6/17/2025 0 Comments ကော်သူးလေဒေသ ကရင်လူမျိုးများကရင်လူမျိုးများသည် မြန်မာ့နိုင်ငံရေး၊ တော်လှန်ရေးတွင် ပင်မအင်အားစုကြီး ဖြစ်ခဲ့၊ ဖြစ်နေသည်။ ကရင်တိုင်းရင်းသားများနှင့် ဗြိတိသျှတို့ ဆက်စပ်မှုမှာ ရှုပ်ထွေးမှုများသည်ဟု ဆိုနိုင်သည်။ ကရင်လူမျိုးများမှာ ရိုးရိုးအေးအေး နေတတ်သည့်အလျောက် ဘုရင့်နိုင်ငံ အင်ပါယာချဲ့ထွင်သောအလုပ်ကို လုပ်ခဲ့သူများ မဟုတ်ပေ။ အချို့ပညာရှင်များကမူ ကရင်လူမျိုးများ အပါအဝင် အရှေ့တောင်အာရှ၏ တောင်ပေါ်နေ လူမျိုးများ (ဇို) သည် အင်အားသုံးပြီး လူ့အသိုင်းအဝိုင်းနှင့် နိုင်ငံတည်ထောင်ခြင်း၏ ဒဏ်ရာနှင့် အန္တရာယ်များ၏ အဝေးကို ထွက်သွားပြီး အေးချမ်းလွတ်လပ်စွာ နေလိုကြရာ၊ ကရင်မှာ ယင်းလူမျိုးစုများအနက်မှ တခုဖြစ်ခဲ့သည်ဟု ဆိုပါသည်။
သမိုင်းတလျှောက်တွင် ကရင်လူမျိုးတို့သည် မွန်နိုင်ငံအာဏာရှိစဉ်အချိန်တွင် မွန်များနှင့်အတူ ယှဉ်တွဲ၍ နေထိုင်ခဲ့ကြသလို၊ ဗမာအင်ပါယာတွင်လည်း ဗမာများနှင့် ယှဉ်တွဲနေထိုင်ခဲ့သည်ဟုလည်း ဆိုနိုင်သည်။ ၁၈၂၆ ဗြိတိသျှတို့က အောက်မြန်မာနိုင်ငံကို တိုက်ခိုက်၍ သိမ်းယူသောအခါတွင်လည်း ဗြိတိသျှ၏ အာဏာစက်နှင့် ယှဉ်တွဲနေထိုင်ခဲ့ကြသည်။ မွန်-ဗမာ ပဒေသရာဇ်ဘုရင်များက ကျွန်ဟုသတ်မှတ်ကာ ဆက်ဆံခြင်းကို ခံခဲ့ကြရ သော်လည်း ဗြိတိသျှတို့ လက်အောက်တွင် ပညာတတ်သည့် ကရင်လူမျိုးများက ခေါင်းဆောင်နေရာများ ရသလို လုပ်ပိုင်ခွင့်လည်း ကောင်းစွာရလာကြသည်ဟု အချို့စာပေများက ဖော်ပြသည်။ ၁၈၄၂ ခုနှစ်တွင် တရုတ်နှင့် ဗြိတိသျှတို့ နန်ကင်းစာချုပ်[2]ကို ချုပ်ဆိုပြီးသောအခါ ဗြိတိသျှတို့သည် အရှေ့ဘက်ရှိ ကရင်ဒေသ တခုလုံးကို ရှေးကထက်ပိုမို ချုပ်ကိုင်နိုင်လာသည်။ ကရင်တို့၏ သရုပ်လက္ခဏာနှင့် အမျိုးသားဝိဉာဉ် ပေါ်ထွန်းလာမှုသည် ဗြိတိသျှအုပ်ချုပ်မှုနှင့် တိုက်ရိုက်ဆက်စပ်နေသည်။ မွန်မင်း၊ ဗမာမင်းတို့ အုပ်ချုပ်စဉ်ကာလက တောင်ပေါ်တောင်အောက် ကွဲပြားစွာ နေထိုင်ကြသည့် လူမျိုးနွယ်စုများ ဖြစ်သည်။ အများစုမှာ နတ်ကိုးကွယ်သူများဖြစ်ပြီး သဘာဝဝိညာဉ်များကို ယုံကြည်ကာ နှုတ်ပြောဆိုခြင်းဖြင့် ရိုးရာသမိုင်းပုံပြင်များကို မျှဝေခဲ့ကြသည်။ ဤနှုတ်ဖြင့် ပြောဆိုသော အစဉ်အလာများသည် ၎င်းတို့၏ ယဉ်ကျေးမှုကို ဆက်လက်ရှင်သန်စေခဲ့သော်လည်း ဘုံဘာသာစကားနှင့် ခေါင်းဆောင်မရှိပေ။ ကရင်လူမျိုးစုများသည် သီးခြားမိသားစုများကဲ့သို့ ဖြစ်နေခဲ့ကြသည်။ ယင်းလူမျိုးစုတို့ကို ခရစ်ယာန်တို့က ပြန်လည်စုစည်းကာ စာပေသင်ကြားခြင်း၊ သာသနာပြုခြင်း၊ အုပ်ချုပ်ရေး ရာထူးများပေးခြင်း၊ စသည်တို့ ပြုလုပ်ကြသည်။ ၁၈၀၀ ပြည့်နှစ်များ အစောပိုင်းတွင် အမေရိကန်နှစ်ခြင်းသာသနာပြုများသည် ခရစ်ယာန်ဘာသာကို ပြန့်ပွားစေရန် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။ ၁၈၃၀ ခုနှစ်ခန့်တွင် Rev. Jonathan Wade အမည်ရှိ သာသနာပြုတဦးသည် စကောကရင်အတွက် အက္ခရာနှင့် စာရေးနည်းစနစ်သစ်တခုကို တီထွင်ခဲ့သည်။ ၎င်းသည် အရေးပါသော ကိစ္စဖြစ်သည်။ ကရင်လူမျိုးများအား မိမိတို့၏ ဘာသာစကားကို ပထမဆုံးအကြိမ် ရေးသားနိုင်စေ ခဲ့သည်။ ၁၈၃၂ ခုနှစ်တွင် သာသနာပြုများသည် ဤအက္ခရာဖြင့် ကျောင်းသုံးစာအုပ်များနှင့် ဘာသာရေး စာပေများကို ပုံနှိပ်ထုတ်ဝေကာ ကရင်ကလေးငယ်များကို စာဖတ်တတ်စေရန်နှင့် စာရေးတတ်စေရန် သင်ကြားပေးခဲ့သည်။ စာပေများသည် အများအားဖြင့် နတ်ကိုးကွယ်မှုကို စွန့်လွှတ်ရန် စတင်နေသော ခရစ်ယာန်ကရင်များအတွက် အလွန်အကျိုးများခဲ့၏။ ၁၈၄၀ ပြည့်နှစ်များတွင် သာသနာပြုများသည် စကောကရင် အဘိဓာန်များနှင့် စကားလုံးစာရင်းများကို ပြုလုပ်ခဲ့ပြီး စာတတ်မြောက်မှုကို ပြန့်ပွားစေခဲ့သည်။ သို့သော် အစောပိုင်းကာလ ကရင်အများစုမှာ နတ်ကိုးကွယ်သူများ သို့မဟုတ် ဗုဒ္ဓဘာသာဝင်များအဖြစ် ဆက်လက်တည်ရှိနေပြီး အများအပြားမှာ ပိုးကရင် သို့မဟုတ် အခြားဒေသိယစကားများကို ပြောဆိုကြသည်။ ဤဘာသာစကားများနှင့် ယုံကြည်မှုများ ရောနှောနေရာ ပထမတွင် ကရင်များအားလုံး တသားတည်းဟု ခံစားရမှု မရှိလှသေးချေ။ နောက်ပိုင်းတွင် သမ္မာကျမ်းစာကို ပိုးကရင်ဘာသာအပါအဝင် အခြားဘာသာများဖြင့်ပါ ထုတ်ဝေလာသည်။ ၁၈၄၅ ခုနှစ်မှ ၁၈၉၅ ခုနှစ်အထိ သမ္မာကျမ်းစာသင်ကျောင်းများတွင် အသုံးပြုသော စာရွက်စာတမ်းများမှာ များစွာတိုးပွားလာခဲ့သည်။ ၁၈၇၂ ရန်ကုန်နှစ်ခြင်းခရစ်ယာန်ကောလိပ်အား ကရင်ကောလိပ်ဟုပင် အလွယ်ခေါ်ဆိုခဲ့ကြသည်အထိ ကရင်များ တက်ရောက်ခဲ့သည်။ ဗြိတိသျှတို့ကလည်း ကရင်တို့ထံ သာသနာပြုခွင့်ရခြင်းသည် ထူးကဲသော အခွင့်အရေးဟု သတ်မှတ်ဝမ်းမြောက်ခဲ့ကြောင်း ထိုခေတ်ပေးစာများတွင် တွေ့ရသည်။ ပဒေသရာဇ်ခေတ်က ဖိနှိပ်ခံ ကရင်တို့သည် ဗြိတိသျှအုပ်ချုပ်ရေးကို ရှေ့ကထက် ပိုနှစ်သက်သည်မှာ အံ့ဩစရာမရှိပေ။ ၁၈၈၀ တွင် မြန်မာနိုင်ငံတွင် ပထမဆုံးမဟာဝိဇ္ဇာဘွဲ့ရ ဒေါက်တာ စောတီသံပြာ (သီအိုဒိုသံပြာ) ကဲ့သို့သော ကရင်နှစ်ခြင်းခရစ်ယာန်ခေါင်းဆောင်များသည် ရန်ကုန်တွင် Lord Ripon နှင့် တွေ့ဆုံခဲ့ကြသည်။ ကရင်လူမျိုးများကို အုပ်စုတခုအဖြစ် စုစည်းခြင်းအကြောင်း ဆွေးနွေးခဲ့ကြပြီး ၎င်းသည် တမျိုးသားကဲ့သို့ ပြုမူဆောင်ရွက်ရန် ပထမခြေလှမ်း စခဲ့သည်။ ဤအစည်းအဝေးသည် ကရင်အားလုံး အတူတကွ ရပ်တည်နိုင်လျှင် မည်သို့ဖြစ်မည်နည်းဟု အတွေးပွားစေခဲ့သည်။ ကရင်သာသနာပြုအသင်းများသည် ဗမာများထက် များစွာစောနေခဲ့သည်။ ကရင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ်ကို ၁၈၄ဝ ခုနှစ်တွင် ထူထောင်သည်။ ကရင်အမျိုးသားအသင်း ဒေါကလူ (Karen National Association - KNA) ကိုလည်း ဒေါက်တာတီသံပြာက ဦးဆောင်ကာ ၁၈၈၁ ခုနှစ်တွင် ထူထောင်သည်။ ဒေါကလူသည် အိန္ဒိယအမျိုးသားကွန်ဂရက်ထက်ပင် ၄ နှစ်ပိုစောသလို ဂျီစီဘီအေထက် နှစ်ပေါင်း ၄၀ စောကာ၊ တို့ဗမာအစည်းအရုံးများထက် နှစ်ပေါင်း ၅ဝ ခန့် စောပေသည်။ ဗမာစာပေတချို့က ကရင်တို့ကို နောက်မှပေါ်လာသည့်အဖွဲ့ဟု ရေးသားကြသည်မှာ မမှန်ပေ။ သို့ရာတွင် အမျိုးသားလူထုအဆင့် ဖြစ်ရေးမှာ ဆက်သွယ်ရေး၏ ကဏ္ဍကို မေ့၍မရပေ။ ထိုကာလက စာဖတ်တတ်သူနှင့် ဆက်သွယ်ရေးလုပ်ငန်းများ နည်း၏။ “Nation” ဟူသည့် စကားသည် သာသနာပြုကျောင်းများမှတဆင့် သင်ယူခဲ့သော အနောက်တိုင်း၏ အယူအဆများမှ ငှားယူထားသော စကားလုံးသစ်ဖြစ်သည်။ မြန်မာနိုင်ငံကို အုပ်ချုပ်သော ဗြိတိသျှတို့အနေဖြင့် ကရင်လူမျိုးများကို အခွင့်အရေးရှိသော စည်းလုံးညီညွတ်သော လူမျိုးတမျိုးအဖြစ် မြင်စေရန် KNA က လိုလားခဲ့သည်။ ၁၈၈၁ ခုနှစ်မှ ၁၈၈၅ ခုနှစ်အထိ ၎င်းတို့သည် ကရင်လူမျိုးများ၏ လိုအပ်ချက်များအကြောင်း ဗြိတိသျှအရာရှိများနှင့် ပြောဆိုကာ တွန်းအားပေးခဲ့သည်။ ၎င်းတို့၏ သတင်းစကားကို ဖြန့်ဝေရန် KNA သည် ၁၈၈၅ ခုနှစ်တွင် စကောကရင်အက္ခရာဖြင့် "pwakanyaw dawkalu atapayuh" (ကရင်အမျိုးသားသတင်း) ဟုခေါ်သော သတင်းလွှာတခုကို စတင်ခဲ့သည်။ သတင်းတွင် ကရင်အမျိုးသားနိုင်ငံတော်၏ သတင်းများနှင့် အိပ်မက်များကို မျှဝေခဲ့သော်လည်း အက္ခရာကိုသိသော နှစ်ခြင်းခရစ်ယာန်ကရင်အနည်းငယ်သာ ဖတ်ရှုနိုင်ခဲ့သည်။ ၁၈၈၅ ခုနှစ်မှ ၁၈၈၇ ခုနှစ်အထိ သတင်းလွှာသည် လူအနည်းငယ်ဆီသို့သာ ရောက်ရှိခဲ့ပြီး ကရင်အားလုံးနှင့် ဆက်သွယ်ရန် ခက်ခဲဆဲဖြစ်ခဲ့သည်။ ၁၈၈၇ ခုနှစ် ဖေဖော်ဝါရီလတွင် ကရင်ခေါင်းဆောင်များသည် ဗြိတိသျှဘုရင်မ ဗစ်တိုးရီးယား၏ ဘုရင်မဖြစ်သက် ၅၀ ပြည့် အထိမ်းအမှတ်ပွဲကြီးတခုသို့ ရန်ကုန်၌ သွားရောက်ခဲ့ကြသည်။ ကရင်လူမျိုးများအဖြစ် ဂုဏ်ယူမှုကို ပြသကာ စည်းလုံးညီညွတ်ကြောင်း သက်သေပြရန် မျှော်လင့်ခဲ့ကြသည်။ သို့သော် ထိုနှစ်နှောင်းပိုင်း အောက်တိုဘာလတွင် ရန်ကုန်၌ ကျင်းပသော KNA အစည်းအဝေးသို့ နှစ်ခြင်းခရစ်ယာန်ဆရာ ၁၁ ဦးသာ တက်ရောက်ခဲ့သည်။ ဤတက်ရောက်သူနည်းပါးခြင်းက KNA သည် ကရင်အများစုထံ မရောက်ရှိသေးခြင်းကြောင့် ဖြစ်သည်သည်။ "ဒေါကလူ" ဟူသောအယူအဆသည် ကနဦး နှစ်ခြင်းခရစ်ယာန်ခေါင်းဆောင်များကြားတွင် ဆက်လက်တည်ရှိနေခဲ့သည်။ နောင်တွင်တော့ ကရင်များအားလုံးကြား ယင်းသတင်းစကား ပျံ့နှံ့လာ၏။ ၁၉၃၀ တွင် ကရင်အမျိုးသား အလံနှင့် အမျိုးသားသီချင်း အတည်ပြုရန် တောင်းခဲ့သည်ဟု ဆိုသည်။ ၁၉၃၇ ခုတွင်ပင် ဒေါကလူမှ ကရင်နှစ်သစ်ကူးနေ့ကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ တဖြည်းဖြည်းချင်း ကရင်လူမျိုး ဟူသည့်ပုံရိပ် ပေါ်လာသည်။ ယနေ့ကရင်လူမျိုးများသည် ကမ္ဘာအနှံ့အပြားတွင် ပျံ့နှံ့နေထိုင်လျက်ရှိကြသည်။ လူဦးရေအချိုးအစားကို ကြည့်ကြပါစို့။ သမိုင်းစဉ်ဆက်အရ ကရင်လူမျိုးများသည် မြန်မာနိုင်ငံ အရှေ့ဘက်တောင်တန်းဒေသများနှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတို့တွင် အဓိကအားဖြင့် နေထိုင်ခဲ့ကြပြီး ယခု ကရင်ပြည်နယ်တွင် အများဆုံး စုစည်းနေထိုင်ကြသည်။ ထို့အပြင် ကရင်နီပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းဒေသ၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့အပြင် ထိုင်းနိုင်ငံမြောက်ပိုင်းနှင့် အနောက်ပိုင်းတို့တွင်လည်း