<![CDATA[THE CALLING DIGEST - သမိုင်းမှတ်တမ်းနှင့် စာရွက်စာတမ်းများ]]>Sun, 22 Jun 2025 02:29:07 -0700Weebly<![CDATA[ပအိုဝ်းအမျိုးသားနိုင်ငံရေး]]>Wed, 18 Jun 2025 11:07:31 GMThttp://www.thecallingdigest.org/41264121414141434100415441524121415841124154411241214154415241164158410041514154-4101414041234157409641544101414041124121415441524121415541404152/paoh_political_history_mm(ယခုစာမှာ Draft မူကြမ်းဖြစ်၍ အချက်အလက်ကို နောက်ဆုံးအကြိမ် ပြန်လည်မစစ်ဆေးရသေးပါ။)


ပအိုဝ်းလူမျိုးတို့သည် တိဘက်တို-ဘားမန်း မျိုးနွယ်ဘာသာစကားဖြစ်သည့် ကရင်ဘာသာစကားခွဲ တမျိုးကို ပြောဆိုကြသည်။ ပအိုဝ်းလူမျိုးတို့သည် မြန်မာနိုင်ငံ သျှမ်းပြည်နယ်၊ ကရင်နီနယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း စသည့် ဒေသများအပြင် ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံ နေရာအချို့တွင် ပျံ့နှံ့နေထိုင်ကြသည်။ ကရင်လူမျိုးတို့နှင့် ယဉ်ကျေးမှု ဆင်တူပြီး စကားတွင်လည်း အမျိုးအစား တူညီသည့်အတွက် ၁အစဉ်အလာအားဖြင့် ကရင်လူမျိုး တမျိုးအဖြစ် မှတ်တမ်းတင်ခဲ့ကြသည်။ ပအိုဝ်းလူမျိုး၏ လူမျိုးစုခွဲများလည်း ရှိသေးသည်။

မြန်မာနိုင်ငံတောင်ပိုင်း သထုံခရိုင်သည် ပအိုဝ်းတို့၏ မူလအခြေချရာဒေသဟု မှတ်ယူကြသည်။ ပအိုဝ်းကို တောင်သူဟူလည်းခေါ်ရာ ယင်းနှင့်အသံတူ ရှမ်း(တွင်သူ) ကရင်(တီၤသူ၊တံင်သူ) မွန်(တံင်သူ) ဟု ခေါ်ကြပြီး ယင်းအမည်မှာ ပျူကိုလည်း ခေါ်ဆိုသည်နှင့် ဆင်တူသည် (ပျူများက မိမိတို့ကိုယ်ကို တရိကုလဟု ခေါ်၍ မွန်တို့က တိရစူဟု အသံမျိုး ခေါ်ခဲ့သည်)။ တရုတ်သံ Piao ကို ပအိုဝ်းနှင့် ဆက်စပ်သည်ဟုလည်း ယူဆကြသူများ ရှိကြသည်။ အနော်ရထာမင်း ခေါ်ဆောင်သွားသော သထုံဘုရင် မနူဟာသည် မွန်-ပအိုဝ်းသွေး ဖြစ်သည်ဟုလည်း အချို့ကယူဆကြသည်။ ပုဂံကျောက်စာများတွင် တောင်သူဟု ရေးထိုးကြသည်ကို ကြည့်ပြီး အဆက်အဆံများရှိခဲ့သည်ကို တွေ့ရသည်။ သထုံဘုရင် ပါတော်မူပြီးနောက် ပအိုဝ်းအများအပြားမှာ သျှမ်းပြည်သို့ ပြောင်းရွှေ့နေထိုင်ကြသည်ဟု ဆိုသည်။ ထို့ကြောင့် ယနေ့ မွန်ပြည်နယ် သထုံခရိုင်အတွင်း မြို့၊ ရွာ အမည်များနှင့် သျှမ်းပြည်တွင်း မြို့၊ ရွာများ၏ အမည်များ တိုက်ဆိုင်ကြသည်ကို တွေ့ရသေးသည်။ အင်္ဂလိပ်တို့ကမူ ဝတ်စုံ အနက်များ ဝတ်ကြသည်ကို အစွဲပြု၍ Black Karen ဟု ခေါ်ကြသည်။

ပအိုဝ်းလူမျိုးတို့သည် မွန်-ဗမာ-ကရင်-သျှမ်းတို့နှင့် ချစ်ကြည်ရင်းနှီးစွာ ယှဉ်တွဲ၍ နေလာခဲ့ကြပြီး ယဉ်ကျေးမှုများ ဖလှယ်ခဲ့ကြသည်မှာ ကိုလိုနီလက်အောက် မြန်မာနိုင်ငံ ကျရောက်သွားသည်အထိ ဖြစ်သည်။ ကိုလိုနီခေတ်သမိုင်းဆိုင်ရာ ဆရာများက ပအိုဝ်းများကို ကရင်မျိုးနွယ်တမျိုးအဖြစ် သတ်မှတ်ကြ၏။ ကိုလိုနီခေတ် ပညာရေးကို သင်ကြားရာတွင် ပအိုဝ်းအများစုက အင်္ဂလိပ်ပညာရေးကို လက်လှမ်းမမီခဲ့ပေ။ အကြောင်းတရပ်မှာ ဗုဒ္ဓဘာသာအများစုဖြစ်သည့် ပအိုဝ်းများအနေဖြင့် ခရစ်ယာန်ကျောင်းများကို အယုံအကြည် မရှိခဲ့ခြင်းလည်း ပါဝင်သည်။ ဗုဒ္ဓဘာသာများဖြစ်ပြီး ဘုန်းတော်ကြီးသင် ပညာရေးကိုသာ ပိုမိုအားထားကြ၏။ ထို့ကြောင့် ကရင်များက ဗြိတိသျှ၏ ပညာရေးနှင့် ဘာသာရေးကို ထိတွေ့ရယူခဲ့သည်တိုင် ပအိုဝ်းအများစုက ဗြိတိသျှကို ပုန်ကန်မှုများ ရှိနေခဲ့သည်။ ယနေ့ ဘီးလင်းမြို့ရှိ ဗိုလ်ခန်းကွင်းသည် ပအိုဝ်းတော်လှန်ရေးသမား ဗိုလ်ခန်း ကျဆုံးရာနေရာ ဖြစ်ပေသည်။ သျှမ်းပြည်၏ ဗြိတိသျှကို ခုခံမှုများတွင်လည်း ပအိုဝ်းများ ပါဝင်ခဲ့သည်သာ ဖြစ်သည်။

မည်သို့ဆိုစေ၊ ဗြိတိသျှအောက်တွင် ကရင်၊ ပအိုဝ်း၊ သျှမ်းများအတွက် ပိုမိုလွတ်လပ်သည်မှာတော့ အမှန်ပင်ဖြစ်သည်။ ဗြိတိသျှ၏ မြေယာဥပေဒကြောင့် ပအိုဝ်းများလည်း မြေယာများ ပိုင်ဆိုင်လာသည်။ အိုးအိမ်များ ထူထောင်လာသည်။ အသိုင်းအဝန်းများ ကြီးလာသည်။ တောင်ပေါ်နှင့် တောင်အောက် ပအိုဝ်းများ ဆက်သွယ်ရ လွယ်လာခဲ့သည်။ ပအိုဝ်းအမျိုးသားကြီး သထုံလှဖေသည် ဒေါက်တာဘမော်အစိုးရ လက်ထက်တွင် လွှတ်တော်ဒုဥက္ကဋ္ဌ ဖြစ်လာသည်။ သထုံဦးလှဖေသည် ၁၉၃၈ ခုနှစ်တွင် ကရင်နှစ်သစ်ကူး၌ ကရင်၊ ပအိုဝ်းနှင့် အခြားတိုင်းရင်းသား စည်းလုံးညီညွတ်ရေး စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ ၁၉၃၉ မှ ၁၉၄၂ ခုနှစ်ထိ လွှတ်တော် အတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့အပြင် ပအိုဝ်းအမျိုးသား တော်လှန်ရေးကို တစိုက်မတ်မတ် မပြုလုပ်မီအထိ ကရင်အမျိုးသား အစည်းအရုံး၏ ဒုတိယဥက္ကဋ္ဌ ဖြစ်ခဲ့သည်။

ပအိုဝ်းလူမျိုးများအတွက် ကိုလိုနီခေတ် အထွေထွေ အကျပ်အတည်းမှာ နယ်ရှင်စော်ဘွားများ အခွန်ကို ထက်ဝက်အထိ တိုးကောက်လာခြင်းဖြစ်သည်။ ထိုခေတ်ကလည်း ပထမကမ္ဘာစစ်အပြီး စီးပွားရေး အကျပ်အတည်းက တကမ္ဘာလုံးကို ရိုက်ခတ်ချိန်ဖြစ်သည်။ နယ်ရှင်ပဒေသရာဇ် စော်ဘွားတို့ကလည်း အခွန်မဆောင်နိုင်သူများကို ပြင်းထန်စွာ နှိပ်စက်ကြရာ ပအိုဝ်းလူမျိုးများ အပါအဝင် ပြည်သူတို့သည် တော်လှန်လိုစိတ်များ ပေါ်လာကြသည်။ ဗမာပြည်မတွင်လည်း ကိုလိုနီတို့ကို တော်လှန်ကြသည်များကို ကြားနေကြရသည်။

ကိုလိုနီကာလ၌ သာမန်လုပ်သားပြည်သူတို့၏ မျက်လုံးသည် နယ်ချဲ့စနစ်နှင့် ပဒေသရာဇ်စနစ်၏ အုပ်စိုးမှုအောက်မှ လွတ်မြောက်ရန်ဟူသည့် ရည်ရွယ်ချက်ကို စူးစိုက်လျက်ရှိ၏။ ထိုခေတ်က လက်ဝဲအာဏာရသည့်ခေတ် ဖြစ်သလို လက်ဝဲအယူအဆများကလည်း ပြည်သူတို့ကို ထင်ဟပ်လျက်ရှိသည်။ ဦးထွန်းမြင့်လေးတို့ကဲ့သို့ ပဒေသရာဇ်စနစ်ကို တိုက်ခိုက်သည့် သျှမ်းလူမျိုးများလည်း ရှိသည်။ သို့ရာတွင် လွတ်လပ်ရေးရသည့်အခါ သျှမ်းစော်ဘွားများက လွှတ်တော်တွင်းတွင် ဗမာနိုင်ငံ၊ ပြည်ထောင်စုသစ်၏ တရားဝင်ခေါင်းဆောင်များ ဖြစ်လာသည်။ ပဒေသရာဇ်စနစ်၏ အင်အားသည် တဖြည်းဖြည်း သေးမသွားဘဲ ပိုကြီးထွားလာသည်ဟု မြင်ရနှင့်အမျှ သျှမ်းပြည်နယ်ရှိ လူမျိုးပေါင်းစုံတို့သည် တန်းတူညီမျှ အခွင့်အရေးများ ရရှိစေရန် ပဒေသရာဇ်စနစ်ကို တိုက်ဖျက်ရမည်ဟု ပြတ်သားစွာ ကြွေးကြော်ခဲ့ကြသည်။

ပဒေသရာဇ်တို့၏ အာရုံသည် မိမိတို့၏ ဘဏ္ဍာတိုးပွားရေးအတွက် အခွန်ငွေများ ရရှိရန်နှင့် လူမျိုးစုလွှတ်တော်၌ အမြဲတမ်းနေရာများကို ရရှိရန်ဟူသော ရည်မှန်းချက်တို့၌သာ လုံးဝ နစ်မြုပ်လျက်ရှိ၏။ ပဒေသရာဇ်တို့သည် ခမ်းနားသော စည်းစိမ်ချမ်းသာတို့ခံစားသလို သူတို့၏ သားသမီးများကိုလည်း နိုင်ငံခြားသို့ စေလွှတ်ကာ ပညာသင်ကြားစေသည်။ ထို့အတွက် ငွေလိုသည်။ လိုသောငွေအတွက် တောင်သူလယ်သမားတို့အပေါ်၌ ပိုမို၍ ခေါင်းပုံဖြတ်လာကြလေတော့သည်။ သျှမ်းဒေသ ရာထူးဌာနနေရာတိုင်း၌ သူတို့လူများဖြင့်သာ ဖြည့်တင်းထားသောကြောင့် လူထုမကျေနပ်မှုသည် တနေ့တခြား တိုးပွားလာခဲ့လေသည်။ သို့သော် စိတ်ဓာတ်ပြင်းထန်သော လူငယ်ပုန်ကန်မှုများအား ပဒေသရာဇ်စိတ်ကြီးသည့် စော်ဘွားအချို့က ရက်စက်စွာ နှိပ်နင်းရှင်းလင်းခဲ့ကြ၏။  ပဒေသရာဇ်စနစ်ကို ဆန့်ကျင်ပါက မိဘ၊ ဘိုးဘွား အစရှိသော မိသားစုဝင် တစ်မျိုးလုံးပင် ဖမ်းဆီးခြင်းခံရမှုများ ရှိသည်။
 
သျှမ်းပြည်နယ်တွင် ရှမ်းတိုင်းရင်းသားများပြီးလျှင် ပအိုဝ်းတိုင်းရင်းသားများ အများဆုံး နေထိုင်ကြ၏။ ပအိုဝ်းတိုင်းရင်းသားတို့၏ အဓိက လုပ်ငန်းမှာ သနပ်ဖက်လုပ်ငန်းပင် ဖြစ်သည်။ ထိုလုပ်ငန်းသည် ဝင်ငွေအလွန်ကောင်းသော လုပ်ငန်းဖြစ်၏။ ထို့ကြောင့် ပဒေသရာဇ်တို့သည် သနပ်ဖက်ပင်အပင်နှင့်စာ၍ အခွန်တပ်ကောက်ရန် တောင်းဆိုခဲ့ကြသည်။ သနပ်ဖက်ပင် သုံးသောင်းရှိသူတဦးသည် အခွန်ငွေ ၁,၈၇၅ ကျပ် ပေးဆောင်ရမည်ဖြစ်၏။ ယင်းခေတ်အခါအတွက် အခွန်ငွေသည် အဆမတန်များပြားသောကြောင့် ပအိုဝ်းတိုင်းရင်းသားတို့သည် ထိုအခွန်ငွေ၏ တဝက်ကိုသာ ပေးဆောင်ခွင့်ပြုရန် အရင်ဆုံး တောင်းဆိုခဲ့ကြသည်။ သက်ဆိုင်ရာ စော်ဘွားတို့ကလည်း သနပ်ဖက် တပင်လျှင် နှစ်ပြားသာ ကောက်ခံရန် ပြင်ဆင်ခဲ့ကြသည်။ သို့သော် ယင်းလျှော့ပေးသည်တိုင်အောင် ပအိုဝ်းတို့အတွက် လုပ်သလောက်မကျန်ပေ။ သို့နှင့် ပအိုဝ်းတို့သည် တောင်းဆိုသော အခွန်ငွေကို မပေးဆောင်ဘဲ တော်လှန်ရန် စတင် စိုင်းပြင်းခဲ့ကြသည်။

ယင်းသို့အာခံသည့်အတွက် ပဒေသရာဇ်သမား တို့သည်လည်း သနပ်ဖက်ခြံများ၊ လက်ဖက်ခြံများကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။ ယင်းကာလများမှာ ၁၉၂၈ ဝန်းကျင်ကာလများဖြစ်သည်။ ဖြားတန်ကောင်ခယ်ႏသည် ပအိုဝ်းတိုင်းရင်းသားများ နေထိုင်သော ရွာများသို့ သွားရောက်ကာ ပဒေသရာဇ်တို့၏ နှိပ်စက်ညှဉ်းပန်းမှုများကို လက်ပိုက်ကြည့်မနေကြရန် တိုက်တွန်းခဲ့သည်။ ပဒေသရာဇ်တို့သည် ပင်လုံနယ်ရှိ ဟွေးဟွမ်းရွာကို မီးရှို့ခဲ့ကြသည့်အခါတွင် ပအိုဝ်းတိုင်းရင်းသားတို့သည် သည်းမခံနိုင်တော့ဘဲ ဖြားတန်ကောင်ခယ်ႏကိုယ်တိုင် ဦးဆောင်ကာ ပဒေသရာဇ်စနစ်ကို စတင် တော်လှန်ခဲ့လေတော့သည်။ သို့ရာတွင် လက်နက်လည်းမရှိ၊ မီးကျိုးမောင်းပျက်ဖြစ်၍ ကြာကြာမခံခဲ့ချေ။

လဲခြားစော်ဘွားက ဖြားတန်ကောင်ခယ်ႏ၏ ဦးခေါင်းကို ဆုငွေ ၅၀၀ ကျပ် ထုတ်ခဲ့သည်။ တော်လှန်ရေးတပ်ကတော့ မကြီးလှပေ။ နောင်တွင် ၅၀၀၀ အထိပင် ဈေးတက်ပေးသည်ဟု ဆိုသည်။ သို့သော်လည်း လွိုင်လင်ဝန်ထောက်မှ လာရောက် ညှိနှိုင်းသေးသည်။ ဖြားတန်ကောင်ခယ်ႏက လက်မခံပေ။ "ငါ့ဦးခေါင်းဟာ ငါအသက်ကြီးလေ တန်ဖိုးကြီးလေပဲ" ဟု ပြောပြီး "ငါသေသွားလို့ ခွေးဖြစ်ရင်လည်း ပဒေသရာဇ်စနစ် ရှိနေသေးရင် ခွေးဘဝကနေပြီး ငါဟောင်နေဦးမှာပဲ" ဟုပင် ပြောခဲ့သည်ဟု ဆိုသည်။

"ပဒေသရာဇ်စနစ်ကို တော်လှန်တယ်ဆိုတာ လူပုဂ္ဂိုလ်ကို တော်လှန်တာ မဟုတ်ဘူး။ စနစ်ကို တော်လှန်တာ။ ဒါကို မှတ်ထားဖို့လိုတယ်" ဟု ဖြားတန်ကောင်ခယ်ႏက ပြောခဲ့သည်ဟု ဆိုသည်။ ပဒေသရာဇ်စနစ် တော်လှန်ရေးသည် ဖြားတန်ကောင်ခယ်ႏမှ စတင်ခဲ့သည်ဟု ပအိုဝ်းတို့မှ မှတ်သားကြသည်။ ပအိုဝ်းအမျိုးသားများ ပထမဆုံး အသုံးပြုခဲ့သည့် အလံမှာ ဖြားတန်ကောင်ခယ်ႏဦးဆောင်သည့် ပဒေသရာဇ်ဆန့်ကျင်ရေးအလံဖြစ်သည်။

ပဒေသရာဇ်စနစ်ကို တော်လှန်ရာတွင် ပအိုဝ်းများသာမက ရှမ်း၊ ပလောင်၊ ပဒေါင်၊ တောင်ရိုး၊ ဓနု၊ အင်းသား အစရှိသော တိုင်းရင်းသားမျိုးနွယ်ပေါင်းစုံ ပါဝင်ခဲ့ကြသည်။ တော်လှန်ရှုတ်ချရာတွင် လူပုဂ္ဂိုလ်များ သာမက ရဟန်းသံဃာတော်များလည်း ပါဝင်ခဲ့ကြသည်။

တနေ့တွင် ဖြားတန်ကောင်ခယ်ႏ ခေါင်းဆောင်သော လူ ၃၂ ယောက်တို့သည် တုတ်များနှင့် ဓားများကို ကိုင်ဆောင်ကာ ပင်လုံဈေးသို့ ရောက်ရှိလာကြသည်။ ဈေးသို့ရောက်သောအခါ ပဒေသရာဇ်တို့၏ အခွန်ငွေကို တောင်းခံနေသော ဟန်ထွန်းအား ဓားဖြင့် ခုတ်သောကြောင့် ဟန်ထွန်း၏ လက်တစ်ဖက် ပြတ်သွားခဲ့သည်။ ဤသတင်းကို လွိုင်လင်ဝန်ထောက် ကြားသိသောအခါ ဖြားတန်ကောင်ခယ်ႏအဖွဲ့အား လာရောက် ညှိနှိုင်းခဲ့သော်လည်း မရသောကြောင့် နှင်ထုတ်ခဲ့သည်။ နယ်ရှင်ပဒေသရာဇ်တို့သည်လည်း စော်ဘွားများကောင်စီနှင့် တိုင်ပင်ကာ ပအိုဝ်းတိုင်းရင်းသားတို့သည် နိုင်ငံတော်ကို ပုန်ကန်သည်ဟု စွပ်စွဲခဲ့ကြသည်။ ထိုသို့ ပြုလုပ်လေ အခြေအနေသည် ပိုမိုဆိုးရွားလေ ဖြစ်လာသောကြောင့် ပဒေသရာဇ်တို့သည် ပအိုဝ်းတိုင်းရင်းသားတို့ကို ပြန်လည် တိုက်ခိုက်ရန် အင်္ဂလိပ်အစိုးရထံ စစ်ကူတောင်းခံခဲ့ကြသည်။ အင်္ဂလိပ်အစိုးရသည်လည်း ရှမ်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းအတွက် စစ်သား ၅၀၀ စီ စေလွှတ်ပေးခဲ့သည်။ လက်နက်မရှိ၊ မီးကျိုးမောင်းပျက်နှင့် အင်အားချင်း မမျှသောကြောင့် ပအိုဝ်းခေါင်းဆောင်များ အဖမ်းခံရကာ လွိုင်လင်မြို့၌ တရားစွဲဆိုခြင်း ခံခဲ့ရသည်။ ယင်းပုန်ကန်မှုမှာ မအောင်မြင်ခဲ့ချေ။

ပအိုဝ်းတိုင်းရင်းသားဖြစ်သော ဆီဆိုင်မြို့စား စဝ်ခွန်ကြည်သည် ပအိုဝ်းခေါင်းဆောင်များကို အပြစ်မပေးရန် တောင်းပန်ခဲ့သည်။ ထို့ပြင် ဤသို့ ဖြစ်ရခြင်းမှာ အခွန်ငွေကို တောင်းသင့် မတောင်းသင့် မဆင်ခြင်သောကြောင့်ဟု ထောက်ပြခဲ့သည်။ ပဒေသရာဇ်တို့သည် မိမိတို့၏ အမှားကို ဝန်မခံသည့်အပြင် ပုဒ်မ ၁၁ ကို ထုတ်ပြန်ခဲ့သည်။ ပုဒ်မ ၁၀ တွင် မည်သူမဆို ပဒေသရာဇ်ကို အသိမပေးဘဲ ဟောပြောလှုံ့ဆော်ပါက ရှမ်းပြည်နယ်မှ ထွက်ခွာရမည်ဟု ပြဋ္ဌာန်းထားသည်။
 
ပအိုဝ်းတို့မှာ ဒီဇင်ဘာလ ၁၁ ရက်နေ့ ရောက်တိုင်း ပဒေသရာဇ်စနစ် တော်လှန်ရေးနေ့ အထိမ်းအမှတ်ပွဲကို ကျင်းပကြသည်။ ပထမဆုံး ပဒေသရာဇ်စနစ် တော်လှန်ရေး အထိမ်းအမှတ်ပွဲကိုလက်နက်ကိုင် တော်လှန်ရန် ဆုံးဖြတ်ခဲ့ကြသော ဆီဆိုင်မြို့နယ် လွယ်ပွတ်ရွာအရှေ့ဘက်ရှိ ထီတကောင်ရွာ၌ ကျင်းပခဲ့သည်။

၁၉၄၂ ခုနှစ် ဖက်ဆစ်ဂျပန်များ မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးနောက် ကင်ပေတိုင်မှ စစ်ဆေးခြင်း ခံခဲ့ရသော သထုံဦးလှဖေသည် ဂျပန်ဖွဲ့စည်းပေးသော ယာယီအစိုးရတွင်ပင် ကုန်သွယ်ရေးစက်မှုဝန်ကြီး ဖြစ်ခဲ့သည်။ ၁၉၄၃ ခုနှစ် ဩဂုတ်လတွင် ဖက်ဆစ်ဂျပန်အစိုးရမှ မြန်မာ့လွတ်လပ်ရေးကြေညာပေးပြီးနောက် သထုံဦးလှဖေသည် သစ်တောနှင့် သတ္တုဝန်ကြီးအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။ ၁၉၄၅ ခုနှစ် ဇွန်လတွင် ဖွဲ့စည်းထူထောင်ထားသည့် အရှေ့တောင်အာရှလူငယ်အစည်းအရုံးကိုလည်း ပါဝင်လှုပ်ရှားခဲ့သည်။ ယင်းကာလများတွင် သထုံဦးလှဖေသည် ကရင်အမျိုးသားအစည်းအရုံးတွင်ပင် ပါဝင်ခဲ့သည်။

သထုံဦးလှဖေနှင့်ပတ်သက်၍ KNU ခေါင်းဆောင်တဦးဖြစ်သူ မန်းဘဇန်က “ခွန်ဥက္ကာ မင်းတို့ပအိုဝ်းတွေ ကံကောင်းတယ်ကွ။ ခေါင်းဆောင်ကောင်း ရတယ်။ ဦးလှဖေကြီးဟာ ငါ့ရဲ့ဆရာအရင်းကွ၊ သူ သစ်တောရေးဝန်ကြီး ဖြစ်တုန်းက ငါက တောအုပ်ကွ။ သူက ငါ့ကို ဟေ့ ဘဇန် မင်း အစိုးရဝန်ထမ်းအလုပ်ကြီးပဲ လုပ်တော့မလို့လား။ ကိုယ့်အမျိုးသားရေးအတွက် မလုပ်ဖူးလားဟု လမ်းညွှန်သည့်အပေါ် “ငါလည်း အမျိုးသားရေးလမ်းကြောင်းပေါ် ရောက်ခဲ့တယ်၊ ငါ့မှာ သူ့ ကျေးဇူးရှိတယ်” ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ရေးသည်။

၁၉၄၆ ခုနှစ် မတ်လတွင် ပထမပင်လုံညီလာခံ ခင်းကျင်းပြသသော ရှမ်းပြည်လက်မှုပညာပြပွဲသို့ ဖဆပလ ခေါင်းဆောင်များ၊ ရှမ်းစော်ဘွားများ၊ ကချင်ဒူဝါးများနှင့်အတူ သထုံဦးလှဖေလည်း ပါဝင်တက်ရောက်ခဲ့သည်။ ထိုညီလာခံမှ ရှမ်းပြည်လွှတ်မြောက်ရေးအဖွဲ့ ရပလမှ ပအိုဝ်းကိုယ်စားလှယ်များ ဖြစ်ကြသော ဦးဖြူ၊ ဖြားနန္တာဟိန်၊ ဗိုလ်ဟိန်မောင် ဆက်သွယ်မိပြီး ၎င်းညီလာခံအပြန်တွင် သထုံဆီဆိုင်စော်ဘွားစဝ်ခွန်ကြည်သို့ သွားရောက် တွေ့ဆုံခဲ့သည်။ ထိုနောက် ၁၉၄၆ ခုနှစ် ဇွန်လတွင် ဖြားဗွာလှဖေသည် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ကို သထုံမြို့ရှိ ညောင်ဝိုင်းဘုန်းကြီးကျောင်းတွင် ဖွဲ့စည်းထူထောင်ခဲ့သည်။

ယခုအချိန်အထိ ပအိုဝ်းတိုင်းရင်းသားတို့သည် နိုင်ငံတော်ကို တော်လှန်ခြင်းမဟုတ်ဘဲ တိုင်းတပါး နယ်ချဲ့မှုနှင့် သျှမ်းပဒေသရာဇ်များကို ဦးတည်၍ တော်လှန်တိုက်ခိုက်ခြင်း ဖြစ်ပါသည်။

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလတွင် KNU ကို ပြန်လည်ဖွဲ့စည်းခဲ့ရာ ဖြားဗွာလှဖေသည် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျင်းပပြုလုပ်သော ဒုတိယပင်လုံညီလာခံမှ ပင်လုံစာချုပ်ကို ချုပ်ဆိုရာတွင် လေ့လာသူ KNU ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သည်။ ယင်းညီလာခံတွင် ပအိုဝ်းကျောင်းသားများ အင်အားပြပါဝင်သည်။ ပင်လုံစာချုပ်တွင် လက်မှတ်ထိုးသည့် ဦးဖြူမှာ ပအိုဝ်းလူမျိုးဖြစ်ပြီး ပအိုဝ်းစော်ဘွား ခွန်ကြည်ကိုယ်စား လက်မှတ်ထိုးခြင်းဖြစ်သည်။

ထိုနောက် ၁၉၄၇ ခုနှစ် ဧပြီလ (၆)ရက်နေ့တွင် ကေအဲန်ယူကို ပြန်လည်ဖွဲ့စည်းရာ ဖြားဗွာလှဖေက ဒုဥက္ကဋ္ဌအဖြစ် ခန့်အပ်ခြင်းခံရသည်။

၁၉၄၈ ခုနှစ် ဖြားဗွာလှဖေ ပါဝင်ဦးဆောင်သော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ဦးဆောင်သော သထုံခရိုင် ပအိုဝ်းအမျိုးသားဆန္ဒပြပွဲတရပ်ကို သထုံမြို့ မော်ကျော့ရပ်၊ ရေကျော်ဘုန်းကြီးကျောင်းဝင်း အတွင်းတွင် ကျင်းပပြုလုပ်ပြီး (၁) ပအိုဝ်းလူမျိုးတို့အား တောင်သူလူမျိုးခေါ်ခြင်းကို နောက်နောင်တွင် ပအိုဝ်းလူမျိုးဟု ခေါ်ဆိုရေးသားရန်။ (၂) ပအိုဝ်းလူမျိုးအား တပ်ရင်းနှစ်ရင်းဖွဲ့စည်းပေးရန် အဆို နှစ်ရပ်ကို တောင်းဆိုခဲ့သည်။ နိုင်ငံတော်အစိုးရလည်း ပအိုဝ်းလူမျိုးကို တောင်သူလူမျိုးဟု ခေါ်ဆိုခြင်းအား နောက်နောင်တွင် ပအိုဝ်းလူမျိုးဟု ခေါ်ဆိုရေးသားရန်အဆိုကို အသိအမှတ်ပြုကြောင်းနှင့် တပ်ရင်းနှစ်ရင်း ဖွဲ့စည်းခြင်းမှာ နိုင်ငံတော်တွင် စစ်တပ်ရှိပြီးဖြစ်၍ မဖြစ်နိုင်ကြောင်း စစ်မှုဝင်ရောက်ထမ်းလိုပါက စီစဉ်ပေးမည်ဟု ပြန်ကြားခဲ့သည်။

၁၉၄၈ ခုနှစ် ဩဂုတ်လတွင် KNDO ကရင့်တော်လှန်ရေးတပ်ဖွဲ့သည် သထုံကို သိမ်းပိုက်နိုင်ပြီးနောက် ဖြားဗွာလှဖေအား အုပ်ချုပ်ရေးတာဝန်ပေးအပ်ခဲ့သည်။

ထိုနောက် ၁၉၄၉ ခုနှစ် သြဂုတ်လ(၁၃)ရက်နေ့တွင် ဗိုလ်နော်ဆန်၏ ကချင်တပ်၊ ကာနယ်အက်စသိမ်း ဦးဆောင်သော ကရင်တပ်နှင့် ဗိုလ်ကြီးပန်းမောင် ဦးဆောင်သော ပအိုဝ်းတပ်တို့ပူးပေါင်းကြပြီး သျှမ်းပြည် နယ်မြို့တော်တောင်ကြီးကို သိမ်းပိုက်လိုက်သည်။ တောင်ကြီးမြို့ကို သုံးလကြာသိမ်းပိုက်ပြီးနောက် နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ပြည်ထောင်စုအစိုးရတပ်က ပြန်လည်သိမ်းယူသောအခါ ပအိုဝ်းတပ်များသည် တောင်ကြီးမြို့ တောင်ဘက်သို့ ဆုတ်ခွာခဲ့သည်။ တောင်ကြီးမြို့ကို ဖဆပလမှ ပြန်သိမ်းယူပြီးနောက် ဖြားဗွာလှဖေသည် KNU ၌ ဒု-ဥက္ကဋ္ဌရာထူးကို နုတ်ထွက်စာတင်ခဲ့သည်။ နောင် KNU မှ ခေါင်းဆောင်နေရာ ပြန်လည်လက်ခံပါရန် အကြိမ်ကြိမ် ပြောခဲ့သည့်တိုင် ပအိုဝ်းအမျိုးသားရေးကိုသာ ဇောက်ချလုပ်ခဲ့တော့သည်။

၁၉၄၉ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (ပအလဖ - PNLO) ကို ဖွဲ့စည်းသည်။ ထိုနောက် ဖြားဗွာလှဖေသည် အုတ်လုပ်ငန်းကို ရင်းနှီးမြှုပ်နှံရန် မော်လမြိုင်ဘဏ်နှင့် ရန်ကုန်ဘဏ်တွင် မိမိပိုင်ဆိုင်သော ငွေ ၁၅ သိန်းကို လူယုံတဦးအား ထုတ်ယူစေခဲ့သည်။ ထိုငွေများဖြင့် ကေအဲန်ယူထံ တပ်ရင်း ၃ ရင်းစာ လက်နက်များဝယ်ယူပြီး ပအလဖ တပ်ဖွဲ့ကို ဖွဲ့စည်းခဲ့သည်။

၁၉၅၀ တွင် ပအလဖ ရဲဘော်များ အလင်းဝင်ခဲ့ရာ ဖြားဗွာလှဖေက တောတွင်း၌ ကျန်ခဲ့သည်။ အစိုးရ၏ ပြည်တွင်းဆူပူမှု ငြိမ်းချမ်းရေး ကမ်းလှမ်းချက်ကြောင့် ၁၉၅ဝ ခုနှစ် ဇူလိုင်လတွင် ဗိုလ်ဟိန်မောင်နှင့် ဗိုလ်ချန်ဇုံ ဦးဆောင်သော ပအလဖအဖွဲ့သည် ပထမအကြိမ် ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို သဘောတူခဲ့သည်။

၁၉၅၀ ခုနှစ် ဩဂုတ် ၂ ရက်တွင် ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပအမဖ) ကို ဖွဲ့စည်း၍ ရွေးကောက်ပွဲများ ဝင်ခဲ့ကြသည်။[1]

၁၉၅၁ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ဗိုလ်ချန်ဇုံကို ရုတ်တရက်ဖမ်းဆီးပြီး မန္တလေးထောင် သို့ပို့လိုက်သည်။ ၁၉၅၁ တွင် ပုဒ်မ ၅ ဖြင့် ၅ လခန့်ကြာ ဖမ်းဆီးထောင်ချခြင်းခံရသည်။ ထို့နောက် လွတ်လာသည့် အခါ  ဗိုလ်ချန်ဇုံသည် တောတွင်းတွင်ကျန်ရှိနေသည့် ဖြားဗွာလှဖေနှင့် ပြန်လည်ပူးပေါင်းပြီး လက်နက်ကိုင် တော်လှန်ရေး လမ်းစဉ်ဖြင့် ဆက်လက်လှုပ်ရှားခဲ့သည်။

အချို့စော်ဘွားများသည် လွတ်လပ်ရေးရပြီးနောက်တွင်လည်း အခွန်များကို မတရားကောက်ခံလာ ကြပြန်သည်။ အခွန်မဆောင်နိုင်လျှင် ပြည်ထောင်စုရန်သူဟူ၍ ဆိုသည်လည်း ရှိသည်။ ပအိုဝ်းလူမျိုးစု အများစုမှာ တောင်ယာသမားများ ဖြစ်ကြသည့်အတွက် စော်ဘွားများနှင့် အဆင်မပြေမှုများ တိုးလာသည်။ ၁၉၅၂ ခုနှစ် ဇွန်လတွင် တောင်ကြီးမြို့ ကံဦးဘုန်းတော် ကြီးကျောင်းတွင် ညီလာခံပြုလုပ်ခဲ့ပြီး ခေတ်နှင့်မလျော်ညီတော့သော ပဒေသရာဇ်စနစ်ဖြင့် အုပ်ချုပ်နေခြင်းကို အမြန်ဆုံးပြောင်းလဲပစ်ရန် တောင်းဆိုခဲ့ကြသည်။

၁၉၅၈ ခုနှစ် နှစ်ဦးပိုင်းတွင် (ပအလဖ) နှင့် တပ်မတော်အရာရှိများ ဆွေးနွေးသဘောတူညီချက်အရ ပအလဖ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လျှင် ပဒေသရာဇ်စနစ် ချုပ်ငြိမ်းရေးအတွက် အမြန်ဆုံး ဆောင်ရွက်ပေးပါမည်ဟု ကတိရသည်။ ၁၉၅၈ ခုနှစ် မေလ ၅ ရက်နေ့တွင် ပဒေသရာဇ်စနစ်ဆိုး ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီရေး၊ ပအိုဝ်းအခွင့်အရေး ရရှိရေးအတွက် ပအလဖ ရဲဘော် ၁၃၃၃ ဦးနှင့်အတူ လက်နက်နှင့် ဒီမိုကရေစီ လဲလှယ်ရေးကို တောင်ကြီးမြို့ ၂၁၂ ဆက်သွယ်ရေးတပ်ကွင်းတွင် ပြုလုပ်ခဲ့သည်။ သျှမ်းပြည်နယ် ဝန်ကြီးချုပ် စဝ်ခွန်ချို၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဘဆွေ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ဗိုလ်မှူးကြီး စိန်ဝင်း တို့တက်ရောက်ကာ ပအလဖဘက်မှ ခေါင်းဆောင်ဖြားဗွာလှဖေ၊ ဗိုလ်ချန်ဇုံ၊ ဗိုလ်မြိုင်နှင့် ဗိုလ်ညွန့် တို့ က်ရောက်သည်။ လူထုအင်အားတစ်သိန်းကျော် တက်ရောက်ခဲ့သည်။

၁၉၅၉ ခု ဧပြီလတွင် ရှမ်းပြည်မှ စော်ဘွားများ အာဏာစွန့်လွှတ်စေခဲ့သည်။ ပအိုဝ်းဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သော ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ လမ်းပန်းဆက်သွယ်ရေးစသည်တို့ လုပ်နိုင်လာသည်။ စက်တင်ဘာလတွင် သထုံခရိုင်တွင်ရှိသော ဖြားဗွာဦးဖြူ၊ ဦးစံတင်တို့ ခေါင်းဆောင်သော ပအမဖ အနေဖြင့် တွေ့ဆုံစေ့စပ်၍ အောက်ပြည်ရှိ ပအိုဝ်းအဖွဲ့နှစ်ဖွဲ့သည် သင့်မြတ်သွေးစည်းခဲ့ကြသည်။

၁၉၆၀ ခုနှစ်တွင် ကျင်းပသည့် ပြည်လုံးကျွတ်ပါလီမန်ရွေးကောက်ပွဲ၌ ရွေးကောက်ခံရသော ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပအမဖ) အမတ် ၃ ဦးရှိသည်။ ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလတွင် တောင်ကြီးမြို့၌ ကျင်းပသော ပြည်နယ်များညီညွှတ်ရေးညီလာခံအား ဖြားဗွာလှဖေတက်ရောက်ပြီး ထိုနှစ် နိုဝင်ဘာလတွင် သျှမ်းပြည်အနေဖြင့် ပြင်ဆင်ညှိနှိုင်းသည့် ဖက်ဒရယ်မူဝါဒကို ပအမဖ အမတ်များဖြစ်သော ဖြားဗွာလှဖေ၊ ဦးကျော်စိန်နှင့် ဖြားဗွာဦးဖြူတို့လည်း ပါဝင်ခဲ့သည်။

၁၉၆၃ ဇွန်လတွင် ဖွဲ့စည်းသော ငြိမ်းချမ်းရေးအတွက် ပြည်သူ့ကော်မတီကို ဖွဲ့စည်းရာ ဖြားဗွာလှဖေက ဥက္ကဋ္ဌတာဝန် ယူခဲ့သော်လည်း ၁၉၆၄ တွင် တော်လှန်ရေးကောင်စီ စစ်အစိုးရ၏ ဖမ်းဆီးခြင်းကို ခံရပြီး ၁၉၇၁ ခုနှစ်တွင် ထောင်မှ ပြန်လွတ်လာခဲ့သည်။ ၁၉၇၂ ခုနှစ် ဇွန်လတွင် ဖြားဗွာလှဖေ တော်လှန်ရေးနယ်မြေသို့ ပြန်ရောက်ရှိခဲ့ရာ ၁၉၇၄ မှ ၁၉၇၅ ကွယ်လွန်သည်အထိ ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦးတွင် ဥက္ကဋ္ဌတာဝန်ကို ဆောင်ရွက်ခဲ့သည်။ ၁၉၇၆ ခုနှစ် ဇန်နဝါရီလတွင် ဆီဆိုင်မြို့နယ် လုံးဒါဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်သော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပီအဲန်အို) ပထမအကြိမ်ညီလာခံတွင် ကန့်ကွက်သူမရှိ တညီတညွတ်တည်းဖြင့် ဆန္ဒပေးကြရာတွင် ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး ဖြားဗွာလှဖေ ကွယ်လွန်သည့် တော်သလင်းလဆုတ် ၅ ရက်နေ့ကို ပအိုဝ်းအာဇာနည်နေ့အဖြစ် ဆုံးဖြတ်ချက်ချမှတ်ခဲ့ကြသည်။

၁၉၆၀ ပြည့်နှစ်များတွင် ရှမ်းပြည် ပြည်သူ့တပ်မတော် (SURA) တပ်ဖွဲ့များသည် ပအိုဝ်းဒေသအတွင်းသို့ ဝင်ရောက်လာရာ ပအိုဝ်းလက်နက်ကိုင်တပ်ဖွဲ့များနှင့် ပဋိပက္ခများ စတင်ဖြစ်ပွားခဲ့သည်။ ဆီဆိုင်မြို့နယ်အတွင်း ဝင်ရောက်လာသော SURA တပ်ဖွဲ့များကို ဗိုလ်စံထွန်း၊ ဗိုလ်မောင်လယ် နှင့် ဟိန်ထီး တို့ ဦးဆောင်ကာ ပြန်လည်တိုက်ထုတ်ခဲ့သည်။ ထိုအချိန်က အသုံးပြုခဲ့သော လက်နက်များမှာ "လက်နက်နှင့် ဒီမိုကရေစီ လဲလှယ်ရေး" အစီအစဉ်မှ ချန်ထားခဲ့သော လက်နက်များဖြစ်သည်ဟု သိရသည်။

၁၉၆၆ ခုနှစ်၊ နိုဝင်ဘာလတွင် အစိုးရက ငြိမ်းချမ်းရေးဆွေးနွေးရန် တောင်ကြီးမြို့ရှိ စားမြိန်ရိပ်သာသို့ ပအိုဝ်းခေါင်းဆောင်များကို ဖိတ်ခေါ်ခဲ့သည်။ သို့သော် ဆွေးနွေးပွဲမှာ အဆင်မပြေခဲ့ဘဲ တက်ရောက်လာသော ပအိုဝ်းခေါင်းဆောင်များကို အစိုးရက ထိန်းသိမ်းခဲ့သည်။ ထိုကဲ့သို့ ထိန်းသိမ်းခံရခြင်းအပေါ် ကျန်ရှိသော ပအိုဝ်းခေါင်းဆောင်များ မကျေနပ်ကြသဖြင့် ၁၉၆၆ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့တွင် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်ပေါင်းစု (ပအလဖ) ၏ ဦးဆောင်မှုဖြင့် 'ဒုတိယ ပအိုဝ်းတော်လှန်ရေး' ကို စတင်ခဲ့သည်။ ဒုတိယတော်လှန်ရေးကို ဦးဆောင်ခဲ့သူများမှာ ဗိုလ်ချုပ်စံသိန်း၊ ဗိုလ်ကြီးတာကလယ်၊ ဆရာလှစိန်၊ ဆရာကျော်၊ ဆရာခင်၊ ဆရာချုံ စသော ခေါင်းဆောင်များ ဖြစ်ကြသည်။

၁၉၆၇ ခုနှစ်တွင် တောင်ကြီးတိုင်း စစ်ဌာနချုပ် (ရပခ) တိုင်းမှူး ဗိုလ်မှူးကြီး သူရအောင်ဖေ က ပအိုဝ်းလက်နက်ကိုင်တပ်ဖွဲ့များအား ဥပဒေဘောင်အတွင်း ပြန်ဝင်ရန် ကမ်းလှမ်းခဲ့သည်။ ပအလဖဘက်မှ ဖမ်းဆီးခံထားရသော ပအိုဝ်းခေါင်းဆောင်များ ပြန်လွတ်ပေးရန်၊ ပအိုဝ်းနယ်မြေ လုံခြုံရေးအတွက် ပအိုဝ်းတပ်ဖွဲ့ ထားရှိခွင့်ပြုရန်၊ ပအိုဝ်းခေါင်းဆောင်များ လွတ်လပ်စွာ သွားလာခွင့်ပြုရန် စသည့် အချက်များကို တောင်းဆိုခဲ့သည်။ အစိုးရက ဖြားဗွာလှဖေနှင့် ဖြားဗွာကျော်စိန် မှလွဲ၍ ကျန်ပအိုဝ်းခေါင်းဆောင်များအား ပြန်လွှတ်ပေးမည်ဖြစ်ကြောင်းနှင့် လက်နက်ကိုင်တပ်ဖွဲ့ကို ခွင့်မပြုနိုင်ကြောင်း ပြန်ကြားခဲ့ရာ ပအလဖအတွက် ကျေနပ်ဖွယ်အဖြေ မဟုတ်ခဲ့ပေ။

ဤအချိန်တွင် SURA တပ်ဖွဲ့များသည် ပအိုဝ်းနယ်မြေအတွင်းသို့ အလုံးအရင်းဖြင့် ထပ်မံဝင်ရောက်လာပြီး ပအိုဝ်းဒေသများကို ၎င်းတို့၏ လက်အောက်ခံအဖြစ် သတ်မှတ်ခဲ့ကြသည်။ ရှမ်းပြည်တွင် ရှမ်းအမျိုးသားများ ဦးဆောင်သော နိုင်ငံရေးအဖွဲ့အစည်းနှင့် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုသာ ရှိသင့်ကြောင်း၊ ပအိုဝ်း၊ ပလောင်၊ ဝ စသည့် လက်နက်ကိုင်တပ်ဖွဲ့များ ထူထောင်ခွင့်မရှိကြောင်း SURA က ပြောကြားခဲ့သည်။ ပအလဖခေါင်းဆောင် ဗိုလ်ချုပ်စံသိန်း က ပဋိပက္ခမဖြစ်လို၍ မဟာမိတ်ဖွဲ့ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

ထို့အပြင် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) တို့ကလည်း ပအလဖသည် ပအိုဝ်းလူမျိုးတစ်မျိုးတည်းကိုသာ ကိုယ်စားပြုသဖြင့် အမြင်ကျဉ်းမြောင်းကြောင်း၊ လူတန်းစားလွတ်မြောက်ရေး တိုက်ပွဲကသာ အမျိုးသားရေး ပြဿနာကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ဝါဒဖြန့်ခဲ့ရာ ပအိုဝ်းအချို့လည်း ဗကပနှင့် ပူးပေါင်းခဲ့ကြသည်။

ယင်း ၁၉၆၇ ဒီဇင်ဘာတွင် (အချို့ကလည်း ၁၉၆၈ ဟုဆို) ပအိုဝ်းတင်မက တိုင်းရင်းသားစုံ ပါဝင်ရေး ရှမ်းပြည်နယ်လူမျိုးပေါင်းစုံလွှတ်မြောက်ရေးအဖွဲ့ (ရလလဖ) ကို ဖွဲ့စည်းခဲ့သည်။ ပအလဖ ကမူ ဗကပတို့ ဝင်ရောက်အခြေချနေသော အင်းလေးဒေသသည် ပအိုဝ်းနယ်မြေဖြစ်၍ ထွက်ခွာပေးရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း ဗကပတို့က ငြင်းဆန်ခဲ့သဖြင့် ၁၉၆၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ဗကပစခန်းကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့သည်ဟု ဆိုသည်။ ပအိုဝ်းလက်နက်ကိုင်တော်လှန်ရေးစာအုပ်တွင် ကွန်မြူနစ် ပအိုဝ်းတပ်များနှင့် အမျိုးသားရေးဝါဒ ပအိုဝ်းတပ်များအကြား တိုက်ပွဲများသည် စစ်အစိုးရကို တိုက်ရသော တိုက်ပွဲများထက်ပင် အကြိမ်အရေအတွက် ပို၍များကြောင်း အတည်ပြုခဲ့သည်။

ယင်းကာလတွင် SURA သည် ကူမင်တန်များနှင့် နီးစပ်ပြီး ဗကပနှင့် ဆန့်ကျင်ဘက်ဖြစ်သောကြောင့် ပအိုဝ်းတို့အတွက် SURA က ပိုမိုကောင်းမွန်သော မဟာမိတ်ဖြစ်သည်ဟု ယူဆခဲ့ကြသည်။ ပအိုဝ်းနယ်မြေ 'ပန်ကိုင်ရွာ' တွင် တွေ့ဆုံဆွေးနွေးရန် ဗိုလ်ချုပ်စံသိန်း ကိုယ်တိုင် ဦးဆောင်သော အဖွဲ့ရောက်ရှိလာစဉ် SURA မှ ဗိုလ်မှူးလှခင် တို့အဖွဲ့နှင့် သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ကာ ပစ်ခတ်တိုက်ခိုက်မှုများအထိ ပဋိပက္ခ ပြင်းထန်ခဲ့သည်။ ဤတိုက်ပွဲတွင် ဗိုလ်ချုပ်စံသိန်း အပါအဝင် ပအိုဝ်းနှစ်ဦး ကျဆုံးခဲ့ပြီး SURA ရှမ်းတပ်ဖွဲ့မှ ဗိုလ်မှူးလှခင် အပါအဝင် ခြောက်ဦး ကျဆုံးခဲ့သည်။

ရလလဖ ခေါင်းဆောင် ဗိုလ်ချုပ်စံသိန်း ကျဆုံးပြီးနောက် ဗိုလ်မှူးလှမောင် က ဦးဆောင်မှုတာဝန်ကို ဆက်ခံခဲ့ပြီး ၎င်း၏ လက်အောက်တွင် ဗိုလ်တာကလယ် က ပထမတပ်ရင်းကို လည်းကောင်း၊ ဗိုလ်စပါယ်ရှယ် (တာတီးကလို) က ဒုတိယတပ်ရင်းကို လည်းကောင်း အသီးသီး ဦးဆောင်ခဲ့ကြသည်။

ဗကပတို့၏ ဝင်ရောက်မှုများကို လက်ပိုက်ကြည့်မနေနိုင်တော့သဖြင့် ရဟန်း ၁၄ ဝါရ ဦးကုလသ (ခေါ်) အဘယ သည် အသက် ၃၅ နှစ်အရွယ်တွင် သာသနာ့ဘောင်မှ ထွက်ကာ 'အောင်ခမ်းထီ' အမည်ခံယူပြီး ၁၉၇၀ ပြည့်နှစ်တွင် တော်လှန်ရေးအတွင်းသို့ ဝင်ရောက်ခဲ့သည်ဟု ဆိုသည်။ ရလလဖသည် ဗကပ၏ ဩဇာခံဖြစ်နေချိန် ဘိန်းစိုက်ပျိုးစေခြင်း၊ ဘိန်းခွန်ကောက်ခံခြင်းနှင့် ဘိန်းရှူခွင့်ပြုခြင်းများ ပြုလုပ်သည်ဟု ဦးအောင်ခမ်းထီ က ပြောကြားခဲ့သည်။ တစ်ဖက်တွင်လည်း ရလလဖက ခွန်အောင်ခမ်းထီ၊ ဖြားဗွာလှဖေ၊ ဖြားဗွာကျော်စိန်တို့ အုပ်စုကို ဖောက်ပြန်ရေးသမားများ၊ လူမျိုးစွဲကြီးသူများ၊ အမြင်ကျဉ်းမြောင်းသူများဟု ပြန်လည်ဝေဖန်ခဲ့သည်။

လွတ်မြောက်ရေးခရီးလမ်းသည် မကြာမီ အတွင်းအက်ကွဲမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ ၁၉၇၃ ခုနှစ်၊ နိုဝင်ဘာလတွင် ရလလဖအတွင်း၌ ဗကပနှင့် ပူးပေါင်းသင့်မသင့်ဟူသော အဓိကအကြောင်းပြချက်ဖြင့် ကြီးမားသော ဂိုဏ်းကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။ ဗိုလ်တာကလယ် ကို ထောက်ခံသူများနှင့် ဦးအောင်ခမ်းထီ ကို ထောက်ခံသူများသည် အဖွဲ့အစည်း၏ ဦးတည်ချက်နှင့် ပတ်သက်၍ သဘောထားကွဲလွဲကာ ပဋိပက္ခများ ဖြစ်ပေါ်ခဲ့သည်။ ဤအကျိုးဆက်အဖြစ် အဖွဲ့အစည်းသည် "ရလလဖ (အနီ)" နှင့် "ရလလဖ (အဖြူ)" ဟူ၍ နှစ်ပိုင်းကွဲသွားခဲ့သည်။

ဇာတ်ကြောင်းပြောဆိုမှုများတွင် အနည်းနှင့်အများ ကွာခြားချက်များ ရှိသော်လည်း အဓိကအားဖြင့် "ဖြုတ်ထုတ်သတ်" လမ်းစဉ်ကြောင့် ပအိုဝ်းအများအပြား သေဆုံးခဲ့ရသည်ဟု ဆိုသည်။ ပအိုဝ်းဖြူများက ရလလဖကို ၁၉၇၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖျက်သိမ်းသည်ဟု ပြောဆိုခဲ့ကြသည်။

ရလလဖ (အနီ) သို့မဟုတ် ပအိုဝ်းနီ သည် ကွန်မြူနစ်များနှင့် ပူးပေါင်းခဲ့ပြီး ဗိုလ်တာကလယ် (ဥက္ကဋ္ဌ)၊ စောဖားမူ၊ ဗိုလ်မှူးလှမောင်၊ ဦးစိန်ရွှေ နှင့် စိုးအောင်လွင် တို့က ဦးဆောင်ခဲ့သည်။ တစ်ဖက်တွင် ရလလဖ (အဖြူ) သို့မဟုတ် ပအိုဝ်းဖြူသည် ကွန်မြူနစ်လမ်းစဉ်ကို ငြင်းပယ်ခဲ့ပြီး အဘယ (ခေါ်) ဦးအောင်ခမ်းထီ၊ ဖြားဗွာလှဖေ၊ ဖြားဗွာကျော်စိန် နှင့် ဦးမောင်မောင် တို့က ဦးဆောင်ခဲ့သည်။ ပအိုဝ်းဖြူများနှင့် နောင်ဖြစ်လာမည့် PNO အဖွဲ့များမှာ ဗုဒ္ဓဘာသာကို စွဲမြဲကိုးကွယ်သူများ ဖြစ်ကြသည်။

ကွဲပြားမှုအပြီးတွင် ဥက္ကဋ္ဌ ဗိုလ်တာကလယ် ဦးဆောင်သော ရလလဖ (အနီ) သည် ပုံချောင်းအရှေ့ဘက် ကတူးကြီးနာဟီဒေသနှင့် နမ့်ကွင်းတို့တွင် အင်အားစုစည်းခဲ့သည်။ တစ်ချိန်တည်း၌ ဦးအောင်ခမ်းထီ ဦးဆောင်သော ရလလဖ (ဖြူ) က အင်းလေး၊ ပင်လောင်း၊ ဆီဆိုင်၊ မယ်နယ်တောင်တန်းနှင့် ဟိုပုံးမြောက်ပိုင်းအထိ ၎င်းတို့၏ လုပ်ငန်းနယ်ပယ်ကို တိုးချဲ့ခဲ့သည်။

၁၉၇၅ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်နေ့တွင် အမျိုးသားဟန်ပီပြင်သော ပအိုဝ်းအဖွဲ့အစည်း အမြန်ဆုံး ဖွဲ့စည်းနိုင်ရေးအတွက် ကော်မတီတရပ် ပြန်လည်ဖွဲ့စည်းခဲ့သည်။ ထိုကော်မတီတွင် ဆရာတော်ဦးနေမိ၊ ဖြားဗွာကျော်စိန်၊ အောင်ခမ်းထီနှင့် ဦးနုတပ်မှ ခွဲထွက်လာသည့် အောက်ပြည်ပအိုဝ်း PNLA အဖွဲ့မှ ခွန်ရဲနောင်တို့ ပါဝင်ခဲ့ကြသည်။

