6/17/2025 0 Comments မြောက်ဖျားတောင်တန်းဒေသနှင့် ကချင်(ယခုစာမှာ Draft မူကြမ်းဖြစ်၍ အချက်အလက်ကို နောက်ဆုံးအကြိမ် ပြန်လည်မစစ်ဆေးရသေးပါ။)
ကချင်လူမျိုးတို့သည် တရုတ်၊ အာသံပြည်နှင့် ဗမာပြည်မြောက်ပိုင်းတို့တွင် ပျံ့နှံ့၍ နေထိုင်ကြသည်။ စာပေများတွင် တောင်တောင်ပျော်သူများ၊ လွတ်လပ်စွာနေလိုသူများ၊ တိုက်ရည်ခိုက်ရည် ရဲစွမ်းသတ္တိ ကောင်းမွန်ကြသူများ၊ ဆေးမြစ်ဆေးဥများကို သုံးစွဲရာတွင် လိမ္မာကြသူများ၊ မျိုးနွယ်စုများအကြား နားလည်ရခက်သည့် ဆက်ဆံရေးရှိသူများအဖြစ် ဖော်ပြတတ်ကြသည်။ အခြားသော တောင်ပေါ်နေ လူမျိုးများစွာကဲ့သို့ပင် ကချင်လူမျိုးလူထုများသည် တောင်တန်းနယ်ခြားဒေသမှ လူမှုအသိုင်းအဝိုင်းတခုအဖြစ် ကာလကြာရှည်စွာ တည်ရှိခဲ့ကြသည်။ ကိုလိုနီအင်ပါယာများ၏ နယ်စပ်များတွင် နေထိုင်ခဲ့ကြပြီး ကုန်သွယ်ရေးလမ်းကြောင်းများတွင် နေခဲ့ကြသည်။ ယဉ်ကျေးမှုဝါးမြိုခြင်းကို ခုခံပြီး ထူးခြားသော ဓလေ့များကို ထိန်းသိမ်းခဲ့ကြသည်။ "Kachin"ဟူသော ဝေါဟာရကိုယ်တိုင်က ရှုပ်ထွေးသော နိုင်ငံရေးနှင့် လူမျိုးစုဆိုင်ရာ အမည်နာမတခုဖြစ်သည်။ ၎င်း၏ မူရင်းဇစ်မြစ်သည်ပင် အငြင်းပွားဖွယ်ရာဖြစ်သည်။ အနောက်တိုင်း မှတ်တမ်းများအနက် ဤဝေါဟာရကို ၁၉ ရာစုမှ ခရစ်ယာန်သာသနာပြုတဦးနှင့် တွေ့ဆုံမှုမှ စတင်ခဲ့သည်ဟု ဖော်ပြကြသည်။ American Baptist သာသနာပြု ဒေါက်တာ Eugenio Kincaid သည် ဗန်းမော်မြို့ အနီးရှိ ဒေသခံများကို ၎င်းတို့ မည်သည့်နေရာမှ လာသလဲဟု မေးမြန်းခဲ့ရာ ၎င်းတို့က မြေနီရွာအနီးရှိ နေရာတခုဖြစ်သော “Gahkyeng” ဟု ဖြေကြားခဲ့သည်ဟု ဆိုကြသည်။ ဤမှတဆင့် ကိုလိုနီခေတ်တွေ့ရမည့် အမည်ဖြစ်သည့် “Kachin” ဝေါဟာရ ပေါ်ပေါက်လာခဲ့သည်ဟု ဆိုသည်။ မြန်မာကျောက်စာဟောင်းများတွင် ကချင်ဟု သုံးနှုန်းသည်ကို မတွေ့ရသော်လည်း သက္ကရာဇ် (၈၀၄) ခုတွင် ရေးထိုးသော ညောင်ဦး ဥညံနဝ ကျောက်စာတွင် “ကခြင်” ဟု ရေးထိုးထားသည်ကိုတော့တွေ့ရသည်။ မည်သို့ဆိုစေ ကချင်ဟူသည့် ဝေါဟာရသည် မြောက်ပိုင်းတောင်ပေါ်နေ လူမျိုးစုများစွာအတွက် နိုင်ငံရေးအမည်နာမတခု ဖြစ်လာခဲ့သည်။ ကချင် နှုတ်သမိုင်းအရ၊ ၎င်းတို့သည် ၎င်းတို့၏ ဘိုးဘွားပိုင်နက်ဖြစ်သော Majoi Shingra Bum (မဂျိုင်ရှင်ဂရာ ဘုမ်)သို့ ခြေရာခံကြသည်။ "သဘာဝအတိုင်း ပြန့်ပြူးသောတောင်" ဟု ဘာသာပြန်တတ်ကြသည်။ ဤဒဏ္ဍာရီညွှန်း နေရာသည် အရှေ့တိဗက် သို့မဟုတ် ဟိမဝန္တာတောင်တန်း၏ အရှေ့မြောက်စွန်းတွင် တည်ရှိနိုင်သည်ဟု မှန်းဆကြသည်။ ချင်းလူမျိုး၊ ဝလူမျိုးတို့ ဒဏ္ဍာရီလာ ဂူ၊ ကျောက်၊ ရေကန်ကြီးများ ကဲ့သို့ပင် လူမျိုးထုတရပ်လုံး၏ ဝိညာဉ်ရေးရာဆင်းသက်သည့် ရေသောက်မြစ်အဖြစ် ညွှန်းတတ်သည့် ရှေးဦးနေရာတခု ဖြစ်သည်။ ဒဏ္ဍာရီလာ မူရင်းဇစ်မြစ်များစွာကဲ့သို့ပင် Majoi Shingra Bum သည် မြေပုံဆွဲပြနိုင်မှုကို ဂရုမစိုက်ပေ။ တည်နေရာဆိုင်ရာတိကျမှုက လက်တွေ့တွင် အရေးပါလှသည်မဟုတ်ဘဲ ယဉ်ကျေးမှုဆိုင်ရာ စည်းလုံးမှုတန်ဖိုးက ပိုအရေးပါပေသည်။ ပျံ့နှံ့နေသော လူမျိုးများကို တခုတည်းသော မူရင်းဇစ်မြစ်နှင့် ချိတ်ဆက်ပေးကာ ရှည်လျားသော လူမျိုးစုကွဲပြားမှု မစတင်မီ ပထမဆုံး စုစည်းမှုတခုရှိခဲ့သည်ကို ပြန်လည်ညွှန်ပြသည်။ ရွှေ့ပြောင်းနေထိုင်မှု သီအိုရီများအရ အေဒီ ၁ ရာစုခန့်ကတည်းက စတင်ခဲ့သော တဖြည်းဖြည်း ရွေ့ပြောင်းလာမှု လှိုင်းများကို ပြောတတ်ကြသည်။ ရုတ်တရက် ရွှေ့ပြောင်းခြင်းများ မဟုတ်ဘဲ၊ မိသားစုများနှင့် မျိုးနွယ်စုများသည် အရှေ့တောင်အာရှအတွင်း မြစ်စနစ်များ၏ ရေစီးကြောင်းများအတိုင်း ဖြည်းဖြည်းမှန်မှန် ရွေ့လျားခဲ့ကြသည်ဟု ဆိုသည်။ Hkrang Hku (ခရန်ခူ)၊ Mali Hku (မလိခူ)၊ နှင့် Chyai Hku (ချိုင်ခူ)မြစ်များသည် ရွှေ့ပြောင်းနေထိုင်ရာ လမ်းကြောင်းများသာမက အခြေချနေထိုင်မှုနှင့် သမိုင်းမှတ်ဉာဏ်များ အသက်ဝင်စေသော မြေပုံများလည်း ဖြစ်သည်။ မြစ်များသည် ရွှေ့ပြောင်းမှုကို လမ်းပြပေးခဲ့ရုံသာမက လူတို့ကိုပုံဖော်ပေးခဲ့သည်။ ကချင်လူမျိုး၏ မျိုးနွယ်များသည် မျိုးရိုးဇစ်မြစ်ကို မြေနှင့် ချိတ်ဆက်ပေးသော မြစ်များ၊ တောင်ကြောများနှင့် တောင်ကြားများအပေါ် အခြေခံ၍ ကိုယ်ပိုင်လက္ခဏာများကို တည်ဆောက်ခဲ့ကြသည်။ ၈ ရာစုရောက်သောအခါ ကချင် လူမျိုးများသည် အထီးကျန်ရွှေ့ပြောင်းနေထိုင်သူများ မဟုတ်တော့ပေ။ ၎င်းတို့ပတ်ဝန်းကျင်ရှိ နိုင်ငံရေးသမိုင်းမှတ်တမ်းများတွင် စတင်ပေါ်ထွက်လာခဲ့သည်။ သာဓကအားဖြင့် Yunnan (ယူနန်) တွင် အခြေစိုက်သော Nanchao Kingdom (နန်ချောင်နိုင်ငံ)တွင် ပါဝင်ခဲ့ကြသည်။ အေဒီ ၇၆၀ ခန့်တွင် ကချင်စစ်သည်များသည် ဒေသတွင်း စစ်ဆင်ရေးများတွင် စစ်မှုထမ်းခဲ့ကြသည်။ ၎င်းတို့၏ စစ်ရေးစွမ်းရည်နှင့် အင်အားကြီးမားသော အိမ်နီးချင်းများအတွက် အရေးပါမှုကို စောစောစီးစီး ဖော်ပြသည့် လက္ခဏာတခုဖြစ်သည်။ မြန်မာ့သမိုင်းတွင် အရေးပါသော အေဒီ ၁၂၈၇ ခုနှစ်တွင် ပုဂံပြည်သို့ မွန်ဂိုတို့၏ တိုက်ခိုက်မှုတွင် မွန်ဂိုဘက်မှ ပါဝင်စစ်မှုထမ်းခဲ့ကြ၏။ ၁၄ ရာစုတွင် သျှမ်းမြောက်ပိုင်းသို့ မဟာဗျူဟာမြောက် တိုးချဲ့မှုကို တွေ့ရသည်။ ၁၃၅၀ ခုနှစ်များတွင် ကချင်အသိုင်းအဝိုင်းများသည် ဗန်းမော်ဘက်နှင့် မြစ်ဆုံဒေသဘက်မှ သိန္နီနယ်သို့ ရွှေ့ပြောင်းဝင်ရောက်ခဲ့ပြီး ချင်း၊ ပလောင်ကဲ့သို့သော ရှေးဦးနေထိုင်သူအချို့ကို နေရာရွှေ့ပြောင်းစေခဲ့သည်ဟု ဆိုသည်။ ကချင်တို့ကမူ အသက်ပေါင်းများစွာ ရင်းပြီးရခဲ့သည်ဟု ဆိုသည်။ အရေးပါသော နယ်မြေတခုမှာ မြေဩဇာကောင်းမွန်ပြီး ဆက်သွယ်ရေးကောင်းမွန်သော မုန်းမြစ်ဆင်လီဂါဖြစ်သည်။ မြေယာရယူမှုသက်သက်ထက် ကုန်သွယ်ရေးလမ်းများနှင့် စိုက်ပျိုးရေးဗဟိုချက်များကို ချိတ်ဆက်ပေးသည့် ဒေသဆိုင်ရာ အခြေစိုက်စခန်းတခုကို စုစည်းခဲ့ခြင်းဖြစ်ပြီး ရာစုနှစ်များစွာကြာအောင် ကချင် ဖြစ်တည်မှုကို ပုံဖော်ခဲ့သည်။ မြန်မာနိုင်ငံ ကုန်းမြင့်ဒေသများစွာတွင် ဖြစ်ခဲ့သကဲ့သို့ပင် သယံဇာတများအတွက် အပြိုင်အဆိုင် ကြိုးပမ်းခဲ့ကြသည်။ မျိုးနွယ်စုများတွင် မတူညီသော စကားများ သို့မဟုတ် ဒေသိယစကားသံများကို ပြောဆိုကြသော်လည်း ကုန်သွယ်မှု၊ ဘာသာရေးထုံးတမ်းစဉ်လာများနှင့် သံတမန်များအတွက် ဘုံဘာသာစကားတခု လိုအပ်ခဲ့ပြီး ဂျင်းဖောသည် ဘုံဘာသာစကား (lingua franca) ဖြစ်ခဲ့သည်။ ယင်းအချက်က ဂျင်းဖောလူမျိုးစုခွဲ၏ လူဦးရေနှင့် နိုင်ငံရေးလွှမ်းမိုးမှုကိုလည်း ထင်ဟပ်စေခဲ့သလို နောက်ပိုင်းတွင် တင်းမာမှုများ၏ ရင်းမြစ်တခုပါ ဖြစ်လာခဲ့သည်။ ၁၉ ရာစုတွင် ခရစ်ယာန်ဘာသာ မရောက်ရှိမီက ကချင် ၏ ကိုယ်ပိုင်လက္ခဏာသည် နတ်ကိုးကွယ်မှု ရိုးရာဓလေ့များတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေခဲ့သည်။ ဤယုံကြည်မှုစနစ်၏ အဓိကအချက်မှာ မျိုးနွယ်စု အကြီးအကဲများနှင့် ကျွမ်းကျင်သူများက ဆောင်ရွက်သော ထုံးတမ်းစဉ်လာများရှိသည့် Madai (မဒိုင် / ကောင်းကင်နတ်)ဖြစ်သည်။ ပွဲတော်များသည် ရာသီဥတုများကို မှတ်တမ်းပြုနေခဲ့ပြီး၊ ပုံပြင်ပြောခြင်းသည် သမိုင်းဇစ်မြစ်မှတ်ဉာဏ်ကို ထိန်းသိမ်းခဲ့ကာ၊ နတ်များသည် လူများကို မွေးရပ်ဌာနေနှင့် ချိတ်ဆက်ပေးခဲ့သည်။ ဤနတ်ကိုးကွယ်မှုဓလေ့များကြောင့်လည်း ကချင်နှင့် လွင်ပြင်ဒေသမှ ဗမာဗုဒ္ဓဘာသာဝင်များကို သိသိသာသာ ကွဲပြားနေခဲ့သည်။ ဗမာများသည် ဘုရင်များကိုယ်တိုင်က ဗုဒ္ဓဘာသာကို ထောက်ပံ့ဖြန့်ဖြူးနေချိန် ကချင်များသည် သစ်တောနေရာများနှင့် တောင်ပေါ်များတွင် သက်ဆိုင်ရာနတ်များကို ပူဇော်ပသခဲ့ကြသည်။ ယင်းခြားနားမှုသည် ယုံကြည်မှုသက်သက်တင်မက လူနေမှုကွဲပြားခဲ့သည့် လက္ခဏာဖြစ်ပြီး အနာဂတ်တွင် ဗဟိုချုပ်ကိုင်မှုအားများကို တွန်းလှန်မည့် အခြေခံအုတ်မြစ်ကိုဖြစ်တည်စေခဲ့သည်။ ကချင်လူ့အဖွဲ့အစည်းသည် ဘယ်သောအခါမှ ပုံသေတပြေးညီ တူညီနေခြင်းမရှိခဲ့ပါ။ ဘုရင့်နိုင်ငံ သို့မဟုတ် ဇာတ်အဆင့်အတန်းအပေါ် အခြေခံသော လူ့အဖွဲ့အစည်းများနှင့် မတူဘဲ ကချင်ယဉ်ကျေးမှုသည် လက်ထပ်ခြင်းနှင့် ဆွေမျိုးပုံစံများမှတဆင့် မိသားစုများကို ချိတ်ဆက်ပေးသည့် တြိဂံပုံ မျိုးနွယ်စုစနစ်ဖြင့် လည်ပတ်ခဲ့သည်။ ဤစနစ်တွင် mayu (မာယု / သတို့သမီးပေးသူများ)၊ da ma (ဒါမာ / သတို့သမီးယူသူများ)၊ နှင့် kahpu kanau (ကဖူးကနောက် / မောင်နှမများ) ဟူ၍ ပါဝင်သည်။ ပြောင်းလွယ်ပြင်လွယ်ရှိသော်လည်း နက်ရှိုင်းစွာ အမြစ်တွယ်နေသော လူမှုရေးရာနှောင်ကြိုးတခုဖြစ်သည်။ ၎င်းသည် Jinghpaw (ဂျင်းဖော)၊ Lhaovo (လဝေါ်)၊ Lachid (လာချိဒ်)၊ Zaiwa (ဇိုက်ဝါး / Atsi)၊ Lisu (လီဆူး)၊ နှင့် Rawang (ရဝမ်) အပါအဝင် ကွဲပြားသော အုပ်စုများကို ချိတ်ဆက်ပေးခဲ့သည်။ ဤမတူညီမှုသည် နောက်ပိုင်းတွင် ကချင်အတွင်းပိုင်း ဒိုင်းနမစ်များကြောင့် ပိုမိုရှုပ်ထွေးလာခဲ့သည်။ ၂၀ ရာစုတွင် Kachin Independence Organization (KIO / ကချင်လွတ်လပ်ရေးအဖွဲ့)ကဲ့သို့သော အမျိုးသားရေးလှုပ်ရှားမှုများတွင် ဂျင်းဖောများ လွှမ်းမိုးလာသောအခါ ဂျင်းဖောမဟုတ်သော တိုင်းရင်းသား မျိုးနွယ်စုများ စိုးရိမ်မှုရှိလာသည်။ အချို့သော လီဆူး၊ ရဝမ်၊ လဝေါ် နှင့် ဇိုက်ဝါးအုပ်စုအချို့တို့သည် "ကချင်လူမျိုး"ဟူသော ဝေါဟာရကို ဝါးမြိုမှုတခုဟု ရှုမြင်ကာ တိုးမြှင့်တွန်းလှန်လာကြသည်။ အချို့က မိမိတို့၏ မျိုးနွယ်စုငယ်လက္ခဏာများကို ပိုမိုနှစ်သက်ကြပြီး အချို့ကမူ နိုင်ငံရေးအရ အနားသတ်ခံရခြင်းကို မကျေနပ်ကြခြင်းကြောင့် ဖြစ်သည်။ ဘာသာစကား၊ ယဉ်ကျေးမှုနှင့် နယ်မြေဆိုင်ရာ ဘုံတူညီမှုများမှ အခြေခံနေသည့်တိုင် “ကချင်” ဖန်တီးမှုသည် တောင်ဘက်ရှိ ကရင်တို့ကဲ့သို့ ပိုမိုနီးစပ်သွားသည့်အနေအထားမျိုး မဖြစ်ဘဲ ခုခံမှုများလည်း ကြုံနေရဆဲ ဖြစ်သည်။ တဘက်ကလည်း ဂျိန်းဖောဟူသော အသုံးအနှုန်းမှာ ရည်ညွှန်းချက် ၃ မျိုး ဖြစ်နိုင်သည်ဟု ဆို၏။ ပထမက ဂျိန်းဖောမျိုးနွယ်စု (Jinpho Ethnic) ဖြစ်ပြီး ယဉ်ကျေးမှုမျိုးဆက် ဂျိန်းဖောမျိုးနွယ်စုဝင်လူအုပ်စုများကို ဆိုလိုသည်။ ဒုတိယက ဂျိန်းဖောအမျိုးသားစု (Jinpho Nation/ Jinpho Pongyong) ဖြစ်ပြီး နေ့စဉ်သုံးစွဲသော ဘာသာစကား မတူသော်လည်း အုပ်ချုပ်ပုံ၊ လူနေမှုနှင့် ယဉ်ကျေးမှု ဆင်တူသည့် လူမျိုးစုအစုံကို ဝိုင်းပတ်စုယူထားသည့် ယဉ်ကျေးမှုတူလူထုကို စုပေါင်းရည်ညွှန်းသည်။ တတိယမှာ ဂျိန်းဖော ကွန်ဖက်ဒရိတ် (Jinpho Wunpawng / Jinpho Wunpong) ဖြစ်ပြီး ထိုလူမျိုးစုတို့၏ သီးခြားဒေသအုပ်ချုပ်မှုများကို စုပေါင်းခေါ်ဝေါ်သည်ဟု ဆိုသည်။ ထိုမျိုးနွယ်စုများတွင် မည်သည်တို့ပါဝင်သည် ဆိုသည်ကို တရုတ်နိုင်ငံအတွင်း သတ်မှတ်မှုနှင့် မြန်မာနိုင်ငံအတွင်း သတ်မှတ်မှုမတူပေ။ ကပ်လျက်တရုတ်ပြည် တယ်ဟုန် သျှမ်း နှင့် ဂျိမ်းဖော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတွင် ဂျိန်းဖော ၁၁ ရာနှုန်းမျှရှိသည်။ ဗမာဘက်က ကချင်ပြည်နယ်သား ဌာနေလူမျိုးစုများတွင် လူမျိုးစု ၁၂ မျိုးဟု သတ်မှတ်ကာ၊ ကချင်အမျိုးသားအစည်းအရုံးက ၆ မျိုးဟု သတ်မှတ်ပြီး တရုတ်နိုင်ငံက ပင်မ ၄ မျိုးဟု သတ်မှတ်သည်။ အခေါ်အဝေါ်အားဖြင့် Jinghpaw, Jingpho, Singpho, Theinbaw, Singfo, နှင့် Chingpaw စသည်ဖြင့် ခေါ်ဝေါ်ကြသည်။ ဗမာဘုရင်တို့က ကချင်များကို လူရိုင်းများဟုသာ သတ်မှတ်ခဲ့ပြီး အရေးတယူမရှိလှ။ ချိုးဖဲ့နှိမ့်ချ ပြောဆိုခြင်းများကို သမိုင်းစာပေများတွင် တွေ့ရတတ်သည်။ ကချင်လူမျိုးများသည် မည်သည့်ဗမာမင်း၏ လက်အောက်မျှမဖြစ်ခဲ့ဟု ယခင်ပါလီမန်ခေတ် ကချင် ပြည်နယ်ဝန်ကြီး ဦးဇန်ထဆင် က ၎င်း၏ ဒီမိုကရေစီ ပြောင်းပြန် စာအုပ်တွင် ရေးသား၏။ ထို့အတူ ဦးသန့်ကလည်း ဗမာမင်းများသည် ကချင်လူမျိုးများအား အုပ်စိုးခဲ့ခြင်းမရှိ၊ အုပ်စိုးရန်ရည်ရွယ်ခြင်းလည်း မရှိခဲ့ဟု သူ၏ ပြည်တော်သာခရီးစဉ် စာအုပ်တွင် ရေးသား၏။ ခေတ်သစ် ကချင်လူမျိုးများ၏ ကိုယ်ပိုင်လက္ခဏာ၊ နိုင်ငံရေးအသိဉာဏ်နှင့် လူမျိုးဘာသာရေးဆိုင်ရာ ထူးခြားမှုတို့၏ အမြစ်များသည် ကိုလိုနီခေတ်နှင့် လွတ်လပ်ရေးရပြီးနောက် ပဋိပက္ခများက ပုံဖော်ခဲ့၏။ တတိယ အင်္ဂလိပ်-မြန်မာစစ် (၁၈၈၅) ပြီးနောက် ဗြိတိသျှတို့က အထက်မြန်မာကို သိမ်းပိုက်ခဲ့သောအခါ ကုန်းဘောင်မင်းဆက် အုပ်ချုပ်မှုကို အဆုံးသတ်ခဲ့သလို တဖြည်းဖြည်းနှင့် ကချင်တောင်တန်းများကိုပါ ဗြိတိသျှအင်ပါယာ၏ အတွင်းသို့ ဆွဲသွင်းခဲ့သည်။ ဤသိမ်းပိုက်မှုသည် ကချင်လူမျိုးများနှင့် ကိုလိုနီအာဏာတို့အကြား ပြောင်းလဲစေခဲ့သော ဆက်ဆံရေး၏ အစဖြစ်သည်။ ရာစုနှစ်များစွာ ဗမာဘုရင်၏ ပဒေသရာဇ်ဗဟိုချုပ်ကိုင်မှုစနစ်ဖြင့် အုပ်ချုပ်ခဲ့သော ကုန်းဘောင်မဏ္ဍလ လွင်ပြင်ဒေသများနှင့်မတူဘဲ ကချင်တို့၏ နယ်မြေများသည် မျိုးနွယ်စုအလိုက် သီးခြားစီနေကြကာ အုပ်ချုပ်သည့်အစုများအဖြစ် ပျံ့နှံ့နေခဲ့သည်။ ၎င်းတို့သည် ဗဟိုချုပ်ကိုင်မှု ကင်းမဲ့ကာ ဥပဒေဖြင့် သတ်မှတ်ထားခြင်းထက် မျိုးရိုးနှင့် ထုံးတမ်းစဉ်လာများမှတဆင့် သစ္စာခံမှုကိုရရှိကြသည့် ဒူဝါဟူသည့် ခေါင်းဆောင်များက အုပ်ချုပ်ခဲ့ကြသည်။ ဗြိတိသျှသိမ်းပိုက်ပြီးနောက် ကချင်မြေများကို အသစ်သတ်မှတ်ထားသော Frontier Areas (နယ်ခြားဒေသ)အတွင်းသို့ ထည့်သွင်းခဲ့သည်။ နိုင်ငံရေးအရသီးခြားဖြစ်ပြီး အုပ်ချုပ်ရေးအရ Burma Proper (ဗမာပြည်မ) နှင့် ကွဲပြားသည်။ တကယ်တမ်း အညာဒေသနှင့် ကချင်တို့၏ ဒေသမှာ နီးလှသည်မဟုတ်ပေ။ မြန်မာတို့က အစွန်အဖျားကို မဲဇာပို့သည်ဟု ဆိုရာ၊ မဲဇာ နေရာမှာ ကချင်တို့အခေါ် မြဲန်ဇာ (မြန်မာမင်းနှင့် စစ်ခင်းခဲ့ရာနေရာ) ဖြစ်ပြီး စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်အတွင်းနေရာ ဖြစ်သည်။ ယင်းနေရာမှာ မြစ်ကြီးနားနှင့် မိုင် ၁၅၀ ကျော် ဝေး၏။ ဗြိတိသျှတို့က သီပေါမင်းကို နေပြည်တော် ခေါ်သွားပြီး နောက်တွင်လည်း သျှမ်း၊ ကချင်၊ ချင်း ဒေသတို့က ဆက်လက်ခုခံရာ ကချင်ဒေသမှာ ဗြိတိသျှလက်အောက်သို့ ၁၉၂၇ ခုနှစ်မှသာ မြောက်ပိုင်းတြိဂံနယ် တိုက်ပွဲဖြင့် လုံးဝကျရောက်ခဲ့ရသည်။ ကချင်များသည်လည်း မနုဿဗေဒပညာရှင်အချို့ ပြောသလိုပင် အစိုးရမင်းများ၏ အမြတ်ထုတ်ပြီး နိုင်ငံတည်ဆောက်မှုများနှင့် ဝေးဝေးနေလိုကြသည်ဟု နားလည်ရသည်။ သို့ရာတွင် ဗမာ၊ သျှမ်း၊ တရုတ်၊ အိန္ဒိယမှ ယဉ်ကျေးမှု နှင့် လူနေမှုစနစ်များ ကူးလူးသည်လည်း သဘာဝအတိုင်းရှိသည်။ မြန်မာ၊ အိန္ဒိယ၊ တရုတ် စသည့် ခေတ်သစ်မော်ဒန် နိုင်ငံများ ဖြစ်မလာသေးချိန်တွင် အာသံ၊ မဏိပူရအပါအဝင် အနီးစပ်ချုပ် နယ်အမျိုးမျိုးတွင် ကူးလူးခဲ့ကြသည်သာ ဖြစ်သည်။ ဗြိတိသျှ လက်ထက်တွင်လည်း လမ်းပန်း ဆက်သွယ်ရေး အခက်အခဲသာမက နယ်နှင်ဥပဒေ ခေါ် နယ်စပ်ဖြတ်ကျော်ခြင်းဆိုင်ရာ ဥပဒေ Frontier Border Crossing Regulation လည်း ပြဋ္ဌာန်းထား၍ ဗမာပြည်နှင့် တောင်တန်းဒေသတို့ကြား ဆက်သွယ်ရာတွင်လည်း အထိအတွေ့ မဖောသီခဲ့ပေ။ မြန်မာစကားပြောသူမှာ ငါးထောင်မျှသာ ရှိသည်။ ၁၈၈၆ ခုနှစ်မှ ၁၉၃၀ ပြည့်လွန်နှစ်များအတွင်း ကချင် စစ်သည်များသည် Bhamo (ဗန်းမော်)၊ Mogaung (မိုးကောင်း)၊ Sadon (ဆဒုံး)၊ Sima (ဆီးမ)၊ နှင့် Hukawng Valley (ဟူကောင်းချိုင့်ဝှမ်း)တလျှောက် ပြင်းထန်စွာ ခုခံတိုက်ခိုက်ခဲ့ကြသည်။ ဗြိတိသျှစစ်တပ်သည် မြေပြင်အနေအထားနှင့် ဤတောင်ပေါ်မျိုးနွယ်စုများ၏ သဘောကို မကျွမ်းကျင်သောကြောင့် သိသာထင်ရှားသော ရှုံးနိမ့်မှုများကို ကြုံတွေ့ခဲ့ရသည်။ Sadon (ဆဒုံး) တွင် ဒုဗိုလ် Harrison (၁၈၉၂) နှင့် Sima (ဆီးမ) တွင် ဗိုလ်ကြီး Morton (၁၈၉၃) တို့ တိုက်ခိုက်ခံရပြီး ကျဆုံးခဲ့ကြသည်။ ကချင် တို့၏ စစ်ရေးဂုဏ်သတင်းနှင့် နယ်မြေအချုပ်အခြာအာဏာကို မယိမ်းမယိုင် ကာကွယ်ခြင်း၏ သဏ္ဍာန်လည်း ပေါ်လာခဲ့သည်။ တောင်ပေါ်သားများသည် ခေတ်သစ်နိုင်ငံအမြင်နှင့် ပူးပေါင်းဆောင်ရွက်ခြင်း မဟုတ်သည်ကို သတိချပ်ရမည်။ သူတို့တိုက်ပွဲများသည် ဂုဏ်သိက္ခာ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ဘိုးဘွားအမွေ ပိုင်ဆိုင်မှုများမှ ပေါက်ဖွားလာခြင်းဖြစ်သည်။ သို့သော် ယင်းသမိုင်းဖြစ်ရပ်တို့က နောက်ပိုင်း အမျိုးသားရေးလှုပ်ရှားမှုများအတွက် စိတ်ခံစားမှုဆိုင်ရာ အခြေခံအုတ်မြစ်ကို ချမှတ်ပေးခဲ့သည်။ ကိုလိုနီအုပ်ချုပ်မှုသည် အမည်သစ်များ၊ အမျိုးအစားသစ်များနှင့် ကိုယ်ပိုင်လက္ခဏာသစ်များကိုလည်း ယူဆောင်လာခဲ့ရာ ကချင်တို့အတွက်လည်း ထိုအတိုင်းဖြစ်သည်။ ဗြိတိသျှတို့သည် တောင်ပေါ်ဒေသမှ လူမျိုးများကို အမျိုးအစားခွဲခြားရန် “Kakhyen”ဟူသော ဝေါဟာရကို အသုံးပြုခဲ့ပြီး နောက်ပိုင်းတွင် “Kachin” အဖြစ် ပြောင်းလဲခဲ့သည်။ ကချင်တောင်တန်းဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ဤအမည်နာမသည် ဒေသခံတို့၏ ပြင်ပမှ တီထွင်ဖန်တီးထားခြင်းဖြစ်သော်လည်း နောက်ဆုံးတွင် မတူညီသော ဘာသာစကားနှင့် ယဉ်ကျေးမှုအုပ်စုများ ဖြစ်သည့် ဂျင်းဖော၊ လဝေါ်၊ လာချိဒ်၊ ဇိုက်ဝါး၊ လီဆူး၊ နှင့် ရဝမ်တို့ကို လွှမ်းခြုံထားသော ဘုံလူမျိုးစုအမည်အဖြစ် ပေါင်းစည်းခဲ့သည်။ ကိုလိုနီခေတ်မတိုင်မီက ဤအုပ်စုများသည် ပြောင်းလွယ်ပြင်လွယ်ရှိပြီး အချင်းချင်းဆက်စပ်နေသော ကိုယ်ပိုင်လက္ခဏာများနှင့် မိမိတို့ အမွေအနှစ်ဓလေ့များ ထိန်းသိမ်းခဲ့ကြသည်။ သို့သော် ကိုလိုနီခေတ်တွင်မူ “Kachin”သည် နိုင်ငံရေးအရ အသုံးဝင်ပြီး အင်စတီကျူးရှင်းအရပါ စည်းနှောင်ထားသော ကိုယ်ပိုင်လက္ခဏာတခု ဖြစ်လာသည်။ သို့သော်သဘာဝမဟုတ်သည့်အလျောက် ဝိရောဓိဖြစ်နေသည်များလည်း ရှိသည်။ ဥပမာ တခုမှာ ဂျင်းဖောလူမျိုးစုခွဲ၏ လွှမ်းမိုးမှုဟု ယူဆခံရခြင်းပင်ဖြစ်သည်။ မြောက်ဘက်တောင်ပေါ်လူမျိုးများသည် နှစ်ပေါင်းများစွာ စာပေမရှိပဲ နေထိုင်ခဲ့ကြပြီး ခရစ်ယာန် သာသနာပြုများ ရောက်ရှိလာသည့်အခါမှ စာပေကို တီထွင်သုံးစွဲခွင့်ရခြင်းဖြစ်သည်။ William Henry Roberts က သူ၏ Pioneering among the Kachins စာအုပ်များတွင် ကချင်လူမျိုးများသည် အရင်းအမြစ်များ မရှိကြသော်လည်း သင်ယူလိုစိတ်၊ ဖွံ့ဖြိုးလိုစိတ်၊ ကိုယ်ကြမ္မာကိုယ်ဖန်တီးလိုစိတ် ပြင်းထန်သည့် လူမျိုးများ ဖြစ်ကြောင်း ဖော်ပြထားသည်။ ဗမာ့စာပေများတွင် ရံဖန်ရံခါ ကချင်လူမျိုးတို့သည် ခရစ်ယာန်သာသနာပြုတို့ကြောင့် ဗမာတို့နှင့် စိတ်ဝမ်းကွဲရသည်ဟု လူမျိုးရေးပဋိပက္ခတိုင်းကို ဗြိတိသျှအား လွှဲချနေကျအတိုင်း တွေ့ရသည်။ တချိန်တည်းမှာပင် ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ပြောင်းလဲမှုတခု ဖြစ်ပေါ်နေခဲ့သည်။ ၁၈၃၇ ခုနှစ်အစောပိုင်းတွင် အမေရိကန်သာသနာပြုများသည် မြန်မာပြည်တွင် သာသနာပြုလုပ်ငန်းများ စတင်နေခဲ့ကြသည်။ သို့သော် ၁၈၉၀ ပြည့်လွန်နှစ်များတွင် သာသနာပြု Ola Hanson (အိုလာ ဟန်ဆင်)သည် ကချင် တို့အကြား ရောက်ရှိလာခဲ့သည်။ သူ၏သာသနာပြုလုပ်ငန်းသည် အစောပိုင်း သာသနာပြုလုပ်ငန်းများနှင့် မတူဘဲ စနစ်တကျရှိပြီး နက်ရှိုင်းသော ဘာသာစကားဆိုင်ရာ ထိတွေ့မှုတွင် အခြေခံခဲ့သည်။ Madai (နတ်ကိုးကွယ်မှု) ထုံးတမ်းစဉ်လာများကဲ့သို့သော ရိုးရာနတ်ကိုးကွယ်မှု ဓလေ့များကို ခရစ်ယာန်ဘာသာနှင့် အစားထိုးနိုင်ခဲ့သည်။ အိုလာဟန်ဆင် သည် ၁၉၂၇ ခုနှစ်တွင် သမ္မာကျမ်းစာကို ဂျင်းဖောဘာသာသို့ ပြန်ဆိုခဲ့သည်။ ၎င်းသည် ခရစ်ယာန်ဘာသာကို သက်ဝင်ယုံကြည်မှုကို မြှင့်တင်ပေးခဲ့ရုံသာမက စာတတ်မြောက်မှုကိုပါ မြှင့်တင်ပေးပြီး မျိုးနွယ်စုများအကြား ဆက်သွယ်မှုကိုပါ ပံ့ပိုးပေးနိုင်ခဲ့သည်။ စာတတ်မြောက်မှုဖြင့် အားဖြည့်ပေးသော ခရစ်ယာန်ဘာသာသို့ ကူးပြောင်းခြင်းသည် ကချင် တို့ကို ၎င်းတို့၏ နတ်ကိုးကွယ်မှုအတိတ်မှသာမက ဗုဒ္ဓဘာသာဝင် ဗမာအများစုနှင့်ပါ ကွဲပြားစေခဲ့သည်။ ကရင်၊ ချင်း တို့အကြားကဲ့သို့ပင် ခရစ်ယာန်ဘာသာဝင်ခြင်းသည် ဘာသာရေးရွေးချယ်မှုရော နိုင်ငံရေးလက္ခဏာပါ ဖြစ်လာခဲ့သည်။ ကချင်များကို ယဉ်ကျေးမှုအရထူးခြားပြီး ကိုယ်ကျင့်တရားအရ နီးစပ်ရမည့်သူဟု ဗြိတိသျှတို့ မြင်ခဲ့ကြသည်။ ကချင် လူ့အဖွဲ့အစည်း၏ ထူးခြားသော အုပ်ချုပ်ရေးကို အသိအမှတ်ပြုသောအားဖြင့် ဗြိတိသျှတို့သည် Kachin Hill-Tribes Regulation (၁၈၉၅) ကို ဥပဒေအဖြစ် ပြဋ္ဌာန်းခဲ့သည်။ ဤဥပဒေသည် ရိုးရာဒူဝါစနစ်ကို တရားဝင်စေပြီး အင်အားကြီးမားသော Marip Ga (မရစ်) နှင့် Lahtaw Ga (လထော) မျိုးနွယ်စုများ၏ အာဏာကို တရားစီရင်ရေးနှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအခန်းကဏ္ဍများတွင်ပါ အခွင့်အာဏာပေးခဲ့သည်။ ၎င်းသည် နှစ်ဖက်အကျိုးရှိသော စီစဉ်မှုတခု ဖြစ်ခဲ့သည်။ ၎င်းသည် ကချင်အုပ်ချုပ်ရေးကို ဗမာပြည်ဗျူရိုကရေစီမှ ကာကွယ်ပေးခဲ့သလို ကချင်အာဏာကို ကိုလိုနီအထောက်အပံ့နှင့် ချိတ်ဆက်ပေးခဲ့သည်။ ၂၀ ရာစုအစောပိုင်းတွင် Kachin Baptist Convention (ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့)ကို တည်ထောင်ခဲ့ပြီး ဘာသာရေးဘဝကို ဗဟိုပြုကာ ပျံ့နှံ့နေသော လူမှုအသိုင်းအဝိုင်းများအကြား အဖွဲ့အစည်းဆိုင်ရာ စည်းလုံးညီညွတ်မှုကို ပုံဖော်ခဲ့သည်။ နှစ်ခြင်းကွန်ဗင်းရှင်းသည် မျိုးနွယ်စုကောင်စီများ မလုပ်နိုင်ခဲ့သည့်အရာကို လုပ်ဆောင်ခဲ့သည်။ ယင်းမှာ ကချင်လူထုကို ဝိညာဉ်ရေးအရရော ယဉ်ကျေးမှုအရပါ စည်းလုံးစေပြီး နောက်ပိုင်း နိုင်ငံရေး လှုပ်ရှားမှုများအတွက် အခြေခံအုတ်မြစ်ကို ချမှတ်ပေးခဲ့ခြင်းပင်ဖြစ်သည်။ ဘာသာရေးဆိုင်ရာ နိုးကြားမှုနှင့် တပြိုင်နက်တည်းတွင် ထူးခြားသော တိုင်းရင်းသားအသိစိတ် ပေါ်ပေါက်လာခဲ့ပြီး ပုံနှိပ်ခြင်းတွင်လည်း တွေ့ရသည်။ ၁၉၁၄ ခုနှစ်တွင် ပထမဆုံးသော ကချင် ဘာသာစကား သတင်းစာဖြစ်သည့် Jinghpaw Shi Laika (ဂျင်းဖော ရှီလိုင်ကာ)ကို