THE CALLING DIGEST
  • Home
  • Politology
    • Our Philosophy
    • Core Index
    • Decentralized Models
    • Cultivating Peace
  • Blog
  • Chronicle
  • About
  • မြန်မာဘာသာ
    • ဆောင်းပါးများ
  • Home
  • Politology
    • Our Philosophy
    • Core Index
    • Decentralized Models
    • Cultivating Peace
  • Blog
  • Chronicle
  • About
  • မြန်မာဘာသာ
    • ဆောင်းပါးများ
Search by typing & pressing enter

YOUR CART

သမိုင်းမှတ်တမ်းနှင့် စာရွက်စာတမ်းများ (History Records and Documents)

6/17/2025 0 Comments

မဏ္ဍလအုပ်ချုပ်ရေးနှင့် မင်းနေပြည်တော်

 
စံရာတောင်ကျွန်းလုံးသူ့… ဥသျှောင်ကျင်ငယ်လေ… မင်းမျာ့းထိပ်ခေါင်တင်။
သောင်းမြေပြင်ငယ်လေ… ထီးဆူဆူကိုလေ… စိုးလို့ မိုးတော်မူ။
ဘုန်းပန်းငယ်ကြိုင်မွှေး… မြတ်လေးငယ်တူ… ကြူပင်ကြူချည့်လေး။
လေးကျွန်းငယ်ယူသိမ်း… ချမ်းငြိမ်းစကြာ ပိုင်တော်မူချည့်ဘုန်းတော်ရှိန်။

(မြဝတီမင်းကြီးဦးစရေး၊ သာနိုးပျော်ဘွယ် ဘုန်းတော်ဘွဲ့၊ ၁၈၀၅ ခုနှစ်)
 

မြန်မာ့သမိုင်းတွင် ဘုရင်များ၏ဘုန်းတော်ဘွဲ့က အလွန်များလှသည်။ သမိုင်းထက် “ရာဇ-ဝင်” ဟု ဆိုရမည်။ ဗမာ့စကားတွင် ဇမ္ဗူဒီပါတောင်ကျွန်းကို အစိုးရသော၊ သို့မဟုတ် လူမျိုးပေါင်း တရာ့တပါးတို့၏ ထီးဆောင်းမင်း “ရာဇရာဇာ၊ မဟာရာဇာ” ဟု ဆိုတတ်ကြသည်။ မြန်မာနိုင်ငံရှိ မင်းဘုရင်အဆက်ဆက်တို့သည် မိမိတို့ကိုယ်ကိုလည်း အလုံးစုံအစိုးရသူဟု တွေးတတ်ကြသည်။ ပဒေသရာဇ်ခေတ်က အိန္ဒိယနှင့် နီးစပ်သော အုပ်ချုပ်မှုများစွာတို့မှာ ဘုရင်က စကြဝဠာအလယ်ကဲ့သို့နေရာမှစ အာဏာဖြန့်ကျက်သောစနစ် (နောင်တွင် မဏ္ဍလစနစ်ဟုခေါ်လာ) ဖြစ်ကြသည်။ ထို့ကြောင့် အင်ပါယာချဲ့ထွင်ခြင်းမှာ ယနေ့ပုံစံမဟုတ်ဘဲ လက်အောက်ခံရှာမှုမျိုးဖြစ်၍ တရားမျှတသည် (just) ဖြစ်သည်ဟု တွေးတောတတ်ကြသည်။

ဌာနေလူမျိုးစုတို့၏ အုပ်ချုပ်သူများအကြောင်းကိုတော့ ဝတ္ထုမဆန်သော မှတ်တမ်းမှတ်ရာများတွင် အသေးစိတ် ရှာဖွေဖတ်ရှုရန် ခက်ခဲသည်။ ဗမာဘုရင်များ အကြောင်းကိုမူ မှန်နန်းရာဇဝင်၊ ဦးကုလားရာဇဝင် စသည်တို့တွင် ရှာဖွေဖတ်ရှု၍ ရသော်လည်း ဓမ္မဓိဋ္ဌာန်ကျသည်ဟု ယူဆရန်မှာမူ မဖြစ်နိုင်ချေ။ ခေတ်၏ ဘုရင် မကောင်းတာလေးများ ရေးရဲသူကလည်း ရှား၏။ ဘုရင်ကို ဆုံးမလိုလျှင် ရာဇဝင်ဆရာများက ဝတ္ထုရေး၍ တဖက်လှည့်နှင့် ဆုံးမတတ်ကြသည်။

