝါးကုန်သွယ်မှု၏ မတည်ငြိမ်သော သက်ရောက်မှုများအပေါ် စိုးရိမ်ပူပန်မှု တိုးလာသည်ကို ပြသခဲ့သည်။ ဤစစ်ဆင်ရေးသည် UWSA ကို တိုက်ရိုက်ပစ်မှတ်ထားခြင်း မဟုတ်သော်လည်း မြန်မာနိုင်ငံမှ မူးယစ်ဆေးဝါးစီးဆင်းမှုကို ပိုမိုထိန်းချုပ်ရန် လိုအပ်ကြောင်း ရှင်းလင်းသော သတင်းစကားကို ပေးပို့ခဲ့သည်။ UWSA သည် တရုတ်ပြည်၏ ဦးစားပေးအချက်များ ပြောင်းလဲလာသည်ကို အသိအမှတ်ပြုကာ ၎င်း၏ စီးပွားရေးလှုပ်ရှားမှုများကို ကွဲပြားအောင် စတင်လုပ်ဆောင်ခဲ့ပြီး တရားဝင်စီးပွားရေးလုပ်ငန်းများတွင် ပိုမိုတက်ကြွစွာ ပါဝင်ခဲ့သည်။ ဤမဟာဗျူဟာမြောက် ပြောင်းလဲမှုသည် နယ်စပ်ဒေသတွင် ပိုမိုတည်ငြိမ်ပြီး ခန့်မှန်းနိုင်သော မိတ်ဖက်တဦးလိုလားသည့် တရုတ်၏ ဆန္ဒနှင့် ကိုက်ညီခဲ့သည်။ UWSA ၏ မူးယစ်ဆေးဝါးကုန်သွယ်မှုတွင် ပါဝင်ပတ်သက်မှုသည် ဆက်လက်ရှိနေနိုင်သော်လည်း တရားဝင်စီးပွားရေး လုပ်ငန်းများတွင် ၎င်းတို့၏ ပါဝင်ပတ်သက်မှု တိုးလာခြင်းသည် ဂုဏ်သိက္ခာကို တိုးမြှင့်ပေးစွမ်းပြီး ဒေသ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အဓိကကစားသမားအဖြစ် ရှိနေသည့် အနေအထားကို ခိုင်မာစေသည်။ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တရုတ်၏ ပါဝင်ပတ်သက်မှုသည် UWSA အပေါ် မဟာဗျူဟာမြောက် ချဉ်းကပ်ပုံကို ပိုမိုထင်ရှားစေသည်။ မြန်မာအစိုးရနှင့် အမျိုးမျိုးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ကြားခံအဖြစ် ဆောင်ရွက်ခြင်းဖြင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ပြည်တွင်းပဋိပက္ခများကို ဖြေရှင်းရာတွင် မရှိမဖြစ်လိုအပ်သော မိတ်ဖက်အဖြစ် နေရာယူထားသည်။ ဤအခန်းကဏ္ဍသည် မြန်မာနိုင်ငံတွင် တရုတ်၏ ဩဇာကို မြှင့်တင်ပေးပြီး UWSA ၏ အရေးပါမှုကို အားဖြည့်ပေးလျက်ရှိသည်။ မြန်မာ၊ လာအိုနှင့် ထိုင်းနိုင်ငံတို့ ဆုံစည်းရာ ရွှေတြိဂံဒေသသည် ဘိန်းနှင့် ဟီရိုအင်း ထုတ်လုပ်မှုကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့ပြီး ပြောင်းလဲနေသော မူးယစ်ဆေးဝါး ဈေးကွက်များ၊ ရည်မှန်းချက်ကြီးသော ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများနှင့် ပြောင်းလဲနေသော ပထဝီနိုင်ငံရေးအခြေအနေများဖြင့် ရှုပ်ထွေးသော အသွင်ကူးပြောင်းမှုကို ဖြတ်သန်းနေသည်။ ဝတို့သည် ရွှေတြိဂံနယ်မြေအတွင်း အတော်အင်အားရှိသည်။ တရုတ်၏ ခါးပတ်နှင့် လမ်းစီမံကိန်း (BRI) သည် ကြီးမားသော အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဖြစ်ပြီး ဒေသတွင်း