THE CALLING DIGEST
  • Home
  • Politology
    • Our Philosophy
    • Core Index
    • Decentralized Models
    • Cultivating Peace
  • Blog
  • Chronicle
  • About
  • မြန်မာဘာသာ
    • ဆောင်းပါးများ
  • Home
  • Politology
    • Our Philosophy
    • Core Index
    • Decentralized Models
    • Cultivating Peace
  • Blog
  • Chronicle
  • About
  • မြန်မာဘာသာ
    • ဆောင်းပါးများ
Search by typing & pressing enter

YOUR CART

သမိုင်းမှတ်တမ်းနှင့် စာရွက်စာတမ်းများ (History Records and Documents)

6/18/2025 0 Comments

တအာင်းအမျိုးသားနိုင်ငံရေး

(ယခုစာမှာ Draft မူကြမ်းဖြစ်၍ အချက်အလက်ကို နောက်ဆုံးအကြိမ် ပြန်လည်မစစ်ဆေးရသေးပါ။)

တအာင်းလူမျိုးတို့သည် မြန်မာနိုင်ငံအပြင် ထိုင်းနိုင်ငံမြောက်ပိုင်းနှင့် တရုတ်နိုင်ငံ ယူနန်ဒေသတို့တွင် ပျံ့နှံ့နေထိုင်ကြသည်။ မြန်မာနိုင်ငံအတွင်း ယခုနေထိုင်အရပ်ဒေသများမှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးကုတ် ကျောက်တွင်း ဒေသ၊ မိုးမိတ်နယ် ရွှေလီမြစ်ကမ်း တလျှောက်ဖြစ်သော ကိုးတောင်ဒေသ၊ တောင်ပိုင်နယ် နမ့်ဆန် (Taung Peng)၊ သီပေါနယ်၊ လားရှိုးနှင့် သိန္နီနယ်တောင်ပိုင်း၊ သျှမ်းပြည်တောင်ပိုင်း၊ သျှမ်းပြည်အရှေ့ပိုင်း၊ ကွမ်းလုံခရိုင်၊ ကိုးကန့်နယ်များတွင် ပျံ့နှံ့စွာ နေထိုင်ကြသည်။ မြန်မာ့လွတ်လပ်ရေး ရရှိသည့်နှစ်များအထိ ကချင်ပြည်နယ် မြစ်ကြီးနားနယ်ဆဒုံး-ဆမားဒေသ၊ ဗန်းမော်နယ် ဂေါရီစသည့် နေရာဒေသတို့တွင် နေထိုင်ခဲ့ကြသည်။ ပုဂံခေတ်တွင် ပလောင်တို့မှာ ဧရာဝတီမြစ်ဝှမ်းရှိ မြေပြန့်များတွင် နေထိုင်ကြကြောင်း ကျောက်စာများတို့တွင် တွေ့ရ၏။

တအာင်းလူမျိုးတို့ကို ရှေးက ပလောင်ဟု ခေါ်ကာ ပုဂံခေတ်တွင် ပေါင်လောင်ဟုလည်းကောင်း ရေးသည်ကို တွေ့ရသည်။ ဩစထရို-အေရှားစကားကို ပြောဆိုကာ မွန်-ခမာ အနွယ်ဖြစ်သည်။ မူလဇစ်မြစ်ကို ရှေးဟောင်းသမိုင်း တူးဖော်မှုများနှင့်တကွ အတိအကျ မတွေ့ရှိရ သော်လည်း ယူနန်နှင့် မြန်မာအကြားတွင် ဖြစ်သည်ဟု ယုံကြည်ရသည်။ သမိုင်းပညာရှင်များအကြားတွင် မူကွဲများလည်း တွေ့ရသည်။ မွန်-ခမာ ရွှေ့ပြောင်းမှု လှိုင်းနှင့်အတူ ရွှေ့ပြောင်းလာသည်ဟု ယူဆရသည်။ ယနေ့ တရုတ်ပြည်တွင် တအာင်းလူမျိုးတို့ ကျန်ရှိနေသေးသည်ကို ထောက်ချင့်ပြီး ယန်စီမြစ်နှင့် ဟိုအန်ဟိုမြစ်တို့ မြစ်ဖျားခံရာ ကုန်းမြင့်ဒေသမှသည် ရွှေ့ပြောင်းလာသည်ဟုလည်း မှန်းဆကြသည်။ တအာင်းလူမျိုးစုတို့ မြန်မာနိုင်ငံအတွင်း မည်သည့်အချိန်က ဝင်ရောက်လာသည်ကို ရေးသားကြရာတွင် ကွဲပြားမှု အမျိုးမျိုး ရှိကြသည်။ သုတေသန များစွာလိုသေးသည်။

မင်းဘူး၊ စကုနေရာဒေသများတို့တွင်လည်းကောင်း၊ ချင်းတွင်းမြစ်ညှာဒေသ ခန္တီအရပ် ဒေသများတွင် လည်းကောင်း၊ ပေါင်လောင်လူမျိုးတို့ တည်ခဲ့သော ဆည်ရေမြောင်းများနှင့် ဆည်ရေသောက် လယ်များစွာ ရှိကြောင်းလည်း ဆိုသည်။ ယနေ့ ရှမ်းပြည်တောင်ပိုင်းနှင့် သံလွင်အရှေ့ပိုင်း တွင် တအာင်းလူမျိုးများ ရှိသော်လည်း တောင်ပိုင်နမ့်ဆန်နယ်တွင် အများဆုံးနေထိုင်ကြသည်။ နမ့်ဆန်ဆိုသည်မှာ သျှမ်းဘာသာ ဖြစ်ပြီး ရေလှုပ်သည်ဟု ဆိုလိုသည်။ ပလောင်စကားတွင် အိူမ်ယိုရ် ဟုခေါ်သည်။