ရှေးဘုရင်များလက်ထက်တလျှောက်လုံး မွန်၊ ရခိုင်၊ ဗမာ၊ သျှမ်းတို့သည် အချင်းချင်း စစ်မက်ပြုကာ နယ်မြေများကို တိုက်ခိုက်သိမ်းပိုက်နေခဲ့ကြသည်။ မွန်-ဗမာနှစ် ၄၀ စစ်ပွဲသည် စစ်သမိုင်းပညာရှင်များအဖို့ စားမြိန်ဟင်းဝိုင်းကဲ့သို့ ဖြစ်သည်ဟု ဆိုရိုးရှိသည်။ မိုးညှင်းသျှမ်းစော်ဘွားသား သိုဟန်ဘွားက အင်းဝတွင် မင်းပြုစဉ် ဗမာများစွာကို သတ်ခဲ့ဖူးပြန်သည်။ မွန်များက အင်းဝကိုနိုင်လျှင်လည်း လူသတ်ခြင်း၊ စာပေများ ဖျက်ဆီးခြင်းတို့ လုပ်သည်။ အလောင်းဘုရားက မွန်များစွာကို မျိုးသုဉ်း၊ စကားသုဉ်း၊ စာပေသုဉ်းသတ်သလို ဘိုးတော်မင်းကလည်း ရခိုင်များစွာကို အစုလိုက်အပြုံလိုက် သတ်ခဲ့သည်။ စစ်ဘုရင်များခေတ်သာ ဖြစ်သည်။ တဘက်နှင့်တဘက် စစ်နိုင်ပါက ရွှေငွေစည်းစိမ်၊ ကျွန်မိန်းမ၊ ကျွန်ယောက်ျားများ  သိမ်းယူကြ၊ ယဉ်ကျေးမှု လက်ရာများစွာကို ဖျက်ဆီးကြသည့် ဥပမာ များစွာရှိပါသည်။ ရှေးခေတ်က စစ်ဘုရင်များစွာ၊ စစ်ဘီလူးများစွာ ရှိခဲ့သော်လည်း စာများတွင်မူ ယင်းစစ်ဘုရင်များကို “ဓမ္မရာဇာ” ဟု မင်းကောင်းမင်းမြတ်များအဖြစ်သာ ဖော်ပြသည်။ မျက်နှာမလှမည်ကတကြောင်း၊ အမှန်အတိုင်း မညှာမတာရေးသူတို့ အသတ်ခံကြရသည်က တကြောင်း၊ သက်ဦးဆံပိုင်ဘုရင် ပဒေသရာဇ်အာဏာအပေါ် ကိုးကွယ်စရာနှယ် ယုံကြည်သည်ကလည်း တကြောင်း ဖြစ်သည်။ မင်းကိုကြည်ညိုသောကြောင့် မြမ္မာဟု ခေါ်သည်ဟုလည်း ဖွင့်ဆိုမှုရှိပြန်သည်။