အသွင်ကူးပြောင်းမှုအတွက် အခြားအင်အားစုတခုဖြစ်သည်။ BRI သည် ရွှေတြိဂံသို့ လမ်းများ၊ မီးရထားလမ်းများနှင့် စီးပွားရေးအခွင့်အလမ်းသစ်များကို ယူဆောင်လာမည်ဟု ကတိပြုထားသည်။ ဤရင်းနှီးမြှုပ်နှံမှုသည် စီးပွားရေးကြီးထွားမှုကို လှုံ့ဆော်ရန်နှင့် ဆက်သွယ်မှုကို တိုးတက်စေရန် အလားအလာ ရှိသော်လည်း သဘာဝပတ်ဝန်းကျင် ပျက်စီးမှု၊ တရုတ်အစိုးရ၏ ဩဇာတိုးပွားလာမှုနှင့် လက်ရှိမညီမျှမှုများ ပိုမိုဆိုးရွားလာနိုင်ခြေတို့နှင့် ပတ်သက်၍ စိုးရိမ်မှုများကိုလည်း ဖြစ်ပေါ်နေသည်။ ထိုင်းနှင့် အိန္ဒိယကဲ့သို့သော ဒေသတွင်း အခန်းကဏ္ဍများသည် အခြေအနေကို ပိုမိုရှုပ်ထွေးစေသည်။ ကိုယ်ပိုင်မူးယစ်ဆေးဝါးပြဿနာများနှင့် နယ်စပ်ဖြတ်ကျော်မှောင်ခိုမှုများနှင့် ရုန်းကန်နေရသော ထိုင်းနိုင်ငံသည် ရွှေတြိဂံတွင် တည်ငြိမ်မှုရရန် များစွာ လိုလားသည်။ အိမ်နီးချင်းနိုင်ငံတွင် တရုတ်ဩဇာ တိုးပွားလာခြင်းကို သတိထားနေသော အိန္ဒိယသည်လည်း ဒေသတွင်း ပိုမိုတက်ကြွစွာ ပါဝင်ရန် ကြိုးပမ်းနေသည်။ ဤပြိုင်ဆိုင်မှုများ၏ အပြန်အလှန်သက်ရောက်မှုသည် ပူးပေါင်းဆောင်ရွက်မှုနှင့် ပဋိပက္ခနှစ်ခုလုံးအတွက် အလားအလာရှိသော ပြောင်းလဲနေသော ပထဝီနိုင်ငံရေး အခြေအနေကို ဖန်တီးသည်။ ဤပြောင်းလဲနေသော အခြေအနေတွင် UWSA ၏ အခန်းကဏ္ဍသည် အရေးကြီးသည်။ ရွှေတြိဂံ၏ ထင်ရှားသော အစိတ်အပိုင်းကို ထိန်းချုပ်ထားခြင်းနှင့် စီးပွားရေးနှင့် စစ်ရေးအင်အားတို့ ပေါင်းစပ်ပြီး ဝတို့အား ဒေသ၏ အနာဂတ်အတွက် အဓိကကစားသမားတဦး ဖြစ်လာစေသည်။ ဝတို့၏ ရွေးချယ်မှုသည် ပထဝီနိုင်ငံရေး သက်ရောက်မှု ရှိသည်ကို ငြင်းမရပေ။ ပြည်ထောင်စု ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) သည် ၎င်း၏ အင်အားကြီးမားသော စစ်အင်အား၊ ကျယ်ပြန့်သော နယ်မြေနှင့် တရုတ်နိုင်ငံနှင့် ရှုပ်ထွေးသော ဆက်ဆံရေးတို့ဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အဓိကအခန်းကဏ္ဍမှ ပါဝင်သည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် တချိန်တည်း ပါဝင်နေသော်လည်း ဒူးထောက်ရန် အစီအစဉ်မရှိ။ မြန်မာစစ်တပ်နှင့် လက်နက်ကိုင်ပဋိပက္ခများတွင် ပါဝင်နေသော အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဗျူဟာဖြင့် ထောက်ပံ့ပေးနေခြင်းကြောင့် မကြာခဏဆိုသလို ဆန့်ကျင်ဘက် ဝိရောဓိဖြစ်နေသည်ဟု ထင်ရသည်။ ယနေ့ခေတ် UWSA သည် ဒုံးကျည်များတပ်ဆင်ထားသည့် ဒရုန်းများ၊ ဟောင်ဝစ်ဇာများ၊ လေယာဉ်ပစ် ဒုံးများ၊ သံချပ်ကာများဖြင့် လက်နက်အင်အား