6/18/2025 0 Comments ကရင်နီဒေသနှင့် ကရင်နီများ(ယခုစာမှာ Draft မူကြမ်းဖြစ်၍ အချက်အလက်ကို နောက်ဆုံးအကြိမ် ပြန်လည်မစစ်ဆေးရသေးပါ။)
၁၀ ရာစု ကရင်နီပြည်တွင် စိုက်ပျိုးရေး၊ ဓားလှံနှင့် ကြေးသွန်းလောင်းမှုအတတ်များ ဖွံ့ဖြိုးခဲ့ပုံကို ခရစ်ယာန်သာသနာပြုစာများတွင် တွေ့ရသည်။ ဖားစည်သွန်းလောင်းကာ အသုံးပြုခဲ့သည်တို့ကိုလည်း တွေ့ရသည်။ ဘိုးဖြူလှမင်း (ခ) ဖဘန့်မင်းဆက် ဆောင်ရီဒူမင်းက ၁၇၆၃ ၌ ဘော်လခဲမြို့တွင် ဟော်နန်းစိုက်ထူပြီး ကရင်နီနယ်များကို စုစည်းအုပ်ချုပ်သည်ဟု ဆိုပါသည်။ တဘောလျာနှင့် တခဲလျာ ချောင်းများကို အစွဲပြုကာ တဘောတခဲဟု ခေါ်ရာမှ ဘောလခဲဖြစ်လာခဲ့သည်ဟု ဆိုပါသည်။ မြန်မာမင်းဆက်တို့က ကရင်နီပြည်ကို မိမိတို့ ပိုင်သည့်ပြည်ဟု ဆိုကြသော်လည်း ကရင်နီမှတ်တမ်းများနှင့် ကတ်သိုလစ်မှတ်တမ်းများက သီးခြားဖြစ်သည်ဟု ဆိုကြသည်။ နောက်တဖန် ပဥ္စမမြောက် ဘိုးဖြူလှမင်းလက်ထက်တွင် မင်းမျိုးမင်းနွယ်တဦး (အချို့က အင်းဝမှ ဟုဆိုပြီး အချို့က မွန်-ဗမာကပြားဟုဆို) သည် နောက်လိုက်အင်အား အနည်းငယ်ဖြင့် ဘောလခဲမြို့သို့ ခိုလှုံလာရာမှ စွမ်းဆောင်ရည်ကော၊ ဆွဲဆောင်နိုင်စွမ်းပါရှိသူဖြစ်၍ ခယ်မတော် နှင့် ပေးစားပြီး ပွန်ချောင်းအရှေ့ဘက်ကမ်းသို့ နယ်မြေခွဲပေးအုပ်ချူပ်စေခဲ့ရာမှ အရှေ့ကရင်နီနယ်ဖြစ်လာသည်ဟု ဆိုသည်။ အရှေ့ကရင်နီနှင့် အနောက်ကရင်နီမှာ အုပ်ချုပ်သူများ အမြင်မတူ၊ မသင့်မြတ်ပေ။ အရှေ့ ကရင်နီမှ စောဖျာမှာ ဗမာမင်းများနှင့် ပိုနီးစပ်ပြီး အနောက် ကရင်နီမှာ ဗြိတိသျှတို့နှင့် ပိုမိုနီးစပ်ခဲ့သည်။ ၁၈၀၉ တွင် အရှေ့ကရင်နီစောဖျာဘို့ဖို့ဒူ (ခ) ဖာ့ဖော်ကြီးသည် ဇင်းမယ်ဘုရင်နှင့် မဟာမိတ်စာချုပ်ချုပ်ခဲ့သည်။ ယခင်ကလည်း ယိုးဒယားကို ဗမာတို့တိုက်လာလျှင် ကရင်နီတွင် စစ်ရှောင်တတ်သည်ဟု ထိုင်းစာပေတို့မှ သိရသည်။ ဗမာဘုရင်နှင့် နီးစပ်သည့်ဒေသများမှ တရားရုံးများတွင်လည်း ကယားစကားပြန်များ ထားရှိသည်ဟု မှတ်ကြားသိရှိရသလို မင်းကွန်း-မြင်းခုံတိုင်မင်းသားတို့၏ ပုန်ကန်မှုတွင် မင်းသားတို့က အနောက်စောဖျာနှင့် ပူးပေါင်းပြီး၊ မင်းတုန်းမင်းတပ်များနှင့် အရှေ့စောဖျာတို့ ပူးပေါင်းကာ တိုက်ခိုက်ကြသည်လည်းရှိသည်။ ဗြိတိသျှတို့ကို တော်လှန်သူမှာလည်း အရှေ့ဒေသစောဖျာ စောလဖော် ဖြစ်လေသည်။ ၁၈၁၀ တွင် ရမည်းသင်းဝန်မှ ကရင်နီကိုတိုက်ခိုက်ကာ မိုးဗြဲနှင့် စကွယ်နယ်တို့ကို သိမ်းပိုက်ပြီး ၁၈၂၃ တွင် မိုးဗြဲနယ်သူနယ်သားတို့က ပြန်သိမ်းယူသည်။ ၁၈၂၄ အရှေ့အိန္ဒိယကုမ္ပဏီနှင့် ဗမာတို့စစ်ဖြစ်ပြီး ရခိုင်နှင့် တနသ်ာရီကို ဗြိတိသျှတို့ရရှိသောအခါ ၁၈၂၆ ကရင်နီပြည်ကြယ်ဖိုးကြီးနယ် စောဖျာကေးဖိုးဒူမှ မော်လမြိုင်သို့ ဗြိတိသျှတို့နှင့် မဟာမိတ်ဖွဲ့ရန် မြေးတော်ကို လက်ဆောင်များစွာဖြင့် စေလွှတ်လိုက်သည်ဟုဆိုသည်။ ထို့နောက် ဗမာဘုရင်မှ ကရင်နီပြည်အား ကျူးကျော်တိုက်ခိုက်သည်ကိုတားဆီးပေးရန် (Protectorate) တောင်းဆိုကာ တူမီးသေနတ် အလက်တရာ ဝယ်ခဲ့သည်ဟုလည်း ဆိုသည်။ ဗြိတိသျှတို့ထံ အစောင့်အရှောက်တောင်းခံခြင်းကို ဗြိတိသျှတို့က စိတ်မဝင်စားခဲ့ဟူ၍ သိရသည်။ ၁၈၃၅ တွင် မြန်မာဘုရင်တပ်က ကရင်နီကို ထပ်မံတိုက်ခိုက်ပြန်သော်လည်း မအောင်မြင်ချေ။ ၁၈၃၇ တွင် အနောက်ကရင်နီအင်အားစုများက မိုးဗြဲမှ မြန်မာတပ်ဖွဲ့များကို တိုက်ခိုက်သည်။ ၁၈၃၉ တွင် လွိုင်ကော်မြို့ကို တည်ထောင်ခဲ့သည်။ ၁၈၄၅ ခုနှစ်တွင် မြန်မာဘုရင်က အနောက်ကရင်နီကို ထပ်မံတိုက်ခိုက် ပြန်သော်လည်း မအောင်မြင်ချေ။ ၁၈၅၂ ခုနှစ် အင်္ဂလိပ်-ဗမာ ဒုတိယစစ်ပွဲအပြီး အောက်ဗမာပြည်နှင့် အထက်ဗမာပြည်ခွဲခြားရန် တိုင်းတာချိန် ကြယ်ဖိုးကြီးစောဖျာကြီးမှ စစ်တောင်းမြစ်အရှေ့တောင်တန်း တလျှောက်၊ ပေါင်းလောင်းမှ တောင်ငူအရှေ့တောင်တန်းမှ ကျောက်ဆောင်၊ ကျောက်ညှပ်အထိသည် ဗမာပြည်မဟုတ်ပဲ ကရင်နီပြည်သာ ဖြစ်သည့်အတွက် ဆက်လက်တိုင်းတာခြင်း မပြုရန် ကန့်ကွက်ခဲ့သည်ဟု ကရင်နီသမိုင်းတွင် ဖော်ပြသည်။ ၁၈၅၇ ခုနှစ်တွင် ကရင်နီပြည်ကြယ်ဖိုးကြီးစောဖျာက သားတော်ကို တောင်ငူသို့စေလွှတ်ကာ ဗြိတိသျှဘုရင်ခံကိုယ်စားလှယ်နှင့် ချစ်ကြည်ရေးမဟာမိတ်စာချုပ်ကို ဇန်နဝါရီလ ၁၆ တွင် ချုပ်ဆိုသည်။ ထို့ကြောင့် ဗမာဘုရင်တပ်များကို ဘုရင်ခံ လော့ဒ်ဒါလ်ဟိုစီက ကန့်ကွက်သည်။ ၁၈၆၃ ခုနှစ်တွင် ယင်းချစ်ကြည်ရေး မဟာမိတ်စာချုပ် ခိုင်မြဲရေး တောင်ငူကော်မရှင်နယ်မင်းကြီးနှင့် အထိမ်းအမှတ်ကတိသစ္စာ အခမ်းအနားပြုလုပ်ရာ နွားတကောင်ကိုအခမ်းအနားဖြင့်သတ်၍ ချုပ်ဆိုထားသောစာချုပ်ကို နွားချိုနှစ်ဖက်တွင်ထည့်ကာ နှစ်ဦးနှစ်ဘက် သိမ်းဆည်းကြပေသည်။ ဗြိတိသျှတို့လည်း ကရင်နီတွင် သာသနာပြုခွင့်၊ သတ္တုတူးခွင့်နှင့် အခွန်များ ရလေသည်။ ဤသို့နှင့် အင်္ဂလိပ်တို့ ဖိအားပေးသည့်အတွက် Sir Douglas Forsyth ဦးဆောင်သော သံတမန်အဖွဲ့နှင့် မင်းတုန်းမင်း၏ကိုယ်စားလှယ် ကင်းဝန်မင်းတို့သည် ၁၈၇၅ ခု၊ ဇွန်လ ၂၁ ရက်၊ မြန်မာသက္ကရာဇ် ၁၂၃၇ ခု၊ နယုန်လဆုတ် ၃ ရက်နေ့တွင် "ကရင်နီပြည်ကို မည်သူတဦးတယောက်ကမျှ စီမံခန့်ခွဲ၊ စိုးမိုးချုပ်ခြယ်ခြင်း မပြုလုပ်ရပဲ သီးသန့်လွတ်လပ်သော အခွင့်အရေးရှိသည်" ဟု ပဋိညာဉ်လက်မှတ်ရေးထိုးကြသည်။ အနောက်ကရင်နီမှ ဗမာတို့ထွက်ခွာရပြီး ဗမာတို့ သံတမန်ရေးအရှုံးပေါ်ခြင်းဖြစ်သည်။ ယင်းဇွန်လ ၂၁ ရက်နေ့သည်ပင်လျှင် ကရင်နီအမျိုးသားနေ့ ဖြစ်ပေသည်။ နယ်မြေတိုင်းတာရေးလုပ်ငန်းများကို ၁၈၈၅ တွင် နယ်စပ်နယ်နိမိတ်ကိုလည်းကောင်း၊ ၁၈၈၇ မှ ၁၈၉၂ အတွင်း ကရင်နီစောဖျာများ၊ စာဟွားများ၏ နယ်များကိုလည်းကောင်း တိုင်းတာသတ်မှတ်ခဲ့သည်။ တဘက်ကလည်း စောဖျာစောလဖော်၊ နောင်ပုလဲစောဖျာသူးရယ်၊ သိုက်ကလ အစရှိသော စောဖျာ၊ စာဟွားတို့က ဗြိတိသျှတို့နှင့် ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ကြသည်များလည်းရှိသည်။ အထူးသဖြင့် စောလဖော်သည် ကုန်းဘောင်နန်းတွင်းတွင် နေခဲ့သူဖြစ်၏။ ၁၈၈၇ တွင် အင်္ဂလိပ်သစ္စာခံသောမောက်မယ်ကို စောဖျာစောလဖော်မှ ၁၈၈၈ တွင် နှစ်ကြိမ်တိုက်ခိုက်ကာ ရှမ်းပြည်နယ်အရေးပိုင် လက်ဖတင်နယ်ဖော်လာ၏ ဦးခေါင်းကို ဖြတ်ပေးနိုင်လျှင် ငွေဒင်္ဂါးတစ်သောင်း ဆုချမည်ဟု ကြေငြာခဲ့ပြီး အင်္ဂလိပ်တို့နှင့်လည်း တိုက်ခိုက်ခဲ့သည်။ ၁၈၈၉ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့တွင် တဘက်နှင့်တဘက်အပြင်းအထန် တိုက်ခိုက်ခဲ့ကြသည်။ ဇန်နဝါရီ ၈ ရက်တွင် အင်္ဂလိပ်တို့က စောလုံမြို့ကို သိမ်းဆည်းခဲ့ရာ စောလဖောတို့ ဆုတ်ခွာရသည်။ အင်္ဂလိပ်က ရာထူးပြန်ပေးရန် ခေါ်သော်လည်း သစ္စာမခံနိုင်သည့်အတွက် မယူခဲ့သည်ဖြစ်ရာ အင်္ဂလိပ်တို့က သီပေါမင်းပါတော်မူစဉ် ဖမ်းဆီးခဲ့သော စဝ်လဝီကို အရှေ့ကရင်နီစောဖျာတင်မြှောက်ခဲ့သည်။ နောက်ကာလ ရင်ခွင်ပိုက် အုပ်ချုပ်ရေးအဖွဲ့လက်ထက်တွင် မြို့တော်ကို စောလုံမှ လွိုင်ကော်သို့ ပြောင်းလဲခဲ့လေသည်။ ၁၉၁၇ ခုတွင် နောင်ပုလဲနှင့် နန်းမယ်ခုံမှ စောဖျာများကွယ်လွန်ပြီး မင်းဆက်ပြတ်လေရာ နောင်ပုလဲနယ်နှင့် နန်းမယ်ခုံနယ် နှစ်နယ်၏ လူထုဆန္ဒအရ ၁၉၁၉ ခုနှစ်တွင် ဘောလခဲနယ်နှင့် ပူးပေါင်းခဲ့သည်။ ဘောလခဲနယ်နှင့် နောင်ပုလဲနယ်အကြားတွင် ကြယ်ဖိုးကြီးနယ် ကြားခံနေသောကြောင့် နောင်တွင် နောင်ပုလဲနှင့် နန်းမယ်ခုံနယ်ကို မြောက်ဘောလခဲနယ်ဟု ခေါ်ဆိုလာပြီး မူလဘောလခဲနယ်ကို တောင်ဘောလခဲနယ်ဟု ခေါ်ဆိုလာခဲ့ကြသည်။ မြောက်ဘောလခဲနယ်ကို တောင်ဘောလခဲနယ် စောဖျာ စပ်ခွန်ငယ်က ပူးတွဲအုပ်ချူပ်ခဲ့သည်။ ဗြိတိသျှတို့က ကရင်နီပြည်စော်ဘွားများကို ကြိုးကိုင်ခဲ့ပြီး သစ်လုပ်ငန်း၊ မော်ချီးသတ္တုတွင်းစသော လုပ်ငန်းများကိုလည်း ကြီးစိုးအမြတ်ထုတ်ခဲ့သည်။ ၁၉၂၂ တွင် ထောက်ပံ့ကြေးငွေကို လက်ခံသည့်အတွက် ကရင်နီကို ရှမ်းပြည်ထောင်စုအုပ်ချုပ်ရေးနှင့် တွဲစပ်ကာ၊ “ရှမ်းပြည်တောင်၊ ကရင်နီနယ်များ နှင့် ဝနယ်” သုံးဒေသကိုအုပ်ချုပ်သော ဗြိတိသျှကော်မရှင်နာကပင် ကိုင်တွယ်သည်။ သို့သော် ၁၉၃၂ စက်တင်ဘာတွင် ကရင်နီတိုးတက်ရေး ဆည်နှင့် တူးမြောင်းများ ဖောက်လုပ်ကူညီရန် အကူအညီတောင်းရာ ဆာချားလ်အင်းနစ်စ်က ကရင်နီပြည်သည် သီးခြားလွတ်လပ်သောပြည်ဖြစ်သောကြောင့် အကူညီပေးရန် မဖြစ်နိုင်ဟု စာပြန်ဖူးသည်ဟု ကရင်နီသမိုင်းစုစည်းသူတဦးက ဆိုဖူးသည်။ နောင်တွင်ခုခံမှုများကြောင့် တောင်ကြီး၊ တောင်ငူ၊ ရမည်းသင်း အရေးပိုင်ကြီးကြပ်ကွပ်ကဲရေးအောက်သို့ ဗြိတိသျှတို့ ပြောင်းရွှေ့သတ်မှတ်ခဲ့သည်။ သဘောတရားအားဖြင့် ဗြိတိသျှတို့ ထိန်းချုပ်သော်လည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးထားသည့် Buffer area ကြားခံနယ်များအဖြစ် ဗြိတိသျှတို့က သတ်မှတ်ခဲ့သည်ဟု တွေ့ရသည်။ ၁၉၃၈ ခုနှစ်တွင် ဖသိုင်းဘဟန်နှင့် ဖအိုက်မောင်ဦးတို့မှဦးဆောင်ကာ ကယန်း(ပဒေါင်)တို့က နယ်ရှင်စော်ဘွား စပ်ပညာကို တော်လှန်ရာ စော်ဘွားက အင်္ဂလိပ်တို့ထံ တိုင်တန်းခဲ့သည်။ ရှမ်းပြည် ကော်မရှင်နာမင်းကြီး ဖော်ဂါတီသည် အရာရှိများနှင့် လာရောက်ပြီး သိုင်းဘဟန်တို့နှင့် ဆွေးနွေးကြရာ ပဒေါင်များက နယ်ရှင်စော်ဘွားနှင့် မဆက်ဆံလိုသောကြောင့် အခွန်တော်ကို အင်္ဂလိပ် ဝန်ထောက်ထံ တိုက်ရိုက်ပေး သွင်းရန် အရေးဆိုရာ ဖော်ဂါတီက သဘောတူလိုက် သည်။ သိုင်းဘဟန်ကလည်း ချက်ချင်းပင် အခွန်တော်ကို ပေးဆောင်သည်။ ဖော်ဂါတီသည် မိုးဗြဲမှအပြန် တွင် သိုင်းဘဟန်အားစည်းရုံး၍ တောင်ကြီးသို့ခေါ်သွားကာ လွိုင်လင်ဝန်ထောက်ရုံးတွင် စာရေးအဖြစ် ခန့်အပ်ခဲ့ရာ ဒုတိယကမ္ဘာစစ်မီး သမ်းချိန်မှသာ ကရင်နီသို့ ပြန်ရောက်လေတော့သည်။ ၁၉၄၂ တွင် ဗမာပြည်သို့ဝင်ရန် ကရင်နီပြည်သို့ ဂျပန်များဖြတ်သန်းထိန်းချုပ်သည့်အခါ ရှမ်းဒေသအချို့နှင့် အရှေ့ကရင်နီပြည်ကို ဂျပန်တို့က ထိုင်းတို့ထံပေးလိုက်ရာ ဂျပန်နှင့်အတူ ထိုင်းတပ်များ တပ်စွဲခဲ့သည်။ ထိုခေတ်တွင် လူမျိုးရေးအဓိကရုဏ်းများလည်းရှိခဲ့ပြီး ဂျပန်တို့က စေ့စပ်ပေးခဲ့သည်လည်း ရှိသည်။ ဂျပန်တပ်က လွိုင်ကော်တွင် တပ်စွဲထားသဖြင့် မဟာမိတ်ဗုံးကြဲခံရကာ မြို့ပျက်စီးမှုများစွာရှိခဲ့သည်။ မဟာမိတ်တို့ပြန်ဝင်သည့်အခါ မဟာမိတ်တပ် ၁၃၆ နှင့် ကရင်နီတော်လှန်ရေးသမားတို့က ဂျပန်တို့ကို ကရင်နီပြည်မှ တိုက်ထုတ်ခဲ့သည်။ သိုင်းဘဟန်သည် ရွပ်ရွပ်ချွံချွံတိုက်ခိုက်ခဲ့သည့်အတွက် အင်္ဂလိပ်တို့က နှစ်သက်ကြသလို ဗိုလ်ချုပ်အောင်ဆန်းကလည်း ဂုဏ်ပြုစာ ပေးပို့ခဲ့သည်ဟု ဆိုပါသည်။ ထိုင်းတို့က မဟာမိတ်ဘက်သို့ယိမ်းလာပြီး ရှမ်းပြည်နယ်မှ ဆုတ်ခွာပေးသည်။ သို့ရာတွင် ထိုင်းနိုင်ငံအား ၁၉၄၆ မှ ကုလသမဂ္ဂသို့ ဝင်ခွင့်ပေးခြင်းနှင့် ပိတ်ဆို့ခြင်းဆန်ရှင်များကို ရုတ်သိမ်းပေးခြင်းတို့နှင့် လဲလှယ်ကာ အရှေ့ကရင်နီကို တရားဝင်စွန့်လွှတ်ခဲ့သည်။ ကရင်နီတို့အတွက်မူ အုပ်ချုပ်ရေးအရ လွတ်လပ်မှုရှိပြီဟု ယူဆနိုင်သည့်အနေအထားရှိလာသည်။ စင်စစ်တွင် အင်္ဂလိပ်တို့ကကိုင်တွယ်နေသော်လည်း သူတို့ကိုယ်တိုင်က လွတ်လွတ်လပ်လပ်စဉ်းစားပါဟု ပြောထားသည်။ ၁၉၄၆ ခုနှစ် ပထမပင်လုံညီလာခံသို့ ကရင်နီတို့ တရားဝင်မတက်ခဲ့ပေ။ အကြောင်းအရင်းမှာ ကရင်နီသည် ဗမာ၊ ရှမ်း၊ ကချင်၊ ချင်း နိုင်ငံရေး ယူနစ်များထက် ပိုမိုလွတ်လပ်သည့်အဆင့်အတန်းရှိရာ ဆွေးနွေးရန်မလိုသေးဟု အနောက်ကရင်နီ ခေါင်းဆောင်တို့ ယူဆခဲ့သည်။ ထိုနောက်ပိုင်းတွင် တောင်တန်းဒေသဆိုင်ရာမင်းကြီးက လွိုင်ကော်သို့ ရောက်လာပြီး တောင်တန်းဒေသအုပ်ချုပ်ရေးအဖွဲ့သို့ ဝင်ရန်ခေါ်သော်လည်း လူထုနှင့်ဆွေးနွေးဦးမည်ဟုသာ ပြန်ကြားခဲ့ကြသည်။ ၁၉၄၆ ခု ဖေဖော်ဝါရီတွင် ကရင်နီအမျိုးသားအစည်းအရုံးဥက္ကဋ္ဌအဖြစ် ဘောလခဲမြို့အုပ် ဂိုဘီတူရီကို ခန့်အပ်သည်။ ကရင်နီနယ်သမဝါယမအသင်းကို ဖွဲ့စည်းကာ ဦးစိန်အား ဥက္ကဋ္ဌခန့်အပ်သည်။ နောက်ပိုင်းတွင်မူ အများသဘောမကျ၍ ရွှေငါးကျပ်သားဆုချီးမြှင့်ကာ တာဝန်မှ ရပ်နားခဲ့သည်။ ၁၉၄၆ မတ်တွင် သခင်နု၊ ဦးဖေခင်နှင့် မန်းဘခိုင်တို့ လွိုင်ကော်တွင် နိုင်ငံရေးတရားဟောရောက်လာသည်။ ထို့နောက် တောင်တန်းဒေသစုံစမ်းစစ်ဆေးရေးကော်မရှင်နှင့် တွေ့ဆုံကာ ဗမာနိုင်ငံနှင့် ပူးပေါင်းရန် တင်ပြခဲ့သည်။ ၁၉၄၆ ဧပြီလ ၃ ရက်နေ့တွင် ကရင်နီ-ပဒေါင်ကောင်စီကို ဖွဲ့စည်းကာ ဦးစိန်က ဥက္ကဋ္ဌဖြစ်လာသည်။ ၁၉၄၆ ဧပြီ ၂၄ တွင် ခေါင်းဆောင်များ ရန်ကုန်သို့သွားရောက်ခဲ့ရာ တောင်တန်းဒေသဆိုင်ရာမင်းကြီးက အခွင့်မရှိလျှင်ကရင်နီနယ်ပြင်သို့ မထွက်ရဟုပြောခဲ့သည်။ ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းနှင့်တွေ့ကာ ဆွေးနွေးရာ ကရင်နီခေါင်းဆောင်များအကြား နိုင်ငံရေးအမြင်များ ကွဲလာသည်။ သျှမ်းခေါင်းဆောင်၊ ကရင်ခေါင်းဆောင်များနှင့်လည်း ဆွေးနွေးခဲ့ရာ အားလုံးက သူတို့နှင့် ရပ်တည်ရန်ပြောနေကြသည်။ ဇွန်လ ၁၇ တွင် ဗြိတိသျှတို့က စာအမှတ် ၁၁၁၆ ဖြင့် စောဖျာများ နယ်ပြင်ပသို့ မထွက်ရန်၊ ထို့အပြင် စာပုံနှိပ်ထုတ်ဝေခြင်းနှင့် ဟောပြောခြင်းများ မပြုရန် ကန့်သတ်ရာ နိုင်ငံရေးမကျေနပ်မှု မီးတောက်ကြီး လာသည်။ ဗမာနိုင်ငံနှင့် အတူပေါင်းရန်၊ မပေါင်းရန် အမြင်ကွဲကြရာမှ ၁၉၄၆ စက်တင်ဘာလ ၁၁ တွင်မူ လွတ်လပ်သောကရင်နီပြည်ထောင်စုကောင်စီကို ဖွဲ့စည်းကာ ဂိုဘီတူရီကိုပင် ဥက္ကဋ္ဌအဖြစ် ခန့်ထားသည်။ ယင်းအချက်က ခေါင်းဆောင်များအကြား အက်ကွဲကြောင်းလည်းဖြစ်သည်။ ဒီဇင်ဘာ ၂၃ တွင် ဗိုလ်ချုပ်အောင်ဆန်းက လွိုင်ကော်တွင် ပူးပေါင်းရေးတရားဟောကာ “ကရင်နီပြည်အတွင်းရေးကို ဗမာကလုံးဝဝင်ရောက်စွက်ဖက်မည်မဟုတ်” ဟု ကတိပေးလာသည်။ ထိုစဉ်က ကရင်နီ ခေါင်းဆောင်များက ပြည်သူတို့အမြင်ကောက်ခံရမည်ဟု ဆိုခဲ့သည်။ ၁၉၄၇ ဖေဖော်ဝါရီ ဒုတိယအကြိမ် ပင်လုံဆွေးနွေးပွဲတွင် ကရင်နီစောဖျာများက တရားဝင် မတက်တော့ပဲ သီးခြားလွတ်လပ်သောမူအရ အထူးတလည်ဆွေးနွေးရန်မရှိပါဟု တုန့်ပြန်ခဲ့ကြရာ ပင်လုံစာချုပ်တွင် ကရင်နီတို့ ပါဝင်မှုလည်း မရှိခဲ့ပေ။ သို့သော် စဝ်ဝဏ္ဏနှင့် စောသိန်းတို့မှ လေ့လာရေးဟုဆိုကာ အလွတ်သဘော ဗိုလ်ချုပ်အောင်ဆန်းနှင့် တွေ့ခဲ့ကြသေးသည်။ (စောဖျာစောရွှေက သွားခဲ့သော်လည်း တရုတ်များထိုင်သည့် နေရာသို့သာ သွားထိုင်နေခဲ့သည်ဟု နောင်သူ့မိတ်ဆွေကို ပြောပြကြောင်း သိရသည်။) တောင်တန်းဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်က မေးမြန်းရာတွင်လည်း ကရင်နီတို့ အမြင်နှစ်မျိုး ကွဲပြားထွက်ဆိုခဲ့ကြသည်။ ထိုကော်မရှင်သွားစဉ်ကလည်း သဘောထားဆွေးနွေးသောအခါ သဘောထား မတိုက်ဆိုင်ကြသော်လည်း အကယ်၍ပူးပေါင်းမည်ဆိုပါက ခွဲထွက်လိုက ခွဲထွက်ခွင့်ရရန်၊ မိမိတို့ပြည်နယ် ဥက္ကဋ္ဌကို ဝန်ကြီးတဦးအဖြစ် အစိုးရအဖွဲ့တွင် ထည့်သွင်းရန်၊ လွတ်လပ်စွာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိရန်တို့အတွက် သဘောတူခဲ့ကြသည်။ ၁၉၄၇ ဇွန်လတွင် တိုင်းပြုပြည်ပြုလွှတ်တော်တက်ရောက်ရန်ဟုဆိုပြီး ဂိုဘီတူရီနှင့် စဝ်သိန်းတို့ ရန်ကုန်ရောက်လာချိန်တွင် ဘုရင်ခံနှင့် တွေ့ဆုံကြရာ လွတ်လပ်ပြီးသား ကရင်နီဟာ လွတ်လပ်ရေး ထပ်တောင်းစရာ မလိုပါဘူးဟု ပြောဆိုခဲ့သဖြင့် လွိုင်ကော်ပြန်လာပြီး ကြေငြာချက်တစောင် ထုတ်ပြန်ခဲ့ရာ “မြန်မာပြည်သည်မလွတ်လပ်သေးချေ၊ … ကရင်နီနယ်များသည် လုံးဝအာဏာပိုင်အုပ်ချုပ်ရေး ရရှိထားပေသည်… ဘုရင်ခံကိုယ်တိုင် ဝန်ခံသည်… မြန်မာပြည် လွတ်လပ်ရေးရပြီးသည့်အခါမှ နှစ်ပြည့်တပြည်မဟာမိတ်အဖြစ် ရေးဆွဲသင့်သည်” စသည်ဖြင့် ပါဝင်သည်။ ဂိုဘီတူရီက လွတ်လပ်ရေးရပြီး တနှစ်ခန့် စောင့်ကြည့်သင့်သေးသည်ဟု အကြံပြု၏။ သို့သော် ဦးစိန်နှင့် စဝ်ဝဏ္ဏသည် စောဖျာစောရွှေ၏ အကြံပေးတဦးဖြစ်သူ ဦးအေမြလေးကို တိတ်တဆိတ်ခေါ်ကာ ရန်ကုန်ဆင်းသွားရာ စောဖျာစောရွှေမှသိသည်နှင့် လွိုင်ကော်ထိ ကားဖြင့် လိုက်ခေါ်သော်လည်း မမှီတော့ချေ။ (ဦးစိန်ကမူ ဆွေးနွေး၍ သဘောတူညီချက်အရ သွားသည်ဟု ဆိုသည်။) ထိုသူတို့မှ ဗမာပြည်မနှင့် ပူးပေါင်းရေးကို ဖဆပလနှင့် ပူးပေါင်းလုပ်ဆောင်သွားသဖြင့် ၁၉၄၇ စက်တင်ဘာ ၂၄ တွင် ဗမာ့ဖွဲ့စည်းပုံအတည်ပြုရာ၌ ကရင်နီဒေသများ ပါဝင်လာရတော့သည်။ သံလွင်ခရိုင်နှင့် ဆက်စပ်ကာ ကရင်ပြည်နယ်ဖွဲ့စည်းရာတွင် ပါဝင်ရမည့်အကြောင်း၊ စောဖျာများ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခွင့် မရှိကြောင်း၊ စောဖျာများသည် ပြည်နယ်အမတ်များအဖြစ် ပါဝင်ရမည့်အကြောင်း စသည်တို့ ပါဝင်လာသည်။ သီးခြားလွတ်လပ်ရေး၊ ပူးပေါင်းရေး မည်သို့မျှ ပြည့်ဝကုံလုံခြင်းမရှိသည့် အချက်များသာ ဖြစ်ခဲ့သည်။ ထို့ကဲ့သို့ နိုင်ငံရေးကျေလည်မှုမရှိပဲ ကရင်နီပြည်ကိုယ်စားလှယ်များအဖြစ် ဖဆပလ (ဦးနု) မှ သတ်မှတ်ခဲ့သည့်အနက် စဝ်ဝဏ္ဏမှာ ကန္တာရဝတီမှဖြစ်သည်။ အရှေ့ကရင်နီသည် အစဉ်အမြဲ ဗမာ့နိုင်ငံရေးနှင့် နီးစပ်နေခဲ့သည်။ ဦးစိန်မှာ အသစ်ပေါ်လာသည့် လွိုင်ကော်မြို့သမဝါယမ အသင်း၏ ဥက္ကဋ္ဌသာဖြစ်ပြီး သူကိုယ်တိုင် ပြည်သူ့ဆန္ဒကိုလည်း ခံယူထားခြင်းမရှိသည့်အပြင် စောဖျာရွေးကောက်ပွဲနိုင်သော စဝ်ဇီနအား အသိအမှတ်မပြုပဲ စဝ်လဝီကို စော်ဘွားအဖြစ် ကြေငြာထားသည့်အတွက် အငြင်းပွားမှုများလည်း ရှိနေသူ ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းဟောပြောမှုကို သဘောကျ၍ ပူးပေါင်းလိုကြခြင်းဖြစ်သည်။ ဦးအေမြလေးမှာ ကြယ်ဖိုးကြီး နယ်သားလည်းမဟုတ်၊ တောအုပ်အဆင့်ဖြင့် အမှုထမ်းရန် ရောက်လာခဲ့သူဖြစ်သည်။ သိုင်းဘဟန် မှာလည်း မိုးဗြဲမှဖြစ်ပြီး စောဖျာ၊ စော်ဘွားတို့ကို လုံးဝနှစ်သက်သူမဟုတ်ပေ။ မိုးဗြဲသည်လည်း မူလက