၁၉၇၆ ခုနှစ်၊ ဇန်နဝါရီလ လုံးဒါညီလာခံအပြီးတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဟု ဖွဲ့စည်းခဲ့သည်။ ဤအမည်သစ်သည် မူလ "ရလလဖ" အမည်သုံးကာ ဗိုလ်တာကလယ် ဦးဆောင်သော အဖွဲ့အစည်း[2]ကို ခွဲခြားရန် ထင်ရှားစေခဲ့သည်။ ဗိုလ်တာကလယ် ဦးဆောင်သည့် ရလလဖအဖွဲ့ကိုမူ ပအိုဝ်းနီအဖွဲ့ဟု ယေဘုယျအားဖြင့် ရည်ညွှန်းတတ်ကြသည်။ သို့သော် ၁၉၇၇ ခုနှစ်တွင် ဒုတိယ ဥက္ကဋ္ဌ ခွန်ရဲနောင် လက်နက်ချသွားခဲ့ပြီး ဥက္ကဋ္ဌဖြစ်သူ ဦးကျော်စိန်လည်း[3] နုတ်ထွက်သွားခဲ့သည်။ ထိုအချိန်မှ စ၍ ဗိုလ်မှူးကြီး အောင်ခမ်းထီက PNO ၏ ဥက္ကဋ္ဌ စတင်ဖြစ်လာခဲ့သည်။

၁၉၈၀ ပြည့်နှစ်တွင် PNO သည် ဗိုလ်မှူးခွန်ဥက္ကာ မှတစ်ဆင့် အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (မဒတ) သို့ ဝင်ရောက်ခဲ့ပြီး ကရင်ပြည်နယ် မာနယ်ပလော အစည်းအဝေးကို ခွန်အောင်ခမ်းထီ ဦးဆောင်ပြီး တက်ရောက်သည်။ သို့သော် KNU ဗိုလ်မှူးကြီး ဘိုမြ က ပအိုဝ်းသည်လည်း ကရင်တစ်မျိုးဖြစ်၍ ကရင်အမည်ကို ခံယူရမည်ဟု ပြောဆိုခဲ့သဖြင့် အဆင်မပြေဖြစ်ခဲ့သေး၏။

ဗိုလ်တာကလယ် ဦးဆောင်သော ရလလဖ သည် စစ်ရေးလမ်းကြောင်းကို ဆက်လက်လျှောက်လှမ်းခဲ့ပြီး ၁၉၇၇ ခုနှစ်တွင် ဗကပ (၁၀၈ စစ်ဒေသ) နှင့် ပူးပေါင်းစစ်ဆင်ရေးများ ဆောင်ရွက်ခဲ့သည်။ ၁၉၇၈ ခုနှစ်၊ မတ်လတွင် ရလလဖအဖွဲ့ဝင် ရာကျော်သည် စစ်ရေးနှင့် နိုင်ငံရေးဆိုင်ရာ သင်တန်းများကို အလေးအနက် လေ့လာရန် ပန်ဆန်းမြို့ရှိ ဗကပဌာနချုပ်သို့ သွားရောက်ခဲ့ကြသည်။ ဥက္ကဋ္ဌ ဗိုလ်တာကလယ် နှင့် ဒုတိယဥက္ကဋ္ဌ စောဖားမူ တို့ ကိုယ်တိုင် ပန်ဆန်းသို့ သွားရောက်ကာ ဗကပခေါင်းဆောင်များနှင့် စစ်ရေးမဟာဗျူဟာ၊ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မှုနှင့် စည်းလုံးညီညွတ်သောတပ်ဦး ဖွဲ့စည်းရေးတို့ အပါအဝင် အရေးပါသော ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

ကွန်မြူနစ်မဟာမိတ်များအပြင် ကယန်းပြည်သစ်ပါတီ (KNLP) အပါအဝင် အခြားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများနှင့်လည်း မဟာမိတ်ဖွဲ့ခဲ့ကြသည်။ ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီး တွင် ရလလဖသည် ရောက်ရှိလာသော ဒီမိုကရေစီတိုက်ပွဲဝင် ကျောင်းသားလူငယ်များကို ကူညီထောက်ပံ့ခဲ့ပြီး ပအိုဝ်းတို့၏ ကိုယ်ပိုင်လက်နက်ကိုင် တော်လှန်ရေးကိုလည်း ဆက်လက်ဆောင်ရွက်ခဲ့သည်။ သို့သော် အခြေအနေများမှာ တဖြည်းဖြည်း ခက်ခဲလာခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် ကိုးကန့်နှင့် ဝ တပ်ဖွဲ့များက တပ်တွင်းပုန်ကန်တော်လှန်ပြီး ဗကပကို ပြိုလဲစေခဲ့သည်။ နောက်ပိုင်းတွင် နယ်နိမိတ်ချင်း ထိစပ်နေသော လက်နက်ကိုင်အဖွဲ့အစည်းများသည် တစ်ဖွဲ့ပြီးတစ်ဖွဲ့ လက်နက်ချကာ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးကို ရွေးချယ်ခဲ့ကြသည်။ ဤအခြေအနေကြောင့် ရလလဖသည် ပိုမိုအထီးကျန်လာပြီး ၎င်းတို့၏ ရုန်းကန်မှုသည်လည်း မရေရာသော အခြေအနေသို့ ရောက်ရှိခဲ့သည်။

စစ်အစိုးရနှင့် နောက်ဆုံးတွင် အပစ်အခတ်ရပ်စဲရေး မပြုလုပ်မီ ရလလဖ (နီ) ကို ဥက္ကဋ္ဌ တာကလယ်၊ ဒုတိယဥက္ကဋ္ဌ စောဖားမူ နှင့် အထွေထွေအတွင်းရေးမှူး စိုးအောင်လွင် တို့က ဦးဆောင်ခဲ့သည်။ ၁၉၉၄ ခုနှစ်၊ အောက်တိုဘာလတွင် ဥက္ကဋ္ဌ တာကလယ် ဦးဆောင်သော ရလလဖ အဖွဲ့သည် စစ်အစိုးရနှင့် နောက်ဆုံး၌ အပစ်အခတ်ရပ်စဲရေးကို သဘောတူခဲ့သည်။ ရလဒ်အားဖြင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) က ရလလဖကို ရှမ်းပြည်နယ်တောင်ပိုင်း အထူးဒေသ (၁၃) အဖြစ် တရားဝင် အသိအမှတ်ပြုခဲ့သည်။

ယင်းမတိုင်ခင် ၁၉၉၁ ဧပြီ ၁၁ ရက်နေ့တွင် PNO သည်လည်း စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူသည်။
    
ထောင်စုသစ်၏ အလှည့်အပြောင်းသည် နောက်ထပ် အပြောင်းအလဲများကို ယူဆောင်လာခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် စစ်တပ်သည် အပစ်အခတ်ရပ်စဲရေးအဖွဲ့များအား လုံးဝ လက်နက်ချရန် ဖိအားပေးခဲ့ပြီး လက်မခံနိုင်သော တောင်းဆိုချက်ဖြစ်သည်။ ၂၀၀၆ ခုနှစ်တွင် ရလလဖ ၏ ရေရှည်ခေါင်းဆောင် ဗိုလ်တာကလယ်သည် "နာယက" အခန်းကဏ္ဍသို့ ပြောင်းလဲခဲ့ပြီး ဥက္ကဋ္ဌနေရာကို ဗိုလ်မှူးချစ်မောင်က ဆက်ခံခဲ့သည်။ သို့သော် ရလလဖ (နီ) အတွင်း၌ အတွင်းမကျေနပ်မှုများ စတင်ပေါ်ပေါက်ခဲ့သည်။
ဗိုလ်မှူးကြီးခွန်ထိဆောင်နှင့် ခွန်သူရိန်တို့ ဦးဆောင်သော အဖွဲ့တစ်ဖွဲ့သည် ၂၀၀၇ တွင် ရလလဖမှ ခွဲထွက်ကာ လက်နက်ကိုင်တော်လှန်ရေးကို ပြန်လည်စတင်ရန် ဆုံးဖြတ်ခဲ့ပြီး ခွန်ဥက္ကာ၏အဖွဲ့နှင့် ပူးပေါင်းရန် ညှိနှိုင်းခဲ့ကြသည်။ ယင်းညှိနှိုင်းမှုက နောင်တွင် PNLO ဖြစ်လာလိမ့်မည်။

အရေးပါသော အလှည့်အပြောင်းတခုအနေဖြင့် ရလလဖ ဥက္ကဋ္ဌ ဗိုလ်မှူးချစ်မောင် ဦးဆောင်သော အဖွဲ့သည် ၂၀၀၇ ခုနှစ် ဇူလိုင်လတွင် နအဖထံ လုံးဝ လက်နက်ချခဲ့သည်။ ဤအခြေအနေကြောင့် ယခင်ဥက္ကဋ္ဌ ဗိုလ်တာကလယ်နှင့် နာယကအဖွဲ့သည် နောင်ထောင်းရှိ ရလလဖ ဌာနချုပ်တွင် ကျန်ရှိခဲ့သည်။ စိတ်ဓာတ်မကျဘဲ ဗိုလ်တာကလယ်သည် ကျန်ရှိသော သစ္စာခံများနှင့်အတူ ရလလဖကို ပြန်လည်ဖွဲ့စည်းကာ ၎င်း၏ ရုန်းကန်မှုကို ဆက်လက်လုပ်ဆောင်ခဲ့သည်။ ၂၀၀၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် လူ ၆၀၀ ကျော်ပါဝင်သော အစည်းအဝေးတခု ကျင်းပခဲ့ပြီး ရလလဖ ဗဟိုကော်မတီဝင် ၁၁ ဦးပါဝင်သော အဖွဲ့သစ်တစ်ခုကို ဖွဲ့စည်းခဲ့သည်။ အဆိုပါအဖွဲ့ဝင်များမှာ ဥက္ကဋ္ဌ ဗိုလ်တာကလယ်၊ ဒုတိယဥက္ကဋ္ဌများအဖြစ် ခွန်စိန်ရွှေနှင့် စောဖားမူ၊ အထွေထွေ အတွင်းရေးမှူး စိုးအောင်လွင်၊ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး စိုင်းဖ၊ ဒု-စစ်ဦးစီးချုပ် ဒု-ဗိုလ်မှူးကြီး မျိုးဆက်နှင့် အခြားထင်ရှားသော အဖွဲ့ဝင်များဖြစ်ကြသည့် ဒု-ဗိုလ်မှူးကြီး စန်အော၊ ဖရာတန် ခွန်ထီး၊ ဒု-ဗိုလ်မှူးကြီး စိန်ဝင်းနောင်၊ ဒု-ဗိုလ်မှူးကြီး အောင်ရွှေလတ်နှင့် ဒု-ဗိုလ်မှူးကြီး ချစ်ထွန်းတို့ ပါဝင်ခဲ့သည်။
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) လက်နက်ချပြီးနောက် ၂၀၁၀ တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) ဟူ၍ နိုင်ငံရေးပါတီအဖြစ် ပြောင်းလဲသည်။ PNO ပါတီ အနေဖြင့်မူ ပါတီဝင်အရေအတွက်မှာ ရှစ်သောင်းကျော်ရှိသည်။ တိုင်းရင်းသားပါတီဖြစ်၍ အစိုးရဖွဲ့နိုင်မည်မဟုတ်သော်လည်း ပြည်သူလူထုအတွက် တက်လာသည့် အစိုးရအဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်သွားမည်ဟု ဆိုသည်။ တဘက်ကလည်း နောက်ပိုင်း PNO ခေါင်းဆောင်များသည် စီးပွားရေးလုပ်ကွက်များစွာ ရှိသည်ဟု ဝေဖန်သူများ ရှိလာသလို ပအိုဝ်းဒေသတွင် ဗုဒ္ဓဘာသာထွန်းကားအောင် ပြုလုပ်ပေးနေသည့်အတွက် ကျေနပ်သူများလည်း[5] တွေ့ရသည်။

သို့သော် PNO မှ ဗိုလ်မှူးကြီးခွန်ဥက္ကာအဖွဲ့က လက်နက်မချခဲ့ပေ။

၂၀၀၉ ခုနှစ် ဒီဇင်ဘာတွင် ပအိုဝ်းအမျိုးသားညီလာခံတခုကို ကျင်းပခဲ့ရာမှ နိုင်ငံရေးဦးဆောင်မှုအဖွဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (Pa-Oh National Liberation Organization - PNLO) နှင့် လက်နက်ကိုင်တပ် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (Pa-Oh National Liberation Army - PNLA) ဖွဲ့စည်းခဲ့ပြီး မောက်မယ်နယ်တွင် လှုပ်ရှားခဲ့သည်။ ခွန်ဥက္ကာနှင့် ခွန်သူရိန်တို့ ဦးဆောင်ကြသည်။    
      
PNLA အနေဖြင့် ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ၂၀၁၂ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့တွင်လည်းကောင်း၊  ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ၂၀၁၃ ခု မတ်လ ၂၃ တွင်လည်းကောင်း ရေးထိုးကာ ၂၀၁၅ ခု အောက်တိုဘာ ၁၅ တွင် NCA လက်မှတ်ရေးထိုးပြီး PPST တွင် ပါဝင်သည်။ ၇၁ ကြိမ်မြောက် ပဒေသရာဇ်စနစ် ဆန့်ကျင်တော်လှန်ရေးနေ့နှင့် ပအိုဝ်းလူမျိုးတို့ ပထမဆုံး လက်နက်ကိုင်ဖွဲ့စည်းမှုအထိမ်းအမှတ်ဖြစ်သော ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၁ ရက်တွင် ‘အမျိုးသား ပြန်လည်သင့်မြတ်‌ရေး၊ အမျိုးသားညီညွတ်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေး’ အတွက် ၂၁ ရာစု ပင်လုံအပါအဝင် နိုင်ငံရေးဆွေး‌နွေးပွဲအဆင့်ဆင့်တွင် ပါဝင်သွားမည်ဟု ထုတ်ပြန်ထားသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် PNLO အင်အားစုများသည် အားလုံးပါဝင်ရေးမူကို အခြေခံ၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် စစ်ကောင်စီနှစ်ဖက်စလုံးနှင့် အလွတ်သဘော ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့တွင် စစ်ကောင်စီက ကမ်းလှမ်းသော ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ စံဖူးရွာ၌ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) ၏ လက်နက်ယာဉ်တန်းကို မြန်မာ့တပ်မတော်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့က ဖမ်းဆီးစစ်ဆေးရာမှ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်။ နှစ်ဖက်ဆွေးနွေးညှိနှိုင်းခဲ့သော်လည်း ပြေလည်မှုမရရှိဘဲ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်။ တောင်ကြီးမြို့ရှိ PNLA ဆက်ဆံရေးရုံး တာဝန်ခံအပါအဝင် သုံးဦးကိုလည်း တပ်မတော်က ဖမ်းဆီးခဲ့ရာ စစ်ရေးတင်းမာလာခဲ့သည်။

ယင်းအချိန်တွင် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ခေါင်းဆောင်များသည် စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးဆွေးနွေးနေဆဲဖြစ်သည်။ စစ်တပ်က PNLO ဌာနချုပ်တည်ရှိရာ ဆီဆိုင်ကို သိမ်းပိုက်ပါက ဖျက်ဆီးပစ်မည်ဟု ခြိမ်းခြောက်မှုများရှိသည်ဟု ဆိုသည်။ ထို့ကြောင့် ဆွေးနွေးနေသော ခေါင်းဆောင်များက တိုက်ပွဲများ ထပ်မံမဖြစ်ပွားစေလိုခဲ့ပေ။ သို့သော် စစ်တပ်သည် ဇန်နဝါရီ ၂၂ ရက်နေ့တွင် PNLO ဌာနချုပ်ကို လေကြောင်းမှ တိုက်ခိုက်ခဲ့သည်ဟု ပြောဆိုမှုများလည်း ရှိသည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့ကို PNLA နှင့် ပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်သိမ်းပိုက်ခဲ့သည်။ တပ်မတော်ကလည်း အကြီးအကျယ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် (NCA) ကို စစ်ကောင်စီက ချိုးဖောက်ခဲ့သောကြောင့် မိမိတို့၏ ဘဝတူ ညီနောင် မဟာမိတ်များနှင့်အတူ စစ်ကောင်စီအား တိုက်ခိုက်မည်ဖြစ်ကြောင်း ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့ ညပိုင်းတွင် PNLO က ကြေညာခဲ့သည်။ သို့သော် ဒေသခံလူထုအချို့နှင့် ခေါင်းဆောင်အချို့က စစ်ကိုဆက်မတိုက်စေလိုဘဲ အတွင်းပိုင်းပဋိပက္ခများလည်း ဖြစ်ပေါ်လာခဲ့သည်။ တဖက်တွင် ရှမ်းပြည်နယ်တောင်ပိုင်းဒေသခံ တော်လှန်ရေးအင်အားစုများ ပူးပေါင်းအဖွဲ့ (SSLRU) ကလည်း တောင်ပိုင်း ရှမ်းပြည်နယ်ရှိ စစ်တပ်၏ အုပ်ချုပ်ရေးယန္တရား လုံးဝရပ်တန့်သွားသည်အထိ PNLO/PNLA နှင့်အတူ တော်လှန်ရေးစစ်ပွဲ ဆင်နွှဲသွားမည်ဟု ကတိပြုခဲ့သည်။

PNLO/PNLA ဥက္ကဋ္ဌ ဗိုလ်ချုပ်ခွန်သူရိန် က ခုနစ်ဖွဲ့ပါဝင်သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (7 EAO Alliance) မဟာမိတ်အဖွဲ့တွင် PNLO ကို ကိုယ်စားပြုအဖွဲ့အဖြစ် ထည့်သွင်းခြင်းကို ကန့်ကွက်ခဲ့သည်။ PNLO ၏ ဒုတိယဥက္ကဋ္ဌဟောင်း ဦးဆောင်သော ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) က PNLO/PNLA ၏ ရပ်တည်ချက်ကို ကြိုဆိုခဲ့သည်။

ဤသို့ဖြင့် ပအိုဝ်းခေါင်းဆောင်များအချင်းချင်းအကြား ကွဲပြားမှုများ ထပ်မံပေါ်ပေါက်လာခဲ့ပြန်သည်။ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် PNLO ၏ အားထားရသော ခေါင်းဆောင်ဟောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာ က မိမိသည် အဖွဲ့မှ ထွက်ခွာပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) နှင့် ပူးပေါင်းလုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။ ဗိုလ်မှူးခွန်မင်းသိန်း နှင့် နန်းယဉ်ယဉ်စိုး တို့လည်း ၎င်းတို့၏ ရာထူးများမှ နုတ်ထွက်စာ တင်သွင်းခဲ့ကြသည်။ PNLO ၏ အောက်တိုဘာလ ၁၂ ရက်စွဲပါ ထုတ်ပြန်ချက်တွင် ၎င်းတို့၏ နုတ်ထွက်ခွင့်ကို ဗဟိုကော်မတီ အစည်းအဝေးက အတည်မပြုမီ PNLO (NCA-S) ဟုခေါ်သော အဖွဲ့ငယ်တစ်ခုကို တည်ထောင်ခြင်းဖြင့် PNLO ၏ အခြေခံမူများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်သောကြောင့် ၎င်းတို့အား ထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းထားသည်။

ခွန်ဥက္ကာ ကမူ NCA ကို လက်မှတ်ထိုးပြီးသားဖြစ်ပြီး NCA ကို လက်မခံသူများ၏ အပြောအဆိုမှာ အရေးမကြီးကြောင်းနှင့် NCA လမ်းကြောင်းမှ ပြည်သူများအတွက် လုပ်ဆောင်သွားမည်ဟု တုံ့ပြန်ခဲ့သည်။

ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ပအိုဝ်းအမျိုးသား ဖက်ဒရယ်ညီလာခံမှ ဖွဲ့စည်းခဲ့သည်။ ကောင်စီဝင် ၁၅ ဦးရှိပြီး ဥက္ကဋ္ဌမှာ ယခင် PNLO ခေါင်းဆောင်ဟောင်း ခွန်မြင့်ထွန်း ဖြစ်သည်။ PNFC သည် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တွင် အဖွဲ့ဝင်ဖြစ်သည်။

PNFC တွင် နိုင်ငံရေးဌာန၊ စစ်ရေးဌာနနှင့် စီမံခန့်ခွဲရေးဌာနဟူ၍ ဌာနသုံးခုရှိသည်။ PNFC ၏ ရည်ရွယ်ချက်များမှာ-
  • စစ်အာဏာရှင်စနစ်အပါအဝင် မည်သည့်အာဏာရှင်စနစ်ကိုမဆို အဆုံးထိ ဆန့်ကျင်တော်လှန်ရန်။
  • မဟာလူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒကို ဆန့်ကျင်တိုက်ဖျက်ရန်။
  • ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးတွင် ရည်ရွယ်ချက်တူ တိုင်းရင်းသား လူမျိုးပေါင်းစုံ ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ရန်။
  • အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့် ပြည်ထောင်စု အဖွဲ့ဝင်ပြည်နယ်များဖြင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ဖွဲ့စည်းရန်။
  • ယင်းပြည်ထောင်စုတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်နယ်သစ်များ ပေါ်ထွန်းခွင့်ရှိစေရန်။
  • ပအိုဝ်းအမျိုးသား ပြည်နယ်တစ်ရပ် ဥပဒေနှင့်အညီ ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်သစ်အဖြစ် ပေါ်ထွန်းလာစေရန်။
  • ပအိုဝ်းလူမျိုးအပါအဝင် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ရန်နှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများမှ တားဆီးသွားရန်တို့ ဖြစ်သည်။

PNFC ကို ရှမ်းပြည်တောင်ပိုင်း၊ မြေပြန့်ဒေသများဖြစ်သည့် မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ ပြည်ပနိုင်ငံတကာရောက် ပအိုဝ်းတိုင်းရင်းသားအင်အားစုများ၊ အာဏာရှင်တော်လှန်ရေးတွင် ပါဝင်သည့် ပအိုဝ်းတိုင်းရင်းသားအင်အားစုများ၊ ပအိုဝ်းလူငယ်အင်အားစုတို့ဖြင့် ဖွဲ့စည်းထားသည်။ PNFC ၏ နိုင်ငံရေးဦးဆောင်လမ်းညွှန်မှုအောက်တွင် ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှစ်ဖွဲ့ဖြစ်သည့် ခမ်းကောင် (Kham Koung) နှင့် ခမ်းဒွမ် (Kham Dom) တို့ရှိပြီး PNFC မှ စစ်ရေးဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းရေးဆွဲကာ စစ်ရေးဌာနများကို ဖွဲ့စည်းထားသည်။ Pa-O National Defense Force-Kham Dom (တပ်နယ်-၁)၊ Pa-O National Defense Force-Kham Dom (တပ်နယ်-၂) နှင့် Pa-O National Defense Force-Kham Koung (တပ်နယ်-၃) ဟူ၍ တပ်နယ်သုံးနယ်ဖြင့် ဖွဲ့စည်းသည်။ PNDF-Kham Dom သည် ကရင်အမျိုးသားအစည်းအရုံး (KNU) သထုံခရိုင်၊ တပ်မဟာ (၁) ၏ မိတ်ဖက်တော်လှန်ရေး တပ်ပေါင်းစုတွင်လည်း ပါဝင်သည်။ ပအိုဝ်းအမျိုးသား CDM (အာဏာဖီဆန်ရေးလှုပ်ရှားမှု) အင်အားစုများဖြင့် ဖွဲ့စည်းထားသော Pa-O National Federal Council - CDM ဟူ၍လည်း ရှိပြီး NUG-MoE (ပညာရေးဝန်ကြီးဌာန) နှင့် ပူးပေါင်းကာ "PNFC ၏ ကြားကာလ အခြေခံဥပဒေ အခမဲ့ Online စာသင်ကျောင်း" ကို ဖွင့်လှစ်ထားသည်။

၂၀၂၅ ခုနှစ်၊ မတ်လတွင် ကျရောက်မည့် (၇၆) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့၌ ဗမာအပါအဝင် တိုင်းရင်းသား အင်အားစုအားလုံးနှင့် လက်တွဲကာ စစ်အာဏာရှင်ကို တိုက်ပွဲဝင်မည်ဟု ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) တို့က ပူးတွဲအသိပေး ထုတ်ပြန်ခဲ့သည်။ စစ်ကောင်စီလက်အောက်ခံ PNO/PNA အနေဖြင့်လည်း စစ်ကောင်စီနှင့် ပိုမိုပူးပေါင်းမှုများသည် တခြားသော တိုင်းရင်းသားညီအစ်ကိုများက ပအိုဝ်းပြည်သူများကို အထင်အမြင်လွဲမှားကာ အမုန်းပွားလာစေ နိုင်ကြောင်း သတိပေးခဲ့သည်။

ခွန်မြင့်ထွန်း က "ပထမတော်လှန်ရေး၊ ဒုတိယတော်လှန်ရေးတွေမှာ ကျွန်တော်တို့ဟာ ငဲ့ခဲ့ပါတယ်။ ပအိုဝ်းတွေဟာ ပြည်ထောင်စုကို ငဲ့ခဲ့ပါတယ်။ ကျွန်တော်တို့ကြောင့်ဆိုတာမျိုး အဖြစ်မခံချင်ခဲ့တဲ့အတွက် ပအိုဝ်းပြည်နယ်ကိစ္စကို ရင်ထဲကရှိသော်လည်း ထုတ်မပြောခဲ့ဘူး။ ဒီကနေ့ တတိယတော်လှန်ရေးမှာ ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်း ပြောပါတယ်။ ပအိုဝ်းပြည်နယ်သစ် ပေါ်ထွန်းရေးကို ကျွန်တော်တို့ လိုလားတယ်။ အဲဒါကို ကျွန်တော်တို့ ရယူမယ်။ ရယူတဲ့အခါမှာ ကျွန်တော်တို့ နိုင်ငံရေးနည်းလမ်းနဲ့ ရယူမှာဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။

ပအိုဝ်းတိုင်းရင်းသားတော်လှန်ရေးသည် ပဒေသရာဇ်တော်လှန်ရေးဖြင့် စတင်ခဲ့ပြီး နောက်ပိုင်းတွင် လူမျိုးစုအခွင့်အရေး တောင်းဆိုမှုများအဖြစ် ပြောင်းလဲခဲ့သည်။ ပအိုဝ်းတော်လှန်ရေးတွင် ယခုခေတ်ပိုင်း၌ ခွန်အောင်ခမ်းထီ၊ ခွန်မြင့်ထွန်း၊ ခွန်ဥက္ကာ၊ ခွန်သူရိန် တို့သည် ထင်ရှားသော ခေါင်းဆောင်များ ဖြစ်ကြသည်။ သို့သော် ပအိုဝ်းခေါင်းဆောင်များအချင်းချင်းအကြား အဆင်ပြေချောမွေ့သည့် အချိန်များမှာ တိုတောင်းခဲ့သည်ကို တွေ့ရသည်။ သို့ရာတွင် ပအိုဝ်းလူမျိုးတို့၏ လွတ်လပ်လိုမှုနှင့် ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် ဆန္ဒတို့မှာ အမြဲတစေ ထွန်းပနေခဲ့ပေသည်။


[1] ၁၉၄၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် ဥက္ကဋ္ဌဦးဘိုးခင် (နောင် ပအိုဝ်းရေးရာဝန်ကြီး) ဦးဆောင်ဖွဲ့စည်းခဲ့သည့် “ပအိုဝ်းစုစည်းအဖွဲ့” (ပအိုဝ်ၒလွောင်ၒဗူၒ) မှ ကူးပြောင်းခဲ့သည်ဟု ဆိုသည်။

[2] ဗိုလ်တာကလယ်၏ ရလလဖ အဖွဲ့ကို ပအိုဝ်းနီဟု အလွယ်ခေါ်ကြသည်။

[3] ၁၉၈၀ တွင် ဦးကျော်စိန်သည် သား ဗိုလ်အောင်မန်နှင့်အတူ အလင်းဝင်ခဲ့သည်။
]]>
<![CDATA[တအာင်းအမျိုးသားနိုင်ငံရေး]]>Wed, 18 Jun 2025 10:52:45 GMThttp://www.thecallingdigest.org/41264121414141434100415441524121415841124154411241214154415241164158410041514154-4101414041234157409641544101414041124121415441524121415541404152/taaung_political_history_mm(ယခုစာမှာ Draft မူကြမ်းဖြစ်၍ အချက်အလက်ကို နောက်ဆုံးအကြိမ် ပြန်လည်မစစ်ဆေးရသေးပါ။)

တအာင်းလူမျိုးတို့သည် မြန်မာနိုင်ငံအပြင် ထိုင်းနိုင်ငံမြောက်ပိုင်းနှင့် တရုတ်နိုင်ငံ ယူနန်ဒေသတို့တွင် ပျံ့နှံ့နေထိုင်ကြသည်။ မြန်မာနိုင်ငံအတွင်း ယခုနေထိုင်အရပ်ဒေသများမှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးကုတ် ကျောက်တွင်း ဒေသ၊ မိုးမိတ်နယ် ရွှေလီမြစ်ကမ်း တလျှောက်ဖြစ်သော ကိုးတောင်ဒေသ၊ တောင်ပိုင်နယ် နမ့်ဆန် (Taung Peng)၊ သီပေါနယ်၊ လားရှိုးနှင့် သိန္နီနယ်တောင်ပိုင်း၊ သျှမ်းပြည်တောင်ပိုင်း၊ သျှမ်းပြည်အရှေ့ပိုင်း၊ ကွမ်းလုံခရိုင်၊ ကိုးကန့်နယ်များတွင် ပျံ့နှံ့စွာ နေထိုင်ကြသည်။ မြန်မာ့လွတ်လပ်ရေး ရရှိသည့်နှစ်များအထိ ကချင်ပြည်နယ် မြစ်ကြီးနားနယ်ဆဒုံး-ဆမားဒေသ၊ ဗန်းမော်နယ် ဂေါရီစသည့် နေရာဒေသတို့တွင် နေထိုင်ခဲ့ကြသည်။ ပုဂံခေတ်တွင် ပလောင်တို့မှာ ဧရာဝတီမြစ်ဝှမ်းရှိ မြေပြန့်များတွင် နေထိုင်ကြကြောင်း ကျောက်စာများတို့တွင် တွေ့ရ၏။

တအာင်းလူမျိုးတို့ကို ရှေးက ပလောင်ဟု ခေါ်ကာ ပုဂံခေတ်တွင် ပေါင်လောင်ဟုလည်းကောင်း ရေးသည်ကို တွေ့ရသည်။ ဩစထရို-အေရှားစကားကို ပြောဆိုကာ မွန်-ခမာ အနွယ်ဖြစ်သည်။ မူလဇစ်မြစ်ကို ရှေးဟောင်းသမိုင်း တူးဖော်မှုများနှင့်တကွ အတိအကျ မတွေ့ရှိရ သော်လည်း ယူနန်နှင့် မြန်မာအကြားတွင် ဖြစ်သည်ဟု ယုံကြည်ရသည်။ သမိုင်းပညာရှင်များအကြားတွင် မူကွဲများလည်း တွေ့ရသည်။ မွန်-ခမာ ရွှေ့ပြောင်းမှု လှိုင်းနှင့်အတူ ရွှေ့ပြောင်းလာသည်ဟု ယူဆရသည်။ ယနေ့ တရုတ်ပြည်တွင် တအာင်းလူမျိုးတို့ ကျန်ရှိနေသေးသည်ကို ထောက်ချင့်ပြီး ယန်စီမြစ်နှင့် ဟိုအန်ဟိုမြစ်တို့ မြစ်ဖျားခံရာ ကုန်းမြင့်ဒေသမှသည် ရွှေ့ပြောင်းလာသည်ဟုလည်း မှန်းဆကြသည်။ တအာင်းလူမျိုးစုတို့ မြန်မာနိုင်ငံအတွင်း မည်သည့်အချိန်က ဝင်ရောက်လာသည်ကို ရေးသားကြရာတွင် ကွဲပြားမှု အမျိုးမျိုး ရှိကြသည်။ သုတေသန များစွာလိုသေးသည်။

မင်းဘူး၊ စကုနေရာဒေသများတို့တွင်လည်းကောင်း၊ ချင်းတွင်းမြစ်ညှာဒေသ ခန္တီအရပ် ဒေသများတွင် လည်းကောင်း၊ ပေါင်လောင်လူမျိုးတို့ တည်ခဲ့သော ဆည်ရေမြောင်းများနှင့် ဆည်ရေသောက် လယ်များစွာ ရှိကြောင်းလည်း ဆိုသည်။ ယနေ့ ရှမ်းပြည်တောင်ပိုင်းနှင့် သံလွင်အရှေ့ပိုင်း တွင် တအာင်းလူမျိုးများ ရှိသော်လည်း တောင်ပိုင်နမ့်ဆန်နယ်တွင် အများဆုံးနေထိုင်ကြသည်။ နမ့်ဆန်ဆိုသည်မှာ သျှမ်းဘာသာ ဖြစ်ပြီး ရေလှုပ်သည်ဟု ဆိုလိုသည်။ ပလောင်စကားတွင် အိူမ်ယိုရ် ဟုခေါ်သည်။

ပလောင်လူမျိုးနွယ်များအားလုံး သည် မိမိတို့ကိုယ်ကို 'တအာင်း' (Ta-ang) ဟူ၍ ခေါ်ကြသည်။ ကိုလိုနီခေတ်တွင် ပထမဆုံးပလောင်စာပေကို တီထွင်ရန် ကြိုးပမ်းသူမှာ အမေရိကန် သာသနာပြု Miss Maclean ဖြစ်ပါသည်။ ၁၉၁၂ ခုနှစ်တွင် Miss Maclean က ပလောင်အက္ခရာကို မိတ်ဆက်ပေးခဲ့သော်လည်း ဗုဒ္ဓဘာသာအများစုဖြစ်သည့် တအာင်း ပလောင်လူမျိုးများက လက်မခံခဲ့ပေ။ ထိုအခြေအနေကို မြင်သော တအာင်းလူမျိုး တတ်သိပညာရှင်များက မွန်-ဗမာအက္ခရာဖြင့် စာပေတီထွင်သော်လည်း တအာင်းလူမျိုး စာပေတတ်မြောက်ပြီးသူ အများစုကလည်း ရှမ်းစာပေများနှင့် အသားကျနေပြီး ဖြစ်သဖြင့် များစွာအောင်မြင်မှု မရရှိပြန်ပေ။ တရုတ်ပြည်ရှိ တယ်အန်းလူမျိုးများကမူ တရုတ်စာ အပြင် ဂျိန်းဖောနှင့် တိုင်စကားကိုပါ တတ်မြောက်ကြသည်။

၁၉၇၂ ခုနှစ် ဩဂုတ် ၃ဝ ရက်မှ စက်တင်ဘာ ၂ ရက်အထိ နမ့်ခမ်းမြို့နယ် ဖာလင်ရွာ (ဖဒဲန်ရွာ) ၌ ကျင်းပသည့် ဒုတိယအကြိမ်ညီလာခံတွင် တအာင်း(ပလောင်) စာပေကို မွန်-မြန်မာ-ပါဠိဘာသာကို အခြေခံ၍ ဗျည်းအက္ခရာ (၃၄) လုံးနှင့် သရအက္ခရာ (၁၈) လုံးကို အတည်ပြုနိုင်ခဲ့သည်။ နောက်ပိုင်းကာလများတွင် ပလောင်စကားမျိုးကွဲများမှ တူညီသော ဝေါဟာရ များကို ရှာဖွေကာ တအာင်းစကားတမျိုး စံသတ်မှတ်ရန် စဉ်းစားချက်များလည်း ရှိသည်။ ဥပမာ ‘သွားသည်’ ဟူသော ဝေါဟာရသည် ဒေသစကားငါးမျိုးတွင် ‘haw’ ဟု အသံထွက် ကြသည့် နမူနာမျိုးဖြစ်သည်။ သို့သော် ကိုယ်ပိုင်စာပေရှိပြီးသား ရူစင်းလူမျိုးစုအဖို့မူ ယင်းသို့ပြောင်းလဲသုံးစွဲရန် စိန်ခေါ်ချက်ရှိမည်သာ ဖြစ်သည်။

နမ့်ဆန်(တောင်ပိုင်)စော်ဘွားများ၏ သမိုင်းသည် ကုန်းဘောင်ခေတ်ဦး ခရစ်နှစ် ၁၇၅ဝ ခုနှစ် ဦးအောင်ဇေယျ (ခ) အလောင်းဘုရားမင်းလက်ထက်မှ စတင်၍ မှတ်တမ်း တင်ထားချက်အရ ခေတ်အလိုက် တအာင်း တောင်ပိုင်စော်ဘွား အမည် စာရင်းများမှာ (၁) ဒဒွေးဖ၊ (၂) ဖခွန်မြ၊ (၃) ဖခွန်ဆိုင်၊ (၄) ဖဒွေးတော်၊ (၅) ဖလွယ်လျို၊ (၆) ဖခွန်ကျိန်မိန်း၊ (၇) ဖခွန်ဆေ၊ (၈) ခွန်တန်မိန်း၊ (၉) သီစပဗ္ဗတရာဇာဘွဲ့ခံ ဖကန်ခွန်ဆိုင်ရဲ (ခေါ်) ခွန်ဆာ (မင်းတုန်းမင်းနန်းတက်ချိန်နှင့် ခေတ်ပြိုင်) (၁ဝ) ခွန်ကျန် (၁၂၂၇)၊ (၁၁) အောင်ဆာ၊ (၁၂) ခွန်ကွန်း၊ (၁၃) ခွန်ခမ်းမိန်း၊ (၁၄) ခွန်ခမ်းတန်မိန်း (၁၂၅ဝ ခုနှစ်)၊ (၁၅) ခွန်ဆင်အွမ် (ကျက်သရေဆောင်ရွှေစလွယ်ရမင်း)၊ (၁၆) စဝ်ခွန်ပန်းစိန် (မဟာသရေစည်သူ/ ၁၂၈၉) တို့ ဖြစ်ပါသည်။

တောင်ပိုင်စော်ဘွားကြီးများလက်အောက်တွင် အမတ်ချုပ်တဦး၊ တရားသူကြီးအမတ်တဦး၊ အခွန်တော် အမတ်တဦး၊ ငွေတိုက်အမတ်တဦး၊ နယ်လှည့်အမတ်တဦး၊ ပုလိပ်အုပ်ချုပ်သူ ရာဇဝတ်အုပ်အမတ်တဦး စသည့်တို့ဖြင့် အသီးသီးခန့်အပ်ထားသည်။ အဆိုပါအမတ်များ၏ လက်အောက်တွင် ရုံးလုပ်ငန်း စာရေးစာချီ အစရှိသော ရုံးဝန်ထမ်းများဖြင့် စီမံအုပ်ချုပ်ခဲ့ကြသည် တောင်ပိုင်စော်ဘွားကြီး လက်အောက်တွင် တိုက်နယ်များလည်းရှိသည်။ ယင်းတို့မှာမြို့မတိုက်၊ ဇယန်းကြီးတိုက်နယ်၊ ကျောက်ဖြူတိုက်နယ်၊ ရှော်လဲတိုက်နယ်၊ တောင်မတိုက်နယ်၊ ခွန်ဟောက်တိုက်နယ်၊ မန်စံတိုက်နယ်တို့ဖြစ်သည်။ တိုက်နယ်တိုင်းတွင် တိုက်သူကြီးခေါ် နယ်ပိုင်ကြီးများရှိကြသည်။ နယ်ပိုင်အောက်တွင် သူကြီးတာကဲ၊ တာကန်၊ အရပ်အုပ်၊ ထမုန်၊ သာမဓိစသည့်ဖြင့် အသီးသီးရှိကြသည်။

ထို့ပြင် တောင်ပိုင်စော်ဘွားကြီးလက်အောက်၌ နမ္မတူမြို့နယ်နှင့် မိုင်ငေါင့်မြို့တွင် မြို့စားကြီးတဦးစီ ခန့်အပ်ထားသည်။ မြို့စားကြီးများလက်အောက်တွင် ရုံးလုပ်ငန်းအတွက် စာရေးစာချီများလည်း ခန့်ထားကြသည်။ စော်ဘွားကြီးအုပ်ချုပ်သည့် ကာလအတွင်း ၁၉၄၁ခုနှစ် ဒုတိယကမ္ဘာစစ်ကြီး စတင်ဖြစ်ပွားလာရာ ဂျပန်ခေတ်ကာလတွင် အုပ်ချုပ်မှုစနစ်တကျ ပီပီပြင်ပြင် မရှိတော့ဘဲ မြို့များမှာလည်းပျက်စီးခဲ့ရသည်။ ၁၉၄၅ခုနှစ်ရောက်သောအခါ အမေရိကန်နှင့် အင်္ဂလိပ် မဟာမိတ်တပ်များ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက် သိမ်းပိုက်ခဲ့ပြီး ယခင်အုပ်ချုပ်မှု စနစ်ဟောင်းအတိုင်း အုပ်ချုပ်ခဲ့ပြန်သည်။

တောင်ပိုင်စော်ဘွားများသည် မိမိအပေါ် ဩဇာညောင်းပြီး တိုင်းပြည်ကိုလည်း မင်းကျင့်တရားနှင့် အညီ အုပ်ချုပ်သွားနိုင်ရန် လမ်းညွှန်းပေးနိုင်သော တားပလိန်း (နာယက) ကို ခေတ်အဆက်ဆက်တွင် တင်မြှောက်ခဲ့ကြသည်။ တားပလိန်းသည် စော်ဘွားကြီး၏ နောင်တော်ကြီးမှ ပေါက်ဖွားဆင်းသက်လာသော သားစဉ်မျိုးဆက်၏ အသက်ကြီးဆုံးသူကို ရွေးကောက်တင်မြှောက် တာဝန်ပေးအပ်လေ့ရှိသည်။

လွတ်လပ်ရေးမတိုင်မီ ပင်လုံစာချုပ် ချုပ်ဆိုမှုအတွက် ဆွေးနွေးကြစဉ်ကအခါက စဝ်ဖလုံကောင်စီ ဥက္ကဋ္ဌမှာ တောင်ပိုင်စော်ဘွားကြီး ခွန်ပန်းစိန်ဖြစ်သည်။ ညှိနှိုင်းပြီးစီး၍ ဗိုလ်ချုပ်အောင်ဆန်းထံမှ သမ္မတရာထူးအတွက် အဆိုပြုခံရသူ ဖြစ်သော်လည်း သမ္မတကြီး စဝ်ရွှေသိုက်ထံ ရာထူးပေးခဲ့သူ ဖြစ်သည်။ ၁၉၄၆ ခုနှစ်တွင် တောင်ပိုင်စော်ဘွားကြီး စဝ်ခွန်ပန်းစိန်မှ ဦးစီး၍ “ပုလောင်အမျိုးသား စည်းလုံးညီညွတ်ရေး အဖွဲ့ချုပ်” ကို တည်ထောင်ခဲ့သည်။ ပုလောင်အမျိုးသား စည်းလုံးညီညွတ်ရေး အဖွဲ့ချုပ်၏ ရည်ရွယ်ချက်မှာ ပုလောင်အမျိုးသားတို့၏ ညီညွတ်ရေး၊ ပေါင်းသင်းဆက်ဆံရေး၊ အကျင့်သီလနှင့် ဝတ္တရားပြုပြင်ရေး၊ ကြီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေးတို့အား ဆောင်ရွက်ရန်တို့ ဖြစ်သည်။ ပုလောင်အမျိုးသား စည်းလုံးညီညွတ်ရေး အဖွဲ့ချုပ်၏ ဗဟိုဌာနချုပ်ကို နမ့်ဆန် မြို့တွင် ဖွဲ့စည်းခဲ့သည်။ ဗဟိုဌာနခွဲ၊ ဌာနခွဲ စသည်တို့ကို အဆင့်ဆင့် ဖွဲ့စည်းထားရှိခဲ့သည်။ အဖွဲ့ချုပ်၏ ပုလောင်အမျိုးသား ဟူသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်သည် ပုထောင်၊ ဝ၊ လွယ်လ၊ ယင်းနက်နှင့် တောင်သူတို့ ပါဝင်ဖွဲ့စည်းထားသည်။ ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ စစ်အစိုးရက နိုင်ငံရေးပါတီအဖွဲ့အစည်းများ၊ အသင်းအဖွဲ့များ၊ လူမျိုးစုရေးရာ အသင်းအဖွဲ့များကို ဖျက်သိမ်းခဲ့ရာ ပုလောင်အမျိုးသားစည်းလုံးညီညွတ်ရေး အဖွဲ့ချုပ်ကိုလည်း ၁၉၆၄ ခုနှစ်တွင် ဖျက်သိမ်းခြင်း ခံခဲ့ရသည်။

သျှမ်းပြည်၏ ပထမဆုံးတော်လှန်ရေးအဖွဲ့ဖြစ်သော နွံစစ်ဟန်အဖွဲ့ကို ၁၉၅၈ ခုနှစ်က ဖွဲ့စည်းစဉ်တွင် တအာင်း သေနတ်ကိုင်တပ်ရင်းကို တပ်ရင်း ၅ နှင့် ၆ အနေဖြင့် ဖွဲ့စည်းခဲ့သည်။ တပ်ရင်း ၅ ကို တောင်ပိုင်းစော်ဘွားကြီး ဆွေမျိုးတော်များဖြစ်သည့် စဝ်ခွန်အေးနှင့် စဝ်ခွန်လီကလည်းကောင်း၊ တပ်ရင်း ၆ ကို စဝ်ခွန်သောင်းနှင့် စဝ်သန်းဝင်းတို့က လည်းကောင်း ဦးဆောင်ခဲ့ကြသည်။ ၁၉၅၈ ခုနှစ် အောက်တိုဘာတွင် ဗိုလ်နေဝင်းက အာဏာသိမ်းခဲ့ပြီး ၁၉၅၉ ခုနှစ် ဧပြီတွင် စော်ဘွားများအား လျော်ကြေးပေးပြီး အာဏာစွန့်စေရာ စော်ဘွားကြီး ခွန်ပန်းစိန်လည်း နန်းစွန့်ခဲ့ရသည်။

၁၉၆၃ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ပလောင်ပြည်သူများက ပလောင်အမျိုးသားတပ်ဦး (PNF) ကို တည်ထောင်ခဲ့သည်။ သို့သော် သျှမ်းခေါင်းဆောင်များက သဘောမကျခဲ့ကြပေ။ သျှမ်းစစ်သည်များသည် နမ့်ဆန် ပလောင်နယ်မြေအတွင်းသို့ ၎င်းတို့သဘောအလျှောက် ဝင်ထွက်သွားလာကာ အခွန်အမျိုးမျိုး ကောက်ခံခဲ့သည်။ ထို့ကြောင့် ပလောင်ခေါင်းဆောင်များက သျှမ်းခေါင်းဆောင်များထံ အောက်ပါအချက်များကို တောင်းဆိုခဲ့သည်-

၁။ ရှမ်းခေါင်းဆောင်များက ရှမ်းပြည်တွင် နေထိုင်ကြသည့် အခြားလူမျိုးများအပေါ် ထားရှိသည့် သဘောထားကို ထုတ်ပြန်ကြေညာရန်။
၂။ နမ့်ဆန်နယ်အတွင်း အခွန်အကောက်များ ကောက်ခံလိုပါက ဦးစွာ တပ်ရင်း (၅) နှင့် တပ်ရင်း (၆) တပ်ရင်းမှူးများနှင့် တိုင်ပင်ရမည်။
၃။ တပ်ရင်း (၅) နှင့် တပ်ရင်း (၆) မှ စစ်သည်တစ်ဦးဦးအပေါ် အပြစ်ပေးအရေးယူမှု ပြုလုပ်လိုပါက သက်ဆိုင်ရာ တပ်မှူးများနှင့် တိုင်ပင်ရမည်။
ဤတောင်းဆိုချက်များကို သျှမ်းခေါင်းဆောင်များက ပြန်ဖြေကြားခြင်း မရှိခဲ့ပေ။ ပလောင်များ အဆိုအရ ၁၉၆၅ ခုနှစ်တွင် တပ်ရင်း (၅) တပ်ရင်းမှူး နိုင်ငံခြားသို့ သွားရောက်စဉ် သျှမ်းများက ၎င်းတို့၏ လက်နက်များကို အတင်းအဓမ္မ သိမ်းယူခဲ့ပြီး တပ်မှူးအများအပြားကိုလည်း ရွှေ့ပြောင်းပစ်ခဲ့သည်။ ဤကိစ္စနှင့် ပတ်သက်၍ နှစ်ဖက်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးနေစဉ် ရှမ်းပြည်လွတ်လပ်ရေး တပ်မတော် (SSIA) တပ်များက ၎င်းတို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

၁၉၆၇ ခုနှစ်၊ ဒီဇင်ဘာလတွင် ရှမ်းပြည်တပ်မတော် (SSA) သည် ပလောင်အမျိုးသားတပ်ဦး (PNF) ၏ တပ်ရင်း (၆) နယ်မြေဖြစ်သော နမ္မတူမြို့နယ် (ယခု မန်တုန်မြို့နယ်)၊ မန်ကောင်ကျေးရွာအုပ်စု၊ တွန်ဆောက်ကျေးရွာ၌ ဗိုလ်ကြီးဆိုင်လောဝ် ဦးဆောင်သော တပ်ရင်း (၆)၊ တပ်ခွဲ (၂) ကို အလစ်ဝင်ရောက် ဖမ်းဆီးပြီး လူနှင့် လက်နက်များကို သိမ်းဆည်းခဲ့သည်။

တပ်ရင်း (၆) ထိန်းချုပ်နယ်မြေဒေသအတွင်း SSA ၏ ထိုးစစ်ဆင်လာခြင်း၊ တပ်ရင်း (၅) ကို ထောက်ပံ့ကူညီသော ကူမင်တန် (တရုတ်ဖြူ) တပ်များ ဝင်ရောက်နှောင့်ယှက်နေခြင်း၊ ဗမာစစ်အစိုးရ၏ ဗမာပြည်ကွန်မြူနစ်ပါတီအပေါ် ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းနှင့် ဗမာပြည်ကွန်မြူနစ်ပါတီ၏ တန်ပြန်စစ်ဆင်ရေး ထိုးဖောက်ဝင်ရောက်လာခြင်း၊ နယ်မြေအတွင်း အခြေခံခြေကုပ်စခန်း တည်ဆောက်လာခြင်းတို့ကြောင့် ပလောင်တပ်ဖွဲ့များသည် အကျပ်အတည်းကြီးစွာ ရင်ဆိုင်လာခဲ့ရသည်။ အမြော်အမြင်ကြီးမားသော ခေါင်းဆောင်ကြီး စဝ်ခွန်သောင်း သည် လက်ရှိရင်ဆိုင်နေရသော အကျပ်အတည်းတို့မှ လွတ်မြောက်ရေးနှင့် တအာင်းအမျိုးသားထု၏ မှန်ကန်သော ရပ်တည်ချက်ရရှိရေးကို အစွမ်းကုန် ကြိုးပမ်းခဲ့သည်။

ဤအကြောင်းအရာများကြောင့် ၁၉၆၈ ခုနှစ်တွင် တပ်ရင်း (၅) တပ်ရင်းမှူး ဗိုလ်မှူးကြီးခွန်အေး နှင့် ၎င်း၏တပ်သည် တရုတ်ဖြူတပ်ထံသို့ ကူးပြောင်းသွားခဲ့သည်။ ကျန်ရှိသော တပ်ရင်း (၆) လည်း SSIA ထံမှ ထွက်ခွာပြီး ပလောင်တပ်မတော်ကို ထူထောင်ကာ KIO တို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ ဗကပများ ရှမ်းပြည်မြောက်ပိုင်းသို့ ရောက်ရှိလာကြသောအခါ ပလောင်စစ်တပ်က ၎င်းတို့ကို အကူအညီပေးခဲ့ကြသည်။ သို့ရာတွင် ဗကပတို့၏ လုပ်ရပ်အချို့သည် အခြေအနေနှင့် ကိုက်ညီမှုမရှိသဖြင့် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်လာခဲ့ရသည်။

ဤနေရာတွင် တအာင်း-ကချင် ထာဝရမဟာမိတ် ဖွဲ့သည့်အကြောင်းကိုလည်း ပြောရန်လိုသည်။

၁၉၆၂ ခုနှစ်၊ အတွင်း ဒူဝါဘန်မာဇော်ဖန် တပ်ဖွဲ့များက ရွှေလီမြစ် အနောက်ဘက်ခြမ်း နမ့်ခမ်းမြို့နယ်ရှိ မကောက်၊ တာလီ၊ အောကား၊ ဆောရမ်၊ နောပူး (ဖာမုန်)၊ မန်တက်၊ မန်ကောင်း (အထက်ဂျုံးဂေါင်း)၊ စယ်လုံ (အောက်ဂျုံးပေါင်း)၊ အထက်နှင့် အောက် မန်လွယ် စသော ကျေးရွာများမှ ပြည်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ လူနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ ဖြစ်ခဲ့သည်ဟု ဆိုသည်။

ဤဖြစ်ရပ်များကြောင့် ပလောင်ပြည်နယ် လွတ်မြောက်ရေးအဖွဲ့ (PSLO)/ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်မတော် (PSLA) ဥက္ကဋ္ဌ တားခွန်သောင်း နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)/ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ဥက္ကဋ္ဌ လထော်ဇော်ဆိုင်း တို့ နှစ်ဦး ၁၉၆၃ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် တွေ့ဆုံပြီး သွေးသစ္စာပြုကာ ထာဝရမဟာမိတ်စာချုပ်ကို ထပ်မံချုပ်ဆိုရန် စီစဉ်ခဲ့ကြသည်။

၁၉၇၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် PNF ကို ပလောင်ပြည်နယ် လွတ်မြောက်ရေးအဖွဲ့ (Palaung State Liberation Organization-PSLO) ဟု ပြောင်းလဲဖွဲ့စည်းခဲ့ပြီး တပ်ကို ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်မတော် (Palaung State Liberation Army-PSLA) ဟု ခေါ်ဆိုခဲ့သည်။ PSLO ၏ ဥက္ကဋ္ဌအဖြစ် တားခွန်သောင်း က ဆက်လက်တာဝန်ယူခဲ့သည်။

ထာဝရမဟာမိတ်စာချုပ် ချုပ်ဆိုသည့် အစည်းအဝေးကို KIO ဗဟိုဌာနချုပ်၊ ပါကျူ (ပါဂျောင်) ၌ ၁၉၇၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကျင်းပခဲ့သည်။ KIO တပ်ဖွဲ့မှ ဥက္ကဋ္ဌ မရန်ဘရန်ဆိုင်း၊ ဗဟိုကော်မတီဝင် လမုန်တူးကျိုင်၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်မလိဇွပ်ဇော်မိုင်၊ အထွေထွေအတွင်းရေးမှူး လညော် ဇောင်းခရား၊ ဗဟိုကော်မတီဝင် လမာလရိန်း၊ PSLO တပ်ဖွဲ့မှ ဥက္ကဋ္ဌ တားခွန်သောင်း နှင့် အထွေထွေအတွင်းရေးမှူး တားအုန်းခိုင် တို့ ပါဝင်တက်ရောက်ခဲ့ကြသည်။ ဤအစည်းအဝေးတွင် နိုင်ငံရေး၊ စစ်ရေးမဟာမိတ်နှင့် တပ်ပေါင်းစုရေးရာ ကိစ္စများအပါအဝင် အဓိကဖြစ်သည့် ထာဝရမဟာမိတ်စာချုပ် ချုပ်ဆိုနိုင်ရေးကိစ္စကို ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး အစည်းအဝေး နောက်ဆုံးရက်ဖြစ်သည့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ကချင်လူမျိုးနှင့် တအာင်းလူမျိုး (ပလောင်) တို့အတွက် ကမ္ဘာတည်သရွေ့ တည်တံ့ခိုင်မြဲသော ဤသမိုင်းဝင် ထာဝရမဟာမိတ်စာချုပ်ကို နှစ်ဦးနှစ်ဖက်သော ခေါင်းဆောင်ကြီးတို့သည် ဖြူစင်သန့်ရှင်းသောစိတ်ဓာတ်နှင့် သဘောထားကြီးမားသော စိတ်ဓာတ်တို့ကို ရှေ့ထားကာ သဘောတူလက်မှတ် ရေးထိုးနိုင်ခဲ့ကြသည်။