ပလောင်လူမျိုးနွယ်များအားလုံး သည် မိမိတို့ကိုယ်ကို 'တအာင်း' (Ta-ang) ဟူ၍ ခေါ်ကြသည်။ ကိုလိုနီခေတ်တွင် ပထမဆုံးပလောင်စာပေကို တီထွင်ရန် ကြိုးပမ်းသူမှာ အမေရိကန် သာသနာပြု Miss Maclean ဖြစ်ပါသည်။ ၁၉၁၂ ခုနှစ်တွင် Miss Maclean က ပလောင်အက္ခရာကို မိတ်ဆက်ပေးခဲ့သော်လည်း ဗုဒ္ဓဘာသာအများစုဖြစ်သည့် တအာင်း ပလောင်လူမျိုးများက လက်မခံခဲ့ပေ။ ထိုအခြေအနေကို မြင်သော တအာင်းလူမျိုး တတ်သိပညာရှင်များက မွန်-ဗမာအက္ခရာဖြင့် စာပေတီထွင်သော်လည်း တအာင်းလူမျိုး စာပေတတ်မြောက်ပြီးသူ အများစုကလည်း ရှမ်းစာပေများနှင့် အသားကျနေပြီး ဖြစ်သဖြင့် များစွာအောင်မြင်မှု မရရှိပြန်ပေ။ တရုတ်ပြည်ရှိ တယ်အန်းလူမျိုးများကမူ တရုတ်စာ အပြင် ဂျိန်းဖောနှင့် တိုင်စကားကိုပါ တတ်မြောက်ကြသည်။

၁၉၇၂ ခုနှစ် ဩဂုတ် ၃ဝ ရက်မှ စက်တင်ဘာ ၂ ရက်အထိ နမ့်ခမ်းမြို့နယ် ဖာလင်ရွာ (ဖဒဲန်ရွာ) ၌ ကျင်းပသည့် ဒုတိယအကြိမ်ညီလာခံတွင် တအာင်း(ပလောင်) စာပေကို မွန်-မြန်မာ-ပါဠိဘာသာကို အခြေခံ၍ ဗျည်းအက္ခရာ (၃၄) လုံးနှင့် သရအက္ခရာ (၁၈) လုံးကို အတည်ပြုနိုင်ခဲ့သည်။ နောက်ပိုင်းကာလများတွင် ပလောင်စကားမျိုးကွဲများမှ တူညီသော ဝေါဟာရ များကို ရှာဖွေကာ တအာင်းစကားတမျိုး စံသတ်မှတ်ရန် စဉ်းစားချက်များလည်း ရှိသည်။ ဥပမာ ‘သွားသည်’ ဟူသော ဝေါဟာရသည် ဒေသစကားငါးမျိုးတွင် ‘haw’ ဟု အသံထွက် ကြသည့် နမူနာမျိုးဖြစ်သည်။ သို့သော် ကိုယ်ပိုင်စာပေရှိပြီးသား ရူစင်းလူမျိုးစုအဖို့မူ ယင်းသို့ပြောင်းလဲသုံးစွဲရန် စိန်ခေါ်ချက်ရှိမည်သာ ဖြစ်သည်။

နမ့်ဆန်(တောင်ပိုင်)စော်ဘွားများ၏ သမိုင်းသည် ကုန်းဘောင်ခေတ်ဦး ခရစ်နှစ် ၁၇၅ဝ ခုနှစ် ဦးအောင်ဇေယျ (ခ) အလောင်းဘုရားမင်းလက်ထက်မှ စတင်၍ မှတ်တမ်း တင်ထားချက်အရ ခေတ်အလိုက် တအာင်း တောင်ပိုင်စော်ဘွား အမည် စာရင်းများမှာ (၁) ဒဒွေးဖ၊ (၂) ဖခွန်မြ၊ (၃) ဖခွန်ဆိုင်၊ (၄) ဖဒွေးတော်၊ (၅) ဖလွယ်လျို၊ (၆) ဖခွန်ကျိန်မိန်း၊ (၇) ဖခွန်ဆေ၊ (၈) ခွန်တန်မိန်း၊ (၉) သီစပဗ္ဗတရာဇာဘွဲ့ခံ ဖကန်ခွန်ဆိုင်ရဲ (ခေါ်) ခွန်ဆာ (မင်းတုန်းမင်းနန်းတက်ချိန်နှင့် ခေတ်ပြိုင်) (၁ဝ) ခွန်ကျန် (၁၂၂၇)၊ (၁၁) အောင်ဆာ၊ (၁၂) ခွန်ကွန်း၊ (၁၃) ခွန်ခမ်းမိန်း၊ (၁၄) ခွန်ခမ်းတန်မိန်း (၁၂၅ဝ ခုနှစ်)၊ (၁၅) ခွန်ဆင်အွမ် (ကျက်သရေဆောင်ရွှေစလွယ်ရမင်း)၊ (၁၆) စဝ်ခွန်ပန်းစိန် (မဟာသရေစည်သူ/ ၁၂၈၉) တို့ ဖြစ်ပါသည်။