ကရင်လူဦးရေ အတော်အတန်ရှိသည်။ ရွှေ့ပြောင်းနေထိုင်ရမှုကြောင့် ထိုင်းနိုင်ငံတွင် ကရင်လူမျိုးများ သိသာထင်ရှားစွာ ရှိနေပြီး ခန့်မှန်းခြေ ၄၀၀,၀၀၀ ခန့်ရှိသောကြောင့် ထိုင်းတောင်ပေါ်တိုင်းရင်းသားများအနက် အများဆုံးဖြစ်သည်။ ထိုင်းနိုင်ငံအတွင်း၌ ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ ဒုက္ခသည်စခန်းများတွင် ခန့်မှန်းခြေ ၁၂၈,၀၀၀ ခန့် နေထိုင်ကြသည်။ ၎င်းတို့ အနက် အကြီးဆုံးမှာ တာ့ခ်ခရိုင်ရှိ မယ်လစခန်းဖြစ်ပြီး ကရင်ဒုက္ခသည် ၅၀,၀၀၀ ခန့်ကို လက်ခံထားသည်။ ဤစခန်းများရှိ ဒုက္ခသည်များ၏ ၇၉% မှာ ကရင်လူမျိုးဖြစ်သည်။ ကုလသမဂ္ဂနှင့် အခြားအလှူရှင်များ၏ အကူအညီဖြင့် ဖွင့်လှစ်ထားသော ဤစခန်းများတွင် ထိုင်းအစိုးရ၏ နယ်မြေအောက်၌ ကရင်ဒုက္ခသည်ကော်မတီက စီမံခန့်ခွဲသော အုပ်ချုပ်မှုစနစ်နှင့် ကျောင်းများ ရှိသည်။ အိန္ဒိယနိုင်ငံ အန်ဒမန်ကျွန်းများ၏မြောက်ပိုင်း မေယာဘန်ဒါတဟ်ဆီလ်တွင် နေထိုင်သော ကရင်လူမျိုး ၂,၅၀၀ ခန့် ရှိသည်။ ၎င်းတို့အားလုံးနီးပါးမှာ ခရစ်ယာန်များဖြစ်ပြီး အချင်းချင်းဆက်သွယ်ရေးအတွက် ၎င်းတို့၏ ဘာသာစကားကို ထိန်းသိမ်းထားသော်လည်း ဟိန္ဒီဘာသာကို ဒုတိယဘာသာစကားအဖြစ် အသုံးပြုကြသည်။ ၂၀၀၀ ခုနှစ်မှစတင်၍ နိုင်ငံတကာ ပျံ့ကျဲနေသည့် ကရင်များသည် မြောက်အမေရိကသို့ ပိုမိုရောက်ရှိပြီး ၂၀,၀၀၀ ဦးခန့် မင်နီဆိုတာပြည်နယ် (အဓိကအားဖြင့် စိန့်ပေါလ်မြို့) တွင် နေထိုင်ကာ နီဘရားစကားပြည်နယ်တွင် ၅,၀၀၀ ကျော် ရှိကြသည်ဟု ဆိုသည်။ ကယ်လီဖိုးနီးယားတောင်ပိုင်းနှင့် နယူးယောက်အလယ်ပိုင်းတို့တွင်လည်း ရှိကြသည်။ ရောက်ရှိလာသူအများအပြားအတွက် အဓိကစိန်ခေါ်မှုမှာ ဘာသာစကားအခက်အခဲဖြစ်ပြီး မြောက်အမေရိကသို့ ရောက်ရှိချိန်တွင် ကရင်ဒုက္ခသည် ၉၀% က အင်္ဂလိပ် သို့မဟုတ် ပြင်သစ်ဘာသာစကားကို မတတ်ကြောင်း ပြောကြားခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် နိုင်ငံတကာပျံ့ကျဲနေသည့် ကရင်များ၏ စုစုပေါင်းလူဦးရေကို ခန့်မှန်းခြေ ၆၇,၀၀၀ ဦးဟု ခန့်မှန်းခဲ့သည်။ သို့ရာတွင် ကရင်လူမျိုးကို ရေတွက်ရာတွင် အမြဲတမ်း အားလုံးသဘောတူနေသည်တော့ မဟုတ်ခဲ့ပေ။ ဗြိတိသျှတို့လက်ထက်က စာရင်းများတွင် ကရင်နီ၊ ပဒေါင်၊ ပအိုဝ်း စသည့် လူမျိုးစုတို့ကိုပါ ကရင်ထဲတွင် ထည့်သွင်း၍ ရေတွက်ခဲ့၏။ ကိုယ်ပိုင်အုပ်ချုပ်မှုရရေးကိုလည်း ပူးပေါင်းလုပ်ဆောင်ခဲ့ကြသည်။ ဥပမာအားဖြင့် စောဘဦးကြီး ကျဆုံးပြီးနောက် သထုံဦးလှဖေ ခေါ် ဖြားဗွာလှဖေကို ဥက္ကဋ္ဌမြှောက်လိုခဲ့ကြသည်။ သို့သော် ဖြားဗွာလှဖေက KNU မှ နှုတ်ထွက်ပြီး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ တည်ထောင်ခဲ့သည်။ ထို့အတူ ကရင်နီတို့လည်း ကိုယ့်အမျိုးသားလူထုဝိညာဉ်ဖြင့် ကိုယ့်ဘာသာ ရပ်တည်ထွန်းကားခဲ့ကြ၏။ ၁၉၄၃ ခုနှစ်တွင် ဒေါကလူမှ ခေါင်းဆောင်များနှင့် Karen Central Advisory Board (KCAB) အား ဖွဲ့စည်းလိုက်၏။ ကရင့်ဗဟိုအကြံပေး အဖွဲ့တွင် ဒေါက်တာဆာစံစီဖိုး၊ စောဘမောင်၊ စောသာဒင်တို့ ပါဝင်ခဲ့ကြ၏။ ၁၉၄၅ ခု ဇွန် ၂၀ မှ ဇူလိုင် ၅ ရက်နေ့တွင် ကျင်းပသည့် အစည်းအဝေးမှ (KCAB) အား (KCO) Karen Central Organization ဟူ၍ အသွင်ပြောင်းလိုက်ကြ၏။ ထိုအဖွဲ့တွင် စောသာဒင်၊ ဆရာသာထို၊ စောဘဦးကြီး ပါဝင်ကြ၏။ ကရင်ပြည် ရသည်အထိ တောင်းရန် ဆုံးဖြတ်ကြသည်။ KCO ကို KNA ၏ ပိုမိုတိုက်ရိုက်သော နိုင်ငံရေးလက်တံသဖွယ် မှတ်ယူနိုင်ပြီး ဗြိတိသျှအုပ်ချုပ်ရေးနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ခဲ့သည်။ အဖွဲ့ဝင်များတွင် လက်နက်ကိုင်တော်လှန်ရေး၏ အနာဂတ် ခေါင်းဆောင်များသာမက ကရင်အသိုင်းအဝိုင်းများကို ကိုယ်စားပြုသော ရှေ့နေများနှင့် အုပ်ချုပ်ရေးမှူးများအဖြစ် လုပ်ကိုင်နေသူများလည်း ပါဝင်သည်။ ဒုတိယကမ္ဘာစစ်အပြီးနှင့် မြန်မာနိုင်ငံ လွတ်လပ်ရေးမရခင် ကြားကာလများတွင် KCO သည် ဗြိတိသျှအစိုးရအဆင့်ဆင့်သို့ ကရင်လူမျိုးတို့၏ စိုးရိမ်ပူပန်မှုများနှင့် တောင်းဆိုမှုများကို တင်ပြရာတွင် အဓိကအဖွဲ့အစည်းဖြစ်သည်။ စိတ်ဝင်စားဖွယ်မှာ KCO သည် နောက်ပိုင်းတွင် လွတ်လပ်ရေးဆွေးနွေးပွဲများကို ဦးဆောင်မည့် ဂျပန်တို့ကို တိုက်ထုတ်ရန် ဖွဲ့စည်းခဲ့သော အဖွဲ့အစည်းဖြစ်သည့် ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (Anti-Fascist People's Freedom League - AFPFL) ကို (အနည်းဆုံး အစပိုင်း၌) စာနာထောက်ထားခဲ့သည်။ ဤသို့ ပူးပေါင်းဆောင်ရွက်မှုသည် အနည်းဆုံး ၁၉၄၆ ခုနှစ်အထိမြဲခဲ့သည်။ သို့သော် ဖဆပလ ခေါင်းဆောင်များက အမျိုးသားနိုင်ငံတခုအတွက် ပိုမိုတောင်းဆိုလာပြီး ကရင်ပြည်နယ်ဟူသောအယူအဆကို အစပိုင်း၌ မျက်နှာသာမပေးသောကြောင့် အဖွဲ့နှစ်ဖွဲ့၏ ရည်မှန်းချက်များသည် တဖြည်းဖြည်း ကွဲပြားသွားခဲ့သည်။ ဤနိုင်ငံရေးနယ်ပယ်တွင် လူသိပ်မသိသည့် အလွှာတခုမှာ ၁၉၃၉ ခုနှစ်တွင် တည်ထောင်ခဲ့သော ဗမာကရင်အမျိုးသားအသင်း (Burma Karen National Association - BKNA) ဖြစ်သည်။ ဤအဖွဲ့သည် ဗုဒ္ဓဘာသာဝင်အများစုပါဝင်သော အဖွဲ့ဖြစ်သည်။ BKNA သည် KCO ၏ ချဉ်းကပ်မှုများနှင့် မကြာခဏ သဘောထားကွဲလွဲတတ်ခဲ့သည်။ သို့သော် ဤကန့်ကွက်မှုသည် အဆုံးသတ်ဆိုင်ရာ သဘောထားကွဲလွဲမှုထက် လုပ်ငန်းစဉ်နှင့် အားလုံးပါဝင်နိုင်ရေးအတွက် စိုးရိမ်မှုများမှ ပို၍ ဖြစ်ပေါ်လာပုံရသည်။ ၁၉၄၆ ခုနှစ်အစောပိုင်းတွင် ကရင်အဖွဲ့အစည်းအားလုံးသည် မြန်မာနိုင်ငံ အတွင်း၌ဖြစ်စေ၊ လွတ်လပ်စွာဖြစ်စေ ရှိနေမည့် ပြည်နယ်တခုကို တောင်းဆိုခဲ့ပြီး ဗုဒ္ဓဘာသာဝင် ကရင်အများအပြားကလည်း “သီးခြားကရင်ပြည်နယ်” ဟူသောအယူအဆကို ထောက်ခံခဲ့ကြသည်။ ၁၉၄၆ ဖေဖော်ဝါရီလ ၄ ရက်တွင် KCO ၏ လက်ရုံးအဖြစ် ကရင်လူငယ်အဖွဲ့ Karen Youth Organization (KYO) ကို ဖွဲ့စည်းသည်။ မန်းဘခိုင်၊ မန်းဝင်းမောင်၊ စောကျော်စိန်တို့ ဦးဆောင်ခဲ့သည်။ ဤအဖွဲ့သည် ဆိုရှယ်လစ်ဝါဒအမြင်များအပြင် ယဉ်ကျေးမှုနှင့် ပညာရေးဆိုင်ရာကိစ္စရပ်များတွင် အစောပိုင်းကပင် စိတ်ဝင်စား ခဲ့သည်။ မှတ်သားဖွယ်မှာ KYO သည် နောက်ပိုင်းတွင် ဖဆပလ နှင့် ပူးပေါင်းခဲ့ပေသည်။ ဤဆုံးဖြတ်ချက်သည် Burma National Army - BNA ၏ စစ်မှုထမ်းဟောင်းများဖြစ်သော ထောက်ခံသူများ၏ လွှမ်းမိုးမှုကြောင့် အများအားဖြင့် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ ထိုစစ်မှုထမ်းဟောင်းများသည် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကဲ့သို့ ဗမာလူမျိုးအများစုနေထိုင်သော ဒေသများတွင် နေထိုင်သော ကရင်လူမျိုးများအတွက် ဗမာလူမျိုးအများစုနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည်ကား အကောင်းဆုံးနည်းလမ်းဖြစ်သည်ဟု ယုံကြည်ခဲ့ကြသည်။ ၁၉၄၇ ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး (Karen National Union - KNU) က ကိုလိုနီအုပ်ချုပ်ရေးကို သပိတ်မှောက်ရန် တောင်းဆိုခဲ့သည့်တိုင် KYO သည် ဖဆပလ နှင့် မဟာမိတ်ပြုခဲ့သည်။ အဖွဲ့ဝင်များ၏ ဆိုရှယ်လစ်ဝါဒဆိုင်ရာ ယုံကြည်ချက်များကြောင့် ဖြစ်သည်ဟု ယူဆရသည်။ ကရင်အဖွဲ့အစည်းအများအပြား၏ ကြိုးပမ်းမှုကြောင့် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလတွင် ရန်ကုန်မြို့၌ ကရင်အမျိုးသားအစည်းအရုံး (Karen National Union - KNU) ဟူသော ထီးရွက်အဖွဲ့အစည်းသစ်တခုအဖြစ် ပေါင်းစည်းခဲ့ကြသည်။ KNU ၏ အဓိကတာဝန်မှာ သီးခြားကရင်ပြည်နယ်တခု ဖန်တီးရန် တောင်းဆိုခြင်း၊ စစ်တပ်အတွင်း၌ သီးသန့်ကရင်တပ်ဖွဲ့များ ထိန်းသိမ်းထားရှိရန်နှင့် လာမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးညီလာခံတွင် ကရင်ကိုယ်စားလှယ်နေရာများပိုမိုရရှိရန် ဆောင်ရွက်ဖို့ ဖြစ်သည်။ နောက်ပိုင်းတွင် ဆက်ပြောပါမည်။ KNU သည် အတော်အတန် စည်းလုံးညီညွတ်သော အင်အားစုအဖြစ် ဆောင်ရွက်ခဲ့သော်လည်း BKNA နှင့် KYO တို့သည် ဖြစ်နိုင်ခြေရှိသော ကရင်ပြည်နယ်၏ အခြေအနေနှင့် အတိုင်းအတာစသည့်အပေါ် မူတည်၍ မကြာခဏ ကွဲပြားသော ရပ်တည်ချက်များကို ရှိခဲ့ကြသည်။ Ardeth Thawnghmung က KYO နှင့် KNU တို့သည် ကရင်ပြည်နယ်ခံစားရမည့် နိုင်ငံရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အတိုင်းအတာအပြင် နယ်နိမိတ်များအပေါ် သဘောမည်သို့ကွဲပြားခဲ့သည်ကို ထောက်ပြခဲ့သည်။ KYO ကို ပိုမိုညှိနှိုင်းလိုသော အဖွဲ့အစည်းဟု မြင်ရသည်။ KNU ၏ နယ်မြေအဆိုပြုချက်နမူနာတွင် ဧရာဝတီတိုင်းဒေသကြီးနှင့် ယခု ကရင်ပြည်နယ်၏ အခြားအစိတ်အပိုင်းများအပြင် အင်းစိန်နှင့် ဟံသာဝတီခရိုင်များလည်း ပါဝင်ခဲ့ပြီး မြန်မာနိုင်ငံ၏ နယ်မြေအားလုံး၏ သုံးပုံတပုံနီးပါးရှိခဲ့သည်။ အမျိုးသားရေးလက္ခဏာနှင့် နိုင်ငံရေးအသိအမှတ်ပြုမှုပုံစံအပေါ်တွင် မတူကွဲပြား၍ ဆန့်ကျင်နေသော ရှုထောင့်များသည် ကရင်လူမျိုးတို့ ရည်မှန်းချက်များကို ရှုပ်ထွေးသည်၊ မကိုက်ညီဟု မကြာခဏ ပယ်ချခံရစေခဲ့၏။ ယင်းက ယနေ့အထိ ကရင်အဖွဲ့အစည်းများအတွက် ဆက်လက်ရှိနေသော ပြဿနာဖြစ်သည်။ သို့သော် မတူကွဲပြားသလောက် ကျယ်ပြန့်သော ထင်မြင်ယူဆချက်များကြားတွင် ကရင်အများအပြားသည် ဗြိတိသျှနှင့် ဗမာခေါင်းဆောင်များ အားလုံးကို စိတ်ရင်းစေတနာကောင်းဖြင့် ဆက်ဆံနေခြင်းဖြစ်သည်။ ကရင်လူမျိုးတို့၏ ကြိုးပမ်းအားထုတ်မှုများကို ကိုလိုနီအရာရှိများနှင့် အုပ်ချုပ်ရေးမှူးအချို့က မကြာခဏ ထောက်ခံအားပေးခဲ့ကြသည်။ ထင်ရှားသည့် ကရင်လူမျိုးတို့အကြောင်း စာအုပ်တအုပ်ဖြစ်သည့် "မြန်မာပြည်၏ သစ္စာရှိသော ကရင်များ" (The Loyal Karens of Burma - ၁၈၈၇) တွင် ဒေါ်နယ် စမီတန် (Donald Smeaton) က ၁၈၈၅ ခုနှစ်အကုန်တွင် ဗမာဘုရင်စနစ်ကျဆုံးပြီးနောက် ဗမာတို့၏ ပုန်ကန်မှုအမျိုးမျိုးကို ရင်ဆိုင်ရသည့်အခါ ဗြိတိသျှများနှင့် ကရင်တို့၏ စစ်ရေးမဟာမိတ်ပြုမှုသည် မြန်မာနိုင်ငံကို သိမ်းပိုက်ရာတွင် အောင်မြင်မှုရရှိစေခဲ့သလို “ကရင်လူမျိုးများကို တမျိုးသားအဖြစ် စည်းလုံးစေခြင်း” အတွက် အကျိုးသက်ရောက်မှုများ ရှိခဲ့သည်ဟု ဆို၏။ နောက်ပိုင်းစာရေးဆရာများက အမေရိကန်သာသနာပြု ဟယ်ရီမာရှယ် (Harry Marshall) ၏ ၁၉၂၂ ခုနှစ်မှတ်တမ်းတွင် ဗြိတိသျှစစ်မှုထမ်းကြရာတွင် မြန်မာ့တိုင်းရင်းသားအုပ်စုအမျိုးမျိုးအနက် ကရင်လူမျိုးများသည် ထူးခြားစွာ စိတ်အားထက်သန်ကြောင်း မှတ်တမ်းရှိ၏။ ကရင်များသည် ဗြိတိသျှများနှင့် လွန်စွာဆက်ဆံရေးကောင်းခဲ့ကြသည့်အတွက် ကရင်ခေါင်းဆောင်များက ဗြိတိသျှတို့သည် မိမိတို့ကို ပစ်ပယ်မည်မဟုတ်ဟု ယုံကြည်ခဲ့ကြသည်ကိုလည်း ထောက်ချင့်တွက်ဆနိုင်သည်။ ဒုတိယကမ္ဘာစစ်သည် ဗြိတိသျှဘားမားသို့ ဂျပန်စစ်သားများကို ခေါ်ဆောင်လာပြီး ကရင်လူမျိုးတို့၏ ဘဝကို ပြောင်းလဲစေခဲ့သည်။ ကရင်လူမျိုးများသည် ဆယ်စုနှစ်များစွာ ၎င်းတို့ကို အုပ်ချုပ်ခဲ့သော ဗြိတိသျှတို့အား သစ္စာခံမည်လား၊ သို့မဟုတ် ဂျပန်၏အကူအညီဖြင့် လွတ်လပ်ရေးကိုယူမည့် ဗမာအမျိုးသားရေးဝါဒီများနှင့် ပူးပေါင်းမည်လား ရွေးရတော့သည်။ ကရင်တို့က မျှော်လင့်ထားသည့်အတိုင်း ဗြိတိသျှတို့ကို ရွေးခဲ့ကြသည်။ တကယ်တမ်းတော့လည်း ရွေးသည်ဟုဆိုသည်ထက် အစတည်းက အတူတူဖြစ်ပြီးသားဟုလည်း ဆိုနိုင်သည်။ ၁၉၄၁ ခုနှစ်တွင် ၎င်းတို့သည် ဗမာလူမျိုး ၇၅% ရှိသော်လည်း စစ်တပ်၏ ၂၄% သာရှိသည့်အချိန်တွင် မြန်မာနိုင်ငံလူဦးရေ၏ ၉% သာရှိသော်လည်း ကိုလိုနီတပ်မတော်၏ ၃၅% ကို ဖွဲ့စည်းခဲ့သည်။ ဂျပန်သည် ၎င်း၏ ရေနံ၊ ဆန်နှင့် တရုတ်ပြည်သို့ သွားသော လမ်းများအတွက် မြန်မာနိုင်ငံကို ကျူးကျော်ရန် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗမာအမျိုးသားရေးဝါဒီများဖြင့် ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) ကို ဖွဲ့စည်းခဲ့သည်။ ၁၉၄၂ ခုနှစ် ဇန်နဝါရီလတွင် ဗမာ့လွတ်လပ်ရေးတပ်မတော်၏ အကူအညီဖြင့် ဂျပန်၏ တပ်မတော်အမှတ် ၁၅ သည် မြန်မာနိုင်ငံကို ကျူးကျော်ဝင်ရောက်ခဲ့သည်။ မတ်လတွင် ၎င်းတို့သည် ရန်ကုန်ကို သိမ်းပိုက်ကာ ဗြိတိသျှတပ်ဖွဲ့များကို အိန္ဒိယဘက်သို့ တွန်းပို့ခဲ့သည်။ ကရင်များစွာက ဗြိတိသျှသစ္စာခံကာ ဂျပန်ကိုပြန်တိုက်ခဲ့သည်။ ၁၉၄၂ ဖေဖော်ဝါရီလတွင် မြောင်းမြ၌ ကရင်နှင့် ဘီအိုင်အေ တိုက်ပွဲဖြစ်ပြီး ကရင်သတ်ပွဲကြီး ဖြစ်လာခဲ့သည်။ မြောင်းမြခရိုင် တခုတည်းမှာပင် ကရင်ပေါင်း ၁၈၀၀ မက သေဆုံးပြီး ကရင်ရွာ ၄၀၀ ဖျက်ဆီးခံရသည်ဟု ဆိုသည်။ ဖြစ်စဉ်ကို ထိုစဉ်က ဗိုလ်မှူးကြီး ဆူဇူကီး လက်အောက်မှ အမိန့်ပေးခဲ့ရသည့် ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောက ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိတွင် အောက်ပါအတိုင်း ဖော်ပြခဲ့သည်။ “ဗိုလ်မိုးကြိုးက သူပုန်ရှိသည်ဟု ယူဆရသော ရွာများကို အတင်းတက် သိမ်းပိုက်ခိုင်းပြီး ခုခံရင် အားလုံးကို တိုက်ခိုက်သတ်ဖြတ်ဖို့ ကျနော့်တပ်မှူးတွေကို တိုက်ရိုက်အမိန့်ပေးသည်။ တခါတရံ ကျနော်ကတဆင့် အမိန့်ပေးသည်။ …. ဒီလိုနဲ့ တပတ်လောက်ကြာအောင် တိုက်ခိုက်သတ်ဖြတ်ပွဲတွေ ဖြစ်ပါတော့သည်။ …. ထိုစဉ်က ဗိုလ်မိုးကြိုးက တပ်မှူးကြီးဖြစ်ပြီး ကျနော်က သူ့ရဲ့စစ်ဦးစီး အဖြစ်မျိုး ဆောင်ရွက်ခဲ့ရတာ ဖြစ်ပါသည်။ သူသည် ထိုစဉ်က ဘီအိုင်အေတပ်ရဲ့ စစ်သေနာပတိချုပ်လည်း ဖြစ်ပါသည်။ ကျနော်သည် ထိုနှစ် (၅၀) ကျော်ကာလက အသက် (၂၃) နှစ်အရွယ် ကျောင်းသားမျိုးချစ် တော်လှန်ရေးစစ်သားတဦးမျှသာ ဖြစ်ပါသည်။ စစ်သားအဖြစ် အမိန့်နာခံရေးသာ အဓိက ထားခဲ့ရပါသည်။ သို့သော် ကျနော့်တာဝန် မကင်းခဲ့ပါ။ ထိုစဉ်က ကျနော်သာ နိုင်ငံရေးအသိ တစုံတရာသာရှိပါက ထိုကိစ္စကို အတော်ရှောင်နိုင်မည်ဖြစ်သည်။ ခုခံတဲ့ ရွာသားတွေကို သတ်ဖြတ်တဲ့အထိ မရောက်စေဘဲ ဗိုလ်မိုးကြိုး ကျေနပ်အောင် ရွာအချို့ မီးရှို့ပြတာ လုပ်ပစ်လျှင် ပြီးနိုင်မည်ဖြစ်သည်။ ဤကား ကရင်အမျိုးသားများ မြစ်ဝကျွန်းပေါ်တွင် သတ်ဖြတ်ခံရသည့်ကိစ္စ ဖြစ်ပါသည်။ ကျနော်ထိုစဉ်က တပ်မတော် ဗိုလ်မှူးရာထူးနှင့် ဖြစ်ပါသည်။” ကရင်-ဗမာ အဓိကရုဏ်းအတွင်း ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဉာဏနှင့် ဗိုလ်စောအောင်တို့ ကျဆုံးသလို ကရင်ဘက်မှ စောဘဦးကြီး၏ ညီဝမ်းကွဲဖြစ်သူ ဝန်ကြီးဟောင်း စောဖေသာနှင့် သူ၏ စကော့လူမျိုးဇနီး၊ သားသမီးများ ဗမာဘက်မှ သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ များမကြာခင် ဗိုလ်မိုးကြိုးလည်း သတ်ဖြတ်မှုများအား တားဆီးရန် အောက်ပါစာကို ထုတ်ပြန်ခဲ့သည်ဟု ဆိုသည်။ ဗိုလ်မိုးကြိုး၏ ညီညွတ်ရေးအတွက် ထုတ်ပြန်ချက် ၁၃ဝ၄ ခုနှစ်၊ ဝါဆိုလဆန်း(၃)ရက် အောက်ပါကျေးရွာများတွင် နေထိုင်ကြကုန်သော ကရင်၊ ဗမာနှင့် အခြားလူမျိုး အားလုံးသည် ၎င်းတို့ အသက်ချမ်းသာရေးအတွက် ခွင့်လွှတ်ပြီးဖြစ်သည်။ ၎င်းတို့အသက်ရှင်ရေးအတွက် အောက်ပါစည်းမျဉ်းများကို လိုက်နာဆောင်ရွက်ကြရမည်။ ဤစည်းမျဉ်းများကို လိုက်နာခြင်းမရှိပါက ဘီအိုင်အေတပ်များ၏ အပြစ်ပေး အရေးယူခြင်းကို ခံကြရမည်။ ၁။ ပတ္တော် ၂။ စစ်စလီထုံး ၃။ ရွှေတောင်မော် ၄။ စံကျ ၁။ ယခုအချိန်မှစပြီး ဗမာများသည် ကရင်ကျေးရွာများအား ကဲ့ရဲ့ပြစ်တင်ခြင်း မပြုရ။ ကရင်ရွာသားများအား သတ်ဖြတ်ခြင်း မပြုရ၊ ကရင်များသည် ဗမာကျေးရွာများအား ကဲ့ရဲ့ပြစ်တင်ခြင်း မပြုရ။ ဗမာရွာသားများအား သတ်ဖြတ်ခြင်း မပြုရ။ ဤစည်းမျဉ်းများကို မနာခံသူသည် ဘီအိုင်အေတပ်များ ပေးသည့် အပြစ်ဒဏ်ကို ပြင်းထန်စွာ ခံကြရမည်။ ၂။ ယခုအချိန်ကစပြီး လှေများ၊ စက်လှေများ၊ သင်္ဘောများသည် အိမ်မဲ၊ ဝါးခယ်မ၊ မအူပင်၊ ပန်းတနော်၊ မော်လမြိုင်ကျွန်းမြို့ နယ်များတွင် ငြိမ်းချမ်းစွာသွားလာနိုင်သည်။ ဤကဲ့သို့ သွားလာကြရာတွင် စစ်သားများမှတစ်ပါး မည်သူမျှသေနတ်၊ ဓား၊ လှံ၊ ဒူးလေး၊ သံချွန် အစရှိသည်များကို ယူဆောင်ခြင်း အလျင်း မပြုရ။ ၃။ ရွာသူရွာသားများသည် သွားလာလျက်ရှိသည့် လှေ၊ သင်္ဘောများအား ပစ်ခတ်ခြင်း၊ ချောင်းမြောင်းခြင်း မပြုလုပ်ရ။ ဤကဲ့သို့ ပစ်ခတ်ခြင်းမျိုး ရွာတစ်ရွာရွာတွင် ဖြစ်ပွားပါက သက်ဆိုင်ရာကျေးရွာ၏ တာဝန်ဖြစ်ပေသည်။ ပစ်ခတ်သူကို ရှာဖွေဖော်ထုတ်ဖမ်းဆီးပြီး သက်ဆိုင်ရာတာဝန်ရှိသူများထံ ပေးပို့ကြရမည်။ ၄။ ဖော်ပြပြီးဖြစ်သည့်ကျေးရွာများတွင် သေနတ်၊ ကျည်ဆံများဖြစ်သည့် ရိုင်ဖယ်၊ စက်သေနတ်၊ ခြောက်လုံးပြူးများအား တွေ့ရှိပါက အနီးဆုံးတွင်ရှိသည့် ဘီဒီအေစစ်ရုံးသို့ လာပို့ကြရမည်။ သေနတ်အား ကိုင်ဆောင်သင့်သူကို လိုင်စင်ထုတ်ပေးမည်။ ၅။ အုပ်စုဖြင့် တစ်ရွာမှတစ်ရွာသို့ သွားလာကြရာတွင် သုံးရောင်ခြယ်အလံကို ကိုင်ဆောင်သွားရမည်။ ညီညွတ်ရေး စာစောင်ကိုလည်း ယူဆောင်သွားကြရမည်။ ခရီးသွားလာရာတွင်သေနတ်၊ ဓား၊ လှံ၊ ဒူးလေး၊ မြား၊ တင်းပုတ် စသည်များကို လုံးဝ ကိုင်ဆောင်ခြင်း မပြုရ။ ၆။ ရပ်ရွာများကို ကာကွယ်စောင့်ရှောက်ရန်အတွက် ဗော်လန်တီယာတပ်များကို ထားရှိရမည် ဖြစ်ပြီး ယင်းတပ်ကို အလွယ်တကူ သိရှိနိုင်ရန်အတွက် တပ်၏အမှတ်အသားကို လက်မောင်းတွင်အမြဲ ပတ်ထားကြရမည်။ ရပ်ရွာထဲ၌ လူဆိုးဓားပြများရှိပါက ဖမ်းဆီးရမည်။ သို့မဟုတ်ဘီအိုင်အေ တပ်ကို အကူအညီတောင်းပြီး ဖမ်းဆီးကာ စစ်တပ်လက်ထဲသို့ အပ်နှံရမည်။ ၇။ ရွာသားများသည် ယခုအချိန်မှစပြီး လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို ပြန်လည်စတင်လုပ်ကိုင်ကြရမည်။ လယ်တော၊ ယာတောသို့သွားရာတွင် လူကို ထိခိုက်ဒဏ်ရာရစေနိုင်သည့်လက်နက်များဖြစ်သည့် သေနတ်၊ ဓားရှည်နှင့် ဒူးလေးများကို ကိုင်ဆောင်ခြင်း မပြုရ။ ကရင်လူမျိုးများကတော့ ဂျပန်များကို ပြန်လည်ခုခံခဲ့သည်။ ဗြိတိသျှအရာရှိများအောက်တွင် Force 136 နှင့် Karen Levies ကဲ့သို့သော ပြောက်ကျားအဖွဲ့များကို ဖွဲ့စည်းခဲ့သည်။ မြန်မာနိုင်ငံအရှေ့ပိုင်းတောင်တန်းများတွင် ကရင်နှင့် ကရင်နီ ၁၂,၀၀၀ ခန့်သည် ၎င်းတို့၏တောတွင်းအကြောင်း အသိပညာကို အသုံးပြု၍ ဂျပန်တပ်ဖွဲ့များကို တိုက်ခိုက်ရန် ဤတပ်ဖွဲ့များသို့ ဝင်ရောက်ခဲ့ကြသည်။ အရပ် ၆ ပေကျော် ရှိသောကြောင့် ကရင်လူမျိုးများက "ခြေတံရှည်အဘိုး" ဟုခေါ်သော ဗြိတိသျှအရာရှိ ဗိုလ်မှူး ဟျူးဆီးဂရင်း (Major Hugh Seagrim) လည်း ပါသည်။ မေဂျာဆီးဂရင်းသည် ကရင်ပြောက်ကျားများကို ဦးဆောင်ကာ ဂျပန်တို့၏ ထောက်ပံ့ရေးလမ်းကြောင်းများကို တိုက်ခိုက်ပြီး မဟာမိတ်များအတွက် သတင်းအချက်အလက်များ စုဆောင်းခဲ့သည်။ ဂျပန်တို့က လက်တုန့်ပြန်၍ ကရင်များကို သတ်သည့်တိုင် ကရင်များက သူ့ကို ပံ့ပိုးကြ၏။ နောက်ဆုံး ဂျပန်တို့၏ လူအမဲလိုက်မှုကြောင့် ကရင်များကြား သွေးချောင်းထပ်မစီးစေရန် ၁၉၄၄ ခုနှစ် မတ်လတွင် သူနှင့် ကရင်နောက်ပါအချို့ အဖမ်းခံခဲ့ပြီး စက်တင်ဘာတွင် ကွပ်မျက်ခံခဲ့ရသည်။ လူမျိုးရေးမီးစကြီးသည် မြစ်ဝကျွန်းပေါ် မြို့ရွာများသို့ လျင်မြန်စွာပင် ပျံ့နှံ့သွားခဲ့သည်။ ကရင်များကလည်း ဗမာကိုတိုက်ရန်ဖြစ်လာသလို ဗမာလူငယ်အချို့သည် လွတ်လပ်ရေး ရည်ရွယ်ချက် ပျောက်ကွယ်ပြီး ကရင်ဆန့်ကျင်ရေး ရည်ရွယ်ချက်ဖြင့် စစ်တပ်ထဲသို့ ဝင်ကြသည်ပင် ရှိလာသည်။ ထိုဖြစ်ရပ်ကြီးအတွက် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ဗမာခေါင်းဆောင်များနှင့် ကရင်လူမျိုး ခေါင်းဆောင်များသည် ကရင်-ဗမာ သွေးစည်းရေးအတွက် ကြိုးပမ်းကြရသည်။ အတော်လေး တာသွားခဲ့သည်။ နောင်ကာလများတွင် ဗိုလ်ချုပ်အောင်ဆန်းက ကရင်တို့ကို National Minority ဟု သတ်မှတ်ကာ အထူးအလေးပေးသော်လည်း သီးသန့်ဖြစ်သည့်ပြည်နယ်ပေးမည်ဟု သဘောမတူခဲ့ချေ။ တဘက်ကလည်း ကရင်ခေါင်းဆောင်များတွင် စောဘဦးကြီးကဲ့သို့ သီးသန့်ကရင်ပြည်ကို ရခွင့်ရှိပြီး တည်ထောင်သင့်သည်ဟု အမြင်ရှိသူများလည်း ရှိပြန်သည်။ အင်္ဂလိပ်ကမူ ဗမာပြည်လွတ်လပ်ရေး မပေးမီတွင် ကရင်ပြည်နယ် ပေါ်ပေါက်ရေးအတွက် ဖွဲ့စည်းပုံတွင် လုပ်ဆောင်ရလွယ်ကူမှု ရှိမည်လောဟုတော့ ဗြိတိသျှလွှတ်တော်တွင်း ဆွေးနွေးခဲ့သေးသည်။ စစ်ကြီးပြီးသည့်အခါ ဗြိတိသျှတို့တွင် အစိုးရပြောင်းသွားသည်။ ထွက်လာသည့် အစီအမံများမှာလည်း ဌာနေတိုင်းရင်းသားတို့ သဘောတွေ့ရန် မဖြစ်ပေ။ မြန်မာ့ဘလူးပရင့်နှင့် စက္ကူဖြူစာတမ်းတို့တွင် နယ်ခြားဒေသမှ ပြည်သူများ သဘောမတူဘဲ ဘာမှမလုပ်ဟုတော့ ရေးထားသည်။ သို့သော် ယင်းအစီအမံများကလည်း အလုပ်တော့ မဖြစ်ပေ။ ၁၉၄၅ ခု စက်တင်ဘာလတွင် “လွတ်လပ်သောကရင်” လူထုအစည်းအဝေးမှ စုစည်းညီညွတ်သော နယ်ခြား ကရင်ပြည်နယ်များ တည်ထောင်ရေးဆွေးနွေးသည်။ ၁၉၄၆ ဩဂုတ်တွင် စောဘဦးကြီး ဦးဆောင်သော ကရင်ကိုယ်စားလှယ်အဖွဲ့သည် လန်ဒန်သွားကာ ကရင်ပြည် တောင်းသော်လည်း မအောင်မြင်ပေ။ ထိုစဉ်က ကရင်ခေါင်းဆောင်များသည် ကွန်ဆာဗေးတစ်ပါတီနှင့် အတော်အဆင်ပြေ သင့်မြတ်သည့်တိုင် ဗြိတိသျှတို့က အာမခံချက် မပေးနိုင်ပေ။ ကမ္ဘာ့ဇာတ်ခုံတွင် အလုပ်ရှုပ်နေသော လေဘာအစိုးရက စိတ်လည်း မဝင်စားပေ။ အောင်ဆန်း-အက်တလီစာချုပ်ကို ၁၉၄၇ ခုနှစ် ဇန်နဝါရီ ၂၇ ရက်နေ့တွင် လက်မှတ်ထိုးခဲ့ရာ ကရင်ခေါင်းဆောင်များက လက်မခံကြပေ။ ထိုသို့ဖြစ်ရကား ပြည်နယ်ရရှိရေး အစွမ်းကုန်ကြိုးပမ်းရန် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပသော အစည်းအဝေးတွင် ကရင်အမျိုးသားအဖွဲ့များ အားလုံး၏အချုပ်အဖြစ် Karen National Union (KNU) ကို ဖေဖော်ဝါရီ ၅ ရက်နေ့စွဲဖြင့် ဖွဲ့စည်းလေသည်။ စတင်ဖွဲ့စည်းချိန်က KNU ဥက္ကဋ္ဌမှာ စောစံဖိုးသင်ဖြစ်၏။ ယင်းအစည်းအဝေးမှပင် အောင်ဆန်း-အက်တလီ စာချုပ်ကို ကရင်တို့ လက်ခံနိုင်မှုမရှိသည့်အကြောင်းလည်း ဆုံးဖြတ်သည်။ ဗြိတိသျှတို့က ကရင်ပြည်နယ်နှင့် ပတ်သက်၍ ပြန်လည်ဖြေကြားခြင်း မရှိပါက စောဘဦးကြီးအနေဖြင့် ဝန်ကြီးရာထူးမှ နှုတ်ထွက်ရန်၊ လွှတ်တော် ကိုယ်စားလှယ် ရွေးကောက်ပွဲများကို ကရင်များက သပိတ်မှောက်ရန် ချမှတ်သည်။ တောင်းဆိုချက်များကို ကရင်ညီလာခံက ချမှတ်ပြီး လန်ဒန်ရှိ အက်တလီ၏ ဒေါင်းနင်းလမ်း နေအိမ်သို့ ပေးပို့ခဲ့ကြ၏။ တောင်းဆိုချက်များကို မလိုက်လျောပါက ကေအင်ယူ အနေနှင့် ၁၉၄၇ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် ပြုလုပ်မည့် တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲသို့ ဝင်ရောက်မည် မဟုတ်ကြောင်းနှင့် သပိတ်မှောက်မည်ဟုလည်း စာတွင် ထည့်သွင်းခဲ့သည်။ ဖဆပလ ထံတွင်လည်း ကရင်လွှတ်တော်ကိုယ်စားလှယ်များ တိုးမြှင့်ရန်နှင့် အစိုးရအဖွဲ့ဝင် ကရင်ဝန်ကြီး လေးပုံတပုံပါဝင်ခွင့်ရရန်၊ ကရင်လက်နက်ကိုင်တပ်ဖွဲ့များကို မဖြုတ်ပစ်ရန်၊ ကရင်ပြည်ပေးရန်၊ အုပ်ချုပ်ရေးဌာနများတွင် ကရင်ဦးရေ အချိုးအစားအလိုက် ရာထူးပေးရန်၊ ကရင်လူမျိုး သန်းခေါင်စာရင်း ကောက်ခံပေးရန် တောင်းဆို၏။ ဖဆပလကမူ သန်းခေါင်းစာရင်း ကောက်ရန် တခုသာ လက်ခံ၏။ ဗြိတိသျှလက်အောက်ရှိ တပ်သုံးမျိုးအနက် တိုင်းရင်းသားတပ်များတွင် ကရင်တပ်များ ပါဝင်သလို မူလကပင် နိုင်ငံရေး၊ စစ်ရေးစုဖွဲ့မှု၌ ကောင်းစွာအစေးကပ်ခဲ့သော ကရင်တို့အဖို့ လွတ်လပ်ရေး ရကာနီး ကာလတွင် စစ်တပ်နှင့် အုပ်ချုပ်ရေးဌာနတို့၌ နေရာကောင်းများ ရထားပြီးဖြစ်သည်။ ကရင်တို့ နေရာကောင်းများ ရထားခြင်းသည် မြန်မာတို့အဖို့ မျက်စိစပါးမွှေး စူးစရာ ဖြစ်နေခဲ့သည်ဟု မြန်မာနိုင်ငံ၏ ပထမဆုံး ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး စမစ်ဒွန်းက နောင်တွင်ရေးသည်။ ဗိုလ်ချုပ်အောင်ဆန်း သက်ရှိထင်ရှားရှိစဉ်ကာလက စောဘဦးကြီးတို့သည် ကရင်ကိစ္စများအတွက် ဆွေးနွေးကြရန် KNU ဌာနချုပ်ရှိသည့် ဦးလူနီလမ်းသို့ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် ဖဆပလ ခေါင်းဆောင်များအား ဖိတ်ကြားဆွေးနွေးပြန်သော်လည်း သဘောတူညီမှုမရခဲ့ချေ။ တောင်းဆိုချက်များ မရသည့်အခါ KNU အတွင်း အကွဲအပြဲဖြစ်လေတော့သည်။ ၁၉၄၇ ခု ဧပြီလ ၄ ရက်နေ့တွင် စောဘဦးကြီးလည်း ဝန်ကြီးရာထူးမှ နှုတ်ထွက်ရန်တင်၏။ KNU ဗဟို အလုပ်အမှုဆောင် အစည်းအဝေးတွင်မူ KYO ခေါင်းဆောင်များက တောင်းဆိုချက်များကို ရုတ်သိမ်းရန် ပြောသည်။ ရုတ်သိမ်းပေးခြင်းမရှိသည့်အတွက် KYO ခေါင်းဆောင်များ ထွက်သွားသလို ဥက္ကဋ္ဌ စောစံဖိုးသင်ပါ ထွက်သွား၏။ သို့နှင့် စောဘဦးကြီးသည် KNU ဥက္ကဋ္ဌဖြစ်လာပြီး ဖဆပလ၏ ကရင်ရေးရာဝန်ကြီးရာထူးတွင်မူ စောစံဖိုးသင် ဖြစ်သွားလေတော့သည်။ KYO သည်လည်း ဖဆပလနှင့် ပူးပေါင်းသွားပြီး KNU နှင့် အတိုက်အခံ ဖြစ်လာခဲ့၏။ ၁၉၄၇ ခု ဧပြီလ တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲသို့ KNU က မဝင်ရောက်ပဲ သပိတ်မှောက်ခဲ့သည်။ ကရင်များလည်း မဲပေးနိုင်သူ လူဦးရေ၏ ၈% မျှသာ မဲပေးသည်ဟု ဆိုသည်။ တိုင်းပြုပြည်ပြုလွှတ်တော် ပထမအစည်းအဝေးတွင် လမ်းမတော်အမတ် ဖြစ်လာသော ဦးအောင်ဆန်း (ဗိုလ်ချုပ်အောင်ဆန်း) မှ အသစ်ဖြစ်လာမည့် ဗမာနိုင်ငံကို ပြည်ထောင်စုစနစ်ဖြင့် တည်ဆောက်ရမည့်အကြောင်း တင်သွင်းခဲ့ပြီး နောက်ပိုင်းတွင် လုပ်ကြံခံရပြီး ကျဆုံးလေသည်။ ဦးနုက ဝန်ကြီးချုပ်ဖြစ်လာသည့် အခါတွင်မူ ဖဆပလသည် လူမျိုးခံယူချက် ပိုမို၍ ကျဉ်းမြောင်းလာပြီး ဗမာ ဦးဆောင်သည့်နိုင်ငံ (Center of Leadership) ကို တည်ဆောက်လိုသည့်အတွက် ပြည်တွင်းစစ်ရိပ် သမ်းလေတော့သည်။ စောဘဦးကြီးသည် ငြိမ်းချမ်းရေးသမား၊ နိုင်ငံရေးခေါင်းဆောင်ဖြစ်သည်နှင့် အညီ ဝန်ကြီးချုပ်ဦးနုနှင့်အတူ မအူပင်၊ မြောင်းမြ၊ လပွတ္တာ၊ ပုသိမ်တို့သို့ လှည့်လည်ကာ ချစ်ကြည်ရေးနှင့် နားလည်မှု တည်ဆောက်သော်လည်း ပြည်တွင်းစစ်ကို မရှောင်လွှားနိုင်ခဲ့ပေ။ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၆ တွင် KNDO ကို မန်းဘဇန်က ဦးဆောင်၍ ဖွဲ့စည်းခဲ့သည်။ ကရင်-ဗမာ လူမျိုးရေး အခြေအနေများ ပိုဆိုးလာသည်။ တင်းမာမှုများကို ထိန်းသိမ်းကြရန် KNU မှ ကြေငြာချက်ထုတ်ရာ ပြဿနာ မပွားရေး မေတ္တာထားကြရန် ပြည်သူများထံ တင်ပြခဲ့လေသည်။ ယင်းနှစ် အောက်တိုဘာ ၁၀ ရက်တွင် ကိုယ်စားလှယ် ၇၀၀ ကျော်ပါဝင်သော မော်လမြိုင် ကွန်ဂရက်ကို ကျင်းပရာ မွန်ခေါင်းဆောင်များပါ ပါဝင်ခဲ့သည်။ ကရင်ပြည်အရေး ကုလသမဂ္ဂသို့ တင်ရန် ဆုံးဖြတ်ခြင်း၊ နယ်မြေအကျယ်အဝန်း (ယခင်တနင်္သာရီ၊ ဧရာဝတီ၊ အင်းစိန်၊ သာယာဝတီခရိုင်များ၊ ညောင်လေးပင်ပိုင်း စသည့်နေရာများ) သတ်မှတ်ခြင်း၊ ကရင်နှင့် မွန်ခေါင်းဆောင်များ စည်းလုံးညီညွတ်ရန် ဆုံးဖြတ်ခြင်းများ ဖြစ်ကြလေသည်။ သို့နှင့် ဗမာ့လွတ်လပ်ရေးနေ့ကို လက်မခံပဲ ၁၉၄၈ ခု ဇန်နဝါရီ ၅ ရက်ကို ကရင်လွတ်လပ်ရေးအဖြစ် ကြေငြာခဲ့သည်။ ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်တွင် ကရင်လေးသိန်းကျော်က ကရင်-ဗမာတန်းတူရေးနှင့် ကရင်ပြည်ရရှိရေး ဆန္ဒထုတ်ဖော်ခဲ့သည်။ ထို့နောက် ဗမာသတင်းစာများမှ လူမျိုးရေးလှုံ့ဆော်မှုများ ရှိလာရာ အနာဟောင်းများ ပြန်ကြွလာခဲ့သည်။ KNU မှ ၂၅ ရက်၊ ဇူလိုင်လ ၁၉၄၈ တွင် ကြေငြာချက်တရပ် ထုတ်ပြန်ရာ အောက်ပါစာသားများ ပါဝင်ခဲ့သည်။ “......ကျွန်ုပ်တို့၏သမိုင်း၌ ယခုလိုအရေးကြုံနေသော အချိန်အခါကြီးတွင် အခွင့်ကောင်းယူ၍ ကရင်အမျိုးသားများအား တစ်ကြိမ်ထပ်မံပြီး ကျွန်ုပ်တို့၏ သတိပေးချက် မှာကား အခြားမဟုတ်ပေ။ ကရင်ပြည်နယ် သီးခြားတောင်းဆိုရာ၌ လည်းကောင်း၊ ကျွန်ုပ်တို့က ကရင်အမျိုးသားများကို တင်းပြည့်ကျပ်ပြည့် သီးခြားလူမျိုးကြီးတစ်ခု ဖြစ်ပေါ်လာရန် ကြိုးပမ်းရာ၌လည်းကောင်း၊ ကျွန်ပ်တို့သည် နိုင်ထက်စီးနင်း ဝါဒကို လည်းကောင်း၊ အကြမ်းဖက်သောဝါဒကို လည်းကောင်း ဘယ်နည်းနှင့်မျှ အသုံးမပြုရန် သစ္စာဓိဌာန်ပြုထား ပြီးပြီဟူသော ကတိပေးချက်ပင် ဖြစ်သည်။ ပြီးခဲ့သော ကမ္ဘာစစ်ကြီးတွင် နိုင်ထက်စီးနင်း ပြုမှုနှင့် အကြမ်းဖက်မှု၊ လက်နက်အားကိုး ပြုမှုတို့သည် အချည်းနှီး အလဟဿဖြစ်ခဲ့ရသော သင်ခန်းစာကို ကျွန်ုပ်တို့သည် အကျိုးရှိစွာ မှတ်သားကြပါစို့။ ယခုကဲ့သို့အရေးကြီး သောအချိန်တွင် ကရင်အမျိုးသားများသည် မျိုးရိုးအလိုက် ရိုးသားမှု၊ တရားမျှတမှုနှင့် ငြိမ်းချမ်းမှုတို့ကို လိုလားကြသည့်အတိုင်း ကျွန်ုပ်တို့သည် ယင်းတို့နှင့် လျော်ညီစွာ ကျင့်ဆောင်ရန် အထူးပင်လိုလားအပ်ပေသည်။……" ထိုစကားရပ်များကို ကြည့်လျှင် ကရင်အမျိုးသားလက်နက်ကိုင်တော်လှန်ရေးသည် နိုင်ငံရေးအရ ညှိမရလွန်းသည့်အဆုံး ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်းနှင့် ကိန်းဘရစ်တက္ကသိုလ်ဆင်း ငြိမ်းချမ်းရေးလိုလားသည့် စောဘဦးကြီး၏ ကရင့်လက်နက်မစွန့်ရေးမူသည် တိုက်ခိုက်ရေးဦးစားပေးခြင်းထက် ကရင်တကျပ်၊ ဗမာတကျပ် အပြည့်အဝ ရရေးအတွက် နိုင်ငံရေးဖိအားအသွင်သို့ ပိုမိုဆောင်ယူကြောင်း တွက်ဆနိုင်ပါသည်။ နောက်ပိုင်းတွင် ကရင်ခေါင်းဆောင်များနှင့် ဖဆပလ ခေါင်းဆောင်များ ဆွေးနွေးမှုများ ရှိခဲ့သော်လည်း အလုပ်မဖြစ်လှပေ။ ထို့ပြင် ဗမာသတင်းစာများတွင် ကရင်များကို ရှုတ်ချသည့် ရေးသားမှုများလည်း တိုးလာ၏။ ကရင်များအဖို့ လက်နက်ကိုင်တော်လှန်ရေးလမ်းမှာ ပိုမိုထင်ရှားလာ၏။ ဤနေရာတွင် ဖဆပလအစိုးရကို ပြန်တိုက်သည်မှာ ကရင်တခုတည်း မဟုတ်ပေ။ အလံနီကွန်မြူနစ်ပါတီ၊ ဗကပ၊ ရဲဘော်ဖြူ စသည့် အဖွဲ့များစွာလည်း ရှိနေသည်။ ကရင်လက်နက်ကိုင်တပ်ရင်းအချို့မှာ ထိုကာလ၌ ဖဆပလလက်အောက် လုံခြုံရေး တာဝန်ယူလျက် ရှိသေးသည်။ ကရင်စစ်ရဲများသည် တောခိုတပ်ရင်းများ ရန်ကုန်ချီတက်လာသည်ကိုပင် ခုခံပေးခဲ့သေးသည်။ သို့ရာတွင် ကရင်ကျေးရွာများမှ လက်နက်များကို ဖဆပလအစိုးရမှ သိမ်းဆည်းလာသည်။ သို့နှင့် ၁၉၄၈ ခုနှစ် ဩဂုတ်လကုန်မှသည် ကရင်လက်နက်ကိုင်တပ်များနှင့် မွန်တပ်တို့သည် မော်လမြိုင်၊ သထုံခရိုင်များကို စတင်သိမ်းပိုက်ခဲ့ပြီး တိုက်ပွဲများ စိပ်လာခဲ့သည်။ စောဘဦးကြီးနှင့် ဗိုလ်မှူးကြီးထွန်းစိန်တို့က မော်လမြိုင်သို့ ရောက်လာကာ တပ်စွဲထားသော KNDO နှင့် MNDO တပ်များနှင့် ညှိနှိုင်းခဲ့သည်။ မွန်၊ ကရင် နှင့် ရခိုင် ပြည်နယ်တို့အတွက် ကော်မရှင်ဖွဲ့ပေးမည်ဆိုက မော်လမြိုင်ခရိုင်ကို ပြန်ပေးရန်၊ ကျေနပ်လောက်သော အဖြေကို ရှာပေးပါက သထုံခရိုင်ကို ပြန်ပေးရန်၊ မွန်ကရင် လက်နက်ကိုင်တပ်များကို ဖဆပလ လက်အောက်ခံတပ်အဖြစ် ထားရှိရေး ဖဆပလမှ သဘောတူရန်၊ မော်လမြိုင်ခရိုင်ကို ထိန်းသိမ်းရန် တိုင်းရင်းသားတပ်ရင်းတရင်း စေလွှတ်ပေးရန် ညှိနှိုင်းဆွေးနွေးခဲ့ရာ သဘောတူညီကြပြန်သည်။ သို့သော် တိုက်ပွဲများမှာ မရပ်သွားခဲ့ပဲ ဆက်တိုက်ဖြစ်ပွားလာရာ အခြေအနေပိုဆိုးလာသည်။ စစ်ကြီး၏ အစပိုင်းတွင် အင်းစိန်ကို ဗဟိုပြုကာ KNU နှင့် ဖဆပလ အစိုးရတို့ တိုက်ပွဲများ ဖြစ်လာပြီး KNDO သာမက တပ်မတော်အတွင်းရှိ ကရင်လက်နက်ကိုင်တပ်များပါ ကရင်တော်လှန်ရေးဘက်မှ ပါဝင် လာကြသည်။ ၁၉၄၈ ခုနှစ် ဒီဇင်ဘာတွင်မူ ကရင်စစ်ရဲ၊ KNDO တပ်နှင့် သစ်တောဌာနတွင် အမှုထမ်းသည့် ကရင်လက်နက်ကိုင် အဖွဲ့များထံမှ လက်နက်များကို လိုက်လံ သိမ်းဆည်းတော့သည်။ ထို့ပြင် မော်လမြိုင်၊ မြိတ်၊ ထားဝယ်၊ သာယာဝတီ၊ ဟင်္သာတ အစရှိသည့် နေရာများမှ ကရင်နှင့် မွန် ခေါင်းဆောင်များကို ဖမ်းဆီးသည်။ ထားဝယ်တွင် ဗမာလဲဗီးတပ်များ ပစ်သဖြင့် ကရင်များ ထိခိုက်မှု ရှိကြသည်ဟု ဆိုသည်။ ဒီလိုနှင့် ၁၉၄၉ ဇန်နဝါရီ ၂၇ တွင် ကရင်များ တောင်ငူကို သိမ်းလိုက်သည်။ ထိုအချိန်တွင် ဖဆပလသည် ရန်ကုန်၊ စမ်းချောင်းရှိ KNU ဗဟိုရုံးသို့ သေနတ်ဖြင့် သွားပစ်သည်ဟု ဆိုသည်။ နောက် ဇန်နဝါရီ ၃၁ တွင် အင်းစိန်နှင့် သမိုင်းရှိ KNDO ရုံးများကို သွားတိုက်ခိုက်သည်ဟု ဆိုသည်။ KNDO နှင့် MNDO တို့ကို မတရားအသင်း ကြေညာပြန်သည်။ ထို့ကြောင့် ဖဆပလကို ပြန်တိုက်ခိုက်ကြရာ ယင်း ဇန်နဝါရီ ၃၁ ရက်နေ့သည် ကရင့်တော်လှန်ရေးနေ့ပင် ဖြစ်ပေတော့သည်။ သို့နှင့် တိုက်ပွဲများ ပြင်းထန်လာ၍ ကရင်လူမျိုး စစ်ဦးစီးချုပ် ဗိုလ်ချုပ်စမစ်ဒွန်း ခွင့်ရက်ရှည် ပေးခံရသည်။ စောဘဦးကြီးနှင့် လန်ဒန်တွင် ဥပဒေသင်တန်း အတူတက်ခဲ့သူဖြစ်သည့် ဗိုလ်မှူးချုပ် အောင်သင်းကိုလည်း အငြိမ်းစား ပေးလိုက်သည်။ ဖဆပလ အစိုးရသည် တပ်မတော်ကို ပြင်ဆင်ဖွဲ့စည်းရာ ၁၉၄၉ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့မှ စတင်ကာ ဗိုလ်ချုပ်နေဝင်းကို ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ခန့်လိုက်သည်။ မြောက်ပိုင်းတိုင်းမှူးဖြစ်သူ ဗိုလ်မှူးချုပ် ကျော်ဇောက တောင်ပိုင်းတိုင်းမှူး ဖြစ်လာပြီး အင်းစိန်စစ်မြေပြင်သို့ တာဝန်ယူရသည်။ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားပြီး KNDO အနေဖြင့် ၁၉၄၉ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အင်းစိန်ကို သိမ်းပိုက်ရရှိခဲ့ပြီး အင်းစိန်ကို ရက် ၁၀၀ ထိန်းချုပ်ထားနိုင်ခဲ့သည်။ အင်းစိန်တိုက်ပွဲ ပြင်းထန်ချိန် ဝန်ကြီးချုပ်ဦးနုက ငြိမ်းချမ်းရေး ကမ်းလှမ်းလာ၏။ ဒီလိုနှင့် စောဘဦးကြီးနှင့် မန်းဂျိန်းထွန်းအောင်တို့သည် ရန်ကုန်မြို့အတွင်းသွားကာ ငြိမ်းချမ်းရေးကို ဆွေးနွေးခဲ့သည်။ ဦးနုနှင့် သဘောတူညီချက် ရရှိလာသည်ကို စောဘဦးကြီးက သူ့အဖွဲ့ KNDO ၏ ခေါင်းဆောင်များဖြစ်သော စောဟန်တာသာမွှေး၊ မန်းဘဇန်၊ ဗိုလ်ချုပ်စောစန်းကေးနှင့် ဗိုလ်အောင်စိန်တို့ထံ ချပြ၍ ဆွေးနွေးရာ ယင်းခေါင်းဆောင်များမှ “ငြိမ်းချမ်းရေး မဟုတ်ပဲ လက်နက်ချရေးသာ” ဖြစ်ကြောင်း ပြန်ပြောသည်။ “မန်းဘဇန်နှင့် ကရင့်တော်လှန်ရေး” စာအုပ်တွင် ဟိုရောက်တော့ ဥက္ကဋ္ဌကြီးကို ဟိုက စည်းရုံး၊ ဒီက စည်းရုံး ဆိုတော့ လည်သွားတယ်ဟု ဆိုခဲ့သည်။ စောဘဦးကြီးအနေဖြင့်မူ မန်းဘဇန်ကို ငြိမ်းချမ်းရေးအတွက် ထပ်ဆွေးနွေးရန် တိုက်တွန်းခဲ့သော်လည်း ဖဆပလအစိုးရမှ အလေးအနက် မဆွေးနွေးတော့ပေ။ သို့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု ပျက်သွားပြီး KNDO တပ်များ အင်းစိန်ကို မေလ ၂၂ ရက်တွင် လက်လွှတ်ရကာ မြစ်ဝကျွန်းပေါ်သို့ ဆုတ်ခွာခဲ့ရသည်။ အမှန်ပြောရလျှင် လက်နက်ကိုင်တော်လှန်ရေးတလျှောက်၊ အင်းစိန်မှ ဆုတ်ရသည်အထိ မည်သည့် အုပ်ချုပ်ရေးညွှန်ကြားချက်မှ ကောင်းကောင်းမရှိပေ။ အောက်ခြေဦးဆောင်သူများကသာ ကိုယ်တိုက်သည့်နေရာ ကိုယ့်ဘာသာ အဆင်ပြေသလို ကြည့်လုပ်နေသည့် အခြေအနေဖြစ်သည်။ စနစ်လည်း လုံးဝမကျပေ။ KNU ခေါင်းဆောင်များမှာလည်း အင်းစိန်တွင် ဖြစ်နေသလို အခြားခေါင်းဆောင်များမှာလည်း အဖမ်းခံထားရသူက များ၏။ စောဘဦးကြီးသည် နိုင်ငံရေးသမားဖြစ်သည်။ ကရင်လူမျိုးများ ဘဏ်ဓားပြတိုက်သည်ဟု သိရစဉ်က ပိုင်ဆိုင်မှုများကို ရောင်းချကာ ဖဆပလ အစိုးရကို လျော်ပေးခဲ့ဖူးသည်။ ကရင့်သိက္ခာကို အလွန် အလေးထားသူ ဖြစ်သည်။ စောဟန်တာသာမွှေးကလည်း အင်းစိန်တိုက်ပွဲတွင်း စောဘဦးကြီးက ငြိမ်းချမ်းစေလိုခဲ့ကြောင်း ပြောပြခဲ့ဖူးသည်။ ထိုကာလနောက်ပိုင်းတွင် စောဘဦးကြီးသည် တောင်ငူမြို့သို့ ရောက်ရှိလာပြီး နီးစပ်သူများကို လီနင်၊ စတာလင်၊ မော်စီတုံး တို့၏ လက်ဝဲစာအုပ်များနှင့် နိုင်ငံရေးစာပေများ လေ့လာစေခဲ့သည်။ ၁၉၄၉ ခုနှစ် ဇွန်လ ၁၄ ရက်နေ့တွင် တောင်ငူမြို့၌ အစည်းအဝေးတရပ် ခေါ်ယူကျင်းပပြီး ကော်သူးလေအစိုးရအဖွဲ့ကို အောက်ပါအတိုင်း ဖွဲ့စည်းခဲ့လေသည်။ (၁) စောဘဦးကြီး (ဝန်ကြီးချုပ်) (၂) ဦးလှဖေ (နိုင်ငံခြားရေး) (၃) စောဖိုးမောင် (ပြည်ထဲရေး) (၄) စောရွှေလေး (ကာကွယ်ရေး) (၅) စောတူရဦး (ဘဏ္ဍာရေး) (၆) စောဘထွန်း (ပညာရေး) (၇) စောဂျွန်ဆင်ဒီဖိုးမင်း (လမ်းပန်းနှင့် သယ်ယူပို့ဆောင်ရေး) (၈) မန်းစိန်တင် (သစ်တောနှင့်လယ်ယာ) ထိုနေညနေရီသဲ့သဲ့အချိန်၌ ကော်သူးလေအသံလွှင့်ဌာနသည် ကမ္ဘာ့အကြားသို့ ကော်သူးလေ ကရင်ပြည်တော်ကြီးအား စတင်ထူထောင်ကြောင်းနှင့် ကော်သူးလေအစိုးရအဖွဲ့ကိုလည်း ဖွဲ့စည်းပြီးစီးကြောင်း ဖွင့်ဟကြေညာလေသည်။ အခြားသော တိုင်းနိုင်ငံများ၏ အသံလွှင့်ဌာနများဖြစ်သည့် အိန္ဒိယနိုင်ငံမှ (All India Radio)၊ ပါကစ္စတန်နိုင်ငံမှ (Radio Pakistan)၊ ဗြိတိန်နိုင်ငံမှ (BBC)၊ အမေရိကန်နိုင်ငံမှ (BOA) နှင့် ဩစတြေးလျနိုင်ငံတို့၏ အသံလွှင့်ဌာနတို့ကလည်း ကော်သူးလေအသံလွှင့်ဌာနမှ ထုတ်လွှင့်သော ကော်သူးလေ ကရင်ပြည်တော် တည်ထောင်မှုနှင့် ကော်သူးလေအစိုးရ ဖွဲ့စည်းမှုတို့အား တဆင့် ပြန်လည်၍ ကြေညာလေသည်။ ထင်ရှားသော သတင်းစာအချို့ကလည်း ထိုအကြောင်းအရာသတင်းစကားတို့ကို ရေးသား၍ လူအများသိစေရန် ကြေညာခဲ့ကြလေ၏။ ယင်း