PSLO/PSLA တည်ထောင်ခြင်းသည် စစ်ရေးရပ်တည်မှုဖြင့် လက်နက်ကိုင် တော်လှန်ရေးကို ဆင်နွှဲပြီး နိုင်ငံရေးဦးဆောင်မှုဖြင့် တော်လှန်ရေးကို အောင်မြင်ရန် ဆောင်ရွက်ခြင်း ဖြစ်သည်။ ထို့ကြောင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးအဖွဲ့သည် ပလောင်အမျိုးသားတပ်ဦး ကျင့်သုံးခဲ့သည့် အမျိုးသားရေး အခြေခံလမ်းစဉ်နှင့် လုပ်ငန်းစဉ် များကို ဆက်လက်ဆက်ခံကျင့်သုံးကာ ပြောင်းလဲလာသော ကမ္ဘာ့အင်အားစုအခြေအနေ၊ မြန်မာ့နိုင်ငံရေးအခြေအနေနှင့် တိုးတက်လာသော မြန်မာ့တော်လှန်ရေး အင်အားစုများ၏ ပေါင်းစည်းညီညွတ်မှု အနေအထားတို့နှင့်အညီ နိုင်ငံရေးလမ်းစဉ် ချမှတ်၍ နိုင်ငံရေး တိုက်ပွဲများ ဆက်လက်ဆင်နွှဲခဲ့သည်။ ၁၉၈၉ တွင် ဗကပပြိုကွဲပြီးနောက် အဖွဲ့အသီးသီးမှ စစ်အစိုးရနှင့် ညှိနှိုင်းစေ့စပ်ကြရာ PSLA လည်း တဖွဲ့ဖြစ်ခဲ့သည်။ အကျိုးဆက်အဖြစ် ၂၀၀၅ တွင် လုံးဝ လက်နက်အပ်ခဲ့ရသည်။

၁၉၉၁ စေ့စပ်မှုများ ပြုစဉ်ကပင် လက်ခံနိုင်ခြင်းမရှိသူ လူငယ်ရဲဘော်များမှ အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု၏ အကူအညီဖြင့် Palaung State Liberation Front (PSLF) ကို ၁၉၉၂ ဇန်နဝါရီတွင် ဖွဲ့စည်းခဲ့သည်။ ထိုင်းနယ်စပ်ရှိ ကျန်ရှိခဲ့သည့် ရဲဘော်များမှာ စစ်ဦးစီးချုပ်ဟောင်း တာညီလုံးတို့၏ ကြိုးစားမှုဖြင့် ပြန်လည်စုစည်းမိပြီး Ta-ang National Liberation Army (TNLA) ကို ဖွဲ့စည်းခဲ့သည်။ စစ်ပညာ သင်ယူရန်နှင့် လက်နက်ကို KIA မှ အကူအညီရယူနိုင်ခဲ့ပြီး ၂၀၁၁ ဒီဇင်ဘာတွင် ရွှေလီချိုင့်ဝှမ်းခွင်တွင် လှုပ်ရှားလာခဲ့သည်။ KIA နှင့် မဟာမိတ်ဖြစ်သည့်အပြင် MNDAA မိုင်းလားအဖွဲ့ နှင့် AA ရခိုင့်တပ်တော် တို့နှင့်ပါ ညီနောင်သုံးဖွဲ့ဟု ထင်ရှားပြီး သုံးဖွဲ့လုံးမှာ စစ်တပ်၏ ငြင်းဆန်မှုကြောင့် ယခုထိ NCA လက်မှတ်ထိုးနိုင်ခြင်း မရှိပေ။ SSPP နှင့်လည်း ၂၀၁၃ တွင် သီးခြား မဟာမိတ်စာချုပ်တရပ် ချုပ်ဆိုခဲ့သည်။ UWSA ဝတပ်ဖွဲ့နှင့်လည်း ဆက်ဆံရေး ကောင်းမွန်အောင် တည်ဆောက်ထားခြင်းရှိသည်ဟု သုံးသပ်နိုင်သည်။ RCSS နှင့် ရံဖန်ရံခါ တိုက်ပွဲများ ဖြစ်လေ့ ရှိသည်။

တအာင်းအမျိုးသားပါတီ - TNP ကိုမူ ၂၀၁၀ ခုနှစ် မေလ ၂၄ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။ TNP ကို တည်ထောင်သူများနှင့် ပါဝင်ကြသူများသည် ပလောင်ပြည်နယ်လွတ်မြောက်ရေးအဖွဲ့ - PSLO/PSLA ထဲမှ ခေါင်းဆောင် အများစု ဖြစ်ကြသည်။ TNP ပါတီ၏ ပထမအကြိမ် ညီလာခံအား ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီလက တအာင်းဒေသ မန်တုံမြို့တွင် ကျင်းပခဲ့ပြီး၊ ဒုတိယအကြိမ် ပါတီညီလာခံအား ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလ၌ နမ့်ဆန်မြို့တွင် ကျင်းပခဲ့သည်။ TNP ပါတီသည် ၂ဝ၁ဝ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် ခဲ့ပြီး (၆) နေရာ အနိုင်ရရှိခဲ့သည်။ အနိုင်ရရှိခဲ့သည့် မြို့နယ်များမှာ မန်တုံမြို့နယ် နှင့် နမ့်ဆန်မြို့နယ်တို့ ဖြစ်ကြပြီး ပြည်နယ်လွှတ်တော် ၄ ဦး၊ ပြည်သူ့လွှတ်တော် ၁ ဦးနှင့် အမျိုးသားလွှတ်တော် ၁ ဦး ရရှိခဲ့ကြသည်။

TNP ပါတီသည် ရှမ်းပြည်မြောက်ပိုင်း နမ္မတူ၊ ကျောက်မဲ၊ လားရှိုးမြို့နယ် နှင့် မန္တလေးတိုင်း မိုးကုတ်မြို့နယ်တို့တွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင် မရခဲ့ပေ။ TNP ထဲတွင် အမျိုးသမီးနှင့် လူငယ်ပါဝင်မှု နည်းနေဆဲဖြစ်သည်။ ပလောင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၉၀ ပြည့် ရွေးကောက်ပွဲတွင် နမ့်ဆန် နှင့် ကွတ်ခိုင် နယ်တွင် မဲအနိုင်ရရှိခဲ့ပြီး နောက်ပိုင်းတွင် စစ်အုပ်စုတို့က ထိုနိုင်ငံရေးပါတီကို ဖျက်သိမ်းလိုက်သည်။ ၂၀၁၀   ရွေးကောက်ပွဲ တွင် လည်း ယခင် PSLA ခေါင်းဆောင်ဟောင်းများ ဖွဲ့စည်းထားသည့် တအန်း (ပလောင်) အမျိုးသားပါတီ TNP က လွှတ်တော်ကိုယ်စား လှယ် စုစုပေါင်း ၆ ဦး အသီးသီး အနိုင်ရရှိခဲ့သည်။

NLD အစိုးရ တက်ခဲ့ပြီးနောက် ၂၁ ရာစုပင်လုံညီလာခံ ပထမအကြိမ်တွင် ညီနောင်မဟာမိတ် အဖွဲ့ ၃ ဖွဲ့ တက်နိုင်ရေးအတွက် NLD အစိုးရမှ ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေး ကော်မရှင်နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ ခေါင်းဆောင်များ ၂ဝ၁၆ ခုနှစ် ဩဂုတ် ၉ ရက်တွင် မိုင်းလားတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ TNLA မှ ဥက္ကဌ တားအိုက်ဘုန်းနှင့် ဒုဥက္ကဌ တားခူးလာန်းတို့ တက်ရောက်ခဲ့သည်။ ထိုဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးကော်မရှင်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ပါဝင်လိုပါက လက်နက်ကိုင် လမ်းစဉ်ကို အပြီးတိုင် စွန့်လွှတ်ရမည်အဓိပ္ပာယ်ပါသည့် ကြေညာချက် ထုတ်ပြန်ရမည် ဆိုသည့်အချက်နှင့် ပတ်သက်ပြီး မည်သည့်သဘောတူညီချက်မှ မရရှိခဲ့ပေ။ TNLA အပါ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့လည်း ပထမအကြိမ် ၂၁ ရာစု ပင်လုံညီလာခံသို့ တက်ရောက်ခြင်း မရှိခဲ့ပေ။ ထို ၂၁  ပင်လုံညီလာခံသို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/ TNLA ၏ နိုင်ငံရေးဆိုင်ရာ အိတ်ဖွင့်ပေးစာ ကိုသာ ၂၀၁၆ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့ဖြင့် ပေးပို့ခဲ့ပါသည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအပြီးတွင် TNLA သည် စစ်ကောင်စီတပ်များနှင့် ပဋိပက္ခကို ရှောင်ရှားခဲ့ပြီး အစောပိုင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၌ တိုက်ပွဲများ လျော့နည်းသွားသည်ကို အခွင့်ကောင်းယူကာ ၎င်း၏ အုပ်ချုပ်ရေးစွမ်းရည်ကို မြှင့်တင်ခဲ့သည်။ နွေဦးတော်လှန်ရေးတွင်မူ TNLA အနေဖြင့် တိုက်ရိုက်ချိတ်ဆက် ပါဝင်သည့်ဟန် ပြသခြင်း မရှိသော်လည်း PDF များအား စစ်သင်တန်းပေးခဲ့သည်။ အများအားဖြင့် လျှို့ဝှက်စွာပင် NUG နှင့် သွယ်ဝိုက်သောအားဖြင့် ဆက်သွယ်ခဲ့ပြီး စစ်တပ်ဆန့်ကျင်ရေးတပ်ဖွဲ့များကို ထောက်ပံ့ခဲ့သည်။  သိရသည်။

 ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် TNLA သည် လက်ရှိ မြန်မာနိုင်ငံပြည်တွင်းစစ်အတွင်း ဖြစ်ပွားခဲ့သော ၁၀၂၇ စစ်ဆင်ရေး၏ အစိတ်အပိုင်းအဖြစ် နမ့်ဆန်နှင့် မန်တုံမြို့များကို သိမ်းပိုက်ပြီးနောက်  ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသကို ထိန်းချုပ်ခဲ့သည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်အဖွဲ့တို့သည် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းအတွက် အပစ်အခတ်ရပ်စဲရေးကို သဘောတူခဲ့သော်လည်း အဆိုပါ အပစ်အခတ်ရပ်စဲရေးသည် မခိုင်မာသေးဘဲ တော်လှန်ရေးတပ်ဖွဲ့များက စစ်ကောင်စီတပ်များသည် ထိုဒေသတွင် လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးဖြင့် ပုံမှန်ပစ်ခတ်မှုများ ပြုလုပ်နေသည်ဟု ဆိုသည်။ ဇွန်လ ၂၅ ရက်နေ့တွင် စစ်ကောင်စီ၏ အပစ်အခတ်ရပ်စဲရေးကို ထပ်ခါတလဲလဲ ချိုးဖောက်မှုများကို တုံ့ပြန်သည့်အနေဖြင့် ၁၀၂၇ စစ်ဆင်ရေးကို ပြန်လည်စတင်ကြောင်း ကြေညာခဲ့ပြီး ဒေသခံ PDF တပ်ဖွဲ့များနှင့် ပူးပေါင်း၍ နောင်ချိုနှင့် ကျောက်မဲမြို့နယ်တို့တွင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ နောက်တစ်နေ့တွင် နောင်ချိုမြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီး ကျောက်မဲအနီးရှိ နေရာအများအပြားကို သိမ်းပိုက်ခဲ့သည်။ ဇွန်လ ၂၈ ရက်နေ့တွင် ကျောက်မဲမြို့ကို သိမ်းပိုက်ခဲ့ပြီး မိုးကုတ်ကို ဝိုင်းရံရန် မြို့အနီးရှိ စစ်စခန်းအများအပြားကို သိမ်းယူခဲ့သည်။

၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့တွင် စစ်ကောင်စီသည် TNLA အား အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခဲ့ပြန််သည်။
]]>
<![CDATA[ဝပြည်]]>Wed, 18 Jun 2025 10:40:32 GMThttp://www.thecallingdigest.org/41264121414141434100415441524121415841124154411241214154415241164158410041514154-4101414041234157409641544101414041124121415441524121415541404152/wa_states_political_history_mm(ယခုစာမှာ Draft မူကြမ်းဖြစ်၍ အချက်အလက်ကို နောက်ဆုံးအကြိမ် ပြန်လည်မစစ်ဆေးရသေးပါ။)

မြန်မာ-တရုတ်နယ်စပ်ဒေသ တဝိုက်ရှိ တောင်ကုန်းများတွင် နေထိုင်ကြသော ဝလူမျိုးများသည် ၎င်းတို့၏ သီးခြားရပ်တည်မှုနှင့် လွတ်လပ်သောဘဝပုံစံကြောင့် ရာစုနှစ်ပေါင်းများစွာကတည်းက "တောင်ပေါ်မှ တောရိုင်းလူများ" အဖြစ် လူသိများခဲ့သည်။ ဒဏ္ဍာရီဆန်သော သမိုင်းကြောင်းနှင့် ပြင်းထန်သော လွတ်လပ်သည့် စိတ်ဓာတ်တို့ဖြင့် ထူးခြားသည့် ဝလူမျိုးတို့သည် ကိုလိုနီခေတ်နှင့် ကိုလိုနီခေတ်လွန်ကာလများကြား ရှုပ်ထွေးသော သမိုင်းတခုကို ဖြတ်သန်းခဲ့ရသည်။ ဝလူမျိုးတို့၏ သမိုင်းကြောင်းသည် တိကျသော မှတ်တမ်းများရရှိရန် ခက်ခဲပြီး ဒဏ္ဍာရီများနှင့် မှန်းဆမှုများဖြင့် ပြည့်နှက်နေသည်။ ဝလူမျိုးများအကြောင်းကို ဗမာစာထက် တရုတ်စာဖြင့်သာ ပိုမိုလေ့လာနိုင်ပြီး ပုဂံကျောက်စာများတွင် ဝရွာများရှိခဲ့ကြောင်း တွေ့ရှိရသည်။

ဝလူမျိုးများသည် ဩစထရို-အေးရှန်း ဘာသာစကားအုပ်စုဝင် မွန်-ခမာ ဆက်စပ်စကားများ ပြောကြသည်။ ၎င်းတို့သည် မြန်မာနိုင်ငံမြောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ် အရှေ့ဘက်ပိုင်းနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ ကြမ်းတမ်းသော တောင်တန်းဒေသများတွင် နေထိုင်ကြသည်။ မာတင်စမစ်က ဝလူမျိုးများသည် လူဦးရေနည်းပါးပြီး ကမ္ဘာ့နိုင်ငံတိုင်းတွင် ဝိုင်းပယ်ခံရဆုံး လူနည်းစုတခုဖြစ်ကြောင်း မှတ်တမ်းတင်ထားသည်။

ဗြိတိသျှတို့ အုပ်ချုပ်စဉ်က ဝတို့၏ အချက်အချာဒေသများသို့ ပေါက်ရောက်မှု မရှိသလောက်ဖြစ်ပြီး ဝလူမျိုးစုကို "အရိုင်း" နှင့် "အယဉ်" ဟူ၍သာ နှိမ့်ချဖော်ပြတတ်ခဲ့ကြသည်။ မှတ်တမ်းတင်မှုများတွင်လည်း ခေါင်းဖြတ်ဓလေ့တခုတည်းကိုသာ ဖော်ပြခဲ့ကြသည်။ ဗြိတိသျှလက်ထက်တွင်လည်း သန်းခေါင်စာရင်း အတိအကျ ကောက်ယူနိုင်ခြင်းမရှိဘဲ လူဦးရေ ခန့်မှန်းတွက်ချက်မှုသာ ရှိခဲ့သည်။ ဗြိတိသျှတို့သည် ဝဒေသကို ဝေးလံပြီး ငှက်ဖျားရောဂါများ ပေါများသည့်ဒေသအဖြစ် သတ်မှတ်ကာ (ဝစော်ဘွား၏ မိုင်းလွန်းနယ်မှလွဲ၍) အုပ်ချုပ်မှု မရှိခဲ့ပေ။ ဝဒေသတွင်လည်း ထောင်ချောက်များ ရှိတတ်ပြီး မသင်္ကာသူများသည် ဝင်ရောက်ရန် ခက်ခဲသလို ဝင်ပြီးပါကလည်း ထွက်ခွာရန် ခက်ခဲတတ်သည်။

၁၉ ရာစုနှောင်းပိုင်းတွင် ဗြိတိသျှအရာရှိ ဂျိမ်းစ်ဂျော့ခ်ျစကော့နှင့် ၁၉၃၇ ခုနှစ်တွင် ဗီစီပစ်ချ်ဖို့ဒ်တို့သည် ဝဒေသသို့ ရောက်ရှိကာ မှတ်တမ်းများ တင်နိုင်ခဲ့ကြသည်။ ဗြိတိသျှအုပ်ချုပ်မှုအောက် (၁၈၈၅-၁၉၄၈) တွင် မြန်မာပြည်သည် ကိုလိုနီဖြစ်ခဲ့သော်လည်း ရှမ်းပြည်နယ်များသည် ဗြိတိသျှသရဖူလက်အောက်ခံနယ်များအဖြစ် တည်ရှိခဲ့ပြီး ဝတောင်တန်းဒေသများမှာ "အစိုးရအုပ်ချုပ်မှုမရှိသော" ဒေသများအဖြစ် ဆက်လက်တည်ရှိခဲ့သည်။ ဗြိတိသျှတို့သည် တရုတ်နယ်စပ်လုံခြုံရေးအတွက် ရှမ်းပြည်နယ်များကို သိမ်းပိုက်ခဲ့သော်လည်း ဝတောင်တန်း ဒေသများကို အုပ်ချုပ်ရန် လက်တွေ့စိန်ခေါ်မှုများစွာ ကြုံတွေ့ခဲ့ရသည်။ တရုတ်အုပ်ချုပ်ရေးမှူးများသည်လည်း ဝတောင်တန်းဒေသများကို ရှောင်ရှားခဲ့ကြသည်။ ဗိန်းငင်းနယ် နောက်ဆုံးစော်ဘွား၏သား မဟာစန်းက "ကျွန်ုပ်တို့ စည်းလုံးနေတဲ့အခါ၊ ဗြိတိသျှတွေတောင် ကျွန်ုပ်တို့ရဲ့ နယ်မြေကို ထိန်းချုပ်မရဘူး" ဟု ပြောခဲ့သည်ဟု ဆိုသည်။
  
သမိုင်းကြောင်းအရ ဝလူမျိုးများသည် မိရိုးဖလာအလုပ် လယ်ယာစိုက်ပျိုးခြင်းကိုသာ လုပ်ကိုင်ခဲ့ကြပြီး စိုက်ပျိုးရေးနှင့် သက်ဆိုင်သော ပွဲတော်များကို ယနေ့တိုင် ကျင်းပဆဲဖြစ်သည်။ ၎င်းတို့သည် သစ်သားဗုံများ တီးခတ်ကာ ကခုန်လေ့ရှိပြီး တရုတ်ပြည်တွင် ဝရိုးရာဆံပင်လွှဲအကသည် ခရီးသွားများကို ဆွဲဆောင်လျက်ရှိသည်။
 
ဝလူမျိုးအများစုသည် နတ်ကိုးကွယ်မှုကို အဓိကထား ယုံကြည်ကြပြီး နာဂလူမျိုးတို့၏ ဓလေ့များနှင့် အလွန်ဆင်တူသည်။ ကျွဲမွေးမြူ၍ ယစ်ပူဇော်သော ဓလေ့များလည်းရှိသည်။ ရှေးယခင်က အမျိုးသားတိုင်း လူခေါင်းသုံးကြိမ်ဖြတ်ဖူးရမည်ဟူသော ဓလေ့ထုံးတမ်းရှိခဲ့သည့် ဒေသများလည်း ရှိခဲ့သည်။ ခေါင်းများကို ချိတ်ထားပါက မကောင်းဆိုးဝါးများ မလာနိုင်ဟု ယုံကြည်သည်ဟုဆို၏။ လူခေါင်းများ မဖြတ်လိုသူများအတွက် အသင့်ဝယ်ယူနိုင်သော ခေါင်းများလည်း ရှိခဲ့ပြီး လူသေအလောင်းမှ ခေါင်းဖြတ်ယူခြင်း သို့မဟုတ် အိမ်အောက်တွင် အလောင်းများမြှုပ်နှံထားခြင်းများလည်း ရှိခဲ့သည်။ နယ်မြေပြင်ပတွင်လည်း လူခေါင်းဖြတ်ခြင်းကို မပြုလုပ်ပေ။ နောင်အခါတွင်မူ ကျွဲခေါင်းနှင့် ခွေးခေါင်းများဖြင့် အစားထိုးချိတ်ကြသည်ကို တွေ့ရသည်။ ခရစ်ယာန်ဘာသာနှင့် ဗုဒ္ဓဘာသာသို့ ကူးပြောင်းပြီးသော ဝလူမျိုးများတွင်မူ မူလဓလေ့များနှင့် ကွဲပြားမှုများ ရှိသည်။

၁၆၅၀-၁၈၀၀ ကြား မှတ်တမ်းများတွင် ဝလူမျိုးတို့၏ စီးပွားရေးသည် ဘိန်းနှင့် ငွေတူးဖော်ရေးပေါ်တွင် အခြေခံပြီး တရုတ်ကုန်သည်များနှင့် (အထူးသဖြင့် ယူနန်ပြည်နယ်တွင် ၁၈၅၅-၁၈၇၃ ခုနှစ် ပုန်ကန်မှုအပြီး ကုန်သွယ်ရေးလမ်းကြောင်းများကို ထိန်းချုပ်ခဲ့သော ပန်သေးလူမျိုးများနှင့်) ကုန်သွယ်ခဲ့ကြ၏။ ဝလူမျိုးများသည် ရှမ်းစော်ဘွားများနှင့် လန်နဘုရင်များထံ အခွန်အတုပ်များ ပေးဆောင်ခဲ့ပြီး ထိုဘုရင်များသည်လည်း ၎င်းတို့အား မူရင်းဌာနေလူမျိုးများအဖြစ် အသိအမှတ်ပြုခဲ့ကြသည်။

ဒုတိယကမ္ဘာစစ် (၁၉၄၂-၁၉၄၅) အတွင်း ဝတောင်တန်းဒေသများသည် တိုက်ပွဲအနည်းငယ်သာ ကြုံတွေ့ခဲ့ရသည်။ ဂျပန်တို့သည် ၁၉၄၂ ခုနှစ်တွင် မြန်မာနိုင်ငံကို သိမ်းပိုက်ခဲ့ပြီးနောက် ကျိုင်းတုံနှင့် မိုင်းပန်တို့ကို ဂျပန်မဟာမိတ်ဖြစ်သော ထိုင်းနိုင်ငံသို့ ၁၉၄၅ ခုနှစ်အထိ ပေးအပ်ခဲ့သည်။ လားရှိုးမှ ကူမင်းသို့ ဆက်သွယ်ထားပြီး တရုတ်တပ်ဖွဲ့များကို ထောက်ပံ့ခဲ့သည့် နာမည်ကျော် ဘားမားလမ်းနှင့် စတီးဝဲလ် (လီဒို) လမ်းမကြီးတို့သည်လည်း ဝတောင်တန်းဒေသများကို ရှောင်ကွင်းခဲ့သည်။

၁၉၃၀ ပြည့်လွန်နှစ်များတွင် အမေရိကန်နှစ်ခြင်းခရစ်ယာန်သာသနာပြု မာကပ်စ်ဗင်းဆင့်ယန်း ရောက်ရှိလာခြင်းနှင့်အတူ ဝလူမျိုးတို့၏ သီးခြားနေထိုင်သည့် လူနေမှုတံတိုင်းကြီးမှာ စ၍ပြိုလာခဲ့သည်။ သူ၏ဖခင် ဝီလျံယန်းသည် ၁၉၀၁ ခုနှစ်ကတည်းက လားဟူလူမျိုးများအကြားတွင် သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ ဗင်းဆင့်ယန်းသည် လားဟူနှင့် ကရင်တို့၏ ကယ်တင်ရှင်လူဖြူတဦးအကြောင်း ဒဏ္ဍာရီများကို အခြေခံယူ၍ ၁၉၃၃ ခုနှစ်တွင် ဝဘာသာစကားကို ရိုမန်နိုက်စ်ဘာသာအဖြစ် ပြောင်းလဲခဲ့ပြီး ၁၉၃၉ ခုနှစ်တွင် ဓမ္မသီချင်းများနှင့် သမ္မာကျမ်းစာအပြည့်အစုံကို ထုတ်ဝေခဲ့သည်။ သူသည် Menglian တွင် ဘုရားရှိခိုးကျောင်းနှင့် ကျောင်းတကျောင်းကို တည်ထောင်ကာ ဝနှင့် လားဟူလူမျိုးများကို ပညာသင်ကြားပေးခဲ့ရာ အများအပြားသည် သင်းအုပ်ဆရာများ ဖြစ်လာခဲ့သည်။ ဤကြိုးပမ်းမှုများသည် စာတတ်မြောက်မှုတိုးစေ၍ ခရစ်ယာန်ဘာသာကို မိတ်ဆက်ပေးခဲ့သော်လည်း ဝလူမျိုးအများစုတွင် နတ်ကိုးကွယ်မှုများ ဆက်လက်ရှိနေခဲ့ကြသည်။ ၁၉၅၇ ခုနှစ်တွင် ဝစာပေကို လက်ရေးဖြင့် စတင်သုံးစွဲခဲ့သည်။
 
မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှုနှင့် ဝလူမျိုးတို့၏ အခန်းကဏ္ဍသည် ရှုပ်ထွေးပြီး သိမ်မွေ့သော သမိုင်းကြောင်းတခုဖြစ်သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးနီးကပ်လာသောအခါ ဦးနု ဦးဆောင်သော ၁၉၄၇ ခုနှစ် နယ်စပ်ဒေသစုံစမ်းရေး ကော်မတီသည် မေမြို့၌ တိုင်းရင်းသားလူနည်းစုများ၏ အနာဂတ်ကို ဆွေးနွေးရန် စုဝေးခဲ့သည်။ ထိုစဉ်က ရှမ်း၊ ကချင်၊ ချင်းနှင့် ကရင်နီတို့သည် ဖက်ဒရယ်ဖွဲ့စည်းပုံအတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ရရှိရန် မျှော်လင့်ခဲ့ကြသော်လည်း ကရင်လူမျိုးများက ဗြိတိသျှ၏ အချုပ်အခြာအာဏာပိုင် အခြေအနေကို တောင်းဆိုခဲ့သည်။ ဝကိုယ်စားလှယ်များ (မိုင်းလွန်၊ ဆွန်းလုံ၊ မိုင်းကုန်းနှင့် မိုင်းမွန်) သည် ရှင်းလင်းသော နိုင်ငံရေးအမြင်ကို ထုတ်ဖော်ခဲ့ခြင်းမရှိပေ။
 
ပင်လုံစာချုပ် (၁၉၄၇) သည် ရှမ်း၊ ကချင်နှင့် ချင်းတို့အား ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ခွဲထွက်ခွင့် (၁၉၅၈ ခုနှစ်နောက်ပိုင်း) ကို ပေးအပ်ခဲ့သော်လည်း ဝလူမျိုးများသည် ဤအစီအစဉ်များ၏ အပြင်ဘက်တွင် ရှိနေခဲ့ပြီး ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ဝတောင်တန်းဒေသများအပေါ် မြန်မာနိုင်ငံ၏ တကယ့်တရားစီရင်ပိုင်ခွင့် မရှိခဲ့ပေ။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း နိုင်ငံရေးပြောင်းလဲမှုများသည် ဝဒေသအပေါ် များစွာ သက်ရောက်ခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ချုပ် (ဖဆပလ) မှ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ကို ထုတ်ပယ်လိုက်ခြင်းသည် ဗကပအား မြေအောက်သို့ ရောက်ရှိစေခဲ့ပြီး ၁၉၄၉ ခုနှစ်တွင် တနိုင်ငံလုံးမှ တစတစ ဝတောင်တန်းဒေသများအနီးသို့ ပျံ့နှံ့သွားခဲ့သော ပြည်တွင်းစစ်ကို ဖြစ်ပေါ်စေခဲ့ရာ လက်နက်ကိုင်ပြောက်ကျား ၁၅,၀၀၀ မျှ ပါဝင်ခဲ့သည်။ စစ်အေးခေတ်သည် ဝဒေသသို့ စိန်ခေါ်မှုအသစ်များ ယူဆောင်လာခဲ့သည်။ ၁၉၅၀ ပြည့်နှစ်များတွင် မိုင်းလွိုင်၊ နာဝီနှင့် ဗိန်းငင်းနယ်များနှင့် ယန်းစော်ဘွားမိသားစုတို့၏ ပဒေသရာဇ်နယ်များသည် ရိုးရာမြေရှင်ပဒေသရာဇ်စနစ်မျှ အခြေအနေများ ဖြစ်သည်ဟု ဆိုသည်။ ယင်းအခြေအနေများမှာ ရှမ်းတော်လှန်ရေး၊ ကူမင်တန်နှင့် စစ်အာဏာသိမ်းမှုများကြောင့် ပြောင်းလဲသွားခဲ့သည်။ ၁၉၆၀ ပြည့်နှစ်တွင် ရှမ်းပြည်နယ်လွတ်လပ်ရေးတပ်မတော်ကို ဖွဲ့စည်းခဲ့ပြီး ကချင်လွတ်မြောက်ရေး တပ်မတော်ကို ၁၉၆၁ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။ ဗိုလ်ချုပ်နေဝင်း၏ ၁၉၆၂ ခုနှစ် အာဏာသိမ်းမှုသည် တရုတ်-မြန်မာ ဆက်ဆံရေးကို ဆိုးရွားစေခဲ့ပြီးနောက် ဝတောင်တန်းဒေသများသည် ဗကပ၏ ဩဇာလွှမ်းမိုးမှုအောက်သို့ ရောက်ရှိလာခဲ့သည်။ စစ်အာဏာသိမ်းမှုသည် တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ထိခိုက်စေပြီး စစ်အုပ်ချုပ်ရေးကို ဖန်တီးခဲ့သည်။ ထိုအချိန်တွင် ရှမ်းတော်လှန်ရေးနှင့် ပူးပေါင်းသော ဝစော်ဘွားမျိုးဆက်များ ရှိသလို၊ ဗကပနှင့် ပေါင်းသူလည်းရှိ၊ စစ်တပ်နှင့် ပေါင်းသူလည်းရှိပြီး မိမိတို့ဒေသကို ခုခံလျက် စစ်တပ်ကို ပြန်တိုက်သူများလည်း ရှိခဲ့သည်။ တရုတ်နိုင်ငံသည် ဗကပကို ထောက်ခံလာခဲ့ပြီး ပြည်နှင်ဒဏ်ခံနေရသူများကို ၁၉၆၂ ခုနှစ်တွင် ဗိုလ်နေဝင်းဆန့်ကျင်ရေး ဝါဒဖြန့်မှုများ ထုတ်ပြန်ခွင့်ပြုခဲ့သည်။ ၎င်းသည် ဗကပကို ပိုမိုအသက်ဝင်စေခဲ့ပြီး ဒေသကို ပိုမိုမတည်ငြိမ်ဖြစ်စေခဲ့သည်။ နေဝင်း၏ ၁၉၆၃ ခုနှစ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသည် ဗကပခေါင်းဆောင်များအား ၎င်းတို့၏ ပဲခူးရိုးမတပ်ဖွဲ့များနှင့် ပြန်လည်ဆက်သွယ်ရန်နှင့် နယ်စပ်ကျူးကျော်မှုများကို စီစဉ်ရန် အမှတ်မထင် ခွင့်ပြုပေးခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် ဗကပကေဒါများသည် ယူနန်မှ ထိုးဖောက်ဝင်ရောက်မည့် လမ်းကြောင်းများကို စစ်ဆေးခဲ့ကြပြီး တရုတ်နိုင်ငံသည် လက်နက်ထောက်ပံ့ရန် အတွက် အဝေးပြေးလမ်းမကြီးများ တည်ဆောက်ခဲ့သည်။ ဝတောင်တန်း စစ်ဆင်ရေးအတွက် အခြေခံအုတ်မြစ်ကို ချပေးခဲ့သည်။

၁၉၅၀ ပြည့်နှစ်များတွင် ရှမ်းလူမျိုးများ၏ မကျေနပ်မှုသည် ကြီးထွားလာခဲ့ပြီး မြန်မာစစ်တပ်၏ ကူမင်တန် (KMT) ကို ဆန့်ကျင်သော စစ်ဆင်ရေးနှင့် ၁၉၅၈ ခုတွင် ခွဲထွက်ခွင့်ရရှိတော့မည်ဟူသော အခြေအနေများကြောင့် ဖြစ်သည်။ ၁၉၅၉ ခုနှစ်တွင် ဝအရာရှိ ဗိုလ်မောင်သည် ရှမ်းကျောင်းသားများနှင့်အတူ ပုန်ကန်ခဲ့ပြီး တန့်ယန်းကို ခဏတာ သိမ်းပိုက်ခဲ့သည်။ ဗိုလ်မောင်မှာ ပြည်ထောင်စုစစ်ရဲတပ်မှ ပုန်ကန်ထွက်ခွာခဲ့သူဖြစ်ပြီး ဝလူမျိုးများ လေးစားရသူ ဖြစ်သည်။ ၁၉၅၉ ခုနှစ်တွင် ရှမ်းစော်ဘွားများသည် အာဏာစွန့်ခဲ့ကြပြီး ရှမ်းပြည်နယ်ကို ပြန်ဖွဲ့စည်းခဲ့သော်လည်း မငြိမ်မသက်မှုများ ဆက်လက်တည်ရှိနေခဲ့သည်။

၁၉၄၉ ခုနှစ် တရုတ်ပြည်တွင်းစစ်တွင် ရှုံးနိမ့်ခဲ့သော ကူမင်တန် (KMT) တပ်ဖွဲ့များသည် ဝတောင်တန်းဒေသများသို့ ဝင်ရောက်လာခဲ့သည်။ အမေရိကန် CIA နှင့် ထိုင်ဝမ်အစိုးရတို့၏ ထောက်ပံ့မှုဖြင့် KMT တို့သည် မိုင်းဆတ်တွင် လေတပ်အခြေစိုက်စခန်းတခု တည်ထောင်ခဲ့ပြီး ယူနန်ပြည်နယ်ကို ကျူးကျော်ရန် ရည်ရွယ်ခဲ့သည်။ တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) သည် KMT ကို တန်ပြန်ရန် ၁၉၅၀ ပြည့်နှစ်တွင် ဝဒေသများသို့ ဝင်ရောက်ခဲ့မှုများရှိပြီး အစပိုင်းတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ကတိပြုခဲ့သော်လည်း နောက်ပိုင်းတွင် ပိုမိုတင်းကျပ်စွာ ထိန်းချုပ်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ်များတွင် ကူမင်တန်တို့က ထိုင်ဝမ်သို့ အယောင်ပြ ထွက်သွားသူများရှိသော်လည်း အချို့သော ကူမင်တန်တပ် (အထူးသဖြင့်) ထောက်လှမ်းရေး တပ်များမှာ ကြားဖြတ်အသံဖမ်းမှုများ ဆက်လက်လုပ်ဆောင်နေသည်များ ရှိသည်။ ရှမ်း၊ ဝ၊ လားဟူ တပ်သားများ စုဆောင်း၍ လှုပ်ရှားမှုများရှိနေသည်။ ထို့ကြောင့် တရုတ်နီတပ်များသည် ကွန်မြူနစ်ပါတီ ကေဒါများကို အသုံးပြုပြီး ဝတိုင်းရင်းသားရွာများတွင် စည်းရုံးရေးများပါ လုပ်ဆောင်ခဲ့ကြပြန်သည်။ Burma: Insurgency and Politics of Ethnicity စာအုပ်တွင် မဟာစန်း က ၁၉၆၅ ခုနှစ်အတွင်း ရံဖန်ရံခါ တရုတ်ကွန်မြူနစ်ပါတီ (CCP) ကေဒါများသည် CCP အမည်မသုံးဘဲ ဗကပ ဖြစ်သည်ဟု ပြောသည်များရှိသည်ဟု တွေ့ရသည်။

၁၉၅၀ ပြည့်လွန်နှစ်များ အစောပိုင်းတွင် ဗကပသည် အခက်အခဲများနှင့် ကြုံတွေ့ရသည်။ ရှမ်းပြည်နယ်ရှိ KMT တပ်ဖွဲ့များကို မြန်မာအစိုးရနှင့် ပူးပေါင်းရန် အဆိုပြုခဲ့သော ၁၉၅၁ ခုနှစ် "ငြိမ်းချမ်းရေးနှင့် ပူးပေါင်းအစိုးရ" မူဝါဒသည် မူဝါဒအသစ်နှင့်အညီ ဗကပသည် မြေများကို တောင်သူလယ်သမားများအား ပြန်လည်ပေးအပ်ခြင်းကို ရပ်ဆိုင်းခဲ့သည်။ အကျိုးဆက်မှာ တောင်သူလယ်သမား မိသားစုများဖြစ်ကြသော ဗကပ တိုက်ခိုက်ရေးသမား အများအပြားသည် စိတ်ပျက်ကာ မိမိတို့၏ ဇာတိရွာများသို့ ပြန်သွားကြခြင်း ဖြစ်သည်။ ဗကပ တပ်ဖွဲ့များကို ထက်ဝက်လျော့ကျစေခဲ့သည်။

၁၉၅၁ ခုနှစ်နှောင်းပိုင်းတွင် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ခေါင်းဆောင်ပိုင်း၏ မူဝါဒအသစ်ကို သဘောမတူသော အမာခံအုပ်စုများသည် လက်နက်ကိုင်တိုက်ပွဲ ဆက်လက်ဆင်နွှဲနိုင်ရန် အကူအညီရှာဖွေရန် တရုတ်နိုင်ငံသို့ လျှို့ဝှက်ထွက်ခွာခဲ့ကြသည်။ ပထမအသုတ်အဖြစ် ရဲဘော်အောင်ကြီး ဦးဆောင်သော ကွန်မြူနစ် ၃၀ ဦးသည် ယူနန်သို့ ရောက်ရှိခဲ့သည်။ နောက်တနှစ်အစောပိုင်းတွင် ပါတီဒုဥက္ကဋ္ဌ သခင်ဘသိန်းတင်သည် ဆင်နှင့်ခြေလျင်ဖြင့် တနှစ်ကြာ ခရီးနှင်ကာ ကချင်ပြည်နယ် လိုင်ဇာအနီးမှ တရုတ်နိုင်ငံသို့ ဝင်ရောက်ခဲ့သည်။ တရုတ်အစောင့်အရှောက်ဖြင့် ပေါက်ဆန်းမှတဆင့် ကူမင်း၊ ထို့နောက် ပေကျင်းသို့ ဆက်လက်ထွက်ခွာခဲ့သည်။ နောက်ထပ် ထပ်မံရောက်ရှိသူများနှင့် တရုတ်နိုင်ငံရောက် ဗကပ ကေဒါစုစုပေါင်း ၁၄၃ ဦး ရှိခဲ့သည်။ ဤအဖွဲ့တွင် ဗိုလ်ဇေယျ၊ သခင်သန်းမြိုင်နှင့် သခင်ဘော် စသည့် ထင်ရှားသော ခေါင်းဆောင်များလည်း ပါဝင်ခဲ့သည်။

ဗကပ၏ မော်ဝါဒ လက်နက်ကိုင်တော်လှန်ရေးတွင် ဝလူမျိုးများ၏ အခန်းကဏ္ဍကို လျှော့တွက်၍မရပေ။ ဖွဲ့စည်းစတွင် ဗမာပြည်နိုင်ငံရေးကို အာရုံစိုက်ခဲ့သော ဗကပသည် အရှေ့မြောက်ပိုင်း ဝတောင်တန်းဒေသများတွင် သီးခြားနေထိုင်သော ဝလူမျိုးများကဲ့သို့သော ဌာနေတိုင်းရင်းသားလူနည်းစုများကို လေးလေးနက်နက် မရှိခဲ့ပေ။ ဝလူမျိုးများသည် အစောပိုင်း နိုင်ငံရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများတွင် ဘေးရောက်နေဆဲဖြစ်သည်။ သို့သော် ပြည်တွင်းတင်းမာမှုများနှင့် စစ်ရေးအခြေအနေတို့ကြောင့် ဗကပနှင့် ကွန်မြူနစ်များသည် ဗမာတို့၏ အမာခံနယ်မြေများထက် ကျော်လွန်၍ ၎င်းတို့၏နယ်မြေဩဇာကို ချဲ့ထွင်ရန် ကြိုးပမ်းခဲ့ရာ ဝလူမျိုးများကဲ့သို့သော တိုင်းရင်းသားအုပ်စုများနှင့် နောက်ပိုင်းတွင် ပူးပေါင်းဆောင်ရွက်ရန် လမ်းခင်းပေးခဲ့သည်။

တရုတ်နီတို့ကလည်း မြန်မာနိုင်ငံအတွင်း KMT စခန်းများကို စေ့ငုကြည့်နေခဲ့သည်။ ၁၉၆၇ ခုနှစ်တွင် တပ်နီတော်ထောက်လှမ်းရေးက ဘိန်းသယ်ဆောင်သည့် လားတင်းကုပ်မှ လူငယ်တဦးကို ငှားရမ်း၍ မဟာခွန်ကို လုပ်ကြံသတ်ဖြတ်ခဲ့သည်။ လုပ်ကြံမှုအောင်မြင်ပြီး ထိုလူငယ်လည်း သေဒဏ်ပေးခံခဲ့ရသည်။ ထို့နောက်တွင် ဗင်နွန်းကွပ်ကဲမှုလည်း မဟာဆန်းအောက် ရောက်ရှိလာခဲ့သည်။ ဗကပ၏ ဝလူမျိုးများနှင့် တိုက်ရိုက်ထိတွေ့မှုသည် ၁၉၆၉ ခုနှစ် အောက်တိုဘာလတွင် စတင်ခဲ့သည်။ ဗြိတိသျှတို့ လက်ထွက် မြန်မာစစ်သား မြသားအောင်သည် ဝတောင်တန်းဒေသများသို့ စွန့်စားဝင်ရောက်ကာ တရုတ်ထောက်လှမ်းရေး၏ လမ်းညွှန်မှုဖြင့် မြသားအောင်သည် ထင်ရှားသော ဝစစ်ခေါင်းဆောင်နှစ်ဦးဖြစ်သည့် ကျောက်ညီလိုင် နှင့် ပေါက်ယိုချန်း တို့နှင့် ဆက်သွယ်ခဲ့သည်။ ၁၉၆၇ ခုနှစ်တွင် ဗကပသည် ဝတောင်တန်းဒေသအနီးရှိ ဒေသခံစစ်ခေါင်းဆောင်များနှင့် မဟာမိတ်ဖွဲ့ရန် စတင်ခဲ့သည်။ အင်အားသုံး တိုက်ခိုက်ရန် ဗျူဟာနှင့်အတူ လက်နက်များ ပေးအပ်ကူညီရန် ကတိများဖြင့် ကျောက်ညီလိုင်နှင့် ပေါက်ယိုချန်းတို့ကိုလည်းကောင်း၊ ကိုးကန့်ရှိ တရုတ်တိုင်းရင်းသား ဖုန်ကျားရှင် ကိုလည်းကောင်း ဗကပ ခေါင်းဆောင်မှုနှင့် တရုတ်လက်နက်များကို လက်ခံစေခဲ့သည်။ ၁၉၆၇ ခုနှစ်တွင် ကိုးကန့်ကို သိမ်းပိုက်ခဲ့သည်။ အလားတူပင် အာခါမျိုးနွယ်စုဝင် လာအိုအာဂျီဖျောင်း ဦးဆောင်သော တပ်ဖွဲ့သည် ၁၉၇၀ ပြည့်နှစ်တွင် ဗကပ၏ စတင်တည်ထောင်သည့် နေ့စွဲကို အစွဲပြု၍ စစ်ဇုန် ၈၁၅ ကို ဖွဲ့စည်းခဲ့သည်။ ဤမဟာမိတ်ဖွဲ့မှုများသည် ဗကပ၏ တိုင်းရင်းသားအုပ်စုများကို ခေတ်မီလက်နက်များဖြင့် အသုံးပြုကာ ဩဇာကို ချဲ့ထွင်သည့် ဗျူဟာပင်ဖြစ်သည်။

မဟာစန်း၏ ဝတပ်ဖွဲ့သည် ကြီးမားသော အဖွဲ့ဖြစ်သည်။ လက်နက်အားကောင်းသည်။ ၁၉၆၉ ခုနှစ် ဖေဖော်ဝါရီလတွင် ဝတပ်သား ၈၅၀ မျှ တန့်ယန်းသို့ ချီတက်ခဲ့သည်။ ထိုအချိန်သည် မဟာစန်း ဗဟိုစစ်တပ်ဘက်မှ ရပ်တည်ခဲ့ချိန်ဖြစ်သည်။ ဝတို့၏ နိုင်ငံရေးအတွင်း တရုတ်ဖြူ၊ ရှမ်း၊ တပ်မတော်၊ ဗကပ ဖိအားများတွင် တစစီ ကွဲပြားနေသည့်အချိန် ဖြစ်သည်။ ၁၉၆၉ ခုနှစ် ဒီဇင်ဘာလတွင် ကျောက်နှင့် ဗကပ ကော်မစ်ဆာ ကျော်ထင် တို့သည် စောဖှာကို သိမ်းပိုက်ခဲ့ပြီး သာသနာပြုပညာသင်ကြားထားသော ဝလူမျိုး ဆောလူး ဦးဆောင်သော အစိုးရစစ်တပ်ကို အနိုင်ယူခဲ့သည်။ ဝလူမျိုးများ၏ ကနဦးခုခံမှုသည် ပြင်ပလူများကို ဆန့်ကျင်သည့် သမိုင်းအတိုင်း ဖြစ်ပါသည်။ သို့သော် ခွင်မရွာတွင် ရွာလုံးကျွတ် ကျား၊ မ၊ ကလေး၊ လူကြီး အားလုံးသည် အိမ်ကြီးတလုံးထဲတွင် ခံတပ်ပြု ပိတ်ဆို့ထားခဲ့သော်လည်း ဗကပ၏ B-40 ဒုံးကျည်ဖြင့် အကုန်အစင် အမြစ်ဖြတ်ဖျက်ဆီးခံခဲ့ရသည်။ သို့သော် ၁၉၇၀ ပြည့်နှစ်တွင် ဝလူမျိုးများသည် အလွန်အမင်း ကွဲပြားနေခဲ့ပြီး ဗကပ၏ ပင်မစစ်ချီလမ်းကြောင်းဖြင့် ဝင်လာသည်။ ဗကပသည် သံလွင်မြစ်ရှေ့ကို များစွာအောင်မြင်ခဲ့ပြီး တရုတ်နီတို့၏ အားပေးမှုကိုလည်း ရရှိခဲ့သည်။ သာလွန်ကောင်းမွန်သော လက်နက်အင်အားကို လက်ခံခဲ့ကြပြီး ဝလူမျိုးအများအပြားသည် တပ်မတော်သို့ ပလောင်အနေဖြင့် ဝင်ရောက်ခဲ့ကြပြီး ကိုးကန့်တရုတ်များကို အရာရှိအဖြစ်၊ မြန်မာများကို နိုင်ငံရေးစည်းရုံးရေး ကော်မစ်ဆာအဖြစ် ခန့်အပ်ခဲ့သည်။ ၁၉၇၁ ခုနှစ်တွင် ဗကပ၏ လျှို့ဝှက်ရေဒီယိုဖြစ်သော မြန်မာပြည်သူ့အသံကို စတင်ခဲ့ပြီး အရှေ့မြောက်ပိုင်း လက်နက်ကိုင်တော်လှန်ရေးတွင် ဝလူမျိုးများ၏ အရေးပါသော အခန်းကဏ္ဍကို အလေးပေးဖော်ပြကာ ထောက်ခံမှု ဆက်လက်ရရှိစေရန် ဝဘာသာစကားဖြင့် ထုတ်လွှင့်ခဲ့သည်။

ဗကပသည် မြန်မာနိုင်ငံ၏ အကြီးမားဆုံး တော်လှန်ရေး အင်အားစုကြီးတခု ဖြစ်သည်။ ဝတို့အဖို့ အစားအသောက်၊ ယူနီဖောင်း၊ လက်နက်နှင့် လွတ်လပ်ရေးတို့မှာ အလွန်အားတက်စရာ ဖြစ်သည်။ ထို့အပြင် နောင်တချိန် မြန်မာ့တော်လှန်ရေး၏ ဦးဆောင်အဖွဲ့အစည်းများ ဖြစ်လာမည်ဟုလည်း ဆိုသည်။ ဝလူမျိုးတို့သည် ရဲစွမ်းသတ္တိနှင့် ကြံ့ခိုင်မှုတို့မှာ အလွန်ကျော်ကြားလှသည်။ ထို့ကြောင့် တရုတ်၊ ဗမာ၊ ရှမ်း အားလုံးကလည်း တပ်သား စုဆောင်းလိုကြသည်။ ယင်းစစ်ပွဲကာလအတွင်း ဝလူမျိုး လူငယ် သုံးသောင်းမျှ သေဆုံးရသည်ဟု ပြောကြသည်။ သို့တိုင်အောင် ဝတို့ကို ဘေးဖယ်ထားရာ ၁၉၈၅ ရောက်မှသာ ကျောက်ညီလိုင် နှင့် ပေါက်ယိုချန်း တို့ ဗကပ ဗဟိုကော်မတီထဲသို့ ရောက်ရှိလာကြသည်။

ဗကပ၏ ရည်မှန်းချက်များသည် ၁၉၇၁ ခုနှစ် နိုဝင်ဘာလ ကွမ်းလုံတိုက်ပွဲတွင် အဆုံးအဖြတ်ဖြစ်ခဲ့သည်။ ယင်းတိုက်ပွဲ၏ ရည်ရွယ်ချက်မှာ ဝတောင်တန်းဒေသများကို မြန်မာပြည်မနှင့် ဆက်သွယ်ရန် သံလွင်မြစ်ပေါ်ရှိ မဟာဗျူဟာမြောက် တံတားကို သိမ်းပိုက်ရန်ဖြစ်သည်။ ဦးနုခေတ်တွင် တရုတ်နိုင်ငံက တည်ဆောက်ခဲ့သော ကွမ်းလုံတံတားကို မြန်မာစစ်စခန်းတခုက ကာကွယ်ထားပြီး ဗကပက တိုက်ခိုက်ဖျက်ဆီးခဲ့သည်။ ဗကပသည် ရှမ်းတောင်တန်းကြီးကို သိမ်းပိုက်ခဲ့ပြီး တရုတ် "ဗော်လန်တီယာများ" နှင့် ရုရှားအစောင့်များ၏ ထောက်ခံမှုဖြင့် ယူနန်မှ ထောက်ပံ့ရေးပစ္စည်းများနှင့် ဆေးဝါးများ ရရှိခဲ့သည်။ ဗကပ တို့သည် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ကွမ်းလုံဒေသ အတွင်းသို့အလုံးအရင်းဖြင့် ချီတက်ဝင်ရောက်လာပြီး အနီးကပ် လှံစွပ်ထိုး တိုက်ပွဲ ၈ ကြိမ်တိတိ ဖြစ်ပွားသည် အထိ ပြင်းထန်ခဲ့သည်။ ဗကပတွင် ဝတပ်များအပါအဝင် အင်အား ၃၀၀၀ ကျော်ရှိသည်ဟု ဆိုသည်။

မြန်မာစစ်တပ်ဘက်မှလည်း အင်အားဖြည့်တင်းမှုများဖြင့် ခုခံသည်။ ခြေလျင်တပ်၏ တိုက်ခိုက်မှုပေါင်း ၄၀ ကျော် ရှိခဲ့သော်လည်း ဝနှင့် တရုတ်တပ်ဖွဲ့များဖြင့် အားဖြည့်ထားသော ဗကပ၏ ခံတပ်များသည် ခိုင်မာစွာ ရပ်တည်နေခဲ့သည်။ မြန်မာတို့သည် လေကြောင်းမှ ပစ်ခတ်သော လက်နက်ကြီးများကို အသုံးပြုခဲ့ပြီး ဗကပစစ်သား ရာပေါင်းများစွာကို သတ်ဖြတ်ခဲ့သည်။ ရက်ပေါင်း ၄၂ ရက်ကြာ ပြင်းထန်သော တိုက်ပွဲများအပြီးတွင် ဗကပသည် ၁၉၇၂ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့တွင် ဆုတ်ခွာခဲ့ပြီး တံတားကို မသိမ်းပိုက်နိုင်ခဲ့ပေ။

ဒေသခံ ကိုးကန့်တပ်တခုဖြစ်သော လော်စစ်ဟန်[1] ဦးဆောင်သောအဖွဲ့သည် မြန်မာများကို လမ်းပြအဖြစ် ကူညီခဲ့သည်။ ကွမ်းလုံရှုံးနိမ့်မှုသည် နိုင်ငံရေး အလှည့်အပြောင်းတခုဖြစ်သည်။ မြန်မာစစ်တပ်သည် ဗကပကို ဝတောင်တန်းဒေသများ သို့မဟုတ် ကိုးကန့်မှ မောင်းထုတ်နိုင်မည်မဟုတ်ကြောင်း နားလည်ခဲ့၍ မြန်မာပြည်မရှိ အားနည်းသော ဗကပစခန်းများကို ချေမှုန်းရန် အာရုံစိုက်ခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင် ယင်းကာလများသည် လာအိုနှင့် ဗီယက်နမ်ရှိ ကွန်မြူနစ်လှုပ်ရှားမှုများလည်း ရှိသည့်အတွက် ကမ္ဘာအနှံ့အရင်းရှင်အစိုးရများကလည်း စိတ်ဝင်စားခဲ့ကြသည်။ တဘက်က ဗကပ၏ လူလှိုင်းစစ်ဆင်ရေး၏ အသေအပျောက်ဆိုးမှုကိုလည်း တွေ့ခဲ့ရသည်။

ဝလူမျိုးများ၏ စီးပွားရေးသည် ဒေသတွင်း မြေဆီလွှာမကောင်းခြင်းနှင့် မြင့်မားသော နေရာဒေသကြောင့် တောင်များပေါ်စိုက်ပျိုးရသော “ဘိန်း” တွင် မှီခိုခဲ့ရသည်။ ၁၉၇၀ ပြည့်လွန်နှစ်များနှောင်းပိုင်းတွင် မြန်မာနိုင်ငံ၏ ဘိန်းခင်းများ၏ ၈၀% သည် ဝတောင်တန်းဒေသများအပါအဝင် ဗကပ ထိန်းချုပ်မှုအောက်သို့ ကျရောက်ခဲ့သည်။ ဗကပသည် ဘိန်းစိုက်ပျိုးသူများနှင့် ကုန်သည်များထံမှ အခွန်ကောက်ခံခဲ့ပြီး စပါးအထွက်နှုန်း၏ ၂၀%၊ ဒေသခံကုန်သွယ်ခွန် ၁၀% နှင့် ပို့ကုန်အပေါ် ၅% တို့ကို ကောက်ခံခဲ့သည်။ ဘိန်းများကို ပန်ဆန်းတွင် သိုလှောင်ထားပြီး တန်ကြီးနှင့် လားရှိုးမှ ကုန်သည်များထံ ရောင်းချခဲ့ရာ များသောအားဖြင့် တရုတ်ဖြူ အကြွင်းအကျန်များနှင့် စစ်ခေါင်းဆောင် ခွန်ဆာတို့က လုပ်ကိုင်သော ထိုင်းနယ်စပ်ရှိ ဓာတ်ခွဲခန်းများသို့ ရောက်ရှိခဲ့သည်။ ဗကပ၏ ဝတောင်တန်းရှိ ဓာတ်ခွဲခန်းများသည် ဟီရိုအင်း၏ ရှေ့ပြေး ပစ္စည်းဖြစ်သော pitzu[2] ကို ထုတ်လုပ်ခဲ့ပြီး သယ်ယူပို့ဆောင်ရေးစရိတ်များကို လျှော့ချပေးခဲ့သည်။