တောင်ပိုင်စော်ဘွားကြီးများလက်အောက်တွင် အမတ်ချုပ်တဦး၊ တရားသူကြီးအမတ်တဦး၊ အခွန်တော် အမတ်တဦး၊ ငွေတိုက်အမတ်တဦး၊ နယ်လှည့်အမတ်တဦး၊ ပုလိပ်အုပ်ချုပ်သူ ရာဇဝတ်အုပ်အမတ်တဦး စသည့်တို့ဖြင့် အသီးသီးခန့်အပ်ထားသည်။ အဆိုပါအမတ်များ၏ လက်အောက်တွင် ရုံးလုပ်ငန်း စာရေးစာချီ အစရှိသော ရုံးဝန်ထမ်းများဖြင့် စီမံအုပ်ချုပ်ခဲ့ကြသည် တောင်ပိုင်စော်ဘွားကြီး လက်အောက်တွင် တိုက်နယ်များလည်းရှိသည်။ ယင်းတို့မှာမြို့မတိုက်၊ ဇယန်းကြီးတိုက်နယ်၊ ကျောက်ဖြူတိုက်နယ်၊ ရှော်လဲတိုက်နယ်၊ တောင်မတိုက်နယ်၊ ခွန်ဟောက်တိုက်နယ်၊ မန်စံတိုက်နယ်တို့ဖြစ်သည်။ တိုက်နယ်တိုင်းတွင် တိုက်သူကြီးခေါ် နယ်ပိုင်ကြီးများရှိကြသည်။ နယ်ပိုင်အောက်တွင် သူကြီးတာကဲ၊ တာကန်၊ အရပ်အုပ်၊ ထမုန်၊ သာမဓိစသည့်ဖြင့် အသီးသီးရှိကြသည်။

ထို့ပြင် တောင်ပိုင်စော်ဘွားကြီးလက်အောက်၌ နမ္မတူမြို့နယ်နှင့် မိုင်ငေါင့်မြို့တွင် မြို့စားကြီးတဦးစီ ခန့်အပ်ထားသည်။ မြို့စားကြီးများလက်အောက်တွင် ရုံးလုပ်ငန်းအတွက် စာရေးစာချီများလည်း ခန့်ထားကြသည်။ စော်ဘွားကြီးအုပ်ချုပ်သည့် ကာလအတွင်း ၁၉၄၁ခုနှစ် ဒုတိယကမ္ဘာစစ်ကြီး စတင်ဖြစ်ပွားလာရာ ဂျပန်ခေတ်ကာလတွင် အုပ်ချုပ်မှုစနစ်တကျ ပီပီပြင်ပြင် မရှိတော့ဘဲ မြို့များမှာလည်းပျက်စီးခဲ့ရသည်။ ၁၉၄၅ခုနှစ်ရောက်သောအခါ အမေရိကန်နှင့် အင်္ဂလိပ် မဟာမိတ်တပ်များ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက် သိမ်းပိုက်ခဲ့ပြီး ယခင်အုပ်ချုပ်မှု စနစ်ဟောင်းအတိုင်း အုပ်ချုပ်ခဲ့ပြန်သည်။

တောင်ပိုင်စော်ဘွားများသည် မိမိအပေါ် ဩဇာညောင်းပြီး တိုင်းပြည်ကိုလည်း မင်းကျင့်တရားနှင့် အညီ အုပ်ချုပ်သွားနိုင်ရန် လမ်းညွှန်းပေးနိုင်သော တားပလိန်း (နာယက) ကို ခေတ်အဆက်ဆက်တွင် တင်မြှောက်ခဲ့ကြသည်။ တားပလိန်းသည် စော်ဘွားကြီး၏ နောင်တော်ကြီးမှ ပေါက်ဖွားဆင်းသက်လာသော သားစဉ်မျိုးဆက်၏ အသက်ကြီးဆုံးသူကို ရွေးကောက်တင်မြှောက် တာဝန်ပေးအပ်လေ့ရှိသည်။