အင်္ဂလိပ်ဖွဲ့ပေးထားသော လွတ်လပ်သည့် ကရင်နီဒေသနိုင်ငံရေးယူနစ်တွင် ပါဝင်သူမဟုတ်ခဲ့ပါ။ ၁၉၄၇ ဒီဇင်ဘာ ၂၇ တွင် ဦးနု၊ ဦးချန်ထွန်းတို့နှင့် ဆွေးနွေးရာ စဝ်ဝဏ္ဏနှင့် ဦးစိန်တို့မှ မိမိတို့ကိုယ်ကို တရားဝင် ခေါင်းဆောင်များအဖြစ်ဆွေးနွေးခဲ့သည်။ ခွဲထွက်ခွင့်ကို ဖြုတ်ခိုင်းသည့်အခါတွင် “နောက်နောင် ကတိုက်ကရိုက် ပူးပေါင်းရသည်ကို အပြစ်ပြောလျှင် ခွဲထွက်ခွင့်ရှိသားပဲဟု ပြန်ဖြေနိုင်အောင် ထားထားပေးပါ” ဟု ဆိုသည့်အတွက် ဖွဲ့စည်းပုံတွင် ခွဲထွက်ခွင့်ကို ထည့်သွင်းပေးခဲ့သည်။ ထိုသို့နှင့် ဖဆပလဖွဲ့သော အစိုးရအဖွဲ့သည် တဘက်သတ်အစိုးရကဲ့သို့ ဖြစ်လာပြီး နိုင်ငံရေးမကျေလည်သေးပဲ တင်းမာနေစဉ် စော်ဘွားစနစ်ကို ဆန့်ကျင်လိုသူတို့နှင့် ဗမာပြည်မနှင့် ပူးပေါင်းလိုသူတို့က ဖဆပလမှ စစ်ရေးအကူအညီ အကာကွယ် တောင်းခံခဲ့ကြပြီး၊ နောက်ပိုင်းတွင် ဖဆပလတပ်တို့ ကရင်နီသို့ စစ်ခင်းခဲ့ကြပေသည်။ ၁၉၄၈ ခုနှစ် အစောပိုင်းကာလများမှပင် ဖဆပလနှင့် ကရင်တို့ စစ်ဖြစ်ကြသည်။ ကရင်တို့ အင်းစိန်ကိုမသိမ်းမီ လွိုင်ကော်စသောနေရာများမှ စတင်ခဲ့ကြရာ ကရင်ဘက်ကို ထောက်ခံသော နှစ်ခြင်း ခရစ်ယာန်အသင်းသားများနှင့် ဖဆပလဘက်ယိမ်းသော ကာသိုလစ်ဘာသာဝင်များဟုလည်း ကွဲကြပြန်သည်။ သိုင်းဘဟန်နှင့် ဦးစိန်တို့က ဖဆပလနှင့် ပူးပေါင်းသည်။ ဂိုဘီတူရီနှင့် စောဖျာစောရွှေတို့က KNDO ဘက်ကို အားပေးခဲ့သည်။ ၁၉၄၈ နှောင်းပိုင်းတွင် ဂိုဘီတူရီနှင့် သိုက်ဘဟန်တို့ကြား ပြဿနာများပေါ်ပေါက်လာခဲ့ပြီး ဩဂုတ်လတွင် ဂိုဘီတူရီထိန်းသိမ်းခံရသည်။[2] မိုးဗြဲစာဟွားကပီးခဝါး ခြုံခိုတိုက်ခိုက်ခံရပြီး ကျဆုံးသည်ကို အကြောင်းပြုပြီး ဒေါသထွက်နေသူများက ဂိုဘီတူရီကို သတ်လိုက်သည်။ ထိုမှတဆင့် သိုင်းဘဟန်၊ ကရင်နီပြည်နယ်ဝန်ကြီး စဝ်ဝဏ္ဏနှင့် ဖဆပလတပ်များသည် ဒေသခံကရင်နီတပ်များနှင့် မော်ချီးမြို့မှသည် ဖရူးဆိုးထိ ကရင်နီအချင်းချင်း တိုက်ပွဲများဖြစ်လေသည်။ နောက်ပိုင်းတွင် သိုင်းဘဟန်လည်း ဖျားနာ၍ ကွယ်လွန်သည်ဟု ဆိုသည်။ ထိုကာလများမှသည် ဗမာပြည်မနှင့် ပူးပေါင်းထားသည့် ကရင်နီအဖွဲ့များနှင့် သီးခြားလွတ်လပ်သော ကရင်နီကို လိုလားသူများသည် အကွဲကြီးကွဲလေတော့သည်။ ၁၉၅၀ တွင် ဦးစိန်က ကရင်နီပြည်ကို ကရင်ဖြူနှင့် မမှားစေလိုဟုဆိုကာ အဆိုတင်သွင်းသည့်အတွက် စစ်တမ်း ခပ်မြန်မြန်ကောက်ပြီး ၁၉၅၂ တွင် ကယားဟု အမည်ပြောင်းလိုက်ပြန်သည်။ ၁၉၅၇ ခု၊ မေလ ၂ ရက်နေ့တွင် ကရင်နီအမျိုးသားအစည်းအရုံးမှ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP သို့ ပြောင်းလဲဖွဲ့စည်းခဲ့သည်။ လွတ်လပ်ရေးရကာစတွင် ကရင်နီပြည်နယ်အတွင်း ဘော်လခဲနယ်၊ ကန္တရဝတီနယ်၊ ကြက်ဖိုးကြီးနယ်နှင့် မိုးဗြဲနယ်တို့ ပါဝင်လာသည်။ သို့သော် မိုးဗြဲနယ် ပြည်သူ့ဆန္ဒခံယူရန်အလုပ်ကို မလုပ်နိုင်ပဲ တန့်နေစဉ်မှာပင် အာဏာသိမ်းခံလိုက်ရသည်။ ဗိုလ်နေဝင်း အိမ်စောင့်အစိုးရတက်လာသည့်အခါ မိုးဗြဲနယ်ကို သျှမ်းပြည်နယ်အတွင်း ထည့်လိုက်သည်။ နိုင်ငံရေး၊ လူမှုရေး၊ လူမျိုးရေး၊ စီးပွားရေး ဖိနှိပ်မှုအမျိုးမျိုးကို ဆက်လက်ခံနေရသည့် ကယန်းပြည်သူများသည် မကျေနပ်မှုများ တိုးပွားသထက် တိုးပွားလာသည်။ ကယားစစ်ရဲများ လက်နက်ဖြုတ်သိမ်းခံကြရသည်။ ထို့ကြောင့် ၁၉၆၄ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့တွင် ကယန်းပြည်သစ်ပါတီ KNLP ကို တည်ထောင်သည်။ ကရင်နီဟူသောအသုံး၊ ကယားဟူသောအသုံး၊ ကယန်းဟူသောအသုံးနှင့် နယ်မြေအကြောင်း အရပ်ရပ်တို့ အခြေခံကာ ကရင်နီတော်လှန်ရေးတပ်များ အမြင်များစွာကွဲပြားလာသည်။ ပေါင်းစည်းမရ။ ပိုဆိုးသည်မှာ ကချင်၊ သျှမ်းတို့ထံ လေ့လာရေးသွားရင်း ကွန်မြူနစ်အယူအဆများနှင့် ထိတွေ့သည့်အခါ အမျိုးသားရေးနှင့် ကွန်မြူနစ်အမြင်များ ကွဲပြားလာပြီး အဖွဲ့များစွာလည်း ခွဲထွက်ကုန်ကြသည်။ ၁၉၇၈ တွင် KNPP မှ KNLPF ခွဲထွက်သည်။ ၁၉၉၂ တွင် KNLP မှ KNG ခွဲထွက်သည်။ ၁၉၉၅ တွင် KNDP ကို ဖွဲ့စည်းသည်။ ၁၉၉၉ တွင် KNPP မှ KNPDP ခွဲထွက်ကာ ၂၀၀၂ တွင် KNSO ခွဲထွက်သည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရသူများအနေဖြင့် ကရင်နီအမျိုးသားလူထုများ ဆက်စပ်နေထိုင်သည့် ဒေသများတွင် ပြန်လည်စုစည်းရေး သဘောတူညီချမှတ်ခဲ့သော်လည်း လက်တွေ့တွင် စစ်တပ်မှသာ အာဏာဆက်ကိုင် ထားခဲ့သည့်အတွက် အကောင်အထည်မဖော်ခဲ့ရပေ။ စစ်ရေးတင်းမာမှုများ အမြဲတမ်းရှိနေခဲ့သည့်ကရင်နီတွင် ဖိနှိပ်ခံလူထုအဖို့ ကျောမအေးခဲ့ရပေ။ ၂၀၀၀ ခုနှစ်နောက်ပိုင်းတွင် KNPP မှာ ကရင်နီလုံးဝလွတ်လပ်ရေးမှ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေး မူဝါဒသို့ ပြောင်းလဲခဲ့သည်။ ကရင်နီလူငယ်အဖွဲ့များ၊ လူမှုရေးခေါင်းဆောင်များပါဝင်သော အမျိုးသားညီညွတ်ရေး လှုပ်ရှားမှုများ များစွာရှိခဲ့ပြီး တိုးတက်မှုများလည်း ရှိခဲ့သည်။ ၂၀၁၇ ကရင်နီပြည် ဒီမောဆိုတွင် ကယန်းအမျိုးသားအဆင့် ဒုတိယအကြိမ် ညီလာခံကြီးကျင်းပခဲ့ရာ လူမှုခေါင်းဆောင်များ၊ နိုင်ငံရေးခေါင်းဆောင်များ၊ လက်နက်ကိုင် တော်လှန်ရေးခေါင်းဆောင်များ၊ ဘာသာရေးခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ရက်စက်သည့် အကြမ်းဖက်မှု၊ လူမှုရေး-စီးပွားရေး ပြိုလဲမှုနှင့် လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ အကျပ်အတည်းများ ဖြစ်ပေါ်ခဲ့ရာ ကရင်နီပြည်နယ်သို့လည်း စစ်ဘေးက ထပ်၍ရောက်လာသည်။ KNDF အပါအဝင် လက်နက်ကိုင် အဖွဲ့အစည်း များစွာလည်း ပေါ်လာသည်။ ဤရှုပ်ထွေးမှု အသစ်များကြားတွင် ဖက်ဒရယ်ဒီမိုကရက်တစ် အနာဂတ်အတွက် မတူကွဲပြားသော လူ့အဖွဲ့အစည်းများကို ပူးပေါင်းစေသည့် အစီအမံများလည်း တော်လှန်ရေးအတွင်း ပေါ်ပေါက်ခဲ့သည်။ ကရင်နီပြည်နယ်တွင် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ (EROs)၊ အရပ်ဘက် အဖွဲ့အစည်းများ၊ အမျိုးသမီးနှင့် လူငယ်အဖွဲ့အစည်းများနှင့် ၂၀၂၀ ရွေးကောက်ခံ လွှတ်တော် အမတ်များ ပါဝင်သော တော်လှန်ရေး အင်အားစုများသည် ရှေ့ဆောင် ကြားကာလအစိုးရတရပ် ထူထောင်နိုင်ခဲ့ပေသည်။ ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC) နှင့် ကရင်နီပြည်နယ် ကြားကာလစီမံမှု (KSIA) တို့၏ လမ်းညွှန်မှုဖြင့် ဤစနစ်သည် စစ်အာဏာရှင်ကို စီမံ အုပ်ချုပ်ရန်၊ အရပ်သားများကို ကာကွယ်ရန်နှင့် လွတ်မြောက်နယ်မြေများတွင် ပြည်သူ့ ဝန်ဆောင်မှုများ ပေးရန် ရည်ရွယ်သည်။ မြန်မာနိုင်ငံ၏ ရုန်းကန်မှုသည် ရိုးရှင်းသည့် ပြည်တွင်းစစ်တခုထက် များစွာပိုသည်။ ကဏ္ဍပေါင်းစုံ လှုပ်ရှားမှုဖြင့် မောင်းနှင်နေသော တနိုင်ငံလုံးပါဝင်သည့် တော်လှန်ရေးတရပ် ဖြစ်သည်။ ERO များသည် အမျိုးသား ညီညွတ်ရေးအစိုးရ၏ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDFs) နှင့် ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့များ (ပအဖ) နှင့် ပူးပေါင်းကာ အထူးသဖြင့် နယ်စပ်ဒေသများရှိ သိသာထင်ရှားသော နယ်မြေများကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။ ကရင်နီပြည်နယ်တွင် ဒေသ၏ ၉၀% ကို စစ်တပ် ထိန်းချုပ်မှုမှ လွတ်မြောက်စေခဲ့ပြီး ရှိရင်းစွဲ ERO အုပ်ချုပ်ရေးကို တိုးချဲ့ကာ KSCC ကဲ့သို့ အုပ်ချုပ်ရေးကောင်စီသစ်များ ဖန်တီးနိုင်ခဲ့သည်။ ဤကြိုးပမ်းမှုများသည် ဆယ်စုနှစ်များစွာ စစ်အာဏာရှင်စနစ်ကို အစားထိုးရန်အတွက် ကြိုးစားနေခဲ့သည့် အားလုံးပါဝင်မှုရှိကြသော၊ ဒီမိုကရက်တစ် အင်စတီကျူးရှင်းများ တည်ဆောက်ခြင်းအစီအမံအပေါ် အာရုံစိုက်ပြီး ဖက်ဒရယ်စနစ်သည် တိုင်းရင်းသားများကို ဖိနှိပ်မှုနှင့် နိုင်ငံတော်၏ အကြမ်းဖက်မှုတို့အတွက် ဖြေရှင်းချက်တရပ်အဖြစ် ရပ်တည်နေသည်။ ၂၀၂၁ ခုနှစ် ဧပြီလ ၉ ရက်တွင် ဖွဲ့စည်းခဲ့သော ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) သည် ကရင်နီပြည်၏ အမြင့်ဆုံးနိုင်ငံရေးနှင့်မူဝါဒချမှတ်သည့် အဖွဲ့အစည်း ဖြစ်သည်။ ကရင်နီဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရန်နှင့် ကရင်နီပြည်ကို ဖန်တီးရာတွင် ဖက်ဒရယ် ဒီမိုကရေစီနှင့် ကိုက်ညီစေရန် တာဝန်ပေးထားသည်။ မူလ KSCC မှာ အဖွဲ့ဝင် ၃၉ ဦးပါသည်။ လုပ်ဆောင်ရခက်ခဲသည့်အတွက် ညှိနှိုင်းမှုများပြုပြီး ပြန်လည်ဖွဲ့စည်းခဲ့သည်။ ၂၀၂၂ ခုနှစ် နိုဝင်ဘာတွင် ကျယ်ပြန့်သော ညှိနှိုင်းဆွေးနွေးမှုများအပြီး အတည်ပြုခဲ့သော KSIA သည် ကြားကာလအစိုးရ၏ ဖွဲ့စည်းပုံ၊ တာဝန်ဝတ္တရားများနှင့် အသွင်ကူးပြောင်းရေးအတွက် လမ်းပြမြေပုံတို့ကို ဖော်ပြထားသည့် နိုင်ငံရေးသဘောတူညီချက်ဖြစ်၍ အဖွဲ့အစည်း သုံးခုကို ဖွဲ့စည်းသည်။ အုပ်ချုပ်ရေးအတွက် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)၊ ဥပဒေပြုရေးအတွက် ကရင်နီပြည် ကြားကာလ ပါလီမန် (KSIP) နှင့် တရားစီရင်ရေးအတွက် ကရင်နီပြည် ကြားကာလ တရားစီရင်ရေး (KSIJ) တို့ ဖြစ်သည်။ ၂၀၂၃ ဇန်နဝါရီလတွင် ပထမအကြိမ်ညီလာခံကျင်းပအတည်ပြုနိုင်ခဲ့သည်။ ကရင်နီပြည်နယ် အတိုင်ပင်ခံ ကောင်စီ (KSCC) ကို ERO များ၊ နိုင်ငံရေး ပါတီများ၊ ၂၀၂၀ ရွေးကောက်ခံ လွှတ်တော်အမတ်များ၊ အမျိုးသမီးနှင့် လူငယ်အဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများသက်ဆိုင်သူများ ဖြင့် ဖွဲ့စည်းခဲ့သည်။ စည်းလုံးရေး၊ စုပေါင်းခေါင်းဆောင်မှု မြှင့်တင်ရေးတို့အတွက် ဆောင်ရွက်သည်။ ကရင်နီပြည်နယ် ကြားကာလစီမံမှု (KSIA) ၏ အမျိုးသမီး ကိုယ်စားပြုမှု ၃၀% မူဝါဒကို ကျင့်သုံးစေသည်။ KSIA သည် ဒေသ ၄ ခု ပြန်လည် ဖွဲ့စည်းခြင်း၊ စုပေါင်းနှင့် ပုဂ္ဂိုလ်ရေး အခွင့်အရေးများ ကာကွယ်ခြင်း၊ အုပ်ချုပ်ရေးတွင် အမျိုးသမီး ၃၀% ပါဝင်စေခြင်း၊ တိုင်းရင်းသား လူနည်းစုအခွင့်အရေးများ မြှင့်တင်ခြင်း၊ မိခင် ဘာသာစကား အခြေပြု ဘာသာစကားစုံ ပညာရေး (MTB-MLE) အာမခံခြင်း စသည့် အရေးပါသော စိန်ခေါ်မှုများ ဖြေရှင်းပေးသည်။ ကူးပြောင်းရေးတရားမျှတမှု၊ လူ့အခွင့်အရေး ချိုးဖောက်ခံရသူများ နစ်နာကြေးပေးခြင်းနှင့် ရွှေ့ပြောင်းခံရသူများ အထောက်အပံ့ပေးခြင်းတို့ကိုလည်း စီမံသည်။ အများပြည်သူဆိုင်ရာ အုပ်ချုပ်ရေးနှင့် လုံခြုံရေး ကဏ္ဍပြုပြင်ပြောင်းလဲမှုများ၊ တိုက်ခိုက်ရေးသမားများ ပြန်လည်ထူထောင်ရန်နှင့် ရေရှည်ငြိမ်းချမ်းရေး မြှင့်တင်ရန် လက်နက်ဖြုတ်သိမ်းခြင်း၊ တပ်သားစုဆောင်းမှု ဖျက်သိမ်းခြင်းနှင့် ပြန်လည်ပေါင်းစည်းရေး (DDR) အစီအစဉ်များလည်း ပါဝင်သည်။ တော်လှန်ရေးသမိုင်းကြောင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကရင်နီအမျိုးသားများ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF) နှင့် ကရင်နီအမျိုးသားစည်းလုံး ညီညွတ်ရေးအဖွဲ့အစည်း (KNSO) ကဲ့သို့ အဖွဲ့များစွာ ရှိနေခဲ့သည်။ အစပိုင်းတွင် ကရင်နီ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး KSCC တွင် ပူးပေါင်းခဲ့သော်လည်း ၂၀၂၃ ခုနှစ်မှစ၍ KNPP တခုသာ ကျန်ခဲ့သည်။ ၎င်းဖြစ်စဉ်သည် KNPP သည် ကရင်နီ ဌာနေ တိုင်းရင်းသား အခွင့်အရေးကို အပြည့်အဝ ရပ်တည်သည့် Indigenous Resistance အင်စတီကျူးရှင်း ဦးဆောင် အဖွဲ့ ဖြစ်ခြင်းနှင့် စစ်အာဏာရှင်ကို တက်ကြွစွာ တိုက်ခိုက်ရန် လိုအပ်ခြင်း ဟူသော အချက် ၂ ချက်ကြောင့် ဖြစ်သည်။ ၂၀၂၄ ခုနှစ် ဧပြီလတွင် KNSO နှင့် KNPDP ကဲ့သို့ ယခင် အပစ်အခတ် ရပ်စဲရေး အဖွဲ့များ KSCC ထဲသို့ ပြန်လည် ပေါင်းစည်းခြင်းဖြင့် KSIA သည် စည်းလုံးသောတပ်ဦးတခု ဖန်တီးရန်ကြိုးပမ်းနေသည်။ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုကို အလေးထားသည်။ လူထုဆွေးနွေးပွဲများ ပြုလုပ်၍ လူထုအသံကိုလည်း ပါဝင်စေသည်။ လေ့လာမှုများအရ ကရင်နီပြည်နယ်၏ ကြားကာလ အုပ်ချုပ်ရေးသည် ဘက်စုံပါဝင်သော အုပ်ချုပ်ရေး စနစ် (MIGS) ဖြစ်သည်။ ကရင်နီပြည်၏ ကြားကာလအစီအမံနှင့်အညီ အုပ်ချုပ်ရေးလုပ်ငန်းများ၊ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ စနစ်တကျ ချမှတ် ဖော်ဆောင်ရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ ဇွန် ၆ ရက်တွင် အုပ်ချုပ်ရေး ကောင်စီ ဖွဲ့စည်းခဲ့သည်။ လက်ရှိတွင် ဌာန ၁၁ ခုနှင့် မြို့နယ် ၁၇ မြို့နယ်တွင် လူထု ဝန်ဆောင်မှု လုပ်ငန်းများ အကောင်အထည် ဖော်လျက် ရှိသည်။ IEC သည် အုပ်ချုပ်ရေးအာဏာကို ကျင့်သုံးပြီး လူသားချင်း စာနာထောက်ထားမှုအကူအညီ၊ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် အသက်မွေးဝမ်းကျောင်းမှုများကို ပေးအပ်သည့် ဗဟိုချုပ်ကိုင်မှု လျှော့ချထားသော အများပြည်သူဆိုင်ရာ အုပ်ချုပ်ရေးကို ကြီးကြပ်သည်။ အဖွဲ့ဝင် ၆ ဦးပါ အမြင့်ဆုံး ကောင်စီဦးဆောင်သော IEC ၏ ဌာနကိုးခုတွင် မဲပေးခွင့်ရှိသော အဖွဲ့ဝင် ၃၈ ဦး ရှိသည်။ ပြည်ထဲရေးဌာနတွင် အဖွဲ့ဝင် ၅၈၅ ဦးပါ ကရင်နီပြည်နယ် ရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးကဲ့သို့ ဌာနခွဲများ ပါဝင်ပြီး လုံခြုံရေးကို စီမံခန့်ခွဲကာ IDP များအတွက် မှတ်ပုံတင် စနစ်သစ်နှင့် သန်းခေါင်စာရင်းကောက်ခံရန် စီစဉ်ထားခြင်းကဲ့သို့ အစီအစဉ်များ ရှိသည်။ IEC သည် ဖြစ်ပွားနေသော ပဋိပက္ခကြားမှ အုပ်ချုပ်ရေး၏ (တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှု) မူများကို ပေါင်းစပ်ထားမှုများကို တွေ့ရမည်။ ကရင်နီပြည်ကြားကာလလွှတ်တော် (KSIP) ကို ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၈ ရက်တွင် ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်အမတ်များဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ ၎င်းသည် ကြားကာလအတွင်း ကရင်နီပြည်အတွက် လိုအပ်သော ဥပဒေကြမ်းများ ရေးဆွဲခြင်း၊ ပြည်သူ့ကိုယ်စားပြုခြင်း၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်များအား စောင့်ကြည့်ထိန်းညှိခြင်းတို့ ဆောင်ရွက်ရန် ရည်ရွယ်သည်။ လက်ရှိတွင် လွှတ်တော် အမတ် ၁၅ ဦး၊ လုပ်ငန်း ကော်မတီ ၅ ခု၊ ဌာန ၄ ခုတို့ဖြင့် လည်ပတ်နေသည်။ အမျိုးသမီး ၂၀% သာ ရှိသေးသည့်အတွက် KSIP သည် ကော်မတီများတွင် အမျိုးသမီးများ၏ ပါဝင်မှုတိုးမြင့်စေရန် ကြိုးစားရဦးမည်ဖြစ်သည်။ ကရင်နီပြည်တရားစီရင်ရေး မဏ္ဍိုင် (KSIJ) ကို ကြားကာလအတွင်း ထိခိုက် နစ်နာ ပျက်စီး ဆုံးရှုံးသည့် ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များ၊ အခွင့်အရေးများအား ဥပဒေနှင့်အညီကာကွယ်ခြင်း၊ ကုစားခြင်းအပြင် ဥပဒေပါ အခွင့်အရေးများ ရရှိစေရေးနှင့် လွတ်လပ်ပြီး တရားမျှတသည့် တရားစီရင်ရေး စနစ် ပေါ်ထွန်းလာစေရေး ရည်ရွယ်သည်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီတွင် ပြည်နယ် တရားသူကြီးချုပ်နှင့် ပြည်နယ် တရားသူကြီးများ ခန့်အပ်နိုင်ခဲ့သည်။ လက်ရှိတွင် ပြည်နယ် တရားရုံးချုပ် ၁ ခု၊ ခရိုင် တရားရုံး ၂ ခု၊ မြို့နယ် တရားရုံး ၈ ခုတို့နှင့်အတူ တရားသူကြီး ၂၀ ဦးဖြင့် လည်ပတ်နေသည်။ KSIJ သည် လွတ်လပ်သော တရားစီရင်ရေးစုဖွဲ့မှုဖြစ်ပြီး တိုင်းရင်းသား တော်လှန်ရေး တရားရုံးများနှင့် ဓလေ့ထုံးတမ်း ဥပဒေများကို အများသုံးဥပဒေမူများနှင့် ပေါင်းစပ်ထားသည်။ တရားရုံးချုပ်၊ ခရိုင်တရားရုံး ၂ ခုနှင့် မြို့နယ်တရားရုံး ၅ ခု ရှိသည်။ ကြားကာလအစိုးရတရားရုံးများကော KNPP တရားရုံးများပါ ပါဝင်သည်။ ၂၀၂၃ ခုနှစ် ဇွန်လမှ ၂၀၂၄ ခုနှစ် မတ်လအထိ ဤတရားရုံးများသည် အမှု ၁၀၀ နီးပါး ကိုင်တွယ်ခဲ့ပြီး လူသတ်မှုမှ လိမ်လည်မှုအထိ ပါသည်။ KSIA အစီအမံ၏ ပူးပေါင်းခေါင်းဆောင်မှုလုပ်ငန်းစဉ်သည် ERO များ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် နိုင်ငံရေးသမားများ ပါဝင်သော တရားဝင်ပြီး အားလုံးလည်း ပါဝင်သည့် အုပ်ချုပ်ရေး ဖန်တီးနေပါသည်။ ပဋိပက္ခ အလွန် အသွင်ကူးပြောင်းရေးအတွက် အစီအမံပြုနေစဉ်တွင် အရေးပေါ်လိုသည့် လူသားချင်းစာနာထောက်ထားမှု လိုအပ်ချက်များ ဖြေရှင်းပေးသည်။ စိတ်ကူးယဉ်ဖက်ဒရယ်အနာဂတ်မှ လက်တွေ့ကျသော၊ လူ့အဖွဲ့အစည်း အရှိတရားသို့ ပြောင်းလဲပေးသည်။ ကရင်နီပြည်နယ်၏ ကြားကာလ အုပ်ချုပ်ရေးသည် ဘက်စုံ ပါဝင်သော အုပ်ချုပ်ရေး စနစ် (MIGS) ကို အခြေခံထားသည်။ ERO များ၏ အုပ်ချုပ်ရေးကို ဒေသခံ ယူနစ် အသစ်များနှင့် ပူးပေါင်းကာ ပူးပေါင်း အုပ်ချုပ်ရေး ကော်မတီများ (JACs) ဖွဲ့စည်းခြင်းဖြင့် ဘက်စုံ ပါဝင်မှုကို မြှင့်တင်သည်။ ယူနစ်များကို ERO ၏ မျိုးဆက်ချီ ရှိရင်းစွဲ တော်လှန်ရေး၏ စင်ပြိုင်အင်စတီကျူးရှင်းများနှင့် ပေါင်းစပ်ထားသည်။ ဒေသခံလူထု၏ တိုက်ရိုက်ပါဝင်မှု အားကောင်းပြီး မြို့နယ်အုပ်ချုပ်ရေးကောင်စီများ (TACs) တွင် ပြည်သူ့ကိုယ်စားလှယ်များစွာ ပါဝင်သည်။ ဒေသခံ ဓလေ့ထုံးတမ်းများ လေးစားရင်း လုပ်ငန်းစဉ်များ စပ်ဟပ်မှုကို ဖော်ဆောင်သည်။ ယနေ့တိုင် ကရင်နီတွင် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များစွာ ဖြစ်လာပြီး စစ်ရေးနှင့် အုပ်ချုပ်ရေးအရ ပေါင်းစည်းနိုင်ခဲ့သော်လည်း နိုင်ငံရေးအရမူ ပေါင်းစည်းရန် ကြိုးစားရဆဲဖြစ်သည်။ ပါဝင်မှုမှတဆင့် တရားဝင်မှုကို မြှင့်တင်ခြင်း၊ ပေါင်းစပ်ကိုင်တွယ်ခြင်းနှင့် ပြန်လည်သင့်မြတ်ရေး ဆောင်ရွက်ခြင်းတို့ဖြင့် ကရင်နီပြည်နယ်၏ စနစ်သည် ပဋိပက္ခကြားမှ ဒီမိုကရက်တစ် အင်စတီကျူးရှင်းများ မည်သို့တည်ဆောက်ရမည်ကို ဆန်းစစ်လျက် ရှိပေသည်။
0 Comments
Leave a Reply. |
Site powered by Weebly. Managed by Porkbun