၁၉၇၃ ခုနှစ်တွင် ဝနယ်စားများနှင့် ခေါင်းဆောင်များ၏ ရိုးရာလှုပ်ရှားမှုကို ဗကပနှင့် တပ်မတော်တို့၏ ထိုးစစ်နှစ်ရပ်စလုံးက ထိရောက်စွာ ဖျက်ဆီးပစ်လိုက်ပြီဖြစ်သည်။ ဗကပ၏ ကျူးကျော်မှုကြောင့် ဝနယ်ခွဲများမှ အာဏာစွန့်ခံခဲ့ရပြီးနောက် ဦးနေဝင်း၏ ၁၉၇၂-၇၃ ခုနှစ်တွင် ကာကွယ်ရေးတပ်ဖွဲ့စုများကို ဖျက်သိမ်းရန် ဆုံးဖြတ်ချက်သည် မဟာစန်းနှင့် ဝခေါင်းဆောင်များကို မြေအောက်သို့ ရောက်ရှိစေခဲ့သည်။ တပ်ဖွဲ့ဝင် ရာဂဏန်းမျှနှင့် ၎င်းတို့၏ မိသားစုများနှင့်အတူ ထိုင်းနယ်စပ်သို့ ဆင်းသက်ခဲ့ရာ မဟာစန်းသည် မိုင်းမိုင်းအနီးရှိ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) ၏ တောင်ပိုင်းစခန်းတွင် အခြေချ ခဲ့သည်။ လော်စစ်ဟန် ၏ ကိုးကန့်တပ်ဖွဲ့နှင့် ခွန်ဆာ ၏ ရှမ်းပြည်တပ်မတော် (SUA) တို့နှင့်အတူ SSPP နှင့် အမျိုးသားဒီမိုကရက်တစ်တပ်ဦး (NDF) တို့နှင့် မဟာမိတ်ဖွဲ့ခဲ့ကြသည်။ ၁၉၇၆ ခုနှစ် ဇူလိုင်လတွင် သူသည် ဝအမျိုးသားတပ်မတော် (WNA) ကို ထူထောင်ခဲ့ပြီး SSPP နှင့် NDF တို့နှင့် အနီးကပ် ပူးပေါင်းကာ မိမိတို့၏ ဇာတိမြေများကို ပြန်လည်သိမ်းပိုက်ရန် ရည်ရွယ်သည့် စစ်အင်အားသစ်ကို တဖြည်းဖြည်း တည်ဆောက်ခဲ့သည်။

၁၉၇၈ ခုနှစ်တွင် SSPP ၏ စစ်ဦးစီးချုပ် စိုင်းစံမောင်က မဟာစန်းအား ၎င်းတို့သည် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) နှင့် မဟာမိတ်ဖြစ်နေပြီး တရုတ်နိုင်ငံမှ လက်နက်များ ရရှိနေသောကြောင့် ဝအမျိုးသားတပ်မတော် (WNA) ကို ဆက်လက်ထောက်ပံ့နိုင်မည် မဟုတ်ကြောင်း အသိပေးခဲ့သည်။ စိုင်းစံမောင်သည် ဗကပ ကို အပြည့်အဝမယုံကြည်သော်လည်း ဗကပ ဗဟိုကော်မတီက SSPP ကို "တော်လှန်ရေး" မဟာမိတ်အဖြစ် အခြေအနေတည်ငြိမ်သည်နှင့် ဝ "လွတ်မြောက်နယ်မြေများ" ကို နောက်ဆုံးတွင် သိမ်းပိုက်မည်ဟု အာမခံထားကြောင်း ပြောဆိုခဲ့သည်။

ဤအဆုံးအဖြတ်သည် WNA ကို အဖွဲ့ငယ်များစွာအဖြစ် ကွဲစေခဲ့သည်။ အရာရှိနှစ်ဦးဖြစ်သော မဟာစိုင်းနှင့် ညီအောင်တို့သည် ၎င်းတို့၏ တပ်ဖွဲ့ဝင်များနှင့်အတူ SSPP သို့ ကူးပြောင်းသွားခဲ့ပြီး ၁၉၈၀ ပြည့်နှစ် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လော်စစ်ဟန်၏ ကိုးကန့် ကာကွယ်ရေးတပ်များနှင့်အတူ လက်နက်ချခဲ့သည်။ မဟာစန်းသည် ကုန်းကျန်း၏ ရှမ်းပြည်တော်လှန်ရေးတပ်မတော် (SURA) နှင့်အတူ နေထိုင်ရန် ပီယင်လွမ်သို့ ပြောင်းရွှေ့ခဲ့ပြီး WNA ကို ပြန်လည်အသက်သွင်းရန် ကြိုးစားခဲ့သည်။ ထိုအတောအတွင်း အခြားသော အမျိုးသားရေးအဖွဲ့နှစ်ဖွဲ့ ပေါ်ပေါက်လာခဲ့သည်။ တဖွဲ့မှာ ညောင်ရွှေစော်ဘွားသား အိုက်ဆောင်ဆူ နှင့် ၎င်း၏ဇနီး ဒေါ်လီရီဆိုင်း (ခေါ်) ဒေါ်ရုပ်ဆွေ (မဟာစန်း၏ ခယ်မ) တို့ ဦးဆောင်ပြီး၊ အခြားတဖွဲ့မှာ ဗိုလ်ကန်ဆီယာ ဦးဆောင်ခဲ့သည်။ အဖွဲ့နှစ်ဖွဲ့စလုံးသည် ကေအမ်တီ (KMT) ၏ ကျောထောက်နောက်ခံပြုမှုဖြင့် ထိုင်းနယ်စပ် အရှေ့ဘက် ပန်းတောရှိ စစ်စခန်းအနီးတွင် ၎င်းတို့၏ တပ်ဖွဲ့များကို တည်ဆောက်ခဲ့ကြသည်။ အနီးအနားတွင် KMT ၏ လုံးဝထိန်းချုပ်မှုအောက်ရှိ တာမာ ဦးဆောင်သော အင်အား ၁၀၀ ခန့်ရှိသည့် ဝတပ်ဖွဲ့တခုသည် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုအတွက် အသွင်ပြောင်းအဖွဲ့အစည်းအဖြစ် စခန်းချခဲ့ကြောင်း သိရသည်။

ဘိန်းဖြူစွဲလမ်းမှုသည် ထိုင်းနယ်စပ်တလျှောက်ရှိ ဝစစ်သားများအကြား ကျယ်ပြန့်သော ပြဿနာတခု ဖြစ်သည်။

သို့သော် အဖွဲ့လေးဖွဲ့စလုံးသည် ကျိုင်းတုံဒေသနှင့် ဗကပ ၏ ကျူးကျော်မှုကြောင့် အနောက်ဘက်သို့ ထွက်ပြေးခဲ့သော ဝဒုက္ခသည်မိသားစု ၁၀,၀၀၀ ခန့်ထံမှ စစ်သားများကို ဆက်လက်စုဆောင်းနိုင်ခဲ့သည်။ "လူတိုင်းက ဝစစ်သားတွေကို သုံးနေပြီး လူတိုင်းက ဝတွေနဲ့ မဟာမိတ်ဖွဲ့ဖို့ ကြိုးစားနေကြတယ်၊ ဒါပေမဲ့ သေဆုံးနေတာက ဝလူမျိုးတွေဖြစ်ပြီး ဘိန်းကုန်သွယ်မှုအတွက် အမြဲတမ်း အပြစ်တင်ခံနေရတာကလည်း ဝလူမျိုးတွေပါပဲ" ဟု မဟာစန်းက ပြောခဲ့သည်။ ဗကပ ၏ ၁၉၈၀-၁၉၈၁ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ဝအခြေစိုက်စခန်းအား ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းဆိုခဲ့သော်လည်း ဆွေးနွေးပွဲများ ပျက်စီးခဲ့ကာ ဝလူမျိုးများသည် ဗကပ ၏ ထိန်းချုပ်မှုအောက်တွင် ဆက်လက်ရှိနေခဲ့သည်။ ၁၉၈၂ ခုနှစ် မတ်လတွင် ဒေါ်လီရီဆိုင်း၊ ကန်ဆီယာ၊ မဟာစန်းနှင့် နာဝီနယ်စား၏သား ဖြစ်သူ လုပ်ဖော်ကိုင်ဖက်ဟောင်း ခွန်းလူမဟာတို့သည် တပ်ဖွဲ့ဝင် ၅၀၀ ကို ပေါင်းစည်း၍ WNA အသစ်တခု ဖွဲ့စည်းရန် သဘောတူခဲ့ကြသည်။

ဤစည်းလုံးညီညွတ်မှုကို ရရှိပြီး မကြာမီပင် ဝလှုပ်ရှားမှုသည် ၁၉၈၂-၈၃ ခုနှစ်တွင် ခွန်ဆာ၏ SUA (KMT ၏ အဓိကပြိုင်ဘက်) ကို ထိုင်းနိုင်ငံမှ မောင်းထုတ်ခံရပြီးနောက် ဖြစ်ပွားခဲ့သော နယ်စပ်စစ်ပွဲအတွင်းသို့ ရောက်ရှိခဲ့သည်။ ဝစစ်သား ရာနှင့်ချီ၍ ၎င်းတို့၏ မိသားစုများနှင့်အတူ တိုက်ပွဲများကြောင့် ရွှေ့ပြောင်းခံခဲ့ရပြီး SUA သည် ဒွိုင်လန်းနှင့် မိုင်းမယ် အနီးရှိ SSPP, PNO နှင့် LNUP ခံတပ်များကို လျင်မြန်စွာ သိမ်းပိုက်ခဲ့သည်။ နောက်ဆုံးတွင် ခွန်ဆာသည် ကုန်းကျန်း၏ တိုင်တော်လှန်ရေးကောင်စီ (TRC) နှင့် ပူးပေါင်းခဲ့သည်။ တဖန် ဝလူမျိုးများသည် ယခင်နိုင်ငံရေး ကိစ္စရပ်များတွင် အလွန်အမင်း ယုံလွယ်မှုကို ပြသခဲ့ရာမှ အပြောင်းအလဲများ၏ သားကောင်ဖြစ်ခဲ့ရသည်။ WNA ခေါင်းဆောင်မှု ကွဲပြားမှုများကို အခွင့်ကောင်းယူ၍ ဗိုလ်ချုပ် လီဝင်ဟွမ်၏ KMT အကြွင်းအကျန်များသည် ၎င်းတို့၏ ကြွယ်ဝမှုကို အသုံးပြု၍ အိုက်ဆောင်ဆူ နှင့် ကန်ဆီယာတို့၏ ဝအမျိုးသားကောင်စီ (WNC) အဖွဲ့ကို ဒွိုင်အန်းခမ်းတောင်ပေါ်တွင် အားဖြည့်ပေးခဲ့ရာ ၎င်းတို့၏ ကိုယ်ပိုင်စီးပွားရေးအကျိုးစီးပွားအတွက် TRC ထံမှ ဒွိုင်လန်ကို ပြန်လည်သိမ်းပိုက်ရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။ ထိုအတောအတွင်း အနောက်ဘက်တွင် အခြားဒေသခံ KMT စစ်မှုထမ်းဟောင်းများ၏ ငွေကြေးထောက်ပံ့မှုဖြင့် အမျိုးသားဒီမိုကရက်တစ်တပ်ဦး (NDF) သည် မဟာစန်းနှင့် ခွန်းလူမဟာတို့၏ ဝအမျိုးသားအဖွဲ့အစည်း (WNO) အဖွဲ့ကို လက်နက်တပ်ဆင်ပေးပြီး ရှမ်းပြည်နယ်သို့ ဝင်ရောက်နိုင်သည့် မဟာဗျူဟာမြောက် မဲအော့-မိုင်းမယ် တံခါးပေါက်ကို ၎င်း၏ NDF တပ်ဖွဲ့များအတွက် ပြန်လည်သိမ်းပိုက်ရန် တိုက်တွန်းခဲ့သည်။ နောက်ထပ် နှစ်အနည်းငယ်အတွင်း ဝလူမျိုး ရာနှင့်ချီ၍ တောင်ပေါ်ဒေသနှစ်ခုစလုံးတွင် လက်နက်ကိုင်တိုက်ပွဲများနှင့် ပြောက်ကျားအမြောက်ဖြင့် ပစ်ခတ်မှုများကြောင့် သေဆုံးဒဏ်ရာရခဲ့ကြပြီး ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံအထိ ဆက်လက်ဖြစ်ပွားခဲ့သည်။

NDF နှင့် ဗကပ အကြား ၁၉၈၆ ခုနှစ် ပူးတွဲစစ်ရေးစာချုပ် ချုပ်ဆိုပြီးနောက် NDF နှင့် ဝခေါင်းဆောင်များအကြား ၁၉၈၇ ခုနှစ်အတွင်း ပြန်လည်ရင်ကြားစေ့ရေး ရရှိခဲ့သည်။ မဟာစန်း ကိုယ်တိုင် ခွန်ဆာနှင့် ဆွေးနွေးခဲ့ပြီး ၎င်း၏ ညီနှင့်လည်း တွေ့ဆုံခဲ့သည်။ အထူးသဖြင့် အိုက်ဆောင်ဆူ၏ WNC အဖွဲ့သည် ဒွိုင်အန်းခမ်းတောင်အနီးတွင် ခံတပ်များ တူးထားသော SSPP နှင့် KIO တပ်ဖွဲ့များ၏ အကူအညီဖြင့် လျင်မြန်စွာ ကြီးထွားလာခဲ့သည်။ ဤအနေအထားကို ဗကပ ၏ ၆ တပ်မဟာ (နောင် NDF မဟာမိတ်များ) မှ ဝတပ်ဖွဲ့ဝင် ရာနှင့်ချီ၍ ထိုင်းနယ်စပ်သို့ ဆင်းလာကာ တပ်မတော်နှင့် TRC ကို တိုက်ခိုက်ရန် ရောက်ရှိလာမှုကြောင့် ပိုမိုအားဖြည့်ခဲ့သည်။ WNC သည် ခဏအသက်ရှူရသည့် ကာလဖြစ်ပြီး မြောက်ဘက်သို့ တပ်ဖွဲ့အချို့ကို ပြန်လည်စေလွှတ်ကာ နိုင်ငံရေးအခြေအနေများကို ဆန်းစစ်ပြီး စစ်သားသစ်များကို ပြန်လည်ခေါ်ယူနိုင်ခဲ့သည်။ WNC ကို လေ့ကျင့်ပေးနေသော NDF ခေါင်းဆောင်အချို့က ၎င်းတို့သည် ဗကပ မှ ခွဲထွက်မှုများအတွက် လျှို့ဝှက်စွာ လုပ်ဆောင်နေကြောင်းပင် ပြောဆိုခဲ့ပြီး PA ရှိ ဝတပ်ဖွဲ့ဝင်အများအပြားက ဗကပ အပေါ် စိတ်ပျက်အားငယ်မှုများကို ပုဂ္ဂလိကအရ ပြောခဲ့ကြသည်ဟု ဆို၏။

၁၉၇၀ ပြည့်လွန်နှစ်များနှောင်းပိုင်းတွင် ဗမာပြည်ကွန်မြူနစ်ပါတီ (CPB) ၏ စစ်တပ်မှာ စစ်သည် ၂၃,၀၀၀ ခန့်ရှိသော်လည်း ပါတီဝင် ၂,၅၂၀ သာ ရှိပြီး စစ်တပ်မှ ၈၈၈ ဦးသာ ပါဝင်သည်။ တရုတ်ထောက်လှမ်းရေးမှူး ကန်ဆန် ၁၉၇၅ ခုတွင် ကွယ်လွန်ခြင်းနှင့် မော်စီတုန်း ၁၉၇၆ ခုတွင် ကွယ်လွန်ခြင်းနောက် တရုတ်ထောက်ပံ့မှု လျော့နည်းလာခဲ့သည်။ ၁၉၇၇ ခုနှစ်တွင် တိန့်ရှောင်ဖိန် ပြန်လည်နေရာရလာခြင်းသည် တရုတ်အကူအညီများကို လျှော့ချခဲ့ပြီး ဝသို့ ထောက်ပံ့မှုများ လျော့ကျသွားသည်ကို သိသာထင်ရှားစေခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် တိန့်ရှောင်ဖိန်၏ ရန်ကုန်ခရီးစဉ်နှင့် တရုတ်-မြန်မာ ဆက်ဆံရေး တိုးတက်မှုတို့သည် ဗကပအပေါ် ထောက်ပံ့မှုကို ပိုမိုကန့်သတ်စေခဲ့သည်။ ဗကပ သည် ကူမင်းရုံးများကို ဖယ်ရှားခဲ့ပြီး ၎င်း၏ မြန်မာပြည်သူ့အသံ ရေဒီယိုသည် ၁၉၇၈ ခုနှစ်တွင် ပန်ဆန်းသို့ ရွှေ့ပြောင်းခဲ့သည်။ ၁၉၇၉ ခုနှစ်တွင် "မင်းရန်အောင်-၁" ထိုးစစ်သည် ဗကပ ၏ ဌာနချုပ်ဖြစ်သော ပန်ဆန်းကို ပစ်မှတ်ထားခဲ့သည်။ ဝတပ်ဖွဲ့များက ခုခံတွန်းလှန်နိုင်ခဲ့သော်လည်း မြန်မာတပ်ဖွဲ့များသည် ၃၀ ကီလိုမီတာ အကွာတွင် အခြေစိုက်စခန်းတခု ထူထောင်နိုင်ခဲ့သည်။

၁၉၈၅ ခုနှစ်တွင် ပြုလုပ်ခဲ့သော ဗကပ ၏ ပန်ဆန်းညီလာခံတွင် ကျောက်ညီလိုင်နှင့် ပေါက်ယိုချန်းတို့ကို ဗဟိုကော်မတီဝင် အရန်အဖြစ် ရွေးကောက်တင်မြှောက်ခဲ့သော်လည်း တိုင်းရင်းသားပြဿနာများကို လျစ်လျူရှုခဲ့ပြီး ဝလူမျိုးတို့၏ ကိုယ်စားပြုမှုမှာ အနည်းငယ်သာ ရှိခဲ့သည်။ ညီလာခံ၏ မော်ဝါဒ ကျေးလက်ဦးစားပေး ဗျူဟာကို ပြန်လည်အတည်ပြုခြင်းသည် လူငယ်ကွန်မြူနစ်များကို ဝေးကွာစေခဲ့ပြီး ဝလူမျိုးများကို သွယ်ဝိုက်သောအားဖြင့် သက်ရောက်ခဲ့သည်။ ညီလာခံအပြီးတွင် ဗကပ သည် တရုတ်ထောက်ပံ့မှု ဆုံးရှုံးမှုကို ဖြည့်ဆည်းရန် ဝဘိန်းကို အားကိုးလာခဲ့ပြီး ဟီရိုအင်းအခြေခံ ၂ ကီလိုဂရမ်နှင့်အထက် ရှိသော တပ်မှူးများကို ကွပ်မျက်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ ယူနန်မှ မူးယစ်ဆေးဝါး ပျံ့နှံ့မှုကြောင့် ဖြစ်ပေါ်လာသော တရုတ်ဖိအားသည် ဤ ၁၉၈၅ ခုနှစ် ပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှုကို ဖြစ်ပေါ်စေခဲ့ဖွယ်ရှိသည်။

၁၉၈၆ ခုနှစ်တွင် ကွန်မြူနစ်မဟုတ်သော အဖွဲ့အစည်းဖြစ်သည့် ဝအမျိုးသားအဖွဲ့ချုပ် (WNO) မှ အိုက်ခမ်းအိုက်သည် ဗကပ နယ်မြေများသို့ သွားရောက်ခဲ့ပြီး ဝလူမျိုးများကို ဗကပ အပေါ် သစ္စာရှိမှုကို မေးခွန်းထုတ်ရန် လှုံ့ဆော်ခဲ့သည်။ မိသားစုသည် ဝိန်းငွေတွင် ဗကပ ကို ဆန့်ကျင်ခဲ့သော မဟာစန်း ဦးဆောင်သော WNO သည် ၁၉၈၃ ခုနှစ်တွင် အမျိုးသားဒီမိုကရက်တစ်တပ်ဦး (NDF) သို့ ဝင်ရောက်ခဲ့သည်။ ဗကပ ၏ ၁၉၈၆ ခုနှစ် စီးစင်းဝမ် တိုက်ခိုက်မှုတွင် ဝတပ်ဖွဲ့များ ပါဝင်ခဲ့သော်လည်း ကျရှုံးခဲ့ပြီး ပန်ဆိုင်းနှင့် စတုရန်းကီလိုမီတာ ၅၀၀ ကို ဆုံးရှုံးခဲ့ကာ ဝဒေသ၏ ကုန်သွယ်ရေးဝင်ငွေကို ထိခိုက်စေခဲ့သည်။ ဝလူမျိုးများ၏ မကျေနပ်မှုများ ကြီးထွားလာခဲ့ပြီး ဗမာခေါင်းဆောင်မှုအောက်တွင် ၎င်းတို့ကိုယ်တိုင်ကို စွန့်ပစ်ရမည့်သူများအဖြစ် မှတ်ယူခဲ့ကြသည်။

၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ကျောက်ညီလိုင်နှင့် ပေါက်ယိုချန်းတို့သည် ဝလူမျိုးသက်သက် ပါဝင်သော မြန်မာအမျိုးသားညီညွတ်ရေးပါတီ (BNUP) ကို စီစဉ်ခဲ့ကြသည်။ ၁၉၈၉ ခုနှစ် မတ်လတွင် ဖုန်ကျားရှင်၏ ကိုးကန့်ပုန်ကန်မှုသည် ၎င်းတို့၏ လုပ်ဆောင်မှုကို အစောပိုင်းက ကြိုတင်ကာကွယ်ခဲ့သော်လည်း ဧပြီလ ၁၇ ရက်နေ့တွင် ဝတပ်ဖွဲ့ ၇၀၀ က ပန်ဆန်းကို သိမ်းပိုက်ခဲ့ပြီး လက်နက်တိုက်၊ ရေဒီယိုစခန်းနှင့် ဌာနချုပ်တို့ကို သိမ်းယူခဲ့သည်။ ဝသူပုန်များသည် မာ့က်စ်ဝါဒီ ရုပ်တုများကို ချိုးဖျက်ခဲ့ကြပြီး ဗကပ စာပေများကို မီးရှို့ခဲ့ကြကာ ဧပြီလ ၁၈ ရက်နေ့တွင် ၎င်း၏ "ကျဉ်းမြောင်းသော လူမျိုးရေးမူဝါဒများ" ကို ပြစ်တင်ရှုတ်ချခဲ့သည်။ ဧပြီလ ၂၈ ရက်နေ့တွင် ထုတ်လွှင့်ခဲ့သော ရေဒီယိုအစီအစဉ် တစ်ခုတွင် ဗကပ ၏ "မှားယွင်းသော လမ်းစဉ်" ကို ရှုတ်ချခဲ့ပြီး ဝလူမျိုးများကို ပြင်းထန်သော အခွန်များနှင့် ဗလာနတ္တိ သဘောတရားများဖြင့် "လှည့်စားသော တော်လှန်ရေး" ထဲသို့ ဆွဲသွင်းခဲ့သည်ဟု စွပ်စွဲခဲ့သည်။ ဝလူမျိုးများသည် လူနည်းစုများကို ကိုင်လှုပ်ရာတွင် နာမည်ဆိုးဖြင့် ကျော်ကြားသော ကော်မစ်ဆာ မြသားအောင်နှင့် စိုးသိန်းတို့ကို ဖမ်းဆီးခဲ့သော်လည်း တရုတ်ဖိအားဖြင့် ပြန်လွှတ်ပေးခဲ့သည်။ ဗကပ အကြီးအကဲ တင်ရီ ထွက်ပြေးခဲ့သည်။

တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံနှင့် ကုန်သွယ်ရေးသဘောတူညီချက်များအပြင် ဗကပ ခေါင်းဆောင်များအား ပင်စင်ပေးမည့် ကမ်းလှမ်းချက်များ (၁၉၈၁၊ ၁၉၈၅၊ ၁၉၈၈) သည် ပုန်ကန်မှုကို အားပေးခဲ့ဖွယ်ရှိသည်။ သခင်ဘသိန်းတင်၏ ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလ တရုတ်ဆန့်ကျင်ရေး မိန့်ခွန်းသည် ပုန်ကန်မှုကို မီးပွားစေခဲ့ဖွယ်ရှိသည်။ ပုန်ကန်မှုအပြီးတွင် ဗကပ ပြည်နှင်ဒဏ်ခံနေရသူများသည် တရုတ်ပင်စင်နှင့် အိမ်ရာများ ရရှိခဲ့ကြပြီး ဝလူမျိုးများသည် ပန်ဆန်းကို ထိန်းချုပ်ခဲ့သည်။ သခင်ဗသိန်းတင်လက်ထက် ၁၉၈၉ ခုနှစ်တွင် တပ်တွင်းပုန်ကန်မှု ဖြစ်သည်။

ဝတို့သည် ရန်သူများကို လက်စားချေရန် အမြဲကြံစည်ကြသလို၊ မဟာမိတ်များကိုလည်း အမြဲလေးစား ကြသည်။ ဗကပကို အာဏာသိမ်းခြင်းမှာလည်း အသေခံရန် စေခိုင်းမှုများလွန်းလှပြီး လူလှိုင်းစစ်ဆင်ရေးများကို မခံတော့ခြင်းမှ မီးစပွားလာခြင်း ဖြစ်သည်။ ဘိန်းအရောင်းအဝယ်ကို ထဲထဲဝင်ဝင် ပတ်သက်နေသည့် ဖုန်ကျားရှင်က ဗကပ ခေါင်းဆောင်မှုကို ပြောင်ပြောင်တင်းတင်း စိန်ခေါ်ကာ မုံကိုးမြို့ကို သိမ်းခဲ့သည်။ ကျောက်ညီလိုင်နှင့် ပေါက်ယိုရှန်းတို့လည်း အာဏာသိမ်းမှုကို ဦးဆောင် ပါဝင်ကြသည်။ ကိုးကန့်ဒေသမှစသော ဤပုန်ကန်မှုကြောင့် နောက်ဆုံး ပန်ဆန်းဗကပဌာနချုပ်ပါ ကျဆုံးသွားပြီး မြန်မာအစိုးရကို ခြိမ်းခြောက်နိုင်ခဲ့သော ဗမာပြည်ကွန်မြူနစ်ပါတီလည်း ပြိုကွဲသွားတော့သည်။
၁၉၈၉ ခုနှစ်တွင် ဗကပ တပ်တွင်းပုန်ကန်မှုများ ဖြစ်ပွားချိန်၌ ထိုင်းနယ်စပ်ရှိ ဝအမျိုးသားတပ်မတော် (WNA) တပ်ဖွဲ့များသည် ဗကပ ၏ အတွင်းရေးကိစ္စရပ်များတွင် ဘေးလူများအဖြစ်သာ ရှိနေခဲ့သည်။ ဗကပ တပ်တွင်း ပုန်ကန်မှုများ ဖြစ်ပွားချိန်တွင် ရှမ်းပြည်နယ်ရှိ CPB, တပ်မတော်, KMT, TRC နှင့် NDF တို့တွင် ဝတပ်ဖွဲ့ဝင် ထောင်နှင့်ချီ၍ ရှိနေခဲ့သည်။ မဟာစန်းနှင့် WNA ကိုယ်စားလှယ်အဖွဲ့သည် ၁၉၈၉ ခုနှစ် အာဏာသိမ်းပြီးနောက် ဗကပ ၏ အထွေထွေဌာနချုပ်ဟောင်း ပန်ဆန်းဒေသသို့ သွားရောက်ခဲ့ရာ အစပိုင်းတွင် သံသယဖြင့် တွေ့ဆုံခဲ့ရပြီး နိုင်ငံရေးအမြင်များ ဖလှယ်ခြင်းမှ ဖယ်ထုတ်ခံခဲ့ရသည်။

ထိုအတောအတွင်း ကျောက်ညီလိုင် ဦးဆောင်သော ကွဲထွက်သွားသည့် အဓိက ဝတပ်ဖွဲ့သည် နှစ်ပေါင်းများစွာကြားခဲ့သည့် ဗကပ ဝါဒများ၏ လွှမ်းမိုးမှုခံရဆဲဖြစ်ပြီး "လူမျိုးရေး ခွဲခြားမှု ဆန့်ကျင်ရေး" နှင့် ဝမဟုတ်သော အမည်ဖြစ်သည့် မြန်မာပြည် ဒီမိုကရေစီ စည်းလုံးညီညွတ်သောတပ်မတော် အမည်ဖြင့် တပ်မတော်နှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်ခဲ့သည်။ ဤပဋိပက္ခများအားလုံး၏ ရလဒ်မှာ "သူပုန်ပီပီသသ" တိုင်းရင်းသား ဝလှုပ်ရှားမှုသည် ပအိုဝ်း၊ ကရင်နီ၊ လားဟူနှင့် ရှမ်းလူမျိုးများကဲ့သို့ပင် လွန်ခဲ့သော နှစ် ၂၀ အတွင်း အရှေ့မြန်မာနိုင်ငံရှိ ဗကပ ၏ လုပ်ဆောင်မှုများကြောင့် ဖြစ်ပေါ်လာသော တော်လှန် နိုင်ငံရေး၏ မုန်တိုင်းအတွင်းမှ ပြင်းထန်စွာ ကွဲပြားသွားခဲ့သည်။

၁၉၈၉ ခုနှစ် ပုန်ကန်မှုသည် ဗကပ ၏ ဩဇာလွှမ်းမိုးမှုကို အဆုံးသတ်စေခဲ့ပြီး ဝလူမျိုးများအား ၎င်းတို့၏ အနာဂတ်ကို ပုံဖော်ရန် ခွင့်ပြုခဲ့သော်လည်း တရုတ်ဩဇာလွှမ်းမိုးမှုသည် ဆက်လက်တည်ရှိနေခဲ့သည်။ ၎င်းတို့၏ စစ်ရေးစွမ်းရည်နှင့် ဘိန်းအခြေခံ စီးပွားရေးတို့က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပြီး ဗကပ တားမြစ်ချက်များရှိသော်လည်း ဦးခေါင်းဖြတ်ခြင်းကဲ့သို့သော ယဉ်ကျေးမှုဓလေ့များသည် ဆက်လက်တည်ရှိ နေခဲ့သည်။ ဝလူမျိုးများ၏ စာတတ်မြောက်မှု နည်းပါးခြင်းသည် ဗကပ ဝါဒဖြန့်မှုများနှင့် ထိတွေ့ဆက်ဆံမှုကို ကန့်သတ်ထားခဲ့သလိုဖြစ်ပြီး မိမိတို့၏ သရုပ်လက္ခဏာကို ထိန်းသိမ်းထားနိုင်ခဲ့သည်။ နောက်ပိုင်း ၁၉၈၉ ခုနှစ်တွင်မှ ဗကပလက်ထွက် ဝတို့သည် အိုက်ဆောင်ဆူ၏ WNC နှင့် ပူးပေါင်းခဲ့သည်။ ဗကပမှ ဆင်းသက်လာသော တိုက်ခိုက်ရေးသမားများဖြင့် ပြည်ထောင်စုဝပြည်ထောင်စုပါတီ (UWSP) နှင့် ပြည်ထောင်စုဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ကို တည်ထောင်ခြင်းက ပိုမိုကျယ်ပြန့်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆီသို့ ဦးတည်သွားသည်။

ဗကပ ၏ စစ်တုရင်ရုပ်များမှ ဝတို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အဖွဲ့အစည်းများအဖြစ် ပြောင်းလဲခြင်းသည် ဆယ်စုနှစ်များစွာ ပဋိပက္ခများကြောင့် ပြောင်းလဲခဲ့သော ဒေသတွင် ခံနိုင်ရည်ရှိမှုကို ထင်ဟပ်စေသည့် အလှည့်အပြောင်းတခုဖြစ်သည်။ မြန်မာ-တရုတ်နယ်စပ်တလျှောက်ရှိ ဝတောင်တန်းဒေသ၏ ကြမ်းတမ်းသော မြေမျက်နှာပြင်သည် ပဋိပက္ခ၏ မီးလောင်ရာနေရာတစ်ခု ဖြစ်ခဲ့သည်မှာ ကြာပြီဖြစ်သည်။ ၂၀ ရာစု၏ အချိန်အများစုတွင် ဤဝေးလံခေါင်ဖျားသော ဒေသသည် ဗကပ အတွက် အမာခံနယ်မြေတခုအဖြစ် ဆောင်ရွက်ခဲ့ပြီး ဗဟိုအစိုးရ၏ အာဏာကို စိန်ခေါ်ခဲ့သော အင်အားစုဖြစ်သည်။ သို့ရာတွင် မူးယစ်ဆေးဝါးနိုင်ငံရေးခေတ်သစ်အတွက် လမ်းခင်းပေးခဲ့သည်။

ဝတိုင်းရင်းသား ပုန်ကန်သူများသည် မြန်မာအစိုးရကို တိုက်ခိုက်နေသော အခြားသူပုန်အဖွဲ့များနှင့် ပူးပေါင်းလိမ့်မည်ဟု လူအများက ခန့်မှန်းခဲ့ကြသည်။ သို့သော် ရန်ကုန်တွင် အသစ်ဖွဲ့ထားသော စစ်အစိုးရသည် ဤခြိမ်းခြောက်မှုကို ကောင်းစွာသိရှိထားပြီး လျင်မြန်စွာနှင့် ပြတ်ပြတ်သားသား ဆောင်ရွက်ဆုံးဖြတ်ခဲ့သည်။ သွေးထွက်သံယို တန်ပြန်ထိုးစစ်ဆင်မည့်အစား လိမ္မာပါးနပ်သော ပူးပေါင်းဆောင်ရွက်မှု နည်းဗျူဟာကို အသုံးပြုခဲ့ပြီး အပစ်အခတ်ရပ်စဲရေးနှင့်၊ အထူးသဖြင့် ကြီးထွားလာနေသော မူးယစ်ဆေးဝါးကုန်သွယ်ရေးတွင် အမြတ်အစွန်းများသော စီးပွားရေးအခွင့်အလမ်းများကို ကတိပြုခဲ့သည်။ ဤအစီအစဉ်သစ်၏ ကြားခံလူများအဖြစ် မြန်မာ့စစ်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ခင်ညွန့် အပါအဝင် အဓိကဆောင်ရွက်သူ ပုဂ္ဂိုလ်များ ရှိခဲ့သည်။ ကိုးကန့်စစ်ခေါင်းဆောင် လော်စစ်ဟန်၏ အကူအညီဖြင့် ပုန်ကန်သူများနှင့် ဆွေးနွေးခဲ့သည်။ လော်စစ်ဟန်၏ သတင်းစကားမှာ ရိုးရှင်းသော်လည်း အစွမ်းထက်သည်ဟုဆိုရမည်။ အစိုးရကို တိုက်ခိုက်ခြင်းကို ရပ်ဆိုင်းပါက နယ်မြေနှင့် လက်နက်များကို ဆက်လက်ထိန်းချုပ်ခွင့် ရရှိမည်ဟူ၏။

ဤလက်တွေ့ကျသော ချဉ်းကပ်မှုသည် သွေးထွက်သံယိုမှုမရှိဘဲ ဝလူမျိုးတို့၏ အာဏာကို ခိုင်မာအောင် လုပ်ဆောင်ရန် အခွင့်အရေးကို မြင်ခဲ့စေကာ ဝခေါင်းဆောင်များကို ဆွဲဆောင်ခဲ့သည်။ ထိုအချိန်တွင် စစ်အစိုးရသည် တည်ငြိမ်မှုရခြင်းနှင့် မိတ်ဖွဲ့ခြင်းတိုးလာရန်အတွက် နယ်စပ်ဒေသများတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် အတိုင်းအတာတခုကို လက်ခံရန် ဆန္ဒရှိခဲ့သည်။ စစ်အစိုးရ၏ တုံ့ပြန်မှု၏ မြန်ဆန်မှုနှင့် ထိရောက်မှုသည် ဝနှင့် အခြားတော်လှန်ရေးအဖွဲ့များအကြား ဖြစ်နိုင်ခြေရှိသော မဟာမိတ်ဖွဲ့ခြင်းကို ထိရောက်စွာ ကာကွယ်ပေးခဲ့သည်။ အမျိုးမျိုးသော အတိုက်အခံ အင်အားစုများကို စည်းလုံးရန် ကြိုးပမ်းခဲ့သော NDF သည် ဝခေါင်းဆောင်များက ပုန်ကန်မှုထက် ဆွေးနွေးမှုကို ရွေးချယ်ခဲ့သောကြောင့် မျှော်လင့်ချက်များ ပျောက်ဆုံးခဲ့ရသည်။

UWSA သည် ဗကပထံမှ အာဏာသိမ်းပြီး မကြာမီ ၁၉၈၉ ခုနှစ် မေလ ၉ ရက်တွင် ငြိမ်းချမ်းရေး ယူခဲ့ခြင်းဖြစ်သည်။ ယခင် ဗကပ တပ်မတော်၏ အကြီးဆုံးတပ်ဖွဲ့ကို ညှိနှိုင်းပြီးနောက် စစ်အစိုးရသည် အခြား ကွဲထွက်သွားသော အဖွဲ့များသို့ အလားတူ အပစ်အခတ်ရပ်စဲရေး ကမ်းလှမ်းမှုများကို ပြုလုပ်ခဲ့သည်။ ယင်းဗျူဟာသည် ယခင်က အတော်လေး စည်းလုံးခဲ့သော ကွန်မြူနစ်အင်အားစုတစ်ခုကို တိုင်းရင်းသားအလိုက် ဖွဲ့စည်းထားသော စစ်တပ်ငယ်များအဖြစ် ကွဲပြားသွားစေခဲ့သည်။ ဤကနဦး အပစ်အခတ်ရပ်စဲရေးများသည် စာဖြင့် ရေးသားထားခြင်း မရှိဘဲ နှုတ်ကတိများဖြင့် နားလည်မှုများအပေါ် အခြေခံထားခြင်းဖြစ်သည်။ ယင်းကလည်း မငြိမ်သက်မှုကို ပို၍ပင် ဖြစ်နိုင်စေသည်။

ကိုးကန့်သည် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ကို ဖွဲ့စည်းခဲ့ပြီး အခြားအဖွဲ့များသည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာယူခဲ့ကြသည်။ ကျောက်ညီလိုင်နှင့် ပေါက်ယိုချန်းတို့ ဦးဆောင်သော အဖွဲ့မှာ တရုတ်ထောက်ပံ့သော လက်နက်ခဲယမ်းများစွာကို အမွေဆက်ခံခဲ့ပြီး ဝတောင်တန်းဒေသများတွင် လွှမ်းမိုးသော အင်အားစုအဖြစ် လျင်မြန်စွာ နေရာယူခဲ့ကြသည်။ မြန်မာပြည်အပေါ် သစ္စာရှိမှုကို သင်္ကေတပြုသည့်အနေဖြင့်သာ တရားဝင် သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့သည်မှာ နောက်ဆယ်စုနှစ်များစွာကြာပြီးမှသာ ဖြစ်၏။ မြေပြင်ရှိ အာဏာချိန်ခွင်လျှာကို များစွာပြောင်းလဲခြင်းမရှိခဲ့ပေ။

၁၉၈၉ ခု အပစ်အခတ်ရပ်စဲရေးများသည် ဝတောင်တန်းဒေသများသို့ ငြိမ်းချမ်းရေးကို ယူဆောင်လာခဲ့ သော်လည်း ထိန်းမနိုင်သိမ်းမရသော မူးယစ်ဆေးဝါးထုတ်လုပ်မှု ခေတ်သစ်တခုကိုလည်း စတင်စေခဲ့သည်။ မြန်မာစစ်အစိုးရ၏ တည်ငြိမ်မှုကို ဦးစားပေးသည့် လက်တွေ့ကျသော ဆုံးဖြတ်ချက်သည် မူးယစ်ဆေးဝါး ကုန်သွယ်မှု ကြီးထွားလာစေရန် ခွင့်ပြုခဲ့သည်။ မူးယစ်ဆေးဝါးများဖြင့် အရင်းအမြစ်များ အင်အားဖြည့်ထားသော အင်အားကြီးမားသည့် စီးပွားရေးနှင့် စစ်ရေးအခြေခံအင်အားကို တည်ဆောက်ရန် အခွင့်အရေးကို လျင်မြန်စွာ အခွင့်ကောင်းယူခဲ့သော အသစ်ဖွဲ့စည်းထားသည့် ပြည်ထောင်စုဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) အတွက် အထူးအကျိုးဖြစ်ထွန်းစေခဲ့သည်။ ဗကပ ပုန်ကန်မှုအပြီး ချက်ချင်းဆိုသလို ဝဒေသတွင် ဘိန်းစိုက်ပျိုးမှုနှင့် ဟီရိုအင်းထုတ်လုပ်မှု သိသိသာသာ တိုးမြင့်လာခဲ့သည်။

ဗကပ ၏ အခြေခံအဆောက်အအုံနှင့် နယ်မြေထိန်းချုပ်မှုကို အမွေဆက်ခံခဲ့သော UWSA သည် ဤတရားမဝင်ဈေးကွက်ကို အခွင့်ကောင်းယူရန် အကောင်းဆုံးအနေအထားတွင် ရှိနေခဲ့သည်။ ကြာရှည်သော လက်နက်ကိုင်တော်လှန်ရေးတိုက်ပွဲများ၏ ကန့်သတ်ချက်များမှ ကင်းလွတ်လာသောကြောင့် ၎င်းတို့သည် ဘိန်းထုတ်လုပ်မှုကို ချဲ့ထွင်ရန်နှင့် ဟီရိုအင်းကို သန့်စင်ရန်အတွက် အရင်းအမြစ်များကို မြှုပ်နှံနိုင်ခဲ့သည်။ မူးယစ်ဆေးဝါးထုတ်လုပ်မှု ပေါက်ကွဲခြင်းသည် ကမ္ဘာလုံးဆိုင်ရာ ဝယ်လိုအား မြင့်တက်လာခြင်းနှင့် တိုက်ဆိုင်ခဲ့ပြီး UWSA အတွက် အမြတ်အစွန်းများသော ဝင်ငွေစီးဆင်းမှုကို ပံ့ပိုးပေးခဲ့သည်။ UWSA ၏ မူးယစ်ဆေးဝါးကုန်သွယ်မှုတွင် ထွန်းကားလာမှုသည် ယူနန်နွယ်ဖွား စွန့်ဦးတီထွင်လုပ်ငန်းရှင် သုံးဦးဖြစ်သော ဝေညီအစ်ကိုများကြောင့် ပိုမိုလွယ်ကူလာခဲ့သည်။ ဝလူမျိုးအသိုင်းအဝိုင်းအတွင်း ခိုင်မာသော ဆက်သွယ်မှုများနှင့် စီးပွားရေးဉာဏ်ပညာတို့ ပေါင်းစပ်ပြီး ရှုပ်ထွေးသော မူးယစ်ဆေးဝါးမှောင်ခိုကွန်ရက်များကို ထူထောင်နိုင်ခဲ့သည်။ ဝေညီအစ်ကိုများသည် ဝဒေသသို့ မက်သာအမ်ဖက်တမင်း ထုတ်လုပ်မှုကို မိတ်ဆက်ခဲ့သည်။ အလုပ်သမားများစွာ လိုအပ်သော ဘိန်းစိုက်ပျိုးခြင်းနှင့် ပြုပြင်ခြင်းတို့နှင့်မတူဘဲ မက်သာအမ်ဖက်တမင်းကို ဓာတုဗေဒနည်းဖြင့် ထုတ်လုပ်နိုင်သဖြင့် အမြတ်အစွန်းရရန် ပိုမိုမြန်ဆန်ထိရောက်သော နည်းလမ်းကို ပေးစွမ်းခဲ့သည်။

ထုတ်ကုန်အသစ်သည် အိမ်နီးချင်းထိုင်းနိုင်ငံနှင့် အခြားအရှေ့တောင်အာရှ နိုင်ငံများတွင် ဈေးကွက်တခုကို ကောင်းကောင်းရှာဖွေတွေ့ရှိခဲ့ပြီး ဒေသတွင်း မူးယစ်ဆေးဝါးကုန်သွယ်မှုတွင် UWSA ကို အဓိက ကစားသမားအဖြစ် ခိုင်မာစေခဲ့သည်။ UWSA ၏ လွှမ်းမိုးမှု တိုးလာခြင်းသည် ကုန်သွယ်ရေးလမ်းကြောင်းများကို ထိန်းချုပ်ရန် ကြိုးပမ်းနေသော အခြားမူးယစ်ဆေးဝါးဂိုဏ်းများနှင့် ပဋိပက္ခများသို့ မလွဲမသွေ ဦးတည်ခဲ့သည်။

ယင်းကာလများတွင် နာမည်ဆိုးဖြင့်ကျော်ကြားသော သျှမ်းစစ်ခေါင်းဆောင် ခွန်ဆာ ဦးဆောင်သော မိုင်းတိုင်တပ်မတော် (MTA) သည် အဓိကပြိုင်ဘက်အဖြစ် ပေါ်ထွက်လာခဲ့သည်။ နှစ်ဖက်တပ်ဖွဲ့များသည် ၁၉၉၀ ပြည့်လွန်နှစ်များအစောပိုင်းတလျှောက် သွေးထွက်သံယို တိုက်ပွဲများစွာတွင် ပါဝင်ခဲ့ကြသည်။ ၁၉၉၃ ခုနှစ်တွင် ခွန်ဆာ၏ မုန်တိုင်အာမီတပ်များနှင့် တိုက်ပွဲဖြစ်ပြီး မြန်မာစစ်တပ်က ဝတို့ဘက်ကနေ ကူတိုက်ပေးခဲ့သည်။ မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲရေးနှင့် မူးယစ်ဆေးဝါးကုန်သွယ်မှုမှ ရရှိသော အရင်းအမြစ်များကို ရယူနိုင်ခြင်းတို့ကြောင့် UWSA သည် တဖြည်းဖြည်း အသာစီးရလာခဲ့သည်။ ပဋိပက္ခသည် ၁၉၉၆ ခုနှစ်တွင် ခွန်ဆာ မြန်မာအာဏာပိုင်များထံ မမျှော်လင့်ဘဲ လက်နက်ချခြင်းဖြင့် အဆုံးသတ်ခဲ့သည်။ ခွန်ဆာ၏ လက်နက်ချမှုသည် အစိုးရအတွက် အရေးပါသော အောင်ပွဲတခုဖြစ်သော်လည်း ၎င်းသည် မြောက်ပိုင်းထိုင်း-မြန်မာနယ်စပ်ဒေသ၏ မူးယစ်ဆေးဝါးကုန်သွယ်မှုကို UWSA က လုံးဝလွှမ်းမိုးနိုင်ရန် လမ်းခင်းပေးခဲ့သည်။

မူးယစ်ဆေးဝါးအပေါ် မှီခိုနေရသော်လည်း UWSA သည် အခြားသော စီးပွားရေးလှုပ်ရှားမှုများကိုလည်း စတင်လုပ်ဆောင်ခဲ့သည်။ မူးယစ်ဆေးဝါးကုန်သွယ်မှုမှ ရရှိသောငွေများကို လမ်းများ၊ ကျောင်းများနှင့် ဆေးရုံများ အပါအဝင် အခြေခံအဆောက်အအုံစီမံကိန်းများတွင် မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံခဲ့ပြီး ဝတောင်တန်း ဒေသများအတွင်း UWSA ၏ ထိန်းချုပ်မှုနှင့် တရားဝင်မှုကို ခိုင်မာစေခဲ့သည်။ ၎င်းတို့သည် မြန်မာ၊ တရုတ်နှင့် ထိုင်းနိုင်ငံရှိ သံဖြူတူးဖော်ရေးနှင့် တရားဝင်စီးပွားရေးလုပ်ငန်းများကဲ့သို့သော အခြားကဏ္ဍများတွင်လည်း ရင်းနှီးမြှုပ်နှံခဲ့သည်။ မူးယစ်ဆေးဝါးထုတ်လုပ်မှုတွင် ၎င်းတို့၏ ဆက်လက်ပါဝင်ပတ်သက်မှု အတိုင်းအတာသည် အငြင်းပွားဖွယ်ရှိနေသေးသော်လည်း ဤစီးပွားရေးကဏ္ဍပေါင်းစုံလုပ်ဆောင်ခြင်းသည် မူးယစ်ဆေးဝါးဈေးကွက်၏ အပြောင်းအလဲများမှ အတိုင်းအတာတခုအထိ ကာကွယ်ပေးခဲ့ပြီး UWSA ကို မူးယစ်ဆေးဝါး ဗဟိုပြုစစ်တပ်တခုမှ ပိုမိုရှုပ်ထွေးသော နိုင်ငံရေးနှင့် စီးပွားရေးအဖွဲ့အစည်းတခုအဖြစ် ပြောင်းလဲတိုးတက်စေရန် လမ်းခင်းပေးခဲ့သည်။ ဤလျင်မြန်သော ကြီးထွားမှုနှင့် ခိုင်မာအားကောင်းမှုကာလသည် UWSA ကို ဒေသတွင်း အင်အားကြီးမားသော အဖွဲ့အစည်းအဖြစ် ထူထောင်ခဲ့သည်။

မူးယစ်ဆေးဝါးကုန်သွယ်မှုမှ ရရှိသော ငွေများက ဝခေါင်းဆောင်များကို ချမ်းသာကြွယ်ဝစေခဲ့ရုံသာမက ဝဒေသအတွင်း အုပ်ချုပ်ရေးဖွဲ့စည်းပုံကိုလည်း တည်ဆောက်နိုင်စေကာ လူမှုရေးအစီအစဉ်များတွင် ရင်းနှီးမြှုပ်နှံ နိုင်စေခဲ့သည်။ ထိုအချက်ကလည်း ဝလူမျိုးများအပေါ် ၎င်းတို့ ထိန်းချုပ်မှုကို ခိုင်မာစေခဲ့သည်။ မူးယစ်ဆေးဝါးနှင့် ပတ်သက်မှုစွပ်စွဲချက်များက ၎င်းတို့၏ နိုင်ငံရေးအခြေအနေကို ပိုမိုရှုပ်ထွေးစေပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို စိန်ခေါ်နေသည်။ မကြာသေးခင်က ၂၀၂၅ ခုနှစ် ဇွန်တွင် ထိုင်းဝန်ကြီးချုပ်ဟောင်းက ဝတို့မှာ မူးယစ်ဆေးဝါးများ ထိုင်းနိုင်ငံအတွင်း ပို့နေသည့်လက်သည်ဟု စွပ်စွဲသလို ဝဘက်ကလည်း မူးယစ်ဆေးဝါးများကို ကိုင်တွယ် လျော့ချထားသည်ဟု ဆိုခဲ့သည်။

ယနေ့တွင် UWSP/UWSA ထိန်းချုပ်မှုအောက်ရှိ ဝဒေသသည် ဒေသတွင်း ရဲတပ်ဖွဲ့နှင့် စီးပွားရေး အရင်းအမြစ်များကို စီမံခန့်ခွဲသည့် တစိတ်တပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အဖွဲ့အစည်းအဖြစ် လုပ်ဆောင်နေသည်။ ဝလူမျိုးများသည် မျိုးနွယ်စုဖွဲ့စည်းပုံများနှင့် လူမှုအသိုင်းအဝိုင်း၏ သဘောတူညီချက်များအပေါ် အခြေခံထားသော ရိုးရာအုပ်ချုပ်ရေးနှင့် ခေတ်မီဗျူရိုကရေစီစည်းမျဉ်းများကို ဟန်ချက်ညီအောင် ထိန်းထားသည်။ မြန်မာနိုင်ငံနှင့် ဝတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုင်ရာ သဘောတူညီချက်များသည် ၁၉၈၉ ခုနှစ် အပစ်အခတ်ရပ်စဲရေးမှ စတင်၍ ပုံစံအမျိုးမျိုးရှိသည်။ ပုံစံများမှာ ပုံမှန်တရားဝင်လုပ်မထားသည့် အပစ်အခတ်ရပ်စဲရေးများမှ တစိတ်တပိုင်း အသိအမှတ်ပြုထားသော ဖွဲ့စည်းပုံဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်များအထိ ကွဲပြားသည်။ သို့နှင့် ဝသည် မြေပြင်တွင် နိုင်ငံငယ်တခုပမာ ဖြစ်လာခဲ့သည်။ မြန်မာအစိုးရ၏ အချုပ်အခြာအာဏာကို မငြင်းပယ်သော်လည်း ကာကွယ်ရေး အစီအမံများနှင့် ဥပဒေများကို လက်မခံသလို ငွေကြေးတွင်လည်း ဗမာငွေကြေးပင် မသုံးကြပေ။

ဝလူမျိုးများသည် မြန်မာနိုင်ငံ၏ ဗဟိုချုပ်ကိုင်မှုကို ဆန့်ကျင်ခဲ့ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပါဝင်ခဲ့သော်လည်း ပင်မနိုင်ငံရေးလမ်းများမှ မကြာခဏဆိုသလို ဘေးဖယ်ထားခံရသည်။ ၁၉၈၉ ခုတည်းက အရေးပါလာသော တရုတ်နိုင်ငံ၏ ဩဇာလွှမ်းမိုးမှုသည် နယ်စပ်မူဝါဒများနှင့် ပထဝီနိုင်ငံရေးအကျိုးစီးပွားများဖြင့် ပုံဖော်ထားသော ဝလူမျိုးများ စစ်ရေးနှင့် နိုင်ငံရေးစွမ်းရည်ကို အားဖြည့်ပေးသည်။ နိုင်ငံရေးအားဖြင့်မူ အချို့သော ဝခေါင်းဆောင်များသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့်အတူ ဖက်ဒရယ်စနစ်တွင် ပေါင်းစည်းရေးကို ထောက်ခံကြပြီး အချို့မှာမူ ခွဲထွက်ရေးကို နှစ်သက်ကြသည်။ ဝ၏ မဟာဗျူဟာမြောက် ပထဝီတည်နေရာသည် ရှမ်းကဲ့သို့သော အခြားတိုင်းရင်းသားအုပ်စုများနှင့် ဆက်ဆံရေးကိုလည်း ရှုပ်ထွေးစေသည်။ ဆယ်စုနှစ်များစွာကြာ တိုက်ပွဲများ ဖြစ်ပွားခဲ့သော်လည်း ဝလူမျိုးများသည် ၎င်းတို့၏ ထူးခြားသော ယဉ်ကျေးမှုဆိုင်ရာ သရုပ်သကန်လက္ခဏာကို ထိန်းသိမ်းထားနိုင်ခဲ့ပြီး နှုတ်ဖြင့်ပြောဆိုသော ရိုးရာဓလေ့များနှင့် ယဉ်ကျေးမှုပြန်လည်ရှင်သန်ရေးကို အသုံးပြု၍ ဝလူထုကြား နိုင်ငံရေးတရားဝင်မှုကို ခိုင်မာစေခဲ့သည်။

ပြည်ထောင်စုဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) သည် ၎င်း၏ ထိန်းချုပ်နယ်မြေအတွင်း နိုင်ငံတည်ဆောက်ရေးစီမံကိန်းကြီးကို စတင်ခဲ့သည်။ UWSA ၏ နိုင်ငံတည်ဆောက်ရေးစီမံကိန်းအပေါ် တရုတ်၏ လွှမ်းမိုးမှုသည် ငြင်းမရနိုင်ပေ။ တရုတ်ကုမ္ပဏီများသည် လမ်းများနှင့် အခြေခံအဆောက်အအုံများကို တည်ဆောက်ခဲ့ပြီး တရုတ်ငွေကြေးသည် လွတ်လပ်စွာ လည်ပတ်နေကာ တယ်လီကွန်းကွန်ရက်သည် တရုတ်ဆာဗာများနှင့် ချိတ်ဆက်ထားသည်။ UWSA ၏ ဌာနချုပ်ဖြစ်သော ပန်ဆန်းကို ပန်ခမ်း ခေတ်မီမြို့အဖြစ် ပြောင်းလဲခြင်းသည် ဤနိုင်ငံတည်ဆောက်ရေးစီမံကိန်း၏ သင်္ကေတတခုဖြစ်သည်။ ယခင်က အဆောက်အအုံ အနည်းငယ်မျှသာ စုစည်းထားသည့် ပန်ခမ်းသည် ယခုအခါ လမ်းခင်းထားသော လမ်းများ၊ ခေတ်မီအိမ်ရာများ၊ စည်ကားသောဈေးများနှင့် တရုတ်ဧည့်သည်များကို ဝန်ဆောင်မှုပေးသော ကာစီနိုများပင် ရှိသည်။ မူးယစ်ဆေးဝါးမှ ရရှိသော ငွေကြေးနှင့် တရုတ်ရင်းနှီးမြှုပ်နှံမှုဖြင့် ကြီးထွားလာသော ဤလျင်မြန်သော ဖွံ့ဖြိုးတိုးတက်မှုသည် မြန်မာအစိုးရ၏ တိုက်ရိုက်ထိန်းချုပ်မှုအောက်ရှိ ဖွံ့ဖြိုးမှုနောက်ကျသော ဒေသများနှင့် လုံးဝဆန့်ကျင်ဘက် ဖြစ်သည်။

UWSA သည် နိုင်ငံတော်များ၏ ဗျူရိုကရေစီစနစ်များနှင့် ဆင်တူသော ရှုပ်ထွေးသော ကိုယ်ပိုင် အုပ်ချုပ်ရေးဖွဲ့စည်းပုံတခု ဖြစ်သည့် ဝဗဟိုအာဏာပိုင်အဖွဲ့ (WCA) ကို တည်ထောင်ခဲ့သည်။ WCA သည် ဘဏ္ဍာရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အမျိုးသမီးရေးရာများအပါအဝင် ဌာနအမျိုးမျိုးကို ကြီးကြပ်သည်။ ဤဖွဲ့စည်းမှုဆိုင်ရာ ရှုပ်ထွေးမှုသည် ရိုးရှင်းသော စစ်ရေးထိန်းချုပ်မှုထက် ကျော်လွန်၍ UWSA ၏ ရည်မှန်းချက်များကို ထင်ဟပ်သည်။ လူထုကို အုပ်ချုပ်ရန်နှင့် ဝန်ဆောင်မှုများ ပေးအပ်ရန် ဆန္ဒကို ပြသသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ အခြေခံအဆောက်အအုံစီမံကိန်းများနှင့် ဝယဉ်ကျေးမှု ပြန်လည်ရှင်သန်ရေးတို့ကို ဦးစားပေးသော်လည်း အာဏာကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားသည်။ UWSA သည် မြန်မာအစိုးရ၏ ဝါးမြိုစုပ်ယူရေးမူဝါဒများကို မခံရဘဲ ဝယဉ်ကျေးမှုနှင့် ဘာသာစကားကို တက်ကြွစွာ မြှင့်တင်နိုင်ခဲ့သည်။ ကျောင်းများတွင် ဝနှင့် အခြားဒေသခံဘာသာစကားများကို တရုတ်နှင့် မြန်မာဘာသာတို့နှင့်အတူ သင်ကြားပေးသည်။ ဝသူရဲကောင်းများနှင့် အမျိုးသားသင်္ကေတများ၏ ရုပ်တုများသည် အများပြည်သူနေရာများကို အလှဆင်ထားပြီး ဝလူမျိုးတို့၏ အမှတ်အသားနှင့် ဂုဏ်ယူမှုကို မြှင့်တင်ပေးသည်။ ဤယဉ်ကျေးမှုဆိုင်ရာ ပြန်လည်ရှင်သန်မှုသည် UWSA ၏ အုပ်ချုပ်မှုကို တရားဝင်စေရန်နှင့် ဒေသခံလူထုနှင့် ၎င်း၏ ဆက်သွယ်မှုကို ခိုင်မာစေရန်အတွက် အစွမ်းထက်သော ကိရိယာတခုအဖြစ် ဆောင်ရွက်ခဲ့သည်။

UWSA ၏ နိုင်ငံတည်ဆောက်ရေး ကြိုးပမ်းမှုများသည် တိုင်းရင်းသားများအတွင်း အတိုင်းအတာအရ အထင်ကြီးစရာကောင်းသော်လည်း ဒေသကို လွတ်လပ်သည့် ဒီမိုကရေစီအဖြစ်သို့ ပြောင်းလဲခြင်း မရှိသေးပေ။ နိုင်ငံရေးလွတ်လပ်မှုမှာ အလွန်ကန့်သတ်ချက်ရှိသည်။ UWSA ၏ နိုင်ငံရေးတောင်ပံဖြစ်သော UWSP သည် လီနင်ဝါဒပုံစံ ရှေ့ပြေးပါတီသဖွယ်ဖြစ်ပြီး အာဏာကို ခိုင်မာစွာ ထိန်းချုပ်ထား၏။ ဤပုံစံသည် ခေတ်မီလာသည်ဟု မြင်ရသော်လည်း လူအချို့အတွက် ကြွယ်ဝချမ်းသာမှုကို ကွက်ဖြစ်ပေါ်စေ၍ UWSA ၏ တပါတီအုပ်ချုပ်မှုကိုသာ အားဖြည့်ပေးသည်။ ခေတ်လည်းမီရမည်၊ မိမိတို့ ထိန်းချုပ်၍လည်း ရရမည်ဟူသည် UWSA ၏ ချဉ်းကပ်မှုလည်း ဖြစ်သည်။ မြန်မာနိုင်ငံတွင်မူ ဝ-တရုတ် ဆက်ဆံရေးသည် ပထဝီဝင်အရ နီးစပ်မှုသာမက အာဏာရှင်ဆန်သော အုပ်ချုပ်မှုစနစ်၏ ဘုံပုံစံကိုလည်း ထင်ဟပ်သည်။ တရုတ်၏ လွှမ်းမိုးမှုအောက်တွင် ဝတောင်တန်းဒေသများသည် ဝေးလံခေါင်ဖျားပြီး ပဋိပက္ခများပြည့်နှက်သော ဒေသတခုမှ ခေတ်မီအံ့ဩဖွယ်ကောင်းသော အဖွဲ့အစည်းတခု အဖြစ် ပြောင်းလဲခဲ့သည်။

၎င်းသည် တရုတ်နှင့် မြန်မာအစိုးရနှစ်ခုလုံးနှင့် ဝ၏ဆက်ဆံရေးကို နားလည်ရန် အဓိကအချက် ဖြစ်သည်။

တရုတ်နိုင်ငံတွင် ကွန်မြူနစ်အစိုးရသည် စာတတ်မြောက်မှုကို မြှင့်တင်ရန်နှင့် ထိန်းချုပ်မှုကို ခိုင်မာစေရန် ရည်ရွယ်၍ ၁၉၅၇ ခုနှစ်တွင် ရိုမန်ဘာသာဖြင့် ရေးသားထားသော ဝစာပေကို မိတ်ဆက်ခဲ့သည်။ သို့သော် ၁၉၅၈ ခုနှစ်တွင် မူဝါဒများ ပြောင်းလဲသွားခဲ့ပြီး လက်နက်များ သိမ်းဆည်းခြင်း၊ ဗုံအိမ်များ ဖျက်ဆီးခြင်းနှင့် ဦးခေါင်းဖြတ်ခြင်းဆိုင်ရာ သင်္ကေတများ ဖျက်သိမ်းခြင်းတို့ကို ပြုလုပ်ခဲ့သည်။ ထို့အပြင် တရုတ်ပြည် ဝလူမျိုးများကို စုပေါင်းလယ်ယာများသို့ အတင်းအကြပ် ရွှေ့ပြောင်းစေခဲ့ပြီး ရိုးရာခေါင်းဆောင်များကို ဘေးဖယ်ထားခဲ့သည်။ သို့သော် ယဉ်ကျေးမှုဆိုင်ရာ ပွဲများကို ကျင်းပပေးသည်လည်း ရှိသည်။

ပြည်ထောင်စုဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့် တရုတ်နိုင်ငံကြား ဆက်ဆံရေးသည် နိုင်ငံရေး၊ စီးပွားရေးနှင့် မဟာဗျူဟာပိုင်းဆိုင်ရာ ရှုပ်ထွေးမှုများစွာဖြင့် ယှက်နွယ်နေပါသည်။ နှစ်နိုင်ငံကြားတွင် သမိုင်းကြောင်းဆိုင်ရာ အဆက်အသွယ်များ၊ ပထဝီဝင်ဆိုင်ရာ နီးစပ်မှုများနှင့် ဘုံအကျိုးစီးပွားများစွာ ရှိနေသောကြောင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ဝဒေသအရေးနှင့် ပြည်တွင်းရေးပြောင်းလဲမှုများအပေါ် ဩဇာလွှမ်းမိုးမှု ကြီးမားလျက်ရှိပါသည်။ UWSA နှင့် တရုတ်နိုင်ငံကြား သမိုင်းကြောင်းအရ ဆက်နွယ်မှုများသည် ဗကပ ခေတ်ကတည်းက စတင်ခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က ဝစစ်သားအများအပြားသည် တရုတ်နိုင်ငံမှ စစ်ရေး လေ့ကျင့်မှုများနှင့် ထောက်ပံ့မှုများကို ရရှိခဲ့ကြသည်။ ဤပူးပေါင်းဆောင်ရွက်မှု အမွေအနှစ်သည် ယနေ့တိုင် ဆက်လက်တည်ရှိနေသော "ပါတီအချင်းချင်း" ဆက်ဆံရေးအတွက် အခြေခံအုတ်မြစ်ကို ချခဲ့သည်။ ၎င်းသည် လက်နက်လွှဲပြောင်းမှုများနှင့် တရားဝင်လမ်းကြောင်းများကို ကျော်လွန်၍ အခြားထောက်ပံ့မှုပုံစံများအတွက် အဆင်ပြေသော နည်းလမ်းကို ဖန်တီးခဲ့သည်။

တရုတ်နိုင်ငံသည် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမရှိဟူသော မူဝါဒကို တရားဝင်ပြောဆိုသော်လည်း မြေပြင်အနေအထားအရ UWSA နှင့် ပိုမိုနက်ရှိုင်းပြီး နီးနီးကပ်ကပ် ဆက်နွယ်နေသည်ကို တွေ့ရသည်။ ဤအချက်ကလည်း မြန်မာစစ်တပ်ကို မကျေမနပ် ဖြစ်စေသည့် အချက်တခုဖြစ်သည်။ ပေကျင်းမှ ထပ်တလဲလဲ ငြင်းဆိုချက်များရှိနေသော်လည်း UWSA ၏ MANPADS (လူသယ်ယူနိုင်သော လေယာဉ်ပစ် ဒုံးကျည်များ)၊ အမြောက်များ၊ သံချပ်ကာယာဉ်များ အပါအဝင် ခေတ်မီတရုတ် လက်နက်များကို ရယူနိုင်မှုသည် ဤဆက်ဆံရေး၏ နက်ရှိုင်းမှုကို ကောင်းစွာဖော်ပြနေသည်။ မြန်မာနိုင်ငံရှိ တရုတ်၏ စီးပွားရေးအကျိုးစီးပွားများသည်လည်း UWSA အပေါ် ၎င်း၏ ချဉ်းကပ်ပုံကို ပုံဖော်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်။ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ အရှေ့တောင်အာရှနှင့် ကုန်သွယ်ရေးအတွက် အရေးပါသော လမ်းကြောင်းနှင့် အိန္ဒိယသမုဒ္ဓရာသို့ ဝင်ရောက်နိုင်သော လမ်းကြောင်းတခု ဖြစ်သည်။ ထို့ကြောင့် တည်ငြိမ်သော နယ်စပ်ဒေသသည် တရုတ်၏ စီးပွားရေးရည်မှန်းချက်များအတွက် အလွန်အရေးကြီးသည်။ ဝတောင်တန်းဒေသများတွင် တကယ်တမ်း အုပ်ချုပ်နေသော အာဏာပိုင်အဖွဲ့အစည်းဖြစ်သည့် UWSA သည် ဤတည်ငြိမ်မှုကို ထိန်းသိမ်းရာတွင် အဓိကမိတ်ဖက်ဖြစ်လာပြီး ၎င်းတို့၏ တရားမဝင်လုပ်ငန်းများတွင် ပါဝင်ပတ်သက်မှုကို ခွင့်ပြုခြင်းပင် ဖြစ်စေကာမူ တရုတ်နိုင်ငံက ခွင့်ပြုထားသည်ဟု ဆိုနိုင်သည်။

သို့ရာတွင် တရုတ်၏ မူးယစ်ဆေးဝါးမူဝါဒ၏ အရေးပါသော အလှည့်အပြောင်းတခုဖြစ်သည့် ၁၉၉၂ ခုနှစ် ပင်ရွှမ်းစစ်ဆင်ရေးသည် နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးကုန်သွယ်မှုနှင့် တရားဝင်အကျင့်ပျက်ခြစားမှုများ၏ အတိုင်းအတာတို့ကြောင့် ဖြစ်ပေါ်လာသော စိန်ခေါ်မှုများကို ထင်ရှားစေခဲ့သည်။ ဟီရိုအင်းဖြန့်ဖြူးရေးဗဟိုအဖြစ် လူသိများသော ယူနန်ပြည်နယ်ရှိ မြို့တမြို့ဖြစ်သည့် ပင်ရွှမ်းတွင် မူးယစ်ဆေးဝါးမှောင်ခိုနှိမ်နင်းမှုသည် ပေကျင်း၏ ပြည်တွင်း၌ မူးယစ်ဆေးဝါးကုန်သွယ်မှု၏ မတည်ငြိမ်သော သက်ရောက်မှုများအပေါ် စိုးရိမ်ပူပန်မှု တိုးလာသည်ကို ပြသခဲ့သည်။ ဤစစ်ဆင်ရေးသည် UWSA ကို တိုက်ရိုက်ပစ်မှတ်ထားခြင်း မဟုတ်သော်လည်း မြန်မာနိုင်ငံမှ မူးယစ်ဆေးဝါးစီးဆင်းမှုကို ပိုမိုထိန်းချုပ်ရန် လိုအပ်ကြောင်း ရှင်းလင်းသော သတင်းစကားကို ပေးပို့ခဲ့သည်။

UWSA သည် တရုတ်ပြည်၏ ဦးစားပေးအချက်များ ပြောင်းလဲလာသည်ကို အသိအမှတ်ပြုကာ ၎င်း၏ စီးပွားရေးလှုပ်ရှားမှုများကို ကွဲပြားအောင် စတင်လုပ်ဆောင်ခဲ့ပြီး တရားဝင်စီးပွားရေးလုပ်ငန်းများတွင် ပိုမိုတက်ကြွစွာ ပါဝင်ခဲ့သည်။ ဤမဟာဗျူဟာမြောက် ပြောင်းလဲမှုသည် နယ်စပ်ဒေသတွင် ပိုမိုတည်ငြိမ်ပြီး ခန့်မှန်းနိုင်သော မိတ်ဖက်တဦးလိုလားသည့် တရုတ်၏ ဆန္ဒနှင့် ကိုက်ညီခဲ့သည်။ UWSA ၏ မူးယစ်ဆေးဝါးကုန်သွယ်မှုတွင် ပါဝင်ပတ်သက်မှုသည် ဆက်လက်ရှိနေနိုင်သော်လည်း တရားဝင်စီးပွားရေး လုပ်ငန်းများတွင် ၎င်းတို့၏ ပါဝင်ပတ်သက်မှု တိုးလာခြင်းသည် ဂုဏ်သိက္ခာကို တိုးမြှင့်ပေးစွမ်းပြီး ဒေသ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အဓိကကစားသမားအဖြစ် ရှိနေသည့် အနေအထားကို ခိုင်မာစေသည်။

မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တရုတ်၏ ပါဝင်ပတ်သက်မှုသည် UWSA အပေါ် မဟာဗျူဟာမြောက် ချဉ်းကပ်ပုံကို ပိုမိုထင်ရှားစေသည်။ မြန်မာအစိုးရနှင့် အမျိုးမျိုးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ကြားခံအဖြစ် ဆောင်ရွက်ခြင်းဖြင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ပြည်တွင်းပဋိပက္ခများကို ဖြေရှင်းရာတွင် မရှိမဖြစ်လိုအပ်သော မိတ်ဖက်အဖြစ် နေရာယူထားသည်။ ဤအခန်းကဏ္ဍသည် မြန်မာနိုင်ငံတွင် တရုတ်၏ ဩဇာကို မြှင့်တင်ပေးပြီး UWSA ၏ အရေးပါမှုကို အားဖြည့်ပေးလျက်ရှိသည်။

မြန်မာ၊ လာအိုနှင့် ထိုင်းနိုင်ငံတို့ ဆုံစည်းရာ ရွှေတြိဂံဒေသသည် ဘိန်းနှင့် ဟီရိုအင်း ထုတ်လုပ်မှုကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့ပြီး ပြောင်းလဲနေသော မူးယစ်ဆေးဝါး ဈေးကွက်များ၊ ရည်မှန်းချက်ကြီးသော ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများနှင့် ပြောင်းလဲနေသော ပထဝီနိုင်ငံရေးအခြေအနေများဖြင့် ရှုပ်ထွေးသော အသွင်ကူးပြောင်းမှုကို ဖြတ်သန်းနေသည်။ ဝတို့သည် ရွှေတြိဂံနယ်မြေအတွင်း အတော်အင်အားရှိသည်။

တရုတ်၏ ခါးပတ်နှင့် လမ်းစီမံကိန်း (BRI) သည် ကြီးမားသော အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဖြစ်ပြီး ဒေသတွင်း အသွင်ကူးပြောင်းမှုအတွက် အခြားအင်အားစုတခုဖြစ်သည်။ BRI သည် ရွှေတြိဂံသို့ လမ်းများ၊ မီးရထားလမ်းများနှင့် စီးပွားရေးအခွင့်အလမ်းသစ်များကို ယူဆောင်လာမည်ဟု ကတိပြုထားသည်။ ဤရင်းနှီးမြှုပ်နှံမှုသည် စီးပွားရေးကြီးထွားမှုကို လှုံ့ဆော်ရန်နှင့် ဆက်သွယ်မှုကို တိုးတက်စေရန် အလားအလာ ရှိသော်လည်း သဘာဝပတ်ဝန်းကျင် ပျက်စီးမှု၊ တရုတ်အစိုးရ၏ ဩဇာတိုးပွားလာမှုနှင့် လက်ရှိမညီမျှမှုများ ပိုမိုဆိုးရွားလာနိုင်ခြေတို့နှင့် ပတ်သက်၍ စိုးရိမ်မှုများကိုလည်း ဖြစ်ပေါ်နေသည်။ ထိုင်းနှင့် အိန္ဒိယကဲ့သို့သော ဒေသတွင်း အခန်းကဏ္ဍများသည် အခြေအနေကို ပိုမိုရှုပ်ထွေးစေသည်။ ကိုယ်ပိုင်မူးယစ်ဆေးဝါးပြဿနာများနှင့် နယ်စပ်ဖြတ်ကျော်မှောင်ခိုမှုများနှင့် ရုန်းကန်နေရသော ထိုင်းနိုင်ငံသည် ရွှေတြိဂံတွင် တည်ငြိမ်မှုရရန် များစွာ လိုလားသည်။ အိမ်နီးချင်းနိုင်ငံတွင် တရုတ်ဩဇာ တိုးပွားလာခြင်းကို သတိထားနေသော အိန္ဒိယသည်လည်း ဒေသတွင်း ပိုမိုတက်ကြွစွာ ပါဝင်ရန် ကြိုးပမ်းနေသည်။ ဤပြိုင်ဆိုင်မှုများ၏ အပြန်အလှန်သက်ရောက်မှုသည် ပူးပေါင်းဆောင်ရွက်မှုနှင့် ပဋိပက္ခနှစ်ခုလုံးအတွက် အလားအလာရှိသော ပြောင်းလဲနေသော ပထဝီနိုင်ငံရေး အခြေအနေကို ဖန်တီးသည်။

ဤပြောင်းလဲနေသော အခြေအနေတွင် UWSA ၏ အခန်းကဏ္ဍသည် အရေးကြီးသည်။ ရွှေတြိဂံ၏ ထင်ရှားသော အစိတ်အပိုင်းကို ထိန်းချုပ်ထားခြင်းနှင့် စီးပွားရေးနှင့် စစ်ရေးအင်အားတို့ ပေါင်းစပ်ပြီး ဝတို့အား ဒေသ၏ အနာဂတ်အတွက် အဓိကကစားသမားတဦး ဖြစ်လာစေသည်။ ဝတို့၏ ရွေးချယ်မှုသည် ပထဝီနိုင်ငံရေး သက်ရောက်မှု ရှိသည်ကို ငြင်းမရပေ။

ပြည်ထောင်စု ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) သည် ၎င်း၏ အင်အားကြီးမားသော စစ်အင်အား၊ ကျယ်ပြန့်သော နယ်မြေနှင့် တရုတ်နိုင်ငံနှင့် ရှုပ်ထွေးသော ဆက်ဆံရေးတို့ဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အဓိကအခန်းကဏ္ဍမှ ပါဝင်သည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် တချိန်တည်း ပါဝင်နေသော်လည်း ဒူးထောက်ရန် အစီအစဉ်မရှိ။ မြန်မာစစ်တပ်နှင့် လက်နက်ကိုင်ပဋိပက္ခများတွင် ပါဝင်နေသော အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဗျူဟာဖြင့် ထောက်ပံ့ပေးနေခြင်းကြောင့် မကြာခဏဆိုသလို ဆန့်ကျင်ဘက် ဝိရောဓိဖြစ်နေသည်ဟု ထင်ရသည်။

ယနေ့ခေတ် UWSA သည် ဒုံးကျည်များတပ်ဆင်ထားသည့် ဒရုန်းများ၊ ဟောင်ဝစ်ဇာများ၊ လေယာဉ်ပစ် ဒုံးများ၊ သံချပ်ကာများဖြင့် လက်နက်အင်အား ကောင်းမွန်စွာ တပ်ဆင်ထားသည်။ လက်နက်ထုတ် စက်ရုံများလည်း ရှိပြီး လေယာဉ်ကွင်းငယ်များလည်း ရှိသည်။ ပြန်ကြည့်လျှင် ၁၉၈၉ ခုနှစ် မတိုင်ခင်က ဝဒေသတွင် တရုတ်တို့ ဆောက်လုပ်ပေးသော အသံလွှင့်ရုံသာ ပြစရာရှိသော်လည်း ယခုအခါ များစွာပြောင်းလဲတိုးတက်လာခဲ့သည်။

UWSA သည် အခြား EAOs များနှင့် ဆက်ဆံရေးကို ထိန်းသိမ်းထားသည်။ ဤမဟာမိတ်ဖွဲ့မှုများကို UWSA ၏ လက်နက်များနှင့် အခြားထောက်ပံ့မှုပုံစံများကို ပံ့ပိုးပေးနိုင်မှုဖြင့် ခိုင်မာစေသည်။ ဤထောက်ပံ့မှုသည် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) ကဲ့သို့သော အဖွဲ့များ၏ စွမ်းရည်များကို မြှင့်တင်ရာတွင် အရေးပါခဲ့ပြီး မြန်မာနိုင်ငံ၏ အာဏာကို စိန်ခေါ်နိုင်စေခဲ့သည်။ မြန်မာစစ်တပ်နှင့် ယခင် ဗကပမှ ကွဲထွက်ခဲ့သော အဖွဲ့အစည်းဖြစ်သည့် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) တို့အကြား တိုက်ပွဲများကြောင့် ဖြစ်ပွားခဲ့သော ၂၀၁၅ ခုနှစ် ကိုးကန့်ပဋိပက္ခသည် UWSA ၏ မရေရာသော အခန်းကဏ္ဍကို အထူးပင် မီးမောင်းထိုးပြခဲ့သည်။ UWSA သည် တိုက်ပွဲတွင် တိုက်ရိုက်ပါဝင်ခဲ့ခြင်း မရှိသော်လည်း MNDAA ကို ထောက်ပံ့မှုနှင့် ပဋိပက္ခဇုန်နှင့် နီးကပ်စွာ တည်ရှိမှုတို့ ပေါင်းစပ်ပြီး တင်းမာသော အခြေအနေတရပ်ကို ဖန်တီးခဲ့၏။ ဤဖြစ်ရပ်သည် တိုက်ရိုက်စစ်ရေး ဝင်ရောက်စွက်ဖက်မှုမရှိဘဲပင် ပဋိပက္ခ၏ ပြောင်းလဲမှုများကို ဩဇာသက်ရောက်နိုင်သော UWSA ၏ စွမ်းရည်ကို မြင်သာစေသည်။ ဗိုလ်စိုးနိုင်ဦးက “တပ်မတော်က ငြိမ်းချမ်းရေးလိုချင်လို့ တချို့ဟာလေးတွေမှာ အစွမ်းကုန် သည်းခံနေတာ" ဟု ပြောခဲ့သလို ဗိုလ်မင်းအောင်လှိုင် တက်ကာစက ဝကို ဖြိုရန် ကြုံးဝါးခဲ့ဖူးသည်။ သို့သော် မကျန်းမာသည့် ဝ အကြီးအကဲကို ကိုယ်တိုင်ယူလာသော ဆန်ပြုတ်တိုက်ရခြင်းသာ တွေ့ခဲ့ရပေသည်။

အခြားတော်လှန်ရေးအဖွဲ့များကို ထောက်ပံ့နေသော်လည်း UWSA သည် ၁၉၈၉ ခုနှစ် အပစ်အခတ် ရပ်စဲရေးနောက်ပိုင်း မြန်မာစစ်တပ်နှင့် တိုက်ရိုက်ရင်ဆိုင်ခြင်းမှ များစွာ ရှောင်ရှားခဲ့သည်။ ဤမဟာဗျူဟာမြောက် ထိန်းချုပ်မှုသည် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားကို လက်တွေ့ကျကျ နားလည်မှုမှ ဆင်းသက်လာသည်။ ပဋိပက္ခများ ပြန်လည်ဖြစ်ပွားပါက မြန်မာနိုင်ငံရှိ ၎င်းတို့၏ အရေးပါသော စီးပွားရေးရင်းနှီးမြှုပ်နှံမှုများကို ထိခိုက်စေပြီး ၎င်းတို့၏ ကြွယ်ဝချမ်းသာမှုကို အထောက်အကူပြုသော အမြတ်အစွန်းများသော ကုန်သွယ်ရေး လမ်းကြောင်းများကို ပျက်စီးစေမည်ဖြစ်သည်။ လက်ရှိအခြေအနေကို ထိန်းသိမ်းထားခြင်းသည် ပျက်စီးလွယ်သော အခြေအနေပင် ဖြစ်စေကာမူ ၎င်းတို့၏ လက်ငင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးသည်။

၂၀၀၈ အခြေခံဥပဒေတွင် ဝဒေသသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်သည်။ ၎င်းတို့သည် ကိုယ့်ဒေသ၊ ကိုယ်ပိုင်ဥပဒေ၊ ကိုယ်ပိုင်လက်နက်ကိုင်အင်အားအပြင် မြန်မာငွေကြေးပင်မသုံးဘဲ တရုတ်ယွမ်ငွေဖြင့်သာ လည်ပတ်သည်။ UWSA သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) တွင် လက်မှတ်မထိုး ထားပေ။ သို့သော် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFPC) ၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။ ရွေးကောက်ပွဲ လုပ်လိုလျှင် ဝဒေသသို့ သွားရောက် ညှိနှိုင်းရသည်။ သို့သော် ဝဒေသသည် ပြည်နယ်မဟုတ်သေးပေ။ အမျိုးသားပြည်နယ် ဖြစ်လာရန်လည်း အလိုရှိခဲ့ကြသည်။ သို့သော် ခွဲမထွက်ဟု ဆိုကြသည်။ စစ်အာဏာသိမ်းပြီး တနိုင်ငံလုံးမှ တော်လှန်မှုခံရသည့်နောက်တွင်မူ ဝကို ကိုယ်ပိုင်အုပ်ချုပ်ရေးရှိသည့် ပြည်နယ်အဆင့်တိုးပေးရန် ဗိုလ်မင်းအောင်လှိုင်က သဘောတူခဲ့ပြီးဖြစ်သည်။ တနည်းပြောလျှင် အခြေခံဥပဒေကို ပြင်ရန်၊ ပြင်လျှင် ဝအမျိုးသားရေး လိုလားချက် ထည့်သွင်းပြင်ဆင်ရန် ဗိုလ်မင်းအောင်လှိုင်က ကတိပေးလိုက်ရခြင်းပင် ဖြစ်သည်။ ဝတို့၏ နိုင်ငံရေး တောင်းဆိုချက်များသည် နိုင်ငံရေးအရ အကင်းပါးလှသည်ကို လေ့လာသင့်ကြသည်။

စစ်မှန်ပြီး ဘက်စုံလွှမ်းခြုံမှုရှိသော ငြိမ်းချမ်းရေးသဘောတူညီချက်သည် ဖက်ဒရယ်မူဘောင်အတွင်း ပိုမိုကြီးမားသော ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်အတွက် လမ်းခင်းပေးနိုင်သည်။ သို့သော်လည်း ပဋိပက္ခ၏ အဓိက အကြောင်းရင်းများကို မဖြေရှင်းနိုင်ပါက မတည်ငြိမ်မှုများ ပြန်လည်ဖြစ်ပွားစေပြီး ဝလူမျိုးများ ဘေးဖယ်ခံရမှု ပိုမိုဆိုးရွားလာနိုင်သည်။ ဆယ်စုနှစ်များစွာ ပဋိပက္ခနှင့် ခေါင်းပုံဖြတ်ခံရမှုတို့ကို ခံနိုင်ရည်ရှိခဲ့သော ဝလူမျိုးများသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်အတွက် ရည်မှန်းချက်များသည် ရှုပ်ထွေးသော နိုင်ငံရေးနှင့် ပထဝီနိုင်ငံရေးအခြေအနေ၏ လက်တွေ့ဘဝများဖြင့် လက်ရှိအထိ ဖြစ်ထွန်းနေပေသည်။
 


[1] လော်စစ်ဟန်တပ်သည် စစ်တပ်၏ ထောက်ပံ့မှုဖြင့် ဘိန်းကုန်သွယ်မှုတွင် ပါဝင်ခဲ့သည်။

[2] ညိုဝါရောင် ဟီရိုအင်းဆက်စပ်အမှုန့်

]]>
<![CDATA[နာဂလန်းရဲ့ ချင်းလူမျိုးများ]]>Wed, 18 Jun 2025 09:46:25 GMThttp://www.thecallingdigest.org/41264121414141434100415441524121415841124154411241214154415241164158410041514154-4101414041234157409641544101414041124121415441524121415541404152/chin_pollitical_history_mm(ယခုစာမှာ Draft မူကြမ်းဖြစ်၍ အချက်အလက်ကို နောက်ဆုံးအကြိမ် ပြန်လည်မစစ်ဆေးရသေးပါ။)

ချင်းလူမျိုးများသည် ဗမာ-အိန္ဒိယနယ်စပ်နဲ့ ဝန်းကျင်ဒေသများရှိ မြင့်မားသောတောင်တန်းများတွင် နေထိုင်ကြသောလူမျိုးစုများဖြစ်သည်။ ဘာသာစကားနှင့် ဒေသိယအသံအခွဲမျိုးစုံ ပြောဆိုကြပြီး နိုင်ငံအတွင်းမှာပင် ၄၄ မျိုးခန့် ကွဲပြားသည်ဟုဆိုသည်။ ခရစ်ယာန် သာသနာပြုများရောက်မလာချိန်အထိ စာပေထွန်းကားမှု မရှိခဲ့ပေ။ အများစုမှာ ခရစ်ယာန်ဘာသာ ကိုးကွယ်ကြသော်လည်း မြောက်ပိုင်း-တောင်ပိုင်း ယဉ်ကျေးမှုများ ကွဲပြားကြသည်။ ရှေးကဆိုလျှင် ရန်သူခေါင်းများကို ဖြတ်ယူစုဆောင်းသောချင်းများရှိသလို၊ ယောနယ်ဘက် ဆင်းကာ လူဖမ်းပြီး ခိုင်းစားသော၊ ငွေနှင့်ပြန်ရွေးခိုင်းသောချင်းများလည်းရှိသည်ဟု တွေ့ရသည်။

လူမျိုးလူထုဟူသည် ရိုးရိုးရှင်းရှင်း မျိုးရိုးဆင်းသက်မှု၊ သို့မဟုတ် အသားအရောင်ကိစ္စသက်သက်မျှ မဟုတ်ပေ။ ဇာတ်ကြောင်းများ၊ အမည်များ၊ သင်္ကေတများ၊ စုပေါင်းမျှဝေသည့် မှတ်ဉာဏ်များနှင့် မျှဝေခံစားရသော သမိုင်းအသိစိတ်တို့ စုစည်းပေါင်းစပ်ထားခြင်းဖြစ်သည်။ “ချင်းလူမျိုးတဦးကို ချင်းဖြစ်စေသောအရာ” ကို စူးစမ်းရာတွင် ဘာတွေကို တွေ့ရမည်နည်း။ Anthony D. Smith ၏ Ethnosymbolism သီအိုရီမှ ဆွဲထုတ်ကာ လူမျိုးသင်္ကေတအမြင်ကို သုံး၍ ရှုကြည့်မည်ဆိုလျှင် မျှဝေထားသောအမည်၊ ဘုံဆင်းသက်လာမှု ဒဏ္ဍာရီ၊ ဇာတိမြေနှင့်ဆက်နွယ်မှု၊ စုပေါင်းမှတ်ဉာဏ်၏ အုတ်မြစ်ရေခံမြေခံ၊ တူညီသည့် ယဉ်ကျေးမှုလက္ခဏာများ၊ စည်းလုံးသည့် စိတ်ဓာတ် တို့ကို ကြည့်ရမည်ဖြစ်သည်။ Benedict Anderson ပြောသကဲ့သို့ မျှဝေစဉ်းစားထားသည့် နိုင်ငံရေးအသိုက်အမြုံကိုလည်း ကြည့်ရမည်။ Gellner ပြောသကဲ့သို့ ယဉ်ကျေးမှု တူသူများ ဖြစ်သလား၊ မိမိတို့အချင်းချင်း လူမျိုးတူဟု စဉ်းစားသလား ဟုလည်း ကြည့်ရမည်။ ဤရှုထောင့်များသည် သဘောတရားအရ ကြွယ်ဝရုံသာမက ချင်းတို့အတွက်လည်း အရေးပါသည်။

ချင်းတို့၏ ရိုးရာအယူအဆဖြစ်သော Miphun (မျှဝေထားသောအမည်နှင့် ဘိုးဘွားစဉ်ဆက်) နှင့် ရမ်-Ram (ဇာတိမြေနှင့် သမိုင်း မှတ်ဉာဏ်) တို့တွင် နက်ရှိုင်းစွာ စွဲမြှုပ်ထားသည်။

မြန်မာ့လွတ်လပ်ရေးသည် ကတိပျက်မှုများ၊ စစ်အာဏာသိမ်းမှုများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အပြောင်းအလဲများ၊ ပြည်တွင်း၌ အိုးအိမ်စွန့်ခွာမှုများနှင့် နယ်ခြားဖြတ်ကျော် ရွှေ့ပြောင်းနေထိုင်မှုများဖြင့် ချင်းတို့အတွက် ကွဲပြားသော ဘဝအချိုးအကွေ့များ ပေါ်ထွန်းလာစေခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ ချင်းလူမျိုးများသည် ဌာနေဒေသခံ နိုင်ငံရေးအသိဝိဉာဉ်သာမက အခြားနိုင်ငံများတွင်ပါ ပြန့်ကျဲရောက်ရှိနေသော နိုင်ငံရေးအသိစိတ်တစ်ခုကိုလည်း တိုးတက်စေခဲ့သည်။ ပြည်ပရောက် ချင်းအသိုင်းအဝိုင်းများ (အထူးသဖြင့် အိန္ဒိယ၊ မလေးရှားနှင့် အနောက်နိုင်ငံများတွင် ရောက်နေကြသူများ) ကလည်း ချင်းလူမျိုးစု၏ အမှတ်အသားကို ထိန်းသိမ်းရာတွင်၊ ပြန်လည်ဖော်ထုတ်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ သူတို့လည်း မိမိတို့၏ သမိုင်းမှတ်တမ်းတင်သူများ၊ မိမိတို့၏ ကလေးများ၏ ပညာပေးသူများနှင့် မြန်မာနိုင်ငံရှိ ဖက်ဒရယ်စနစ်နှင့် လူ့အခွင့်အရေးအတွက် အလုပ်လုပ်သူများ ဖြစ်လာခဲ့သည်။

“ချင်း” ဟူသောအမည်သည် သွေးမျိုးဆက် သို့မဟုတ် အုပ်ချုပ်ရေးဆိုင်ရာ အညွှန်းသက်သက်မဟုတ်ပေ။ ယဉ်ကျေးမှုနှင့် စုပေါင်းကံကြမ္မာတို့နှင့် ဆက်စပ်ပေးသော သင်္ကေတတံတားတခု ဖြစ်သည်။ ၎င်း၏ ဝေါဟာရ အရင်းမြစ်ကို ချင်းလူမျိုးတို့၏ မူလအစဟုဆိုသော ဒဏ္ဍာရီလာ လှိုဏ်ဂူတစ်ခုဖြစ်သည့် ချင်းလွန်း (Chinlung)/ စင်းလွန်းခေါ် ဒေသ သို့ မကြာခဏ ပြန်ခြေရာခံလေ့ရှိသည်။ ဒေသိယစကားများနှင့် မျိုးနွယ်စုများအလိုက် ကွဲပြားမှုများစွာရှိသော်လည်း ဤဒဏ္ဍာရီသည် ချင်းတို့၏ အခြေခံသင်္ကေတအဖြစ် ကမ္ဘာမြေကြီးမှ ပေါ်ထွက်လာခြင်း၊ မွေးဖွားခြင်းနှင့် ဖြစ်တည်လာခြင်း လောကအမြင်တို့တွင် အံ့သြဖွယ်ကောင်းလောက်အောင် ရှိနေဆဲဖြစ်သည်။

ချင်းတို့၏ ရိုးရာဓလေ့များသည် ပါးစပ်သမိုင်းများနှင့် ရိုးရာပုံပြင်များဖြင့် ပြည့်နှက်နေသည်။ ရှေးစာဖြင့်ရေးသားထားသော မှတ်တမ်းမရှိခြင်းကြောင့် ပုံပြင်များ၊ သီချင်းများ (တွမ်ဘီးယား) နှင့် ရိုးရာဓလေ့များသည် ယဉ်ကျေးမှုဆိုင်ရာ မှတ်ဉာဏ်အဖြစ် လုပ်ဆောင်ခဲ့သည်။ ဥပမာအားဖြင့်၊ မီဇိုမျိုးနွယ်စု၏ ဟမာအုပ်စုသည် ယနေ့တိုင် သီဆိုနေဆဲ သီချင်းများတွင် “စင်လွန်း” ကို ၎င်းတို့၏ ဘိုးဘွားတို့၏ နေအိမ်အဖြစ် ရည်ညွှန်းကာ ၎င်းတို့၏ အိုးအိမ်စွန့်ခွာမှုနှင့် ညီညွတ်ရေးအတွက် တောင့်တမှုကို ထင်ဟပ်စေသည်။ ခူရမ်ကဲ့သို့သော ပူဇော်ပသခြင်းဆိုင်ရာ ရိုးရာဓလေ့များတွင်လည်း ချင်းလွန်းမှ လမ်းကြောင်းကို ရည်ညွှန်းသော အလားတူ ရည်ညွှန်းချက်များကို တွေ့ရှိရသည်။

ချင်းလူမျိုးတို့၏ မွေးရပ်မြေအဖြစ် ချင်းလွန်းကို ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်ခြင်းသည် နှုတ်ပြောစကား ရိုးရာပုံပြင်များတွင်သာ ရပ်မသွားပေ။ ဟရန်နောလ်နှင့် ဗမ်ဆွန်ကဲ့သို့သော ထင်ရှားသော ချင်းပညာရှင်များသည် လူမျိုးစုဆိုင်ရာလက္ခဏာအဖြစ် ပြခဲ့သည်။ Piate အမျိုးသားကောင်စီကဲ့သို့သော နိုင်ငံရေး အဖွဲ့အစည်းများသည် လူမျိုးစည်းလုံးညီညွတ်ရေးနှင့် အခွင့်အရေးများအတွက် တရားဝင်တောင်းဆိုမှုများတွင် ချင်းလွန်းကို စနစ်တကျ ထည့်သွင်းခဲ့သည်။ “ချင်း” ဟူသည် လူစု၊ အသိုက်အမြုံဟုပင် အဓိပ္ပာယ်ရသည်။  

ကိုလိုနီခေတ်သမိုင်းနှင့် ပြင်ပဘာသာဗေဒဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက်များက “ချင်းလူမျိုးဖြစ်မှု” ကို သက်ရောက်မှု ရှိခဲ့၏။ ဒေသဆိုင်ရာနှင့် ကိုလိုနီခေတ်သုံး စကားများတွင် “ခယန်”၊ “ကူကီ”၊ “လူရှိုင်း” နှင့် “ခေါင်” ကဲ့သို့သော ကွဲပြားမှုများ ‌တွေ့ခဲ့ရသည်။ ပြင်ပလူများက ဤအမည်များကို အသုံးပြုခဲ့သော်လည်း၊ “ချင်း” ဟူ၍ သတ်မှတ်ခြင်းသည် ၁၈၉၆ ခုနှစ် ချင်းတောင်တန်းဥပဒေတွင် ဤအသုံးအနှုန်းကို တရားဝင်အသိအမှတ်ပြုခြင်းဖြင့် ခိုင်မာလာခဲ့သည်။ ‘ချင်း’ ဟူသောအမည်သည် တကယ်တမ်း “လူ” ဟူသည့် မူလအစတွင် အခြေခံထားသော်လည်း၊ ချင်းလူထုအဖို့မူ ကိုလိုနီခေတ်နှင့် လွတ်လပ်ရေးရပြီးခေတ် စိန်ခေါ်မှုများကို ရင်ဆိုင်ရမည့် နိုင်ငံရေးဆိုင်ရာ အတွေ့အကြုံများနှင့် ရည်မှန်းချက်များကို ပုံဖော်ပေးခဲ့သည်။

လူမှုဗေဒပညာရှင် ကလစ်ဖို ဂီးရ့်ဇ် (Clifford Geertz) က လူမျိုးစုများသည် မျှဝေထားသော သွေး၊ နယ်မြေနှင့် ဒဏ္ဍာရီတို့မှ အမြစ်တွယ်သော မူလနှောင်ကြိုးများဖြင့် ချည်နှောင်ထားသည်ဟု ဆိုခဲ့သည်။ ချင်းလူမျိုးများအကြားတွင် ဤနှောင်ကြိုးများကို မျိုးဆက်များနှင့် ဘာသာစကားနယ်နိမိတ်များကို ဖြတ်ကျော်၍ ချင်းလွန်းဒဏ္ဍာရီကို တူညီစွာ တွေ့ရခြင်းက အားဖြည့်ပေးသည်။ ဥပမာအားဖြင့် မီဇို၏ ရာလ်တဲအုပ်စုသည် သဘာဝကမ္ဘာကို အနှောင့်အယှက်ဖြစ်စေသော ကြီးမားသော မှောင်မိုက်မှုကာလဖြစ်သည့် သင်မ်ဇင် (Thimzing) ကာလအတွင်း လူများပေါ်ထွက်လာပုံ ဇာတ်လမ်းကို လက်ဆင့်ကမ်းထားသည်။ ဂျေ ရှိတ်စပီးယား (J. Shakespear) သည် ၂၀ ရာစုအစောပိုင်းတွင် ဤပါးစပ်သမိုင်းများကို မှတ်တမ်းတင်ခဲ့ပြီး၊ ထိုဒဏ္ဍာရီများသည် ဇာတ်ကြောင်းဆိုင်ရာ စည်းလုံးမှုသာမက ဝိညာဉ်ပိုင်းဆိုင်ရာ အလေးအနက်ထားမှုကိုလည်း မည်သို့ပေးသည်ကို မှတ်သားခဲ့သည်။

အခြားကွဲပြားမှုများသည် ဤဒဏ္ဍာရီတွင် အလွှာများထပ်ထည့်ခြင်းဖြစ်သည်။ မာရာမျိုးနွယ်စုသည် မြေကြီးမှ ပေါ်ထွက်လာသော လူထုကို ၎င်းတို့၏အမည်များကို မည်မျှကျယ်လောင်စွာနှင့် ယုံကြည်မှုရှိရှိ ကြေငြာသည်အပေါ် မူတည်၍ ဘုရားသခင်က ကန့်သတ်ထားပုံ ပုံပြင်ရှိသည်။ ဆူညံသံနည်းပါးစွာ ပေါ်ထွက်လာသော “လူရှိုင်း” လူမျိုးများအား ကမ္ဘာပေါ်တွင် လူဦးရေတိုးပွားရန် အချိန်ပိုပေးခဲ့သည်။ မျိုးနွယ်စုများအကြား လူဦးရေကွာခြားမှုကို ရှင်းပြချက်တခုဖြစ်သည်။ ထို့အပြင် ယင်းပုံပြင်များ ပျောက်ဆုံးသွားသည့် လူမျိုးစုများလည်း ရှိနိုင်သည်။

ဤကွဲပြားမှုများရှိသော်လည်း၊ လှိုဏ်ဂူ သို့မဟုတ် မြေအောက်မူလအစမှ ပေါ်ထွက်လာခြင်း၏ အကြောင်းအရာသည် ဆက်လက်တည်ရှိနေသည်။ အချို့ရိုးရာဓလေ့များသည် ၎င်းကို ခူလ် (Khul)၊ ခူရ် (Khur)၊ လွန်ကွာ (Lung-kua) စသည်ဖြင့် ခေါ်သော်လည်း၊ အားလုံးသည် သင်္ကေတအရ တူညီသည့် မွေးဖွားမှုတခုအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ အားလုံး အတူတကွ နေရာတခုမှ လာကြသည်ကိုလည်း ဖော်ပြသည်။ ဧရာမမြွေကြီးနှင့် ရေလွှမ်းမိုးမှု၏ ဒဏ္ဍာရီကဲ့သို့သော ကွဲပြားခြားနားသော ချင်းပုံပြင်များပင်လျှင်၊ နောက်ဆုံးတွင် တခုတည်းသော မူလအစကို အတည်ပြုရင်း ပြန့်ကျဲသွားခြင်းကို ရှင်းပြရန် ကြိုးစားကြခြင်းဖြစ်သည်။

ထိုဒဏ္ဍာရီများကို အမှန်တကယ် ပထဝီဝင်ဆိုင်ရာ ဖြစ်ရပ်များနှင့် ဆက်စပ်နေနိုင်သည်။ ဟတ်တန်နှင့် ဂန်တဲကဲ့သို့သော ပညာရှင်များသည် ဤဒဏ္ဍာရီများသည် ချင်းတွင်းမြစ် ရေလွှမ်းမိုးခြင်းကဲ့သို့သော သဘာဝ ဘေးအန္တရာယ်များကို ရည်ညွှန်းနိုင်ပြီး၊ ထိုရေလွှမ်းမိုးမှုကြောင့် ချင်းတွင်းနား အစောပိုင်းအခြေချနေထိုင်သူများ ပြန့်ကျဲသွားခဲ့မှုကို ပြောသည်ဟု ခန့်မှန်းခဲ့ကြသည်။ ဤသမိုင်းအမြင်ကို လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ၊ ဒဏ္ဍာရီ၏ စိတ်ပိုင်းဆိုင်ရာနှင့် ယဉ်ကျေးမှုဆိုင်ရာ လွှမ်းမိုးမှုသည် အတူတူပင်ဖြစ်ပေသည်။ ကမ္ဘာသို့ အတူတကွ ပေါ်ထွက်လာခြင်း စုပေါင်းယုံကြည်မှုအပေါ် အခြေခံသော မျှဝေခံစားရသည့် ဘိုးဘွားစဉ်ဆက်တူညီကြသည့် ခံစားချက်ကို မြှင့်တင်ပေးသည်။

ဇာတိမြေနှင့် ဆက်နွယ်မှုနှင့် မျှဝေခံစားရသော သမိုင်း မှတ်ဉာဏ်သည်လည်း ချင်းတို့တွင် အချင်းချင်း နီးကပ်စွာ ဆက်စပ်နေသည်။ ချင်းတို့၏ ရမ် (Ram) အယူအဆသည် နယ်မြေအပေါ် အခြေခံရုံသာမက အတိတ်ကာလ ရုန်းကန်မှုများ၊ ရွှေ့ပြောင်းနေထိုင်မှုများနှင့် အောင်မြင်မှုများ၏ စုဆောင်းထားသောမြေ ပထဝီ မှတ်ဉာဏ်ကိုလည်း သွင်းထားသည်။ ကမ္ဘာပေါ်ရှိ ဌာနေတိုင်းရင်းသား အများအပြားအတွက် မြေသည် အဓိပ္ပာယ် ရှိကြသည်။ ချင်းတို့အတွက်လည်း ဇာတိမြေသည် မြေကွက်အကန့်အသတ်တစ်ခုမဟုတ်ဘဲ အဓိပ္ပာယ်များဖြင့် ပြည့်နှက်နေသော သမိုင်းဝင်နေရာတစ်ခုဖြစ်သည်။ ဒဏ္ဍာရီလာ ချင်းလွန်းဖြစ်စေ၊ မြန်မာနိုင်ငံအနောက်ပိုင်း တောင်တန်းများဖြစ်စေ၊ မီဇိုရမ်နှင့် မဏိပူရပြည်နယ်များ၏ ကုန်းမြင့်များဖြစ်စေ၊ ဇာတိမြေသည် ရိုးရာဓလေ့၊ ပါးစပ်ရာဇဝင်နှင့် ဇစ်မြစ်ဆိုင်ရာဘဝအသိတို့မှတဆင့် အသက်ဝင်သော မှတ်ဉာဏ်ရှုခင်းတခုအဖြစ် တည်ရှိသည်။ ရမ် (Ram) အယူအဆသည် ရုပ်ပိုင်းဆိုင်ရာနှင့် နာမ်ပိုင်းဆိုင်ရာတို့ကို ပေါင်းစပ်ကာ ပုံပြင်များနှင့် ဝိညာဉ်ရေး ပူဇော်သက္ကာယပြုခြင်းများမှတဆင့် လူတို့ကို ပထဝီမြေပံသုနှင့် ချည်နှောင်ထားသည်။

ခေတ်သစ်နိုင်ငံများအတွက် မြေသည် အမြတ်ထုတ်ရမည့်နေရာ၊ ပိုင်ဆိုင်ရန် အကွက်ရိုက်ရသည့် နေရာ၊ စီးပွားရေးလုပ်ရန် ရှင်းလင်းရမည့်နေရာ ဖြစ်သော်လည်း ကမ္ဘာ့ဌာနေတိုင်းရင်းသား အများအပြားသည် ယခုကဲ့သို့ မိမိတို့မြေကို စီးပွားရေးပိုင်ဆိုင်မှုတခုအဖြစ်လျှော့ချခြင်းသည် ရွံမုန်းဖွယ်ရာဖြစ်သည်ဟု မြင်ကြသည်သာဖြစ်၏။

ပါးစပ်ရာဇဝင်များတွင်ရှိခဲ့ပြီး ချင်းပညာရှင်များ၏ ရေးသားထားသော စာပေများတွင် တဖြည်းဖြည်း ထွန်းလင်းလာသည့် သမိုင်းမှတ်ဉာဏ်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် တိုက်ပွဲများ၊ ကိုလိုနီအင်အားစုများကို ခုခံတော်လှန်မှုများနှင့် လူမျိုးစုစည်းလုံးညီညွတ်ရေးအတွက် ရုန်းကန်မှုများ ပါဝင်သည်။ ဤမှတ်ဉာဏ်များသည် ဖြစ်ရပ်များကို သာမန်စကားဝိုင်းလို ပြန်လည်ပြောပြခြင်းမဟုတ်ဘဲ၊ လက်ရှိနှင့် အနာဂတ်မျိုးဆက်များအတွက် ကိုယ်ကျင့်တရားနှင့် တည်ရှိမှုဆိုင်ရာ ဘောင်များကို ပေးအပ်ကာ ၎င်းတို့ကို အဓိပ္ပာယ်ဖွင့်ဆိုသည်ဟု မြင်ရမည်။

နိုင်ငံရေး မှတ်ဉာဏ်သည်လည်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်။ အိန္ဒိယနှင့် မြန်မာနိုင်ငံအတွင်း ဖက်ဒရယ်အရ အသိအမှတ်ပြုမှုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့အတွက် တောင်းဆိုမှုများသည် ဤမျှဝေခံစားရသော မှတ်ဉာဏ်များနှင့် ဒဏ္ဍာရီများကို မကြာခဏ ရည်ညွှန်းကြသည်။ စိတ်ခံစားမှုအတွက်သာမက တရားဝင်မှုကို အခိုင်အမာအဆိုပြုနှင့် တရားမျှတမှုကို တောင်းဆိုရန်ဖြစ်သည်။ ဥပမာအားဖြင့်၊ အိန္ဒိယ-မြန်မာနယ်စပ်တလျှောက် ချင်းလူမျိုးများကို စည်းလုံးညီညွတ်စေရန် တောင်းဆိုမှုများသည် မျှဝေခံစားရသော ဆင်းရဲဒုက္ခနှင့် မူလအစ၏ သမိုင်းဆိုင်ရာ ဇာတ်ကြောင်းများကို အခြေခံသည်။ ရမ် (Ram) သည် မြေယာ သို့မဟုတ် နယ်မြေအကြောင်းသာမက မျှဝေခံစားရသည့် ဘုံသမိုင်းကြောင်းတွင် စုပေါင်းပါဝင်ခြင်း အကြောင်းလည်း ဖြစ်သည်။ ပထဝီ နေရာတခုတွင်သာမက ယင်း၏ဇာတ်ကြောင်းပေါ်တွင်လည်း အခြေခံထားသည်။

ချင်းရွာများတွင် သာမန်လူတန်းစားများနှင့် ဦးဆောင်သူများဟူ၍ ကွဲပြားရှိတတ်သည်။ အုပ်ချုပ်မှုမှာ ရမ်အုပ် ခေါ် နယ်ရှင်ကြီးများသဖွယ်စနစ်ကို သုံးစွဲနိုင်သလို အကြီးအကဲအဖွဲ့ကောင်စီဖြင့် အုပ်ချုပ်သည့် တပိုင်းဒီမိုကရေစီစနစ်လည်း ရှိသည်။ ရှေးယခင်က အချို့သော အသိုက်အဝန်းများတွင် ကျွန်များပိုင်ဆိုင်သည်။ ယင်းကျွန်များမှာ စစ်သုံ့ပန်းများ၊ အကြွေးပေးချေသည့် အနေဖြင့် ကျွန်ဖြစ်လာသူများ၊ ကလဲ့စားချေခံရခြင်းမှ ရှောင်ကြဉ်ရန် အကာအကွယ်အဖြစ် ခေါ်ထားသူများ ဖြစ်ကြသည်။ ဦးဆောင်သူတို့အိမ်မှ အမျိုးသမီးများသည် မျိုးရိုးအလိုက် ကျွန်ဖြစ်တတ်သည်။ ရှေးအခါကမူ ဦးဆောင်သူတို့အတွက် အိမ်ဆောက်ခြင်း၊ လယ်ယာ စိုက်ပျိုးခြင်းတို့ကို ရွာသားများအား အလကားလုပ်ခိုင်းတတ်သော်လည်း နှောင်းခေတ်များတွင် ထိုအလေ့များ မရှိတော့ပေ။ အချို့မျိုးနွယ်စုများတွင် သေဆုံးသောအခါ ဈာပနအခမ်းအနားတွင် ပိုင်ဆိုင်မှုများကို ဖော်ပြပြီး ဘဝတွင် မည်မျှဖွံ့ဖြိုးခဲ့သည်အားသိကြရသည်ဟု ဆိုသည်။