ဇူလိုင် ၁၄ သည် ကော်သူးလေနေ့ ဖြစ်သည်။ နောက်တနေ့တွင် ကော်သူးလေ တပ်မတော်ကို ဖွဲ့စည်းကြောင်း ကြေငြာလေသည်။ အစိုးရကို ဖွဲ့စည်းနိုင်သော်လည်း တိကျသည့် ညွှန်ကြားချက်များ ချက်ချင်းမရသေးပေ။ ခရိုင်နှင့် မြို့နယ် ခေါင်းဆောင်သူအသီးသီးသည် သင့်တော်သလို လုပ်နေကြဆဲဖြစ်သည်။ ထို့အပြင် ယင်းကာလက ကရင်နီနှင့် ပအိုဝ်းများကို ကရင်ထဲတွင်ပင် ထည့်သွင်းရေတွက်ရာ အထူးတလည် စဉ်းစားချက်လည်းရှိမနေပေ။ မွန်-ကရင် သဘောတူညီချက်ကိုလည်း အကျေအလည် စဉ်းစားခြင်း မရှိပေ။ ယင်းက အားနည်းချက်များ ဖြစ်သည်။ ၁၉၄၉ စက်တင်ဘာလတွင် ကရင်စစ်အုပ်ချုပ်ရေးကို ကြေညာ၏။ ထို့နောက် Standing Order အားဖြင့် စစ်အုပ်ချုပ်ရေး နယ်မြေအတွင်း မည်သည့်အဖွဲ့အစည်းမှ ဖွဲ့စည်းခြင်း မပြုရဟု အမိန့်ထုတ်လိုက်သည်။ ယင်းက ဗြိတိသျှတို့ကို အတုယူပြီး လုပ်လိုက်ခြင်းဖြစ်သော်လည်း စစ်အာဏာရှင်များပမာ ဖြစ်လာစေခဲ့သည်ဟု ဖူးစကောလယ်တော၏ ကရင့်တော်လှန်ရေးသမိုင်းတွင် ရေးသည်။ အထူးသဖြင့် တော်လှန်လာကြသူများမှာ စစ်စည်းကမ်းနားလည်သူများ မဟုတ်ဘဲ လို၍ လက်နက်ကိုင်လာခြင်းသာ ဖြစ်သူများစွာ ရှိနေခဲ့သည်။ စောဘဦးကြီးသည် KNU ဥက္ကဋ္ဌနှင့် စစ်သေနာပတိ ဖြစ်သော်လည်း စစ်ရေးစစ်ရာအကုန်လုံး စစ်အတွင်းဝန် ဗိုလ်ကြီးစောလုံကသာ ကိုင်ထားသည်။ သဟဇာတဖြစ်မှု လျော့ကျသွားသည့် တော်လှန်ရေးအတွင်း ဖဆပလတပ်များက နဂိုရန်ကုန်အစိုးရဟု အခေါ်ခံနေရသည့်အချိန်မှ နေရာတော်တော်များများကို ပြန်လည်သိမ်းပိုက်နိုင်လာခဲ့တော့သည်။ ၁၉၅၀ မတ်လ အလယ်တွင်မူ ဖဆပလသည် တောင်ငူကိုပါ ပြန်သိမ်းလိုက်နိုင်သည်။ ထိုကာလ ကရင့်ကိုယ်ပိုင်အုပ်ချုပ်ရေးကို မည်သို့ရရှိမည်ကို စောကြောခဲ့ကြသည့်အထဲတွင် ကုလသမဂ္ဂကို ချိတ်ဆက်ရန်ကြံခဲ့သည့် ပဒိုဖူးညိုလည်း ပါသည်။ ပဒိုဖူးညိုမှာ အစိုးရတွင် လုပ်ကိုင်ခဲ့ဖူးသော အတွေ့အကြုံရှိ ခေါင်းဆောင်တဦးဖြစ်သည်။ ၁၉၄၉ ခုနှစ်တွင် ရန်ကုန်၌ တိုက်ပွဲများ စတင်ဖြစ်ပွားချိန်တွင် သူသည် KNU သို့ ရောက်လာခဲ့သည်။ စောဖူးညိုသည် ဗြိတိသျှသမိုင်းပညာရှင် ဂျီအီး ဟာဗေး (G. E. Harvey) နှင့် ရင်းနှီးသော မိတ်ဆွေဖြစ်သည်။ ၁၉၄၉ ခုနှစ်၊ အောက်တိုဘာလတွင် ဖိုးညိုသည် KNU ထိန်းချုပ်သော တောင်ငူမြို့ မှ ဟာဗေး ထံသို့ စာတစ်စောင် ရေးခဲ့သည်။ "ကျွန်တော်တို့ ကရင်လူမျိုးတွေအတွက် ကရင်ပြည်နယ် ကော်သူးလေ (Kawthoolei) ဟာ အကောင်အထည် ပေါ်လာပြီဆိုတာကို ခင်ဗျားတို့ ရေဒီယိုကနေ ကြားသိပြီးလောက်ပြီ ထင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ကုလသမဂ္ဂ (U.N.O. - United Nations Organization) ရဲ့ အသိအမှတ်ပြုမှု ရဖို့ သွားရောက် ဆောင်ရွက်ချင်ပါတယ်။" ပဒိုဖူးညိုသည် အမှန်တကယ်လွတ်လပ်ရေးရရှိရန်အတွက် ကော်သူးလေကို အခြားနိုင်ငံများ၏ တရားဝင် အသိအမှတ်ပြုမှုသာ လိုတော့သည်ဟု ယုံကြည်ခဲ့သည်။ တိုက်ပွဲများဖြင့် မဟုတ်ဘဲ နိုင်ငံတကာ ဥပဒေရေးရာ ဆွေးနွေးပွဲများမှတဆင့် ဖြေရှင်းသင့်သည်ဟု ယူဆခဲ့သည်။ ထို့ကြောင့် တိုက်ခိုက်လိုသော အခြား KNU ခေါင်းဆောင်များနှင့် မကြာခဏ သဘောထားကွဲလွဲခဲ့သည်။ အမှန်က သူ့စိတ်ကူးသည် ကိုလိုနီနယ်မြေများစွာ လွတ်လပ်ရေးရရှိလာခဲ့သော ၁၉၄၀ ပြည့်လွန်နှစ်များနှောင်းပိုင်း၏ သဘောသဘာဝနှင့် မျှော်လင့်ချက်ကို ရောင်ပြန်ဟပ်ခြင်းဖြစ်သည်။ ဟာဗေးသည် ပဒိုဖူးညို၏ ဆန္ဒအတိုင်း ဗြိတိန်နှင့် မြောက်ပိုင်းအိုင်ယာလန် ကုလသမဂ္ဂအစည်းအရုံးများ (United Nations Association) ထံမှ အကူအညီတောင်းခံခဲ့သည်။ သို့သော် ၎င်းတို့ မျှော်လင့်ထားသည့် အဖြေကို မရခဲ့ပေ။ ကုလသမဂ္ဂက ဤကိစ္စသည် "ပြည်တွင်း အစိုးရနှင့် ပြည်တွင်း လူနည်းစုအကြား အဓိကအားဖြင့် ပြည်တွင်းပဋိပက္ခဖြစ်သောကြောင့် ကုလသမဂ္ဂ၏ လုပ်ပိုင်ခွင့်အာဏာထက် ကျော်လွန်သည်" ဟု ပြောကြားခဲ့သည်။ သို့တိုင် ဟာဗေးက အကျိုးမဖြစ်လောက်တဲ့ လျှောက်ထားဖို့ ကြိုးစားမှုမျိုးတောင်မှ လိုအပ်နေတဲ့ လူတွေအာရုံစိုက်မှုကို ဖြစ်စေနိုင်တယ်ဟု ယူဆခဲ့သည်။ စိတ်ဝင်စားစရာကောင်းသည်မှာ ကုလသမဂ္ဂ အရာရှိတဦးဖြစ်သည့် အန်ဒရူး ဘွိုက် (Andrew Boyd) သည် စောဖူးညို၏ တောင်းဆိုမှုနှင့် ပတ်သက်၍ စိတ်ဝင်စားခဲ့သည်။ ဘွိုက်သည် မြန်မာတွင် အလုပ်လုပ်ဖူးသူ ဖြစ်၍ ကရင်တို့၏ ရည်မှန်းချက်အပေါ် များစွာ ထောက်ခံအားပေးခဲ့သည်။ သူက ဟာဗေးအား လူနည်းစုအဖွဲ့တစ်ခုက ၎င်း၏ အစိုးရကို တိုင်ကြားနိုင်သည့် တခုတည်းသော သင့်လျော်သောနည်းလမ်းဖြစ်သည်ဟု ယူဆရသည့် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း (UN Charter) ၏ Article 55c နှင့်ဆိုင်သည့် ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကောင်စီ (UN Economic and Social Council) ဆုံးဖြတ်ချက်တခုကို လေ့လာရန် အကြံပြုခဲ့သည်။ သို့သော် ယင်းအလုပ်အတွက် မြန်မာအစိုးရက မြန်မာနိုင်ငံတစ်ဝှမ်းလုံးကို အာဏာပိုင်ကြောင်း လက်ခံခြင်းပြုရန် လိုနေသည်။ စောဖူးညိုက "စည်းမျဉ်းတွေက ရှိနေပေမယ့် လိုက်နာဖို့အတွက် ပြုလုပ်ထားတာ ဟုတ်ရဲ့လား ဆိုတာကို ကျွန်တော် မကြာခဏ တွေးမိတယ် … အာဏာနိုင်ငံရေးဟာ ကျွန်တော့်အတွက် အမြဲတစေ ရှုပ်ထွေးနေတာ အမှန်ပါပဲ" ဟု ပြန်ရေးခဲ့သည်။ နောက်ပိုင်း ကိုရီးယားစစ်ပွဲကဲ့သို့သော အရေးများကြောင့် ကုလသမဂ္ဂက ကရင်အရေးကို စိတ်မဝင်စားတော့ပေ။ ၁၉၅၆ ခုနှစ်ရောက်သော် ဟာဗေးမှာ မျှော်လင့်ချက် မထားတော့။ "ကုလသမဂ္ဂဟာ ကျိုးပဲ့နေတဲ့ ကျူပင်တစ်ပင်ပါ၊ ကုလသမဂ္ဂမှာရှိတဲ့ လူအများစုက မြန်မာအစိုးရကို သူတို့ရဲ့ ဗုဒ္ဓဘာသာ သည်းခံစိတ်၊ မှားယွင်းတဲ့ ကရင်လူမျိုးတွေအပေါ် ကရုဏာထားတဲ့၊ နိုင်ငံရေးသမားဆန်တဲ့ သဘောထား စတာတွေနဲ့ပတ်သက်ပြီး စံပြအပြုအမူကောင်းတဲ့ အစိုးရအဖြစ် မှတ်ယူကြတယ်” ဟု ဆိုခဲ့သည်။ KNU ခေါင်းဆောင်များကတော့ ကုလသဂ္ဂကို စောင့်မနေပေ။ သို့သော် ကရင်စစ်အုပ်ချုပ်ရေးက အကုန်လုံး ထိန်းထားသဖြင့် စောဘဦးကြီးလည်း ဘာမှသိပ်လုပ်မရပေ။ တိုင်ပင်လုပ်ကိုင်ရမည့်သူလည်း မယ်မယ်ရရ မရှိပေ။ ထို့ကြောင့် မြစ်ဝကျွန်းပေါ်ရှိ KNU ခေါင်းဆောင်များထံမှ တဦးလွှတ်လာရန် မှာကြားရာ ဗိုလ်ချုပ် စန်းကေကို လွှတ်ကြသည်။ မြစ်ဝကျွန်းပေါ် KNU ခေါင်းဆောင်မှာ မန်းဘဇန် ဖြစ်လာသည်။ ၁၉၅၀ ခုနှစ် ဇူလိုင်လ ၁၇ ရက်မှ ၁၉ ရက်နေ့အထိ ဖာပွန်မြို့တွင် ကော်သူးလေကွန်ကရက် (လွှတ်တော် ဟု နားလည်နိုင်) ကို ကျင်းပခဲ့သည်။ စောဘဦးကြီးက သဘာပတိအဖြစ် ဆောင်ရွက်ပြီး ကရင်တော်လှန်ရေးသည် ပထမဆုံးအကြိမ်ဖြစ်ပြီး နောက်ဆုံးအကြိမ်လည်း ဖြစ်ရမည်ဟု မိန့်ခွန်းပြောခဲ့သည်။ ထိုအစည်းအဝေး နောက်နေ့တွင် တကယ်လိုအပ်သည့် KNU ကို ပြန်လည်ဖွဲ့စည်းရန် တင်ပြသော်လည်း အလုပ်မဖြစ်ချေ။ သို့ရာတွင် ကော်သူးလေမြို့တော်ကို မော်ချီးမှ ဖာပွန်သို့ ပြောင်းရန်၊ သထုံတပ်မဟာကို သထုံတပ်မဟာနှင့် ဖာပွန်တပ်မဟာ ခွဲထုတ်ရန်၊ နိုင်ငံရေးသင်တန်းများပေးရန်၊ ကျေးရွာ သမဝါယမ အသင်းများ ဖွဲ့ရန် စသည်တို့ကို ဆုံးဖြတ်၏။ ထို့အပြင် စောဘဦးကြီး မူလေးရပ်ကို ဖော်ထုတ်ခဲ့ရာ ယနေ့ထက်တိုင် ကရင်များ၏ လမ်းညွှန်ချက် ဖြစ်နေဆဲ ဖြစ်သည်။ ယင်းမူလေးရပ်မှာ အောက်ပါအတိုင်း ဖြစ်ပေသည်။ (၁) လက်နက်ချစကား အလျဉ်းမပြောရ။ (၂) ကရင့်လက်နက် ကရင့်လက်ထဲမှာ ရှိရမည်။ (၃) ကရင့် ကံကြမ္မာ ကရင်ဖန်တီးရမည်။ (၄) ကရင်ပြည်အသိအမှတ်ပြုခြင်း ပြီးပြည့်စုံစေရမည်။ ၁၉၅၀ ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့တွင် မွန်-ကရင် တင်းမာမှုများကို ဖြေရှင်းနိုင်ရန် ခရီးထွက်လာစဉ် ကော့ကရိတ်မြို့နယ်အနီး၊ ထို့ကော်ကိုးရွာတွင် စောဘဦးကြီး ကျဆုံးခဲ့ရသည်။ ၁၉၅၃ ခုနှစ်တွင် ထိုနေ့သည်ပင် ကရင်အမျိုးသားနေ့ဟု တူညီစွာ သတ်မှတ်ခဲ့ကြသည်။ စောဘဦးကြီး ကျဆုံးရခြင်းမှာ သစ္စာဖောက်သူတို့၏ လက်ချက်ဖြစ်သည်။ KNU ကို စောဟန်တာသာမွှေးနှင့် မန်းဘဇန်တို့ ဆက်လက်ဦးဆောင်ခဲ့ကြသော်လည်း ကရင့်တော်လှန်ရေးတွင် သဘောတရားရေးရာ အမြင်များ ကွဲလွဲလာကာ ခွဲထွက်မှုများ ပေါ်လာခဲ့သည်။ စောဘဦးကြီး ကျဆုံးသည့်အတွက် KNU ဥက္ကဋ္ဌနေရာတွင် သထုံဦးလှဖေ (ခေါ်) ဖြားဗွာလှဖေကို နေရာပေးလိုသော်လည်း ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးလမ်းကို ရွေးထားပြီးသည့်အတွက် ဖြားဗွာလှဖေက လက်မခံပေ။ ထို့ကြောင့် ပဒိုဖူးညိုကို တာဝန်ပေး၏။ ပဒိုဖူးညိုလည်း လက်ခံပြီး ဖာပွန်သို့ ဆင်းသွားပြီးမှ သို့သော် ပဒိုဖူးညိုက KNU ကို ပြန်လည်ဖွဲ့စည်းရမည်ဟု ဆိုသည့်အချက်ကို သဘောထား မကိုက်ညီသည့်အတွက် ဆာမူပယ်တွင် သွားနေထိုင်သည်ဟု ဆို၏။ သို့နှင့် တဦးတည်းကို ဥက္ကဋ္ဌခန့်မလား၊ လူအနည်းငယ်စုကာ တာဝန်ပေးမလား ဟူသည့်အချက်ကို ဆွေးနွေးကြသည်။ ဆွေးနွေးသည့်နေရာမှာ တောင်ငူခရိုင် စွာလိုရွာ ဖြစ်သည်။ မဲခွဲရွာ လူအနည်းငယ်ကို ရွေးကောက်၍ တာဝန်ပေးရန် ဆုံးဖြတ်ချက် ကျသည်။ ယင်းအစုအား Kawthoolei Governing Body (KGB) ဟု အမည်ပေးရန်လည်း ဆုံးဖြတ်ချက် ကျသည်။ ယင်းအဖွဲ့သဘာပတိအဖြစ် ရွေးရန် ဦးလှဖေကို မဲပေးကြပြန်သည်။ ထို့ကြောင့် ဦးလှဖေထံ ကြေးနန်းပို့ပြီး လက်ခံပါရန် မေတ္တာရပ်ရလေသည်။ ထိုအချိန်တွင် ဦးလှဖေမှာ ရှေ့တန်းဆင်ရ၍ ကြေးနန်းနောက်ကျပြီး ရရှိကာ လက်ခံရန် မဖြစ်နိုင်သည့်အကြောင်းနှင့် KGB ဖွဲ့စည်းမှုကို ချီးကျူးဂုဏ်ပြုကြောင်း၊ ဗိုလ်ချုပ်မင်းမောင်က ဒုဥက္ကဋ္ဌဖြစ်သဖြင့် ဥက္ကဋ္ဌနေရာ ဆက်ခံသင့်ကြောင်း ပြန်စာပို့၏။ သို့ရာတွင် ဗိုလ်ချုပ်မင်းအောင်ကလည်း လက်မခံဘဲ စောဟန်တာသာမွှေးကို လွှဲ၏။ စောဟန်တာသာမွှေးက ဥက္ကဋ္ဌရာထူးကို လက်ခံနိုင်သော်လည်း အခုတော့ မဟုတ်သေးကြောင်း၊ မြစ်ဝကျွန်းပေါ်တွင် အလုပ်များ ရှိသေးကြောင်း၊ ဖူးစကောလယ်တောကို ယာယီလက်ခံထားရန် ပြောပြန်သည်။ ဖူးစကောလယ်တောလည်း ချက်ချင်း လက်မခံပြန်ပေ။ အပြန်အလှန် သံကြိုးစာများစွာ ရိုက်ကြပြီး ၇ လကျော်လာပြီဖြစ်သည့်အတွက် ဖူးစကောလယ်တောလည်း ယာယီအားဖြင့် ရာထူးကို လက်ခံခဲ့သည်ဟု သူ၏မှတ်တမ်းတွင် ရေးပါသည်။ ၁၉၄၉ တွင် တိုက်ပွဲများကြောင့် မြစ်ဝကျွန်းပေါ်မှ ကရင်အများအပြား ကစင့်ကလျား ဖြစ်ခဲ့ရာ ၁၉၅၁ တွင် ပြန်စုကြ၏။ ယင်းကာလများ တလျှောက်တွင် ဌာနချုပ်အားဖြင့် အရှေ့ဘက်တွင်ရှိသော်လည်း မြစ်ဝကျွန်းပေါ် ကရင်များ အနေဖြင့်လည်း လွတ်လပ်စွာ လုပ်ဆောင်ခွင့် ရှိလေသည်။ မြစ်ဝကျွန်းပေါ်တွင် စစ်အုပ်ချုပ်ရေးကို နှစ်သက်ခြင်း မရှိပေ။ ထို့ကြောင့် KNU ကို ၁၉၅၂ ဇန်နဝါရီလတွင် မြစ်ဝကျွန်းပေါ်တွင် ပြန်လည်စည်းရုံး တည်ဆောက်ရာ မန်းဘဇန်က ဥက္ကဋ္ဌဖြစ်ခဲ့သည်။ သို့ရာတွင် ၁၉၅၂ ဖေဖော်ဝါရီ၌ မြစ်ဝကျွန်းပေါ်နေရာများကို ကြည်းရေလေ အင်အားအပြည့်ဖြင့် ဗိုလ်ကျော်ဇော ဦးစီး၍ တိုက်ခိုက်ခဲ့၏။ ထိုကာလတွင် အမိန့်စီးဆင်းမှု မခိုင်မာ၍ နယ်မြေများအချင်းချင်းလည်း ပူးပေါင်းမှု မရှိကြဟု ဖူးစကောလယ်တောက ရေးသည်။ သို့နှင့် ဧရာဝတီကို လက်လွှတ်ရတော့သည်။ အနောက်ဘက်ခြမ်း ကရင်အဖွဲ့များသည် ၁၉၅၃ ဝိန့်ထောင်အစည်းအဝေးတွင် ကရင့်ဒုတိယလမ်းစဉ် သတ်မှတ်ခြင်းအတွက် “အမျိုးသား ဒီမိုကရေစီလမ်းစဉ်” ကို တင်သွင်းခဲ့ပြီး ထိုစဉ်က အတူရှိသော ဗမာပြည် ကွန်မြူနစ်ပါတီဝင်များလည်း ထောက်ခံခဲ့ကြသည်။ သို့သော် ၁၉၅၃ ခုနှစ် ဖာပွန်ကွန်ဂရက်တွင် အရှေ့ပိုင်း ကရင်များထံ တင်သွင်းသည့်အခါ ပယ်ချခဲ့ကြပြီး ၁၉၅၆ တွင်မှ လက်ခံခဲ့သည်။ ၁၉၅၃ ကွန်ဂရက်တွင် KNU ဥက္ကဋ္ဌအဖြစ် စောဟန်တာသာမွှေးကို တင်မြှောက်ကြသည်။ ကွန်ဂရက်ကို သတင်းရသည့် ဖဆပလ တပ်ကလည်း လေယာဉ်ဗုံးကြဲခဲ့သေးသည်။ အထိအခိုက်လည်း ရှိသည်။ ထို့ကြောင့် အုပ်ချုပ်ရေးခေါင်းဆောင်များသည် ရွှေကျင်ဘက် ပြောင်းရန်၊ ဗိုလ်ချုပ်မင်းမောင်နှင့် တပ်များမှာ ဖာပွန်တွင် ဆက်နေ၍ လိုပါက ပြောင်းရန်နှင့် လက်နက်ပြင်အဖွဲ့နှင့် ဆက်သွယ်ရေး သင်တန်းသားများမှာ မယ်ဝေးဘက် ပြောင်းရန် ဖြစ်လာသည်။ ကရင့်တော်လှန်ရေး ဒုတိယလမ်းစဉ်ချမှတ်ချက်အရ လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ ၃ မျိုးခွဲခဲ့သည်။ ယင်းတို့မှာ အမြဲတမ်းတပ်မတော် (KPLA)၊ ပြောက်ကျားတပ်ဖွဲ့ (KPGF)၊ နယ်ထိန်းတပ်ဖွဲ့ (KNDO) တို့ ဖြစ်သည်။ စစ်အောင်နိုင်ရေးအတွက် နိုင်ငံရေးသင်တန်းများ စီစဉ်ခြင်း၊ သတ္တုတူးဖော်ရေးကဲ့သို့ ဘဏ္ဍာငွေ ရှာဖွေရေး လုပ်ခြင်း စသည်များ လုပ်ရလေသည်။ ၁၉၅၅ ဇန်နဝါရီတွင် (မကြာခင်လေးကပင်) အသစ်ရောက်လာသော ဥက္ကဋ္ဌ စောဟန်တာသာမွှေးက ကော်သူးလေအစိုးရမှာ တော်လှန်ရေး အခြေအနေနှင့် မကိုက်ညီသည့်အတွက် တော်လှန်ရေး အစိုးရကို ဖွဲ့စည်းရန် တင်ပြကာ KRC အစီအစဉ်ကို တင်ပြသည်။ ယင်းအစီအစဉ်တွင် သဘာပတိသည် နိုင်ငံတော်ဥက္ကဋ္ဌပင် ဖြစ်သည်။ ဒု-သဘာပတိ နှစ်ဦး၊ အတွင်းရေးမှူး၊ တွဲဘက်အတွင်းရေးမှူးများ ခေါင်းဆောင်၍ ကနဦး အမည်တင်သွင်းရာ လူ ၇၀ ခန့်ဖြစ်သည်။ နောက်ကွန်ဂရက်များတွင် တိုးချဲ့မည်ဟု ဆိုလေသည်။ ပထမအကြိမ် KRC ကွန်ဂရက်ကို ၁၉၅၅ ဇွန်လ ၁၀ တွင် ပြုလုပ်ခဲ့လေသည်။ ကြားထဲတွင် KNU၊ ဗကပ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ ပူးပေါင်းတွေ့ဆုံရန် ကြိုးစားသော်လည်း စစ်တပ်ထိုးစစ်များကြောင့် ဗကပ ရောက်မလာနိုင်ခဲ့ပေ။ သို့နှင့် ဒီမိုကရက်တစ် လူမျိုးစု ညီညွတ်ရေးတပ်ဦး DNUF ကိုသာ ဖွဲ့နိုင်ခဲ့ပြီး ကရင်၊ မွန်၊ ကရင်နီ၊ ပအိုဝ်း ကိုယ်စားလှယ်များ ပါဝင်ကြသည်။ (၁၉၅၈ တွင်မူ မွန်နှင့် ပအိုဝ်းတို့ လက်နက်ချသဖြင့် DNUF ပျက်သွားသည်။) ၁၉၅၆ ဇွန်လ ၂၆ ရက်နေ့တွင်မူ ကော်သူးလေ တနိုင်ငံလုံးဆိုင်ရာ ဒုတိယအကြိမ်ကွန်ဂရက်ကို ကျင်းပ၏။ ယင်းကွန်ဂရက်တွင် အောက်ပါရည်မှန်းချက်များ ချမှတ်၏။
ယင်းတော်လှန်ရေးရည်မှန်းချက်များအတွက် မြေယာတော်လှန်ရေးကို ပြုလုပ်ရန်၊ ဖဆပလ အစိုးရကို တိုက်ကွင်းအဖြစ်မှတ်ရန်၊ အဓိက ရန်သူအဖြစ် နယ်ချဲ့စနစ်နှင့် မြေရှင်စနစ်ကို သတ်မှတ်ရန် သဘောတူကြ၏။ ၁၉၅၉ ခုနှစ် ဧပြီလတွင် ဗကပ ခေါင်းဆောင်များနှင့် တွေ့ဆုံပြီး မေလတွင် ဗကပ၊ KNU နှင့် မွန်ပြည်သစ်တို့ ပူးပေါင်းကာ မဒညတ ဟု လူသိများသည့် အမျိုးသားဒီမိုကရေစီ ညီညွတ်ရေးတပ်ပေါင်းစု NDUF ကို ဖွဲ့စည်းကြသည်။ နောင်တွင် ကရင်နီနှင့် ချင်းတို့လည်း ပါလာသည်။ နောက်ကာလများတွင် လူမျိုးစုများလွတ်မြောက်ရေးမဟာမိတ်အဖွဲ့- လလမဖ ကို ၁၉၆၀ ဧပြီလကုန်၊ ညီညွတ်သော လူမျိုးစုတပ်ဦး - ညလတ ကို ၁၉၆၅ ခု နှစ်လယ်ပိုင်း၊ လူမျိုးစုများညီညွတ်ရေးတပ်ဦး - လညတ /NUF ကို ၁၉၆၇ ခု၊ တိုင်းရင်းသားပေါင်းစုံ ညီညွတ်ရေးနှင့် လွတ်မြောက်ရေးတပ်ပေါင်းစု - တလည ကို ၁၉၆၈ ခု ဧပြီလ၊ တော်လှန်သော လူမျိုးပေါင်းစုံ မဟာမိတ်အဖွဲ့ - တလမဖ ကို ၁၉၇၃ ခုနှစ် ဧပြီလ၊ ပြည်ထောင်စု အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု - ပမဒတ၊ အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု - မဒတ ကို ၁၉၇၆ ခု စသည်ဖြင့် ဖွဲ့စည်းခဲ့ကြပြီး KNU လည်း ပါဝင်ခဲ့သည်။ တပ်ပေါင်းစုများလည်း ဖွဲ့လိုက်ပျက်လိုက်သာ ဖြစ်နေ၏။ ၁၉၆၀ ပြည့်လွန်နှစ်များအစောပိုင်းတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ အတွင်းပိုင်း အခြေအနေသည် များစွာပြောင်းလဲနေသည်။ မော်ဝါဒအခြေပြု ပြုပြင်ပြောင်းလဲမှုများ ရှိလာသလို လက်နက်ကိုင် အဖွဲ့များကိုလည်း ပြန်လည်ကြပ်မတ်ခဲ့သည်။ KNU ထိန်းချုပ်နယ်မြေများတွင် စိုက်ပျိုးရေးသမဝါယမများ ပေါ်ပေါက်လာခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် ကေအဲန်ယူ KNU အဖွဲ့ဝင်ဦးရေသည် ၁၀,၀၀၀ ခန့်အထိ တိုးလာခဲ့သည်။ ယင်းကာလများတွင် မန်းဘဇန်၏ KNUP သည် များစွာ လွှမ်းမိုးခဲ့သည်။ သို့ရာတွင် ပြိုင်ဘက်ဖြစ်လာသည့် ဗကပနှင့် အားပြိုင်မှုများကိုလည်း စဉ်းစားရမည်။ ဗကပ ကို တရုတ်နီ အစိုးရက ထောက်ပံ့ပေးထားခြင်းဖြစ်သည်။ ထို့ကြောင့် KNU အနေဖြင့် အမေရိကန် ထောက်ပံ့သည့် ကူမင်တန် တရုတ်ဖြူများနှင့် အဆက်အဆံ ပြုခဲ့သည်လည်း ရှိသည်။ ယင်းအချက်များကလည်း အနည်းနှင့်အများ အတွေးအခေါ်နှင့် မဟာဗျူဟာဆိုင်ရာ လှိုင်းလုံးများ ရိုက်ခတ်လာစေခဲ့သည်။ မန်းဘဇန်က လက်ဝဲဘက်ကို ပိုယိမ်းသည့်အချိန်တွင် စောဟန်တာသာမွှေးက ထိုင်းနိုင်ငံသို့ စေလွှတ်သော ကနဦး ပဒိုဖူးညိုဦးဆောင်သည့် မြေအောက်သံတမန် ဆက်ဆံရေးများမှ ထိုင်းအစိုးရ၊ CIA၊ SEATO စသည့်အဖွဲ့ပေါင်းစုံနှင့် ဆွေးနွေးနေခဲ့ပြီး လက်ဝဲဆန့်ကျင်ရေးအမြင်များ ရလာခဲ့သည်။ ၁၉၆၃ ခုနှစ် ဧပြီလတွင် တွင် ကဆောဝါး၌ KRC ညီလာခံကို ကျင်းပရာတွင် စောဟန်တာသာမွှေး KNUP က နှုတ်ထွက်သွားပြီး ကရင့်အကွဲအပြဲ စလေသည်။ ဤနေရာတွင် KRC သည် အမြင့်ဆုံးအာဏာပိုင် အဖွဲ့အစည်းဟု သတ်မှတ်ထားပြီး KNUP ကလည်း တော်လှန်ရေးကို ဦးဆောင်သည်ဟု ဆိုနေပြန်သည့်အတွက် သေသေချာချာ လုပ်ငန်းခွဲဝေမှုမရှိဘဲ ကိုယ့်နည်းကိုယ့်ဟန်ဖြင့်သာ အဓိပ္ပာယ်ကောက်ပြီး တော်လှန်ရေးကို ခေါင်းဆောင်နေသည့် အတွက်ဟု ဖူးစကောလယ်တောက မှတ်ချက်ပေးသည်။ ကြားတွင် စောဟန်တာသာမွှေးနှင့် KNU ခေါင်းဆောင်များသည် ခြောက်ကြိမ်တိတိ ဆွေးနွေးသည်ဟု ဆိုသည်။ နောက်ဆုံးအကြိမ်တွင် နေဝင်း၏ ၁၉၆၃ ဇွန်လ လက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးမည်ဟု ကြေငြာချက် အခြေခံကာ သွားတွေ့ဖို့ဖြစ်သည်။ သို့သော် စောဟန်တာသာမွှေးက နှစ်ဖွဲ့ကွဲခဲ့၍ နှစ်ဖွဲ့ခွဲကာ သွားရမည်ဟု ဆိုသည်။ မကြာမီ စောဟန်တာသာမွှေးက ဗိုလ်နေဝင်းနှင့် သဘောတူညီချက် လက်မှတ်ထိုးခဲ့သည်။ ထို့နောက် KNU ဗဟိုစခန်းကိုလည်း တိုက်ခိုက်ခံရသည်။ ထိန်းချုပ်နယ်မြေများဖြစ်သည့် ထိုင်းနယ်စပ်တစ်လျှောက်တွင် ဘိုမြလွှမ်းမိုးမှုအောက် ရောက်လာခဲ့၏။ ၁၉၆၆ ခုနှစ်တွင် ကရင်လက်နက်ကိုင်တပ်ဖွဲ့၏ အရှေ့ပိုင်းတိုင်းမှူးဖြစ်သူ ဘိုမြသည် မဟာဗျူဟာမြောက် ဒေါနတောင်တန်းနှင့် ထိုင်းနယ်စပ်ဒေသ အများအပြားကို ထိန်းချုပ်နိုင်ခဲ့ပြီး KNUP အဖွဲ့ဝင်များကို နယ်မြေမှ ထွက်ခွာစေသည်။ ထိုင်းနယ်စပ်၏ အသက်ဝင်သော ကုန်သွယ်မှုမှ အခွန်ကောက်ခံခြင်းဖြင့် ရန်ပုံငွေများရရှိခဲ့ပြီး အင်အား ၁၀,၀၀၀ ခန့်အထိ တိုးချဲ့ခဲ့သည်။ ၁၉၆၇ ခုနှစ်တွင်မူ မန်းဘဇန်နှင့် အခြား KNUP