လွတ်လပ်ရေးမတိုင်မီ ပင်လုံစာချုပ် ချုပ်ဆိုမှုအတွက် ဆွေးနွေးကြစဉ်ကအခါက စဝ်ဖလုံကောင်စီ ဥက္ကဋ္ဌမှာ တောင်ပိုင်စော်ဘွားကြီး ခွန်ပန်းစိန်ဖြစ်သည်။ ညှိနှိုင်းပြီးစီး၍ ဗိုလ်ချုပ်အောင်ဆန်းထံမှ သမ္မတရာထူးအတွက် အဆိုပြုခံရသူ ဖြစ်သော်လည်း သမ္မတကြီး စဝ်ရွှေသိုက်ထံ ရာထူးပေးခဲ့သူ ဖြစ်သည်။ ၁၉၄၆ ခုနှစ်တွင် တောင်ပိုင်စော်ဘွားကြီး စဝ်ခွန်ပန်းစိန်မှ ဦးစီး၍ “ပုလောင်အမျိုးသား စည်းလုံးညီညွတ်ရေး အဖွဲ့ချုပ်” ကို တည်ထောင်ခဲ့သည်။ ပုလောင်အမျိုးသား စည်းလုံးညီညွတ်ရေး အဖွဲ့ချုပ်၏ ရည်ရွယ်ချက်မှာ ပုလောင်အမျိုးသားတို့၏ ညီညွတ်ရေး၊ ပေါင်းသင်းဆက်ဆံရေး၊ အကျင့်သီလနှင့် ဝတ္တရားပြုပြင်ရေး၊ ကြီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေးတို့အား ဆောင်ရွက်ရန်တို့ ဖြစ်သည်။ ပုလောင်အမျိုးသား စည်းလုံးညီညွတ်ရေး အဖွဲ့ချုပ်၏ ဗဟိုဌာနချုပ်ကို နမ့်ဆန် မြို့တွင် ဖွဲ့စည်းခဲ့သည်။ ဗဟိုဌာနခွဲ၊ ဌာနခွဲ စသည်တို့ကို အဆင့်ဆင့် ဖွဲ့စည်းထားရှိခဲ့သည်။ အဖွဲ့ချုပ်၏ ပုလောင်အမျိုးသား ဟူသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်သည် ပုထောင်၊ ဝ၊ လွယ်လ၊ ယင်းနက်နှင့် တောင်သူတို့ ပါဝင်ဖွဲ့စည်းထားသည်။ ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ စစ်အစိုးရက နိုင်ငံရေးပါတီအဖွဲ့အစည်းများ၊ အသင်းအဖွဲ့များ၊ လူမျိုးစုရေးရာ အသင်းအဖွဲ့များကို ဖျက်သိမ်းခဲ့ရာ ပုလောင်အမျိုးသားစည်းလုံးညီညွတ်ရေး အဖွဲ့ချုပ်ကိုလည်း ၁၉၆၄ ခုနှစ်တွင် ဖျက်သိမ်းခြင်း ခံခဲ့ရသည်။

သျှမ်းပြည်၏ ပထမဆုံးတော်လှန်ရေးအဖွဲ့ဖြစ်သော နွံစစ်ဟန်အဖွဲ့ကို ၁၉၅၈ ခုနှစ်က ဖွဲ့စည်းစဉ်တွင် တအာင်း သေနတ်ကိုင်တပ်ရင်းကို တပ်ရင်း ၅ နှင့် ၆ အနေဖြင့် ဖွဲ့စည်းခဲ့သည်။ တပ်ရင်း ၅ ကို တောင်ပိုင်းစော်ဘွားကြီး ဆွေမျိုးတော်များဖြစ်သည့် စဝ်ခွန်အေးနှင့် စဝ်ခွန်လီကလည်းကောင်း၊ တပ်ရင်း ၆ ကို စဝ်ခွန်သောင်းနှင့် စဝ်သန်းဝင်းတို့က လည်းကောင်း ဦးဆောင်ခဲ့ကြသည်။ ၁၉၅၈ ခုနှစ် အောက်တိုဘာတွင် ဗိုလ်နေဝင်းက အာဏာသိမ်းခဲ့ပြီး ၁၉၅၉ ခုနှစ် ဧပြီတွင် စော်ဘွားများအား လျော်ကြေးပေးပြီး အာဏာစွန့်စေရာ စော်ဘွားကြီး ခွန်ပန်းစိန်လည်း နန်းစွန့်ခဲ့ရသည်။

၁၉၆၃ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ပလောင်ပြည်သူများက ပလောင်အမျိုးသားတပ်ဦး (PNF) ကို တည်ထောင်ခဲ့သည်။ သို့သော် သျှမ်းခေါင်းဆောင်များက သဘောမကျခဲ့ကြပေ။ သျှမ်းစစ်သည်များသည် နမ့်ဆန် ပလောင်နယ်မြေအတွင်းသို့ ၎င်းတို့သဘောအလျှောက် ဝင်ထွက်သွားလာကာ အခွန်အမျိုးမျိုး ကောက်ခံခဲ့သည်။ ထို့ကြောင့် ပလောင်ခေါင်းဆောင်များက သျှမ်းခေါင်းဆောင်များထံ အောက်ပါအချက်များကို တောင်းဆိုခဲ့သည်-

၁။ ရှမ်းခေါင်းဆောင်များက ရှမ်းပြည်တွင် နေထိုင်ကြသည့် အခြားလူမျိုးများအပေါ် ထားရှိသည့် သဘောထားကို ထုတ်ပြန်ကြေညာရန်။
၂။ နမ့်ဆန်နယ်အတွင်း အခွန်အကောက်များ ကောက်ခံလိုပါက ဦးစွာ တပ်ရင်း (၅) နှင့် တပ်ရင်း (၆) တပ်ရင်းမှူးများနှင့် တိုင်ပင်ရမည်။
၃။ တပ်ရင်း (၅) နှင့် တပ်ရင်း (၆) မှ စစ်သည်တစ်ဦးဦးအပေါ် အပြစ်ပေးအရေးယူမှု ပြုလုပ်လိုပါက သက်ဆိုင်ရာ တပ်မှူးများနှင့် တိုင်ပင်ရမည်။
ဤတောင်းဆိုချက်များကို သျှမ်းခေါင်းဆောင်များက ပြန်ဖြေကြားခြင်း မရှိခဲ့ပေ။ ပလောင်များ အဆိုအရ ၁၉၆၅ ခုနှစ်တွင် တပ်ရင်း (၅) တပ်ရင်းမှူး နိုင်ငံခြားသို့ သွားရောက်စဉ် သျှမ်းများက ၎င်းတို့၏ လက်နက်များကို အတင်းအဓမ္မ သိမ်းယူခဲ့ပြီး တပ်မှူးအများအပြားကိုလည်း ရွှေ့ပြောင်းပစ်ခဲ့သည်။ ဤကိစ္စနှင့် ပတ်သက်၍ နှစ်ဖက်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးနေစဉ် ရှမ်းပြည်လွတ်လပ်ရေး တပ်မတော် (SSIA) တပ်များက ၎င်းတို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