ထုတ်ဝေခဲ့သည်။ Benedict Anderson (ဘန်နဲဒစ် အန်ဒါဆန်) က သူ၏ စိတ်ကူးယဉ်အသိုင်းအဝိုင်းများ သီအိုရီတွင် ဖော်ပြခဲ့သလို ပုံနှိပ်ယဉ်ကျေးမှုသည် ဝေးကွာပြီး ကွဲပြားသော အုပ်စုများကို ဘုံဇာတ်ကြောင်းတခုအဖြစ် စုစည်းပေးနိုင်စွမ်း ရှိသည်မဟုတ်လား။ ၁၉၂၆ ခုနှစ် သတင်းစာများတွင် Pawng Yawng (ပေါင်ယောင်)ဟူသော ဝေါဟာရ (ကချင်စည်းလုံးညီညွတ်မှုဟု အဓိပ္ပာယ်ရသည်) ပေါ်ထွက်လာခြင်းသည် ဤအတွေးအခေါ်ဆိုင်ရာ ပြောင်းလဲမှုကို ထင်ဟပ်စေသည်။ ကချင် များသည် ၎င်းတို့ကိုယ်တိုင်ကပင် မျိုးနွယ်စုများအဖြစ်သာမက လူမျိုးလူထုတရပ်အဖြစ် စတင်မြင်လာကြသည်။ ကိုလိုနီဥပဒေမူဘောင်လည်း ပြောင်းလဲလာခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် အကောင်အထည်ဖော်ခဲ့သော ၁၉၃၅ ခုနှစ် Government of Burma Act (ဗမာပြည် အစိုးရ အက်ဥပဒေ) သည် ဗမာပြည်မ နှင့် နယ်ခြားဒေသ အကြား အုပ်ချုပ်ရေးဆိုင်ရာ သီးခြားဖြစ်မှုကို အားဖြည့်ပေးခဲ့သည်။ မြစ်ကြီးနား၊ ဗန်းမော်၊ ကသာ၊ ဟူကောင်းချိုင့်ဝှမ်း နှင့် ဆုန်မရာဒေသ တို့ပါဝင်သည့် ကချင်တောင်တန်းဒေသ ကို အပိုင်း (၁) Frontier Areas (နယ်ခြားဒေသ) အဖြစ် သတ်မှတ်ခဲ့သည်။ ဤဥပဒေဆိုင်ရာ သီးခြားဖြစ်မှုသည် ကချင်၏ အုပ်ချုပ်ရေးတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အသိအမှတ်ပြုခဲ့သလို ၎င်းတို့၏ နယ်ပယ်ဒေသ အဆင့်အတန်းကို သျှမ်းပြည်နယ်များနှင့် ဆင်တူစေသည်။ သို့သော် ကချင် များအကြား ရှေးဦးအမျိုးသားရေးစိတ်ဓာတ်ကို ပိုစောစွာ ခြေရာခံနိုင်သည်။ ၁၈၄၃ ခုနှစ်တွင် Daihpa Gam (ဒိုင်ဖါဂမ်)နှင့် Pisa Gam (ပီဆာဂမ်) ဦးဆောင်သော ဟူကောင်းချိုင့်ဝှမ်းနှင့် အိမ်နီးချင်း အာသံ ရှိ Singhpo-Jinghpaw ပုန်ကန်မှုသည် တောင်ပေါ်ခေါင်းဆောင်များက ကျူးကျော်ဝင်ရောက်လာမှုကို နယ်မြေဒေသဆိုင်ရာ ခုခံတွန်းလှန်မှု၏ အစောဆုံး ဥပမာများထဲမှ တခုအဖြစ် တည်ရှိနေသည်။ ခေတ်ပေါ် အမျိုးသားရေးလှုပ်ရှားမှုပုံစံများနှင့် အလှမ်းဝေးသော်လည်း ဤပုန်ကန်မှုသည် နောင်တွင် ပဲ့တင်ထပ်မည့် နိုင်ငံရေးဆိုင်ရာ ကိုယ်ပိုင်ကာကွယ်မှုနှင့် ယဉ်ကျေးမှုဆိုင်ရာ ထူးခြားမှုဆိုင်ရာ စောစောပိုင်းခံစားချက်တခုကို ရောင်ပြန်ဟပ်ခြင်း ဖြစ်သည်။ ကချင်တို့သည် ခရစ်ယာန်သာသနာနှင့် နီးစပ်ကြသည့်အတွက် ဗြိတိသျှတို့နှင့် အဆင်ပြေခဲ့ကြသည်။ ဗြိတိသျှတပ်ထဲတွင် စစ်မှုထမ်းကြသည်။ မြန်မာနိုင်ငံသို့ ဂျပန်ဝင်လာသည့်အခါ ကချင်၊ ကရင်၊ ချင်းတို့က ဗြိတိသျှဘက်မှ တိုက်ခိုက်ကြရာ သမိုင်းတခု ကျန်ရစ်ခဲ့သည်ဟု ဆိုရမည်။ ကချင်တို့က ဂျပန်စစ်သားတို့ကို တိုက်ခိုက်ပြီးချိန်တွင် နားရွက်ကိုအမှတ်တရဖြတ်ယူထားတတ်ရာ နောင်ဘဝတွင် ဒုက္ခရောက်မည်ဟု စိုးရိမ်သောဂျပန်တို့အတွက် ကချင်ဒေသကို ရှောင်ချင်ကြသည်မှာ အဆန်းမဟုတ်။ ကချင်ရိန်းဂျား တပ်ဖွဲ့များမှာ လွန်စွာထင်ရှားပြီး ဂျပန်တို့ကို လန့်ခဲ့ရ၏။ မဟာမိတ်တပ်များက လေထီးဖြင့် သေနတ်များ ချခဲ့သလို တရုတ်နှင့် မဟာမိတ် ဆက်ဆံရေးအတွက် အရေးပါသော ဘားမားလမ်းမကြီး ပိတ်ခံရသည့်အခါ ဗိုလ်ချုပ်ကြီးစတီးဝဲလ်က ၁၉၄၂ ခု ဒီဇင်ဘာလအတွင်း လီဒိုလမ်းမကြီးကို ကချင်ကို ဖြတ်ပြီး ဖောက်ခဲ့သည်။ အင်ဂျင်နီယာ လက်ရာများတွင် အလွန်ထူးကဲပြီး စစ်ရေးအရ အရေးပါခဲ့သည်။ မရေးလ်မရောက်ဒါ တပ်များအပါအဝင် မဟာမိတ်တပ်များသည် ကချင်တို့ကို များစွာ မှီခိုခဲ့ရသည်။ မြစ်ကြီးနားမြို့နှင့် လေယာဉ်ကွင်းများ ပြန်ထိန်းချုပ်ရန်လည်း ကချင်များကိုသာ မှီခိုရသည်။ စစ်အတွင်း ကချင်စစ်သား တသောင်းကျော် ကျဆုံးခဲ့သည်ဟု