မြန်မာ့နိုင်ငံရေးစုဖွဲ့မှုသည် နိုင်ငံကြီးတခုအသွင်နှင့် အစဉ်ရှိခဲ့သည်လည်း မဟုတ်ပေ။ ပုဂံအကျပိုင်း ကာလများတွင် သျှမ်းအနွယ်များက အားကောင်းပြီး ခွဲစိတ်ကာအုပ်စိုးသည်။ နောက်ပိုင်းတွင် ဗမာများက အင်အားကြီးလာသည်။ မွန်တို့ အင်အားကြီးလာသော ကာလလည်း ရှိခဲ့သည်။ ရခိုင်တို့ အင်အားကြီးသော ကာလလည်း ရှိခဲ့သည်။ လူမျိုးကို မြင်သောအမြင်မှာလည်း ယနေ့ပုံစံမျိုး လုံးဝမဟုတ်ပေ။ ဒေသမှာလည်း တောများအပြည့်ဖုံးလွှမ်းလျက် လူနေမှုက ယနေ့ပုံစံ မဟုတ်ပေ။ ဧရာဝတီဒေသမှာလည်း တောဖုံးနေခဲ့သည်။ ယဉ်ကျေးမှုလည်း ချိတ်ဆက်ကူးလူးတန်သလောက် အလေ့အထများ ကူးလူးကြသလို ကိုယ့်ဘဝနေနည်းနှင့် ကိုယ်နေကြသည်တို့လည်း ရှိသည်။ ထိုခေတ်က လူမျိုးအမြင်မှာ အများအားဖြင့် ယဉ်ကျေးမှုအုပ်စုများနှင့် ပဒေသရာဇ်မိသားစုအဆက်တို့ သာလွန်စိုးမိုးရေး လုပ်ဆောင်ချက်များသာ ဖြစ်ကြပါသည်။ ကုန်းဘောင်ခေတ် အလယ်ပိုင်းလောက်မှသာ ယနေ့ခေတ်နှင့် ခပ်ဆင်ဆင်တူသည့် လူမျိုးစဉ်းစားချက်မျိုးကို ဥရောပသားတို့ထံမှ ရလာခြင်းဖြစ်သည်။

ယနေ့မြန်မာနိုင်ငံတည်ရှိသည့် မြေကြီး၏ သမိုင်းတလျှောက် နိုင်ငံရေးဆိုင်ရာ မတည်ငြိမ်မှုများ ပြည့်နေခဲ့သည်။ ထို့ပြင် ယနေ့စဉ်းစားသကဲ့သို့သော လူမျိုးအမြင်ဖြင့် အုပ်စိုးသည်လည်း မဟုတ်ပေ။ နယ်မြေနယ်နိမိတ်က နှစ်အပိုင်းအခြားအတိုင်း ပြောင်းလဲနေခဲ့သည်။ ထိုနိုင်ငံများသည် ယနေ့ခေတ်ကဲ့သို့ တိကျစွာသတ်မှတ်သောနယ်နိမိတ်နှင့် ဗြူရိုကရက်ယန္တယား အထိုင်ချထားသည့် ခေတ်သစ်နိုင်ငံများ (Modern States) မဟုတ်ပါချေ။ အင်အားကြီးနေပြည်တော်မှ ပတ်ဝန်းကျင်ဒေသများအပေါ် စစ်ရေးလွှမ်းမိုးထားပြီး ပဏ္ဏာဆက်နိုင်ငံများအဖြစ် တည်ရှိခြင်းက များပါသည်။ စစ်ရေးလှုပ်ရှားမှု၊ အခွန်ဆက်၊ ပဏ္ဏာဆက်ခြင်းနှင့် နိုင်ငံခြားဆက်ဆံရေးတို့ကို နိုင်ငံကြီးက ကိုင်တွယ် ထိန်းကျောင်းလေ့ ရှိသည်။ နိုင်ငံငယ်၊ ဒေသငယ်များမှ ဘုရင်ငယ်များနှင့် စော်ဘွားစသူတို့မှာ အားကြီးသောဘုရင်ကို အစ်ကိုကြီးသဖွယ်ထားကြပြီး မိမိတို့ဒေသကို လွတ်လပ်စွာ အုပ်ချုပ်ခွင့်ရှိခဲ့သည်။ တဘက်ကလည်း အချင်းချင်းမိတ်ဖွဲ့သည့် အနေဖြင့် တော်ဝင်သွေးများကို လက်ထပ်ထားပေးသည်လည်း ရှိသလို၊ နန်းတွင်းလေ့လာရေး သင်ယူမှုခေါင်းစဉ်အောက်မှ ဓားစာခံ၍ခေါ် ထားသည်လည်း ရှိခဲ့သည်။