၁၉၆၇ ခုနှစ်၊ ဒီဇင်ဘာလတွင် ရှမ်းပြည်တပ်မတော် (SSA) သည် ပလောင်အမျိုးသားတပ်ဦး (PNF) ၏ တပ်ရင်း (၆) နယ်မြေဖြစ်သော နမ္မတူမြို့နယ် (ယခု မန်တုန်မြို့နယ်)၊ မန်ကောင်ကျေးရွာအုပ်စု၊ တွန်ဆောက်ကျေးရွာ၌ ဗိုလ်ကြီးဆိုင်လောဝ် ဦးဆောင်သော တပ်ရင်း (၆)၊ တပ်ခွဲ (၂) ကို အလစ်ဝင်ရောက် ဖမ်းဆီးပြီး လူနှင့် လက်နက်များကို သိမ်းဆည်းခဲ့သည်။

တပ်ရင်း (၆) ထိန်းချုပ်နယ်မြေဒေသအတွင်း SSA ၏ ထိုးစစ်ဆင်လာခြင်း၊ တပ်ရင်း (၅) ကို ထောက်ပံ့ကူညီသော ကူမင်တန် (တရုတ်ဖြူ) တပ်များ ဝင်ရောက်နှောင့်ယှက်နေခြင်း၊ ဗမာစစ်အစိုးရ၏ ဗမာပြည်ကွန်မြူနစ်ပါတီအပေါ် ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းနှင့် ဗမာပြည်ကွန်မြူနစ်ပါတီ၏ တန်ပြန်စစ်ဆင်ရေး ထိုးဖောက်ဝင်ရောက်လာခြင်း၊ နယ်မြေအတွင်း အခြေခံခြေကုပ်စခန်း တည်ဆောက်လာခြင်းတို့ကြောင့် ပလောင်တပ်ဖွဲ့များသည် အကျပ်အတည်းကြီးစွာ ရင်ဆိုင်လာခဲ့ရသည်။ အမြော်အမြင်ကြီးမားသော ခေါင်းဆောင်ကြီး စဝ်ခွန်သောင်း သည် လက်ရှိရင်ဆိုင်နေရသော အကျပ်အတည်းတို့မှ လွတ်မြောက်ရေးနှင့် တအာင်းအမျိုးသားထု၏ မှန်ကန်သော ရပ်တည်ချက်ရရှိရေးကို အစွမ်းကုန် ကြိုးပမ်းခဲ့သည်။

ဤအကြောင်းအရာများကြောင့် ၁၉၆၈ ခုနှစ်တွင် တပ်ရင်း (၅) တပ်ရင်းမှူး ဗိုလ်မှူးကြီးခွန်အေး နှင့် ၎င်း၏တပ်သည် တရုတ်ဖြူတပ်ထံသို့ ကူးပြောင်းသွားခဲ့သည်။ ကျန်ရှိသော တပ်ရင်း (၆) လည်း SSIA ထံမှ ထွက်ခွာပြီး ပလောင်တပ်မတော်ကို ထူထောင်ကာ KIO တို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ ဗကပများ ရှမ်းပြည်မြောက်ပိုင်းသို့ ရောက်ရှိလာကြသောအခါ ပလောင်စစ်တပ်က ၎င်းတို့ကို အကူအညီပေးခဲ့ကြသည်။ သို့ရာတွင် ဗကပတို့၏ လုပ်ရပ်အချို့သည် အခြေအနေနှင့် ကိုက်ညီမှုမရှိသဖြင့် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်လာခဲ့ရသည်။

ဤနေရာတွင် တအာင်း-ကချင် ထာဝရမဟာမိတ် ဖွဲ့သည့်အကြောင်းကိုလည်း ပြောရန်လိုသည်။

၁၉၆၂ ခုနှစ်၊ အတွင်း ဒူဝါဘန်မာဇော်ဖန် တပ်ဖွဲ့များက ရွှေလီမြစ် အနောက်ဘက်ခြမ်း နမ့်ခမ်းမြို့နယ်ရှိ မကောက်၊ တာလီ၊ အောကား၊ ဆောရမ်၊ နောပူး (ဖာမုန်)၊ မန်တက်၊ မန်ကောင်း (အထက်ဂျုံးဂေါင်း)၊ စယ်လုံ (အောက်ဂျုံးပေါင်း)၊ အထက်နှင့် အောက် မန်လွယ် စသော ကျေးရွာများမှ ပြည်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ လူနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ ဖြစ်ခဲ့သည်ဟု ဆိုသည်။

