6/17/2025 0 Comments ရာမညဒေသ မွန်နိုင်ငံရေးသမိုင်း(ယခုစာမှာ Draft မူကြမ်းဖြစ်၍ အချက်အလက်ကို နောက်ဆုံးအကြိမ် ပြန်လည်မစစ်ဆေးရသေးပါ။)
မွန်လူမျိုးများသည် နှစ်ပေါင်းထောင်ချီသမိုင်းနှင့် တည်ရှိသောလူမျိုးများဖြစ်သည်။ မြန်မာနိုင်ငံရှိ အခြားတိုင်းရင်းသားများနှင့် ကွဲပြားသော ဘာသာစကားနှင့် ယဉ်ကျေးမှု လက္ခဏာများ ရှိကြသည်။ မြန်မာနိုင်ငံတွင် လူမျိုးအများစု ပြောသောစကားများမှာ Sino-Tibetan ဘာသာစကား အနွယ်ဝင် ဖြစ်သော်လည်း မွန်တို့ပြောသော ဘာသာစကားမှာ ဝ၊ တအာင်းတို့နှင့် အနွယ်တူသည့် Austroasiatic ဘာသာစကားအနွယ်ဝင် ဖြစ်သည်။ ပို၍စောသည့် Proti-austroasiatic ဘာသာစကားများကိုမူ တရုတ်ပြည်တောင်ပိုင်း သို့မဟုတ် ဗီယက်နမ်မြစ်နီမြစ်ဝှမ်းဘက်တွင် လွန်ခဲ့သော နှစ်ပေါင်း ၄၀၀၀ မှ ၅၀၀၀ ကြား စတင်ခဲ့သည်ဟုမှန်းရပြီး မွန်ခမာအနွယ်တို့သည် တရုတ်ပြည်မှ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနိုင်ငံများသို့ ပျံ့နှံ့သည်ဟု ပညာရှင်များက ယူဆကြသည်။ အိန္ဒိယအရှေ့ပိုင်းရှိ မုန်ဒ/မွန်ဒလူမျိုးများသည်လည်း Austroasiatic ဘာသာစကားပြောကြသူများ ဖြစ်သည်။ သမိုင်းပညာရှင်များက ယင်းလူမျိုးများကို အရှေ့တောင်အာရှတွင် ဆန်စပါးစိုက်ပျိုးခြင်းကို ကျွမ်းကျင်ခဲ့ကြသော ရှေးဦးမျိုးနွယ်များဖြစ်သည်ဟု ယုံကြည်ကြသည်။ မွန်တို့သည် ဒေသတွင်း ပထမဆုံး အိန္ဒိယ အက္ခရာများကို လက်ခံကျင့်သုံးပြီး သက္ကတ နှင့် ပါဠိ ဘာသာတို့၏ လွှမ်းမိုးမှုရှိသော အရေးအသား ယဉ်ကျေးမှုများကို တည်ဆောက်ခဲ့သူများထဲမှ တစုဖြစ်သည်။ ထို့ကြောင့် အခြေချနေထိုင်သူများအဖြစ်သာမက ယဉ်ကျေးမှု၏ ရှေ့ဆောင်များအဖြစ်ပါ ထင်ရှားစေခဲ့သည်။ ဗုဒ္ဓဘာသာကို ပြန့်ပွားစေရာတွင် အရေးပါခဲ့ပြီး အရှေ့တောင်အာရှ ကုန်းမြေတလျှောက်ရှိ ထွန်းကားလာသော ယဉ်ကျေးမှုများကို သက်ရောက်မှုရှိခဲ့သည်။ ၎င်းတို့သည် ရှေးရှေးကတည်းကပင် စာပေအစဉ်အလာရှိပြီး ကဗျာများ၊ စစ်သမိုင်း ပုံပြင်များနှင့် သမိုင်းရာဇဝင်များကို ထူးထူးခြားခြား ရေးသားပြုစုနိုင်ခဲ့သူများ ဖြစ်ကြသည်။ ဤစာပေရတနာများသည် မွန်ယဉ်ကျေးမှုနှင့် အိမ်နီးနားချင်း ယဉ်ကျေးမှုများအပေါ် ထိတွေ့ဆက်ဆံမှုများအတွက် အဖိုးမဖြတ်နိုင်သော ယဉ်ကျေးမှုပဏာမ ပြယုဂ်များလည်းဖြစ်သည်။ ထို့အပြင် မွန်လူမျိုးများသည် မြန်မာနိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓဘာသာ ထွန်းကားရေးနှင့် ပြန့်ပွားရေးတွင် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ဟု ယုံကြည်ရ၏။ ရှေးဟောင်းမြို့တော် သထုံသည် ဗုဒ္ဓဘာသာဗဟိုချက်ဖြစ်ခဲ့ပြီး ဒေသအနှံ့ ဗုဒ္ဓဘာသာတရားတော်များ ဖြန့်ဝေရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ဟု ဆိုကြသည်။[1] ထို့အပြင် မွန်လူမျိုးတို့သည် သစ်သားထွင်းခြင်း၊ အထည်ရက်လုပ်ခြင်းနှင့် ကြေးပုံသွင်းခြင်းစသည့် ရိုးရာလက်မှုပညာများတွင် ကျွမ်းကျင်သောကြောင့် ထင်ရှားသော၊ အစဉ်တိုးတက်နေသော အနုပညာဓလေ့ ရှိသည်။ အိုးလုပ်ငန်းကို ကျွမ်းကျင်ပြီး ကုန်သွယ်ရေးလုပ်ငန်းကိုလုပ်ကိုင်ကာ ရေကြောင်းရွက်ဖွင့်ခဲ့သည့် အစောဆုံးလူမျိုးများဖြစ်သည်။ အနုစိတ်လက်မှုပညာသည် ဘုရားကျောင်းများ၊ ပန်းပုများနှင့် ရိုးရာဝတ်စုံများတွင် တွေ့ရှိရသည့် ဒီဇိုင်းများနှင့် ပုံစံများတွင် ထင်ရှားပါသည်။ ယဉ်ကျေးမှုဖွံ့ဖြိုးရေးတွင် အလွန်စောခဲ့ကြသည်။[2] ယနေ့ကာလတွင်မူ ကြီးမားသော စိန်ခေါ်မှုများနှင့် နိုင်ငံရေးမငြိမ်မသက်ဖြစ်နေသည့် ကာလများကို ကြုံတွေ့နေရသည့်အတွက်ကြောင့်လည်းကောင်း၊ ဗမာနှင့်မွန် တူတူပဲဟု ရောပြွမ်းနှစ်သိမ့် တတ်ရာမှ တစိမ့်စိမ့် ဝါးမြိုလာခြင်းတို့ကြောင့်လည်းကောင်း ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းရန်၊ ဝိသေသလက္ခဏာကို ခိုင်မာစွာထိန်းသိမ်းရန် အခက်တွေ့ရသည်။ ထို့ကြောင့် စာပေနှင့် ယဉ်ကျေးမှုမှာ အားပျော့ခဲ့သည်။ ယနေ့ခေတ်တွင်လည်း ဘာသာစကားကို ပြန်လည်၍ အသက်သွင်းရန်၊ ယဉ်ကျေးမှုပွဲများ မြှင့်တင်ရန်နှင့် မွန်ယဉ်ကျေးမှု ဆက်လက်ရှင်သန်စေမည့် ရပ်ရွာလူထုကို အခြေပြုသော ပဏာမခြေလှမ်းများကို လုပ်ဆောင်နိုင်ကြရန် ဦးတည်လျက် ရှိသော်လည်း ကောင်းမွန်စွာ ခေါင်းဆောင်နိုင်မှု မရှိသလို လွတ်လပ်စွာလုပ်ခွင့်လည်း ထင်သလောက် မရှိသေးချေ။ မွန်လူမျိုးတို့၏ သမိုင်းမှာ ယဉ်ကျေးမှုထွန်းကားခဲ့မှုများ၊ ရာစုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သည့် ကိုလိုနီ အပြုခံရမှုများနှင့် လက်ရှိဘဝ အတွေ့အကြုံများ၏ ပေါင်းစပ်မှုဟုပင် ဆိုရမည်။ မွန်တို့၏ သင်္ကေတမှာ ဟင်္သာငှက် ဖြစ်သည်။ ရွှေဟင်္သာအလံသည် မြန်မာနိုင်ငံရှိ မွန်ဒေသများတလျှောက်လုံးတွင် ဂုဏ်ယူဝံ့ကြွားစွာ လွှင့်ထူလျက်ရှိပြီး ထိုင်းနိုင်ငံရှိ ဘုရားကျောင်း နံရံများတွင်ပင် တွေ့ရသည်။ အလှဆင်ခြင်းသက်သက်မျှသာမက ဆက်နွယ်မှုကိုပြသည့် အလံတခုလည်း ဖြစ်သည်။ ထို့အပြင် ဟင်္သာငှက်၏ အသွင်ဟန်မှာ မွန်တို့၏ အခြေအနေကို ဖော်ပြသည်။ အတောင်ဖြန့်၍ ပျံသန်းနေသော ဟင်္သာမှာ မွန်တို့ ရုန်းကန်လှုပ်ရှားနေရသည်ကို ဆိုလိုပြီး တော်လှန်ရေးအဖွဲ့အစည်းများတွင် ထည့်သွင်းရေးဆွဲလေ့ ရှိသည်။ ခြေနှစ်ချောင်းချ၍ ရပ်နေသော ဟင်္သာရုပ်ကိုမူ အစိုးရက ရေးဆွဲပြလေ့ရှိသည်။ ယင်းအချက်များသည် အနုပညာ ခံစားချက်တခုသာမဟုတ်ဘဲ သင်္ကေတ၊ မှတ်ဉာဏ်၊ အာဏာရေးရာနှင့် ဂုဏ်သိက္ခာတို့ကို ထိစပ်ထားသည်။ ယနေ့ခေတ် နိုင်ငံတော်များ မပေါ်လာမီကာလကပင် မွန်တို့သည် အရှေ့တောင်အာရှ၏ အစောပိုင်း ယဉ်ကျေးမှုဘဝတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြပြီး ဖြစ်သည်။ ပါဠိ၊ သက္ကတ္တတို့ကဲ့သို မွန်ဘာသာကို ကုန်သွယ်ကူးသန်းမှုများတွင် သုံးစွဲခဲ့သည့် အထောက်အထားအရ တချိန်က မွန်ဘာသာသည် လူ့အသိုင်းအဝိုင်းများ သုံးစွဲခဲ့သည့် ကြားခံဘာသာစကားကြီးတခု ဖြစ်တန်ရာသည်။ မွန်ယဉ်ကျေးမှုသည် အိန္ဒိယဒေသ၏ လွှမ်းမိုးမှုများ ရှိသည်ကို မြင်ရပြီး ဗြဟ္မဏအစဉ်အလာများနှင့် ဗုဒ္ဓဘာသာအတွေးအခေါ်များ[3]ကို ဒေသခံအယူများ ရောနှောလျက် ကျင့်သုံးသည်များကို တွေ့ရသည်။ မွန်တို့၏ အထောက်အထားများကို ရှာဖွေရာ ကျောက်စာများ၊ ကျောက်ဆစ်လက်ရာများနှင့် ထူးခြားသော ဘဲဥပုံ အပြင်အဆင်ရှိ မြို့ဟောင်းအပျက်အစီးများပင်ဖြစ်သည်။ မွန်အနုပညာသည် ဘာသာရေး ဆည်းကပ်မှုနှင့် တီထွင်ဖန်တီးမှု စိတ်ဓာတ်နှစ်ခုစလုံးကို ဖော်ပြသည်။ သို့သော် ပြန်လည်ဖော်ထုတ်ရဦးမည့် မွန်ယဉ်ကျေးမှုများမှာ မြေကြီးများသာမက နိုင်ငံရေးကပါ ဖုံးလွှမ်းနေဆဲ ဖြစ်သည်။ မွန်လူမျိုးတို့သည် အင်ဒိုချိုင်းနားဒေသ၌ မြို့ပြယဉ်ကျေးမှုတည်ထောင်ခဲ့သည့် လူမျိုးများအနက် အစောဆုံး လူမျိုးများတွင် အပါအဝင်ဖြစ်သည်ဟု ယုံကြည်ကြသည်။ အေဒီ ၅ ရာစုခန့်တွင် မွန်စာပေ ထွန်းကားနေပြီဖြစ်ကြောင်း ထိုင်းနိုင်ငံအတွင်း တူးဖော်ရရှိသော ရှေးဟောင်းကျောက်စာများမှ တွေ့ရသည်။[4] အေဒီ ၆ ရာစုနှင့် ၉ ရာစု ကာလများတွင် လက်ရှိမြန်မာနိုင်ငံတောင်ပိုင်းဒေသများနှင့် ထိုင်းနိုင်ငံအလယ်ပိုင်း ဒေသများတွင် မွန်-ခမာတို့၏ ဗုဒ္ဓဘာသာကိုးကွယ်သော နိုင်ငံငယ်များထွန်းကားခဲ့သည်။ လက်ရှိမြန်မာနိုင်ငံ နယ်နိမိတ်အတွင်း မွန်တို့ပထမဆုံး တည်ထောင်ခဲ့သည့် မင်းဆက်မှာ သုဝဏ္ဏဘူမိ သထုံမင်းဆက်ဖြစ်ပြီး လက်ရှိသထုံခရိုင်ဒေသအတွင်း တည်ရှိခဲ့သည်။ သထုံနေပြည်တော်သည် ဆိပ်ကမ်းမြို့ဖြစ်ခဲ့သည်ကိုလည်း စာပေများတွင် ဖော်ပြခဲ့သည်။ လက်ရှိသထုံမြို့ဒေသဟု ယူဆတတ်သော်လည်း နုန်းတင်မြေနု အခြေအနေနှင့် ဝင်ကရွာတူးဖော်မှုတို့မှ ကေလာသတောင်အနီးတွင်ဖြစ်သည်ဟု ယူဆသူများလည်း ရှိသည်။[5] ၆ ရာစုမှစ၍ မွန်လူမျိုးများသည် မြန်မာနိုင်ငံရှိ သထုံနေပြည်တော်၊ အလယ်ပိုင်းထိုင်းနိုင်ငံရှိ ဒွါရာဝတီနှင့် မြောက်ပိုင်းရှိ ဟရိပုဉ္ဇယကဲ့သို့သော ခိုင်မာသော နိုင်ငံများကို တည်ထောင်ခဲ့ကြသည်ဟု ဆိုကြသည်။ အချို့က ယင်းနေပြည်တော်များသည် မွန်များသာ နေကြသည်မဟုတ်တန်ရာဟု ငြင်းကြမှုများလည်း ရှိသည်။ သို့သော် မည်သို့ပင်ဆိုစေ၊ ဤမြို့များတွင် မွန်ယဉ်ကျေးမှုများကို မြင်ကြရသည်။ ယင်းဒေသများမှာ ရဟန်းများ၊ ကုန်သည်များ၊ ပန်း ၁၂ မျိုး[6]နှင့် အနုပညာရှင်များဖြင့် ပြည့်နှက်နေသော ယဉ်ကျေးမှုဆိုင်ရာ မီးပြတိုက်များပင် ဖြစ်သည်။ ဗုဒ္ဓဘာသာ ဆက်လက်ပြန့်ပွားလာသည်နှင့်အမျှ မွန်လူမျိုးများသည် ဘာသာရေးလမ်းညွှန်သမားများနှင့် ဘာသာပြန်သူများအဖြစ် ဆောင်ရွက်ခဲ့ပြီး အစောပိုင်း နိုင်ငံများအား ဗုဒ္ဓ၏ အဆုံးအမများနှင့် ဘုရားစေတီများ ဆောက်လုပ်ခြင်း အနုပညာကို နားလည်စေရာတွင် များစွာအရေးပါခဲ့သည်ဟုလည်း ယုံကြည်ရသည်။ ထို့အပြင် ဟိန္ဒူစကြဝဠာဗေဒနှင့် ဒေသခံ နတ်များဆိုင်ရာ အနုပညာများလည်း တွေ့ရသည်။ ဟိန္ဒူတို့ ဗြဟ္မာဒေ့ရှ်[7]ဟု ခေါ်ခဲ့သည့် ယခု မြန်မာနိုင်ငံဒေသတွင် ရေရှည်တည်ခဲ့သော မွန်နိုင်ငံတော်မှာ ဟံသာဝတီဖြစ်ပြီး ယနေ့ခေတ် ပဲခူးဟု လူသိများသည်။ ခရစ်နှစ် ၈၂၅ ခုနှစ်ခန့်တွင် တည်ထောင်ခဲ့ပြီး ချမ်းသာကြွယ်ဝသော ကုန်သွယ်မြို့တော်၊ ဘာသာရေးအခြေထိုင်ရာနှင့် ယဉ်ကျေးမှုများအတွက် ဗဟိုဌာနအဖြစ် တိုးတက်လာခဲ့သည်။ ဟံသာဝတီတွင် သူ့ခေတ်သူ့အခါနှင့်သူ စီးပွားရေးလည်း ဖွံ့ဖြိုးခဲ့သည်။ ဘုရင်များသည် ဘာသာရေးကို ကာကွယ်ရမည်ဟုလည်း မျှော်လင့်ခြင်းခံရကာ ဘုရားတည်၊ ဘုန်းကြီးကျောင်းဆောက်၍ ဆင်းရဲသားတို့ကို ကျွေးမွေးရန်လည်း တာဝန်ရှိသည်ဟု မြင်ကြသည်။ နီတိများမှာလည်း အိန္ဒိယနှင့် အတော် နီးစပ်သည့် နီတိများကို ကျင့်သုံးကြသည်။ ကုန်းတွင်းအရှေ့တောင်အာရှတွင် ကိုလိုနီစနစ်က ပေးသော ခိုင်မာသော နယ်နိမိတ်များ၊ မြေပုံများနှင့် ခေတ်သစ်နိုင်ငံများ၏ အယူအဆ မပေါ်ပေါက်မီကာလက မြေပုံများပေါ်တွင် ရှင်းလင်းသော မျဉ်းကြောင်းများဖြင့် ဆွဲထားသော နယ်နိမိတ်များ မရှိခဲ့ပေ။ မြေပုံများဖြင့် အုပ်ချုပ်ရေးမရှိခင်က မဏ္ဍလစနစ်ကို ကျင့်သုံးခဲ့ကြရာ မွန်တို့သည်လည်း မဏ္ဍလစနစ်ကိုပင် ကျင့်သုံးသည်။ မွန်လူမျိုးများနှင့် ၎င်းတို့၏ နိုင်ငံတော်များ တိုးတက်လာပုံကို နားလည်ရန်အတွက် မဏ္ဍလစနစ်အမြင်သို့ ဝင်ရောက်ကြည့်ရှုရမည်ဖြစ်သည်။ သုဝဏ္ဏဘူမိ၊ ဟံသာဝတီ၊ ဒွါရဝတီတို့ မြို့တော်များသည် ယနေ့ကဲ့သို့ လူနေရာ မြေကွက်များလောက်သာ မဟုတ်ခဲ့ပေ။ မဏ္ဍလအယူတွင် မင်းနေပြည်တော်တို့သည် စကြဝဠာဗဟိုများပမာ ဖြစ်ကြသည်။ တခုချင်းစီသည် မြင့်မြတ်သောမြေ၏ နှလုံးသား ဖြစ်သည်။ အိန္ဒိယ၏ စကြဝဠာအမြင်များကို ပုံစံယူထားကာ နေမင်းကဲ့သို့သော ဘုရင်သည် ဗဟိုတွင် ရပ်တည်လျက် အာဏာအရောင်အဝါကို ဘေးဘက်များသို့ ဖြန့်ကျက်သည်။ ကုန်သွယ်မှုနှင့် ဘာသာရေးတို့မှတဆင့် သွင်းယူခဲ့သော ဤအတွေးအခေါ်သည် သာမန်ယုံကြည်မှု မဟုတ်ခဲ့ပေ။ လူနေမှုတွင် ပေါင်းစပ်ထားသော ယင်းယုံကြည်မှုကို မြို့များ၏ အပြင်အဆင်တွင် တွေ့ရ၏။[8] နှောင်းပိုင်းပြန်ရေးသည့် မြန်မာနိုင်ငံအတွင်း မွန်မှတ်တမ်းများတွင်မူ ကုသိမဏ္ဍလ (ယနေ့ ပုသိမ်ဘက်)၊ ဟံသာဝတီမဏ္ဍလ (ပဲခူး)၊ မုတ္တိမမဏ္ဍလ (မုတ္တမ) ဟူ၍ မဏ္ဍလ သုံးခုပြသည်။ မဏ္ဍလတခုကို သုံးဆယ့်နှစ်မြို့ စောင့်ရှောက်သူတို့ ဝန်းရံသည်ဟုဆိုသည်။ တာဝတိံသနတ် ၃၃ ပါးကို ယူသည်ဟု ဆိုကြသည်။ ထို့ကြောင့် အားလုံးပေါင်းလျှင် ၉၉ နေရာဖြစ်ပြီး မင်းကြီးနှင့် အိမ်ရှေ့မင်းသားပေါင်းပါက ၁၀၁ ရကာ၊ ယင်းက တရာ့တပါးသော ထီးဆောင်းမင်းဟူသည့် အမည်ကို ပြည့်စုံစေသည်ဟူလို။ အငြင်းပွားစရာ ရှိလျှင်ပင် မွန်တို့၏ လူနေမှုဘဝကို နားလည်ရာတွင် အိန္ဒိယအယူအဆများ၏ အရေးပါပုံကို မြင်နိုင်သည်ဟု ထင်ပါသည်။[9] မွန်နိုင်ငံတော်များတွင် ဘုရင်ဟူသည် အုပ်ချုပ်ရေးသမားသာမဟုတ်ပေ။ ဘုရင်၏ ကိုယ်ကျင့်တရားနှင့် ကုသိုယ်ကံသည် တိုင်းသူပြည်သား သတ္တဝါများကိုပါ ချိတ်ဆက်နေသည့် အခြေအနေရှိသည်။ ဓမ္မရာဇာဟု ဆို၏။ ဘုရင်သည် တရားကိုစောင့်ရန် တာဝန်ရှိသည်။ ထို့အပြင် ပညာရှိခြင်းနှင့် ရန်အပေါင်းကို အောင်နိုင်ခြင်းဟူသည့် အချက်များပါ ထည့်သွင်းကာ ဘုရင်၏ တရားဝင်မှုကို ရှုမြင်တတ်ကြသည်။ မြစ်များနှင့် ကုန်သွယ်ရေး လမ်းကြောင်းများအနီးရှိ မြေဩဇာကောင်းသော မြေနုကျွန်းများတွင်ရှိသည့် မွန်များသည် ကျွမ်းကျင်သော လယ်သမားနှင့် တောင်သူများ၊ သင်္ဘောသားများနှင့် ကုန်သည်များ ဖြစ်ကြသည်။ ကြံနှင့် ဆန်များကို တင်ပို့ခဲ့ပြီး ပန်းပညာရှင်များသည် မုတ္တမမြေအိုးနှင့် ကြွေထည်မြေထည်များကို ထုတ်လုပ်ခဲ့ရာ ဂျပန်နှင့် အရှေ့အလယ်ပိုင်းအထိပင် ရောက်ရှိခဲ့သည်။ ဂျာမန်ခရီးသွားတဦးက ဒေါင်းများစွာ ရှိသည်ကို မြင်ပြီး သမ္မာကျမ်းစာလာ ရှောလမုန်ဘုရင်နှင့် ကုန်သွယ်ခဲ့သည့် နေရာများဟု ထင်မိကြောင်း မှတ်တမ်းတွေ့ရ၏။ ဤသာယာဝပြောမှုသည် အိန္ဒိယ၊ မြန်မာ၊ သီရိလင်္ကာနှင့် အရှေ့တောင်အာရှတို့ကို ချိတ်ဆက်ထားသော ပင်လယ်ရေကြောင်း ကုန်သွယ်ရေးတွင် မွန်များအား အဓိက အခန်းကဏ္ဍမှ ပါဝင်စေခဲ့သည်။ မွန်တို့မှာ ကုန်သွယ်မှုနှင့် ယဉ်ကျေးမှုကွန်ယက်၏ တစိတ်တပိုင်း ဖြစ်ခဲ့ပေသည်။ တဘက်တွင်လည်း မွန်မဏ္ဍလများသည် အစွန်အဖျားရှိ မျိုးနွယ်စုအခြေပြု လူ့အဖွဲ့အစည်းငယ်များတွင် နေထိုင်ကြသည့် တောင်ပေါ်နေလူမျိုးများကို ပြင်ပလူများအဖြစ် နှိမ့်ချဆက်ဆံခဲ့ပါ၏။ သူတို့ထံမှ သစ်တောထွက် ပစ္စည်းများကို ကုန်သွယ်ကြခြင်း၊ ခိုင်းစေခြင်းမှလွဲ၍ အရေးအရာမပေးခဲ့ချေ။ ယင်းစနစ်ကို ထိန်းသိမ်းရန် အုပ်စိုးသူများသည် မဟာဗျူဟာမြောက် လက်ထပ်ထိမ်းမြားကြခြင်း၊ ပဏ္ဍာဆက်ကွန်ရက်များ ထိန်းသိမ်းခြင်းများ လုပ်ရသည်။ ရဟန်းဘုန်းကြီးများနှင့် ကျေးရွာခေါင်းဆောင်များ၏ ထောက်ပံ့မှုအပေါ် မှီခိုရသည်။ တောက်ပသော နေ့ရက်များသည်လည်း ကုန်ဆုံးမြဲဖြစ်၏။ အောက်မြန်မာနိုင်ငံမှ မွန်လူမျိုးများအတွက် ၁၄ ရာစုနှင့် ၁၅ ရာစုနှစ်များသည် ယဉ်ကျေးမှုနှင့် နိုင်ငံရေးဆိုင်ရာ ရွှေရောင်ခေတ်ဖြစ်၍ ခမ်းနားထည်ဝါသော မြို့ကြီးများ၊ ဉာဏ်ပညာရှိ ဘုရင်များနှင့် ဘာသာရေး ထွန်းကားသော ကာလဖြစ်သည်။ သို့သော် မြောက်ဘက်မှ ဗမာ တောင်ငနိုင်ငံတော် ပေါ်ထွန်းလာခဲ့သည်။ အရှေ့ဘက်တွင် တိုင်/သျှမ်းနိုင်ငံတော်များဖြစ်သည့် အယုဒ္ဓယနှင့် လန်နတို့သည် ၎င်းတို့၏ သြဇာအာဏာကို ချဲ့ထွင်ခဲ့ကြသည်။ ၁၂၀၀ ပြည့်လွန်နှစ်များ နှောင်းပိုင်းတွင် ပုဂံကျဆုံးပြီးနောက် ဝါရီရူးဘုရင်သည် အောက်မြန်မာနိုင်ငံတွင် မွန်တို့၏ ဘုရင်ဟု မိမိကိုယ်ကို ကြေညာခဲ့သည်။ ယင်းမင်း၏အုပ်ချုပ်မှုသည် တိုတောင်းပြီး အကြမ်းဖက်မှုများ ပြည်နေခဲ့သော်လည်း ယဉ်ကျေးမှုနိုးကြားရေးအတွက် အခြေခံအုတ်မြစ်ကို ချမှတ်ခဲ့သူဟု သတိရကြ၏။ ဝါရီရူး၏ နောက်မင်းဆက်များက ဗမာ၊ သျှမ်း (အယုဒ္ဓယ) နှင့် ပတ်ဝန်းကျင်မှ ခြိမ်းခြောက်မှုများကို ရင်ဆိုင်ခဲ့ရသည်။ ၁၃၆၉ ခုနှစ်တွင် ဗညားဦးဘုရင်လက်အောက်၌ မြို့တော်ကို မုတ္တမ မှ ပဲခူးသို့ ပြောင်းရွှေ့ခဲ့ရာ ဆန်စိုက်လွင်ပြင်များနှင့် ပိုမိုနီးစပ်လာပြီး ကုန်းတွင်းနှင့် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးနှင့် ပိုမိုချိတ်ဆက်ထားနိုင်သည်။ စစ်ရေးနှင့် စီးပွားရေး ဖိအားများကို တုန့်ပြန်ခဲ့ခြင်းလည်း ဖြစ်ပေသည်။ မွန်တို့အတွက် အထူးလေးစားထင်ရှားသည့် ရာဇာဓိရာဇ်ဘုရင် (၁၃၉၃-၁၄၂၁) လက်အောက်တွင် ဟံသာဝတီ (Hongsawaddy) သည် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့သည်ဟု ပြောတတ်ကြသည်။ စစ်ရေးနှင့် အုပ်ချုပ်ရေး ထူးချွန်မှုကြောင့် ထင်ရှားသော ရာဇာဓိရာဇ်သည် ရခိုင်နှင့် မဟာမိတ်ဖွဲ့ခဲ့ပြီး လန်နနှင့် အယုဒ္ဓယတို့၏ ကျူးကျော်မှုများမှ မွန်နယ်မြေကို ကာကွယ်ခဲ့သည်။ ယင်းခေတ်ပဲခူးမှာ စစ်ရေးမဟာဗျူဟာ၊ ယဉ်ကျေးမှုဆိုင်ရာ ထောက်ပံ့မှုနှင့် ခရီးဝေးသွားကုန်သွယ်ရေးတို့၏ ဗဟိုဌာနဖြစ်သည်။ မလက္ကာ၊ အိန္ဒိယနှင့် မလေးကျွန်းစုမှ ကုန်သည်များသည် မွန်ဆိပ်ကမ်းများသို့ ကုန်ပစ္စည်းများ၊ အတွေးအခေါ်များနှင့် အမြင်သစ်များကို သယ်ဆောင်ခဲ့ ကြသည်။ ပုဂံမှ တိုက်ခိုက်ခဲ့၍ သထုံမင်းဆက်ပြတ်သွားပြီးနောက် ပေါ်လာသောမင်းဆက်မှာ ဝါရီရူးမင်းဆက် ဖြစ်သည်။ ပုဂံအင်အားနည်းချိန်တွင် မုတ္တမကိုအခြေပြု၍ မြန်မာနိုင်ငံဖြစ်လာမည့်ဒေသ အောက်ပိုင်းတွင် အခြေစိုက်ရာမှ ပုန်ကန်မှုများကြောင့် ဒုန်ဝန်း၊ ထိုမှ ပဲခူးသို့ ပြောင်းရွှေ့ခဲ့သည်။ ဗညားနွဲ့ (ခေါ်) ရာဇာဓိရာဇ် နန်းတက်သည့် ၁၃၈၄ ခုနှစ် ဝန်းကျင်မှာ မဂဒူးမင်းဆက်၏ အထွန်းတောက်ဆုံး အချိန်ဖြစ်သကဲ့သို့ မွန်တို့အင်အား ကြီးမားခဲ့သော အချိန်ဖြစ်ပြီး အင်းဝနှင့် ဟံသာဝတီ နှစ်လေးဆယ် စစ်ဖြစ်ခဲ့သည်။ နှစ်လေးဆယ်ဟု ဆိုသည်မှာ ရာဇာဓိရာဇ်နှင့် ဘုရင်မင်းခေါင်တို့ကိုသာ ယေဘုယျ ညွှန်းခြင်းဖြစ်သော်လည်း အင်းဝ-ဟံသာဝတီနန်းတို့မှာ ၁၅ ရာစုဦးအထိ စစ်ပဋိပက္ခများ ဖြစ်နေခဲ့သည်။ ရာဇာဓိရာဇ်သည် စစ်တိုက်ရခြင်းကို နှစ်သက်သည့်တိုင် သာမန်စစ်ခေါင်းဆောင်တဦးထက် ပိုသည်။ ဘုရားများ တည်ဆောက်သည်၊ ဘုန်းကြီးကျောင်းများ လှူဒါန်းသည်။ ထုံးတမ်းစဉ်လာများကို ကမကထပြုခဲ့သည်။ ယင်းခေတ်ကာလ ဓမ္မရာဇာ ဘုရင်အလုပ်များကိုလည်း လုပ်ဆောင်မှု ပြုသည်ဟု ဆိုရမည်။ မွန်များက အလွန် လေးစားချစ်ခင်ကြ၏။ ၁၄၅၃ ခုနှစ်တွင် ထီးနန်းကို ရှင်စောပု (ဝိဟာရဒေဝီ) က ဆက်ခံသည်[10]။ ဘုရင်မ တက်လာခြင်းက မွန်တို့အတွက် အံ့သြစရာမကောင်းသော အဖြစ်အပျက်တခု ဖြစ်သည်။ ရှေးကလည်း ဟရိပုဉ္ဇယမွန်နိုင်ငံမှ စာမ္မာဒေဝီ ဘုရင်မသည် ဥပမာကောင်းများ ရှိခဲ့ပြီးဖြစ်သည်။ ပညာတတ်၊ သံတမန်ဆန်ပြီး ဘာသာတရားကို အလေးအနက်ထားသော ရှင်စောပုသည် ရွှေတိဂုံစေတီတော်ကို ပြန်လည်မွမ်းမံခဲ့ပြီး ဘုန်းကြီးကျောင်းများ တည်ဆောက်ခဲ့သည်။ မင်းသမီးဘဝက အင်းဝဘုရင်နှင့် ခဏတာ လက်ထပ်ခဲ့ဖူးသည့်အတွက် သူမအား မွန်နှင့် ဗမာဘုရင့်နိုင်ငံနှစ်ခုစလုံးအပေါ်တွင် သင်္ကေတအားဖြင့် အာဏာကို ရစေသည်။ သူမက ဓမ္မစေတီအမည်ရ ရဟန်းကို လူဝတ်လဲစေကာ ဟံသာဝတီအာဏာလွှဲပေးခဲ့သည်။ ဓမ္မစေတီသည် ရှားရှားပါးပါး ဘုန်းကြီးဝတ်မှ ဘုရင်ဖြစ်လာသူ၊ ဘာသာရေးနှင့် အုပ်ချုပ်ရေးဘဝများတို့ကို ပေါင်းစပ်ထားသူ ဖြစ်သည်။ သူ၏ တရားမျှတမှု၊ ဘာသာတရားကိုင်းရှိုင်းမှုနှင့် အနုပညာနှင့် ဗိသုကာလက်ရာများ ထောက်ပံ့မှုတို့ကြောင့် အမှတ်ရကြသည်။ သူသည် မွန်အနုပညာ၏ ထင်ရှားသော ဖော်ပြချက်တခုဖြစ်သည့် ကြွေထည် မြေထည်ပြားများဖြင့် ရွှေဂူကြီး ဘုရားတည်ခဲ့သည်။ စဉ့်ရုပ်ကြွများကို ယနေ့တိုင် တွေ့ရနိုင်သည်။ မဟာထေရ် ၂၂ ပါး၊ တပည့်ရဟန်း ၂၂ ပါးတို့ကို အစုအဖွဲ့ ၂ ခု ဖွဲ့ကာ သီဟိုဠ်သို့စေလွှတ်ပြီး သီဟိုဠ်မဟာ ထေရ်ရဟန်းတော်တို့ ဥပ္ပဇ္ဈယ်ပြုပြီး ကလျာဏီမြစ်ဖောင်သိမ်ပေါ်တွင် စင်ကြယ်သောရဟန်းတော်များအဖြစ် ပြန်လည်ခံယူစေသည်။ အဆိုပါရဟန်းများ ဟံသာဝတီသို့ ပြန်လည်ရောက်ရှိလာသည့်အခါ ဂိုဏ်းရဟန်း ၈၀၀ ပါး၊ ရဟန်းငယ်အပါး ၁၄၂၆၅၊ သာမဏေအသစ် ၆၀၁ ပါး၊ စုစုပေါင်း ၁၅၆၆၆ ပါးတို့ကို သန့်ရှင်းစင်ကြယ်စေသည်။ အကွဲကွဲအပြားပြားဖြစ်လျက်ရှိသော ရာမညနိကာယ သံဃာ့ဂိုဏ်းကိုလည်း ဟံသာဝတီတွင် တခုတည်း သော သံဃာဂိုဏ်းအဖြစ် ပြန်လည်စုစည်းခဲ့သည်။ ရဟန်းများ၊ ဗိသုကာပညာရှင်များ ရွေးချယ်၍ အိန္ဒိယသို့ စေလွှတ်ကာ မဇ္ဈိမဒေသပုံတော်များအားလုံးကို ရေးကူးယူစေ၍ ဟံသာဝတီတွင် ပြန်တည်ဆောက်သည်ဟု ဆို၏။ ဗုဒ္ဓဘာသာ ပြုပြင်ပြောင်းလဲရေး၏ တစိတ်တပိုင်းဟု အမှတ်ရကြ၏။ ၁၄၇၉ ခုနှစ်မှ ကလျာဏီသိမ် (ဓမ္မစေတီ) ကျောက်စာတွင် ပါဠိနှင့် မွန်ကျောက်စာများသည် ကျင့်ဝတ်ဆိုင်ရာ ဘုရင်စနစ်နှင့် ဘာသာတရားလောကအမြင်ကို ဖော်ကျူး၏။ ၁၄၃၅ ခုနှစ်က ရောက်လာခဲ့သည့် ဗင်းနစ်မြို့သား နီကိုလိုဒီကွန်တီ (Niccolò de’ Conti) သည် အောက်မြန်မာနိုင်ငံသို့ ပထမဆုံး ရောက်ရှိလာသော ဥရောပသားဖြစ်လာခဲ့သည်။ နောင် ပေါ်တူဂီများနောက်မှ လိုက်ပါလာပြီး ၁၅၁၉ ခုနှစ်တွင် မုတ္တမ၌ ကုန်သွယ်ရေး အခြေစိုက်စခန်းတခု တည်ထောင်ခဲ့ပြီး မလက္ကာရှိ မွတ်ဆလင်တပ်ဖွဲ့များအား ဆန့်ကျင်ရန် မွန်ကုန်သည်များနှင့် မဟာမိတ်များ ဖွဲ့စည်းခဲ့သည်။ ဤအစောပိုင်း ဆက်သွယ်မှုများသည် အပေးအယူသာဖြစ်သည်။ သို့သော် နောက်ပိုင်းဆက်ဆံရေးဆက်လာသည်။ မွန်နန်းတွင်းများတွင် နိုင်ငံခြားသား သင်္ဘောသားများ၊ ကြေးစားစစ်သားများနှင့် သာသနာပြုများ ပိုမို၍ မြင်တွေ့လာရသည်။ သင်္ဘောများနှင့် နိုင်ငံခြားကုန်ပစ္စည်းများ မွန်မြို့များသို့ စီးဝင်လာခဲ့သည်။ သို့သော် အန္တရာယ်များလည်း ပါလာခဲ့သည်။ နိုင်ငံရေးဟန်ချက်ညီမှုသည် ရှိရင်းစွဲကပင် ပျက်လွယ်နေခဲ့သည် မဟုတ်လား။ မင်းဆက်၏ အားနည်းမှု၊ ပြိုင်ဘက်နိုင်ငံတော်များနှင့် နိုင်ငံခြားမှ ဝင်ရောက်စွက်ဖက်မှုတို့သည် ဟံသာဝတီ၏ နူးညံ့သိမ်မွေ့သော စနစ်ကို မတည်ငြိမ်စေတော့ပေ။ ၁၅၃၅ ခုတွင် တောင်ငူမင်း တပင်ရွှေထီးသည် အောက်မြန်မာနိုင်ငံကို ချဲ့ထွင်သည်။ ထိုစဉ်က စစ်သူကြီး ဘုရင့်နောင်က ပဲခူးကို ဝိုင်းရံတိုက်ခိုက်ခဲ့ပြီး ၁၅၃၉ ခုနှစ်တွင် သိမ်းပိုက်ခဲ့သည်။[11] မုတ္တမနှင့် ပြည်ကဲ့သို့သော မြို့များသည် အဖျက်အဆီးခံခဲ့ရသည်။ မွန်အီလစ်အလွှာများကို သတ်ဖြတ်ခြင်းများ ရှိ၍ အများအပြား အယုဒ္ဓယသို့ ထွက်ပြေးခဲ့ကြ၏။ တပင်ရွှေထီးသည်လည်း မွန်နန်းတင်ပွဲ ထုံးတမ်းစဉ်လာများနှင့် ဆံပင်ကအစ မွန်ယဉ်ကျေးမှု အမှတ်အသားများကို နှစ်သက်သုံးစွဲခဲ့သေးသည်။ ၁၅၅၀ ခုနှစ်တွင် တပင်ရွှေထီး လုပ်ကြံခံခဲ့ရသည်။ သမိန်ထောက ဦးဆောင်၍ ပုန်ကန်သော်လည်း ဘုရင့်နောင်၏ နှိမ်နင်းခြင်း ခံခဲ့ရသည်။ ဗမာအင်အားသည် ဒေသတလျှောက် တိုးချဲ့လာသည်နှင့်အမျှ အယုဒ္ဓယနှင့် လန်နအထိပင် ရောက်ရှိခဲ့ရာ မွန်တို့၏ လွတ်လပ်ရေးသည် မှေးမှိန်သွားခဲ့တော့သည်။ အယုဒ္ဓယတွင်တော့ မွန်အထက်တန်းလွှာများသည် တော်ဝင်ကောင်စီများတွင် အမှုထမ်းခဲ့ကြပြီး အယုဒ္ဓယအထက်တန်းလွှာများနှင့် လက်ထပ်ထိမ်းမြားခဲ့ကြကာ ယနေ့ထိုင်းဗုဒ္ဓဘာသာနှင့် အနုပညာကို ပုံဖော်ရာတွင် ပံ့ပိုးမှုဖြစ်ခဲ့သည်။ တချိန်က ပဲခူးတွင် ဓားစာခံဖြစ်ခဲ့ပြီး ထိုင်းလွတ်လပ်ရေးကို ပြန်လည်ထူထောင်ခဲ့သည့် နရဲစွမ်းဘုရင် (King Naresuan) ကိုယ်တိုင်သည် မွန်ယဉ်ကျေးမှုကို နှစ်လိုခဲ့သည်ဟု ဆို၏။ ပဲခူးမြို့ကို ၁၅၉၉ ခုနှစ်တွင် ရခိုင်တို့က သိမ်းပိုက်ဖျက်ဆီးခဲ့ပြီး အငတ်ဘေးနှင့် စစ်ပွဲများ ဆက်လက် ဖြစ်ပွားနေခဲ့သည်။ ၁၆၀၀ ပြည့်လွန်နှစ်များတွင် ပေါ်တူဂီလူမျိုး ငဇင်ကာ ခေါ် ဒီဘရီတို (de Brito) သည် မွန်များနှင့် ပူးပေါင်း၍ အခိုင်အမာခံတပ်များကို ထူထောင်ခဲ့ကြသည်။ ယင်းဒေသများကို မြန်မာဘုရင် အနောက်ဖက်လွန်မင်းက ၁၆၁၃ ခုနှစ်တွင် နှိမ်နင်းခဲ့သည်။ မွန်ဒုက္ခသည်များ၏ ထပ်မံ ထွက်ပြေးကြပြန်သည်။ ၁၇ ရာစု အလယ်ပိုင်းတွင် ကျန်ခဲ့သည့် မွန်လူမျိုးများသည် မြန်မာနိုင်ငံအတွင်း၌ လက်အောက်ခံလူမျိုးများ ဖြစ်ခဲ့ကြလေပြီ။ ပဲခူးသည် ကျဆင်းလာခဲ့ပြီး မွန်မြို့များသည် ပျက်စီးယိုယွင်းခဲ့ကာ ပုန်ကန်ရန် ကြိုးပမ်းမှုများ မအောင်မြင်နိုင်ခဲ့ပေ။ ဟံသာဝတီသည် မွန်မင်း၊ ဗမာမင်းတို့အောက် တလှည့်စီရောက်ခဲ့သည့် မွန်လူမျိုးဒေသများ ဖြစ်သည်။ မွန်တို့မင်းဖြစ်လာသောအခါ ပြင်သစ်တို့နှင့် အဆက်အသွယ်ကောင်းလာသည်။ အင်းဝမင်းဆက်ကို တော်လှန်၍ ပြန်တိုက်ရာတွင်လည်း ပြင်သစ်တို့ကူညီခဲ့သည်ဟု သိရသည်။ အင်းဝပျက်သည့်အခါ မွန်တပ်တို့က ထိုင်းရန်ကို ပိုကြောက်ရသည်ဟုဆိုကာ စစ်အင်အားလျော့ပြီး ဟံသာဝတီပြန်သွားသည်။ ထိုကာလတွင် မုဆိုးဘိုရွာသူကြီး ဦးအောင်ဇေယျသည် မွန်များကို ခုခံပြီး ပတ်ဝန်းကျင်ရွာများကို သိမ်းသွင်းရာမှ အင်အားကြီး လာခဲ့ကာ အင်းဝနေပြည်တော်ကို ပြန်သိမ်းနိုင်ခဲ့သည်။ မွန်တို့အင်းဝကို နိုင်သောအခါ ဗမာမင်းဆက်နှင့် အမှုထမ်းများစွာကို သတ်ခဲ့ဖူးကြသည့်အတွက် ဗမာတို့ကလည်းအခဲမကျေကြပေ။ အချို့မွန်တို့က လူများဖမ်းပြီး ကျွန်အဖြစ်ရောင်းစားခဲ့သည်လည်းရှိရာ ပြဿနာမျိုးစုံလည်း ဖြစ်နေသည်။ ဒေသခံများ ဦးအောင်ဇေယျထံ ခိုဝင်သစ္စာခံကြသည်။ အထူးသဖြင့်မွန်တို့ကို တွန်းလှန်သောမြို့တွင် ပြည်မြို့ကထင်ရှားသည်။ ထို့နောက်ကာလများတွင် အလောင်းဘုရားနှင့် ဗြိတိသျှတို့ဆုံကာ ချစ်ကြည်ရေးပြုခဲ့ဖူးသော်လည်း လက်နက်အကူအညီ မရခဲ့ချေ။ အင်္ဂလိပ်နှင့် ပြင်သစ်တို့ စစ်ရေးတင်းမာသောကာလလည်း ဖြစ်သည့်အတွက် ဖြစ်သည်။ မွန်တို့ကိုမူ အင်းဝကို ပုန်ကန်စဉ်ကပင် ပြင်သစ်တို့ကူညီခဲ့သည်။ ထိုစဉ်က ပြင်သစ်နှင့် မွန်တို့က သံလျင်တွင် အထိုင်ချထားသော်လည်း ဒဂုံတွင် မွန်တပ်တို့၏ အခုအခံမရှိပေ။ ဦးအောင်ဇေယျက ဒဂုံကို ရန်ကုန်ဟုအမည်ပြောင်း၍ စစ်ဌာနထိုင်ကာ ပြန်သွားသည်။ ထိုကာလပိုင်းတွင် သျှမ်းပြည်ကို အာရုံစိုက်နေရာမှ ရန်ကုန်တွင် မွန်တပ်များ တိုက်နေသည့်အတွက် ပြန်ဆင်းလာခဲ့သည်။ ယင်းကာလတွင် ပြင်သစ်နှင့် ဗြိတိသျှတို့ ၇ နှစ်စစ်ပွဲကြီးအစဖြစ်၍ တင်းမာနေသော်လည်း ဝမ်းကိုက်ရောဂါကြောင့် သန်လျင်သို့ ရောက်နေသည့် အင်္ဂလိပ် ကပ္ပတိန်ကို မွန်က အတင်းလက်နက်တောင်းပြီး တိုက်လေသည်။[12] ထို့ကြောင့် အစောပိုင်းတိုက်ပွဲများ ပြီးသွားသောအခါ ဦးအောင်ဇေယျထံ အင်္ဂလိပ်တို့ သံတမန် လွှတ်ရပြန်လေသည်။ ဦးအောင်ဇေယျမှ သံလျင်ကို ခြောက်လတိုင်တိုင် တိုက်ပြီး သံလျင်၌ အစာရေစာ ပြတ်လပ်လာသည့်အခါ ဦးအောင်ဇေယျမှ အသေခံတပ်သား ၉၃ ဦးရွေးပြီး တိုက်သည့်အတွက် သံလျင်ကျလေသည်။[13] မွန်တို့ကူခဲ့သော ပြင်သစ်ခေါင်းဆောင်တို့ ခေါင်းဖြတ်အသတ်ခံရသလို ပြင်သစ် စစ်သားများမှာ ဘုရင့်တပ်အတွင်း သိမ်းသွင်းခံရလေသည်။ ဗမာနှင့် သျှမ်းတို့ကိုမူ မသတ်ပဲ လွှတ်လေသည်။ ထိုစဉ်ကာလက ပြင်သစ်တို့မှာ မကျေနပ်သော်လည်း ဗမာပြည်တွင်း အရေးထက် အင်္ဂလိပ်-ပြင်သစ်စစ်ပွဲက အရေးကြီးနေပြီး နောက်တွင်လည်း ပြင်သစ်နိုင်ငံက ရှုံးသွားသည့်အတွက် ဘာမှမတုန့်ပြန်နိုင်ပေ။ ထို့နောက်ဦးအောင်ဇေယျက အဆိပ်ခတ်ခြင်း၊ မွန်ခေါင်းပြတ်များ လှေတွင်ထည့်မျှောခြင်း စသည့် နည်းစုံသုံးကာ လုပ်ကြံသည်ဟု မှတ်တမ်းတွင် တွေ့ရသလို ပြင်သစ်နှင့် အခြားနိုင်ငံများမှ ရလာသော အမြှောက်လက်နက်များဖြင့် လုပ်ကြံရာ မွန်ဘုရင်က မာန်လျှော့ရပြီး တဦးတည်းသော သမီးကို ဆက်သ၍ ဦးအောင်ဇေယျထံ အညံ့ခံရသည်။ ဗမာတပ်က အညံ့ခံမှုကို လက်ခံသည့်သဖွယ် ဟံသာဝတီမြို့အတွင်း တပ်များခေါ်လာခဲ့သည်။ မွန်တို့မှာလည်း မြို့တံခါးတို့ကို အလျင်အမြန် ပိတ်ခဲ့သော်လည်း မမှီတော့ပဲ အစာငတ်သည်အထိ ဝိုင်းပတ်ပိတ်ဆို့ခြင်းကို ခံရသည်။ မွန်တို့ကို အဆုံးထိချိုးရန် ဆုံးဖြတ်ပြီးသည့်ဗမာတို့က ဟံသာဝတီနန်းနှင့် လူနေမှုတခုလုံးကို ဖြိုချကာ များစွာ သတ်ဖြတ်၍ မီးရှို့လိုက်လေတော့သည်။ မွန်ဘုရင်နှင့် သမီးကိုတော့ နေပြည်တော်ခေါ်သွားခဲ့ပြီး နောင်တွင် မွန်ဘုရင်အား ဆင်ဖြူရှင်မင်းက သတ်ခဲ့လေသည်။ မွန်များစွာသည် အလောင်းဘုရား၏ မွန်သတ်ပွဲကြီးကြောင့် နယ်ခြားဘက်သို့ ထွက်ခွာသွားကြသလို မိမိတို့ကိုယ်ကိုမွန်ဟု မပြောကြတော့ဟူ၍ မွန်စာပေများတွင် တွေ့ရသည်။ အသံနားထောင်၍လည်းကောင်း၊ ဆံပင်ပုံစံကို ကြည့်၍လည်းကောင်း မွန်ဟုသိရသူ မွန်ပြည်သူများကိုပါ သတ်ခဲ့ရာ၊ မွန်လူမျိုးဟု မပြောရဲ၊ မွန်စကား မပြောရဲသည်အထိ ဖြစ်ခဲ့ကြသည်။ မွန်တို့၏ ပဲခူးနန်းတော်တိုင်များကို ၁၇၅၇ တွင် Captain Bailey မှ ဘင်္ဂလားသို့ သယ်သွားခဲ့သည်။ မြန်မာ့စွယ်စုံကျမ်းတွင် ဗြိတိသျှတို့ သန်းခေါင်စာရင်းကောက်သည့်အခါ မွန်စကား မပြောသူများအနေဖြင့် ဗမာဟုဖြည့်ခဲ့ကြသည်ဟု ဆိုသည်။ ထိုစစ်ပွဲ၏နောက် မွန်တို့၏ တော်လှန်ရေးလှုပ်ရှားမှုများ ပါးလျသွားသည်။ မွန်တို့သည် ဒေသစွဲပြီး ဒဂုံမြို့ကို အရေးပါလှသည်ဟု မမြင်ခဲ့။ စစ်ပွဲအစကလည်း ပုန်ကန်သည့်ရန်သူကို လျှော့တွက်ကာ လှည့်ပြန်ပြီး စစ်အင်အား သုံးတပုံတပုံသာ ထားခဲ့သလို မိမိတို့စစ်သူကြီး ဒလပန်းကို မယုံမကြည်ဖြစ်၍ နေရာမှ ထုတ်လိုက်ခြင်းကလည်း အားလျော့စေသည်။[14] ပြင်သစ်တို့က အမြှောက်နှင့်ပစ်ပေးကာ ဒဂုံကို တက်သိမ်းရန် ပြောရာတွင် မဟာမိတ်ကိုမယုံပဲ သေနတ်ကိုင်ဗမာတပ်ကို ကြောက်နေသောကြောင့် ရဲရဲဝံ့ဝံ့ စွန့်စားကာ တက်မသိမ်းခဲ့ခြင်းကလည်း ရေရှည်တွင် အဆိုးသာ ဖြစ်စေခဲ့သည်။ တရုတ်ပညာရှင်တဦးကမူ ဗမာတို့က ကချင်၊ ချင်း၊ သျှမ်း၊ သွေးနှောလူမျိုး အားလုံးကို လက်ခံပူးပေါင်းသော်လည်း၊ မွန်တို့က အခြားလူမျိုးတို့နှင့် မပူးပေါင်းနိုင်၍ ဒီလိုဖြစ်ရသည်ဟု ပြောဖူးသည်။ ခေါင်းဆောင်မှု အားနည်းလှသည်မှာ အမှန်ပင်ဖြစ်သည်။ နောက်ပိုင်း အမတ်ဗညားစိန် ပုန်ကန်ရာတွင်လည်း မအောင်မြင်ပဲ ထိုင်းနယ်ဘက်တွင် ခိုလှုံခဲ့ရသည်။ အယုဒ္ဓယဘက်သို့ရောက်သည့် မွန်လူမျိုးများမှာတော့ ဘာသာစကား၊ ဘာသာရေးနှင့် အနုပညာကို ထိန်းသိမ်းထားခဲ့ကြသည်။ မွန်တပ်ရင်းများသည် ထိုင်းဘုရင်များထံမှ တိုက်ပွဲဝင်ခဲ့ကြသည်။ မွန်ဘုန်းကြီးများသည် ၁၉ ရာစုတွင် မောင်ကွတ်ဘုရင် (King Mongkut) လက်အောက်၌ ဗုဒ္ဓဘာသာ ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်ခဲ့ကြသည်။ မွန်အိုးလုပ်ငန်းရှင်များ၊ ဆောက်လုပ်ရေးသမားများနှင့် ကျောက်စာရေးဆရာများသည် ၎င်းတို့၏ အမွေအနှစ်ကို ပြည်ပတွင် ဆက်လက် ထိန်းသိမ်းထားခဲ့ကြသည်။ ယနေ့ ဘန်ကောက်အနီးရှိ ကို့ခရက် (Koh Kret) ကဲ့သို့သော ကျွန်းငယ်လေးမှာ ယခုအခါ မွန်ယဉ်ကျေးမှုနိုးကြားရေး ဗဟိုဌာနတခု ဖြစ်သည်။ မွန်ယဉ်ကျေးမှု၏ အမွေအနှစ်သည် တော်ဝင်နန်းတွင်းမင်းဆက်များ သို့မဟုတ် ဒေသဆိုင်ရာ အုပ်စိုးမှုနှင့် ချိတ်ဆက်ထားခြင်း မရှိတော့သော်လည်း သံတမန်ရေးရာ၊ ဘာသာရေး၊ အနုပညာ နိုးကြားရေးနှင့် ဘေးဒုက္ခတို့ကို ခံနိုင်ရည်ရှိမှုတို့မှအခြေတည်ကာ ဆက်လက်၍ စီးဆင်းခဲ့ပေသည်။ ၁၈၃၀ ပြည့်လွန်နှစ်များတွင် ရချာဘူရီ (Ratchaburi) ကဲ့သို့သော ထိုင်းပြည်နယ်များရှိ မွန်လူဦးရေသည် လူဦးရေအရသာမက ယဉ်ကျေးမှုအရပါ စည်းလုံးညီညွတ်မှု ရှိခဲ့သည်။ ထွက်ပြေးလာသော ဒုက္ခသည်များသည် ပေရွက်ကျမ်းများနှင့် ဗုဒ္ဓဘာသာ အထိမ်းအမှတ်များကိုသာမက ဟံသာဝတီ၏ မှတ်ဉာဏ်များကိုပါ ယူဆောင်လာခဲ့ ကြသည်။ ထိုင်းနိုင်ငံရှိ မွန်ဘုန်းကြီးကျောင်းများသည် သမိုင်းဝင် အသိစိတ်နှင့် မှတ်ဉာဏ်ကို ထိန်းသိမ်းထားရာ နေရာများ ဖြစ်လာသည်။ ဘိုးဘွားစဉ်ဆက်နေရာမြေမှ ဓလေ့ထုံးတမ်းများနှင့် အစဉ်အလာများကို ထိန်းသိမ်းနိုင် ခဲ့ကြသည်။ မွန်တို့သည် ချကရီနန်းတွင်း (Chakri court) ပထဝီနိုင်ငံရေးတွင် မဟာဗျူဟာမြောက် မဟာမိတ်များ၊ အသက်ဝင်လှုပ်ရှားသည့် ကိုယ်စားလှယ်များ ဖြစ်လာခဲ့ကြသည်။ မွန်အမျိုးသားများသည် စစ်ရေးသိက္ခာကို ထိန်းသိမ်းထားပြီး မွန်အီလစ်များသည် သြဇာကြီးမားသော ရာထူးများသို့ တက်လှမ်းခဲ့ကြသည်[15]။ အချို့က တော်ဝင်မိသားစုများနှင့် လက်ထပ်ခဲ့ကြပြီး မျိုးဆက်များသည် အုပ်ချုပ်နေသော မင်းဆက်နှင့် ရောယှက်ခဲ့သည်။ ချကရီနန်းတွင်းမင်းဆက်များတွင် မွန်မိဘုရားပေါင်း ၅၀ ကျော်ရှိသည်ဟု ဆိုသည်။[16] ၁၉ ရာစုအတွင်း ဘာသာရေးသည် မွန်တို့၏ သြဇာအတွက် အစွမ်းထက်ဆုံး အသွင်ဆောင်ခဲ့သည်။ မွန်ဘုန်းကြီးများသည် ထိုင်း၊ မြန်မာနှင့် သီရိလင်္ကာတို့တလျှောက် ဗုဒ္ဓဘာသာ ပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုများ ပြုလုပ်ခဲ့ရာတွင် ပါဝင်ခဲ့ကြသည်။ မောင်ကွတ်မင်းက ကမကထပြုခဲ့သော ဓမ္မယုတ္တိနိကာယ (Thammayut Nikaya) ဂိုဏ်း သည် မွန်ရိုးရာဓလေ့များနှင့် စည်းကမ်းများတွင် အမြစ်တွယ်ခဲ့ပေသည်။ မွန်ဘုန်းကြီးကျောင်း၏ စည်းကမ်းနှင့် စာပေဆိုင်ရာ ခိုင်မာမှုသည် ခေတ်မီအသွင်ပြောင်းမှုကြားတွင် ဝိညာဉ်ရေးရာ ပြန်လည်နိုးကြားမှုကို ရှာဖွေနေသော ပြုပြင်ပြောင်းလဲရေးသမား တော်ဝင်မင်းများ၏ စိတ်ကို ဆွဲဆောင်ခဲ့ခြင်းလည်းဖြစ်သည်။ သီရိလင်္ကာရှိ မွန်ဒေသ ရာမညဒေသကို အစွဲပြု၍ အမည်ပေးထားသော ရာမညနိကာယ (Ramanna Nikaya) သည် ၁၈၆၃ တွင် ပေါ်လာခဲ့သည်။ နိုင်ငံရေး အချုပ်အခြာအာဏာ ပျောက်ကွယ်သွားသော်လည်း မွန်လူမျိုးများသည် ထေရဝါဒတရားကိုယ် (Theravada orthodoxy) စောင့်ရှောက်သူများအနေဖြင့် ရှိနေဆဲဖြစ်သည်ကို မြင်ရ၏။ သို့သော် ဘာသာရေးမှာ ယနေ့ခေတ်သစ်နိုင်ငံရေးကို အန်တုနိုင်မည့် တခုတည်းသော ထင်ဟပ်မှု မဖြစ်နိုင်ပေ။ ဗြိတိသျှတို့ မြန်မာနိုင်ငံကိုသိမ်းပိုက်ပြီးနောက် ကိုလိုနီစနစ်သည် ဗမာတို့၏ နိုင်ငံရေး အသာစီးရမှုကို ဖြိုခွဲခဲ့သော်လည်း မွန်တို့၏ ရည်မှန်းချက်များကို ပြန်လည်ရရှိရန် မည်သည့် ပြန်လည်ပေးအပ်မှုမျှ မပြုလုပ်ခဲ့ပေ။ ဗြိတိသျှတို့၏ ဦးစားပေး လုပ်ငန်းများသည် ဝင်ငွေရှာဖွေခြင်းနှင့် ပထဝီနိုင်ငံရေး ထိန်းချုပ်မှုတို့သာ ဖြစ်သည်။ အချို့ မွန်လူမျိုးများမှာ မိမိတို့အနေဖြင့် မွန်စကားလည်း မပြောတော့သဖြင့် လေးလေးနက်နက်လည်း မရှိတော့ဘဲ သန်းခေါင်စာရင်းတွင်ပင် ဗမာဟုသာ ရေးခဲ့၏။ အချို့မွန်လူမျိုးများသည် ဗမာတို့၏ ဖိနှိပ်မှုမှ သက်သာရာရခြင်းကို ကြိုဆိုခဲ့ကြသော်လည်း အုပ်ချုပ်ရေးတွင် အပယ်ခံမျှသာဖြစ်၏။ မွန်ဘာသာစကားများနှင့် ဓလေ့ထုံးတမ်းများကို အင်္ဂလိပ်ဗဟိုပြု အုပ်ချုပ်မှုတွင် ဖယ်ထုတ်ခံခဲ့ရသည်။ ကိုလိုနီခေတ် စီးပွားရေး ပြန်လည်ဖွဲ့စည်းမှုအောက်တွင် ဗမာလူမျိုးများသည် အောက်မြန်မာနိုင်ငံသို့ ရွှေ့ပြောင်းလာသည်နှင့်အမျှ မွန်လူ့အဖွဲ့အစည်းများသည် ပိုမို၍ ဘေးရောက်လာခဲ့သည်။ မွန်အီလစ်များမှာ ဗြိတိသျှနှင့် အတိုင်းအတာတခုထိ ပေါင်းခဲ့သည့်တိုင် မွန်လူထုအတွက် အကျိုးမရှိပေ။ တချိန်က တောက်ပသော ဟံသာဝတီသည် ပျက်စီးယိုယွင်းနေသော မြို့ဟောင်းတခုသာ ဖြစ်ခဲ့သည်။ ထိုင်းနိုင်ငံတွင် စစ်ရေးနှင့် အုပ်ချုပ်ရေး အခန်းကဏ္ဍများကို ကာလကြာရှည်စွာ ထမ်းဆောင်ခဲ့ကြသည့် မွန်တို့မှာ ၂၀ ရာစု ရောက်လာချိန် အနုပညာရှင်များ၊ ကုန်သည်များနှင့် လက်မှုပညာသမားများဖြစ်လာသည်။ ကို့ခရက်မှ အနီရောင်အုတ်များနှင့် နောက်ပိုင်းတွင် ကြွေရည်သုတ်မထားသော မြေထည်များ[17]မှာ မွန်ယဉ်ကျေးမှု အမှတ်အသား ဖြစ်လာခဲ့သည်။ ထိုင်းရှိ မွန်လူမျိုးများသည် မွန်နိုင်ငံကို တည်ဆောက်မည့်သူများ မဟုတ်တော့ပေ။ ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ (၁၈၂၄-၂၆) သည် မြန်မာနိုင်ငံတွင် ဗြိတိသျှနယ်ချဲ့စနစ် စတင်အခြေချခြင်း ဖြစ်သည့်တိုင် မွန်လူမျိုးများအတွက်မူ ကံကြမ္မာ၏ ပြောင်းပြန်လှန်မှုဖြစ်သည်။ ကုန်းဘောင်မင်းဆက် နယ်ချဲ့မှု၏ ကိုလိုနီလက်အောက်ခံဖြစ်ခဲ့သော အောက်မြန်မာနိုင်ငံရှိ မွန်လူ့အဖွဲ့အစည်းများသည် ဗြိတိသျှတို့ကို ပူးပေါင်းရမည့် သူများအဖြစ် မြင်ခဲ့သူများလည်းရှိသည်။ ဥပမာ မွန်မျိုးရိုး ဆာဂျေ အေမောင်ကြီးသည် ဗမာပြည်သား ဘုရင်ခံ ဖြစ်လာသည်။ တဦးတည်းသော ဗမာပြည်သား ဘုရင်ခံလည်း ဖြစ်သည်။ တဘက်က ဘီအေ မြန်မာ့ပထမဆုံး အမျိုးသားကျောင်း (မော်လမြိုင်) ၏ ကျောင်းအုပ်တဦးဖြစ်သူ ဘီအေ ဦးဘသန်းသည် ကျောင်းသုံးမြန်မာ့သမိုင်း စာအုပ်ဖြင့် မြန်မာနိုင်ငံခေတ်သုံးခေတ်ဟူသည့် အမျိုးသားရေးစိတ်ကို မီးပြန်ညှိခဲ့သည်။ နိုင်နော ကဲ့သို့ ပထမဆုံး ခရစ်ယာန်ဘာသာဝင်ခဲ့သူများ ရှိသကဲ့သို့ နိုင်နာအောက် (နာဲအံက်) ကဲ့သို့ စီးပွားရေးအရ အရှုံးခံ၍ ဗြိတိသျှကို အပြိုင်ချဲသူ ရှိသည်။ အစောပိုင်း ကိုလိုနီအုပ်ချုပ်မှုကာလတွင် မွန်တို့၏ ပူးပေါင်းဆောင်ရွက်မှု ဆက်လက်ရှိနေခဲ့သည်။ တလိုင်းတပ်ဖွဲ့ (Talaing Corps)[18] ဖွဲ့စည်းခြင်းနှင့် ဗမာနိုင်ငံတော်ကို ဆန့်ကျင်သော မွန်ဦးဆောင် ပုန်ကန်မှုများသည် ခေတ်ပေါ် မွန်အမျိုးသားရေးဝါဒ မဟုတ်သော်လည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် မကျေနပ်စိတ်ကို မြင်ရသည်။ သို့သော် ဗြိတိသျှအုပ်ချုပ်ရေးခိုင်မာလာပြီး အုပ်ချုပ်ရေး စွမ်းဆောင်ရည်နှင့် စီးပွားရေး အမြတ်ထုတ်မှုတို့ လုပ်နိုင်လာပြီးနောက် မွန်လူ့အဖွဲ့အစည်းများသည် ဒေသအလိုက် အကျိုးကျေးဇူးများအချို့ကို ရရှိခဲ့သော်လည်း ကိုလိုနီနိုင်ငံတော်သည် အုပ်ချုပ်ရေးဆိုင်ရာ စည်းလုံးညီညွတ်မှုအတွက် ဗမာဇာတ်သွင်းခြင်းကို နောက်ဆုံးတွင် ဦးစားပေးခဲ့ပြီး အထက်မြန်မာနိုင်ငံမှ ခုခံမှုကို နှိမ်နင်းပြီးနောက် မွန်တို့၏ သစ္စာရှိမှုကို မရှိမဖြစ်ဟု မယူဆတော့ပေ။ နယ်ချဲ့ကတိများသည် မတည်မြဲပါချေ။ ဒုတိယကမ္ဘာစစ်အပြီးတွင် မွန်နိုင်ငံရေးစနစ်ကို ပြန်လည်ထူထောင်ရန်၊ မွန်တော်ဝင်မျိုးနွယ်ဆက်ခံသူများကို ရှာဖွေခြင်းနှင့် ထိုင်းမွန်များနှင့် ဆွေးနွေးညှိနှိုင်းခြင်း အပါအဝင် ကြိုးပမ်းမှုများသည် နောက်ဆုံး နိုင်ငံရေးဆန္ဒနှင့် စစ်ရေးလိုအပ်ချက်များ ပျောက်ကွယ်သွားသည် နှင့်အမျှ လိုက်ပျောက်သွားလေ၏။ ကိုလိုနီခေတ်တွင်မူ စစ်ရှုံးမွန်ဒေသတို့မှာ ကုန်းဘောင်မင်းဆက်၏ လက်အောက်တွင် ရှိနေသည့်အတွက် ရခိုင်ပြည်ကဲ့သို့ပင် ဗမာပြည်မဟူသော ဗြိတိသျှ၏ နယ်မြေသတ်မှတ်မှု အယူအဆတွင် ပါဝင်သွားသည်။ ပထမကျူးကျော်စစ်ပြီးသည့်အခါ ဗမာရှုံးသည်ကိုမြင်သဖြင့် တွံတေးစား နိုင်စပ် (ဦးစပ်) သည် ဗမာဘုရင်ကို ပုန်ကန်ခဲ့ပြီးနောက် ၃ နှစ်အကြာ ညှိနှိုင်းပြီး သထုံတွင်ပြောင်းနေသည်ဟု ဆိုသည်။ G. E. Harvey ကတော့ မွန်တွေလူနည်းသွားလို့ ငြိမ်ရပြီဟု ရေးထားသည်။ စင်စစ် ဗြိတိသျှအောက်တွင် မွန်၊ ကရင်တို့မှာ ပိုမိုချမ်းသာလာရသည်။ ဗြိတိသျှ၏ အစိုးရယန္တရားတွင် ဝင်လုပ်ကိုင်ကြသူများလည်း ရှိသည်။ ၁၉၃၉ ခုနှစ် ဩဂုတ် ၆ ရက်တွင် မွန်အမျိုးသားတို့ ရွှေတိဂုံတောင်ဘက်မုခ် မော်လမြိုင်ဇရပ်တွင် စုဝေးပြီး ရာမညတိုင်းလုံးဆိုင်ရာ မွန်အသင်း (All Ramanya Mon Assoiciation) ကို ဖွဲ့စည်းခဲ့သည်။ အဖွဲ့တွင် ဥက္ကဋ္ဌ ဦးကျန်(ပဲခူး)၊ ဒု-ဥက္ကဋ္ဌ ဦးဘသော်(ပဲခူး)၊ အက်စ်ဘသိန်း(ရေး)၊ အကျိုးဆောင် အတွင်းရေးမှူးအဖြစ် ဦးဒွေး (ပဲခူး)တို့ ဦးဆောင်သော အမှုဆောင်အဖွဲ့များပါ၀င်ပြီး မွန်ရဟန်းတော်များသည် နာယကအဖြစ် ပါ၀င်ခဲ့ကြသည်။ ဓာတုဗေဒမင်းကြီး နိုင်ချစ်သောင်းတို့လည်း ပါသည်။ အဖွဲ့သည် မွန်လူမျိုး၊ မွန်စကား၊ မွန်စာပေ၊ မွန်ယဉ်ကျေးမှု၊ မွန်ဘာသာသာသနာတို့ကို မတိမ်ကော မပပျောက်စေဘဲ တိုးတက်ကြီးပွားရေးအတွက် ဆောင်ရွက်မည်ဟု ဆိုသည်။ သို့ရာတွင်မူ အဖွဲ့၏ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေပုဒ်မ (၁၇)တွင် “ဤရာမည အသင်းအမည်ဖြင့် မည်သူမျှ နိုင်ငံရေး မလုပ်ရ” ဟု ပြဋ္ဌာန်းထားသည်။ ဤသည်က ဗြိတိသျှအုပ်ချုပ်ရေးကို ရောင်ပြန်ဟပ်ခြင်းလည်း ဖြစ်သည်။ ARMA သည် မွန်ထင်ရှားကျော်ကြားသူများအတွက် ပုခက်တခု ဖြစ်ခဲ့သည်။ ဦးလွန်းဖေ (U Lun Pe)၊ နိုင်ဖိုးချို၊ မွန်သန်း၊ မွန်ထွန်းရင် နှင့် နိုင်ပန်းလှ ကဲ့သို့သော ပုဂ္ဂိုလ်များ၏ နေရာဖြစ်ခဲ့သည် ။ ၎င်းတို့ထဲတွင် မွန်ပြည်သူ့တပ်ဦး (Mon People’s Front) နှင့် မွန်အမျိုးသား ဒီမိုကရက်တစ်တပ်ဦး (Mon National Democratic Front) တို့၏ အနာဂတ်ခေါင်းဆောင်များဖြစ်ကြသော နိုင်ငွေသိန်းနှင့် နိုင်ထွန်းသိန်းတို့နှင့်အတူ နောက်ပိုင်းတွင် နိုင်ရွှေကျင်ဟု လူသိများလာမည့် နိုင်ဘလွင်လည်း ပါဝင်ခဲ့သည်။ ၁၉၄၀ တွင် ရာမညတိုင်းလုံးဆိုင်ရာ မွန်လူငယ်အသင်းကို ဖွဲ့စည်းသည်။ အနယ်နယ်တွင်လည်း မွန်လူငယ်အဖွဲ့များ ပေါ်ပေါက်လာခဲ့သည်။ ၁၉၄၆ မှ ၁၉၅၈ ခုနှစ်အတွင်း ARMA သည် မွန်ဘာသာစကားနှင့် ယဉ်ကျေးမှုကို ထိန်းသိမ်းရန်အတွက် စာအုပ်များနှင့် “The Mon Bulletin” အမည်ရှိ ဂျာနယ်တခုကို ထုတ်ဝေခဲ့သည်။ အာရုံစိုက်မှုသည် နိုင်ငံရေး ရည်မှန်းချက်ထက် ယဉ်ကျေးမှုဆိုင်ရာအရေးနှင့်သာ ချိတ်ဆက်နေဆဲဖြစ်ပြီး ကျဉ်းမြောင်းနေဆဲ ဖြစ်သည်။ မွန်လူပေါ်လူဇော် အများအပြားအတွက် နိုင်ငံရေးမလုပ်ရဟု ချုပ်ထားမှုမှာ သတ္တိရှိရှိ အနာဂတ်၏ အိပ်မက်များကို မက်ရာတွင် စိတ်အနှောင့်အယှက် ဖြစ်လာခဲ့သည်။ နိုင်ငံရေးလုပ်လိုသော မွန်ခေါင်းဆောင်အချို့မှာ ရာမညတိုင်းလုံးဆိုင်ရာမွန်အသင်းမှ နှုတ်ထွက်ပြီးနောက် ဖဆပလဝင်ခဲ့ကြရာ ဖဆပလအလံအောက်မှ တိုက်ပွဲဝင်သော မွန် ၃၀၀၀ မျှရှိကြောင်း ဗိုလ်ချုပ်အောင်ဆန်းက ပြောဖူးလေသည်။ ဗြိတိသျှကိုလိုနီနှင့် ဂျပန်ဖက်ဆစ်ခေတ်များတွင် မွန်တို့၏ လှုပ်ရှားမှုများမှာ ဗမာတို့နှင့်ပင် အလွန်နီးစပ်ပေသည်။ အောက်မြန်မာနိုင်ငံကို ဗြိတိသျှအိန္ဒိယနှင့် ပေါင်းစည်းခြင်းက မွန်လူ့အဖွဲ့အစည်းကို အရင်းရှင်စနစ် ဖွံ့ဖြိုးတိုးတက်မှုနှင့် လူဦးရေ စီမံခန့်ခွဲမှုတို့ဖြင့် ပြောင်းလဲစေခဲ့သည်။ အခြေခံအဆောက်အအုံ စီမံကိန်းများ၊ အိန္ဒိယသားများ ရွှေ့ပြောင်းနေထိုင်မှု၊ ဆန်စိုက်ပျိုးမှု တိုးချဲ့ခြင်းတို့ပြုခဲ့ကြရာ ဗမာပြည်သားနှင့် အိန္ဒိယမှ အခြေချနေထိုင်သူများအပေါ် လူမျိုးစုနှင့် စီးပွားရေး ဟန်ချက် ပြောင်းလဲစေခဲ့သည်။ တချိန်က မော်လမြိုင် ကဲ့သို့သော ဒေသများတွင် အများအပြား နေခဲ့သည့် မွန်လူမျိုးများသည် အရေအတွက်အရရော ယဉ်ကျေးမှုအရပါ လျော့နည်းသွားသည်ကို တွေ့ရှိခဲ့ကြသည်။ ယင်းက မြေယာနှင့် ဘာသာစကား ဆုံးရှုံးမှုသက်သက်သာမက ပထဝီဝင်တရားဝင်မှုနှင့် သင်္ကေတဆိုင်ရာ အရေးပါမှုကို ထိခိုက်ရခြင်းလည်း ဖြစ်သည်။ စာတတ်မြောက်မှု စစ်တမ်းများ၊ အရပ်ဘက်ဝန်ထမ်း စာမေးပွဲများနှင့် ဗုဒ္ဓသာသနာပြုလုပ်ငန်းများကဲ့သို့ မွန်ယဉ်ကျေးမှုကို ထိန်းသိမ်းရန် ကိုလိုနီခေတ်ကြိုးပမ်းမှုများသည် ကိုလိုနီအင်ပါယာ၏ ထောက်ပံ့မှုများစွာ မရှိပေ။ မွန်ဘာသာစကား သတင်းစာများနှင့် ကျောင်းများသည် ဘာသာစကားဆက်လက်တည်ရှိမှုကို ထိန်းသိမ်းရန် ကူညီပေးခဲ့သော်လည်း မြန်မာ-အင်္ဂလိပ် ဘာသာစကားများမှ အုပ်ချုပ်ရေးဆိုင်ရာ လွှမ်းမိုးမှုကို မကျော်နိုင်ပေ။ မိမိတို့မြေတွင် နေရင်းပင် မိမိတို့ ဘာသာစကားမှာ လူနည်းစုစကား ဖြစ်သွားသည်။ ၁၉၂၀ ပြည့်လွန်နှစ်များနှင့် ၁၉၃၀ ပြည့်လွန်နှစ်များတွင် ကိုလိုနီဆန့်ကျင်ရေး ဗမာအမျိုးသားရေးဝါဒ ထွန်းကားလာသည်နှင့်အမျှ မွန်နိုင်ငံရေးအနေဖြင့် ပါဝင်ပတ်သက်မှုသည် ဗမာဦးဆောင်သော အမျိုးသားရေး လှုပ်ရှားမှုများနှင့် နှိုင်းယှဉ်ပါက မှေးမှိန်နေဆဲ ဖြစ်သည်။ ဦးချစ်လှိုင်ကဲ့သို့သော မွန်အမျိုးသားများသည် ဂျီစီဘီအေ အသင်းကဲ့သို့သော နေရာများတွင် ခေါင်းဆောင်ဖြစ်လာသော်လည်း မွန်အမျိုးသားရေး တောင်းဆိုမှုများကို ဗမာ့အမျိုးသားလွတ်လပ်ရေး တောင်းဆိုမှုအောက်တွင် ထားခဲ့သည်။ ရာမညတိုင်းလုံးဆိုင်ရာ မွန်အသင်း တည်ထောင်ပြီးမှသာ ဘာသာစကား၊ ဘာသာရေးနှင့် ယဉ်ကျေးမှု ပြန်လည်နိုးကြားမှုကို ဦးတည်သော ပွင့်ပွင့်လင်းလင်း ခေတ်သစ် မွန်အမျိုးသားရေးဝါဒ ပေါ်ပေါက်လာခဲ့သည်။ ၁၉၄၅ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့တွင် ရွှေတောင်မြို့သား ခရစ်ယာန်ဘာသာဝင်၊ ရန်ကုန်တက္ကသိုလ်မှ အင်္ဂလိပ်စာ ကထိက၊ ကျောင်းသားခေါင်းဆောင်ဟောင်း နိုင်ဖိုးချိုသည် နိုင်ငံရေး ရည်မှန်းချက်များကို ပထမဆုံး လက်ခံကျင့်သုံးသော ခေတ်သစ် မွန်အဖွဲ့အစည်းဖြစ်သည့် မွန်တိုင်းရင်းသား အစည်းအရုံး (United Mon Association - UMA) ကို တည်ထောင်ခဲ့သည်။ ဉာဏ်ပညာရှိပြီး ဆွဲဆောင်မှုရှိသော ပုဂ္ဂိုလ်ကျော်တဦး ဖြစ်သည့် နိုင်ဖိုးချိုသည် မွန်လူမျိုးများကြားတွင်သာမက တပည့်ဟောင်းများဖြစ်သည့် အောင်ဆန်းနှင့် ဦးညိုမြကဲ့သို့ ဗမာခေါင်းဆောင်များ ကြားတွင်ပါ လေးစားမှုကို ရှိခဲ့သည်။ ကရင်အမျိုးသမီးတဦးနှင့် လက်ထပ်ခဲ့သူ ဖြစ်၍ မွန်-ကရင် အသိုင်းအဝိုင်းနှင့် အချိတ်အဆက်ရှိသလို မွန်မင်းဆက် မျိုးရိုးဖြစ်ပြီး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ၏ အကြံဉာဏ်များ ရယူခဲ့ခြင်းတို့က သူ့အား လူ့အဖွဲ့အစည်းများကြား “ချိတ်” တခု ဖြစ်စေပြီး ပေါင်းစည်းနိုင်သူအဖြစ် ထင်ရှားခဲ့၏။ UMA သည် မွန်သန်းနှင့် မွန်ထွန်းရင်တို့ကို အဓိကပုဂ္ဂိုလ်များအဖြစ်လည်းကောင်း၊ နိုင်အောင်ထွန်းကို ဒုဥက္ကဋ္ဌအဖြစ်လည်းကောင်း ထားရှိပြီး ၁၉၄၆ ခုနှစ်နှောင်းပိုင်းတွင် သံဖြူဇရပ်အနီးရှိ ပငကျေးရွာတွင် ပထမဆုံး ညီလာခံကို ကျင်းပခဲ့သည်။ ဤတွင် ဟံသာဝတီမွန်နိုင်ငံ၏ ဒဏ္ဍာရီဆန်ဆန် တည်ထောင်ခြင်းကို ဂုဏ်ပြုသော မွန်အမျိုးသားနေ့ (Mon National Day) တည်ထောင်ခြင်း ဖြစ်သည်။[19] UMA သည် ပေါ်ထွက်လာသော မြန်မာပြည် မွန်ဘာသာစကားနှင့် သီးခြားမွန်နိုင်ငံရေးစနစ်ကို တရားဝင် အသိအမှတ်ပြုရန် ကြိုးပမ်းခဲ့ရန် မြေပြင်ခြင်းပင် ဖြစ်သည်။ ကနဦးကာလတွင် မွန်တို့မှာ မြန်မာပြည်လွတ်လပ်ရေးအတွက် ရုန်းကန်မှုနှင့် အနီကပ် ပူးပေါင်းခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဖဆပလအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။ UMA ၏ နိုင်ငံရေးအလုပ်များသည် မွန်အဖွဲ့အစည်းအတွင်း တင်းမာမှုများကို ဖြစ်ပေါ်စေခဲ့သည်။ ၁၉၄၇ ခုနှစ် အစောပိုင်းတွင် ကျင်းပသော ARMA ညီလာခံတွင် ကိုယ်စားလှယ်များသည် နိုင်ငံရေး ပတ်သက်မှုများ၊ ဖဆပလနှင့် နိုင်ဖိုးချို၏ နီးစပ်မှုများကို စိုးရိမ်သဖြင့် UMA ခေါင်းဆောင်မှုကို ထုတ်ပယ်ရန် မဲပေးခဲ့ကြသည်။ ARMA သည် ဦးဘသိန်း ဦးဆောင်မှုအောက်တွင် ပြန်လည်ဖွဲ့စည်းခဲ့ကာ နိုင်လှမောင် နှင့် နိုင်ဘလွင် (နိုင်ရွှေကျင်) တို့က တနင်္သာရီတိုင်းကို ကိုယ်စားပြုခဲ့ကြသည်။ ဤကွဲအက်မှုက မွန်တိုင်းရင်းသားတို့၏ အမျိုးသားရေး လှုပ်ရှားမှုများကို ဆယ်စုနှစ်များစွာ ခြောက်လှန့်နေလိမ့်မည်ဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်း မွန်လူမျိုးများစွာသည် BIA တွင် ပါဝင်မှုရှိသည့်တိုင် မွန်အမျိုးသားရေးမှာ ဘေးရောက်ဆဲပင်။ ဂျပန်ကျောထောက်နောက်ခံပြု မွန်မျိုးရိုး ဒေါက်တာဘမော်၏ အစိုးရသည်ပင် တသွေး၊ တသံ၊ တမိန့်ကို ချမှတ်ခဲ့ပြီး လူနည်းစု ဘာသာစကားများနှင့် ကိုယ်ပိုင်အမှတ်အသားများကို စနစ်အပြင်ဘက်ပို့ခဲ့သည်။ မဟာဗမာအသင်းကြီး ဖြစ်လာသည်။ အမျိုးသားနိုင်ငံ တည်ထောင်ရေးအိပ်မက်များ မက်လာကြသည်။ ARMA အဖွဲ့ဝင်အချို့သည် ဖဆပလကို သတိရှိသည့်တိုင် မွန်အချို့ကလည်း ကရင်လူမျိုးများ ကဲ့သို့သော လူမျိုးစုအဖွဲ့များနှင့် မဟာမိတ်ဖွဲ့ရန် ကြိုးစားခဲ့ကြသည်။ စောဘဦးကြီးက ကရင်နှင့် မွန်တို့မှာ "အရင်တည်းကပင် ညီအစ်ကို မောင်နှမများ" ဟု ပြောခဲ့၏။ စောဘဦးကြီးသည် ဗြိတိသျှဘုရင်ခံကောင်စီတွင် ပညာရေးဝန်ကြီးအဖြစ် ခဏတာ လုပ်ဆောင်ခဲ့စဉ် သံဃာစာမေးပွဲများတွင် မွန်ဘာသာစကားကဏ္ဍကို ပံ့ပိုးခဲ့သေးသည်။ နောင်တွင် ဖဆပလ၏ သိသာသော လျစ်လျူရှုမှုကြောင့် စိတ်ပျက်နေသော မွန်ခေါင်းဆောင်များစွာသည် ကရင်တို့ဘက်သို့ လှည့်ခဲ့ကြပြန်သည်။ KNU သည် တိုးတက်လာနေသော မွန်ရည်မှန်းချက်များနှင့် ကိုက်ညီသည့် လွတ်လပ်သော ကရင်ပြည်နယ် (Karen homeland) ကို စဉ်းစားခဲ့သည်။ ရန်ကုန်တွင် ကျင်းပသော KNU ၏ တည်ထောင်ရေး ကွန်ဂရက်ကို မွန်လေ့လာသူများ တက်ရောက်ခဲ့ခြင်းသည်။ ယင်းက ပိုမိုအားကောင်းသော တောင်းဆိုမှုများဆီသို့ ပြောင်းလဲလာတော့မည့် နိမိတ်ဖြစ်၏။ ပိုကောင်းသောဆက်ဆံရေးလည်း ရှိခဲ့ကြသည်။ သို့သော် ဖဆပလ က နောင်အာဏာရလာသည့်အခါ UMA ကို အရေးမလုပ်တော့သလို ကရင်တို့က ကော်သူးလေအစိုးရ ဖွဲ့စည်းသည့်အခါတွင်လည်း မွန်တို့ကို အရေးအရာ မလုပ်တော့ပေ။ မွန်တို့အနေဖြင့် နိုင်ငံရေး သင်ခန်းစာများ ရခဲ့သည့်အချိန်ဟု ဆိုရမည်။ အထူးသဖြင့် မွန်တို့အပေါ် ဖဆပလ၏ သဘောထားမှာ ရှင်းလာသည်။ ဗိုလ်ချုပ်အောင်ဆန်းက မွန်နှင့်ဗမာ ဘာသာစကား ကွာတာကလွဲလို့ တူတူပါပဲ ဟု ပြောခဲ့ပြီး မွန်ပြည်နယ်ကို သီးသန့်ပေးစရာမလိုဟု ဆုံးဖြတ်ခဲ့သည်။[20] ၁၉၄၇ ဖေဖော်ဝါရီတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တောင်တန်းဒေသခေါင်းဆောင်များ ပင်လုံစာချုပ်ကို ချုပ်ဆိုသည်။ မကြာမီ ဗိုလ်ချုပ်အောင်ဆန်းနှင့် ကတ်ဘိနက်အဖွဲ့ဝင်အများအပြား လုပ်ကြံခံရသည်။ ဦးနုက နိုင်ငံတာဝန်ကို ဆက်ယူလိုက်သည်။ နိုင်ငံရေးကလည်း ပိုရှုပ်ထွေးလာသည်။ တိုင်းပြုပြည်ပြုလွှတ်တော်ကလည်း မပြီးသေးပေ။ ၁၉၄၇ ခု တိုင်းပြုပြည်ပြုလွှတ်တော်တွင် မွန်လူမျိုးတို့အတွက် အမတ် ၆ နေရာကို မွန်ဖိုးချိုတို့ ဦးဆောင် တောင်းဆိုဖူးသော်လည်း ဖဆပလ အဖွဲ့ချုပ်မှ ပယ်ချခဲ့ရာ မွန်ဖိုးချိုတို့အဖွဲ့မှ သပိတ်မှောက်မည့် အခြေအနေသို့ပင် ရောက်ရှိခဲ့ဖူးသည်။ ကရင်ခေါင်းဆောင် စောဘဦးကြီးလည်း ဝန်ကြီးရာထူးနှုတ်ထွက်သွားသည်။ ဖဆပလကလည်း မပေါင်းသူချန်၊ ပေါင်းသူနှင့်ပေါင်းမည့်မူအရ ကျန်သည့် ကရင်လူမျိုး၊ မွန်လူမျိုး တက်ကြွသူအချို့ကို မွန်၊ ကရင် ကိုယ်စားလှယ်များအမည်ခံကာ ပူးပေါင်းစေသည်။ ယခုကာလတွင်လည်း ထိုအတိုင်းပင်မဟုတ်ပါလား။ သို့ရာတွင် မွန်ဦးဆောင်သူတို့ ပြန်လည်ဆွေးနွေးကြပြီး ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ခဲ့ကြသည်။ သို့သော် ဖဆပလကို မနိုင်ခဲ့ချေ။ မွန်အမျိုးသားအခွင့်အရေးများကို တိုင်းပြုပြည်ပြုလွှတ်တော်တွင် အမျိုးသားရေးအထိုင်မှ ဆွေးနွေးရန် မဖြစ်နိုင်သည့်အတွက် မွန်ဦးဆောင်သူတို့ ဖဆပလထံ တိုက်ရိုက်တင်ပြရန် အချက်အလက်များ စုစည်းရာ ၇ ချက်ရရှိသည်မှာ အောက်ပါအတိုင်းဖြစ်သည်။
သို့သော် ယင်း ၇ ချက်မှာလည်း ဆွေးနွေးမှုမှ ပယ်ချခံလိုက်ရပြန်သည်။ ထို့ကြောင့် နိုင်ရွှေကျင်အစရှိသည့် ခေါင်းဆောင်များက မွန်လွတ်လပ်ရေးအဖွဲ့ကို စတင်တည်ထောင်ဖွဲ့စည်းခဲ့သည်။ နောက်ပိုင်း ရည်ရွယ်ချက်တူ မွန်လွတ်လပ်ရေးအဖွဲ့နှင့် မွန်တိုင်းရင်းသားအစည်းအရုံးတို့ ညှိနှိုင်းပူးပေါင်းကာ မွန်လူမျိုးရေးရာအဖွဲ့ချုပ် ဖြစ်လာခဲ့သည်။ လွတ်လပ်ရေးရပြီးနောက် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် မွန်လူမျိုးရေးရာ အဖွဲ့ချုပ်တို့ ညှိနှိုင်းကာ အစိုးရထံ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ နယ်မြေများကို သတ်မှတ်ရန်များ တင်ပြသော်လည်း ထိုစဉ်က မအောင်မြင်ခဲ့ချေ။ မော်လမြိုင်တွင် လူ ၁၀,၀၀၀ ကျော် ချီတက် ဆန္ဒပြပွဲကြီး ဖြစ်ခဲ့သည်။ ဤနေရာတွင် မှတ်ချက်ပြုစရာရှိသည်။ စည်းလုံးညီညွတ်မှု၏ အုတ်မြစ်အဖြစ် ညွှန်းဆိုခံရသော ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်တွင် မွန်လူမျိုးများ မပါဝင်ခဲ့ပေ။ ဤမပါဝင်မှုသည့်အပေါ် ဗမာတို့၏ သဘောထားကို စောဘဦးကြီး ကွယ်လွန်သည့် နာရေးသတင်းကို ရေးသားသည့် နဂါးနီဂျာနယ် ၁၉၅၀ ဩဂုတ်လ အချပ်ပိုပါ ဖဆပလ၏ စာသားများကို ထုတ်၍ ပြောပြနိုင်မည်ထင်သည်။ ဆောင်းပါးခေါင်းစဉ်က “ကရင်ဗမာချစ်ကြည်ရေး ဖျက်ဆီးခဲ့သော ကော်သူလေး သမတကြီး သေရှာပြီ” ဟူ၍ဖြစ်သည်။ …… ဗမာ့ရာဇဝင် တလျှောက်လုံးကို ပြန်လည်သုံးသပ်ခဲ့သော် ဗမာ၊ ရှမ်း၊ ချင်း၊ ကချင်၊ ကရင်နီ၊ ရခိုင်၊ မွန်စသည်ဖြင့် လူမျိုးအလျှောက် ပြည်နယ်များလည်း ရှိခဲ့ကြလေသည်။ နောက်ဆုံးတွင်ကား ပင်မ မြန်မာပြည်၏ ဘုရင်တို့ သတ်မှတ်သည့်အတိုင်း ပဒေသရာဇ်အနေ စသည်ဖြင့်သာ နေခဲ့ကြလေသည်။ မွန်မှာလည်း ကုန်းဘောင်ခေတ်လောက်ကစ၍၊ ပြည်နယ်ဆိတ်သုဉ်းကာ လုံးလုံးလျားလျား ဗမာများ ဖြစ်ခဲ့လေသည်။ ကရင်ကား ပြည်နယ်လည်း မရှိ၊ ဗမာဘုရင်များ ခွင့်ပြုသလိုသာ တောင်ယာလုပ်ငန်း စသည်လုပ်ကိုင်ကာ ဗမာအဖြစ်နှင့်ပင် နေလာခဲ့ကြပေသည်။ အင်္ဂလိပ်အုပ်ချုပ်သော ဗမာ့ ထီးသုဉ်း နန်းသုဉ်းခေတ်မှာလည်း ရှမ်း၊ ကချင်၊ ချင်း၊ ရခိုင်၊ ကရင်နီတို့သာ နယ်သတ်မှတ်ရှိသည်။ ကရင်၊ မွန်တို့ကား ဗမာပင်ဖြစ်ချေသည်။ နယ်ဟူ၍ သတ်မှတ်ထားခြင်း မရှိချေ။ မည်သို့ဖြစ်စေ၊ လူမျိုးခွဲခြားလိုစိတ်၊ ပြည်နယ်ခွဲခြားလိုစိတ်ကား ပြည်ထောင်စု အားနဲသို့ပင် ဖြစ်သည်ကို၊ လူမျိုးတို့၏ နှလုံးစိုက်သင့်ပေသည်။ …… ဗမာပြည်ကြားကာလအစိုးရဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းက မွန်၊ ရခိုင်များအတွက်ပါ မြေပြန့်တခုလုံး ကိုယ်စားပြု၍ လက်မှတ်ရေးထိုးသည့် အင်စတီကျူးရှင်းဖြစ်စဉ်မှာ (အငြင်းပွားစရာရှိသည့်တိုင်) လက်ခံ၍ ရသေးသည်။ သို့ရာတွင် ဖဆပလ၏ စိတ်အခံမှာ ဘုရင်ခေတ်အခြေခံ စိတ်အခံသာ ဖြစ်နေသည်။ ယင်းစိတ်အခံကြောင့် ပင်လုံဆွေးနွေးပွဲများမှ ရလာသော ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဖက်ဒရယ်စနစ်ပုံကို ကတိပြုခဲ့သော်လည်း ဗဟိုချုပ်ကိုင်မှုနှင့် တပြည်ထောင်စနစ်ကိုသာ ပေးခဲ့သည်မှာ အံ့ဩစရာတော့ မရှိပေ[21]။ ကချင်၊ ကရင်နီ (ကယား)၊ သျှမ်းတို့ကို လူမျိုးစု ပြည်နယ်များအဖြစ်လည်းကောင်း၊ ချင်းဝိသေသတိုင်းကိုလည်းကောင်း ဖွဲ့စည်းခဲ့သည်တိုင် ရန်ကုန်၏ အုပ်ချုပ်ရေးဆိုင်ရာ လက်ဝေခံမျှသာ ဖြစ်သည်။ အမှန်တကယ် အာဏာမရှိခဲ့ပေ။ လူနည်းစု တိုင်းရင်းသားများကို ဗမာလူမျိုးအင်စတီကျူးရှင်းများအောက်တွင်သာ ထားရှိခဲ့သည်။[22] ကယားနှင့် သျှမ်းတို့အား ဆယ်နှစ်အကြာတွင် ခွဲထွက်ခွင့်ကို သီအိုရီအရ ပေးခဲ့သော်လည်း လက်တွေ့တွင် အရိပ်မြင်သည်နှင့် အာဏာသိမ်းခဲ့၏။ မွန်၊ ရခိုင်တို့ကို ဖော်ပြခြင်းမရှိပေ။ တောင်းဆိုမှုများမှာလည်း မရေရာသော အာမခံချက်များ၊ တခါတရံ အဖက်လုပ် မခံရခြင်းများသာ ကြုံတွေ့ခဲ့ရသည်။ ဗြိတိသျှ ပညာရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီ (British Education and Reconstruction Committee) က အဆိုပြုခဲ့သော ကျောင်းများတွင် တိုင်းရင်းသား ဘာသာစကားများ သင်ကြားရန် အကြံပြုချက်များကိုပင် ဖဆပလက လျစ်လျူရှုခဲ့ရာ မွန်တို့၏ မကျေနပ်မှုများကို ပိုမိုနက်ရှိုင်းစေခဲ့သည်။ လွတ်လပ်ရေးရပြီးခေတ်သည် မွန်တို့၏ စိုးရိမ်မှုများ မှန်ကြောင်း သက်သေပြခဲ့၏။ ၁၉၄၇ ခုနှစ်၊ ဧပြီလတွင် ကျင်းပသော တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲတွင် ဖဆပလသည် မဲဆန္ဒ၏ ၆၀ ရာခိုင်နှုန်းကို ရရှိခဲ့ပြီး အောင်ပွဲခံခဲ့သည်။ KNU နှင့် UMA တို့သည် သပိတ်မှောက်ခဲ့ပြီး ARMA သည် နိုင်ငံရေး မပါဝင်ဟူသော သဘောထားကို ကိုးကား၍ ကမ်းလှမ်းခဲ့သော ပါလီမန် ၁၂ နေရာကို ပယ်ချခဲ့သည်။ တချိန်က သထုံမြို့နယ်ရှိ ဖဆပလ ဥက္ကဋ္ဌ၊ သထုံခရိုင် တောင်သူလယ်သမားထု ဥက္ကဋ္ဌဖြစ်ခဲ့သော နိုင်ရွှေကျင်သည် သီးခြား မွန်ကိုယ်စားလှယ် ခြောက်ဦးပါ အဖွဲ့ကို ဦးဆောင်ခဲ့ပြီး နောက်ပိုင်းတွင် မွန်လွတ်လပ်ရေး အဖွဲ့ချုပ်-မွန်ညီညွတ်ရေးတပ်ဦး (Mon Freedom League-Mon United Front / MFL-MUF) ကို ဖွဲ့စည်းခဲ့သည်။ ဖဆပလနှင့် ပူးပေါင်းထားသော မွန်ပုဂ္ဂိုလ်များဖြစ်သည့် မွန်ခင်မောင်နှင့် မွန်သန်းတို့သာ နေရာရရှိခဲ့ကြပြီး နောက်ပိုင်းတွင် မွန်သန်းသည် ဖဆပလနှင့် ပူးပေါင်းသော ပြည်ထောင်စုမွန်အသင်း (Mon Federal State Organisation - MFSO) ကို ဖွဲ့စည်းခဲ့သည်။ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် မြန်မာ့လွတ်လပ်ရေးမရရှိမီ လအနည်းငယ်အလိုတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အခြားခေါင်းဆောင်များ လုပ်ကြံခံရသည့်နောက် ဦးနုက ဦးဆောင်ခဲ့သည်။ ၁၉၄၇ ခုနှစ်နှောင်းပိုင်းတွင် နိုင်ရွှေကျင်ဦးဆောင်သော မွန်ကိုယ်စားလှယ်များ ဦးနုနှင့် တွေ့ဆုံခဲ့ရာ ဘာသာရေး၊ ယဉ်ကျေးမှုနှင့် အုပ်ချုပ်ရေးဆိုင်ရာ အခွင့်အရေးများအတွက် ခုနစ်ချက်ပါ တောင်းဆိုချက်ကို တင်ပြခဲ့သည်။ ဦးနုသည် အနည်းငယ်မျှ လိုက်လျောမှုပြပြီး မွန်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ငြင်းပယ်ခဲ့သည်။ လွတ်လပ်ရေး အရုဏ်ဦးသို့ ဝင်ရောက်လာသည်နှင့်အမျှ “စည်းလုံးသော ပြည်ထောင်စု” ကတိလည်း ပုပ်သိုးလာသည်။ ဗမာပြည်အလယ်ပိုင်းနှင့် အောက်ပိုင်းတို့တွင် ကွန်မြူနစ်အဖွဲ့များနှင့် တိုင်းရင်းသားများ၏ ပုန်ကန်သောဆူညံသံများဖြင့် ပြည့်နှက်နေခဲ့သည်။ မွန်လူမျိုးတို့အတွက် ဤသည်မှာ အန္တရာယ်ဖြစ်သလို ခိုင်မာသော ဆုံးဖြတ်ချက်ချမှတ်ရတော့မည့် အချိန်ဖြစ်သည်။ မွန်ယဉ်ကျေးမှုနှင့် နိုင်ငံရေး အသိအမှတ်ပြုမှုအတွက် ရှာဖွေမှုသည် ကွဲအက်နေသော နိုင်ငံတော်၏ ကြမ်းတမ်းသော လက်တွေ့ဘဝနှင့် ထိပ်တိုက်တွေ့ဆုံခဲ့သော အခိုက်အတန့် ဖြစ်သည်။ ထိုနှစ် သြဂုတ်လတွင် ဖားအောက်ကျေးရွာ၌ ကျင်းပသော အမျိုးသားညီလာခံတွင် မွန်လွတ်လပ်ရေး အဖွဲ့ချုပ် (Mon Freedom League - MFL) ကို တည်ထောင်ခဲ့ပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော မွန်ပြည်နယ်ကို တောင်းဆိုခဲ့သည်။ နိုင်ရွှေကျင်၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူမှုအောက်တွင် MFL သည် ၎င်း၏ ရုံးချုပ်ကို မော်လမြိုင်မြို့တွင် တည်ထောင်ခဲ့ပြီး နိုင်စံသူကို အထွေထွေအတွင်းရေးမှူးအဖြစ် ခန့်အပ်ခဲ့သည်။ နိုင်ဖိုးချို၏ UMA သည် မွန်ညီညွတ်ရေးတပ်ဦးတွင် ပါဝင်ရန် ငြင်းဆန်ခဲ့သည်။ ထို့ကြောင့် တတိယအင်အားစုဖြင့် ထိန်းညှိရန် နိုင်လှမောင်ဦးဆောင်သော မွန်ရေးရာ အဖွဲ့အစည်း (Mon Affairs Organisation - MAO) ကို ထူထောင်သည်။ ဖားအောက်တွင် ကျင်းပသော နောက်ထပ် ညီလာခံတခုတွင် MUF သည် နိုင်လှမောင်ကို ဥက္ကဋ္ဌ၊ နိုင်ငွေသိန်းကို အထွေထွေအတွင်းရေးမှူးအဖြစ် ခန့်အပ်ပြီး ငြိမ်းချမ်းသော နည်းလမ်းများ မအောင်မြင်ပါက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရန် "လိုအပ်သော နည်းလမ်းအားလုံး" ကို အသုံးပြုမည်ဟု ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။ လက်နက်ကိုင်တိုက်ပွဲသည် ယခုအခါ စတင်ရန် အသင့်ဖြစ်နေပေပြီ။ မော်လမြိုင်တွင် ဆန္ဒပြမှုလည်း ဖြစ်ခဲ့ပြီး နိုင်လှမောင်က မွန်ပြည်နယ်အတွက် လူအုပ်ကြီးကို စုရုံးခဲ့သည်။ သို့သော် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလတွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိသောအခါ ထိုကဲ့သို့သော ပြည်နယ်ကို အသိအမှတ်ပြုခြင်း မရှိခဲ့ပေ။ နောက်ပိုင်းတွင် နိုင်ရွှေကျင်လည်း ဖဆပလ၏ ထိန်းသိမ်းခြင်းကို ခံရသည်။ မန္တလေးထောင်၊ ရွှေဘိုထောင်တို့တွင် သုံးနှစ် ထောင်ချ ခံခဲ့ရသည်။ ၁၉၄၈ ခုနှစ်၊ မတ်လရောက်သော် ပုန်ကန်မှုမီးတောက်များ ပျံ့နှံ့လာခဲ့သည်။ အလံနီ ကွန်မြူနစ်များ နှင့် ရခိုင်သူပုန်များသည် အစိုးရသစ်နှင့် ပွင့်ပွင့်လင်းလင်း ပဋိပက္ခဖြစ်နေပြီဖြစ်ပြီး ဗကပ လည်း မကြာမီပင် တောခိုရာ မြန်မာ့တပ်မတော်မှ ပုန်ကန်တော်လှန်သည့် အုပ်စုများ၊ ပြည်သူ့ရဲဘော်တပ်ဖွဲ့၊ ပြည်သူ့စစ်အဖွဲ့များလည်း ပါဝင်ခဲ့သည်။ ကနဦးကာလ ယင်းမတည်ငြိမ်မှုများဖြစ်သည့်ကြားတွင်ပင် မွန်အပါအဝင် တိုင်းရင်းသား လူနည်းစု ခေါင်းဆောင်များသည် ဝန်ကြီးချုပ်ဦးနု၏ အစိုးရက မိမိတို့၏ မကျေနပ်မှုများကို ဖြေရှင်းပေးလိမ့်မည်ဟု မျှော်လင့်ကာ အစပိုင်းတွင် ချုပ်တည်းခဲ့ကြသေးသည်။ ရန်ကုန်အနီးတွင် ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ KNDO နှင့် ကချင်တပ်ဖွဲ့များက ဗကပ ကို နှိမ်နင်းခဲ့သေးသည်ကို ကြည့်ပါက အစိုးရသစ်အပေါ် ကာကွယ်ပေးနေဆဲကာလဟု မြင်ရလိမ့်မည်။ သို့သော် မကြာမီပင် လူမျိုးစုများအတွက်မူ စိတ်ရှည်မှု ကုန်ခန်းလာခဲ့သည်။ မွန်အမျိုးသားရေး လှုပ်ရှားမှုအတွက် ဤခေတ်သည် စစ်ရေးပြောင်းလဲမှု၊ အတွေးအခေါ် ပေါက်ကွဲမှုနှင့် ဗဟိုအာဏာအပေါ် ထပ်တလဲလဲ စိတ်ပျက်မှုတို့ ကြုံရချိန်ဖြစ်သည်။ နိုင်ငံရေးသစ် မွေးဖွားသည့် ကာလတခုလည်း ဖြစ်ပြီး ဖက်ဒရယ် အနာဂတ်အတွက် ရည်မှန်းချက်များသည် ရန်ကုန်မှ အစိုးရခေါင်းဆောင်မှု၏ ဗဟိုချုပ်ကိုင်ရေးစိတ်ဗီဇများနှင့် ထိပ်တိုက်တွေ့ခဲ့သည်။ မွန်လူမျိုးများသည် ကရင်တို့ကဲ့သို့ပင် ခုခံတော်လှန်ရေး၊ ဖိနှိပ်မှုနှင့် ပြန်လည်ညှိနှိုင်းမှု လှိုင်းလုံးများအတွင်း ပိတ်မိခဲ့ကြလေသည်။ ၁၉၄၈ ခုနှစ် ဧပြီ ၂၃ ရက်နေ့တွင် မွန်တမျိုးသားလုံးဆိုင်ရာညီလာခံကို မော်လမြိုင်မြို့ ဖားအောက်ရွာတွင် ကျင်းပခဲ့ပြီး မွန်ပြည်နယ်ကို ဖြစ်သည့်နည်းဖြင့် ဖော်ထုတ်ရန်၊ မွန်အမျိုးသားကာကွယ်ရေးတပ် (MNDO) ကိုဖွဲ့စည်းရန်၊ မြေယာသီးစားချထားရေး ဥပဒေကို ဆန့်ကျင်ရန်များ သဘောတူကြသည်။[23] မွန်အမျိုးသား ကာကွယ်ရေးတပ်အတွက် တညခင်းတည်းတွင်ပင် စာရင်းပေးသူ ၅၀၀ ကျော်ဖြစ်သွားသည်။ သို့သော် လက်နက်မရှိသေးချေ။ မွန်လွတ်လပ်ရေးအဖွဲ့ချုပ်-မွန်ညီညွတ်ရေးတပ်ဦး (Mon Freedom League-Mon United Front - MFL-MUF) ၏ စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်းဖြစ်သော MNDO သည် ယခင်နှစ်တွင် မန်းဘဇန်က တည်ထောင်ခဲ့သော ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) မှ ပံ့ပိုးကူညီမှု ရရှိခဲ့သည်။ အဖွဲ့နှစ်ဖွဲ့စလုံးသည် သိမ်းပိုက်ရေး အိပ်မက်များဖြင့် မွေးဖွားလာခြင်း မဟုတ်ဘဲ ၎င်းတို့၏ လူ့အဖွဲ့အစည်းများကို အကြမ်းဖက်မှုမှ ကာကွယ်ရန် ဖြစ်သည်။ ဒုတိယကမ္ဘာစစ်က ဒဏ်ရာများ ချန်ရစ်ခဲ့သည်ကို ပြန်ကြည့်ပါ။ BIA နှင့် စည်းကမ်းမဲ့ ဗမာတပ်ဖွဲ့များ၏ ကရင်များအပါအဝင် အစုလိုက်အပြုံလိုက် လူသတ်မှုများသည် တိုင်းရင်းသားလူနည်းစုများအတွက် စိတ်ပူစရာပင်။ MNDO သည် လုံခြုံရေး မတည်ငြိမ်မှုကို တုန့်ပြန်ခြင်းလည်း ဖြစ်ခဲ့သည်။ MNDO သည် လက်နက်ရရှိရန် ရုန်းကန်ရတော့မည်။ နိုင်ထွန်းသိန်းက ဝယ်မလား၊ လုမလားဟု မေးသည်။ လုရန်သာ ရှိသည်။ ၁၉၄၈ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့တွင် ဗိုလ်သိန်းနှင့် နိုင်ပန်းသာ ဦးဆောင်သော မွန်လူငယ် ၂၇ ဦးသည် မော်လမြိုင်အရှေ့ဘက် ဇာသပြင်ကျေးရွာရှိ ရဲစခန်းကို ဝင်စီးခဲ့ပြီး စက်သေနတ် သုံးလက် သိမ်းပိုက်ခဲ့သည်။ ကရင်ရဲများကလည်း ကူခဲ့၏။ ယင်းနေရာတွင် တော်လှန်ရေးအတွင်း ပထမဆုံးအကြိမ်အဖြစ် ဟင်္သာအလံကို လွှင့်ထူခဲ့သည်။ ကော့ဂွမ်း၊ ကော့မနော့၊ ဖဲကတာ၊ ကော့ဂွန်း၊ ထုံးအိုင်တို့မှ လက်နက်များ သိမ်းယူပြီး လက်နက်ကိုင်အင်အား ၂၅၀ ခန့်ထိ တိုးချဲ့နိုင်သည်။ ကရင်ခေါင်းဆောင်တို့ ပူးပေါင်းသည့်အတွက် စုစုပေါင်း အင်အား ၃၀၀ ကျော်ရှိလာသည်။ ထပ်ရသည့် မွန်ရန်ပုံငွေများဖြင့် MNDO သည် လက်နက်ကိုင်ဆောင်နိုင်လာခဲ့ပြီး အနီးအနားရှိ ရွာလေးရွာကို သိမ်းပိုက်ကာ သင်္ဘောငယ်တစင်းကိုပင် ပြန်ပေးဆွဲခဲ့သည်။ ဖဆပလမှ လက်နက်ပြန်အပ်ခိုင်းရာ မအပ်ခဲ့ချေ။ မြို့ပေါ်ရှိ မွန်လူမျိုးရေးရာအဖွဲ့ချုပ် ဦးဆောင်သူများ အဖမ်းခံရတော့သည်။ ထို့နောက် စောဘဦးကြီး ဖိတ်ခေါ်ချက်ဖြင့် KNU နှင့် ညှိနှိုင်းကာ ၁၉၄၈ ခုနှစ် ဩဂုတ်လတွင် မွန်ကရင် သဘောတူညီချက်လေးချက် ထွက်လာခဲ့သည်။ (၁) မွန်နှင့် ကရင်တို့သည် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် ပေါ်ထွန်းလာရေးအတွက် အတူတကွ လက်တွဲဆောင်ရွက် သွားမည်။ (၂) ထိုသို့ဆောင်ရွက်ရာတွင် အသက်ကို ပဓာနမထားပဲ အောင်ပွဲရသည်အထိ ပူးတွဲဆောင်ရွက် သွားမည်။ (၃) တဦးက သဘောတူညီချက်မရှိပဲ တဦးက တတိယအင်အားစုနှင့် သဘောတူညီခြင်း၊ ဆောင်ရွက်ခြင်း မပြုရ။ (၄) မွန်နှင့်ကရင်တို့သည် အောင်ပွဲရပြီးနောက် မွန်ပြည်-နယ်၊ ကရင်ပြည်နယ်၏ အကျယ်အဝန်းများကို ဒီမိုကရေစီနည်းအရ မွန်နှင့် ကရင်အမျိုးသားတို့၏ ဆန္ဒကိုရယူပြီး ပြည်နယ်များကို ဖော်ထုတ်သွားကြရန် ဖြစ်သည်။ ထို့နောက်တွင် မွန်-ကရင် အဓိဋ္ဌာန်ပြု ကျေညာ (ကြေငြာ) စာတမ်း ကို ရေးသားခဲ့သည်။ ဤမဟာမိတ်ဖွဲ့မှု၏ အသီးအပွင့်မှာ ၁၉၄၈ ခုနှစ်၊ မွန်-ကရင် ပူးပေါင်းတပ်ဖွဲ့က မော်လမြိုင်နှင့် သထုံတို့ကို လွယ်လွယ်သိမ်းနိုင်ခြင်း ဖြစ်သည်။ သြဂုတ်လ ၃၀ ရက်နေ့တွင် သထုံကို သိမ်းပိုက်ခဲ့သည်။ နောက်တနေ့တွင် ဦးလှထွန်းအောင်နှင့် စောသာဒင်ဦးဆောင်သော ကရင် UMP တပ်များအပါအဝင် မွန်နှင့် ကရင်တပ်ဖွဲ့များသည် မော်လမြိုင်ကို သိမ်းပိုက်ခဲ့သည်။ မွန်တပ်ဖွဲ့များတွင် နိုင်ပန်းသာ ဇာသပြင်မှ ခေါ်ယူထားသော အင်အားများပါ၏။ လက်နက်ပိုကောင်းသော KNDO က လွှမ်းမိုးထားသော ယာယီကော်မတီတခုက မော်လမြိုင်ကို အုပ်ချုပ်ခဲ့ပြီး မွန်တပ်ဖွဲ့များသည် မုဒုံ၊ ကျိုက္ခမီ၊ ရေးနှင့် အခြားတောင်ပိုင်းမြို့များကို သိမ်းပိုက်ခဲ့သည်။ သို့သော် နိုင်ထွန်းသိန်းက "အုပ်ချုပ်ရေးစနစ်က သိပ်စည်းစနစ်မကျဘူး" ဟု ပြောသလို ဒေသခံတပ်မှူးများက သီးခြားလှုပ်ရှားခဲ့ကြသည်။ မကြာခင်ပင် KNU ဥက္ကဋ္ဌ စောဘဦးကြီး အဖွဲ့နှင့် ဗိုလ်မှူးကြီးထွန်းစိန်သည် မော်လမြိုင်သို့ ရောက်ရှိလာပြီး မွန်၊ ကရင် နှင့် ရခိုင် ပြည်နယ်တို့အတွက် ကော်မရှင်ဖွဲ့ပေးမည်ဆိုက မော်လမြိုင်ခရိုင်ကို ပြန်ပေးရန်၊ ကျေနပ်လောက်သော အဖြေကို ရှာပေးပါက သထုံခရိုင်ကို ပြန်ပေးရန်၊ မွန်ကရင် လက်နက်ကိုင်တပ်များကို ဖဆပလ လက်အောက်ခံတပ်အဖြစ် ထားရှိရေး ဖဆပလမှ သဘောတူရန်၊ မော်လမြိုင်ခရိုင်ကို ထိန်းသိမ်းရန် အတွက်မူ တိုင်းရင်းသားတပ်ရင်းတရင်း စေလွှတ်ပေးရန် ညှိနှိုင်းဆွေးနွေးခဲ့ရာ သဘောတူညီကြပြန်သည်။ ဖဆပလသည် မွန် ကရင် ရခိုင် ပြည်နယ်ဖော်ထုတ်မှုစုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းသော်လည်း MNDO နှင့် KNDO တို့အား ချန်လှပ်ပြီး ကျိုက်ခမီတွင် ဗိုလ်သန်းညွန့် ခေါင်းဆောင်သော အပျော်တမ်းတပ်ကို ဖွဲ့စည်းရာ တင်းမာမှုပိုလာသည်။ ၁၉၄၈ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့တွင် မွန်-ကရင် တပ်ဖွဲ့သည် မြို့ဘဏ်မှ ကျပ်ငွေ ၅၀၀,၀၀၀ (ငါးသိန်း) ယူဆောင်ကာ ဆုတ်ခွာခဲ့သည်။ ဆုတ်ခွာခြင်းသည် မဟာဗျူဟာမြောက်သော်လည်း အချို့က စောလွန်းသည်ဟု မြင်နေဆဲဖြစ်သည်။ ထို့နောက် မွန်၊ ကရင်အသင်းများ မတရားအသင်းကြေငြာခံရခြင်း၊ ခေါင်းဆောင်များ ဆက်တိုက် အဖမ်းခံရခြင်းဖြစ်ပြီး ၁၉၄၈ ခု ဒီဇင်ဘာလတွင် မွန်ခေါင်းဆောင် နိုင်စံသူ မော်လမြိုင်တွင် ဖဆပလ၏ လုပ်ကြံမှု ခံရသည်။ KNU နှင့် ဖဆပလလည်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ မွန်လွတ်လပ်ရေး အဖွဲ့မှလည်း ကျိုက်မရော၊ ကော့ဘိန်း၊ ကြာအင်း၊ ရေး စသည့်နေရာမျိုးစုံတွင် စစ်မျက်နှာများ ဖွင့်လှစ်ခဲ့သည်။ ၁၉၄၉ ဇန်နဝါရီတွင် ဗမာအစိုးရသည် ရန်ကုန်ပတ်လည်ကိုသာ ထိန်းထားနိုင်ပြီး ရန်ကုန်အစိုးရဟု လှောင်ပြောင်အခေါ်ခံခဲ့ရသည်အထိ တော်လှန်ရေးတပ်များက တိုက်ခိုက်နိုင်ခဲ့သည်။ သို့သော် သုံးလခန့်ကြာလျှင် ပြန်လည်လက်လွှတ်ခဲ့ကြရသည်။ ကရင်များနှင့် တော်လှန်ရေး ပူးပေါင်းဆောင်ရွက်ရာတွင် အစောပိုင်းအောင်မြင်မှုက မွန်လူမျိုးများအား သထုံနှင့် မော်လမြိုင်အပါအဝင် အောက်မြန်မာနိုင်ငံရှိ ကျေးလက်နယ်မြေများကို ထိန်းချုပ်နိုင်ခဲ့သည်။ သို့သော် မြို့ပြများကို သိမ်းပိုက်ခြင်းသည် စစ်ရေးအရ အထင်ကြီးစရာ ကောင်းသော်လည်း သူပုန်အုပ်ချုပ်မှု၏ ကန့်သတ်ချက်များကို တွေ့ခဲ့ရပြန်သည်။ ဒေသအုပ်ချုပ်ရေးပုံစံများသည် ကွဲပြားနေခြင်း၊ အရင်းအမြစ် နည်းပါးခြင်း၊ ကိုယ်ရည်ကိုယ်သွေး ပဋိပက္ခများနှင့် ကွဲပြားသော အတွေးအခေါ်များဖြင့် ပြိုကွဲနေခြင်းတို့ ဖြစ်လာသည်။ သို့တိုင်အောင် မွန်နှင့် ကရင်တို့သည် သဘောတူညီမှုများနှင့် သီးခြား သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းရင်းသားပြည်နယ်များ ဖွဲ့စည်းလိုသည့် ဆန္ဒကဲ့သို့သော ဘုံပန်းတိုင်များ အောက်တွင် ပူးတွဲစစ်ဆင်ရေးများကို ထိန်းသိမ်းထားနိုင်ခဲ့သည်။ သို့သော် ကရင်တို့ကလည်း ကော်သူးလေနိုင်ငံ လွတ်လပ်ရေး ကြေငြာခြင်း၊ ကရင်အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းများတွင် မွန်တို့ကို ချန်ထားပြန်သည်။ ၁၉၅၀ မှစကာ မွန်နှင့်ကရင် မသင့်မမြတ်ဖြစ်လာပြီး စောဘဦးကြီးနှင့် အကြိမ်ကြိမ် ညှိနှိုင်းသော်လည်း မရတော့ပဲ အုပ်ချုပ်ရေးတွင် မွန်လူထုနှင့် ကရင်လူထုကို ခွဲအုပ်ချုပ်ရန် ဖြစ်လာခဲ့သည်။ ၁၉၅၀ ဧပြီလတွင် မွန်ခေါင်းဆောင် နိုင်သာနှင်း လုပ်ကြံခံရ၏။ မရှေးမနှောင်းတွင်ပင် စောဘဦးကြီးသည် ဖဆပလအစိုးရနှင့် ကရင်လူမျိုးထဲမှ သစ္စာဖောက်တို့ကြောင့် ကျဆုံးခဲ့သည်။ ထိုဖြစ်ရပ်ကြီးနောက်တွင် ကရင် နှင့် မွန် အချင်းချင်း၊ ကရင်အချင်းချင်း၊ မွန်အချင်းချင်း အဆင်မပြေမှုများ တိုးလာရာ နှုတ်ထွက်သူများပါ ရှိလာသည့်အတွက် မွန်ဦးဆောင်သူတို့ ညှိနှိုင်းကြပြီးနောက် မွန်ညီညွတ်ရေး တပ်ပေါင်းစု MPSG ဖွဲ့စည်းခဲ့သည်။ ထိုစဉ်က မွန်ပြည်နယ်၊ ကရင်ပြည်နယ် မရှိသေးပဲ တနင်္သာရီတိုင်းဟူ၍ဖြစ်ရာ မွန်ပြည်နယ် ဖဲ့ထုတ်ရန်လည်း မွန်များကြားတွင် အမြင်မတူချေ။ ၁၉၅၂ ခုနှစ်တွင် မွန်ဖိုးချိုက ဖဆပလထံ တင်ပြရာ “များများတောင်းမှ နည်းနည်းရ” ဟု ဆိုသည့်အတိုင်း တောင်းရခြင်းဖြစ်ကြောင်း၊ တနင်္သာရီတိုင်းမှ မွန်စကားပြောတတ်သော မွန်လူမျိုး အမြောက်အများရှိသော နေရာများကို အချုပ်အခြာအာဏာပိုင်ပြည် မဟုတ်ပဲ ပြည်ထောင်စု၏ ပြည်နယ်အဖြစ် ဖန်တီးပေးရန် ဆိုသည်။ တဘက်က မွန်လူကြီးအချို့ဖြစ်သော ဆာဂျေအေမောင်ကြီး၊ ဦးချစ်လှိုင်၊ ဦးချစ်သောင်း၊ ဦးထွန်းကျော်၊ ဦးဘိုးကျေးတို့က မွန်ပြည်နယ်မလိုလားကြောင်း ထွက်ဆိုသည်။ နိုင်မောင်လှက (ယခင်က မွန်ပြည်နယ်တောင်းသော်လည်း) ပြည်ထောင်စု ကောင်းကျိုးဖြစ်မည့် မည်သည့်အစီအမံမဆို လက်ခံပါသည်ဟု ဆိုသည်။ မွန်ငွေခိုင်ကမူ နိုင်ငံရေးတွင် မပါလိုတော့ဟု နှုတ်ထွက်သွား၏။ မွန်စိန်ဒိုင်နှင့် မွန်ဖိုးချိုတို့သာ အမာခံပြည်နယ်တောင်း လေသည်။ ကျန်လူကြီးများက မွန်စာပေနှင့် ယဉ်ကျေးမှုကို သေချာပေါက် ထိန်းသိမ်းပေးရန်လောက်သာ တောင်းပါသည်။ ဤကာလသည် အတွေးအခေါ်ပိုင်းဆိုင်ရာ ကွဲပြားမှုများ ပိုမိုပြင်းထန်လာခြင်းကိုလည်း တွေ့ရလိမ့်မည်။ ရန်ကုန်ရှိ ဖဆပလအစိုးရ၏ သစ္စာဖောက်မှုများနှင့် မွန်ခေါင်းဆောင်မှုအတွင်း ရှေးရိုးစွဲတုံ့ဆိုင်းမှု နှစ်ခုစလုံးကို မကျေမနပ်ဖြစ်နေသော နိုင်ရွှေကျင်ကဲ့သို့သော လက်ဝဲယိမ်း ပုဂ္ဂိုလ်များသည် ဗကပ နှင့် ပိုမိုနီးစပ်လာခဲ့သည်။ MPSG သည် ကျယ်ပြန့်သော ချဉ်းကပ်မှုကို ကျင့်သုံး၍ KNU နှင့်ဖြစ်စေ၊ တရုတ်ဖြူနှင့်ဖြစ်စေ အထိအတွေ့များ ပြုခဲ့သည့်တိုင် ညှိနှိုင်းလိုသူများနှင့် အမြစ်မြေလှန်တော်လှန်ရေးသမားများကြား တင်းမာမှုများ တိုးပွားလာခဲ့သည်။ ထိုအချိန် မွန်တို့က ကိုယ်ပိုင်တပ်၊ ကိုယ်ပိုင်အစိုးရ တည်ထောင်မည်ဟု ဆုံးဖြတ်ခဲ့သော်လည်း မိမိတို့၏ တပ်တွင်းမှာပင် ညီညွတ်မှု နည်းနေသည်။ တပ်တွင်းပြဿနာများ၊ လူမှုရေးပြဿနာများ အမျိုးစုံဖြစ်လာသည့် အတွက် မွန်လူမျိုးတို့၏ ထောက်ခံမှုပင် ကျဆင်းလာရာ ၁၉၅၃ ခုနှစ်တွင် မွန်တပ်များ အစုလိုက်အပြုံလိုက် လက်နက်ချခဲ့သည်။ ဤသို့နှင့် ၁၉၅၄ ဇူလိုင်တွင် မွန်တော်လှန်ရေးတရပ်လုံးကို ခေါင်းဆောင်ရန် ဦးဆောင်အဖွဲ့အစည်း ဖွဲ့စည်းရေးအတွက် မွန်ပြည်သူ့တပ်ဦး (Mon People Front) ကို တည်ထောင်ကြသည်။ ဗမာပြည်ကွန်မြူနစ်ပါတီ၊ အလံနီကွန်မြူနစ်ပါတီ၊ ပြည်သူ့ရဲဘော်ပါတီနှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တို့နှင့် ချိတ်ဆက်၍ ဆောင်ရွက်ကြရန် သဘောတူကြသည်။ ၁၉၅၄ ခုနှစ်တွင် မွန်မျိုးနွယ်ဖြစ်သော ထိုင်းစစ်သေနာပတိ ဖီဘွန်း ဆွန်ခန်း (Phibun Songkhram) သည် နိုင်ရွှေကျင်နှင့် ကရင်ခေါင်းဆောင်များနှင့် လျှို့ဝှက်ဆွေးနွေးပွဲများ ကျင်းပခဲ့ပြီး ထိုင်း၏ မဟာဗျူဟာတွင် မွန်နှင့် ကရင်တို့အား ကြားခံအဖြစ် ရှိခဲ့သည်။ ၁၉၅၇ နှစ်ဦးတွင် မွန်ပြည်သူ့တပ်ဦး၊ ကေအင်ယူနှင့် ဗမာပြည်ကွန်မြူနစ်ပါတီတို့ ပဲခူးရိုးမတွင် စုစည်းဆွေးနွေးပြီး ၃ ပါတီပူးတွဲ ဗဟိုအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် ဦးနုအစိုးရက လက်နက်နှင့် ငြိမ်းချမ်းရေး ဖိတ်ခေါ်ခဲ့ပြီး မွန်ပြည်နယ်တည်ထောင်ရန် ဆန္ဒများ ပြသခဲ့သည်။ ဤကမ်းလှမ်းမှုများသည် ကွန်မြူနစ်များကို ဘက်ဖဲ့သည့်ဗျူဟာ ဖြစ်သော်လည်း မွန်အမျိုးသားလှုပ်ရှားမှုကို ကွဲပြားစေခဲ့သည်။ အချို့မှာ နှစ်ပေါင်းများစွာ ကြာမြင့်သော ပြောက်ကျားစစ်ပွဲကြောင့် ပင်ပန်းနွမ်းနယ်နေပြီး နိုင်ငံရေး အခွင့်အရေးကို သိမြင်သဖြင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။ အားနည်းနေသည့် MPF သည် လွတ်ငြိမ်းချမ်းသာခွင့်ကို လက်ခံခဲ့ပြီး တရားဝင် နိုင်ငံရေးသို့ ပြန်လည်ဝင်ရောက်ခဲ့ကာ ပါလီမန် လှုပ်ရှားမှုများနှင့် ဖက်ဒရယ်လစ် ပဏာမခြေလှမ်းများတွင် ပါဝင်ခဲ့သည်။ သို့ရာတွင် ထိုဆုံးဖြတ်ချက်ကို အဝေးရောက် ခေါင်းဆောင်များနှင့် ညှိနှိုင်းခြင်း မပြုတော့ပဲ ၁၉၅၈ ခုနှစ်တွင် လက်နက်ချခဲ့ကြရာ မွန်တို့လက်နက်ရော၊ ထိန်းချုပ်ဒေသများပါ လက်လွတ်ဆုံးရှုံးရပြီး မော်လမြိုင်တွင် နိုင်ငံရေးလုပ်မည့် ရုံးခန်းလေး တခန်းသာ ဖွင့်လှစ်လိုက်နိုင်သည့်အခြေအနေ ဆိုက်သွားရတော့သည်။ နောင်တွင် ယင်းဖြစ်စဉ်ကို ဦးဆောင်ခဲ့သည် နိုင်ငွေသိမ်းက “ပြည်နယ်တွေ ပေးမယ်ဆိုပြီး လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်ခဲ့ရတယ်….. (တိုင်းရင်းသားအခွင့်အရေး) မရခဲ့ဘူး” ဟု ဘီဘီစီနှင့် အင်တာဗျူးတခုတွင် ဖြေကြားခဲ့သည်။ မကြာမီ သန့်ရှင်းမွန်၊ တည်မြဲမွန်၊ မွန်တိုးတက်ရေး စသည်ဖြင့် မွန်အဖွဲ့ပေါင်းစုံပေါ်လာရာ မွန်ပြည်သူ့တပ်ဦးမှစုပေါင်းကာ မွန်ပြည်နယ်ဖော်ထုတ်ရေးကော်မတီတရပ်ကို ဖွဲ့စည်းသည်။ ပမညတ အဖွဲ့ဝင်အဖြစ်လည်း ဆောင်ရွက်သည်။ တပြိုင်တည်းတွင် လက်နက်ချပြီးနောက် မွန်ဒေသသို့ ပြန်ရောက်လာသော နိုင်ရွှေကျင်မှ လက်နက်မချနိုင်ကြောင်းငြင်းဆိုကာ ၁၉၅၈ ခု တွင် မွန်ပြည်သစ်ပါတီ (NMSP) ကို ဖွဲ့စည်းလေသည်။ လက်နက်လည်းမရှိသလောက် ဖြစ်သွားသလို တဘက်ကလည်း မွန်တပ်မှ ယခင်အုပ်ချုပ်ရာဒေသများတွင် KNU မှ အုပ်ချုပ်နေပြီဖြစ်သဖြင့် နေရာအခက်အခဲလည်း ရှိသည်။ ၁၉၅၈ ဗိုလ်နေဝင်းထံ အာဏာလွှဲပေးလိုက်မှုက ပါလီမန်ဒီမိုကရေစီကို ဆိုင်းငံ့ခဲ့ပြီး တိုင်းရင်းသားလူမျိုး ကိုယ်စားပြုမှုကတိမှာ မှေးမှိန်သွားခဲ့သည်။ ဗိုလ်နေဝင်းစစ်တပ်၏ တိုင်းရင်းသားဟူသည့် အတွေးအခေါ်သည် အခြားအမျိုးသားလူထုများကို ဗမာများဟူသည့် ကိုယ်ထည်တွင် ကင်းခြေများ၏ ခြေထောက်များပမာ လာကပ်ရမည်ဟုသာ ဆိုလိုသည်။ တိုင်းရင်းသားဆိုသည့် စကားမှာ လူနည်းစုများကို ခွဲခြားသတ်မှတ်ရန်နှင့် စီမံခန့်ခွဲရန် ကိရိယာတခု ဖြစ်လာခဲ့သည်။ မွန်လူမျိုးများအတွက် နောက်ဆက်တွဲ ဆယ်စုနှစ်များသည် လက်နက်ကိုင် တိုက်ပွဲ၊ နိုင်ငံရေး