အနောက်တိုင်းသားများ ရောက်လာပြီးကြာမြင့်လာမှသာ ခေတ်သစ်နိုင်ငံဆန်သည့် အတွေးများ ရလာခြင်းဖြစ်သည်။ အနောက်တိုင်းသားများ နားလည်သည့် ဗြူရိုကရေစီ ယန္တရားနှင့် မြေတိုင်းပညာများ သုံးစွဲကာ လည်ပတ်သည့် စနစ်မျိုးသည် အိန္ဒိယမှုပြုထားသည့် အရှေ့တောင်အာရှ နိုင်ငံများအဖို့ မူရင်းပုံစံ မဟုတ်ပေ။ အိန္ဒိယမှုပြုထားသည့် နိုင်ငံရေးစနစ်များမှာ ဗဟိုချက်တွင် မင်းနေပြည်တော်ရှိပြီး ယင်းဗဟိုချက်မှ အရပ်ရှစ်မျက်နှာဘက်ပေါင်းစုံသို့ အာဏာစက်ဖြန့်ထွက်ရာ၊ ယင်းအာဏာစက်ကို လက်ခံ၍ ပဏ္ဏာလက်ဆောင် ဆက်သွင်းသော အုပ်ချုပ်သူ အခြားမင်းများကို ရှာဖွေသိမ်းသွင်းခြင်း ဖြစ်သည်။ ယင်းသစ္စာခံမှုနှင့် ပဏ္ဏာများ ဆက်သွင်းသော အုပ်ချုပ်သူများမှာလည်း အပြောင်းအလဲ ရှိတတ်သည်။ နယ်နိမိတ်ဘောင်များဖြင့် စဉ်းစားမှု ပြုသည်ထက် ပဏ္ဏာဆက်၊ သစ္စာခံမှုများနှင့် စဉ်းစားခဲ့သော ခေတ်ဖြစ်သည်။ နောင်တွင် ယင်းစနစ်မျိုးကို ခေါ်ဝေါ်လွယ်ကူရန် “မဏ္ဍလစနစ်” ဟု ခေါ်သည်။ အထူးသဖြင့် အေဒီ ၅၀၀ မှ ၁၅၀၀ ခန့်အထိ ဒေသတွင်း အာဏာမည်သို့လည်ပတ်ခဲ့သည်ကို ရှင်းပြရန် O.W. Wolters က ဤစကားလုံးကို အသုံးပြုခဲ့သည်။

"မဏ္ဍလ" ဟူသော စကားလုံးသည် သက္ကတဘာသာစကားတွင် "စက်ဝိုင်း" ဟု အဓိပ္ပာယ်ရသည်။ စက်ဝိုင်းတစ်ခု၏ အလယ်တွင်ရှိသော ဘုရင်တစ်ပါးကို စဉ်းစားကြည့်ပါ။ သူသည် စကြာဝတေးမင်းကဲ့သို့ ဖြစ်သည်။ သိကြားမင်းကဲ့သို့ ဖြစ်သည်။ နတ်ဘုရားကဲ့သို့ ဖြစ်သည်။ သူ့ပတ်လည်ဒေသများတွင် အခြားသော သေးငယ်သည့် အုပ်စိုးသူများရှိသည်။ ဤအုပ်စိုးသူများသည် ဘုရင်ကြီးကို လက်ဆောင်များပေးပြီး သစ္စာရှိရန် ကတိပြုကြသည်။ မဟာမိတ်ပြုသည်။ အပြန်အလှန်အားဖြင့် ဘုရင်ကြီးသည် ၎င်းတို့ကို ကာကွယ်ပေးပြီး ၎င်းတို့ကိုလည်း အရေးပါသူများအဖြစ် ဘွဲ့အမည်များ အပ်နှင်းခြင်း၊ ထင်ရှားစေခြင်းများ ပြုမည်ဖြစ်သည်။ သို့သော် အမြတ်ထုတ်လွန်းခြင်းများ ရှိလာပါက သစ္စာခံမှုရုတ်သိမ်းကာ ပြန်တိုက်ကြပေလိမ့်မည်။