ဤဖြစ်ရပ်များကြောင့် ပလောင်ပြည်နယ် လွတ်မြောက်ရေးအဖွဲ့ (PSLO)/ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်မတော် (PSLA) ဥက္ကဋ္ဌ တားခွန်သောင်း နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)/ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ဥက္ကဋ္ဌ လထော်ဇော်ဆိုင်း တို့ နှစ်ဦး ၁၉၆၃ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် တွေ့ဆုံပြီး သွေးသစ္စာပြုကာ ထာဝရမဟာမိတ်စာချုပ်ကို ထပ်မံချုပ်ဆိုရန် စီစဉ်ခဲ့ကြသည်။

၁၉၇၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် PNF ကို ပလောင်ပြည်နယ် လွတ်မြောက်ရေးအဖွဲ့ (Palaung State Liberation Organization-PSLO) ဟု ပြောင်းလဲဖွဲ့စည်းခဲ့ပြီး တပ်ကို ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်မတော် (Palaung State Liberation Army-PSLA) ဟု ခေါ်ဆိုခဲ့သည်။ PSLO ၏ ဥက္ကဋ္ဌအဖြစ် တားခွန်သောင်း က ဆက်လက်တာဝန်ယူခဲ့သည်။

ထာဝရမဟာမိတ်စာချုပ် ချုပ်ဆိုသည့် အစည်းအဝေးကို KIO ဗဟိုဌာနချုပ်၊ ပါကျူ (ပါဂျောင်) ၌ ၁၉၇၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကျင်းပခဲ့သည်။ KIO တပ်ဖွဲ့မှ ဥက္ကဋ္ဌ မရန်ဘရန်ဆိုင်း၊ ဗဟိုကော်မတီဝင် လမုန်တူးကျိုင်၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်မလိဇွပ်ဇော်မိုင်၊ အထွေထွေအတွင်းရေးမှူး လညော် ဇောင်းခရား၊ ဗဟိုကော်မတီဝင် လမာလရိန်း၊ PSLO တပ်ဖွဲ့မှ ဥက္ကဋ္ဌ တားခွန်သောင်း နှင့် အထွေထွေအတွင်းရေးမှူး တားအုန်းခိုင် တို့ ပါဝင်တက်ရောက်ခဲ့ကြသည်။ ဤအစည်းအဝေးတွင် နိုင်ငံရေး၊ စစ်ရေးမဟာမိတ်နှင့် တပ်ပေါင်းစုရေးရာ ကိစ္စများအပါအဝင် အဓိကဖြစ်သည့် ထာဝရမဟာမိတ်စာချုပ် ချုပ်ဆိုနိုင်ရေးကိစ္စကို ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး အစည်းအဝေး နောက်ဆုံးရက်ဖြစ်သည့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ကချင်လူမျိုးနှင့် တအာင်းလူမျိုး (ပလောင်) တို့အတွက် ကမ္ဘာတည်သရွေ့ တည်တံ့ခိုင်မြဲသော ဤသမိုင်းဝင် ထာဝရမဟာမိတ်စာချုပ်ကို နှစ်ဦးနှစ်ဖက်သော ခေါင်းဆောင်ကြီးတို့သည် ဖြူစင်သန့်ရှင်းသောစိတ်ဓာတ်နှင့် သဘောထားကြီးမားသော စိတ်ဓာတ်တို့ကို ရှေ့ထားကာ သဘောတူလက်မှတ် ရေးထိုးနိုင်ခဲ့ကြသည်။

PSLO/PSLA တည်ထောင်ခြင်းသည် စစ်ရေးရပ်တည်မှုဖြင့် လက်နက်ကိုင် တော်လှန်ရေးကို ဆင်နွှဲပြီး နိုင်ငံရေးဦးဆောင်မှုဖြင့် တော်လှန်ရေးကို အောင်မြင်ရန် ဆောင်ရွက်ခြင်း ဖြစ်သည်။ ထို့ကြောင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးအဖွဲ့သည် ပလောင်အမျိုးသားတပ်ဦး ကျင့်သုံးခဲ့သည့် အမျိုးသားရေး အခြေခံလမ်းစဉ်နှင့် လုပ်ငန်းစဉ် များကို ဆက်လက်ဆက်ခံကျင့်သုံးကာ ပြောင်းလဲလာသော ကမ္ဘာ့အင်အားစုအခြေအနေ၊ မြန်မာ့နိုင်ငံရေးအခြေအနေနှင့် တိုးတက်လာသော မြန်မာ့တော်လှန်ရေး အင်အားစုများ၏ ပေါင်းစည်းညီညွတ်မှု အနေအထားတို့နှင့်အညီ နိုင်ငံရေးလမ်းစဉ် ချမှတ်၍ နိုင်ငံရေး တိုက်ပွဲများ ဆက်လက်ဆင်နွှဲခဲ့သည်။ ၁၉၈၉ တွင် ဗကပပြိုကွဲပြီးနောက် အဖွဲ့အသီးသီးမှ စစ်အစိုးရနှင့် ညှိနှိုင်းစေ့စပ်ကြရာ PSLA လည်း တဖွဲ့ဖြစ်ခဲ့သည်။ အကျိုးဆက်အဖြစ် ၂၀၀၅ တွင် လုံးဝ လက်နက်အပ်ခဲ့ရသည်။