ကောင်းမွန်စွာ တပ်ဆင်ထားသည်။ လက်နက်ထုတ် စက်ရုံများလည်း ရှိပြီး လေယာဉ်ကွင်းငယ်များလည်း ရှိသည်။ ပြန်ကြည့်လျှင် ၁၉၈၉ ခုနှစ် မတိုင်ခင်က ဝဒေသတွင် တရုတ်တို့ ဆောက်လုပ်ပေးသော အသံလွှင့်ရုံသာ ပြစရာရှိသော်လည်း ယခုအခါ များစွာပြောင်းလဲတိုးတက်လာခဲ့သည်။ UWSA သည် အခြား EAOs များနှင့် ဆက်ဆံရေးကို ထိန်းသိမ်းထားသည်။ ဤမဟာမိတ်ဖွဲ့မှုများကို UWSA ၏ လက်နက်များနှင့် အခြားထောက်ပံ့မှုပုံစံများကို ပံ့ပိုးပေးနိုင်မှုဖြင့် ခိုင်မာစေသည်။ ဤထောက်ပံ့မှုသည် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) ကဲ့သို့သော အဖွဲ့များ၏ စွမ်းရည်များကို မြှင့်တင်ရာတွင် အရေးပါခဲ့ပြီး မြန်မာနိုင်ငံ၏ အာဏာကို စိန်ခေါ်နိုင်စေခဲ့သည်။ မြန်မာစစ်တပ်နှင့် ယခင် ဗကပမှ ကွဲထွက်ခဲ့သော အဖွဲ့အစည်းဖြစ်သည့် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) တို့အကြား တိုက်ပွဲများကြောင့် ဖြစ်ပွားခဲ့သော ၂၀၁၅ ခုနှစ် ကိုးကန့်ပဋိပက္ခသည် UWSA ၏ မရေရာသော အခန်းကဏ္ဍကို အထူးပင် မီးမောင်းထိုးပြခဲ့သည်။ UWSA သည် တိုက်ပွဲတွင် တိုက်ရိုက်ပါဝင်ခဲ့ခြင်း မရှိသော်လည်း MNDAA ကို ထောက်ပံ့မှုနှင့် ပဋိပက္ခဇုန်နှင့် နီးကပ်စွာ တည်ရှိမှုတို့ ပေါင်းစပ်ပြီး တင်းမာသော အခြေအနေတရပ်ကို ဖန်တီးခဲ့၏။ ဤဖြစ်ရပ်သည် တိုက်ရိုက်စစ်ရေး ဝင်ရောက်စွက်ဖက်မှုမရှိဘဲပင် ပဋိပက္ခ၏ ပြောင်းလဲမှုများကို ဩဇာသက်ရောက်နိုင်သော UWSA ၏ စွမ်းရည်ကို မြင်သာစေသည်။ ဗိုလ်စိုးနိုင်ဦးက “တပ်မတော်က ငြိမ်းချမ်းရေးလိုချင်လို့ တချို့ဟာလေးတွေမှာ အစွမ်းကုန် သည်းခံနေတာ" ဟု ပြောခဲ့သလို ဗိုလ်မင်းအောင်လှိုင် တက်ကာစက ဝကို ဖြိုရန် ကြုံးဝါးခဲ့ဖူးသည်။ သို့သော် မကျန်းမာသည့် ဝ အကြီးအကဲကို ကိုယ်တိုင်ယူလာသော ဆန်ပြုတ်တိုက်ရခြင်းသာ တွေ့ခဲ့ရပေသည်။ အခြားတော်လှန်ရေးအဖွဲ့များကို ထောက်ပံ့နေသော်လည်း UWSA သည် ၁၉၈၉ ခုနှစ် အပစ်အခတ် ရပ်စဲရေးနောက်ပိုင်း မြန်မာစစ်တပ်နှင့် တိုက်ရိုက်ရင်ဆိုင်ခြင်းမှ များစွာ ရှောင်ရှားခဲ့သည်။ ဤမဟာဗျူဟာမြောက် ထိန်းချုပ်မှုသည် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားကို လက်တွေ့ကျကျ နားလည်မှုမှ ဆင်းသက်လာသည်။ ပဋိပက္ခများ ပြန်လည်ဖြစ်ပွားပါက မြန်မာနိုင်ငံရှိ ၎င်းတို့၏ အရေးပါသော စီးပွားရေးရင်းနှီးမြှုပ်နှံမှုများကို ထိခိုက်စေပြီး ၎င်းတို့၏ ကြွယ်ဝချမ်းသာမှုကို အထောက်အကူပြုသော အမြတ်အစွန်းများသော ကုန်သွယ်ရေး လမ်းကြောင်းများကို