အရာရှိကြီးများက ဘိုမြအား ပြေလည်မှုရရှိရန် ညှိနှိုင်းခဲ့ကြပြီး နောင်တွင် ဘိုမြလည်း ဥက္ကဋ္ဌဖြစ်လာခဲ့သည်။ ၁၉၇၀ ပြည့်နှစ်ရောက်သော် KNUP သည် မြစ်ဝကျွန်းပေါ်တွင် လွှမ်းမိုးမှုများ စွန့်လွှတ်ခဲ့ရပြီး KNU သည် အငြင်းပွားဖွယ်မရှိသော ကရင့်တော်လှန်ရေး စုစည်းမှု၏ ကျောရိုးမ ပြန်ဖြစ်လာသည်။ KNU ၉ ကြိမ်မြောက် ကွန်ဂရက် ကို ၁၉၇၄ ခုနှစ်၊ စက်တင်ဘာလတွင် ကျင်းပခဲ့သည်။ ၁၉၇၅ တွင် မာနယ်ပလောကို တည်ထောင်ပြီး လွတ်လပ်သော ကော်သူးလေပြည်၏ မြို့တော်ဟု သတ်မှတ်ခဲ့သည်။ ၁၉၇၆ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အထိ ဆယ်စုနှစ် သုံးခုကြာမျှ KNU ကို ဘိုမြဦးဆောင်ခဲ့သည်။ မြန်မာနိုင်ငံ၏ ၁၉၈၈ ခုနှစ် ၈၈၈၈ အရေးအခင်း အပြီးနောက် စစ်အစိုးရသည် အာဏာကို ခိုင်မာအောင် လုပ်ဆောင်ရန် တရုတ်နိုင်ငံကို မှီခိုအားထားခဲ့သည်။ လက်နက်များအတွက် အလဲအလှယ်အနေဖြင့် တရုတ်သို့ စီးပွားရေးလျှော့ပေါ့မှုများစွာ ပေးခဲ့ပြီး မြန်မာ့တပ်မတော်ကို အကြီးအကျယ် တိုးချဲ့ခဲ့သည်။ အင်အားသစ်ဖြင့် စစ်အစိုးရသည် ပြိုင်ဘက်များအား ပေါင်းမလား၊ ဖျက်ဆီးခံမလားဟု ခြိမ်းခြောက်လာသည်။ ယင်း အခြေအနေတွင် ၁၉၉၄ ခုနှစ်တွင် KNLA အတွင်းမှ ဗုဒ္ဓဘာသာ စစ်သားတစ်စုသည် ကေအဲန်ယူ KNU ၏ ခရစ်ယာန်ဘာသာဝင် အများစုဖြစ်သော ခေါင်းဆောင်မှုက ဗုဒ္ဓဘာသာ ကရင်လူမျိုး အများစုအပေါ် ခွဲခြားဆက်ဆံသည်ဟု စွပ်စွဲကာ ခွဲထွက်ခဲ့သည်။ ယင်းခွဲထွက်မှုကို စစ်အစိုးရက မီးထိုးခဲ့သည်ဟုလည်း နောင်တွင် သိရသည်။ ဘုန်းကြီး ဦးသုဇန၏ လမ်းညွှန်မှုဖြင့် ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် (DKBA) ကို ဖွဲ့စည်းခဲ့သည်။ DKBA သည် မြန်မာ့တပ်မတော်နှင့် အလျင်အမြန် အပစ်အခတ် ရပ်စဲခဲ့ပြီး KNU ထိန်းချုပ်ထားသည့် စီးပွားရေး လုပ်ငန်းများစွာကို ရရှိခဲ့သည်။ ထိုအချိန်မှစ၍ KNU နှင့် DKBA တို့သည် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး DKBA ကို မြန်မာ့တပ်မတော်က တက်ကြွစွာ ထောက်ပံ့ခဲ့သည်။ မာနယ်ပလောကို တပ်မတော်နှင့် DKBA တပ်ဖွဲ့များက ၁၉၉၅ ခုနှစ် ဇန်နဝါရီ ၂၇ တွင် တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး နောက်ပိုင်းတွင် စွန့်ပစ်ခဲ့သည်။ အချိုးအကွေ့တခုအဖြစ် ၁၉၉၅ ခုနှစ်တွင် ထိုင်းနယ်စပ်အနီးရှိ ဌာနချုပ်ဖြစ်သော မာနယ်ပလော (Manerplaw) ကျဆုံးခြင်းနှင့်အတူ KNU လည်း ပြင်းထန်စွာ ထိခိုက်ခဲ့သည်။ မာနယ်ပလောတွင် KNU အပါအဝင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစု၊ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသား ညွန့်ပေါင်းအစိုးရ အပါအဝင် အတိုက်အခံ အဖွဲ့အစည်းများ၏ ဌာနချုပ်သည် မာနယ်ပလောတွင် တည်ရှိခဲ့သည်။ ၁၉၇၄ တွင် ရှိုးလူကွန်ဂရက်ကို မန်းဘဇန်မှ ဦးဆောင်ကျင်းပခဲ့ပြီး ညီညွတ်ရေး သဘောတရားများ အတည်ပြုခဲ့သည်။ ဗိုလ်ချုပ်ကော်ထူး၏ KNUP နှင့် KNU တို့ ပေါင်းစည်းရေး လုပ်ဆောင်ခဲ့ကြ၏။ ၁၉၇၅ တွင် ပဲခူးရိုးမမှ KNU ဆုတ်ခွာခဲ့ရသည်။ ၂၀၀၄ ခုနှစ်တွင် ဥက္ကဋ္ဌ စောဘိုမြနှင့် ဗိုလ်ခင်ညွန့်တို့ ရန်ကုန်တွင် ညှိနှိုင်းကြကာ တပတ်အတွင်း နားလည်မှုရရှိပြီး ယာယီအပစ်အခတ် ရပ်စဲခဲ့ကြသည်။ ၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် အဖွဲ့၏ အထွေထွေအတွင်းရေးမှူး ဖဒိုမန်းရှာလားဖန်းသည် ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ ၎င်း၏ နေအိမ်တွင် သေနတ်ဖြင့် အပစ်ခံရပြီး ကွယ်လွန်ခဲ့ရာ ဝမ်းနည်းဖွယ်ရာ အဖြစ်အပျက် ဖြစ်ပွားခဲ့သည်။ သံသယများသည် ဒီကေဘီအေ (DKBA) တပ်ဖွဲ့ဝင်များအပေါ် ပြင်းထန်စွာ ကျရောက်ခဲ့သည်။ ဗိုလ်ခင်ညွန့်နှင့် စစ်တပ်လက်ချက်ဟုလည်း ဆိုသည်။ ၂၀၀၉ ခုနှစ်တွင် KNU ၏ တိုက်ခိုက်ရေးတပ်ဖွဲ့သည် စစ်သား ၃,၀၀၀ မှ ၅,၀၀၀ သာ ကျန်ရှိတော့သည်။ ၂၀၀၉ ဇွန်လ ၂၅ ရက်နေ့တွင် တပ်မဟာ ၇ ဌာနချုပ်ကို သိမ်းပိုက်ခံရသောအခါ အခြေအနေ ပိုမိုဆိုးရွားလာခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုင်ခုခံမှု အခြေအနေသည် ၂၀၁၀ ပြည့်နှစ်တွင် ပြောင်းလဲလာခဲ့သည်။ ၂၀၁၀ နိုဝင်ဘာလ ၂ ရက်နေ့တွင် KNU သည် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO)၊ မွန်ပြည်သစ်ပါတီ (NMSP) နှင့် ရှမ်းပြည်တပ်မတော်-မြောက်ပိုင်း (SSA-N) တို့နှင့် မဟာမိတ်ဖွဲ့ခဲ့သည်။ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလတွင် ဦးသိန်းစိန်အစိုးရက ဘားအံ၌ KNU နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သောအခါ ငြိမ်းချမ်းရေး ဆွေးနွေးမှုတခု စတင်စမ်းသပ်ခဲ့သည်ဟု ဆိုနိုင်၏။ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းနှင့် KNU ၏ ဗိုလ်ချုပ်မူတူးစေးဖိုး တို့သည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ဦးဆောင်ခဲ့သည်။ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် လေးဝါး၌ ကျင်းပခဲ့သော ၁၅ ကြိမ်မြောက် KNU ကွန်ဂရက် သည် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ဆွေးနွေးသည့် ချဉ်းကပ်ပုံနှင့်ပတ်သက်၍ သဘောထားကွဲလွဲမှုများ ရှိနေခဲ့သည်။ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်မှ နိုဝင်ဘာလ ၂ ရက်နေ့အထိ လိုင်ဇာရှိ KIO ဌာနချုပ်တွင် မကြုံစဖူးသော စည်းဝေးပွဲတစ်ခု ကျင်းပခဲ့သည်။ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်း ၁၇ ခု မှ ကိုယ်စားလှယ်များသည် မြန်မာနိုင်ငံမြေပေါ်တွင် အစိုးရ၏ သဘောတူညီချက်ဖြင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြသည်။ ဤညီလာခံမှ ၁၃ ဦးပါ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) (Nationwide Ceasefire Coordinating Team) ကို မွေးဖွားခဲ့ပြီး "တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင် ခုခံရေး အဖွဲ့အစည်းများ၏ ၁၁ ချက်ပါ ဘုံရပ်တည်ချက်" ဟု လူသိများသော သဘောတူညီချက်ကို လက်မှတ်ရေးထိုးစေခဲ့သည်။ NCCT ၏ တာဝန်မှာ ရှင်းလင်းပြတ်သားသည်– လက်နက်ကိုင် အဖွဲ့အစည်းများအကြား အပြန်အလှန် နားလည်မှုအပေါ် အခြေခံ၍ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ရေးဆွဲရန်ဖြစ်ပြီး နောက်ဆုံး စာရွက်စာတမ်းကို တိုင်းရင်းသား ခေါင်းဆောင်များနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (Union Peacemaking Working Committee - UPWC) က အတည်ပြုရမည်ဖြစ်သည်။ ကရင့်တော်လှန်ရေးတလျှောက် တိုက်ပွဲပေါင်း မြောက်များစွာ တိုက်ခဲ့ရသည်။ ရွာပေါင်းများစွာ မီးရှို့ခံခဲ့ရသည်။ ကရင်ပေါင်းများစွာ အသက်စွန့်ခဲ့ရသည်။ မိသားစုပေါင်းများစွာ ကွဲကွာခဲ့ရသည်။ မျိုးဆက်နှင့်ချီပြီး ဆင်းရဲခဲ့ရသည်။ လူပေါင်းများစွာ စစ်ဘေးရှောင်ခဲ့ရသည်။ ကရင့်တော်လှန်ရေး မယိမ်းယိုင်စေရန် အထူးကြိုးစားခဲ့ရသည်။ KNU အနေဖြင့် အရပ်သားတပိုင်းအစိုးရ တက်လာသည့် ၂၀၁၂ ခုနှစ် ဇန်နဝါရီလတွင် ပြည်နယ်အဆင့်၊ ဧပြီလတွင် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ် ရေးထိုးခဲ့ပြီး ၂၀၁၅ အောက်တိုဘာလ ၁၅ ရက်နေ့တွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ကို လက်မှတ် ရေးထိုးခဲ့ပါသည်။ ထို့နောက် PPST တွင် ဦးဆောင်မှု အခန်းကဏ္ဍမှ ပါဝင်ကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ခဲ့သော်လည်း စစ်တပ်နှင့်လည်းကောင်း၊ အစိုးရနှင့်လည်းကောင်း ပဋိပက္ခများ ရှိနေခဲ့သည်။ KNU သည် တော်လှန်ရေးအတွက် ဘဝတူ အဖွဲ့အစည်းများကို ကူညီလေ့ကျင့်ပေးခြင်းများ ပြုလုပ်ခဲ့သည်မှာ အစဉ်အဆက်ဖြစ်သည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် လက်ရှိ မြန်မာ့ နွေဦးတော်လှန်ရေး ဖြစ်လာသည့်အခါတွင်လည်း CDM ဝန်ထမ်းများကို ကူညီစောင့်ရှောက်ခြင်း၊ PDF နှင့် တော်လှန်ရေး အဖွဲ့များကို နေရာပေးခြင်း၊ စစ်ရေး လေ့ကျင့်မှုများ ပေးခြင်း၊ စစ်တပ်ကို တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ K3C (ယခု K2C+) စစ်ရေးဦးဆောင်မှုများတွင်လည်း ပါဝင်သည်။ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးဒဏ်ကိုလည်း များစွာခံစားရသည်။ ဗိုလ်ချုပ်နယ်ဒါးမြ ဦးဆောင်သော ကော်သူးလေတပ်မတော် (Kaw Thoo Lei Army - KTLA) ကဲ့သို့သော ခွဲထွက်မှုများ ရှိလာသော်လည်း ကရင့်အလံကတော့ တခုတည်းသာ ဖြစ်သည်။ မည်သည့် ကရင်အဖွဲ့မဆို အလံတခုတည်းအောက်သာ ဖြစ်၏။ နိုင်ငံရေးတွင်လည်း စစ်တပ်ကို နိုင်ငံရေးမှ လုံးဝထွက်သွားရန် ဖိအားပေးနေသလို NUCC အတွင်း ဖက်ဒရယ် ဒီမိုကရေစီအတွက် ဆွေးနွေးမှုများတွင်လည်း KNU က ဦးဆောင်ပါဝင်နေသည်။ ကရင်လူမျိုးတို့သည် စစ်အာဏာရှင် တော်လှန်ရေးတွင် အမြဲတမ်း ရှေ့တန်းမှ ရှိခဲ့သောအမျိုးသားလူထုပင် ဖြစ်ပေသည်။ ကရင်တို့မှာ တော်လှန်ရေးကို ဘဝနေနည်းအဖြစ် ရွေးခဲ့ကြသည့် အစဉ်အလာကြီးသည့် လူထုတခုပင် ဖြစ်ပေသည်။
0 Comments
Leave a Reply. |
Site powered by Weebly. Managed by Porkbun