၁၉၉၁ စေ့စပ်မှုများ ပြုစဉ်ကပင် လက်ခံနိုင်ခြင်းမရှိသူ လူငယ်ရဲဘော်များမှ အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု၏ အကူအညီဖြင့် Palaung State Liberation Front (PSLF) ကို ၁၉၉၂ ဇန်နဝါရီတွင် ဖွဲ့စည်းခဲ့သည်။ ထိုင်းနယ်စပ်ရှိ ကျန်ရှိခဲ့သည့် ရဲဘော်များမှာ စစ်ဦးစီးချုပ်ဟောင်း တာညီလုံးတို့၏ ကြိုးစားမှုဖြင့် ပြန်လည်စုစည်းမိပြီး Ta-ang National Liberation Army (TNLA) ကို ဖွဲ့စည်းခဲ့သည်။ စစ်ပညာ သင်ယူရန်နှင့် လက်နက်ကို KIA မှ အကူအညီရယူနိုင်ခဲ့ပြီး ၂၀၁၁ ဒီဇင်ဘာတွင် ရွှေလီချိုင့်ဝှမ်းခွင်တွင် လှုပ်ရှားလာခဲ့သည်။ KIA နှင့် မဟာမိတ်ဖြစ်သည့်အပြင် MNDAA မိုင်းလားအဖွဲ့ နှင့် AA ရခိုင့်တပ်တော် တို့နှင့်ပါ ညီနောင်သုံးဖွဲ့ဟု ထင်ရှားပြီး သုံးဖွဲ့လုံးမှာ စစ်တပ်၏ ငြင်းဆန်မှုကြောင့် ယခုထိ NCA လက်မှတ်ထိုးနိုင်ခြင်း မရှိပေ။ SSPP နှင့်လည်း ၂၀၁၃ တွင် သီးခြား မဟာမိတ်စာချုပ်တရပ် ချုပ်ဆိုခဲ့သည်။ UWSA ဝတပ်ဖွဲ့နှင့်လည်း ဆက်ဆံရေး ကောင်းမွန်အောင် တည်ဆောက်ထားခြင်းရှိသည်ဟု သုံးသပ်နိုင်သည်။ RCSS နှင့် ရံဖန်ရံခါ တိုက်ပွဲများ ဖြစ်လေ့ ရှိသည်။

တအာင်းအမျိုးသားပါတီ - TNP ကိုမူ ၂၀၁၀ ခုနှစ် မေလ ၂၄ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။ TNP ကို တည်ထောင်သူများနှင့် ပါဝင်ကြသူများသည် ပလောင်ပြည်နယ်လွတ်မြောက်ရေးအဖွဲ့ - PSLO/PSLA ထဲမှ ခေါင်းဆောင် အများစု ဖြစ်ကြသည်။ TNP ပါတီ၏ ပထမအကြိမ် ညီလာခံအား ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီလက တအာင်းဒေသ မန်တုံမြို့တွင် ကျင်းပခဲ့ပြီး၊ ဒုတိယအကြိမ် ပါတီညီလာခံအား ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလ၌ နမ့်ဆန်မြို့တွင် ကျင်းပခဲ့သည်။ TNP ပါတီသည် ၂ဝ၁ဝ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် ခဲ့ပြီး (၆) နေရာ အနိုင်ရရှိခဲ့သည်။ အနိုင်ရရှိခဲ့သည့် မြို့နယ်များမှာ မန်တုံမြို့နယ် နှင့် နမ့်ဆန်မြို့နယ်တို့ ဖြစ်ကြပြီး ပြည်နယ်လွှတ်တော် ၄ ဦး၊ ပြည်သူ့လွှတ်တော် ၁ ဦးနှင့် အမျိုးသားလွှတ်တော် ၁ ဦး ရရှိခဲ့ကြသည်။

TNP ပါတီသည် ရှမ်းပြည်မြောက်ပိုင်း နမ္မတူ၊ ကျောက်မဲ၊ လားရှိုးမြို့နယ် နှင့် မန္တလေးတိုင်း မိုးကုတ်မြို့နယ်တို့တွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင် မရခဲ့ပေ။ TNP ထဲတွင် အမျိုးသမီးနှင့် လူငယ်ပါဝင်မှု နည်းနေဆဲဖြစ်သည်။ ပလောင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၉၀ ပြည့် ရွေးကောက်ပွဲတွင် နမ့်ဆန် နှင့် ကွတ်ခိုင် နယ်တွင် မဲအနိုင်ရရှိခဲ့ပြီး နောက်ပိုင်းတွင် စစ်အုပ်စုတို့က ထိုနိုင်ငံရေးပါတီကို ဖျက်သိမ်းလိုက်သည်။ ၂၀၁၀   ရွေးကောက်ပွဲ တွင် လည်း ယခင် PSLA ခေါင်းဆောင်ဟောင်းများ ဖွဲ့စည်းထားသည့် တအန်း (ပလောင်) အမျိုးသားပါတီ TNP က လွှတ်တော်ကိုယ်စား လှယ် စုစုပေါင်း ၆ ဦး အသီးသီး အနိုင်ရရှိခဲ့သည်။