သမိုင်းအားဖြင့် ကံရာဇာကြီးမင်း၊ ရခိုင်ဘုရင် မင်းဖလောင်း၊ ဘုရင့်နောင်၊ အလောင်းဘုရားနှင့် ကုန်းဘောင်ဘုရင်တို့၏ စာရင်းများတွင် ချင်းလူမျိုးများအမှုထမ်းခြင်းကို မြင်ရသည်။ သို့သော် ချင်းလူမျိုးသည် မျိုးနွယ်စုများစွာရှိပြီး ဘာသာစကားပင်အလွန်ကွဲပြားရာ ယင်းဘုရင်တို့ထံ အမှုထမ်းသောချင်းများမှာ တီးတိန်၊ ကလေးဘက်ဝန်းကျင်မှ ချင်းမျိုးနွယ်စုများကသာ အများစု ဖြစ်မည်ဟု ယူဆရသည်။ ဖာသာ Sangermono ကမူ သူ၏ The Burmese Empire ဟူသော စာအုပ်တွင် ယောလူမျိုးများသည် အချိန်ကြာလာသည်နှင့်အမျှ ဗမာဖြစ်သွားသော ချင်းများ ဖြစ်တန်ရာသည်ဟု ဆိုသည်။ ချင်းမျိုးနွယ်စုအချင်းချင်း တိုက်ခိုက်ကြသော ကာလလည်း ရှိသည်။ ရခိုင်၊ ဗမာ၊ သျှမ်း အုပ်ချုပ်သူများ၊ စော်ဘွားများနှင့် ဖြစ်ကြသော စစ်ပွဲများလည်း ရှိလေသည်။ ဗြိတိသျှတို့က ရခိုင်၊ အာသံနှင့် မဏိပူရတို့ကို သိမ်းသောအခါ ယင်းဒေသမှ ချင်းတို့လည်း အပါအဝင်ဖြစ်သော်လည်း ချင်းတောင်တန်းကိုမူ အာဏာချက်ချင်းမရောက်ပေ။ ပလက်ဝ ဒေသဘက်ကိုပင် ၁၈၄၁ မှသည် ၇ နှစ်တိုင်တိုင် တိုက်ရပေသည်။

မီဇိုလူမျိုးစုများက Zolûti ဟုလည်းကောင်း ခေါ်ဝေါ်သော စကော့တလန်သူလေး Mary Winchester (နောက်ပိုင်းတွင် Mary Innes Howie ) သည် အာသံပြည်နယ်၊ ကချာဒေသရှိ ဗြိတိသျှ လက်ဖက်ခြံမန်နေဂျာ ဂျိမ်းစ် ၀င်ချက်စတာ၏ တရားမဝင်သမီးငယ်ဖြစ်သည်။ ၁၈၇၁ ခုနှစ် ဇန်နဝါရီလတွင် သူမသည် ခြောက်နှစ်ပြည့်ခါနီးပြီး ဗြိတိန်နိုင်ငံသို့ ပညာသင်ကြားရန် စေလွှတ်ခံရတော့မည့်အချိန်တွင် အလက်ဇန္ဒြာပူရ စိုက်ခင်း၌ နှုတ်ဆက်ပွဲတစ်ခု ကျင်းပခဲ့သည်။ ဥယျာဉ်ထဲတွင် လမ်းလျှောက်နေစဉ် ဗြိတိသျှတို့ကို ကျူးကျော်သည်ဟု မြင်သော အိန္ဒိယရှိ Mizo စစ်သည်များက ရုတ်တရက်စီးနင်းတိုက်ခိုက်ခံခဲ့ရသည်။ သူမ၏ဖခင်ကို သေစေလောက်သည့်အထိ ပစ်ခတ်ကာ မေရီကို သေလုမျောပါးဖြစ်နေသော ဂျိမ်းစ်လက်မှ ဆွဲထုတ်သွားခဲ့သည်။ ထိုစီးနင်းဝင်ရောက် တိုက်ခိုက်မှုတွင် အခြားသူများလည်း သေဆုံးခဲ့ပြီး မေရီအပါအဝင် အချို့ကို ဓားစာခံအဖြစ် ဖမ်းဆီးသွားခဲ့သည်။ ထို့နောက် မေရီအား ရွာလူကြီးတဦး၏ဇနီးဖြစ်သူ Pi Tluangi ၏ စောင့်ရှောက်မှုအောက်တွင် ထားရှိခဲ့သည်။ သူမသည် မေရီအား အလွန်ကြင်နာစွာ ဆက်ဆံကာ အစားအစာ၊ အဝတ်အစားနှင့် အရုပ်များ ပေးခဲ့သည်။ ဗြိတိသျှ ရှာဖွေရေးအဖွဲ့ ရောက်ရှိလာသည်ဟူသော သတင်းများ ပြန့်နှံ့လာသောအခါ Mizo စစ်သည်အချို့သည် မေရီကို သတ်ရန် စဉ်းစားခဲ့ကြသော်လည်း Pi Tluangi က သူမကို ကာကွယ်ခဲ့သည်။ မေရီ ပြန်ပေးဆွဲခံရသည့်သတင်းသည် ဗြိတိန်နိုင်ငံသို့ ရောက်ရှိသွားပြီး မိုရေးနှင့် နာအန်းမှ လွှတ်တော်အမတ်သည် ထိုကိစ္စကို ဗစ်တိုးရီးယားဘုရင်မထံ တင်ပြခဲ့ရာ ၁၈၇၁ ခုနှစ် အောက်တိုဘာလတွင် ဗြိတိသျှ ကိုလိုနီအစိုးရက လူရှိုင်းစစ်ဆင်ရေးကို စတင်ခဲ့သည်။ ဗြိတိသျှတပ်ဖွဲ့များသည် Mizo ရွာများကို တစ်ရွာပြီးတစ်ရွာ သိမ်းပိုက်ပြီးနောက် ၁၈၇၂ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ဆိုင်လမ်ရွာမှ မေရီ ၀င်ချက်စတာကို ကယ်တင်နိုင်ခဲ့သည်။ ကယ်တင်ချိန်တွင် ကလေးမလေးသည် ချင်းတဦးပမာ ပြုမူဆက်ဆံနေပြီး ဗြိတိသျှတို့ကို "နိုင်ငံခြားသားတွေ" ဟုပင် ပြန်ခေါ်ဝေါ်ခဲ့သည်ဟု ဆိုသည်။ ဤဖြစ်ရပ်သည် မီဇိုရမ်တွင် ဗြိတိသျှအုပ်ချုပ်မှု စတင်ခြင်းကို ဖြစ်စေခဲ့ပြီး ထိုဒေသသို့ ခရစ်ယာန်သာသနာပြု မစ်ရှင်နရီများ ရောက်ရှိကာ ခရစ်ယာန်ဘာသာကို မိတ်ဆက်ရန်အတွက်လည်း သွယ်ဝိုက်သောအားဖြင့် လမ်းဖွင့်ပေးခဲ့သည်။

မြန်မာဘက် ယနေ့ဖလမ်းမြို့အနီးသည် နဂိုက တာဆွန်ရွာဖြစ်ပြီး ချင်းလူမျိုးများ၏ ဦးဆောင်ဒေသ ဖြစ်သည်။ အကြီးအကဲငါးဦးပါသော တာဆွန်ကောင်စီရှိပြီး ကလေး-ကဘော်နယ်မှ စော်ဘွားများပင် တာဆွန်ကောင်စီကို အခွန်ဆက်ကြသည်ဟု ဆိုသည်။ တာဆွန်တို့သည် ချင်းအင်အား ၁၀,၀၀၀ ခန့်ကို ချက်ချင်းဆင့်ခေါ်နိုင်သည်ဟု ဗြိတိသျှမှတ်တမ်းတွင် တွေ့ရသည်။ ဗမာဘုရင်၏ အာဏာစက်အောက် မဟုတ်ပေ။ 

၁၈၈၈ ခုနှစ် ဇန်နဝါရီတွင် တာဆွန်မင်းကြီးကြွန်ဘိ (ဗိုလ်ဆွန်ပက်) သည် ဗြိတိသျှ Capt. Raikes နှင့်တွေ့ဆုံသည်။‌ မူလစော်ဘွားကိုဖြုတ်ချပြီး ဗြိတိသျှတို့ အသစ်ခန့်သော ကလေး-ကဘော်စော်ဘွားတို့အား တာဆွန်တို့မှ အသိအမှတ်ပြုရန်၊ မြေပြန့်သို့ ချင်းများတိုက်ခိုက်နေသည့် အကြောင်း၊ ကုန်သွယ်ရေးအကြောင်း၊ စစ်တကောင်းဘက် ဖြတ်သန်းသွားနိုင်မည့် လမ်းအကြောင်း စသည်တို့ကို လေးနာရီခန့်ကြာ ဆွေးနွေးသည်။ တာဆွန်ကောင်စီတွင် ဆွေးနွေးမည့်အကြောင်း ကြွန်ဘိကပြောကာ သူလျှိုမလွှတ်ရန်၊ ဗြိတိသျှတို့ကို သတိပေးပြီး လက်ဆောင်မယူပဲ ပြန်ရန်ပြင်သည်။ ဗြိတိသျှတို့က အမြှောက်ပစ်ပြကာ ခြိမ်းခြောက်လိုက်သည့် အခါ ကြွန်ဘိသည် ဗြိတိသျှတို့ကိုမယုံကြည်တော့ပေ။ 

ဇန်နဝါရီအကုန်တွင် ထောင်ပြေးလာသော ရွှေဂျိုးဖြူမင်းသားနှင့် ယခင်ကလေးစော်ဘွား မောင်ရစ်တို့ တာဆွန်ဘက်သို့ခိုလှုံလာသည်။ မတ်လပိုင်းတွင် ဗြိတိသျှတို့တင်ခဲ့သော ကလေးစော်ဘွားထံ တာဆွန်နှင့် စီးယင်းစစ်သည်များ ချီတက်သွားကာ ပူးပေါင်းရန်ဖိအားပေးသည်။ ချင်းတို့သည် စည်းရုံးလာကြပြီး ဗြိတိသျှကို တိုက်လိုကြသည်။ ကြွန်ဘိကမူ အခြေအနေကို လေ့လာရန်ပြောပြီး တာဆွန်နယ်အားမသိမ်းရန် ဗြိတိသျှကိုယ်စားလှယ်ထံ လက်ဆောင်များပို့ကာ ညှိနှိုင်းသည်။ ရွှေဂျိုးဖြူမင်းသားအား မင်းလယ်တောင်တွင် ထားခဲ့သည်။ သို့သော် မင်းလယ်တောင်မှ ချင်းတပ်သားတို့သည် ရွှေဂျိုးဖြူ၊ မောင်သာဒွန်းတို့နှင့်ပေါင်းကာ မြေပြန့်အားသွားတိုက်ကြသလို စီးယင်းစစ်သည်များကလည်း တိုက်ကြသည်။ ၁၈၈၈ အောက်တိုဘာတွင်မူ တာဆွန်စစ်သည်တို့ ကံကြီးနှင့် လောင်းရှည်ရွာများသို့ ချီတက်ခဲ့သည်။ ဗမာတပ်သားတို့က စစ်ကိုင်းဘက် စစ်ထိုင်ကြရာ ဗြိတိသျှတို့က ရွှေဂျိုးဖြူမင်းသားနှင့် စော်ဘွားဟောင်းကို ဗြိတိသျှတို့က တောင်းသော်လည်း တာဆွန်တို့ ထုတ်မပေးပေ။ ထိုသို့နှင့် ဗြိတိသျှတို့က စစ်ဆင်ရေးခင်းပြီး ချင်းလူမျိုးများကို ဗြိတိသျှ အုပ်ချုပ်မှုအောက်သို့ သွတ်သွင်းရန် ဆုံးဖြတ်ကြပေသည်။

စီးယင်းနယ်ကို သိမ်းပိုက်ရန် စီးယင်းနယ်လမ်းများ စဖောက်ကြသည်။ လမ်းဖောက်သူတို့ကို ချင်းတို့တိုက်သလို နောက်စခန်းများကိုလည်း တိုက်ကြသည်။ ဗြိတိသျှနိုင်ငံရေးအရာရှိ Mr. Carey က ချင်းတို့ စစ်ရေးကျွမ်းကျင်တာ သိသာတယ်ဟု မှတ်တမ်းတင်ခဲ့သည်။ General George White က တိုက်ဖူးသမျှ စစ်ပွဲတွေထဲ အနိုင်ရဖို့ အခက်ဆုံးတိုက်ပွဲတွေပါပဲဟု ပြောခဲ့လေသည်။ ၁၈၈၉ မေတွင် ရှာလ်လုမ်းခံတပ် တိုက်ပွဲဖြစ်သည်။ 

ဗြိတိသျှတိုက်စစ်ကို စီးယင်း-တာဆွန်တပ်များက ပြန်လည်ခုခံသော်လည်း ဗြိတိသျှတို့ အနိုင်ရပြီး ရွာများကို မီးရှို့ပစ်ခဲ့သည်။ အနောက်ဘက်ချင်းတောင်တန်းဒေသတွင်လည်း စစ်ပွဲများဖြစ်ပွားသည်။ အသေအချာပြင်ဆင်ပြီး ၁၈၈၉ ဒီဇင်ဘာတွင် ထပ်မံဖိတိုက်ပြီး တာဆွန်ကောင်စီကို လက်နက်ချရန် ဖိအားပေးသည်။ လက်နက်ချင်းမမျှသည်ကို သိသော်လည်း အုပ်ချုပ်မခံလိုသလို အစိုးရအဖြစ် အခွန်ပေးရမည်ကို မလိုသဖြင့် တာဆွန်အကြီးအကဲ ပူကြွန်ဘိခ်က (ဗိုလ်ဆွန်ပက်) က ဦးဆောင်ကာ ၁၈၉၀ မတ်လ ၁၁ မှသည် စစ်တိုက်ရန်ပြင်ကြတော့သည်။ ချင်းတောင်တန်းအရပ်ရပ်မှ ဖလမ်းတွင်စုစည်းကာ ဗြိတိသျှတို့ကို တော်လှန်သည်။ ထိခိုက်မှုများ များလွန်းလှသဖြင့် တာဆွန်အကြီးအကဲတို့က လူများစွာ သေကြေရခြင်းထက် အခွန်ဆောင်ခြင်းသာ ပြုရန်ဆုံးဖြတ်လိုက်သည်။ နှစ်စဉ်ပေးရမည်မှာ များလွန်းသဖြင့် သုံးနှစ်တခါပေးရရန် ညှိနှိုင်းခဲ့သည်။ ရွှေဂျိုးဖြူမင်းသားကိုမူ ထုတ်မပေးခဲ့ပေ။ 

တာဆွန်ချင်းတို့သည် ကလေး-ကဘော်နယ်များကို ဗြိတိသျှတို့အား မပေးလိုသဖြင့် တောက်လျှောက် ခုခံခြင်းများ ရှိသည်။ ချင်းတို့နှင့် ခွဲမရသည့် သေနတ်များကို သိမ်းဆည်းခြင်းတို့ကြောင့် တိုက်ပွဲများ ထပ်ဖြစ်ပြန်သည်။ သို့နှင့် ၁၈၉၂ တွင် အခွန်ဆက်စနစ်ကိုဖျက်ကာ ဗြိတိသျှတို့က ဖလမ်းကို မတ်လ ၁၄ မှစကာ တိုက်ရိုက်အုပ်ချုပ်သည်။ ဝိတိုရိယ ဘုရင်မကြီး၏ အာဏာစက်အောက် ရောက်ရှိသွားပြီဖြစ်ကြောင်း တာဆွန်အကြီးအကဲများထံ အကြောင်းကြားလိုက်သည်။ ဖလမ်းသည် အစိုးရရုံးစိုက်ရာမြို့တော် ဖြစ်ခဲ့သည်မှာ ၁၉၆၅ ခုနှစ်ထိဖြစ်ပြီး နောက်မှသာ ဟားခါးမြို့ကို မြို့တော် အဖြစ် ပြောင်းရွှေ့သတ်မှတ်ခြင်းဖြစ်ပေသည်။ တပိုင်းဒီမိုကရေစီစနစ် (သို့မဟုတ် ပရိုတိုဒီမိုကရေစီစနစ်) ဆန်သည့် ချင်းအုပ်ချုပ်ရေးကို ပယ်ဖျက်သည့်တိုင် ဒေသအုပ်ချုပ်ရေးကို ဒေသအကြီးအကဲများသာ အပ်နှင်းသလို တာဆွန်နယ်အားလည်း တာဆွန်မင်းကြီး ကြွန်ဘိခ်ကိုသာ ဆက်အုပ်ချုပ်စေသည်။ ချင်းမျိုးနွယ်စုများ၏ ပျောက်ကြားစစ်ကတော့ ဆက်လက်တည်ရှိ သလို ဆွမ္မရာတောင်တန်းတခုလုံးကိုတော့ ၁၉၁၀ မှသာ ထိန်းချုပ်နိုင်သည်ဟု ဆိုနိုင်သည်။ အချို့မျိုးစုများကလည်း လက်နက်ဆက်ကိုင်ထားခဲ့သည်။

၁၈၉၆ တွင် ဗြိတိသျှတို့က ချင်းတောင်တန်းအုပ်ချုပ်ရေးစည်းမျဉ်းဖြင့် အုပ်ချုပ်ခဲ့သည်။ အချို့ချင်းများက ဗြိတိသျှအောက်တွင် အမှုထမ်းသလို၊ အဆင်ပြေကြသော်လည်း အချို့ကမူ ယဉ်ကျေးမှုများ ရုတ်သိမ်းခံရခြင်း၊ အခွန်များခြင်းနှင့် လူများအခြားနိုင်ငံသို့ အလုပ်သမားများအဖြစ်လည်းကောင်း၊ စစ်သားများဖြင့်လည်းကောင်း အပို့ခံရခြင်းကို လုံးဝမကျေနပ်ကြပေ။ ထို့ကြောင့်လည်း ၁၉၁၄ တွင် ခေါင်လီပုန်ကန်မှု၊ ၁၉၁၇ တွင် Zalengam ပုန်ကန်မှု၊ ၁၉၁၈ တွင် မင်းတပ်ပုန်ကန်မှု၊ ၁၉၁၉ တွင် ဟားခါးပုန်ကန်မှု၊ ၊ ၁၉၄၃ တွင် Vaipei ပုန်ကန်မှု၊ စသည်ဖြင့် အကြိမ်ကြိမ်ဖြစ်လေသည်။ ဗြိတိသျှတို့လည်း ပုန်ကန်သူများကို စစ်အင်အားများစွာဖြင့် တိုက်ခိုက်ခြင်း၊ သေဒဏ်၊ ထောင်ဒဏ်ချခြင်း၊ မျိုးနွယ်တူများဆီ မပြန်စေပဲ ထိန်းသိမ်းခြင်းများ မျိုးစုံပြုလေသည်။

၁၉၃၃ တွင် မင်းတပ်၌ ချင်းအမျိုးသားများ စည်းလုံးညီညွတ်ရေးအဖွဲ့ကို နိုင်ငံရေးအဖွဲ့အနေဖြင့် ဖွဲ့စည်းသည်။ ဗြိတိသျှအမှုထမ်းဟောင်း ဦးဝမ္မသူးမောင်က ဦးဆောင်သည်။ ၁၉၃၈ ခုနှစ်တွင် ဝမ္မသူးကျေးရွာတွင် ချင်းအမျိုးသားများ စည်းလုံးညီညွတ်ရေးအဖွဲ့ တတိယအကြိမ် ညီလာခံကို  ကျင်းပခဲ့ပြီး တောင်းဆိုချက် ကိုးချက်ကို အင်္ဂလိပ်အစိုးရထံ ကိုယ်စားလှယ်စေလွှတ်၍ တောင်းဆိုသည်။ အင်္ဂလိပ်အစိုးရနှင့် ချင်းအမျိုးသားများ စည်းလုံးညီညွတ်ရေးအဖွဲ့တို့ ၁၉၄၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် ကန်ပက်လက်မြို့၌ တွေ့ဆုံဆွေးနွေးခဲ့ရာ လူထုကိုယ်စားလှယ် သုံးထောင်ကျော် တက်ရောက်ခဲ့သည်။ ထိုဆွေးနွေးပွဲတွင် တောင်းဆိုချက်များကို ပယ်ချခဲ့ပြီးနောက် ချင်းအမျိုးသားများ စည်းလုံးညီညွတ်ရေးအဖွဲ့ကို မတရားအသင်း ကြေညာပြီး ခေါင်းဆောင် ကိုးဦးကိုပါ ဖမ်းဆီးခဲ့သည်။ တိုက်နယ်ဥက္ကဋ္ဌ ၃၆ ဦးတို့ နယ်ပိုင်ဝန်ထောက်ထံ ရာထူးခန့်စာများကို ပစ်ပေါက်အပ်နှံကာ ရာထူးမှ နုတ်ထွက်ခဲ့ကြသည်ဟု ဆိုပါသည်။ ဦးဝမ္မသူးမောင်သည် သခင်အောင်မောင်း အမည်ဖြင့်လည်း လှုပ်ရှားခဲ့ရာ ထောင်မှလွတ်သည့်အခါတွင်လည်း ဗမာ့လွတ်မြောက်ရေး တပ်မတော်ဘက်သို့ ချင်းရဲဘော် ၆၀၀ ကျော်မျှ ပို့ပေးဖူးသည်ဆိုပါသည်။

ဗြိတိသျှတို့လက်အောက်အမှုထမ်းသော ချင်းများတွင် ပထမကူကီးလေဗီးတပ် (၁၈၄၉)၊ ဒုတိယကူကီး လေဗီးတပ် (၁၈၈၀)၊ ခေါင်ဆိုင်တပ်ရင်း (၁၈၇၅)၊ ချင်းတောင်စစ်ပုလိပ်အဖွဲ့ (၁၉၀၈) တို့ရှိသလို ပြင်သစ် စစ်မြေပြင်၊ ပါလက်စတိုင်းစစ်မြေပြင်၊ မက်ဆိုပိုတေးမီးယားစစ်မြေပြင်များသို့ ပို့သော ချင်းမျိုးနွယ်စုများ၏ အလုပ်သမားတပ်ရင်း (၁၉၁၇) လည်း ရှိလေသည်။   ဗမာလက်နက်ကိုင်တပ်ရင်း ၁၀ ရင်းတွင်လည်း ကရင်၊ ကချင်၊ ချင်းများစွာ ပါဝင်လေသည်။ ဂျပန်တို့နှင့် တိုက်ခိုက်သည့် သေနတ်ကိုင်တပ်ရင်းများတွင် ချင်းတို့များစွာပါဝင်သည်။ မူလက ၁၈၉၄ တွင်ဖွဲ့သော Burma Military Police Battalion သည် အိန္ဒိယမှ ဗမာနိုင်ငံကို ခွဲထုတ်အုပ်ချုပ်သည့်နောက်တွင် Burma Frontier Force ဖြစ်လာကာ ၁၉၂၂ ကာလများတွင် ချင်းအများစုဖြစ်လာသည်။ ဂျပန်နှင့်တိုက်သည့်အခါ Anti-tank/Motor Regiment အဖြစ်ဖွဲ့စည်းပြီး ၁၉၄၆ တွင် Chin Hill Anti-Tank Regiment အဖြစ်၊ ၁၉၄၇ တွင် Chin Hills Battalion အဖြစ်၊ ၁၉၄၈ တွင် ချင်းသေနတ်ကိုင်တပ်ရင်း အမှတ် ၃ အဖြစ် အဆင့်ဆင့်ပြောင်းလဲခဲ့သည်။ ယင်းဗြိတိသျှတို့ထံ သစ္စာခံ စစ်မှုထမ်းစဉ် ဖြစ်ပေါ်ခဲ့သောဖြစ်စဉ်အချို့ကလည်း အနိုင်ကျင့်ခံခဲ့ရသူ လူမျိုးစုငယ်တို့နှင့် ယနေ့ခေတ် လူမျိုးရေးပြဿနာများအတွက် မီးဇာဖြစ်ခဲ့ပါသည်။

ဂျပန်တို့နှင့်တိုက်သည့် ဒေသခံ ချင်းတပ်များတွင် ချင်းဝန်ထမ်းတပ်၊ ဇာညှပ်ပျောက်ကြားများ၊ စီးရင်းလွတ်လပ်ရေးတပ်မတော်၊ စုတ်သဲ ဟားခါး ဖလမ်းတို့မှ လေဗီးတပ်များ၊ နယ်စောင့်တပ်များ ရှိသည်။ ဂျပန်ကို တိုက်ခိုက်ရာတွင် အဝင်ကာလ၌ ဗမာဂျပန်နှစ်ခုလုံးကို ခုခံသောတပ်များရှိသလို မဟာမိတ်နှင့် ပေါင်းကာ ပြန်တိုက်ထုတ်သည့်တပ်များလည်း ရှိပါသည်။

ဗြိတိသျှတို့ကိုတိုက်သောချင်းတပ်များတွင်မူ ဖိနှိပ်မှုကို မခံနိုင်ကာ ပေါက်ကွဲလာသည့်ပုန်ကန်ခြင်းများ ရှိသလို နိုင်ငံရေးအရ တိုက်သည်လည်းရှိသည်။ ဂျပန်တို့ဖိအားပေးသောကြောင့် အလုပ်လုပ်ရသူများကိုလည်း ဗြိတိသျှက အပြစ်ဒါဏ်ပေးခြင်း၊ ဗြိတိသျှ၏ ထိုးစစ်ဆင်မှုအောက် မိသားစုများ ထိခိုက်ရခြင်းတို့ကြောင့်လည်း ပါသည်။ ၁၉၄၂ နိုဝင်ဘာတွင် Chin Independence Army  ကို ဖွဲ့စည်းကာ ဂျပန်နှင့်ပေါင်းပြီး ဗြိတိသျှကို တိုက်သည်။ ၁၉၄၄ တွင်မူ ချင်းအမျိုးသားများ မည်သည့်လူမျိုးအောက်မှ မကျရောက်သင့်ဟုဆုံးဖြတ်ကာ Chin Defense Army အဖြစ်ပြောင်းလဲဖွဲ့စည်းသည်။ 

အကြမ်းအားဖြင့် ချင်းဒေသ တောင်ဘက်သည် ဂျပန်တပ်၊ ဗမာတပ်တို့နှင့် ကနဦးပူးပေါင်းသူများ ဖြစ်ပြီး ချင်းဒေသ မြောက်ဘက်မှာမူ ဗြိတိသျှတို့ဘက်မှ ပိုမိုပါဝင်ခဲ့ကြလေသည်။ ချင်းတောင်မြောက်ပိုင်းတွင် ပူးဝမ်းကိုဟောဦးဆောင်သော ချင်းတောင်အမျိုးသားလွတ်မြောက်ရေးဥသျှောင်အဖွဲ့ (Chin Leaders’ Freedom League) ကို ဖွဲ့စည်းပြီး ချင်းအမျိုးသားကောင်စီဟု အသိများသည်။ ချင်းတောင်တောင်ပိုင်းတွင်မူ ချင်းတောင်အုပ်ချုပ်ရေးကောင်စီကိုဖွဲ့ပြီး ပူးဝမ္မသူးမောင်က ဦးဆောင်ပေသည်။ နှစ်ဦးလုံးမှာ နောက်ပိုင်း ပင်လုံတွင် ပါဝင်တက်ရောက်ခဲ့သည်။

အင်္ဂလိပ်သတင်းစာဆရာ Peter Popham က သူ့စာထဲတွင် အောက်ပါအတိုင်း ရေးသားခဲ့သည်။ 

“အဲဒါက ၁၉၄၃ ခုနှစ်တွေပေါ့ဗျာ။ နောက်နှစ်နှစ်လောက်ကြာတော့ ချိန်သီးကတခါ လှည့်သွားပြီး ၁၈၉၀ ခုနှစ်တွေတုန်းက အရင်သောင်းကျန်းခဲ့တဲ့ ဗြိတိသျှတွေ ပြန်ရောက်လာ ပြန်တယ်။ ငြိမ်းချမ်းရေး ဖြစ်လာခဲ့တယ်။ လွတ်လပ်ရေးဟာ အပြောင်းအလဲ အနည်းငယ် ရှိလာခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီး ဖက်ဒရယ်စနစ်နဲ့ ပတ်သက်တဲ့ ကတိကဝတ်တွေ ပျက်ပြယ်သွားတယ်။ မပေါက်ကွဲသေးတဲ့ ဂျပန်ဗုံးတွေကို တူးဖော်၊ ဖြိုဖျက်ပြီး ဘုရားကျောင်း တွေအတွက် ခေါင်းလောင်းအဖြစ် ရိုက်ထည့်ခဲ့ပါတယ်။ ချင်းပြည်နယ်ဆိုတာ သူ့သဘာဝ အခြေအနေဟု ထင်ရလောက်တဲ့ တိမ်မြုပ်နေတဲ့ အခြေအနေဆီကို ပြန်ရောက်သွားတော့တာပါပဲ "ကမ္ဘာကြီး မေ့သွားပြီ၊ ကမ္ဘာက မေ့သွားပြီ”…"

ဗြိတိသျှအင်ပါယာ၏ ယိုယွင်းနေသော ကိုလိုနီအုပ်ချုပ်မှု အဆောက်အအုံသည် ကမ္ဘာ့စနစ်သစ်တစ်ခုသို့ လမ်းဖွင့်ပေးလိုက်ချိန်တွင်၊ ချင်းလူမျိုးများသည် ပြောင်းလဲနေသော ကိုလိုနီအုပ်ချုပ်မှုဗျူဟာများ၊ အမျိုးသားရေး ရည်မှန်းချက်များနှင့် မသေချာသော အနာဂတ်တို့၏ ဆုံမှတ်တွင် ရောက်ရှိနေခဲ့၏။ စစ်အတွင်း သစ္စာရှိမှုနှင့် စစ်ရေးဆိုင်ရာပံ့ပိုးမှုများရှိခဲ့သော်လည်း စစ်ပြီးခေတ် ညှိနှိုင်းဆွေးနွေးမှုများတွင် ဗြိတိသျှတို့၏ ပစ်ပယ်ခံရခြင်းသည် ချင်းလူထု၏ နိုင်ငံရေး၊ ယဉ်ကျေးမှုနှင့် အမျိုးသားရေးဆိုင်ရာ စုပေါင်းအသိစိတ်ကို ပုံဖော်ခြင်းကို နက်နက်ရှိုင်းရှိုင်း လွှမ်းမိုးခဲ့သည်။ ကိုလိုနီနယ်မြေအုပ်ချုပ်ရေး အစီအစဉ်ပျက်ပြားခြင်းနှင့် နောက်ဆုံးတွင် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတို့ကြား ချင်းဒေသများ တစစီ ပါဝင်လာခဲ့သည်။ ပြဋ္ဌာန်းထားသော နိုင်ငံတော်နှင့် တည်မြဲသော နိုင်ငံရေး အမွေအနှစ်ဆိုင်ရာ အသိတို့အကြား လမ်းကြောင်းရှာဖွေကာ စုပေါင်းလူထုပြန်လည်ဖန်တီးခြင်း၏ ရှုပ်ထွေးသော ခရီးလမ်း မည်သို့ ကြမ်းခဲ့ပါသနည်း။

ဒုတိယကမ္ဘာစစ်အဆုံးသတ်သည် ချင်းကဲ့သို့သော ဗမာမဟုတ်သော တိုင်းရင်းသားလူမျိုးများအတွက် ကိုလိုနီခေတ်၏ လက်အောက်ခံဖြစ်မှုထက် ကျော်လွန်သော ရည်မှန်းချက်များကို ဖော်ပြရန် ရှားပါးသော နိုင်ငံရေးအခွင့်အရေးတခုကို ဖွင့်လှစ်ပေးခဲ့သည်။ ချင်းတို့သည် ဗြိတိသျှတို့ အသည်းစွဲဖြစ်ခဲ့ဖူးပြီး ချင်းလေဗီး တပ်များသည် အလွန်အသုံးဝင်ခဲ့သည်။ သို့သော် ၁၉၄၅ ခုနှစ်တွင် ဗြိတိသျှတို့သည် Crown Colonial Scheme ကို ပယ်ချပြီးနောက်ပိုင်း စစ်ပြီးခေတ် အရေးပါသော ညှိနှိုင်းဆွေးနွေးမှုများတွင် စည်းလုံးသော ချင်းဦးဆောင်မှုကို နေရာရှာထုတ် မပေးခဲ့ပေ။ ယင်းကဲ့သို့ ဘေးဖယ်ထားခြင်းသည် သုံးချင်သမျှသုံးပြီး ပစ်ချခဲ့ခြင်း ဖြစ်သည်။ ချင်းတို့သည် မြန်မာ-အိန္ဒိယ-အရှေ့ပါကစ္စတန် (နောင် ဘင်္ဂလားဒေ့ရှ်) နိုင်ငံတခုခုအတွင်း လုံးဝကျရောက်နေသည် မဟုတ်သလို သီးခြား အချုပ်အခြာအာဏာပိုင် လမ်းကြောင်းကိုလည်း မရရှိခဲ့ပဲ ယင်းသုံးနိုင်ငံကြား ကွဲထွက်ခဲ့၏။

ကိုလိုနီခေတ်လွန် ရှေးဆွဲခဲ့သော “နယ်နိမိတ်” ဟူသည့် မျဉ်းကြောင်းများသည် ချင်းများ၏ ဘဝကို အလွန်သက်ရောက်ခဲ့သည်။ နိုင်ငံရေးနှင့် သင်္ကေတဆိုင်ရာ အသိအမှတ်ပြုမှုများ လုံလောက်စွာ မရရှိခဲ့သည့် လေဟာနယ်သည် ချင်းလူထုဖြစ်ပေါ်လာခြင်းအတွက် ပေါင်းခံအိုးတခု ဖြစ်လာခဲ့သည်။ ကိုလိုနီခေတ်တွင်းရှိခဲ့သည့် လူမှုပဋိညာဉ် ပျောက်ဆုံးသွားခြင်းသည် ချင်းတို့၏ မျှဝေထားသော လူမျိုးနွယ်ဇစ်မြစ်ဆိုင်ရာ ဆွေမျိုးတော်စပ်မှုမှ နိုင်ငံရေးဆိုင်ရာ ဖွဲ့စည်းမှုအတွင်းသို့ တွန်းပို့ခဲ့သည်။ ၁၉၃၀ ခုနှစ်များနှင့် ၁၉၄၀ ခုနှစ်များတွင် ‘ချင်း’ ဟူသည် ဗြိတိသျှတို့အဖို့ အုပ်ချုပ်ရေးဆိုင်ရာ အဆင်ပြေမှုအတွက် ဇို (Zo) စကားပြောသော အသိုင်းအဝိုင်းအမျိုးမျိုးကို စုစည်းကာ ယေဘုယျသဘောပြဋ္ဌာန်းထားသော အမျိုးအစားတခုသာ ဖြစ်နေဆဲဖြစ်သည်။ သို့သော် အင်ပါယာ၏ လျစ်လျူရှုမှုကြောင့် “ချင်းဆိုတာ ဘယ်သူတွေလဲ၊ ငါတို့ ဘာလိုချင်လဲ” ဟူသော မေးခွန်းသည် ပိုမိုထက်မြက်သော ဖော်ပြချက်ကို စတင်ရရှိလာခဲ့သည်။

လူမျိုးစုဖြစ်ပေါ်လာခြင်းသည် မျဉ်းဖြောင့်အတိုင်း ဖြစ်ခဲလှပါသည်။ ချင်းတို့အတွက်မူ လူမျိုးလူထုဟူသည် ခုခံမှုနှင့် လိုက်လျောညီထွေမှု၏ မဟာဗျူဟာအဖြစ် ပေါ်ပေါက်ခဲ့သည်။ ၁၉၄၆ ခုနှစ် လန်ဒန်ဆွေးနွေးပွဲများတွင် တွေ့ကြုံခဲ့ရသော နိုင်ငံရေးအရ ပစ်ပယ်ခံရမှုသည် ဗြိတိသျှတို့၏ ကမ္ဘာစစ်အတွင်း မဟာမိတ်များအပေါ် သစ္စာဖောက်ရုံသာမက ကိုလိုနီခေတ်လွန် နိုင်ငံတော်တည်ဆောက်ရေး၏ လက်တွေ့သင်ခန်းစာတခုလည်း ဖြစ်ခဲ့သည်။ တုံ့ပြန်သည့်အနေဖြင့် ချင်းခေါင်းဆောင်များသည် မိမိတို့၏ လူမျိုးလူထုများကို အင်ပါယာ၏ အရန်တပ်ဖွဲ့အတွက်ရှိသည့် မျိုးနွယ်စုငယ်များအဖြစ်မဟုတ်ဘဲ ပိုမိုအဆင့်မြင့်သည့် နိုင်ငံရေးစုဖွဲ့မှုများအနက်မှ တခုအဖြစ်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် မွေးရာပါအခွင့်အရေးများရှိသော လူမျိုးများအဖြစ် ပုံဖော်ခဲ့ကြသည်။

ဖေဖော်ဝါရီ ၁၂ ရက်၊ ၁၉၄၇ ခုနှစ်တွင် ပင်လုံ၌ ဗိုလ်ချုပ်အောင်ဆန်းသည် မြောက်ရခိုင်ရိုးမမှ ချင်းခေါင်းဆောင်များနှင့် ကြားဖြတ် မြန်မာအစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံတော်၏ အနာဂတ်ကို ဆွေးနွေးခဲ့သည်။ ချင်းခေါင်းဆောင်များသည် ကြားဖြတ်ကာလတွင် ပြည်ထောင်စုသို့ ပါဝင်ရန် သဘောတူခဲ့သော်လည်း ၎င်းတို့တွင် အဓိက ရည်မှန်းချက် တစ်ခုသာရှိသည်- နောက်ဆုံးတွင် စီးပွားရေးနှင့် နိုင်ငံရေးအရ လွတ်လပ်ရေး ရရှိရန်ဖြစ်သည်။ ပင်လုံညီလာခံသို့ တက်ရောက်ခဲ့သော သက်သေခံတစ်ဦးက ဤသို့ပြောကြားခဲ့သည်-

‘ကော်မတီအကြောင်း ဘာမှမသိဘူး... အနာဂတ်အတွက်ဆိုရင် အရင်တုန်းကလိုပဲ တခြားလူမျိုးတွေ လွှမ်းမိုးမခံဘဲ လွတ်လွတ်လပ်လပ် နေချင်တယ်’ လို့ ပြောတယ်။

နယ်စပ်၏ အခြားတစ်ဖက်တွင်လည်း အလားတူ အစည်းအဝေးတစ်ခု ကျင်းပခဲ့သည်။ သြဂုတ် ၁၄ ရက်တွင် အိုက်ဇောလ်၌ လူရှိုင်းခေါင်းဆောင်များသည် လူရှိုင်းတောင်တန်းများ၏ ဗြိတိသျှ ကြီးကြပ်ရေးမှူး L.L. Peters နှင့် တွေ့ဆုံ၍ အိန္ဒိယ၏ အာဏာစက်မှ လွတ်လပ်ရေးကို တောင်းဆိုသည့် မှတ်တမ်းတစ်ခုကို ရေးဆွဲခဲ့သည်။ မှတ်တမ်းတွင် ဤသို့ဖော်ပြထားသည်-

[ငါတို့] မှာ လွင်ပြင်နဲ့ ဘာမှတူတာမရှိဘူး... ဘယ်သွားသွား [ငါတို့] ရဲ့ ရှေးရိုးဓလေ့တွေ၊ ယဉ်ကျေးမှုတွေနဲ့ အသက်ရှင်နေထိုင်ပုံတွေကို အစစ်အမှန်အတိုင်း ယူသွားတယ်၊ အမြဲတမ်း ကိုယ့်ကိုယ်ကို မီဇိုလို့ပဲ ခေါ်ပြီး သတ်မှတ်တယ်။

ထို့ပြင် လူရှိုင်းတောင်တန်းမှ ဇိုလူမျိုးများသည် ပါမောက္ခ Reginald Coupland ၏ အကြံပြုချက်များကို ရည်ညွှန်းခဲ့သည်။ သူသည် လူရှိုင်းတောင်တန်းတွင် တာဝန်ထမ်းဆောင်နေသော အရာရှိများ ရေးသားသည့် နယ်စပ်ဒေသမှ အစီရင်ခံစာတစ်စောင်ကို ရရှိခဲ့သည်။ ၎င်းတို့ကလည်း Reid ၏ အကြံပြုချက်များကို ရည်ညွှန်းခဲ့ပြီး ၎င်းတို့၏ တစ်စိတ်တစ်ပိုင်းတွင် ဤသို့ဖော်ပြထားသည်။

မြန်မာနဲ့ အာသံက တောင်တန်းဒေသတွေရဲ့ ပြဿနာဟာ တစ်ခုတည်းလို့ ကျွန်တော်တို့ ယူဆတယ်။ [ဇို] ကို ‘အိန္ဒိယ’ လို့လည်းကောင်း၊ ‘မြန်မာ’ လို့လည်းကောင်း သတ်မှတ်လို့မရဘူး... လက်ရှိ နှစ်နိုင်ငံနယ်နိမိတ်ကို လုံးဝအတုအယောင်လို့ သတ်မှတ်ရမယ်။

Coupland က နယ်နိမိတ်ကို ဖျက်သိမ်းသင့်ပြီး ဇိုလူမျိုးများကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးသင့်ကာ အချိန်တန်သောအခါ ၎င်းတို့ကိုယ်တိုင် အုပ်ချုပ်နိုင်စွမ်းရှိလာလိမ့်မည်ဟု ဆိုခဲ့သည်။ သို့သော် လွတ်လပ်ရေးရသည့် အချိန်တွင် လူရှိုင်းတောင်တန်းမှ ဇိုလူမျိုးများသည် နယ်စပ်ပြဿနာများကို မဆွေးနွေးခဲ့ကြပေ။ ယင်းအစား ၎င်းတို့အား အရှေ့ပါကစ္စတန်၏ လက်အောက်ခံနယ်မြေတစ်ခုသို့ ပါဝင်ခွင့်ရရှိရန် ဆန္ဒရှိခဲ့ကြသည်။

မြောက်ရခိုင် အိန္ဒိယ-မြန်မာနယ်စပ် နှစ်ဖက်စလုံးရှိ တောင်ပေါ်ဒေသခံ နှစ်စုစလုံးတွင် တူညီသော ရည်မှန်းချက်ရှိသည်မှာ ထင်ရှားသည်။ နှစ်ဦးစလုံးသည် လွင်ပြင်ဒေသ အစိုးရများထံမှ လွတ်လပ်ရေး လိုချင်ကြသည်။ သို့သော် တစ်ဦးနှင့်တစ်ဦး ပူးပေါင်း၍ ချင်း-လူရှိုင်းတောင်တန်းများကို ပြန်လည်ပေါင်းစည်းရန်မှာ မည်သည့်အုပ်စုအတွက်မျှ အလေးအနက်ထားစရာ မဖြစ်ခဲ့ပေ။ နှစ်အနည်းငယ်ကြာမှသာ ဇိုလူမျိုးများသည် အိန္ဒိယနိုင်ငံ (လူရှိုင်းတောင်တန်းနှင့် မဏိပူရတွင်) နှင့် မြန်မာနိုင်ငံတော်အတွင်း အိန္ဒိယ-မြန်မာနယ်စပ် နှစ်ဖက်စလုံးတွင် ၎င်းတို့၏ မရေရာသော အနေအထားများကို သဘောပေါက်လာခဲ့ကြသည်။

ဤကာလအတွင်း ချင်းနိုင်ငံရေးခေါင်းဆောင်မှုများ ပေါ်ပေါက်လာခြင်းသည် အိန္ဒိယ၊ ဗမာ သို့မဟုတ် ကရင်လူမျိုးများ၏ လူပေါ်လူဇော်အလွှာများနှင့် နှိုင်းယှဉ်လျှင် အတိုင်းအတာအားဖြင့် သေးငယ်သော်လည်း၊ တန်းတူအမျိုးသားလူထုများ၏ ပြည်ထောင်စုကတိနှင့် မြန်မာနိုင်ငံတွင် ဖက်ဒရယ်အမြင်တစ်ခုကို စတင်ခဲ့သည်။ ၁၉၄၇ ခုနှစ် ပင်လုံညီလာခံသို့ ပါဝင်လာခြင်းသည် ဤအသွင်ကူးပြောင်းနေသော အမျိုးသားထုဖြစ်ပေါ်လာခြင်းကို ထင်ဟပ်စေသည်။ ပင်လုံသည် နောက်ဆုံးတွင် အပြည့်အဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို မပေးခဲ့သော်လည်း၊ ၎င်းသည် ညှိနှိုင်းနိုင်စွမ်းနှင့် နိုင်ငံရေးဆိုင်ရာ စွမ်းဆောင်ရည်ရှိသော ဖွဲ့စည်းပုံအခြေခံ အမျိုးသားလူထုတခုအဖြစ် ချင်းတို့ကို တည်ဆောက်ပေးခဲ့သည်။

ဤသည်မှာ ယဉ်ကျေးမှုဆိုင်ရာနိုးထမှုသက်သက်မဟုတ်ဘဲ နိုင်ငံရေးအမွေအနှစ်ဆိုင်ရာ ချင်းတို့၏ အာဏာ၊ အမှတ်အသားနှင့် အုပ်ချုပ်ရေးအတွက် အကာအကွယ်များရှာဖွေရင်း ပြည်ထောင်စုသို့ ပါဝင်ရန် ဆုံးဖြတ် လုပ်ဆောင်ခဲ့ခြင်းပင် ဖြစ်ပေသည်။

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလတွင် လက်မှတ်ရေးထိုးခဲ့သော ပင်လုံစာချုပ်သည် ချင်းတို့၏ နိုင်ငံရေးခရီးစဉ်တွင် အလွန်ဝိရောဓိဖြစ်သော အပိုင်းတစ်ခုအဖြစ် တည်ရှိနေဆဲဖြစ်သည်။ ပင်လုံကတိသည် ချင်း၊ ကချင်နှင့် သျှမ်းခေါင်းဆောင်များသည် အနာဂတ် မြန်မာနိုင်ငံသို့ တန်းတူမိတ်ဖက်များအဖြစ် ပူးပေါင်းရန် သဘောတူခဲ့ကြသော မျှော်လင့်ချက်ရှိသော ဖက်ဒရယ်စနစ်၏ မျှော်မှန်းချက်တခုကို ကိုယ်စားပြုသည်။ သို့သော် နိုင်ငံတော်သစ်၏ ဖွဲ့စည်းပုံများသည် ထိုတန်းတူညီမျှမှုကို ထင်ဟပ်ရန် ပျက်ကွက်ခဲ့သည်။ နောက်ပိုင်း အစိုးရများ အဆက်ဆက်သည် ဖက်ဒရယ်နိုင်ငံကို ပစ်ပယ်၍၊ အမျိုးသားနိုင်ငံအိပ်မက်ကို အစဉ်မက်ခဲ့ကြသည်။

ချင်းတို့အတွက် ပင်လုံသည် အပြည့်အဝ ဂုဏ်ပြုခြင်းမခံရသော နိုင်ငံရေးစာချုပ်တစ်ခု၏ သက်သေအဖြစ် နောက်ဆယ်စုနှစ်များတွင် ထပ်ခါတလဲလဲ ရည်ညွှန်းခဲ့ရသည်။ ပြည်ထောင်စု၏ ဖွဲ့စည်းပုံအခြေခံမူဘောင် ခိုင်မာလာသည်နှင့်အမျှ အစိုးရများဗဟိုချုပ်ကိုင်မှုသည် နိုင်ငံတော်၏ လွှမ်းမိုးသော “ယုတ္တိဗေဒ” ဖြစ်လာခဲ့သည်။ အစိုးရပဲ၊ လူအများစုပဲ၊ တရားဥပဒေအရပဲ ဟူသော ဆင်ခြေများအောက် ချင်းများသည် ပစ်ပယ်ခံ “လူနည်းစု” ဖြစ်လာသည်။ အပေါ်ယံ တရားဝင်အသိအမှတ်ပြုခံရသော်လည်း ချင်းတို့သည် မညီမျှသော ဖွံ့ဖြိုးတိုးတက်မှု၊ ကန့်သတ်ထားသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ဆက်လက်ရှိနေသော ခွဲခြားခံရမှုတို့ကို ကြုံတွေ့ခဲ့ကြရသည်။

တကယ်တမ်း ပင်လုံစာချုပ်သည် ချင်းတို့အဖို့ ခေတ်သစ်ပြည်ထောင်စု၏ အင်စတီကျူးရှင်းဆိုင်ရာ ဖော်ပြချက်လည်း ဖြစ်ပြီး ဆက်လက်ဖြစ်မည့် အင်စတီကျူးရှင်းဆိုင်ရာ ဖော်ပြမှုများကို လမ်းခင်းပေးခဲ့သည်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင် ချင်းဝိသေသတိုင်းကို ဖန်တီးခြင်းသည် နောက်ဆုံးတွင် ချင်းပြည်နယ်ဖြစ်လာမည့် အုပ်ချုပ်ရေး အင်စတီကျူးရှင်းဆိုင်ရာ အခြေခံအုတ်မြစ်ကို ချခဲ့ခြင်းဖြစ်သည်။ သို့သော် ပြည်နယ်ဖြစ်ရန် လိုသည်ဟု တည်ဆောက်မပေးပဲ “ဝိသေသတိုင်း” ဟုသာ တဖက်လှည့်၍ တည်ဆောက်ခဲ့သည်။ နိုင်ငံတော်သည် အပြည့်အဝ တန်းတူညီမျှမှုကို ဖန်တီးပေးအပ်ရန် ပျက်ကွက်ခဲ့သည်။ ယင်းကန့်သတ်မှုများနှင့် နောင်နှစ်ကာလများတွင် ဖြစ်လာမည့် ခွဲခြားဆက်ဆံမှုများက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်လမ်းဆီ လျှောက်စေခဲ့သည်။

ပင်လုံ၏ နိုင်ငံရေးဆိုင်ရာ ကတိကဝတ်များ ယိမ်းယိုင်လာသည်နှင့်အမျှ၊ ချင်းတို့သည် တိုးပွားလာသော ဗမာဗဟိုပြုနိုင်ငံတော်အတွင်း မိမိတို့၏ ထူးခြားသော ယဉ်ကျေးမှုနှင့် နိုင်ငံရေးဆိုင်ရာ အသိစိတ်ကို ပုံဖော်ရန် လူမှုပုံရိပ်သရုပ်၏ အခြားရှုထောင့်များဘက် လှည့်ခဲ့ကြသည်။ ယင်းတို့အနက် ဘာသာရေးသည် အရေးပါသည့် ပုံရိပ်တခု ဖြစ်သည်။

ပြည်ထောင်စုဝါဒသည် လက်နက်ချခြင်းမဟုတ်ဟု နားလည်ရမည်။ အင်ပါယာ၏ ပထဝီနိုင်ငံရေးဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုနှင့် အခြားရွေးချယ်စရာများများစားစား မရှိခြင်းတို့မှ အမြစ်တွယ်သော ရွေးချယ်မှုတခု ဖြစ်သည်။ ချင်းတို့အတွက် မြန်မာ့လွတ်လပ်ရေးတွင် ပါဝင်ခဲ့ခြင်းသည် ဘယ်သောအခါမျှ တည်ငြိမ်သော အခြေအနေတခု မဟုတ်ခဲ့ပေ။ ပိုမိုကျယ်ပြန့်သော ဓနသဟာယအမြင် ပျက်ပြားသွားခြင်းနှင့်အတူ၊ ချင်းတို့၏ မြန်မာနိုင်ငံနှင့် ပူးပေါင်းမှုသည် ဖက်ဒရယ်ညီမျှမှု၏ စံတန်ဖိုးများနှင့် ဗဟိုချုပ်ကိုင်မှု၏ လက်တွေ့အခြေအနေများ တိုက်ဆိုင်သောအခါ တိုက်ပွဲသစ်တစ်ခုအတွက် အခြေအနေကို ဖန်တီးပေးခဲ့သည်။

တန်းတူညီမျှသော လူမျိုးများ၏ ပြည်ထောင်စုကို ကနဦး ယုံကြည်မှုရှိသော်လည်း၊ သျှမ်းနှင့် ကချင်တို့နှင့်အတူ ချင်းတို့သည် ပင်လုံစာချုပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေကဲ့သို့သော စာချုပ်တခုမဟုတ်ဘဲ ပျက်ကွက်နေသော နိုင်ငံရေးကတိကဝတ်တစ်ခုဖြစ်ကြောင်း မကြာမီ တွေ့ရှိခဲ့ကြသည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်ရေးရပြီးနောက် ချက်ချင်းဆိုသလို ယိုယွင်းတိုက်စားလာသော ကတိကဝတ်တခုဖြစ်သည်။ သဘောတူထားသော ဖက်ဒရယ်ညီမျှမှု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ခွဲထွက်ခွင့်တို့၏ အခြေခံမူများသည် လွတ်လပ်သော မြန်မာနိုင်ငံတော်အတွက် နိုင်ငံရေးအရ အဆင်မပြေဖြစ်လာခဲ့သည်။ ကိုလိုနီခေတ် အုပ်ချုပ်ရေးယန္တရား၊ ကိုလိုနီအမွေ အမျိုးသားနိုင်ငံ ပရောဂျက်နှင့် ကိုလိုနီခေတ်မတိုင်မီ ဘုရင်စနစ်၏ စိတ်ကူးစိတ်သန်းတို့မှ အမွေဆက်ခံသော ဗဟိုချုပ်ကိုင်မှုဆိုင်ရာ လမ်းကြောင်းများကို ကိုလိုနီခေတ်လွန် ဗမာခေါင်းဆောင်မှုက စတင်ပြောဆိုလာခဲ့သည်။

၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအတွင်း ချင်းတို့ကို “ပြည်နယ်” အစား “ဝိသေသတိုင်း” အဖြစ် သတ်မှတ်ခြင်းသည် သဘောထားကြီးစွာဖြင့် လျှော့ပေါ့ပေးခြင်းမဟုတ်ပါ။ ၎င်းသည် တန်းတူအမျိုးသားလူထု ဖြစ်မှုအတွက် ၎င်းတို့၏ တောင်းဆိုမှုကို တရားဥပဒေနှင့် နိုင်ငံရေးအရ ပယ်ချခြင်းဖြစ်သည်။ ရမ်ကို “တိုင်းပြည်” အစား “ခရိုင်” ဟုလည်းကောင်း၊ ဖုန်လမ်ကို ရိုးရိုး “ဓလေ့ထုံးစံဥပဒေ” ဟုလည်းကောင်း အဓိပ္ပာယ်လွဲမှားခြင်းသည် ချင်းတို့၏ နိုင်ငံရေးဆိုင်ရာ ရည်မှန်းချက်များကို မတော်တဆဖြစ်စေ၊ မဟာဗျူဟာမြောက်ဖြစ်စေ နက်နက်ရှိုင်းရှိုင်း နားလည်မှုလွဲမှားခြင်းကို အင်စတီကျူးရှင်းအဖြစ် တည်ထောင်စေခဲ့သည်။ ရလဒ်အနေဖြင့် ချင်းတောင်တန်းများသည် ၎င်းတို့ ထိန်းသိမ်းလိုသော ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ အချုပ်အခြာအာဏာကို ဆုံးရှုံးကာ ရန်ကုန်ရှိ ဗဟိုအစိုးရနှင့် ဗဟိုပင်မက ဖွဲ့စည်းပုံအခြေခံဥပဒေအရ ချည်နှောင်ခံခဲ့ရသည်။ ဤဖွဲ့စည်းပုံအခြေခံဥပဒေအရ အဆင့်နှိမ့်ချခြင်းသည် ချင်းတို့ကို ဗမာအများစုရှိသော နိုင်ငံတော်အတွင်း ယဉ်ကျေးမှုဆိုင်ရာ လူနည်းစုအဆင့်သို့ လျှော့ချခဲ့သည်။