ပျက်စီးစေမည်ဖြစ်သည်။ လက်ရှိအခြေအနေကို ထိန်းသိမ်းထားခြင်းသည် ပျက်စီးလွယ်သော အခြေအနေပင် ဖြစ်စေကာမူ ၎င်းတို့၏ လက်ငင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးသည်။ ၂၀၀၈ အခြေခံဥပဒေတွင် ဝဒေသသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်သည်။ ၎င်းတို့သည် ကိုယ့်ဒေသ၊ ကိုယ်ပိုင်ဥပဒေ၊ ကိုယ်ပိုင်လက်နက်ကိုင်အင်အားအပြင် မြန်မာငွေကြေးပင်မသုံးဘဲ တရုတ်ယွမ်ငွေဖြင့်သာ လည်ပတ်သည်။ UWSA သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) တွင် လက်မှတ်မထိုး ထားပေ။ သို့သော် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFPC) ၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။ ရွေးကောက်ပွဲ လုပ်လိုလျှင် ဝဒေသသို့ သွားရောက် ညှိနှိုင်းရသည်။ သို့သော် ဝဒေသသည် ပြည်နယ်မဟုတ်သေးပေ။ အမျိုးသားပြည်နယ် ဖြစ်လာရန်လည်း အလိုရှိခဲ့ကြသည်။ သို့သော် ခွဲမထွက်ဟု ဆိုကြသည်။ စစ်အာဏာသိမ်းပြီး တနိုင်ငံလုံးမှ တော်လှန်မှုခံရသည့်နောက်တွင်မူ ဝကို ကိုယ်ပိုင်အုပ်ချုပ်ရေးရှိသည့် ပြည်နယ်အဆင့်တိုးပေးရန် ဗိုလ်မင်းအောင်လှိုင်က သဘောတူခဲ့ပြီးဖြစ်သည်။ တနည်းပြောလျှင် အခြေခံဥပဒေကို ပြင်ရန်၊ ပြင်လျှင် ဝအမျိုးသားရေး လိုလားချက် ထည့်သွင်းပြင်ဆင်ရန် ဗိုလ်မင်းအောင်လှိုင်က ကတိပေးလိုက်ရခြင်းပင် ဖြစ်သည်။ ဝတို့၏ နိုင်ငံရေး တောင်းဆိုချက်များသည် နိုင်ငံရေးအရ အကင်းပါးလှသည်ကို လေ့လာသင့်ကြသည်။ စစ်မှန်ပြီး ဘက်စုံလွှမ်းခြုံမှုရှိသော ငြိမ်းချမ်းရေးသဘောတူညီချက်သည် ဖက်ဒရယ်မူဘောင်အတွင်း ပိုမိုကြီးမားသော ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်အတွက် လမ်းခင်းပေးနိုင်သည်။ သို့သော်လည်း ပဋိပက္ခ၏ အဓိက အကြောင်းရင်းများကို မဖြေရှင်းနိုင်ပါက မတည်ငြိမ်မှုများ ပြန်လည်ဖြစ်ပွားစေပြီး ဝလူမျိုးများ ဘေးဖယ်ခံရမှု ပိုမိုဆိုးရွားလာနိုင်သည်။ ဆယ်စုနှစ်များစွာ ပဋိပက္ခနှင့် ခေါင်းပုံဖြတ်ခံရမှုတို့ကို ခံနိုင်ရည်ရှိခဲ့သော ဝလူမျိုးများသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်အတွက် ရည်မှန်းချက်များသည် ရှုပ်ထွေးသော နိုင်ငံရေးနှင့် ပထဝီနိုင်ငံရေးအခြေအနေ၏ လက်တွေ့ဘဝများဖြင့် လက်ရှိအထိ ဖြစ်ထွန်းနေပေသည်။ [1] လော်စစ်ဟန်တပ်သည် စစ်တပ်၏ ထောက်ပံ့မှုဖြင့် ဘိန်းကုန်သွယ်မှုတွင် ပါဝင်ခဲ့သည်။ [2] ညိုဝါရောင် ဟီရိုအင်းဆက်စပ်အမှုန့်
0 Comments
Leave a Reply. |
Site powered by Weebly. Managed by Porkbun