ကွဲပြားမှုနှင့် ယဉ်ကျေးမှု တိုက်စားမှုတို့ဖြင့် ရောပြွမ်း၍သာ နေခဲ့တော့၏။ မွန်တို့အတွက် တရားမျှတမှုမရှိသော လွတ်လပ်ရေးသည် နယ်ချဲ့မှု၏ ပုံစံသစ် ဖြစ်လာသည်။ သို့သော် နိုင်ရွှေကျင်က အပစ်အခတ်ရပ်စဲရေးကို လက်နက်ချခြင်းဟု မြင်ခဲ့သည်။ ပိုမိုပြင်းထန်သော အတွေးအခေါ်များ ရလာသလို လက်ဝဲကွန်ရက်များနှင့် ပိုမိုနီးစပ်သော ဆက်ဆံရေးများ ရှိလာခြင်းလည်း ဖြစ်သည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် အစိုးရအောက် တရားဝင်လမ်းကြောင်း ရှာဖွေသူများနှင့် လက်နက်ကိုင် ခုခံမှုသည် မွန်လွတ်မြောက်ရေးအတွက် တခုတည်းသော ဖြစ်နိုင်ခြေဟု ယုံကြည်သူများကြား ကွဲလာပြန်သည်။ နောက်ရွေးကောက်ပွဲတွင် ဦးနုအာဏာပြန်ရလာပြန်သည်။ ဦးနု ကတိပေးလာသည့် ဖက်ဒရယ်လစ် လှုပ်ရှားမှုသည် မျှော်လင့်ချက်အချို့ကို ပေးခဲ့သည်။ ၁၉၆၀ တွင် မွန်ရဟန်းတော်များ နာယကပြုသည့် မွန်ပြည်နယ် အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီ (Mon State Implementation Steering Committee) တည်ထောင်သည်။ သို့သော် ၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်နေဝင်း၏ အာဏာသိမ်းမှုဖြင့် ရုတ်တရက် အဆုံးသတ်ပြန်သည်။ စစ်အစိုးရသစ်၏ မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ်လမ်းစဉ် (Burmese Way to Socialism) အောက်တွင် တိုင်းရင်းသား အခွင့်အရေးများကို နှိမ်နင်းခဲ့သည်၊ ဘာသာစကားများကို ကျောင်းများမှ ပိတ်ပင်ခဲ့ပြီး လူနည်းစု ခေါင်းဆောင်များကို အစုလိုက်အပြုံလိုက် ဖမ်းဆီးခဲ့သည်။ မက်ခဲ့သည့် ဆွစ်ဇာလန်ပုံစံ ဖက်ဒရယ်အိပ်မက်များကို တပါတီအာဏာရှင် အမျိုးသားရေးဝါဒ၏ စစ်ဖိနပ်အောက်တွင် မြှုပ်နှံလိုက်ပြန်သည်။ လက်နက်အတွက် လက်နက်ကျန်သမျှ မွန်အဖွဲ့စုံကို ပေါင်းရန်ဖိတ်ခေါ်လေရာ ရောက်လာသူများတွင် စရိုက်စုံပါလာခဲ့ပြန်တော့သည်။ ထို့ကြောင့် အဖွဲ့များပေါင်းစည်းမရပဲ၊ အချင်းချင်း အသေပစ်ခတ်ကြခြင်းများ ဖြစ်လာပြီး အဖွဲ့များထပ်မံကွဲလေတော့သည်။ တဘက်တွင် KNU ကလည်း နဂိုနေရာတွင် ပေးမနေတော့ပဲ ဘုရားသုံးဆူဘက်သို့ ရွှေ့ခိုင်းလေတော့သည်။ နိုင်ရွှေကျင်လည်း ရေးနယ်တဝိုက်တွင် ဆက်လက်ရှိနေသည်။ ၁၉၆၁ မှသာ မွန်ပြည်သစ်ပါတီတွင် လူငယ်အင်အားများ ပြန်လည်ရောက်ရှိလာခဲ့သည်။ ၁၉၆၆ အထိတွင် တော်လှန်ရေး၏ရန်စွယ် လက်နက်ကိုင် ရမ်းကားမှုများ မျိုးစုံကို တန်ပြန်ထိန်းချုပ်ခဲ့ရသည်။ ၁၉၆၇ တွင်မူ ရေး-သံဖြူဇရပ် ကားလမ်းနောက်ခြမ်းကို မွန်ပြည်သစ်ပါတီထံ ကေအန်ယူမှ လွှဲပြောင်းပေးခဲ့သည်။ ၁၉၇၀ ပြည့်နှစ်သည် မွန်အမျိုးသားတို့၏ လွတ်မြောက်ရေးခရီးတွင် အရေးပါသော မှတ်တိုင်တခု ဖြစ်သည်။ ထိုနှစ်တွင် မွန်ပြည်သစ်ပါတီသည် CIA ၏ နောက်ခံအင်အားဖြင့် လှုပ်ရှားနေသော ဦးနု၏ ပါလီမန်ဒီမိုကရေစီပါတီ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ချင်းဒီမိုကရေစီပါတီတို့နှင့် ပူးပေါင်းကာ အမျိုးသားညီညွတ်ရေးတပ်ဦး (National United Front - NUF) ကို ဖွဲ့စည်းခဲ့သည်။ သို့သော် ဖက်ဒရယ်ပြည်ထောင်စုအတွက် တောင်းဆိုသောအခါ ဦးနုသည် ထိုတပ်ဦးမှ နှုတ်ထွက်သွားခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ထိုနှစ် ဩဂုတ်လတွင် မွန်ပြည်သစ်ပါတီသည် ၎င်း၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA) ကို စတင်ဖွဲ့စည်းနိုင်ခဲ့သည်။ ၁၉၇၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ကာလတွင် မွန်အမျိုးသားရေးလှုပ်ရှားမှုသည် ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ဆက်လက်ပေါ်ပေါက်ခဲ့သည်။ ၁၉၇၄ ခုနှစ် မတ်လတွင် မဆလ အစိုးရသည် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ပြဋ္ဌာန်းခဲ့ပြီး မွန်ပြည်နယ်ကို ဖန်တီးပေးခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် မွန်ပြည်သစ်ပါတီသည် KNU, KNPP, KIO, ALP, SURA, LNUP, UPNO, ANLP, PSLP နှင့် KNLP တို့နှင့်အတူ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (National Democratic Front - NDF) ကို ပူးပေါင်းတည်ထောင်ခဲ့သည်။ သို့သော် ၁၉၈၀ ခုနှစ် အောက်တိုဘာလ ဘုရားသုံးဆူညီလာခံမှစ၍ မွန်ပြည်သစ်ပါတီသည် နိုင်ရွှေကျင်အဖွဲ့နှင့် နိုင်နွန်လား (နိုင်ဆိတ်နို့) အဖွဲ့ဟူ၍ နှစ်ခြမ်းကွဲသွားခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် နိုင်ဆိတ်နို့၏ NMSP သည် NDF သို့ ပြန်လည်ပူးပေါင်းခဲ့သည်။ ၁၉၈၄ ခုနှစ်တွင် ဘုရားသုံးဆူတိုက်ပွဲဖြစ်ပွားခဲ့ပြီး မွန်အများအပြားသည် ထိုင်းနိုင်ငံဘက်သို့ စစ်ဘေးရှောင်ခဲ့ကြရသည်။ သို့သော် ၁၉၈၇ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့တွင် မွန်ပြည်သစ်ပါတီသည် နှစ်ခြမ်းပြန်လည်ပေါင်းစည်းနိုင်ခဲ့ပြီး နိုင်ရွှေကျင်သည် ဥက္ကဋ္ဌဖြစ်လာကာ နိုင်ဆိတ်နို့သည် ဒုတိယဥက္ကဋ္ဌဖြစ်လာခဲ့သည်။ မကြာမီ ၁၉၈၈ ခုနှစ် ဩဂုတ်လ ၂၃ ရက်နေ့မှ စက်တင်ဘာလ ၁၈ ရက်နေ့အထိ ဘုရားသုံးဆူတွင် မွန်-ကရင် အဓိကရုဏ်းများ ဖြစ်ပွားခဲ့သည်။ ၁၉၈၈ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိသည် မွန်အမျိုးသားရေးလှုပ်ရှားမှုအတွက် အပြောင်းအလဲများသော ကာလဖြစ်သည်။ ၁၉၈၈ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့တွင် မွန်အမျိုးသားဒီမိုကရက်တစ်တပ်ဦး (MNDF) ကို ဖွဲ့စည်းခဲ့ပြီး နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ဒီမိုကရက်တစ်အင်အားစုများ မဟာမိတ်အဖွဲ့ (DAB) ကို ဖွဲ့စည်းခဲ့သည်။ သို့သော် ၁၉၉၀ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ဘုရားသုံးဆူသည် သိမ်းပိုက်ခံခဲ့ရသည်။ မတ်လ ၂၂ ရက်နေ့တွင် MNLA နှင့် အလုံးစုံ မြန်မာနိုင်ငံ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ ပူးပေါင်း၍ ရေးမြို့သိမ်းတိုက်ပွဲကို ဆင်နွှဲခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ပေ။ ၁၉၉၀ ခုနှစ်မှ ၁၉၉၄ ခုနှစ်အထိ မွန်စစ်ဘေးရှောင်စခန်းများသည် ပိုမိုခိုင်မာလာခဲ့သည်။ ၁၉၉၃ ခုတွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့ (SLORC/နဝတ) နှင့် မွန်ပြည်သစ်တို့သည် အပစ်အခတ်ရပ်စဲရေးအတွက် စတင်ဆွေးနွေးခဲ့ကြသည်။ ၁၉၉၄ ခုနှစ် မတ်လနှင့် ဇွန်-ဇူလိုင်လတို့တွင် နှစ်ကြိမ်ထပ်မံဆွေးနွေးခဲ့သော်လည်း မွန်တို့၏ တောင်းဆိုချက်များကို ပယ်ချခံခဲ့ရသည်။ ထို့အပြင် ၁၉၉၄ ခု ဇူလိုင်နှင့် စက်တင်ဘာလများတွင် ခလောက်ဂနီ (Halochane) စစ်ဘေးရှောင်စခန်းသည် မြန်မာစစ်တပ်၏ တိုက်ခိုက်မှုကို ခံခဲ့ရသည်။ ၁၉၉၅ ခုနှစ်၊ ဇွန်လ ၂၉ ရက်တွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲကြောင်း သဘောတူညီမှု ရယူထားသော်လည်း စစ်အစိုးရမှ နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် ဖိအားပေးခြင်းကြောင့် ၂၀၁၀ ခုနှစ် ဧပြီလမှစကာ နှစ်ဖက်ညှိနှိုင်းမှု ပြတ်တောက်သွားခဲ့သည်။ ဦးသိန်းစိန် အစိုးရလက်ထက် ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်မှုအပေါ်တွင်မူ အခြား တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့များနှင့်အတူ ဆောင်ရွက်ခဲ့ပြီး ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေးအတွက် နှစ်ဖက်သဘောတူညီမှု ရရှိခဲ့သော်လည်း ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် ပြုလုပ်သည့် NCA လက်မှတ်ထိုးပွဲတွင်တော့ မွန်ပြည်သစ်ပါတီအနေဖြင့် ပါဝင်လက်မှတ်ရေးထိုးခြင်း မပြုခဲ့ပါ။ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သည့် သမ္မတ ဦးထင်ကျော် လက်ထက်တွင်မှသာ အစိုးရနှင့် NCA လက်မှတ်ရေးထိုးခဲ့ပြီး ယင်း NCA အရ ဖြစ်ပေါ်လာသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် လိုက်ပါဆောင်ရွက်ခဲ့ပါသည်။ ဤကွဲအက်မှုများကြားမှပင် NMSP သည် ဒုက္ခသည်များ ပြန်လည်နေရာချထားရေးနှင့် မွန်စာပေနှင့် အမျိုးသားကျောင်းစနစ်များ တိုးချဲ့ခြင်းအပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကြိုးပမ်းမှုများကို ဆက်လက်လုပ်ဆောင်ခဲ့ပြီး၊ ယဉ်ကျေးမှုအမှတ်အသားကို ထိုမူဘောင်အတွင်း ထိန်းသိမ်းရန် ကြိုးပမ်းခဲ့သည်။ နိုင်ငံရေးအရ မွန်ညီညွတ်ရေးအဖွဲ့ချုပ် ဖွဲ့စည်းခြင်းသည် မွန်နိုင်ငံရေးအင်အားစုများ စည်းလုံးရန် ကြိုးပမ်းမှုတခုကို ပြသခဲ့သော်လည်း၊ MNDF နှင့် အခြားသူများ၏ ၁၉၉၀ ရွေးကောက်ပွဲရလဒ်များကို အသိအမှတ်ပြုရန် တောင်းဆိုမှုသည် လျင်မြန်သော အစိုးရ၏ ဖိနှိပ်မှုနှင့် ရင်ဆိုင်ခဲ့ရပြီး၊ NMSP ကို အန္တရာယ်ရှိသော အနေအထားသို့ တွန်းပို့ကာ အပစ်အခတ်ရပ်စဲရေးမှ ပေးအပ်ထားသော နိုင်ငံရေးနယ်ပယ်၏ ပြင်းထန်သော ကန့်သတ်ချက်များကို ထင်ရှားစေခဲ့သည်။ ဤဖိနှိပ်မှုသည် အတွင်းကွဲပြားမှုများကို နက်ရှိုင်းစေခဲ့ပြီး၊ NMSP ၏ မွန်ညီညွတ်ရေးအဖွဲ့ချုပ်မှ နုတ်ထွက်ခြင်းနှင့် ပါတီတွင်း အပစ်အခတ်ရပ်စဲရေးကို ဆန့်ကျင်သော ခံစားချက်များ ပြောင်းလဲလာခြင်းတို့ကို ဖြစ်စေခဲ့သည်။ ၂၀၀၁ ခုတွင် ဗိုလ်မှူးကြီးနိုင်ပန်းညွန့် ဦးဆောင်သော MNLA အဖွဲ့ဝင် ၁၅၀ သည် အပစ်ရပ်ရန် မလိုလား၍ ရေး-ရေဖြူဒေသတွင် စစ်တပ်နှင့် MNLA နှစ်ခုစလုံးကို ဆန့်ကျင်သော မွန်အမျိုးသားကာကွယ်ရေးတပ်မတော်သို့ ပူးပေါင်းသွားသည်။ မွန်ပြည်ပြန်လည်ထူထောင်ရေးတပ်မတော် (Monland Restoration Army - MRA) နှင့် နိုင်ငံရေးတောင်ပံဖြစ်သော ဟံသာဝတီပြန်လည်ထူထောင်ရေးပါတီ (Hongsawatoi Restoration Party – HRP) ဖွဲ့စည်းခြင်းသည် မွန်အဖွဲ့အစည်းများအတွင်း မွန်လူမျိုးများ၏ နိုင်ငံရေးကိုယ်စားပြုမှုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဆိုင်ရာ မဖြေရှင်းနိုင်သေးသော အခြေခံကျသော မကျေနပ်ချက်များကို မီးမောင်းထိုးပြ၏။ ၂၀၀၁ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ နောက်ဆက်တွဲ နှစ်နှစ်ဆယ်ကာလသည် မွန်အမျိုးသားနိုင်ငံရေးအတွက် ရှည်လျားလိမ်ကောက်သော လမ်းကြောင်းတခုပင်။ ၂၀၀၀ ပြည့်နှစ်အစောပိုင်း၏ ကွဲပြားမှုမှ ပိုမိုစည်းလုံးညီညွတ် ရပ်တည်ချက်ဆီသို့ ရွေ့လျားခဲ့သည်။ ခွဲထွက်အဖွဲ့များသည် အစပိုင်းတွင်လှုပ်ရှားမှုများရှိကြသော်လည်း မကြာမီ မှေးမှိန်သွားခဲ့ပြီး၊ ကျယ်ပြန့်သော ထောက်ခံမှုမရှိဘဲ လက်နက်ကိုင်ခုခံမှုကို ထိန်းသိမ်းရန် မဖြစ်နိုင်ပေ။ အရေးပါသော အလှည့်အပြောင်းတခုသည် ၂၀၀၉-၂၀၁၀ ဝန်းကျင်တွင် ပေါ်ပေါက်ခဲ့ပြီး၊ NMSP သည် တပ်မတော်၏ အမိန့်အောက်တွင် နယ်ခြားစောင့်တပ်ဖွဲ့များအဖြစ် ပြောင်းလဲရန် စစ်အစိုးရ၏ တောင်းဆိုမှုကို ခိုင်မာစွာ ငြင်းဆန်ခဲ့ပြီး၊ ၎င်းတို့၏ လိုက်လျောညီထွေဖြစ်မှု၏ ကန့်သတ်ချက်များကို ထင်ရှားစေခဲ့သည်။ ၂၀၁၁ ခုနှစ်၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှုသည် လမ်းကြောင်းသစ်များကို ဖွင့်လှစ်ပေးခဲ့ပြီး၊ ၂၀၁၅ ခုနှစ်တွင် NMSP သည် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် ပါဝင်ခဲ့ပြီး၊ ပြောင်းလဲနေသော နိုင်ငံရေးအခြေအနေအတွင်း ဆွေးနွေးမှုကို မဟာဗျူဟာမြောက် လက်ခံခြင်းကို ပြသခဲ့သည်။ ဤကာလအတွင်း NMSP အတွက် အဖွဲ့အစည်းဆိုင်ရာ တိုးတက်မှုနှင့် နယ်မြေစည်းလုံးမှုလည်း တွေ့ရှိခဲ့ရသည်။ ဤပါဝင်ပတ်သက်မှုကြားမှပင် အရပ်သားအစိုးရလက်အောက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် ဖက်ဒရယ်စနစ်၏ အဓိကပြဿနာများတွင် တိုးတက်မှုအနည်းငယ်သာ ရှိခဲ့ပြီး၊ စစ်တပ်၊ အစိုးရနှင့် လူများစု၏ အမြဲတစေ လွှမ်းမိုးမှုကို ခံရစေခဲ့သည်။ သို့သော်လည်း အပစ်အခတ်ရပ်စဲရေးကြာကြာရှိခြင်းသည် မွန်အသိုင်းအဝိုင်းအတွင်း ယဉ်ကျေးမှုနှင့် ပညာရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်း ခွင့်ပြုခဲ့သည်။ လှုပ်ရှားရာနယ်မြေ ထိစပ်နေခြင်းကြောင့် ကရင်အမျိုးသားအစည်းအရုံး (KNU/KNLA) နှင့် NMSP တို့၏ အောက်ခြေတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲအချို့ ရှိခဲ့ပြီး မကြာခဏ တွေ့ဆုံဆွေးနွေးရန် ကြိုးပမ်းခဲ့ရသည်ကို တွေ့ရပါသည်။ ၂၀၁၉ ခုနှစ် အောက်တိုဘာလအတွင်း KNU တပ်မဟာ ၆ ခေါင်းဆောင်များနှင့် NMSP ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပြီးနောက် အင်အားသုံးဖြေရှင်းခြင်း မပြုဘဲ တွေ့ဆုံဆွေးနွေး အဖြေရှာရန်နှင့် မွန်-ကရင် ပြည်သူလူထု အချင်းချင်း ငြိမ်းချမ်းစွာ အတူနေထိုင်သွားကြရန် သဘောတူညီမှု ရရှိခဲ့သည်။ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၁ ရက်တွင်တော့ KNU/KNLA PC နှင့် NMSP အကြား နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် နှစ်ဖက် တွေ့ဆုံဆွေးနွေးခဲ့ရပါသည်။ ၂၀၂၀ ပြည့်နှစ်တွင် NMSP သည် နှိုင်းယှဉ်အားဖြင့် စည်းလုံးညီညွတ်မှုနှင့် စွမ်းဆောင်ရည်ကို ရရှိခဲ့သော်လည်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုင်ရာ အခြေခံပြဿနာများသည် မဖြေရှင်းနိုင်သေးဘဲ၊ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပေါ်လာမည့် သိသိသာသာ ပြောင်းလဲမှုများအတွက် အခြေခံအုတ်မြစ်ချပေးခဲ့ပြီး၊ ဆယ်စုနှစ်များစွာ မွန်နိုင်ငံရေးတိုးတက်ပြောင်းလဲမှုကို ပုံဖော်ခဲ့သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်အသံရှိနေခဲ့သည်။ စစ်အာဏာသိမ်းကာလအစတွင် PPST နှင့်အတူ ရပ်တည်ခဲ့သော်လည်း လက်ရှိတွင် PPST မှ နှုတ်ထွက်ထားသည်။ မွန်တို့၏ ပါတီနိုင်ငံရေးလှုပ်ရှားမှုများမှာ အောက်ပါအတိုင်းဖြစ်သည်။ ၁၉၈၈ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့တွင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ (Mon National Democratic Front) ကို စတင်တည်ထောင်ခဲ့ပြီး ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ၁၉၉၂ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့အား နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းခံခဲ့ရသည်။ ၂၀၁၀ ပြည့်နှစ် မတ်လ ၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် ပါရှိသည့် ပြဋ္ဌာန်းချက်အချို့ကို မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့မှ သဘောမတူသည့်အတွက် မှတ်ပုံတင် ပြန်လည်ပြုလုပ်ခြင်း မရှိခဲ့ပေ။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်ပြီးနောက်ပိုင်း ၂၀၁၂ ခုနှစ် ဧပြီ ၂၆ ရက်နေ့တွင် မွန်ဒီမိုကရေစီပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ခဲ့ပြီး ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်ရရှိခြင်း မရှိခဲ့ပေ။ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (All Mon Region Democracy Party၊ အတိုကောက် AMRDP) သည် ၂၀၁၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၃၄နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြည်သူ့လွှတ်တော် အမတ်နေရာ ၃ နေရာ၊ အမျိုးသားလွှတ်တော် အမတ်နေရာ ၄ နေရာနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော် အမတ်နေရာ ၉ နေရာ အနိုင်ရခဲ့သည်။ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ မွန်အမျိုးသားပါတီ နှင့် မွန်နိုင်ငံရေး စိတ်ဝင်စားသည့်သူများ ပူးပေါင်းပြီး မွန်ညီညွတ်ရေးပါတီအမည်ဖြင့် ပြောင်းလဲဖွဲ့စည်းရန် ရွေးကောက်ပွဲကော်မရှင်ထံသို့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက လျှောက်ထားခဲ့သည်။ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့တွင် မွန်ညီညွတ်ရေးပါတီ တခုတည်းဖြစ်လာခဲ့သည်။ ရှေးမွန်ခေါင်းဆောင်တို့သည် နိုင်ငံခြားသားကို အထင်ကြီးသည့် ရောဂါရှိတတ်ကြသည်။ တပင်ရွှေထီးနှင့် တိုက်စဉ်က ပေါ်တူဂီတို့နှင့်ပေါင်းပြီး အင်းဝနှင့် တိုက်စဉ်က ပြင်သစ်နှင့်ပေါင်းသလို ဗြိတိသျှကိုလိုနီ လက်အောက်တွင်မူ ဗြိတိသျှအုပ်ချုပ်ရေးတွင် လုပ်ဆောင်ကြသူက များပါသည်။ မွန်နှင့်မွန် ပေါင်းမွေးမှ မွန်ဖြစ်သည်ဟူသော အယူအဆအရ ကရင်၊ ဗမာနှင့် အခြားတမြေတည်း နေသူများထက် မြင့်မြတ်သည်ဟု အမြင်ရှိပြီး သွေးနှောသူများကို မွန်လူမျိုးစစ်စစ်ဟု မသတ်မှတ်ပဲ ခွဲခြားသည့်အတွက် လူဦးရေကျုံ့ကျုံ့လာပြီး ပဲခူးနေပြည်တော်ခေတ်ကောင်းစဉ်မှာပင် မွန်စစ်စစ်က ၁၀ ရာနှုန်းအောက်သာ ရှိသည်ဟု Oriental Repertory မှတ်တမ်းတွင် ဖော်ပြထားသည်။[24] ဗမာတို့ကမူ ကချင်၊ ချင်း၊ သျှမ်း ဌာနေဒေသခံ စစ်သည်အားလုံးသာမက လက်အောက်ခံလာသည့် နိုင်ငံခြားသားများကိုပါ ဗမာစိတ်သွင်းပေးကာ ဗမာဟုမှတ်စေသည့်အတွက် ဗမာလူဦးရေမှာ ကြီးမားလာရသည်ဟု G. E. Harvey က မှတ်တမ်းပြု၏။ သင်ခန်းစာယူစရာ ကောင်းပါသည်။ စင်စစ်တွင် မြန်မာ့နိုင်ငံရေးမှာ မွန်လူမျိုး၊ မွန်ဒေသသားတို့၏ ပါဝင်မှုများလွန်းသည်။ ဂျီစီဘီအေ ဥက္ကဋ္ဌ ဦးချစ်လှိုင်မှာ မွန်လူမျိုးဖြစ်သည်။ မွန်မျိုးရိုးဖြစ်သည့် မော်လမြိုင်မှ ဆာဂျေအေမောင်ကြီးသည် မြန်မာ့ဘုရင်ခံ ဖြစ်ဖူးသည်။ ဗြိတိသျှအစိုးရကို စီးပွားရေးအရယှဉ်သတ်ရဲသူ သူဌေးကြီး နာဲအောက် (ဦးနာအောက်)၊ ဗိုလ်ချုပ်အောင်ဆန်းကို ကန္ဒီစာချုပ်အတွက် ခရီးထွက်ရန် ပိုက်ဆံထောက်ပံ့သူ သူဌေးကြီး ဆာဦးသွင်၊ မြန်မာ့ ပထမဆုံးဆရာဝန် ဒေါက်တာရှောလူး၊ မြန်မာနိုင်ငံ၏ ပထမဆုံး ပါရဂူ ဒေါက်တာဘဟန်၊ မြန်မာနိုင်ငံ၏ ပထမဆုံး အမျိုးသမီး မင်းတိုင်ပင်အမတ် ဒေါ်နှင်းမြ၊ မြန်မာနိုင်ငံ၏ ပထမဆုံး အသည်းအစားထိုးကု ဆရာဝန်ကြီး ဒေါက်တာနော်မန်လှ၊ မြန်မာကိုကိုယ်စားပြုကာ လန်ဒန်တွင် အစည်းအဝေးသွားတက်သည့် သမိုင်းဆရာမကြီး ဒေါ်မြစိန်တို့မှာ ထင်ရှားသည်။ မဟာဗမာအဖွဲ့ တည်ထောင်သူ မြန်မာနိုင်ငံ၏ ပထမဆုံး နိုင်ငံတော်အဓိပတိ ဒေါက်တာဘမော်မှာလည်း မွန်သွေးပါသည်။ စာပေတွင်လည်း စာရေးဆရာကြီး မင်းသုဝဏ်နှင့် မော်လမြိုင်သား သိပ္ပံမောင်ဝ တို့မှာ ထင်ရှားသည်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်မှာလည်း မွန်သွေးပါသည်။ ရန်ကုန်၏ သားသတ်သမားအမည်ရ သမ္မတဟောင်းစိန်လွင်မှာလည်း မွန်ပင်ဖြစ်သည်။ အလံနီကွန်မြူနစ် ခေါင်းဆောင် သခင်စိုးမှာလည်း မွန်ဖြစ်သည်။ ယနေ့ခေတ်တွင် တော်လှန်ရေးခေါင်းဆောင် ကိုမင်းကိုနိုင်၊ အငြိမ်းစား သမ္မတကြီး ဦးထင်ကျော်၊ နိုင်ငံရေးသမား လူရွှင်တော်ဇာဂနာတို့သာမက စစ်တပ်ဘက်မှ ဒု-သမ္မတဟောင်း ဦးမြင့်ဆွေ၊ စစ်ကောင်စီ ဒုချုပ်စိုးဝင်း၊ စသူတို့လည်း ရှိသည်။ ဂိုရှယ်လေးတို့ကဲ့သို့ မွန်ဇာတိ အခြားသူများစွာရှိသေးပြီး ရေးပြလျှင် ရှည်လိမ့်မည်။ နိုင်ငံရေးရပ်တည်ချက်က စုံပြီး၊ အမြင်သဘောထားများ ကွဲကာ၊ မွန် (လူမျိုး/ဒေသ) ကိုလည်း ကိုယ်စားပြုခြင်းမရှိတော့ပဲ မြန်မာ့နိုင်ငံရေး အကြီးတန်းနေရာများတွင် ပျံ့နှံ့နေကြသူ များစွာရှိသည်။ မွန်တို့၏ နှောင်းပိုင်းကာလနိုင်ငံရေးမှာ နာမည်ကြီးသည့် မွန်သွေးပါသူ တက်ကြွလှုပ်ရှားသူများနှင့် မွန်အမျိုးသားရေး ထိစပ်မှုနည်းလွန်းသွားခြင်းကလည်း တစတစပိုဖြစ်လာသည်။ နိုင်ငံရေး၊ လူမှုရေး နယ်ပယ်မှ ကျော်ကြားသူများစွာသည် မွန်အမျိုးသားရေးအတွက် အနည်းငယ်မျှသာ လုပ်ဆောင်ခြင်းရှိသလို၊ အချို့ကလည်း လုပ်ဆောင်ခြင်း ထိစပ်ခြင်းလုံးဝမရှိကြသည်ကို တွေ့ရမည်။ မွန်မျိုးရိုးသီးသန့်မှ ပေါက်ဖွားသူများပင် မွန်အမျိုးသားစိတ်ကို ထိန်းသိမ်းရန် ခက်ခဲသည့်အကြောင်းရင်းမှာ ဗမာများကြားတွင် အနေများပြီး၊ လူမှုစီးပွား ချိတ်ဆက်ကြသလို၊ ခေတ်အခြေအနေ အကြောင်းအရ မွန်စကားမတတ်သူတို့ ဖယ်ကျဉ်ခံရသည့်အတွက်လည်း ပါဝင်သည်။ လက်ရှိတွင် နိုင်ဟံသာသည် အခြားလူမျိုးများတွင်ပါ ထင်ရှားသော်လည်း အမျိုးသားနိုင်ငံရေးကို အကြီးပိုင်းဖြစ်လာပြီ ဖြစ်ကာ ထပ်မံဆက်ခံဦးဆောင်နိုင်မည့် အခြားလူမျိုးများတွင်ပါ လေးစားထင်ရှားရသည့် မွန်အမွေအနှစ်ကို နားလည်သည့် မွန်အမျိုးသားလူထု ခေါင်းဆောင်မျိုးဆက်သစ်များ မရှိတော့ချေ။ ၂၀၂၁ အာဏာသိမ်းပြီး ဧပြီတွင် မွန်ပြည်နယ် ယာယီညှိနှိုင်းရေးကော်မတီ (MSICC) ကို ဖွဲ့စည်းခဲ့၏။ NUCC ၏ ကနဦးတည်ထောင်သူ အဖွဲ့ဝင်ဖြစ်ပါသည်။ ၂၀၂၃ ဇန်နဝါရီတွင် မွန်ပြည်နယ် ဖက်ဒရယ်ကောင်စီ (MSFC) အဖြစ် ပြောင်းလဲခဲ့သည်။ MSFC တွင် မွန်ပြည်တော်လှန်ရေးတပ် (MSRF) နှင့် မွန်ပြည်ကာကွယ်ရေးတပ် (MSDF) တို့ရှိသည်။ (အလားတူ စင်ပြိုင်အဖွဲ့အနေဖြင့် မွန်ပြည်နယ်အတွင်း ၂၀၂၀ ရွေးကောက်ခံ NLD လွှတ်တော်ကိုယ်စားလှယ်များ ဖွဲ့သော Mon State Consultative Council – MSCC လည်း ရှိသည်။ သို့ရာတွင် နိုင်ငံတော်ကျောရိုးမမှ ပေါ်လာခြင်းဖြစ်သည့်အတွက် ဌာနေတိုင်းရင်းသားကဏ္ဍတွင် အကျယ်မရေးတော့ပါ။) စစ်အာဏာရှင်ကို ဆန့်ကျင်ရန် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) ခေါ် NMSP(AD) သည် ၂၀၂၄ ဖေဖော်ဝါရီတွင် မွန်ပြည်သစ်ပါတီမှ ခွဲထွက်ခဲ့သည်။ ၂၀၂၄ နိုဝင်ဘာတွင် NMSP(AD) သည် အခြားမွန်အင်အားစုများဖြစ်သော MLA, MSRF, MSDF တို့နှင့် ပူးပေါင်းကာ တခုတည်းသော မွန်တပ်မတော်အဖြစ် ပေါင်းစည်းရန် ကြံရွယ်ခဲ့သည်။ ၂၀၂၅ ဇန်နဝါရီတွင် NMSP(AD), MLA, MSDF, MSRF တို့သည် ရာမညပူးတွဲစစ်ကြောင်း ကို ဖွဲ့စည်းခဲ့သည်။ ၂၀၂၅ မေတွင် NMSP(AD) ၏ စစ်ရေးတောင်ပံ MNLA-AD နှင့် MLA တို့ပူးပေါင်း၍ ရာမညမွန်တပ်တော် ကို တည်ထောင်ခဲ့သည်။ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) သည် စစ်အာဏာရှင်ကို တိုက်ဖျက်ရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို တည်ထောင်ရန် ရည်ရွယ်ထားပြီး TNLA ထံမှ သင်တန်းဆင်းသည်။ အခြားမွန်လက်နက်ကိုင်အဖွဲ့များသည် ကရင်နှင့်ထားဝယ်အဖွဲ့များနှင့်လည်း ပူးပေါင်း၍ ဆောင်ရွက်လျက် ရှိသည်။ [1] တိကျမှုနှင့် ပတ်သက်၍ အငြင်းပွားမှုများ ရှိသော်လည်း ပုဂံတွင် မွန်ယဉ်ကျေးမှုလွှမ်းမိုးခြင်း၊ ဒွာရဝတီတွင် မွန်ယဉ်ကျေးမှု လွှမ်းမိုးခြင်းတို့မှာတော့ ငြင်းစရာ မရှိပါချေ။ [2] အစောဆုံး မွန်ယဉ်ကျေးမှုများကို တွေ့ရှိရသည့်နေရာ [3] ပြောလေ့ရှိသည့်ပုံပြင်အရ တဖုဿနှင့် ဘလ္လိက နှစ်ဦးကို မွန်များဟု ဆိုတတ်သည်။ သို့သော် အငြင်းပွားစရာများစွာရှိသည်။ အချို့က သူတို့မှာ မြန်မာနိုင်ငံမွန်များမဟုတ်ဘဲ အိန္ဒိယရှိ ဩစထရို-အေးရှားအနွယ်စကားပြောသည့် မွန်ဒ (Munda) လူမျိုးများ ဖြစ်နိုင်သည်ဟု ဆိုသည်လည်း ရှိသည်။ [4] ထိုင်းနိုင်ငံအတွင်း မွန်ကျောက်စာများ …. နရပထုံနှင့် လော့ဘူရီ [5] ဝင်ကရွာတူးဖော်မှု [6] မြန်မာတွင် ပန်း ၁၀ မျိုးရှိ၍၊ မွန် စာရင်းတွင် ပန်း ၁၂ မျိုးရှိသည်။ ပန်း (မူလ - ပန်) ဟူသော စကားမှာ အတတ်၊ ပညာ၊ အလုပ်ဟု အဓိပ္ပာယ်ရသည့် မွန်စကား ပါန် နှင့် ဆက်နွယ်သည်ဟု ယူဆရသည်။ [7] အိန္ဒိယကျောက်စာများ [8] မဏ္ဍလစနစ်တွင် အုပ်စိုးသူများ၏ ဂုဏ်ကျက်သရေနှင့် ကုသိုလ်တရား၊ မြို့များ၏ သာယာဝပြောမှုနှင့် ဘာသာရေး၊ ကုန်သွယ်ရေးနှင့် အနုပညာတို့ကို ကမကထပြုနိုင်စွမ်းအပေါ် မူတည်၍ အကဲဖြတ်ကြသည်။ [9] မွန်သမိုင်းစာစောင်နှင့် ကုန်သည်များ၏ မှတ်တမ်းများတွင် အိန္ဒိယအယူအဆများ၏ အရေးပါပုံကို တွေ့ရသည်။ [10] ရှင်စောပုသည် မူလက အင်းဝဘုရင်၏ မိဘုရားတဦးဖြစ်သည်။ [11] ဘုရင့်နောင်က ပေါ်တူဂီစစ်သားများစွာ သုံးခဲ့သည်။ [12] Captain Alve [13] အသက်ရှင်ကျန်သူကို မြို့တွင်းအလိုရှိရာ အကုန်ပေးမည်ဟူသော ကတိဖြင့် တိုက်ခိုင်းခြင်း [14] မွန်တို့တွင် မိမိလူအချင်းချင်း မယုံမကြည်ဖြစ်ခြင်းကို သမိုင်းအချိုးအကွေ့များတွင် အမြဲတွေ့ရသည်။ [15] Wilson and Halliday [16] Bangkok's Independent Newspaper [17] ထိုင်းမွန်ယဉ်ကျေးမှုအသွင်ဖြင့် ကမ္ဘာတွင် လက်မှုပညာများ လှည့်လည်ပြသလျက်ရှိသည်။ [18] မော်လမြိုင်နှင့် ပုသိမ်တွင်ထားခဲသည့် မှတ်တမ်းများ ရှိသည်။ [19] မွန်ဖိုးချိုသည် ခရစ်ယာန်တဦးဖြစ်သည့်တိုင် မွန်လူမျိုးတို့၏ ဗုဒ္ဓဘာသာအခြေခံ ဒဏ္ဍာရီကို မပစ်ပယ်ကြောင်း မြင်ရမည် ဖြစ်သည်။ [20] ဖဆပလ ညီလာခံများတွင် တွေ့ရသလို၊ သီးသန့်စကားပြောမှုများတွင်လည်း ဖော်ပြတတ်သည်။ [21] ဦးချန်ထွန်းဝန်ခံခဲ့သည်။ [22] ဝိဓူရသခင်ချစ်မောင်၏ လွှတ်တော်မိန့်ခွန်း - Burmese at the centre of Unity in Leadership [23] MNDO ကို ဖွဲ့စည်းရန်မှာ မတ်လတည်းက သဘောတူထားခဲ့ကြပြီး ဖြစ်သည်ဟုလည်း ဆိုသည်။ [24] Alexander Dalrymple စုစည်းသည့် အရှေ့အိန္ဒိယကုမ္ပဏီမှတ်တမ်းများ
0 Comments
Leave a Reply. |
Site powered by Weebly. Managed by Porkbun