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် အမျိုးသားလုံခြုံရေးကို ဆွေးနွေးရန် အတွင်းဝန်ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံနေသော ဗိုလ်ချုပ်အောင်ဆန်းနှင့် အဖွဲ့ဝင်များ လုပ်ကြံခံခဲ့ရသည်။ ချင်းတောင်တန်းမှ ဇိုလူမျိုးများသည် အလွန်ဝမ်းနည်းကြေကွဲခဲ့ကြသည်။ ၎င်းတို့သည် ဗိုလ်ချုပ်အောင်ဆန်းကို အမှတ်ရစေရန် ပါးစပ်ရာဇဝင် သီချင်းများစွာကို ရေးစပ်ခဲ့ကြသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ချင်းတောင်တန်းမှ ဇိုလူမျိုးများအတွက် သူရဲကောင်းတစ်ဦး ဖြစ်ခဲ့သည်။ သူ့အား လုပ်ကြံခြင်းကိုကြည့်၍ မြန်မာအစိုးရသစ်၏ ဖိနှိပ်မှုများ ပိုမိုခံစားရလိမ့်မည်ဟု ၎င်းတို့က စိုးရိမ်ခဲ့ကြသည်။

ဗိုလ်ချုပ်အောင်ဆန်း ကွယ်လွန်ခြင်းနှင့်အတူ နယ်စပ်ဒေသလူမျိုးများသည် ၎င်းတို့၏ အယုံကြည်ရဆုံး ဗမာမဟာမိတ်ကို ဆုံးရှုံးခဲ့သည်။ သူ၏ နိုင်ငံရေးအမွေခံများ၊ အထူးသဖြင့် ဦးနုနှင့် ၎င်း၏ အစိုးရသည် ပင်လုံ၏ ဖက်ဒရယ်စိတ်ဓာတ်ကို တဖြည်းဖြည်း ဘေးဖယ်ကာ တစုတစည်းတည်း အမျိုးသားနိုင်ငံ အစီအစဉ်ကို နှစ်သက်ခဲ့သည်။ သျှမ်းပြည်နယ်အား ကတိပြုထားသော်လည် ကချင်နှင့် ချင်းပြည်နယ်ကဲ့သို့သော အခြားသူများအတွက် ကွေ့ဝိုက်ထားသော ခွဲထွက်ခွင့်ကို လက်တွေ့တွင် ဘယ်သောအခါမျှ အစပြုပင်မခံခဲ့ပါ။ ရန်ကုန်သည် ဘဏ္ဍာရေး၊ စစ်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် အာဏာအလုံးစုံကို ထိန်းချုပ်ကာ ဗဟိုချုပ်ကိုင်ထားခဲ့ပြီး၊ နယ်စပ်ဒေသလူမျိုးများကို နိုင်ငံရေးအရခွဲထားခဲ့သလို စီးပွားရေးအရ လျစ်လျူရှုထားခဲ့သည်။

ဖက်ဒရယ်ပြည်ထောင်စုအတွင်း တူညီသည့် အဆင့်အတန်းကို ချင်းတို့သည် ရည်မှန်းခဲ့သော်လည်း၊ နိုင်ငံရေးဆိုင်ရာ ကိုယ်ပိုင်အာဏာ တဖြည်းဖြည်း လျော့ပါးလာခြင်းကိုသာ ရင်ဆိုင်ခဲ့ရသည်။ ကိုလိုနီခေတ်၏ တိုက်ရိုက်မဟုတ်သော အုပ်ချုပ်မှုပုံစံမျိုးတွင်ပင် မိမိတို့၏ ရိုးရာအုပ်ချုပ်မှုကို ထိန်းသိမ်းထားခဲ့သော်လည်း၊ လွတ်လပ်ရေးရရှိသည့် နိုင်ငံတွင်မူ “ညီညွတ်မှုကို တသမတ်တည်းဖြစ်မှုနှင့်တူညီသည်” ဟု သတ်မှတ်သော အမျိုးသားနိုင်ငံတော်တည်ဆောက်ရေး စီမံကိန်းကြီးနှင့် အစားထိုးခဲ့သည်။ ရန်ကုန်ရှိ အဆက်ဆက်သော အစိုးရများသည် ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်းကို အမျိုးသားညီညွတ်ရေးအတွက် ခြိမ်းခြောက်မှုအဖြစ် မြင်ကြပြီး၊ ဖက်ဒရယ်တောင်းဆိုမှုများကို ခွဲထွက်ရေးများ သို့မဟုတ် သစ္စာဖောက်မှုများအဖြစ် မကြာခဏ ပုံဖော်ကြသည်။ ချင်းတို့၏ ကိုလိုနီခေတ်မတိုင်မီ နိုင်ငံရေးအမွေအနှစ်နှင့် ကိုလိုနီခေတ်လွန် နိုင်ငံရေးဆန္ဒ၏ တရားဝင်မှုကို ငြင်းပယ်ခဲ့သည်။

နောက်ဆယ်စုနှစ်များတွင် ပြည်ထောင်စုသည် ညီညွတ်မှု၏ သင်္ကေတမှ သစ္စာဖောက်ခြင်း၏ ပုံရိပ်အဖြစ် ပြောင်းလဲသွားခဲ့သည်။ သမိုင်းဆိုင်ရာဒဏ်ရာနှင့် မကျေနပ်ချက်တခု ဖြစ်လာခဲ့သည်။ ချင်းတို့အတွက် တချိန်က အကောင်းမြင်မှုများဖြင့် ပြည့်နှက်နေသောနေ့သည် သိမ်းယူခံရခြင်း၏ အစဟု မှတ်မိလာခဲ့သည်။ ဖက်ဒရယ်စနစ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် အချို့အဖွဲ့များ၏ လွတ်လပ်ရေးလှုပ်ရှားမှုများသည် အိပ်မက်များသက်သက်မဟုတ်ဘဲ နိုင်ငံရေးအမွေအနှစ် ရှင်သန်ရပ်တည်ရေး၏ လုပ်ရပ်များအဖြစ် ပြန်လည်ပေါ်ပေါက်လာခဲ့သည်။ ချင်းတို့သည် ကိုလိုနီခေတ်မတိုင်မီ ကိုယ်ပိုင်အာဏာ၊ ဖလမ်းညီလာခံ၏ ဆုံးဖြတ်ချက်များနှင့် မြန်မာနိုင်ငံသို့ ပါဝင်ရန် ၎င်းတို့၏ သဘောတူညီချက်များမှ မူလရည်ရွယ်ချက်များကို ပြန်လည်သုံးသပ်ခဲ့သည်။

အဓိကနိုင်ငံရေးဝေါဟာရများအား အဓိပ္ပာယ်လွဲမှားခြင်းသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားအချင်းချင်း ဆက်ဆံရေးကို ဆက်လက်ခြောက်လှန့်နေခဲ့သည်။ ရမ် - ram ကို “တိုင်းပြည်” အဖြစ် အသိအမှတ်မပြုခြင်းသည် ချင်းအမျိုးသားဖြစ်မှုအမွေအနှစ်ကို ဖျက်သိမ်းခြင်းသို့ ဦးတည်ခဲ့သလို phunglam ကို ရိုးရိုး “ဓလေ့ထုံးစံဥပဒေ” အဖြစ် ဘာသာပြန်ဆိုမှုလွဲမှားခြင်းသည် ချင်းတို့၏ နိုင်ငံရေးဆိုင်ရာဝိသေသ အမှတ်အသားကို ယဉ်ကျေးမှုဆိုင်ရာ သင်္ကေတအဖြစ် လျှော့ချခဲ့ရာ ရောက်ခဲ့သည်။ ဤအဓိပ္ပာယ်လွဲမှားမှုများသည် လွတ်လပ်ရေးရပြီးခေတ် မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အုပ်ချုပ်ရေးဆိုင်ရာ ဗိသုကာလက်ရာတွင် အင်စတီကျူးရှင်းခိုင်လာ၍၊ တန်းတူညီမျှသော ပြည်ထောင်စုကို ဗဟိုအစိုးရ၊ ဗဟိုအစိုးရကို အတိုက်အခံပြုသူများ၏ ဇာတ်ကြောင်းများ ရှိလာသည့်အခါ ဌာနေတိုင်းရင်းသားတို့မှာ ဇာတ်ပို့ဇာတ်ရန်များ ဖြစ်လာ၏။ သူတို့၏ နိုင်ငံရေးအမွေအနှစ်မှာ ပါးလျသွားခဲ့၏။

လွတ်လပ်ရေးရသောအခါ ချင်းဒေသသုံးပိုင်းဖြစ်သွားပြီး တပိုင်းသည် ဗမာနိုင်ငံတွင် ပါဝင်လာသည်။ ချင်းဝိသေသတိုင်း အစိုးရဖွဲ့ရာတွင် ဦးဝမ်းသူးမောင်က ချင်းရေးရာဝန်ကြီးဖြစ်လာခဲ့သည်။ ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၂ ရက်အထိ ချင်းအမျိုးသားညီလာခံကို ဖလမ်းမြို့တွင် ကျင်းပရာ မြန်မာနိုင်ငံအရပ်ရပ်မှ ချင်းတိုင်းရင်းသား ကိုယ်စားလှယ် ၅၀၀၀ ကျော် တက်ရောက်ခဲ့သည်။ ချင်းလူထုသည် ဒီမိုကရေစီကို လိုလားသော လူထုဖြစ်သည်ကို သိသာစေသောအချက်မှာ ဒေသ၏ တိုက်သူကြီးစနစ်ကို ဖျက်သိမ်းပြီး ဒီမိုကရေစီစနစ်ကို အစားထိုးရန် မဲကောက်ခံသည့်အခါ ကိုယ်စားလှယ် ၅၀၀၀ ကျော်တွင် ကန့်ကွက်မဲ ၁၇ မဲသာ ရှိသည်ဟု ဆိုပါသည်။ ဖေဖော်ဝါရီ ၂၀ ရက် အစည်းအဝေးတွင် တိုက်သူကြီး အုပ်ချုပ်ရေးစနစ်ကို ဖျက်သိမ်းလိုက်သည်။ ယင်းနေ့ကို ချင်းအမျိုးသားနေ့အဖြစ် ကနဦး သတ်မှတ်ခဲ့သည်။ 

ပူးဝမ်းကိုဟောသည် ချင်းတောင်တန်းမှ ဇိုလူမျိုးများ၏ ခေါင်းဆောင်တဦးအဖြစ် ထင်ရှားလာသည်။ သူ၏ ဦးစားပေးအစီအစဉ်မှာ လူကြိုက်နည်းသော အကြီးအကဲများကို လူကြိုက်များသော ရွာသူကြီးများဖြင့် အစားထိုးရန် ဖြစ်သည်။ ဗြိတိသျှတို့၏ ကိုယ်စားလှယ်များအဖြစ် ဆယ်စုနှစ်များစွာကြာပြီးနောက် အကြီးအကဲများသည် ဇိုလူမျိုးများကို ကိုယ်စားမပြုတော့ဘဲ ၎င်းတို့၏ကိုယ်ကျိုးစီးပွားကိုသာ ကိုယ်စားပြုကြောင်း သူသဘောပေါက် လာခဲ့သည်။ ပူးဝမ်းကိုဟောသည် ကျွန်စနစ်နှင့် အဓမ္မလုပ်အားပေးမှုကိုလည်း ဖျက်သိမ်းခဲ့သူဖြစ်သည်။ ချင်းတောင်တန်းမှ ဇိုလူမျိုးများသည် ၎င်းတို့၏ အနာဂတ်ကို ကိုယ်တိုင် တာဝန်ယူလာခဲ့ကြသည်။

သို့သော် ၁၉၅၀ ခုနှစ်များ အစောပိုင်းတွင် ချင်း၊ ကချင်နှင့် သျှမ်းတို့သည် ဖက်ဒရယ်မိတ်ဖက်များမှ ပြည်တွင်း လူနည်းစုများအဖြစ် ပြောင်းလဲသွားသည်ကို တွေ့ရှိခဲ့ကြသည်။ “ညီညွတ်သော ပြည်ထောင်စု” အတွက် စုပေါင်းရည်မှန်းချက်သည် ဗမာအမျိုးသားရေးဝါဒ၏ ရေစီးကြောင်းတွင် သင်္ဂြိုဟ်ခံခဲ့ရသည်။ နယ်စပ်ဒေသများသို့ စစ်တပ်ချဲ့ထွင်ခြင်း၊ စောင့်ကြည့်ခြင်းနှင့် အုပ်ချုပ်ရေးရာထူးများတွင် ဗဟိုအစိုးရကြီးမှ ခန့်အပ်ခြင်းများသည် ဒေသခံခေါင်းဆောင်များအပေါ် လေးစားမှုလျော့နည်းလာခြင်းကို ပြသနေသည်။ ဂျပန်ကို တိုက်ခိုက်ရာတွင် မဟာမိတ်များဖြစ်ခဲ့ပြီး ပြည်ထောင်စုစာချုပ်ကို အတူတကွ လက်မှတ်ရေးထိုးခဲ့သော ချင်းတို့သည် ဖက်ဒရယ်နိုင်ငံရေး၏ အစုဝင်များအဖြစ်ထက် အမျိုးသားနိုင်ငံတော်၏ လုနည်းစုလူမျိုး လက်အောက်ခံများအဖြစ် သဘောထားခံခဲ့ရသည်။

ပင်လုံကတိများကို အကောင်အထည်ဖော်ရန် ပျက်ကွက်ခြင်းကြောင့် ချင်းနှင့် အခြားတောင်ပေါ်ဒေသ လူမျိုးများသည် အမည်ခံပြည်ထောင်စု၏ နိုင်ငံရေးမူဘောင်အပေါ် ယုံကြည်မှု လျော့နည်းလာခဲ့သည်။ ပူးပေါင်းဆောင်ရွက်မှုအဖြစ် စတင်ခဲ့သောအရာသည် ရေရှည်လက်အောက်ခံဖြစ်မှုအဖြစ် ပြောင်းလဲလာနေသည်။ ဗိုလ်ချုပ်အောင်ဆန်းက ကတိပြုခဲ့သော အုပ်ချုပ်မှု၏ လုပ်ငန်းစဉ်များ၊ ပညာရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးတိုးတက်မှု အိပ်မက်များသည် မလုံမလောက်သာ ပေးအပ်ခြင်းခံရသည်။ အဂတိလိုက်စား၍ ယှဉ်ပြိုင်သည့် နိုင်ငံရေး၏ လက်အောက်ခံဖြစ်ခဲ့သည်။ ပညာရေးဆိုင်ရာ စာပေများသည် ဗမာဗဟိုပြု သမိုင်းမှတ်တမ်းကို မြှင့်တင်ခဲ့ပြီး၊ နယ်စပ်ဒေသသမိုင်းများကို အရေးမပါသော နောက်ဆက်တွဲမှတ်စုနှင့် Footnote များအဖြစ် လျှော့ချခဲ့သည်။ အခြေခံအဆောက်အအုံ စီမံကိန်းများသည် နယ်စပ်ဒေသဆက်သွယ်မှုထက် ရန်ကုန်စီးပွားရေးအကျိုးစီးပွားကို ဦးစားပေးခဲ့သည်။ ထိုအချိန်တွင် ချင်းတို့သည် ကိုယ့်ကြမ္မာကိုယ်ဖန်တီးရမည့်အကြောင်းကို တွေးလာကြသည်။

လူရှိုင်းတောင်တန်းမှ ဇိုလူမျိုးများသည်လည်း ၎င်းတို့၏ အနာဂတ်ကို ကိုယ်တိုင် ဆုံးဖြတ်ရမည်ဟု သဘောပေါက်ခဲ့ကြသည်။ Verghese နှင့် အခြားသူများက ‘ဒုတိယကမ္ဘာစစ်အထိ သိသာထင်ရှားသော နိုင်ငံရေး နိုးကြားမှု မရှိခဲ့ဘူး’ ဟု ဆိုကြသည်။ သို့သော် လူရှိုင်းတောင်တန်းမှ အကြီးအကဲများသည် ဗြိတိသျှတို့၏ အုပ်ချုပ်မှုအောက်တွင် များစွာသော အခွင့်အရေးများကို ခံစားခဲ့ကြသည်။ အစိုးရ၏ ကိုယ်စားလှယ်များ ဖြစ်ခဲ့ကြသည်။ ဗြိတိသျှတို့သည် အကြီးအကဲများထံ မြေယာများ ခွဲဝေပေးခြင်း အပါအဝင် များစွာသော အာဏာများကို ပေးအပ်ခဲ့သည်။ မြေယာသည် တောင်တန်းများတွင် အမြဲတမ်း ပြဿနာတခု ဖြစ်ခဲ့သည်။ ထို့ကြောင့် အကြီးအကဲများကို မြေယာခွဲဝေမှုအပေါ် ထိန်းချုပ်ခွင့်ပေးခြင်းသည် ဇိုလူမျိုးများ၏ မကျေနပ်မှုကို ဖြစ်စေခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် လူရှိုင်းတောင်တန်းမှ လူငယ်ဇိုလူမျိုးများသည် အကြီးအကဲများကို တော်လှန်ခဲ့ကြသည်။ ၎င်းတို့သည် ချင်းတောင်တန်းမှ ဇိုလူမျိုးများနှင့် မဏိပူရရှိ အခြားသူများနှင့် ချိတ်ဆက်ခွင့်ရရှိရန်လည်း လိုလားခဲ့ကြသည်။ အကြီးအကဲများအတွက် အထူးအခွင့်အရေးများကို နောက်ဆုံးတွင် ဖျက်သိမ်းခဲ့ပြီး ၎င်းတို့၏ တောင်တန်းပြည်နယ် တောင်းဆိုမှုများကို ထပ်လောင်းအတည်ပြုခဲ့သည်။

ဝါးပင်များ ပွင့်တိုင်း ဇိုတောင်တန်းများတွင် အငတ်ဘေး ဆိုက်ရောက်ခဲ့သည်။ အနှစ်ငါးဆယ်တစ်ကြိမ် ပွင့်သော ဝါးပင်များသည် ဖရတ်တို့စ်ဓာတ်များသော အသီးများကို သီးတတ်သည်။ ကြွက်များသည် ၎င်းတို့ကို စားသုံးကြပြီး ယင်းကြောင့် ကြွက်ဦးရေ အဆမတန် တိုးပွားလာသည်။ လူရှိုင်းတောင်တန်းမှ ဇိုလူမျိုးများသည် အိန္ဒိယနိုင်ငံတော်ထံမှ အထူးအကူအညီများ မရရှိခဲ့ကြသောကြောင့် ခွဲထွက်ရေး လှုပ်ရှားမှုများ စတင်ခဲ့သည်။ မီဇိုအမျိုးသားတပ်ဦး (MNF) ကို သီးခြားပြည်နယ်တစ်ခု ဖြစ်လာစေရန် ရည်ရွယ်ချက်ဖြင့် တည်ထောင်ခဲ့သည်။ မြန်မာနိုင်ငံ မဏိပူရတွင် ၁၉၆၂ ခုနှစ်၌ ဗိုလ်နေဝင်းသည် အာဏာသိမ်း၍ တိုင်းပြည်ကို စစ်အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်ခဲ့သည်။

နောက်ဆယ်စုနှစ်များသည် နယ်စပ်နှစ်ဖက်စလုံးရှိ ဇိုလူမျိုးများအတွက် အမြဲတမ်း မငြိမ်သက်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။ ဇိုလူမျိုးများသည် ခေတ်ပညာများသင်ယူခဲ့ကြပြီး ၎င်းတို့၏ ကိုယ်ပိုင်သမိုင်းများကို ပုံစံသစ် သွန်းလုပ်ရေးသားလာခဲ့ကြသည်။ မရေရာသော နိုင်ငံရေးအခြေအနေများကြောင့် ဤသမိုင်းများသည် မကြာခဏ နိုင်ငံရေးရည်ရွယ်ချက်များရှိနေသည်ကို တွေ့ရပြီး သက်ဆိုင်ရာဒေသအသီးသီးမှ ဇိုလူမျိုးများသည် မတူညီသော နိုင်ငံရေးလမ်းကြောင်းများသို့ ရွေ့လျားခဲ့ကြသည်ဟု ဆိုနိုင်သည်။ အိန္ဒိယနိုင်ငံမှ ဇိုလူမျိုးများသည် ကုလသမဂ္ဂ၏ လက်အောက်တွင် မြေယာအခွင့်အရေးများနှင့် နိုင်ငံရေး စတင်ခဲ့ကြသည်။ ချင်းတောင်တန်းမှ ဇိုလူမျိုးများသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီလိုလားသော လှုပ်ရှားမှုနှင့် ပူးပေါင်းခဲ့ကြသည်။

အချိန်ကြာလာသည်နှင့်အမျှ မြောက်ရခိုင်ရိုးမမှ ချင်းလူမျိုးများသည် တဦးနှင့်တဦး ပိုကွာဝေးလာခဲ့ ကြသည်။ ဟားခါးဒေသကဲ့သို့သော အချို့အုပ်စုများမှာ ချင်းလူမျိုးများ၏ ရှေ့တန်းရောက် အုပ်စုတစ်ခုအဖြစ် ထင်ရှားလာခဲ့သည်။

သို့နှင့် ၁၉၆၂ တွင် ဗိုလ်နေဝင်း စစ်အာဏာ သိမ်းသွားခဲ့သည်။ ၁၉၄၈ - ၁၉၅၀ အတွင်း ဗမာအစိုးရဘက်မှ စစ်အတွင်း ရပ်တည်တိုက်ခိုက်ခဲ့သည့် ဒုတိယ ဗိုလ်မှူးကြီး ဆွန်ခိုပေါင်သည် ၁၉၆၂ အာဏာသိမ်းသောအခါ လွတ်လပ်သောချင်းပြည်ထူထောင်ရန် စိုင်းပြင်းလေတော့သည်။ သူ့ဦးဆောင်မှုဖြင့် ချင်းလူငယ် ၃၀ ဦးတို့သည် အရှေ့ပါကစ္စတန် (ယခု ဘင်္ဂလာဒေ့ရှ်)သို့ စစ်ပညာသင်ယူခဲ့ကြပြီး လက်နက်နှင့်အတူ ပြန်လည်ရောက်ရှိလာ ကြသည်။ ထို့နောက် ၁၉၆၄ တွင် ပြန်ဝင်လာကာ တော်လှန်သော ချင်းခေါင်းဆောင်များနှင့်တွေ့ဆုံရာ ချင်းပြည်လွတ်မြောက်ရေးအတွက် ဗမာနိုင်ငံအစိုးရကိုသာ တော်လှန်မည့်သူ အများစုနှင့် အိန္ဒိယ-ဗမာ နှစ်နိုင်ငံလုံးအစိုးရများကို တော်လှန်မည့်အုပ်စုများ ကွဲသွားခဲ့သည်။

ဗိုလ်နေဝင်း အာဏာသိမ်းကာလများတွင် ချင်းပြည်နယ်သည် နိုင်ငံရေးကော၊ သယံဇာတပါ စစ်အာရှင်တို့အတွက် သိပ်မထူးခဲ့သည့်အတွက် ကရင်ပြည်နယ်၊ သျှမ်းပြည်နယ်တို့ကဲ့သို့ ကြီးမားသော စစ်ပွဲကြီးများမဖြစ်ခဲ့ချေ။ သို့သော် လှုပ်ရှားမှုများရှိသည်။

၁၉၆၅ ခုနှစ်တွင် အိန္ဒိယဝန်ကြီးချုပ် Lal Bahadur Shastri သည် မြန်မာနိုင်ငံသို့သွားရောက်ခဲ့ပြီး ဗိုလ်ချုပ်နေဝင်းနှင့် ဆွေးနွေးခဲ့ကြရာ နှစ်နိုင်ငံအတွင်း ခွဲထွက်ရေးလှုပ်ရှားမှု၊ တိုင်းပြည်ပြိုကွဲစေမည့် လှုပ်ရှားမှုမှန်သမျှကို ပူးတွဲတားဆီးရန် သဘောတူခဲ့ကြသည်။ ထို့နောက် ဆွန်ခိုပေါင်၊ ဒမ်ကိုဟောက်၊ ရိုထန်၊ ဟရန်နောလ်နှင့် အခြားမျိုးချစ် ပုဂ္ဂိုလ်တို့ကို အိန္ဒိယအစိုးရမှ ဖမ်းဆီးပြီး မြန်မာပြည်တွင်းသို့ ၁၉၆၆ တွင် လွဲပြောင်းပေးခဲ့ကြသည်။ 

ဂျွန်မန်တလင်းနှင့် မျိုးချစ်လူငယ်တို့သည် ၁၉၆၉ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင်လည်းကောင်း၊ ဝီလျှံဆာလျန်ဇမ်နှင့် မိုက်ကယ်လ် မန်ခမ်းတို့သည် ၁၉၇၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင်လည်းကောင်း ထိုင်းနိုင်ငံသို့ အသီးသီးရောက်ရှိခဲ့ပြီး ချင်းဒီမိုကရေစီပါတီကို ဖွဲ့စည်းခဲ့ကြသည်။  ၁၉၇၁ ခုနှစ် ဖေဖော်ဝါရီလတွင် ဇိုမီးချင်းလွတ်မြောက်ရေးတပ်ဦးနှင့်ဆွေးနွေးကာ နှစ်ပါတီစလုံးဖျက်သိမ်းပြီး ညီညွှတ်သော ဇိုမီး ဒီမိုကရေစီပါတီကို ထူထောင်ခဲ့ကြသည်။ မကြာခင် ပြန်လည်နုတ်ထွက်သွားသဖြင့် ဖေဖော်ဝါရီလ ၂၈ တွင် ချင်းဒီမိုကရေစီပါတီအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ကြသည်။ ၁၉၇၂ ခုနှစ် ဩဂုတ်လ (၂၄) ရက်နေ့တွင် တော်လှန်ရေးရေးနယ်မြေရောက် ချင်းအမျိုးသားများ စည်းဝေးခဲ့ကြပြီး ချင်းလွတ်မြောက်ရေးတပ်မတော်ကို တည်ထောင်ရန် ဆုံးဖြတ်သည်။ 

၁၉၇၆ ခု မှ ၁၉၇၇ ခုတွင် ချင်းပြည်သို့ပြန်ချီတက်ရာ လေဒဏ်၊ မိုးဒဏ်၊ အအေးဒဏ်၊ အစားအသောက်၊ ဆေးဝါးပြတ်လပ်သည့်ဒဏ်များ အကြီးအကျယ်ခံကြရသည်။ မဆလတပ်များနှင့် တိုက်ရသည်။ ဖမ်းမိသူတို့ အမှုစီရင်ခြင်းမခံရပဲ တခါတည်းပစ်သတ်ခံခဲ့ရသည်။ များစွာအဖမ်းခံ၊ အသတ်ခံရသဖြင့် ချင်းလွတ်မြောက်ရေး တပ်မတော်လည်း နာလန်မထူနိုင်အောင် ထိခိုက်သွားရသည်။

သို့ရာတွင် ယနေ့တော်လှန်သော သက်လုံကို ထိန်းသိမ်းရန် ထူးခြားသည့် အချက်များရှိ၏။

ချင်းအမျိုးသားရေးအသိစိတ်၏ အခြားသော အရေးပါသည့် ရှုထောင့်တခုမှာ ဘာသာရေးနှင့် လူမှုပုံရိပ် အမှတ်အသား ရောယှက်နေခြင်းဖြစ်သည်။ အမေရိကန် နှစ်ခြင်းသာသနာပြုများက ၁၉ ရာစုနှောင်းပိုင်းနှင့် ၂၀ ရာစုအစောပိုင်းတွင် စတင်မိတ်ဆက်ခဲ့သော ခရစ်ယာန်ဘာသာသည် ၂၀ ရာစုအလယ်ပိုင်းတွင် ချင်းရိုးရာ လူ့အဖွဲ့အစည်း၏ အဓိကလက္ခဏာတခု ဖြစ်လာခဲ့သည်။ ဗုဒ္ဓဘာသာလွှမ်းမိုးထားဆဲဖြစ်သော မြန်မာနိုင်ငံ၏ ဒေသအများအပြားနှင့်မတူဘဲ ချင်းတို့၏ ခရစ်ယာန်ဘာသာဝင်ဖြစ်လာခြင်းသည် နိုင်ငံတော်အာဏာကို ခုခံသည့် ကိုယ်ကျင့်တရားနှင့် ယဉ်ကျေးမှုဆိုင်ရာ ဘဝနေမှုတမျိုးကို ပေးအပ်ခဲ့သည်။

ဦးနုသည် မြန်မာနိုင်ငံကို လူများစု ဗုဒ္ဓဘာသာအမျိုးသားရေး အမှတ်အသားဆီသို့ ရွေ့လျားစေသောအခါ၊ ခရစ်ယာန်အများအပြားရှိသည့် ချင်းတို့သည်လည်း စိတ်ပျက်ခဲ့ရသည်။ ဘာသာရေးဆိုင်ရာ အမှတ်အသားသည် နိုင်ငံရေးအရ ခုခံမှု၏ အရင်းအမြစ်တခုလည်း ဖြစ်လာခဲ့သည်။ ချင်းတို့၏ ညီညွတ်မှု၊ ကိုယ်ကျင့်တရားဆိုင်ရာ တရားဝင်မှု၊ ယဉ်ကျေးမှုဆိုင်ရာ သွတ်သွင်းမှုကို ခုခံရန်အတွက် များစွာအထောက်အကူပြုသည်။ ချင်းတို့ကို ပိုမိုကျယ်ပြန့်သော ကမ္ဘာလုံးဆိုင်ရာ ကွန်ရက်များကို (အထူးသဖြင့် ယူကေနှင့် အမေရိကန်ပြည်ထောင်စုတို့ကို) ဆက်သွယ်ပေးခဲ့သည်။ သာသနာပြုလုပ်ငန်းမှ ဗဟိုပြုပေါက်ဖွားလာသော နယ်မြေဖြတ်ကျော် ဆက်သွယ်မှုသည် နောက်ဆယ်စုနှစ်များတွင် တစတစ ပိုမိုအရေးပါလာမည့် ပြန့်ကျဲရောက်ရှိနေသူများ၏ စည်းလုံးညီညွတ်မှု၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများနှင့် ပညာရေးအခွင့်အလမ်းများအဖြစ် တဖြည်းဖြည်း ဖွံ့ဖြိုး တိုးတက်လာသည်။

ချင်းတို့၏ လူထုတရပ် ဖြစ်ပေါ်လာခြင်းသည် မြန်မာနိုင်ငံအနောက်တောင်တန်းများ သို့မဟုတ် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသများတွင်သာ ကန့်သတ်မထားပေ။ ချင်းတို့၏ လူမှုပုံရိပ်သည် တကမ္ဘာလုံးသို့ ပြန့်ကျဲရောက်ရှိနေသူများအထိ ကျယ်ပြန့်၏။ ပြည်ပရောက် အသိုင်းအဝိုင်းများသည် ချင်းတို့၏ အမှတ်အသားကို အရေးပါသော ထိန်းသိမ်းသူများ၊ တင်ပြသူများ ဖြစ်လာခဲ့သည်။ ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းမှုနှင့် နောက်ဆက်တွဲ ဖိနှိပ်မှုများကြောင့် ထောင်နှင့်ချီသော ချင်းလူမျိုးများသည် အိန္ဒိယ (မီဇိုရမ်၊ မဏိပူရ)၊ မလေးရှားနှင့် အနောက်နိုင်ငံများ (အထူးသဖြင့် အမေရိကန်ပြည်ထောင်စု၊ ကနေဒါနှင့် သြစတြေးလျ) သို့ ထွက်ပြေးခဲ့ကြသည်။ မလွှဲသာ၍ ဖြစ်ပေါ်လာသော ဤအသိုင်းအဝိုင်းများသည် ယဉ်ကျေးမှု ထိန်းသိမ်းရေး၊ ပညာရေးနှင့် နိုင်ငံရေးဆိုင်ရာ အရေးဆိုမှုများအတွက် ပလက်ဖောင်းတစ်ခုအဖြစ် ပြောင်းလဲခဲ့ပြီး၊ ချင်းတို့၏ သရုပ်ပုံရိပ် ခံနိုင်ရည်ရှိကြောင်း သေချာစေခဲ့သည်။

အိန္ဒိယနိုင်ငံ (အထူးသဖြင့် မီဇိုရမ်ပြည်နယ်) တွင် မြန်မာနိုင်ငံမှ ချင်းဒုက္ခသည်များသည် မျိုးနွယ်တူ မီဇိုလူမျိုးများနှင့် ဘာသာစကား၊ လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာ ဆက်နွယ်မှုများရှိပြီး၊ သီးခြားချင်းရိုးရာဓလေ့များကို ထိန်းသိမ်းရင်း ကူးလူးပေါင်းစည်းမှုကို တိုးပွားစေသည်။ အိုင်ဇောလ်မြို့ရှိ ချင်းဒုက္ခသည်များကော်မတီကဲ့သို့သော အသိုင်းအဝိုင်းများသည် ကွတ် (စပါးရိတ်သိမ်းပွဲများ) နှင့် ဆစ်ပွီ (ဆောင်းရာသီပွဲများ) ကဲ့သို့သော ယဉ်ကျေးမှုရိုးရာ ပွဲတော်များကို ကျင်းပကြပြီး၊ ရိုးရာသီချင်းများ (တွမ်ဘီးယား) နှင့် အကများသည် ချင်းလွန်းဒဏ္ဍာရီနှင့် စုပေါင်း မှတ်ဉာဏ်ကို အားဖြည့်ပေးသည်။ ဤပွဲများသည် ဥပဒေနှင့် တရားဝင်နိုင်ငံသားဖြစ်ခွင့်မရှိသော ဒေသတွင်ပင် ချင်းတို့၏ ယဉ်ကျေးမှုဆိုင်ရာ အုတ်မြစ်ချ ကျောက်ဆူးများနှင့် ခုခံမှု၏ လုပ်ရပ်များဖြစ်လာသည်။

၁၉၉၀ ခုနှစ်များနှင့် ၂၀၀၀ ခုနှစ်များတွင် ချင်းအများအပြား ခိုလှုံခွင့်တောင်းခံခဲ့သော မလေးရှားနိုင်ငံတွင် ကွာလာလမ်ပူမြို့ရှိ မြို့ပြခိုလှုံသူ အသိုင်းအဝိုင်းများသည် အင်္ဂလိပ်စာနှင့်အတူ ချင်းဘာသာစကားများ (ဥပမာ- ဟားခါး၊ ဖလမ်း၊ တီးတိန်) ကို သင်ကြားရန် ပုံမှန်တွေ့နေကျမဟုတ်သော ကျောင်းများကို တည်ထောင်ခဲ့သည်။ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ကဲ့သို့သော NGO များ၏ အကူအညီဖြင့် တည်ထောင်ထားသော ဤကျောင်းများသည် လူငယ်မျိုးဆက်များကြားတွင် ယဉ်ကျေးမှု တိုက်စားခံရနိုင်ခြေကို ကာကွယ်ကြသည်။ ၁၉၉၅ ခုနှစ်တွင် တည်ထောင်ခဲ့သော CHRO သည် ချင်းပြည်နယ်ရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများကိုလည်း မှတ်တမ်းတင်ကာ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကဲ့သို့သော နိုင်ငံတကာ ဖိုရမ်များတွင် ဒုက္ခသည်များနှင့် ပြန့်ကျဲရောက်ရှိနေသူများ၏ အသံများကို မြှင့်တင်ပေးသည်။

ချင်းအသိုင်းအဝိုင်းများသည် ခရစ်ယာန်ဘာသာနှင့် ဆက်စပ်သည့် ကမ္ဘာလုံးဆိုင်ရာကွန်ရက်များမှတဆင့် ခိုင်မာသော အဖွဲ့အစည်းများကို တည်ဆောက်နိုင်ခဲ့သည်။ အမေရိကန်ပြည်ထောင်စုရှိ အင်ဒီယာနာပိုလစ်နှင့် ဖို့တ်ဝိန်းကဲ့သို့သော မြို့များသည် ချင်းလူဦးရေ အများအပြားကို လက်ခံထားပြီး၊ ဘုရားကျောင်းများသည် ယဉ်ကျေးမှုနှင့် လူမှုရေးဆိုင်ရာ အချက်အချာနေရာများအဖြစ် လုပ်ဆောင်သည်။ ဥပမာအားဖြင့် Chin Baptist Churches USA သည် ဘာသာရေးဝတ်ပြုမှုနှင့် ယဉ်ကျေးမှုဆိုင်ရာဖျော်ဖြေပွဲများကို ပေါင်းစပ်ထားသော နှစ်ပတ်လည် ညီလာခံများကို ကျင်းပသည်။ ခူရမ် (ပူဇော်ပသခြင်းဆိုင်ရာ အခမ်းအနားများ) ကဲ့သို့သော ရိုးရာဓလေ့များသည် ခေတ်သစ်နှင့်လိုက်လျောညီထွေဖြစ်စေ၏။ ဘုရားကျောင်းမိတ်သဟာယအဖွဲ့များစွာသည် မြန်မာနိုင်ငံရှိ ဖက်ဒရယ်စနစ်နှင့် လူ့အခွင့်အရေးအတွက် လုပ်ဆောင်သော ပညာတတ် ချင်းမျိုးဆက်သစ်များကို မြှင့်တင်ပေးသည့် ချင်းလူငယ်များအတွက် ပညာသင်ဆုများကိုလည်း ရန်ပုံငွေထောက်ပံ့သည်။

ချင်းအမျိုးသားတပ်ဦး (Chin National Front) ကို ၁၉၈၈ ခုနှစ် မတ်လ ၂၀ ရက်နေ့တွင် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် မြို့တော်အိုက်ဇောလ်တွင် ဖွဲ့စည်းခဲ့သည်။ ၁၉၈၈ ခုနှစ် အာဏာထပ်သိမ်းသောအခါ ချင်းကျောင်းသားမျိုးချစ်လူငယ်များသည်  အိန္ဒိယနိုင်ငံသို့ လမ်းကြောင်းနှစ်ခုမှဝင်ပြီး မီဇိုရမ်ပြည်နယ်တွင် အမျိုးသားလှုပ်ရှားမှုပြုလုပ်ရန် မြန်မာနိုင်ငံ ဒီမိုကရက်တစ်တပ်ဦး (အနောက်ဘက်ခြမ်း) ကို ဖွဲ့စည်းခဲ့ကြသည်။ ထို့နောက် ချင်းအမျိုးသားတပ်ဦးခေါင်းဆောင်များနှင့် ဆွေးနွေးမှုပြုလုပ်ကာ ၁၉၈၉ ခုနှစ် ဇန်နဝါရီလတွင် ဒီမိုကရက်တစ်တပ်ဦးအားဖျက်သိမ်းပြီး ချင်းအမျိုးသားတပ်ဦးသို့ ပူးပေါင်းခဲ့ကြသည်။ ၁၉၈၉ ခုနှစ် အောက်တိုဘာလတွင် တပ်ဦးအတွင်း စိတ်ဝမ်းကွဲမှုဖြစ်ပွားကာ တဖွဲ့ခွဲထွက်ပြီး ချင်းလွတ်မြောက်ရေး ကောင်စီအဖြစ် လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။

CNF အနေဖြင့် ချင်းအမျိုးသား လွတ်မြောက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်နိုင်ရေး အတွက် ၁၉၈၈ တွင် ဖွဲ့စည်းသော CNLD နှင့် ပူးပေါင်းလုပ်ဆောင်မှုများစွာ ရှိသလို ၁၉၉၆ နှစ်ဦးမှစကာ CNF နှင့် ကျောင်းသားတပ်တော် ABSDF တို့ ဆွေးနွေးမှုများ ရှိပြီး ယနေ့တိုင် ပူးပေါင်းဆောင်ရွက်မှုများစွာရှိသည်။ ၁၉၉၇ တွင် NCUB အနောက်ဘက်ဒေသကော်မတီ ဖွဲ့စည်းရေး ပါဝင်ခဲ့သည်။ အလုပ်သမားအဖွဲ့၊ ရှေ့နေအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုခဲ့သည်။ First Chin Seminar ကို ၁၉၉၈ တွင် ကနေဒါနိုင်ငံ၌ ကျင်းပကာ Chin Forum (1998) ကို ဖွဲ့စည်းနိုင်သည်။ The Seminar on Chin Consensus Building ကို ၂၀၀၄ ခုနှစ်တွင် ကျင်းပနိုင်ခဲ့ပြီး Political Affairs Committee of Chinland ကို ဖွဲ့စည်းနိုင်သည်။ ထိုမှတဆင့် Chin National Assembly ကို ၂၀၀၆ ခုနှစ်တွင် ဖွဲ့စည်းနိုင်ခဲ့သည်။

၁၉၉၃ ခုနှစ် ဇွန်လတွင် ချင်းအမျိုးသားတပ်ဦး၏ ပထမအကြိမ်ပါတီညီလာခံ၊ ၁၉၉၇ ခုနှစ် ဇွန်လတွင် ဒုတိယအကြိမ်ပါတီညီလာခံ၊ ၂၀၀၃ ခုနှစ် နိုဝင်ဘာလအတွင်း တတိယအကြိမ်ညီလာခံ၊ ၂၀၀၈ ခုနှစ် ဒီဇင်ဘာလတွင် စတုတ္ထအကြိမ်ပါတီညီလာခံကို ကျင်းပနိုင်ခဲ့ကြသည်။ ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံခဲ့ပဲ တိုက်ပွဲများရှိခဲ့ပြီး ၂၀၁၂ တွင်မူ ပြည်နယ်အဆင့်၊ နိုင်ငံတော်အဆင့် အပစ်အခတ်ရပ်စဲရေးများ စတင်ခဲ့ပြီး ၂၀၁၅ တွင် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့သည်။ လက်ရှိနွေဦးတော်လှန်ရေးတွင် CNF အနေဖြင့် တော်လှန်ရေးတပ်ဦးမှ လှုပ်ရှားကာ NUCC/NUG နှင့် စစ်ရေးလှုပ်ရှားမှုများတွင် ပါဝင်နေသည်။

ချင်းနိုင်ငံရေးတွင် ပြည်ပရောက် ချင်းများ၏ အခန်းကဏ္ဍမှာလည်း အားကောင်းသည်။ နိုင်ငံရေးအရ ပြန့်ကျဲရောက်ရှိနေသူများသည် ချင်းအမျိုးသားတပ်ဦး (CNF) ကို ပံ့ပိုးရာတွင်လည်း အရေးပါသည်။ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့တွင် ပြည်ပရောက်နေသူများသည် ၂၀၀၆ ခုနှစ် ချင်းအမျိုးသားညီလာခံ၏ ဖက်ဒရယ်ဆိုင်ရာ တောင်းဆိုချက်ကဲ့သို့သော မူဝါဒအဆိုပြုချက်များကို ရေးဆွဲရန် ကမ္ဘာအနှံ့ပြန့်ကျဲရောက်ရှိနေသည့် အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သည်။ လူမှုမီဒီယာများတွင် ချင်းဘာသာစကား စာမျက်နှာများနှင့် ချင်းရေးရာချန်နယ်များ အပါအဝင် လူမှုမီဒီယာပလက်ဖောင်းများသည် ပြန့်ကျဲရောက်ရှိနေသူ ချင်းများနှင့် ချင်းတို့ဇာတိမြေကို ဆက်သွယ်ပေးကာ သမိုင်းရာဇဝင်များ၊ ရိုးရာပုံပြင်များသာမက နိုင်ငံရေးဆိုင်ရာ နောက်ဆုံးအခြေအနေများနှင့် လှုပ်ရှားမှုများကို ဖြန့်ဝေပေးသည်။

ပြန့်ကျဲရောက်ရှိနေသူများ၏ အခန်းကဏ္ဍသည် စိန်ခေါ်မှုများမရှိသည်မဟုတ်ပေ။ ရိုးရာဓလေ့များကို ဦးစားပေးသော သက်ကြီးသူများနှင့် ပေါင်းစပ်မှုများကို လက်ခံသော လူငယ်များကြား မျိုးဆက်ကွာဟမှုများသည် တင်းမာမှုများကို ဖြစ်စေခြင်းလည်း ရှိသည်။ မလေးရှားကဲ့သို့သော အိမ်ရှင်နိုင်ငံများတွင် အကန့်အသတ်ရှိသော အရင်းအမြစ်များနှင့် ဥပဒေအခင်းအကျင်းများသည်လည်း အသိုင်းအဝိုင်းတည်ဆောက်မှုကို ဟန့်တားသည်။ သို့သော် ဤစိန်ခေါ်မှုများသည် တီထွင်ဖန်တီးမှုများကိုလည်း လှုံ့ဆော်ပေးခဲ့သည်။ ချင်းတို့သည် ချင်းလူမှုပုံရိပ်ကို ခေတ်မီစေရင်း ခုခံအာခံကြဆဲ ဖြစ်သည်။ Miphun (မျှဝေထားသော ဘိုးဘွားစဉ်ဆက်) နှင့် Ram (ဇာတိမြေ မှတ်ဉာဏ်) ၏ ကြိုးမျှင်များကို ကမ္ဘာလုံးပြန့်ကျဲပါဝင်အောင် ရက်လုပ်ထားသည့်၊ ချင်းတို့၏ အမှတ်အသားသည် ဇာတိနေရာတွင်သာမက ခံနိုင်ရည်ရှိရန်နှင့် ပြန်လည်အဓိပ္ပာယ်ဖွင့်ဆိုရန် စုပေါင်းဆန္ဒတွင်လည်း ဖွံ့ဖြိုးနေပါ၏။

သို့သော် အားလုံး တပုံတည်း ညီညွတ်မှုရနေသည်တော့ မဟုတ်ပါ။ နိုင်ငံရေးအရ ကွဲပြားမှုများစွာလည်း ရှိနေဆဲ ဖြစ်သည်။ ချင်းများသည် မျိုးနွယ်စုများပြားပြီး၊ ချင်းဒေသမှာလည်း နိုင်ငံ ၃ နိုင်ငံအတွင်းပျံ့နှံ့နေသည်။ အချင်းချင်းကြား ဒဏ်ရာဟောင်းများနှင့် သဘောမတူညီမှုများလည်း ရှိကြရာ ချင်းအားလုံး ပူးပေါင်းရေးခက်သလို တနိုင်ငံတည်းအတွင်းရှိ ချင်းအဖွဲ့ တခုချင်းစီမှာလည်း ပြဿနာများ ရှိနေသေးသည်။

မျိုးနွယ်စုများလွန်းနေသည့်အတွက် အလုပ်ဖြစ်ပါ့မလားဟု CNF ၏ ဒုတိယ ဥက္ကဋ္ဌ -၃ ထန်နန်လျန်ထန် ကို ဧရာဝတီမှ ၂၀၁၃ ခု ဇန်နဝါရီလတွင် မေးမြန်းရာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ဒါဟာ ခက်ခဲတဲ့ အခြေအနေတခု မဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ အရင်တုန်းက ချင်းမျိုးနွယ်စုတွေ အများကြီးရှိခဲ့တယ်။ ကျွန်တော်တို့ဒေသမှာ တစ်ယောက်နဲ့တစ်ယောက် ငြိမ်းချမ်းစွာ အတူနေထိုင်ခဲ့ကြတယ်။ ကိုလိုနီခေတ်မှာ ဗြိတိသျှတွေက ကျွန်တော်တို့ရဲ့ ဇိုမီဒေသကို ဇိုမီနဲ့ တီးတိန်အကြီးအကဲက အုပ်ချုပ်ခွင့်ပေးခဲ့ပြီး ဖလမ်းအကြီးအကဲက သူ့ရဲ့ နိုင်ငံငယ်လေးကို အုပ်ချုပ်ခဲ့တယ်။ အဲဒီတုန်းက မြို့ငယ်လေးတစ်ခုဟာ နိုင်ငံတစ်ခုလိုပဲ။ ပင်လုံစာချုပ်ကို ချင်းဒေသ သုံးခုရဲ့ နယ်အကြီးအကဲတွေဖြစ်တဲ့ ဖလမ်းက ပူးလွှာမှုန်း၊ တီးတိမ်က ပူးသောင်ဇာခုပ်၊ ဟားခါးက ပူးကီးယိုမန်တို့က လက်မှတ်ရေးထိုးခဲ့ကြတယ်။ ၁၉၆၂ ကနေ ၁၉၈၈ အထိ ကျွန်တော်တို့မှာ ကိုယ်ပိုင် မြေအောက်လှုပ်ရှားမှုရှိခဲ့ပြီး ကျောင်းသားအားလုံး အတူတကွ လုပ်ဆောင်ခဲ့ကြတယ်။ နောက်ပိုင်းမှာ ချင်းပါတီငါးခု ပေါ်ပေါက်လာတယ်။ ညီညွတ်ရေးဆိုတာ ချွတ်စွပ်ပုံတူညီခြင်းမဟုတ်ဘူး။ ညီညွတ်ရေး ဆိုတာ ကွဲပြားခြင်းထဲမှာပဲ။ ချင်းလူမျိုးအားလုံး တစ်ပါတီတည်း ဖြစ်သင့်တယ်လို့ ကျွန်တော်တို့ မပြောနိုင်ဘူး။ လူတိုင်းမှာ သီးခြားပါတီရှိနိုင်ပေမယ့် အတူတကွ လုပ်ဆောင်နိုင်တယ်။ ပါတီတိုင်း ယှဉ်ပြိုင်ပြီး ရွေးကောက်ခံရလိမ့်မယ်။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က စစ်အစိုးရနဲ့ ဒီအစိုးရရဲ့ “မဟာဗမာ (Great Burma) ဝါဒ” ကို ဖြုတ်ချဖို့ပဲ။ တစ်ခုခုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အချင်းချင်း တိုက်ခိုက်နေမယ်ဆိုရင် အဓိပ္ပာယ်မရှိဘူး။

၂၀ ရာစုနှောင်းပိုင်းနှင့် ၂၁ ရာစုအစောပိုင်းတွင် “ဖက်ဒရယ်” တောင်းဆိုမှုများသည် ဖက်ဒရယ်ဝါဒီများ၊ တိုင်းရင်းသားလူမျိုးများနှင့် ဗမာဒီမိုကရက်အချို့ကြားတွင်ပင် အရှိန်အဟုန်ရရှိခဲ့သည်။ မူလသဘောတူညီချက် ပျက်ကွက်ခြင်းသည် နိုင်ငံရေးသမားချင်း မရိုးသားမှုကြောင့်သာမက ဖွဲ့စည်းပုံဆိုင်ရာ အဓိပ္ပာယ်လွဲမှားမှုများနှင့် အာဏာခွဲဝေရာတွင် မညီမျှမှုများကြောင့်ဖြစ်ကြောင်း လူထု၏အသံများက အသိအမှတ်ပြုခဲ့သည်။ ချင်းတို့အတွက် မည်သည့်အနာဂတ်ပြည်ထောင်စုပုံစံမဆို ဤအခြေခံဖွဲ့စည်းမှုဆိုင်ရာ လွဲမှားမှုများကို ပြင်ဆင်ရမည်ဖြစ်သည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ယဉ်ကျေးမှုထိန်းသိမ်းခြင်းမျှသာ မဟုတ်ဘဲ နိုင်ငံရေးဆိုင်ရာ ကိုယ်ပိုင်အာဏာအဖြစ် အတည်ပြုရမည်ဖြစ်သည်။

ချင်းတို့သည် ဒီမိုကရေစီအကူးအပြောင်း ကာလများတွင် ဗမာများနှင့် အတော်ရင်းနှီးသူများလည်း ရှိ၏။ ၂ဝ၁၅ ရွေးကောက်ပွဲတွင် NLD အာဏာရလာသောအခါ ဟင်နရီဗန်ထီးယူကို ဒုတိယသမ္မတ ရွေးကောက်ပြီး နောက် ချင်းပြည်နယ်ဖွံ့ဖြိုးရေးများ ပိုမိုဖြစ်လာခဲ့သည်။ မြို့တော်ဟားခါးမြို့မတွင် မြို့လယ်လမ်းကြီးကို အောင်ဆန်းစုကြည်လမ်းဟု အမည်ပေးခဲ့သည်။ ဗိုလ်မင်းအောင်လှိုင်ကိုလည်း ချင်းသူရဲကောင်းဆု (Gal Hang Pah Tawi Na Award) ကို ချီးမြှင့်ခဲ့သည်လည်းရှိသလို တဘက်က ကန့်ကွက်စာထုတ်သူများလည်း ရှိခဲ့သည်။ သို့သော် အာဏာသိမ်း စစ်ကောင်စီလက်ထက် တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ်များ တိုက်ခိုက်ကြရာတွင်လည်း ချင်းသည်ရှေ့ဦးတပ်များဖြစ်သလို ထိခိုက်မှုအများဆုံးနေရာတခုလည်း ဖြစ်ခဲ့ပြီး ကနဦးတွင်ပင် ထန်တလန်မြို့သည် လုံးဝပျက်စီးခဲ့ရပေသည်။ လေကြောင်းနှင့် လက်နက်ကြီးများ အပါအဝင် စစ်တပ်၏ ဖိနှိပ်တိုက်ခိုက်မှု များစွာရှိသော်လည်း လက်ရှိတွင် ချင်းပြည်နယ်သည် စစ်ကောင်စီမှ လုံးဝထိန်းချုပ်မရသည့် ပြည်နယ်ဖြစ်နေပေသည်။

]]>
<![CDATA[ဖက်ဒရယ်သျှမ်းပြည်ထောင်စု]]>Wed, 18 Jun 2025 09:38:31 GMThttp://www.thecallingdigest.org/41264121414141434100415441524121415841124154411241214154415241164158410041514154-4101414041234157409641544101414041124121415441524121415541404152/federated_shan_states_mm(ယခုစာမှာ Draft မူကြမ်းဖြစ်၍ အချက်အလက်ကို နောက်ဆုံးအကြိမ် ပြန်လည်မစစ်ဆေးရသေးပါ။)

သျှမ်းလူမျိုးများသည် မြန်မာနိုင်ငံ အရှေ့ပိုင်းနှင့် အနောက်မြောက်ဘက် (မြန်မာနိုင်ငံ) နှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်တို့တွင် ပျံ့နှံ့နေထိုင်သည့် လူမျိုးများဖြစ်သည်။ အာသံ၊ လာအို၊ ထိုင်းနှင့် မြောက်ဗီယက်နမ်တို့တွင်လည်း သျှမ်းလူမျိုးများရှိပါသည်။ Sino-Tai ဘာသာစကား အုပ်စုတွင် ရှိသော ၎င်းတို့၏ကိုယ်ပိုင်ဘာသာ သျှမ်းဘာသာစကားအနွယ်များကို ပြောဆိုကြသည်။ အများစုက ထေရဝါဒ ဗုဒ္ဓဘာသာဝင်များဖြစ်သည်။

သျှမ်းလူမျိုးများသည် ကိုယ်ပိုင်ဘာသာစကား၊ စာပေနှင့် ခိုင်မာသော လူမျိုးရေးလက္ခဏာရှိကြသည်။ သျှမ်းကုန်းပြင်မြင့်တွင် အဓိကနေထိုင်ကြပြီး ချိုင့်ဝှမ်းများနှင့် လွင်ပြင်များက တောင်တန်းနိမ့်များနှင့် တောတောင်ကုန်းများတွင်လည်း ရောနှောနေထိုင်ကြသည်။ အနီးနားရှိ တောင်ပေါ်ဒေသများတွင် သျှမ်းတို့နှင့် စီးပွားရေးအရ ဆက်နွှယ်သော ဌာနေတိုင်းရင်းသား လူမျိုးများလည်း ရှိပါသည်။ စပါးစိုက်ပျိုးခြင်းသည် သျှမ်းစီးပွားရေး၏ အခြေခံဖြစ်ပြီး ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးခြင်းလည်း လုပ်ကြသည်။ သျှမ်းတို့သည် ဗမာ၊ တရုတ်တို့နှင့် ရာစုနှစ်များစွာ ကျယ်ကျယ်ပြန့်ပြန့် ကုန်သွယ်မှုပြုခဲ့သည်။ သျှမ်းအုပ်ချုပ်မှုမှာ ပဒေသရာဇ်စော်ဘွား အုပ်ချုပ်ရေးစနစ်များ ဖြစ်သည်။ ရှေးက စော်ဘွားသေသည့်အခါ ကျွန်ကိုသတ်ပြီး ထည့်မြှုပ်သည့်ဓလေ့ ရှိသည့်ဒေသများ ရှိခဲ့ကြောင်း၊ ဘုရင့်နောင်က တိုက်ခိုက် သိမ်းပိုက်ပြီးနောက်မှ ပျောက်သွားကြောင်း အချို့စာပေတို့တွင် ဖော်ပြသည်။