ယနေ့ခေတ်နိုင်ငံများနှင့် မတူဘဲ ဤမဏ္ဍလများသည် တင်းကျပ်သော မြေတိုင်းနယ်နိမိတ်များမရှိပေ။ ဘုရင်၏ လက်တွေ့အာဏာစက်သည် နေပြည်တော်အနီးတွင် အားအကောင်းဆုံးဖြစ်ပြီး ဝေးကွာသွားလေလေ အားနည်းလေလေ ဖြစ်သည်။ အင်ကောဝန်းကျင်ရှိ ခမာအင်ပါယာနှင့် ဂျာဗားရှိ မဂျာပဟစ် ဘုရင့်နိုင်ငံကဲ့သို့သော ကြီးမားသည့် ဘုရင့်နိုင်ငံများသည် မဏ္ဍလများ၏ ကောင်းမွန်သော ဥပမာများဖြစ်သည်။ မြန်မာနိုင်ငံတွင် ပုဂံ၊ တောင်ငူအင်ပါယာများ ဖြစ်သည်။ သို့ရာတွင် ယခုသုံးသည့် “အင်ပါယာ” ဟူသော ဝေါဟာရမှာ အနောက်တိုင်းသားများ သုံးစွဲသည့် ဗြူရိုကရေစီအင်ပါယာကို ဆိုလိုခြင်းမဟုတ်ဘဲ၊ သစ္စာခံ၍ ပဏ္ဏာဆက်သည့် အဝန်းအဝိုင်းကြီးများကို ဆိုလိုခြင်းသာဖြစ်သည်။
အကြီးအကဲ ဘုရင်သည် အံ့သြဖွယ်ရာ စေတီများနှင့် ဘုရားကျောင်းများဖြင့် ခမ်းနားထည်ဝါသော မြို့တော်တွင် စံမြန်းသည်။ ဤမြို့တော်သည် သူ၏အာဏာ အရေးပါမှုကို ပြသခဲ့ပြီး စစ်ရေးနှင့် ဘာသာရေးထံမှ တရားဝင်မှုအာဏာကို ရရှိထားသူပင် ဖြစ်သည်။ ဥပမာအားဖြင့် ဂျာဗားရှိ ဗောရောဗုဓေါဘုရားကျောင်းသည် ယှေလင်္ဒရာ ဘုရင်များ၏ အင်အားကြီးမားမှုကို ပြသခဲ့သည်။ ပုဂံနေပြည်တော်သည် ဗမာဘုရင်၏ အာဏာကို ဖော်ပြနိုင်သည်။ အန်ကောဝတ်သည် ခမာအင်အားကို ပြသနိုင်သည်။

 ဘုရင်ကြီးပတ်လည်ရှိ ပိုမိုအားနည်းသော အုပ်စိုးသူများသည် ဘုရင်ကို ဆန်၊ ငွေ၊ ရွှေ၊ ဆင်၊ မြင်း ကဲ့သို့သော လက်ဆောင်များ ပေးပို့ရသည်။ မြန်မာနိုင်ငံတွင် ဝါဝင် ဝါထွက်များ လာကန်တော့ရသည်။ အဝေးအနီးပေါ် မူတည်၍ ဘယ်နှနှစ်တခါ အခစားဝင်ရန်ဟူ၍ သတ်မှတ်သည်လည်း ရှိသည်။ လေးစားမှုကို ပြသရသည်။ မင်းခမ်းမင်းနားများတွင် လာ၍ အရိုအသေ ပြုရသည်။ စစ်တိုက်သည့်အခါ လိုက်ပါရသည်။ အပြန်အလှန်အားဖြင့် မဟာမိတ်ဆိုင်ရာ ကာကွယ်မှုများကို ရရှိကြသည်။ မဏ္ဍလအသီးသီး၌ လာပို့သော လက်ဆောင်အရေအတွက်များကို စာရင်းပြုစုထားသည်များ မကြာခဏ တွေ့ရသည်။

 အနောက်နိုင်ငံကဲ့သို့ တိကျသောနယ်နိမိတ်ဖြင့် တိုင်းတာ၍ နိုင်ငံကို သတ်မှတ်သည့် စနစ် မဟုတ်ရာ ဘုရင်တပါး၏ ထိန်းချုပ်နယ်မြေသည် သူ၏ အင်အားပေါ်မူတည်၍ ပိုကြီးလာနိုင်သလို သေးငယ်သွားနိုင်သည်။ ဥပမာအားဖြင့် အယုဒ္ဓယနှင့် ဆူခိုထိုင်းဘုရင့်နိုင်ငံသည် အခြားမဏ္ဍလများနှင့် တိုက်ခိုက်ခဲ့ပြီး စစ်ပွဲများတွင် အနိုင်ရခြင်း သို့မဟုတ် ရှုံးနိမ့်ခြင်းပေါ်မူတည်၍ ၎င်း၏ အာဏာများ ပြောင်းလဲခဲ့သည်။ တောင်ငူသည် ဘုရင့်နောင်လက်ထက်တွင် အလွန်ကြီးမားသော်လည်း ဘုရင့်နောင်လွန်သည်နှင့် ပုန်ကန်ထကြွမှု များစွာကို ကြုံရသည်။