NLD အစိုးရ တက်ခဲ့ပြီးနောက် ၂၁ ရာစုပင်လုံညီလာခံ ပထမအကြိမ်တွင် ညီနောင်မဟာမိတ် အဖွဲ့ ၃ ဖွဲ့ တက်နိုင်ရေးအတွက် NLD အစိုးရမှ ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေး ကော်မရှင်နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ ခေါင်းဆောင်များ ၂ဝ၁၆ ခုနှစ် ဩဂုတ် ၉ ရက်တွင် မိုင်းလားတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ TNLA မှ ဥက္ကဌ တားအိုက်ဘုန်းနှင့် ဒုဥက္ကဌ တားခူးလာန်းတို့ တက်ရောက်ခဲ့သည်။ ထိုဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးကော်မရှင်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ပါဝင်လိုပါက လက်နက်ကိုင် လမ်းစဉ်ကို အပြီးတိုင် စွန့်လွှတ်ရမည်အဓိပ္ပာယ်ပါသည့် ကြေညာချက် ထုတ်ပြန်ရမည် ဆိုသည့်အချက်နှင့် ပတ်သက်ပြီး မည်သည့်သဘောတူညီချက်မှ မရရှိခဲ့ပေ။ TNLA အပါ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့လည်း ပထမအကြိမ် ၂၁ ရာစု ပင်လုံညီလာခံသို့ တက်ရောက်ခြင်း မရှိခဲ့ပေ။ ထို ၂၁  ပင်လုံညီလာခံသို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/ TNLA ၏ နိုင်ငံရေးဆိုင်ရာ အိတ်ဖွင့်ပေးစာ ကိုသာ ၂၀၁၆ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့ဖြင့် ပေးပို့ခဲ့ပါသည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအပြီးတွင် TNLA သည် စစ်ကောင်စီတပ်များနှင့် ပဋိပက္ခကို ရှောင်ရှားခဲ့ပြီး အစောပိုင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၌ တိုက်ပွဲများ လျော့နည်းသွားသည်ကို အခွင့်ကောင်းယူကာ ၎င်း၏ အုပ်ချုပ်ရေးစွမ်းရည်ကို မြှင့်တင်ခဲ့သည်။ နွေဦးတော်လှန်ရေးတွင်မူ TNLA အနေဖြင့် တိုက်ရိုက်ချိတ်ဆက် ပါဝင်သည့်ဟန် ပြသခြင်း မရှိသော်လည်း PDF များအား စစ်သင်တန်းပေးခဲ့သည်။ အများအားဖြင့် လျှို့ဝှက်စွာပင် NUG နှင့် သွယ်ဝိုက်သောအားဖြင့် ဆက်သွယ်ခဲ့ပြီး စစ်တပ်ဆန့်ကျင်ရေးတပ်ဖွဲ့များကို ထောက်ပံ့ခဲ့သည်။  သိရသည်။

 ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် TNLA သည် လက်ရှိ မြန်မာနိုင်ငံပြည်တွင်းစစ်အတွင်း ဖြစ်ပွားခဲ့သော ၁၀၂၇ စစ်ဆင်ရေး၏ အစိတ်အပိုင်းအဖြစ် နမ့်ဆန်နှင့် မန်တုံမြို့များကို သိမ်းပိုက်ပြီးနောက်  ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသကို ထိန်းချုပ်ခဲ့သည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်အဖွဲ့တို့သည် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းအတွက် အပစ်အခတ်ရပ်စဲရေးကို သဘောတူခဲ့သော်လည်း အဆိုပါ အပစ်အခတ်ရပ်စဲရေးသည် မခိုင်မာသေးဘဲ တော်လှန်ရေးတပ်ဖွဲ့များက စစ်ကောင်စီတပ်များသည် ထိုဒေသတွင် လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးဖြင့် ပုံမှန်ပစ်ခတ်မှုများ ပြုလုပ်နေသည်ဟု ဆိုသည်။ ဇွန်လ ၂၅ ရက်နေ့တွင် စစ်ကောင်စီ၏ အပစ်အခတ်ရပ်စဲရေးကို ထပ်ခါတလဲလဲ ချိုးဖောက်မှုများကို တုံ့ပြန်သည့်အနေဖြင့် ၁၀၂၇ စစ်ဆင်ရေးကို ပြန်လည်စတင်ကြောင်း ကြေညာခဲ့ပြီး ဒေသခံ PDF တပ်ဖွဲ့များနှင့် ပူးပေါင်း၍ နောင်ချိုနှင့် ကျောက်မဲမြို့နယ်တို့တွင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ နောက်တစ်နေ့တွင် နောင်ချိုမြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီး ကျောက်မဲအနီးရှိ နေရာအများအပြားကို သိမ်းပိုက်ခဲ့သည်။ ဇွန်လ ၂၈ ရက်နေ့တွင် ကျောက်မဲမြို့ကို သိမ်းပိုက်ခဲ့ပြီး မိုးကုတ်ကို ဝိုင်းရံရန် မြို့အနီးရှိ စစ်စခန်းအများအပြားကို သိမ်းယူခဲ့သည်။

၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့တွင် စစ်ကောင်စီသည် TNLA အား အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခဲ့ပြန််သည်။
0 Comments



Leave a Reply.

    RSS Feed

Site powered by Weebly. Managed by Porkbun