သမိုင်းကြောင်းအရ သျှမ်းတို့သည် ၁၃ ရာစုမှ ၁၆ ရာစုအတွင်း မြန်မာနိုင်ငံတွင် သိသာထင်ရှားသော သြဇာလွှမ်းမိုးမှု ရှိခဲ့သည်။ ထိုကာလများမှ ဗမာပြည်တွင်းဘုရင်များမှာ သျှမ်းသော်လည်းကောင်း၊ သျှမ်းသွေးပါသူသော်လည်းကောင်း ဖြစ်တတ်သည်။ အထူးသဖြင့် ပုဂံကို မွန်ဂိုတို့ဖျက်ဆီးအပြီးတွင် မင်းမဲ့အခြေအနေနှင့် ကြုံတွေ့နေရစဉ်ကာလတွင် ရာဇသင်္ကြန်၊ အသင်္ခယာနှင့် သိင်္ဂသူ (တစ်စီးရှင်သီဟသူ) သျှမ်းညီအစ်ကို သုံးဦးတို့ ခေတ်ဖြစ်ပြီး မြင်စိုင်း၊ ပင်းယ၊ စစ်ကိုင်းတို့တွင် ကြီးစိုးကြသည်။

နောက်တကြိမ်တွင် အင်းဝဘုရင် ရွှေနန်းကျော့ရှင်နရပတိ (၈၆၃-၈၈၈) အားနည်းချိန်တွင် မြောက်ဘက်တလွှားမှစော်ဘွားများ အင်အားကြီးမားလာပြီး အင်အားအကြီးဆုံးဖြစ်သည့် မိုးညှင်းစော်ဘွား မိုးညှင်းစလုံ (၈၈၈-၉၀၄) က နရပတိကို သတ်ကာ ထီးနန်းအရိုက်အရာကို သားဖြစ်သူ သိုဟန်ဘွားမှ (ကြားခံအုပ်စိုးမှုအဖြစ်) ဆက်ခံခဲ့သည်။ သိုဟန်ဘွားသည် တောင်ငူကိုတိုက်ရန် ကြံစည်သောအခါ သျှမ်းတို့ကြီးစိုးမည်စိုးသဖြင့် ဗမာအမတ်တို့က လှည့်စားပြီးမတိုက်ပဲနေစေသည်။ နောင်တွင် သိုဟန်ဘွား မောက်မာမှုကို မကြိုက်ကြသော မင်းကြီးရန်နောင်ဦးဆောင်သည့် ဗမာအမတ်တို့ ပေါင်းသတ်၍သေလျှင် မင်းကြီးရန်နောင်က အင်းဝကို ယခင်နရပတိဘုရင်၏မိတ်ဆွေ အုန်းဘောင်(သိန္နီ)စော်ဘွား ခုံမှိုင်းကို နန်းတင်ရန်ပြောဆိုမှာကြားပြီး တောထွက်သွားခဲ့သည်။ နောက်အုန်းဘောင်ခုံမှိုင်းလွန်လျှင် မိုးဗြဲနရပတိ ဆက်လက်စိုးစံခဲ့သည်။

ထိုမှသည် သျှမ်းအင်အား ကျဆင်းလာသည့်အခါ၊ သျှမ်းပဒေသရာဇ်နယ်များစွာ ဖြစ်လာသည်။ ကုန်းဘောင်ခေတ်တွင် သျှမ်းစော်ဘွားတို့သည် ဗမာဘုရင်ထံ သစ္စာခံခဲ့ကြသည် ရှိသလို အချို့စော်ဘွားများက တရုတ်၊ ထိုင်းတို့နှင့်ပါ အဆက်အစပ်ပြုခဲ့သည်။ ဗမာဘုရင်များက ရှမ်းဒေသတို့ကို သိမ်းပိုက်သည့်ပုံစံကို Vassal-Suzerainty Relationship (ပဏ္ဏာဆက်ခြင်းနှင့် နိုင်ငံခြားရေးကို ချုပ်ကိုင်ခံရသည့် ပြည်ထောင်များ) ဟု အချို့ပညာရှင်များက ဆိုကြသည်။ ကုန်းဘောင်ခေတ်တွင် သျှမ်းစော်ဘွားတို့၏ သားသမီးမျိုးဆွေများကို ချစ်ကြည်ချီးမြှောက်သည်ဟု ဆိုကာ ဘုရင်နန်းတော်တွင်ခေါ်ထားတတ်သည်။ ဘုရင်ကို ဝါဝင်၊ ဝါထွက်၊ နှစ်ကူးများတွင် အရိုအသေပြုရန်လာရသည်။ မလာနိုင်ပါက ပုန်ကန်သည့်စာရင်းတွင် ပါဝင်သွားသည်။

မင်းတုန်းမင်းလွန်သည့်အခါ သီပေါမင်းကို ပုန်ကန်သော သျှမ်းစော်ဘွားများ ရှိသလို သီပေါမင်း ပါတော်မူသည့်အခါ သျှမ်းအချို့က ပြန်လုရန် ပြင်ဆင်ခဲ့သေးသည်ဟု မှတ်သားရသည်။ သီပေါမင်းကို ပုန်ကန်သည့် ကျိုင်းရုံးကြီးစော်ဘွားနှင့် မိုးနဲ၊ မိုင်းနောင်နှင့် ရပ်စောက် စော်ဘွားများက လင်းပင်မင်းသားကို နန်းတင်ရန် ရည်မှန်းသည်။ လင်းပင်မင်းသားကလည်း မန်စံ၊ မိုင်းလွန်းနှင့် လဲချားနယ်များကို တိုက်သည်။ ၁၈၈၇ တွင် လင်းပင်မင်းသား ကာလကတ္တားမြို့သို့ နယ်နှင်ခံရသည်။ သံလွင်မြစ် အနောက်ဘက်ရှိ စော်ဘွားနယ်များသည် အင်္ဂလိပ်လက်အောက်သို့ ဝင်ရောက်ကြပြီး ၁၈၉၀ ခုနှစ်တွင်မှ အင်္ဂလိပ်လက်အောက် နောက်ဆုံးရောက်သည့်ရှမ်းနယ်မှာ ကျိုင်းတုံနယ် ဖြစ်သည်။

၁၈၉၇ ခုတွင် ဒုတိယဘုရင်ခံကို အကြံပေးရန် ဥပဒေပြုကောင်စီဖွဲ့စဉ်က ရှမ်းစော်ဘွားများ ပါဝင်ခဲ့သည်။ ၁၉၁၉ တွင် ရှမ်းပြည်နှင့် သင့်တော်သောအုပ်ချုပ်ရေးကို လေ့လာရန် အိုင်စီအက်စ် တွမ်လစ္စတာကို မလေးစူလ်တန်စော်ဘွားများ အုပ်ချုပ်ရေးကို လေ့လာစေကာ အစီရင်ခံစာကို မှီငြမ်း၍ ၁၉၂၂ အောက်တိုဘာမှစကာ သျှမ်း ပြည်နယ် ဒေသများမှာ ပဒေသရာဇ်သျှမ်းပြည်စု Federated Shan State အနေဖြင့် ဖွဲ့စည်း အုပ်ချုပ်ခဲ့သည်။ Princely States များဖြစ်သည့်အတွက် အင်္ဂလိပ်တို့တိုက်ရိုက်မအုပ်ချုပ်ပဲ စော်ဘွားကောင်စီမှ အုပ်ချုပ်သော်လည်း အင်္ဂလိပ်က ဥက္ကဋ္ဌ လုပ်နေသည်။ ပြည်သူ့လုပ်ငန်း ဌာန၊ ကျန်းမာရေး၊ ပညာရေး၊ သစ်တော၊ စိုက်ပျိုးရေးနဲ့ ရဲတပ်ဖွဲ့ကို ဗဟိုက တာဝန်ယူရသည်။ အခြားလုပ်ငန်းတွေကို သက်ဆိုင်ရာစော်ဘွား၊ မြို့စား၊ ငွေခွန်မှူးတို့က တာဝန် ယူရသည်။ ကျိုင်းတုံ၊ မိုးနဲ၊ သီပေါ၊ ညောင်ရွှေစော်ဘွားကြီးများ မြန်မာပြည်ဆင်းလျှင် ဘူတာတွင် အမြောက် ကိုးချက် ပစ်ဖောက် ကြိုဆိုရသည်။ ဗမာနိုင်ငံနှင့် သီးခြားဖြစ်သလို ဗမာပြည်မနှင့် သျှမ်းဒေသကြား လွတ်လပ်စွာကူးသန်းခွင့် မရှိပေ။

၁၉၃၀ ခု အိန္ဒိယ-မြန်မာ ခွဲရေးတွဲရေးအတွက် လန်ဒန်အစည်းအဝေးသို့ မြန်မာဘက်မှ ၂၁ ဦး တက်ခွင့်ရရာ စော်ဘွားများပါဝင်ရန် အရေးဆိုကာ ၂ ဦးတက်ရောက်ခွင့်ရသည်။ ယင်းနေ့ကို အမျိုးသားနေ့ဟု မူလက သတ်မှတ်သော်လည်း အနှစ်သာရမရှိသလို မည်သူမျှအလေးမထားခဲ့ပေ။ ဂျပန်တို့ဝင်လာပြီး ၁၉၄၃ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့တွင် ဂျပန်အစိုးရသည်ရှမ်းပြည်ကို ဗမာနိုင်ငံအတွင်း ထည့်သွင်းခဲ့သော်လည်း သံလွင်မြစ်အရှေ့ဘက်ဒေသများ ဖြစ်ကြသော ကျိုင်းတုံနှင့် မိုင်းပန်ဒေသများမှာမူ ဂျပန်တို့နှင့် သဘောတူညီချက်အရ ထိုင်းနိုင်ငံမှ Saharat Thai Doem (ညီညွတ်သောမူလထိုင်းဒေသများ) အဖြစ် သိမ်းပိုက်ထားခဲ့သည်။‌ မဟာမိတ်များ စစ်နိုင်သည့်အခါမှ ထိုင်းဘက်မှ ညှိနှိုင်းကာ နောက်ဆုံး ၁၉၄၅ ဩဂုတ်မှသာ ထိုင်းတပ်က ထွက်ခွာသွားလေသည်။

၁၉၄၅ အောက်တိုဘာတွင် မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း၏ မဟာဒေဝီဈာပနသို့ အနယ်နယ် အရပ်ရပ်မှ သျှမ်းစော်ဘွားများ ရောက်ရှိလာကာ အနာဂတ်အရေးဆွေးနွေးကြပြီး ၁၉၄၆ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် မိုင်းကိုင် (မိန်းကိန်) ညီလာခံကို ကျင်းပကာ စဝ်ဖလုံကောင်စီ (သျှမ်းပြည်နယ် စော်ဘွားများကောင်စီ) ကို ဖွဲ့စည်းကာ ပလောင်စော်ဘွားကြီး ခွန်ပန်းစိန်မှ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ ဗြိတိသျှတို့က ၁၉၂၂ ခုက ဖွဲ့စည်းသော တရားဝင် (Statutory) အဆင့်ရှိသည့် ကောင်စီကိုသာ အသိအမှတ်ပြုလိုသည်။ ယခုကောင်စီမှာ နိုင်ငံရေးအစုအဖွဲ့အသွင် ဖြစ်နေသည်။ ယင်းကောင်စီ အစည်းအဝေးမှ ၁၉၄၆ မတ်လတွင်မူ လဲချားပင်လုံဘုရားပွဲတွင် ရှမ်းပြည်လက်မှုပြပွဲတရပ် ကျင်းပပြီး၊ ထိုပွဲတွင် စော်ဘွားများဦးဆောင်ကာ  ကချင်၊ ချင်း၊ ဗမာ ခေါင်းဆောင်များနှင့်တွေ့ဆုံကြကာ အတူတွဲ၍ လွတ်လပ်ရေး ယူရေး၊ မယူရေး နှီးနှောဖလှယ်ရန် ဆုံးဖြတ်ကြသည်။ 

ဗြိတိသျှအနေဖြင့် အိန္ဒိယ၏ မဟာရာဂျာများနည်းတူ မြေရှင်၊ ပဒေသရာဇ် စော်ဘွားတို့သည် တရားဝင်အုပ်ချုပ်သူများဟု အသိအမှတ် ပြုထားသည်ကို ခေတ်ပညာတတ်၊ လက်ဝဲအမြင်နှင့် အထိအတွေ့ရှိလာသော ခေတ်လူငယ်တို့က မလိုလားချေ။ သို့နှင့် ဗမာမူဆလင်ဆရာကြီး ဦးဖေခင်၏ အကူအညီဖြင့် ဦးထွန်းမြင့်လေး၊ ဦးတင်ဧ စသည့် လူငယ်တို့သည် ၁၉၄၆ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပသော ဖဆပလ ညီလာခံသို့ တိတ်တဆိတ် တက်ရောက်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းတို့နှင့် တွေ့ဆုံဖြစ်ခဲ့သည်။ လက်ဝဲသဘောတရား သင်ခန်းစာများကို သခင်စိုး၊ သခင်တင်မြ၊ သခင်သိန်းဖေတို့ထံမှ နာယူခဲ့သည်။ ဗမာပြည်မ သီခြားလွတ်လပ်ရေးယူမည့် အနေအထားကို ကန့်ကွက်ကာ သျှမ်းပြည်ကို ဗမာပြည်မနှင့်အတူ လွတ်လပ်ရေး ရယူရန် ဖဆပလ ခေါင်းဆောင်များက အပြင်မှ ညှိနှိုင်းမည်၊ သျှမ်းလူငယ်တို့က အတွင်းဘက်မှ တက်တက်ကြွကြွ လှုပ်ရှားဖိအားပေးမည်ဟု သဘောတူခဲ့သည်။

ပထမပင်လုံကို ၁၉၄၆ ခုနှစ် မတ်လတွင် ကျင်းပခဲ့ရာ ဗိုလ်ချုပ်အောင်ဆန်းအနေဖြင့် မတက်ရောက်နိုင်သော်လည်း ဦးနုနှင့် ဂဠုန်ဦးစောတို့ သွားရောက်တက်ကာ ဟောပြောခဲ့ကြသည်။ သျှမ်းနှင့် ကချင်ခေါင်းဆောင်များကြား ဗမာပြည်မနှင့်အတူ လွတ်လပ်ရေး ယူသင့် မယူသင့် ဆွေးနွေးဆဲဖြစ်သည်။ ဩဂုတ်လ ၂၀ တွင် သျှမ်း (ရှမ်း) ပြည်လွတ်လပ်ရေးအဖွဲ့ချုပ် (ရပလ) ကို တောင်ကြီးတွင် ထူထောင်ရာ အခြေခံမူ သုံးရပ်မှာ အောက်ပါအတိုင်း ဖြစ်သည်။ 

(၁) လွတ်လပ်သောတိုင်းပြည်အဖြစ် သျှမ်းပြည်ရပ်တည်နိုင်သင့်သည်။
(၂) ဗမာပြည်နှင့်ပူးပေါင်းပြီး တပြိုင်တည်းလွတ်လပ်ရေးယူသင့်သည်။
(၃) ခွဲထွက်ပိုင်ခွင့်ရှိပါက ဗမာပြည်နှင့် ပြည်ထောင်စုအဖြစ်ထူထောင်သင့်သည်။
၁၉၄၆ ခု ဒီဇင်ဘာလ ၂၃ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းက တောင်ကြီးဘောလုံးကွင်းတွင် လူထုအား အောက်ပါစကားများဖြင့် မိန့်ခွန်းပြောကြားခဲ့သည်။  

“ဗမာပြည်မနဲ့ ရှမ်းပြည် တပြိုင်တည်း တိုးတက်ကြီးပွားစေချင်တယ်…… ရှမ်းပြည်ကို ရှမ်းပြည်သူလူထုတွေ ရွေးကောက်တင်မြောက်တဲ့သူတွေပဲ အုပ်ချုပ်ဖို့ ကျွန်တော်တို့ ဆွေးနွေးနေပါတယ်…… ဗမာကို အထင်မလွဲစေချင်ဘူး၊ ဗမာလည်း ရှမ်းပြည်ကို လာမအုပ်စိုးဘူး …… ရှမ်းပြည်နယ်ထဲက ဘာမှလည်း လာမယူဘူး” 

ထို့နောက် ဒီဇင်ဘာ ၂၅ ရက်တွင် စော်ဘွားများနှင့် ဆက်လက်တွေ့ဆုံရာ “ကမ္ဘာ့အခြေအနေ ပြောင်းလဲမှုကြောင့် မကြာမီ ဗမာပြည်မတော့ လွတ်လပ်ရေးရတော့မယ်၊ ဗမာပြည်မ ရသလို ရှမ်းပြည်ကိုလည်း ရစေချင်တယ်။ ……. ဗမာပြည် ရှမ်းပြည်ပူးပေါင်းဖို့ အင်္ဂလန်ကို သွားရဦးမယ်။ ဒါကြောင့်မို့ ရှမ်းစော်ဘွားတွေ ပူးပေါင်းဖို့ သဘောတူတဲ့အကြောင်း လက်မှတ်ထိုးဖို့ စာတစောင်တော့လိုအပ်တယ် …… ကျုပ်တို့က နယ်ချဲ့တွေကို တိုက်မှာမို့လို့ နယ်ချဲ့တွေနဲ့ မိတ်ဖွဲ့နေဦးမယ်ဆိုရင် ခင်ဗျားတို့ကိုလည်း တိုက်ရမှာပဲ” ဟု ပြောခဲ့သော်လည်း သျှမ်းစော်ဘွားတို့က စာမရေးပေးလိုက်ချေ။

၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလတွင် လန်ဒန်မြို့၌ မြန်မာတို့ဘက်မှ ဗိုလ်ချုပ်အောင်ဆန်းက ခေါင်းဆောင်၍ လည်းကောင်း၊ ဗြိတိသျှ အစိုးရ ဘက်မှ ဗြိတိသျှ ဝန်ကြီးချုပ် ကလီးမင့် ရစ်ချတ် အက်တလီ (Clement Richard Attlee) က ခေါင်းဆောင်၍လည်းကောင်း ဆွေးနွေးနေစဉ်  ဇန်နဝါရီ ၂၁ ရက်စွဲဖြင့် “ဗမာပြည်အစိုးရ ကိုယ်စားလှယ်အဖွဲ့သည် သျှမ်းပြည်နှင့် တောင်တန်းဒေသများကို ကိုယ်စားပြုနိုင်ခြင်း မရှိကြောင်း” သျှမ်းစော်ဘွားတို့က ကြေးနန်းရိုက်ခဲ့သည်။

ထိုအခြေအနေကို တုန့်ပြန်ရန် ဖဆပလ၏ အကူအညီဖြင့် ဦးတင်ဧ၊ ဦးထွန်းမြင့်တို့ ဦးဆောင်၍ တောင်ကြီးဈေးတွင်းရှိသော လူ ၂၀၀၀ ခန့်ကို လူစုဟောပြောကာ ဇန်နဝါရီ ၂၅ ရက် နေ့စွဲဖြင့် ရန်ကုန်ရှိ ဖဆပလအဖွဲ့သို့လည်းကောင်း၊ လန်ဒန်ရှိ ဗိုလ်ချုပ်အောင်ဆန်းထံသို့ လည်းကောင်း၊ ဗြိတိသျှနန်းရင်းဝန် အက်တလီထံသို့လည်းကောင်း ဗိုလ်ချုပ်အောင်ဆန်းကို ထောက်ခံကြကြောင်း ဦးဖေခင်မှပင် ကြေးနန်းရိုက်ပြီး စာပေးပို့ခဲ့သည်။ ဤသို့နှင့် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ချုပ်ဆိုသော “အောင်ဆန်း - အက်တလီ” စာချုပ်ထဲတွင် တိုင်းရင်းသားလူမျိုး ခေါင်းဆောင်များနှင့် ပင်လုံ (သို့မဟုတ် အထူးကွန်ဖရင့်တခု) တွင် သွားရောက်ညှိနှိုင်းရမည်ဟူ၍ ဖြစ်လာခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း လန်ဒန်မှ အသံလွှင့်စဉ်တွင်လည်း “လွတ်လပ်ရေး အတူယူ၊ မယူမှာ မိမိသည် တောင်တန်းဒေသတို့၏ ကိုယ်စားလှယ်မဟုတ်ပါ၍ သူတို့သဘော ဖြစ်ပါသည်” ဟု ဆိုခဲ့ပါသေးသည်။

ဒုတိယပင်လုံညီလာခံကို ၁၉၄၇ ခု ဖေဖော်ဝါရီလအစတွင်ပင် ကျင်းပလျက်ရှိရာ ဗမာဘက်မှ ဗိုလ်ချုပ်အောင်ဆန်း ရောက်မလာခင်ကာလ ၆ ရက်နေ့နှင့် ၇ ရက်နေ့များတွင် သျှမ်း-ကချင် ကိုယ်စားလှယ် အစည်းအဝေးမှ အောက်ပါအချက်များ သဘောတူဆုံးဖြတ်ထားကြသည်။

(၁) ကချင်ပြည်ရရှိရေးသဘောတူကြောင်း
(၂) ဗမာပြည်နှင့်တန်းတူရေး
(၃) မိမိပြည်တွင်းရေးကိစ္စကို ကိုယ်တိုင်တာဝန်ယူရန်နှင့် တပြည်လုံးနှင့်ဆိုင်သည့် အခြားကိစ္စများ အတွက် ပူးပေါင်းတာဝန်ယူရေး
(၄) အောင်ဆန်း-အက်တလီစာချုပ်ကိုလက်မခံကြောင်း
(၅) ခွဲထွက်ခွင့်ရရှိရေး

ဖေဖော်ဝါရီ ၇ ရက်နေ့တွင် ဥက္ကဋ္ဌထံ ဘုရင်ခံက သျှမ်းပြည်ကောင်စီ၏ တင်ပြချက်၊ တောင်းဆိုချက် များကိုလက်မခံ၊ ပယ်ချကြောင်း အင်္ဂလိပ်ကော်မရှင်နာက ကြေးနန်းဖြင့် အကြောင်းပြန်ပြီး ဖက်ဒရယ် ဥပဒေမရှိဟု ကြေးနန်းဝင်လာရာ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားရာမှ ဦးထွန်းမြင့်၏ အကြံပြုချက်နှင့်အညီ ပင်လုံရောက်လာသော ပြည်သူ့ထောက်ခံမှုကို ချက်ချင်းရယူပြီး သျှမ်းပြည်ကောင်စီ၏ လူထုနှင့် စော်ဘွားကိုယ်စားလှယ် ၇ ဦးစီ ပါ၀င်မှု ဆုံးဖြတ်ချက်ကို အတည်ပြုကြောင်း၊ အင်္ဂလိပ်၏ ကြေးနန်းစာကို ဆန့်ကျင်ကြောင်း ကော်မရှင်နာနှင့် ဘုရင်ခံတို့ထံ ကြေးနန်းပြန်ရိုက်လိုက်ကာ သျှမ်းပြည်ကောင်စီကို ဖွဲ့စည်းလိုက်သည်။ ဗြိတိသျှကိုအာခံခဲ့သော ယင်း ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်နေ့သည်ပင် သျှမ်းအမျိုးသားနေ့ ဖြစ်ပေသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် ဖေဖော်ဝါရီ ၈ ရက်နေ့တွင် ပင်လုံသို့ရောက်လာခဲ့သည်။ ထို့နောက် ဆွေးနွေးကြရာ သျှမ်းစော်ဘွားများနှင့် ကချင်ဒူဝါများ၏ လိုလားချက်အချို့နှင့် ဗိုလ်ချုပ်အောင်ဆန်း အဆင်မပြေဖြစ်ခဲ့သေးသည်။ သျှမ်းပြည်နယ် ဒေသခံ လူငယ်ခေါင်းဆောင်များကလည်း အသင့်စုထားသော ကျောင်းသားလူငယ် ၂၀၀ ကို ကားဖြင့်ခေါ်လာပြီး သျှမ်းစော်ဘွားများကို ဖိအားပေးရန် ရှိခဲ့သည်။ နောက်တနေ့တွင်မူ ဗိုလ်ချုပ်အောင်ဆန်းက သဘောတူ လျှော့ပေါ့ညှိနှိုင်းရာ ခွဲထွက်ခွင့်ရလျှင် ဗမာပြည်မ လွတ်လပ်ရေးနှင့် ပူးပေါင်းလွတ်လပ်ရေးရယူမည်ဟု သဘောတူမျှကြသည်။ သို့နှင့် ပင်လုံစာချုပ် ချုပ်ဆိုကြပြီး ဗမာပြည် လွတ်လပ်ရေးတွင် သျှမ်းစော်ဘွား စဝ်ရွှေသိုက်က မြန်မာ့ပထမဆုံး သမ္မတ ဖြစ်လာခဲ့သည်။

ယင်းသဘောတူညီမှုကို ဗမာ့တပ်မတော်မှ နဂိုတည်းက ကျေနပ်ခြင်း မရှိဟု ကြည်ဝင်းစိန်က နှောင်းပိုင်းတွင် ပြန်ရေးသားသည်။ ဗိုလ်ချုပ်အောင်ဆန်းသာမက ပင်လုံတွင်ပါဝင်သော ဗိုလ်မှူးချုပ် တင်ထွဋ်လည်း ကားဗုံးခွဲ လုပ်ကြံခံခဲ့ရသည်။ လက်သည်လည်း မပေါ်ပေ။

အစပထမပိုင်းတွင် ဗမာအစိုးရနှင့် သျှမ်းစော်ဘွားတို့အကြား ဆက်ဆံရေး မဆိုးပေ။ ထိုကိစ္စကိုလည်း သျှမ်းလူငယ်တို့က မကျေနပ်ပေ။ ဦးထွန်းမြင့်လေး၏စာတွင် ဖဆပလ အစိုးရနဲ့ သျှမ်းစော်ဘွားတို့ ဆက်စပ်နေမှုကြောင့် အပြောင်းအလဲလုပ်ရမှာ မလွယ်ကူပုံကို ဝေဖန်ထားသည်။ ၁၉၅၀ နှစ်များတွင် ကူမင်တန် တရုတ်ဖြူတပ်များ၏ ကျူးကျော်မှုနောက်တွင် ဗမာစစ်တပ်များစွာ သျှမ်းပြည်နယ်သို့ ရောက်လာသည်။ တရုတ်ဖြူတို့ကိုတိုက်ရန် စော်ဘွားတို့တွင် အင်အားမရှိသလို၊ အချို့ စော်ဘွားများနှင့် တရုတ်ဖြူတို့ အဆင်ပြေနေသည့်အတွက် ဗမာတပ်တို့ ရောက်ရှိလာသည်မှာ သဘာဝကျသော်လည်း သဘာဝမကျသည်က ကူမင်တန်တို့မရှိသည့် ဒေသများပါ စစ်အုပ်ချုပ်ရေး ကြေငြာခံကြရခြင်း ဖြစ်သည်။  သျှမ်းစော်ဘွားတို့က ဘဝင်မကျသလို ဗမာစစ်တပ်ဘက်ကလည်း စော်ဘွားများကို ဗြိတိသျှ၏လူ ပဒေသရာဇ်အုပ်စုဟု မြင်သည့်အတွက် တင်းမာမှုများ မျိုးစုံ ဖြစ်လာခဲ့သည်။ သျှမ်းပြည်နယ်ကောင်စီဥက္ကဋ္ဌ ရွေးရာတွင် ဝန်ကြီးချုပ် သဘောမတူပါက အပယ်ခံနေရသည်ကိုလည်း ဝေဖန်မှုများရှိလာသည်။

ထိုကာလများတွင် ပဒေသရာဇ် ဆန့်ကျင်ရေးအင်အားစုများကလည်း အရှိန်ရလာသည်။ စော်ဘွားများကလည်း ဆန့်ကျင်မှုများကို အားသုံးဖိနှိပ်မှုများ ရှိခဲ့သည်။ ထိုစဉ်က ချင်းပြည်နယ်တွင်လည်း တိုက်သူကြီးစနစ်ကို ဖျက်သိမ်းထားသည့် ဥပမာကောင်း ရှိရာ ၁၉၅၂ ခု အောက်တိုဘာလအတွင်း မိုးမိတ်စော်ဘွားဦးစီးသော ယခင်သျှမ်းပြည်နယ်အစိုးရက ခေတ်နှင့်လျော်ညီသော ဒီမိုကရေစီ အုပ်ချုပ်ရေး ရှိရန်နှင့် ပြည်နယ်အကျိုးအဘက်ဘက်တွင် တိုးတက်ရရှိရေးကို မျှော်ကိုးပြီး သျှမ်းပြည်၏ နယ်ရှင်ဖြစ်သည့် စော်ဘွားများအား ၎င်းတို့၏ အုပ်ချုပ်မှုအာဏာ တရားစီရင်မှုအာဏာ အခွန်တော်  စည်းကြပ်မှု အာဏာများကို စွန့်လွှတ်ရန် တိုက်တွန်းသည်။ ၁၉၅၂ ဒီဇင်ဘာလ ၇ ရက်နေ့တွင် အင်းလေးညီညွတ်ရေးအသင်း (UIA) ကိုဖွဲ့စည်းကာ ပဒေသရာဇ်ဆန့်ကျင်ရေး အားပေးသည်။ စော်ဘွားများအနေဖြင့် ရှမ်းပြည်လူငယ်အဖွဲ့ (ရပလ)၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပအမဖ) စသည်တို့ကို ဖဆပလအဖွဲ့က ကြိုးကိုင်နေသည်ဟု သံသယရှိကာ မကျေနပ်ပေ။

၁၉၅၃ ခုနှစ် စက်တင်ဘာလတွင် ဖဆပလအစိုးရအဖွဲ့၏ ကာကွယ်ရေးဝန်ကြီး ဦးဘဆွေက သျှမ်းပြည်စော်ဘွားများ ဦးစီးသည့် တောင်တန်းဒေသ စည်းလုံးညီညွတ်ရေးအဖွဲ့ (တစညဖ) အပါအဝင် နိုင်ငံရေးအသင်းပေါင်းစုံကို တွေ့ဆုံဆွေးနွေးရာမှ ရှမ်းပြည်လုံးဆိုင်ရာအဖွဲ့ချုပ် (ရပလဖ) ပေါ်လာသည်။ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပအမဖ) ကမူ ပူးပေါင်းခြင်းမရှိပဲ စော်ဘွားများကို တော်လှန်ပယ်ရှားရန် လိုလားခဲ့သည်။ စော်ဘွားများကမူ အာဏာကို စွန့်လွတ်ရေးအတွက် သျှမ်းပြည်အခြေခံဥပဒေ စည်းမျဉ်းဆွဲရန် လိုနေသည်ဟု ပြောသော်လည်း လက်တွေ့တွင် ညီညီညွတ်ညွတ် ရေးဆွဲမပြနိုင်သည့်အတွက် ပဒေသရာဇ် ဆန့်ကျင်ရေး အင်အားစုများကလည်း မယုံကြည်ပါချေ။

၁၉၅၆ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင်မူ ရှမ်းပြည်နယ်ညီညွတ်ရေးပါတီမှ ခွဲထွက်ရေးအဆိုကို ကြေငြာခဲ့သည်။ ၁၉၅၇ တွင် ညောင်ရွှေမဟာဒေဝီ၊ မှိုင်းရှူးစော်ဘွား၊ တောင်ပိုင်းသိန္နီစော်ဘွား၊ ကျေးသီးမန်စံ စော်ဘွားတို့ တွေ့ဆုံကာ “ရှမ်းပြည်ညီညွတ်ရေးအဖွဲ့” ဖွဲ့စည်းပြီး ခွဲထွက်ရေးအတွက် ဆုံးဖြတ်ကြသည်။ ယင်းနှစ် ဖေဖော်ဝါရီလတွင်ပင် လားရှိုးမြို့၌ စော်ဘွားများ အာဏာစွန့်ရေး မလိုလားကြောင်း လူတသောင်းကျော် ဆန္ဒပြသည်။ ရှမ်းပြည်ခွဲထွက်ရေး စိတ်အားထက်သန်သည့် အင်အားစုများနှင့် ကျိုင်းတုံစော်ဘွား အနွယ်တော်များက ၁၉၅၈ ခုနှစ် မေလတွင်  နွံစစ်ဟန် တော်လှန်ရေးတပ်ဖွဲ့ (NSH) ကို တည်ထောင်ကာ ပထမဆုံး သျှမ်းလက်နက်ကိုင် တော်လှန်ရေးကိုစတင်ခဲ့ကြသည်။ ၁၉၅၈ အောက်တိုဘာတွင် ဗိုလ်နေဝင်း အိမ်စောင့်အစိုးရ တက်လာသည်။ စော်ဘွားများ အာဏာစွန့်ရေး၊ မစွန့်ရေး အကွဲအပြဲနှင့် KNDO တပ်၊ တရုတ်ဖြူတပ်များ၊ ဗမာတပ်များ သျှမ်းပြည်ဆီသို့ ရောက်လာခြင်းတို့က အလွန်ရှုပ်ထွေးစေခဲ့၏။  

အာဏာသိမ်းထားချိန် ၁၉၅၉ ခုနှစ် အစောပိုင်းတွင် သျှမ်းစော်ဘွားများကို ငွေလျော်ပေးပြီး လက်မှတ်ထိုးစေသည်။ တဘက်ကလည်း အချို့စော်ဘွားများမှာ ဘာကို လက်မှတ်ထိုးလိုက်မိမှန်းပင် မသိခဲ့ဟု ကြုံလိုက်သူများက ပြန်လည်ရေးသားကြသည်။ မည်သို့ဆိုစေ ၁၉၅၉ ခုနှစ် ဧပြီလ ၂၄ ရက်တွင်မူ တောင်ကြီးမြို့တွင် အထူးအခမ်းအနားတရပ် ကျင်းပပြီး ရှမ်းစော်ဘွား ၃၄ ဦးတို့ အာဏာတရားဝင် စွန့်ခဲ့သည်။ သိန္နီစော်ဘွား စဝ်ဟုံဖမှ အာဏာကိုလက်ခံကာ လူထုရွေးကောက်ခံ သျှမ်းပြည်အစိုးရ အုပ်ချုပ်သော သျှမ်းပြည်အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ယင်းအချက်မှာ သျှမ်းပြည်တွင် ပဒေသရာဇ်စနစ်၏ နေဝင်ချိန်ဖြစ်သော်လည်း ဒီမိုကရေစီရောင်နီမသမ်းပဲ စစ်တပ်၏ အရိပ်ဆိုး ထိုးလာမည့် အစပင် ဖြစ်ချေသည်။

၁၉၆၀ ခုနှစ် အလွန်တွင် ရှမ်းပြည်လွတ်လပ်ရေး တပ်မတော် (SSIA) နှင့် ရှမ်းအမျိုးသား တပ်မတော် (SNA) တို့ ဖြစ်လာကာ နွံစစ်ဟန်သည် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အလယ်ပိုင်း တကြောတွင် လှုပ်ရှားနေပြီး SSIA နှင့် SNA သည် ရှမ်းပြည် နယ်မြောက်ပိုင်းနှင့် ရှမ်းပြည်နယ် အရှေ့ပိုင်းတို့တွင် အခြေစိုက် လှုပ်ရှားနေခဲ့ကြသည်။ သျှမ်းခွဲထွက်ရေး အဖွဲ့အများအပြား ပေါ်လာသည်။ မည်သို့မျှ ဖက်ဒရယ်မဆန်သည့် ပြည်ထောင်စုအတုကြီး ဖြစ်လာသည့်အတွက် ၁၉၆၁ ခုနှစ်တွင် “ရှစ်ပြည်နယ်မူ” ခေါ် “သျှမ်းမူ” ကို တင်သွင်းပြီး အခြေခံဥပဒေကိုပြင်ကာ နိုင်ငံရေးလမ်းကို တွန်းရန် ရွေးသော်လည်း ဗမာစစ်တပ်ဘက်မှ ဖက်ဒရယ်ကိုခွဲထွက်ရေးဟု ဝါဒဖြန့်ခဲ့သည်။ ၁၉၆၂ ခုနှစ် မတ်လ ၂ တွင် စစ်အာဏာသိမ်းပြန်တော့သည်။ ယင်းနောက် ကျိုင်းတုံဟော်နန်းကို ဖျက်ဆီးကာ ညောင်ရွှေဟော်နန်းကို သိမ်းခဲ့သည်။

သမ္မတဟောင်းကြီး ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက်၊ အမတ် သီပေါစော်ဘွား စဝ်ကြာဆိုင် နှင့် အခြားရှမ်းခေါင်းဆောင်များသည် သျှမ်းလက်နက်ကိုင်ပုန်ကန်မှုကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ဖို့ရန် ကြိုးပမ်းခဲ့သည်ဟု ဘာတေးလ်လင့်တနာက ဆိုပါသည်။ သို့သော် သမ္မတဟောင်း စော်ဘွားကြီး စဝ်ရွှေသိုက်ပင် ထောင်ထဲတွင် ကွယ်လွန်ခဲ့ရပြီး သီပေါစော်ဘွား စဝ်ကြာဆိုင်လည်း စစ်တပ်လက်ထဲတွင် ဆုံးဆုံးမြုပ် ပျောက်သွားခဲ့သည်။ အချို့ကလည်း လက်နက်ကိုင်တော်လှန်မှုကို မထောက်ခံကြောင်း စာထုတ်ပေးရန် ညှင်းပန်းသော်လည်း မထုတ်ပေးပဲ အသေခံသွားသည်ဟု ဆိုကြသည်။ အတည်မပြုနိုင်ပေ။ သီပေါစော်ဘွားပျောက်ဆုံးသွားမှုကို သူ့မဟာဒေဝီပြန်ရေးသော Twilight Over Burma စာအုပ်တွင် ဖတ်ရှုနိုင်ပါသည်။
 
သျှမ်းပြည်တိုးတက်ရေးပါတီ (Shan State Progressive Party - SSPP)

အာဏာသိမ်းလိုက်ပြီးသည့်နောက် သမ္မတကြီးစဝ်ရွှေသိုက်၏ မဟာဒေဝီ စဝ်နန်းဟိန်းခမ်းသည် သျှမ်းလက်နက်ကိုင် လှုပ်ရှားရာ ဒေသများဆီသို့ ရောက်လာခဲ့ပြီးနောက် အမည်နာမ အမျိုးမျိုး ကွဲပြားနေသော သျှမ်းလက်နက်ကိုင်အဖွဲ့များကို စုစည်းပြီး သျှမ်းပြည်တပ်မတော်ကို ၁၉၆၄ ခုနှစ်တွင် ထူထောင်လိုက်သည်။ အစောပိုင်းကာလများတွင် ကိုးကန့်၊ တအာင်း၊ ပလောင် စသော အခြားတိုင်းရင်းသားများလည်း ပူးပေါင်း ပါဝင်ခဲ့သည်။ သို့ရာတွင် မဟာဒေဝီနှင့်အတူတွဲသည့် စော်ဘွားစနစ် လိုလားသူများ၏ ဆက်ဆံမှုများကို မခံနိုင်ဖြစ်ခဲ့ကြကာ အချို့လည်း ခွဲထွက်ကုန်ကြသည်။

ထိုသို့ တည်ထောင်လာပြီး ကြားကာလ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် နီးစပ်မှုများ၊ ပါတီနှင့် တပ်တွင်း ခေါင်းဆောင်များကြား သဘောထားကွဲလွဲမှုများ၊ တပ်တွင်းမှ တပ်မဟာအလိုက် ခွဲထွက်သွားမှုများ၊ နိုင်ငံရေး ခေတ်စနစ်အပြောင်းအလဲများကြား စစ်အစိုးရလက်အောက်တွင် ပြည်သူ့စစ်အဖြစ် ခွဲထွက် ဖွဲ့စည်းသွား ခြင်းများ ရှိသော်လည်း SSPP/SSA သည် ယနေ့ထိ အင်အား အသင့်အတင့်ရှိသည့် သျှမ်းတော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့အဖြစ် ဆက်လက် တည်တံ့ နေဆဲဖြစ်သည်။ သံလွင်မြစ် အရှေ့ဘက်ခြမ်း တကြောဖြစ်သည့် မိုင်းရှုး၊ ကျေးသီး၊ တန့်ယန်းအပြင် ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ နမ္မတူ၊ သိန္နီ၊ နမ့်ခမ်း မြို့နယ်များအထိ ဖြန့်ကျက်လှုပ်ရှားသည်။ သမ္မတ ဦးသိန်းစိန်လက်ထက် ၂၀၁၂ တွင် SSPP က ဦးသိန်းစိန်၏ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ ကိုယ်စားလှယ်များ နှင့် ဆွေးနွေးပြီး ပဏာမအပစ်ရပ် စာချုပ် ၂ စောင်ကို လက်မှတ်ရေးထိုးခဲ့သည်။ သို့သော်လည်း နယ်ကျော်စစ်တပ်နှင့် တိုက်ပွဲများ ဖြစ်ပွားနေခဲ့သည်။ 
 
Mong Tai Army
၁၉၆၀ ခုနှစ်ဝန်းကျင်တွင် ကူမင်တန်တပ်များမှ အကြွင်းအကျန် တပ်များစွာလည်းရှိရာ ခွန်ဆာဦးဆောင်သော တပ်ဖွဲ့ငယ်လည်း တခုအပါအဝင်ဖြစ်သည်။ ယင်းတပ်သည် ၁၉၆၀ ခုနှစ်တွင် မြန်မာအစိုးရ ဩဇာခံ လွယ်မော်ကာကွယ်ရေးတပ်အဖြစ် ပြောင်းလဲခဲ့သည်။ ရှမ်းပြည်တပ်မတော်အား ဗမာအထောက်အပံ့ဖြင့် တိုက်ခိုက်ခဲ့သော်လည်း ၁၉၆၄ ခုနှစ်မှ စတင်တောခိုကာ ဘိန်းထုတ်လုပ်ရေးဖြင့် ရပ်တည်ခဲ့သည်။ ၁၉၆၇ ခုနှစ်တွင် ကူမင်တန်အကြွင်းအကျန်များနှင့် မသင့်မမြတ်ဖြစ်ပြီး ၁၉၆၉ တွင် အဖမ်းခံရသည်။ လက်ထောက်တပ်မှူးက ရုရှားလူမျိုးနှစ်ဦးကို ပြန်ပေးဆွဲကာ ပြန်လဲသည့်အတွက် ၁၉၇၄ တွင် လွတ်လာသည်။ ၁၉၈၅ ခုနှစ်တွင် စဝ်ကွဏ်းဇိန်း ဦးဆောင်သည့် ရှမ်းတော်လှန်ရေးကောင်စီနှင့် ပူးပေါင်းပြီး စဝ်ကွန်းဇိန်းက ဥက္ကဋ္ဌ၊ ခွန်ဆာက ဒုဥက္ကဋ္ဌအဖြစ် ဟိုမိန်းဌာနချုပ်ကို တည်ထောင်ကာ Mong Tai Army ဖြစ်လာသည်။ ၁၉၉၁ တွင် ခွန်ဆာ ဥက္ကဋ္ဌဖြစ်လာသည်။ ၁၉၉၅ ခုနှစ်တွင် တပ်တွင်းပုန်ကုန်မှုဖြစ်ရာ ၁၉၉၆ ခုနှစ် ဇန်နဝါရီလ၌ မြန်မာအစိုးရထံ လက်နက်ချသွားသည်။
 
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (Restoration Council of Shan State - RCSS)
လက်နက်ချသည့် ဘိန်းဘုရင် ခွန်ဆာ၏ MongTai Army မှ တပ်သားများနှင့် SSA မှ ခွဲထွက်လာပြီး ဗိုလ်မိုးဟိန်း ဦးဆောင်သည့် SURA ရှမ်းတော်လှန်ရေး တပ်သားများပါဝင်ကာ တောင်ပိုင်းအခြေစိုက် ရှမ်းပြည်တပ်မတော် (SSA) ကို ၁၉၉၆ ဇန်နဝါရီတွင် ထူထောင်သည်။ ဗိုလ်ချုပ်ကြီးယွက်စစ် ဦးဆောင်ပြီး လွယ်တိုင်းလျန်းတွင် ဌာနချုပ် အခြေစိုက်ကာ နိုင်ငံရေးဦးဆောင်မှု အဖွဲ့အဖြစ် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ကို ၂၀၀၀ မေလတွင် တည်ထောင်ခဲ့သည်။

တပ်မတော်နှင့် ထိတွေ့တိုက်ခိုက်မှုများရှိခဲ့ပြီး သမ္မတ ဦးသိန်းစိန် လက်ထက် ၂၀၁၂ တွင် RCSS သည် ပဏာမအပစ်ရပ် စာချုပ်နှစ်စောင်ကို လက်မှတ်ထိုးခဲ့သည်။ ထို့ပြင် ၂၀၁၅ အောက်တိုဘာ ၁၅ ရက်တွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ကို ပါ ထပ်မံ လက်မှတ်ရေးထိုးကာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဦးတည်ပြီး ဆွေးနွေးသည့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် ပါဝင်ခဲ့သည်။

RCSS သည် တပ်မတော်နှင့် အပစ်ရပ်စာချုပ်များ အဆင့်ဆင့် လက်မှတ်ရေးထိုးစဉ်က ပြုလုပ်ခဲ့သည့် သဘောတူညီမှုများတွင် တပ်နေရာ တဖက်နှင့်တဖက် အသိအမှတ်ပြုမှုကဏ္ဍ၌ RCSS ၏ တပ်များသည် ရှမ်းပြည်နယ် တောင်ပိုင်းတွင်သာ အင်အားကောင်းခဲ့သော်လည်း NCA ရေးထိုးပြီးနောက်တွင် RCSS သည် SSPP သာမက TNLA နှင့်ပါ တိုက်ပွဲများဖြစ်လာခဲ့သည်။

SSPP ဘက်ကမူ ၎င်းတို့ စစ်ရေးအရ လှုပ်ရှားနေသည့် နယ်မြေများ၊ အုပ်ချုပ်ရေးယန္တရား တည်ဆောက်ထားသည့် ကျေးရွာများဘက်သို့ ဝင်လာခြင်းကို လက်မခံနိုင်ဟု ဆိုပြီး RCSS ဘက်က သမိုင်းကြောင်းတလျှောက်တွင် ၎င်းတို့တပ်များ လှုပ်ရှားခဲ့ဖူးသည့် နယ်မြေများကို ပြန်လည်၍ လှုပ်ရှားခြင်း ဖြစ်သလို ရှမ်းတပ်ဖွဲ့ဖြစ်သဖြင့် ရှမ်းတပြည်နယ်လုံးတွင် လှုပ်ရှားခွင့် ရှိသည်ဟု အကြောင်းပြသည်။ နှစ်ဖွဲ့အားပြိုင်မှုတွင် ဒေသခံအများအပြား ဒုက္ခရောက်ကြရပြီး ယင်းပြဿနာကို နှစ်ဖွဲ့ခေါင်းဆောင်များ မှလည်း သိရှိပါကြောင်း ပြောဆိုကြသည်။ သို့ရာတွင် နိုင်ငံရေး အုပ်ချုပ်ရေး အမြင်မတူသည့်အတွက် အခက်အခဲ ရှိနေသည်။ ညီနောင်သုံးဖော် အစွမ်းပြသော ၁၀၂၇ စစ်ဆင်ရေး နောက်တွင်မူ SSPP နှင့် RCSS အပစ်အခတ် ရပ်စဲထားကြောင်း ကြေငြာခဲ့သည်။
 
သျှမ်းပြည်ရှိ နိုင်ငံရေးပါတီများ
သျှမ်းပြည်သည် ကြီးမားပြီး စုံလင်ကွဲပြားလှသော နယ်တခု ဖြစ်သည့်အလျောက် နိုင်ငံရေးပါတီများ မျိုးစုံကို တွေ့ရှိရပါသည်။ သျှမ်းတို့မှာ လူမျိုးစုံသော်လည်း နိုင်ငံရေးမှာ တလျှောက်လုံး နယ်မြေကို အခြေခံပြီး စဉ်းစားခဲ့ခြင်းသာ ဖြစ်သည်။ ပြဿနာများမှာလည်း နယ်မြေရေးဆိုင်ရာကသာများပြီး သျှမ်းနယ်တွင်းရှိ လူမျိုးများမှာ ငြိမ်းချမ်းမှုကို လိုလားပြီး အေးချမ်းစွာ နေခဲ့ကြသည်။ သို့သော် လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင် လူမျိုးရေးကွဲပြားမှုများ ဖြစ်လာသည်။ သျှမ်းတို့၏ အမျိုးသားနိုင်ငံရေးတွင် အထင်ရှားဆုံး ပါတီနှစ်ခုမှာ SNLD နှင့် SNDP ပါတီတို့ ဖြစ်ပါသည်။ 
 
SNLD (ကျားခေါင်းပါတီ)
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ကို ၁၉၈၈ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့တွင်  ဖွဲ့စည်းနိုင်ခဲ့သည်။ ပထမဆုံးရုံးခန်းကို အမှတ် (၅၈)၊ ပထမထပ်၊ မဟာဗန္ဓုလပန်းခြံလမ်း (ယခင်ဘားလမ်း)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၌ ၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် မဲများစွာရရှိပြီး အလွန်ကြီးမားစွာ အောင်မြင်မှုရခဲ့သည်။ 

၁၉၉၃ ခုနှစ် နဝတအစိုးရမှ အမျိုးသားညီလာခံကို ရန်ကုန်မြို့ သမ္မတအိမ်တော်အတွင်း၌ စတင်ကျင်းပခဲ့ရာ SNLD မှ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ၅ ဦး၊ ပါတီဗဟိုဦးစီးအဖွဲ့ဝင် ၅ ဦး စုစုပေါင်း ၁၀ ဦး တက်ရောက်ခဲ့သည်။ သို့သော် နဝတ အစိုးရ၏ စေတနာမမှန်မှုကြောင့် ၂၀၀၄ ခုနှစ် မေလ ၁၄ ရက်နေ့တွင် SNLD သည် အမျိုးသားညီလာခံမှ ထွက်ခဲ့သည်။ ယင်း အခြေအနေကြောင့် ဖြစ်လာသည့် အဟကိုလည်း နဝတက သူ့လူများပြန်ထည့်ကာ ကောင်းစွာ အသုံးချခဲ့သည်။
၂၀၀၄ ခုနှစ် နိုဝင်ဘာလ စိန်ကျော့ဒေသရှိ SSPP/SSA ဗဟိုဌာနချုပ်တွင် သက်ဆိုင်ရာဒေသ စစ်တိုင်းမှူး၏ ခွင့်ပြုချက်ဖြင့် နိုင်ငံတော်အစိုးရနှင့် ရှမ်းပြည်တပ်မတော်တို့ ငြိမ်းချမ်းရေးရယူခဲ့သည့် (၁၅) နှစ်ပြည့် အခမ်းအနားကို ဥက္ကဋ္ဌ ခွန်ထွန်းဦး၊ အတွင်းရေးမှူး စိုင်းညွန့်လွင်၊ ဗဟိုဦးစီးအဖွဲ့ဝင်များဖြစ်သော စိုင်းလှအောင်၊ စဝ်သာဦး တို့ တက်ရောက်ခဲ့ကြရင်း ရှမ်းပြည်အတိုင်ပင်ခံကောင်စီ ဖွဲ့စည်းရေး ကိစ္စကို ဆွေးနွေးခဲ့ကြသည်။ ထိုနောက် ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့ (ရှမ်းပြည်နယ်နေ့) တွင် ရှမ်းပြည်ပညာရှင်များ အတိုင်ပင်ခံကောင်စီ ကို ဖွဲ့စည်းခဲ့သည်။ ထိုသို့ဖွဲ့စည်းပြီး နောက်တစ်နေ့မှစကာ SNLD ခေါင်းဆောင်များကို လမ်းပေါ်တွင်လည်းကောင်း၊ နေအိမ်များတွင်လည်းကောင်း ဖမ်းဆီးခဲ့သည်။

၂၀၀၅ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့တွင် အမျိုးသားညီလာခံအား ဖျက်ဆီးနှောင့်ယှက်သူများ ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေပုဒ်မအပြင်စသည့် ဥပဒေပုဒ်မပေါင်းများစွာဖြင့် ထိုသို့ချမှတ်ရာတွင် ခွန်ထွန်းဦးအား ထောင်ဒဏ် ၉၃ နှစ်ဖြင့် ကချင်ပြည်နယ် ပူတာအိုထောင်သို့ လည်းကောင်း၊ စိုင်းညွန့်လွင်အား ထောင်ဒဏ် ၈၅ နှစ်ဖြင့် စစ်ကိုင်းတိုင်း ကလေးထောင်သို့ လည်းကောင်း၊ စိုင်းလှအောင်အား ထောင်ဒဏ် ၇၉ နှစ် ချမှတ်၍ ရခိုင်ပြည်နယ် ကျောက်ဖြူထောင်သို့ လည်းကောင်း ပို့ဆောင်ခဲ့သည်။ နောက်ပိုင်းတွင် SNLD ပါတီကိုလည်း ပါတီတည်ထောင်ခွင့် ဆက်လက်လျှောက်ထားခြင်း မရှိ၍ ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလ၁၄ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာချက်အမှတ် (၉၇/၂၀၁၀) ဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်ကြောင်း ကြေညာခဲ့သည်။

အရပ်သားတပိုင်း အစိုးရသစ် တက်လာပြီးနောက်ပိုင်း သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် ၂၀၁၂ ခုနှစ် ဇန်နဝါရီလတွင် SNLD ခေါင်းဆောင်များသည် ပြန်လည် လွတ်မြောက်လာခဲ့ကြကာ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် SNLD ပါတီအား တရားဝင်ပါတီအဖြစ် ပြန်လည်ရပ်တည်ခဲ့ကြသည်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီအား ၂၀၁၂ ခုနှစ် ဇွန်လ ၁၂ ရက်နေ့ ရက်စွဲဖြင့် ပါတီမှတ်ပုံတင်အမှတ်စဉ် (၅၆) ဖြင့် ခွင့်ပြုကြောင်း အကြောင်းပြန်ခဲ့သည်။ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင်လည်းကောင်း၊ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင်လည်း မဲအရေအတွက် များစွာ အနိုင်ရရှိခဲ့သည့် အစဉ်အလာကြီးသော ပါတီဖြစ်သည်။
 
SNDP (ကျားဖြူပါတီ)
ပါတီကို ၂၀၁၀ ခုနှစ် ဧပြီလတွင် မှတ်ပုံတင်ခဲ့သည်။ ပါတီ၏ ဌာနချုပ်မှာ ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်တွင် တည်ရှိပြီး ပါတီဥက္ကဋ္ဌမှာ ဦးစိုင်းအိုက်ပေါင်း ဖြစ်သည်။ ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် မန္တလေးတိုင်း ဒေသကြီးတို့မှ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲပြီးနောက် ပါတီဝင် ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နှစ်ဦးဖြစ်သော ဦးစိုင်းအိုက်ပေါင်းနှင့် ဦးစိုင်းနော်ခမ်းတို့ကို ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာ ဝန်ကြီးများအဖြစ် ခန့်အပ်ခံခဲ့ရသည်။ ၂၀၁၁ ခုနှစ် ဒီဇင်ဘာတွင် ပါတီ ဌာနချုပ်ကို တောင်ကြီးမြို့သို့ ပြောင်းရွှေ့ခဲ့သည်။ စစ်အာဏာသိမ်းအပြီး ပါတီမှတ်ပုံ တင်ခဲ့ရာ “ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ” မှ “ရှမ်း နှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ” ဟု နာမည်ပြောင်းလဲခဲ့သည်။ ပါတီအလံတွင်လည်း ဝါစိမ်းနီ ဘောင်ခတ်မှု တိုးလာသည်။
 

]]>