 မဏ္ဍလစက်ဝိုင်းများအတွင်း တူညီသော ယုံကြည်ချက်များရှိတတ်သည်ကိုလည်း မမေ့သင့်ပေ။  မြန်မာတွင် ဟိန္ဒူဘာသာနှင့် ဗုဒ္ဓဘာသာကဲ့သို့သော ဘာသာတရားများကို လိုက်နာခြင်းသည် မဏ္ဍလများကို တရားဝင်ညီညွတ်စေရန် ကူညီပေးခဲ့သည်။ ဒေသတွင်း ဘုရင်များသည် ၎င်းတို့အား ဘုရားသခင်/ နတ်များက ရွေးချယ်ထားသူများ၊ သို့မဟုတ် ဗျာဒိတ်ရသူများ၊ သို့မဟုတ် ဗုဒ္ဓနှင့် အမျိုးဆက်စပ်သူများ ဖြစ်ကြောင်း ပြသရန် သမိုင်းများရေး၊ ဘုရားများတည်ကြသည်။

ယင်းမဏ္ဍလများအကြောင်းကို ရှေးဟောင်း ကျောက်စာ၊ ပေစာများတွင် တွေ့ရသည်။ သီရိဝိဇယမှ စာတစ်စောင်တွင် ပင်လယ်ကုန်သွယ်မှုကို မည်သို့ထိန်းချုပ်ခဲ့ပြီး ကမ်းရိုးတန်းအနီးရှိ ခေါင်းဆောင်များထံမှ လက်ဆောင်များ မည်သို့ရရှိခဲ့ကြောင်း ဖော်ပြထားသည်။ ဤကဲ့သို့ ဒေသတွင်း ရှေးစာများကိုလေ့လာရာတွင် အချို့သော အချက်အလက်များသည် ချဲ့ကားထားခြင်း ဖြစ်နိုင်သည်ကို သတိရှိရန်လိုသည်။

မဏ္ဍလစနစ်သည် အရှေ့တောင်အာရှတွင် နယ်နိမိတ်မျဉ်းသေသဘောများထက် ဆက်ဆံရေးများက ပိုအရေးပါသည့် ကိုယ်ပိုင်အုပ်ချုပ်မှုပုံစံရှိကြောင်း ပြသသည်။ သို့ရာတွင် ယင်းစနစ်သည် အခြားသော နိုင်ငံများတွင်လည်း ရှိသည်။ ဥပမာ တရုတ်ချင်နိုင်ငံတော်သည် ကိုရီးယား၊ မြန်မာ စသော နိုင်ငံများကို သူ့လက်အောက်ခံ မဏ္ဍလအဖြစ် သတ်မှတ်ခဲ့သည်။ ရှေး "နိုင်ငံ" ဆိုသည်မှာ အဘယ်နည်းဟု ပြန်မေးရမည်။ တရားသေနယ်နိမိတ်နှင့် သမ္မတ၊ ဝန်ကြီးချုပ်၊ ဘုရင် တပါးရှိသော နိုင်ငံဟူသည့် အတွေးအမြင်ကို မဏ္ဍလစနစ်တွင် မတွေ့ရ။ သမိုင်းစဉ်အရ လူမှုယဉ်ကျေးမှုနှင့် ဘာသာရေးယုံကြည်ချက်များသည် အာဏာတွင် မည်မျှကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ကို ပြသသည်။ ယနေ့အထိပင် အရှေ့တောင်အာရှရှိ နိုင်ငံများ ပူးပေါင်းဆောင်ရွက်ပုံနှင့် ဆက်သွယ်ပုံသည် ဤရှေးဟောင်းမဏ္ဍလစနစ်တွင်ပင် ဇစ်မြစ်ခံလာနိုင်သေးသည်။

0 Comments



Leave a Reply.

    RSS Feed

Site powered by Weebly. Managed by Porkbun