မှန်းရသည်။ ကချင်တို့က အင်္ဂလိပ်တို့ကို အောင်မြင်စွာတိုက်ထုတ်ပြီး၍ မနောပွဲ ကျင်းပနိုင်သည့်အချိန်မှသာ ဗမာတို့က ဂျပန်ကို တော်လှန်ရေး ကြေငြာခဲ့ခြင်း ဖြစ်ပေသည်။ ဒုတိယကမ္ဘာစစ် ပြီးသည့်ကာလများတွင် ဘုရင်က နယ်ခြားဒေသများ ကိုယ်ပိုင်အုပ်ချုပ်ရေး ရရှိရန် ကတိများ ပေးခဲ့ပြီး အုပ်ချုပ်ရေးပညာများ သင်ပေးရန်လိုသေးသည်ဟု ဘုရင်ခံက ပြောလာခဲ့သည်။ သို့သော် ကိုယ်ပိုင်နိုင်ငံရေးယူနစ်၊ ကိုယ်ပိုင်ပြည်နယ်တခုအဖြစ် ရပ်တည်လိုသော ကချင်တို့က လွတ်လပ်ရေးပေးရန် တောင်းဆိုသည်။ သို့ရာတွင် နိုင်ငံသေးသေးလေးများဖြစ်မည်ကို မလိုလားကြပေ။ ကနဦးတွင် ကချင်အချို့က သီးသန့်လွတ်လပ်ရေးယူရန် သဘောတူကြပြီးဖြစ်သော်လည်း ဆမားဒူဝါဆင်ဝါးနောင်နှင့် ကချင်ဒူဝါအချို့မှာ ဗိုလ်ချုပ်အောင်ဆန်းနှင့် သီးသန့်တွေ့ဆုံကြပြီးနောက် မြစ်ကြီးနားမိန့်ခွန်းနှင့် ကတိများကို နားထောင်ကြပြီး ဗမာတို့နှင့် ပူးပေါင်းရန် စိတ်ပါလာခဲ့သည်။ ထို့ပြင် သျှမ်း၊ ကချင်၊ ချင်း တောင်တန်းဒေသ ခေါင်းဆောင်များ၏ ညှိနှိုင်းရသော သဘောတူညီချက်ဖြင့် ခွဲထွက်ခွင့်ရမည်၊ အမျိုးသား တန်းတူမှု အာမခံသည့် ပြည်နယ်များ ရရှိမည်ဆိုပါက ဗမာတို့နှင့် ပူးပေါင်းကာ လွတ်လပ်ရေးယူရန် သဘောတူသည်။ သို့နှင့် ပင်လုံစာချုပ်ချုပ်ရာတွင် ပါဝင်ကြသည့် ကချင်ခေါင်းဆောင်များမှာ
ယင်းဒူဝါကြီးများမှာ အများစုအားဖြင့် ဖဆပလ အဖွဲ့ဝင်များနှင့် ဘုန်းကြီးကျောင်းပညာရေးရရှိခဲ့သူများ ဖြစ်ကြရာ ဗမာတို့နှင့် ရင်းနှီးပြီးသူများ ဖြစ်ကြသည်။ ထို့ကြောင့် သျှမ်းစော်ဘွားတို့ကိုပါ အတူတူလွတ်လပ်ရေး တွဲယူရန် တိုက်တွန်းခဲ့သေးကြောင်း ကချင်ပြည်နယ်ဝန်ကြီး ဖြစ်လာခဲ့သူ ဒူဝါဇော်ရစ်က နောင်တွင် ရေးခဲ့သည်။ သျှမ်းတို့ကလည်း ခွဲထွက်လိုက ခွဲထွက်ခွင့်ရှိမှ ပေါင်းမည်ဟု ဆုံးဖြတ်ရာ ကချင်၊ ချင်းတို့နှင့်လည်း သဘောတူကြောင်းများကို ရေးသားသည်ကို တွေ့ရသည်။ နယ်ခြားဒေသစုံစမ်းရေးကော်မတီ (FACE - 1947) တွင် နောက်ဆက်တွဲအနေဖြင့် ကချင်လူမျိုး ကိုယ်စားလှယ် ၅၀ လက်မှတ်ရေးထိုးသည့် အစီရင်ခံစာ ပါဝင်ရာ အကျဉ်းချုပ်အားဖြင့် ဗမာနှင့် ကချင်သည် လူမျိုး၊ ယဉ်ကျေးမှု ဓလေ့များ မတူသဖြင့် အမျိုးသားလူထု တခုတည်းအဖြစ် ချက်ချင်းပေါင်းရန် အသင့် မဖြစ်သေးကြောင်း၊ သို့သော် ခွဲခြားခြင်းအားဖြင့် စီးပွားရေးအရ နှစ်ဘက်လုံးက အထိနာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကချင်ပြည် (State) ကို အရင်ဖွဲ့စည်းပြီး ဗမာပြည်မနှင့် ပေါင်းရန် လူထုသဘောထားလိုကြောင်း၊ ခွဲထွက်ခွင့် လိုကြောင်း စသည်ဖြင့် ဖြစ်သည်။ ကော်မရှင်၏ စုံစမ်းစစ်ဆေးမှုအရမူ ဗန်းမော်ဒေသရှိ ဗမာနှင့် သျှမ်း-ဗမာတို့ကမူ ကချင်ပြည်နယ် အသစ်ဖြစ်လာလျှင် ပေါင်းလိုသောဆန္ဒ မရှိလှသည်ကို တွေ့ရှိရသည့်အတွက် တိုင်းပြုပြည်ပြု ညီလာခံတွင် ဆွေးနွေးရန်ဖြစ်သည်ဟု ချန်လှပ်ခဲ့သည်။ ထို့ပြင် မြောက်ပိုင်းကချင်များက ပေါင်းမယ့်ပေါင်းပါက ဗမာထက် တရုတ်ကိုသာ ပိုပေါင်းလိုသည်ဟု တွေ့ရကြောင်း အမေရိကန်ထောက်လှမ်းရေး အစီရင်ခံစာတွင် ရေးထားသည်။ ၁၉၄၆-၄၇ ခုနှစ်များရောက်သောအခါ အရေးအပါဆုံး နိုင်ငံရေးအလှည့်အပြောင်း ဖြစ်ပေါ်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သော ပင်လုံစာချုပ်ပင်ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်မှုအောက်တွင် ပင်လုံစာချုပ်သည် ဗမာပြည်မနှင့် နယ်ခြားဒေသများ အကြား တန်းတူပူးပေါင်းသော ပြည်ထောင်စုတခုကို ကတိပြုခဲ့သည်။ ပုဒ်မ ၆ တွင် ကချင်၊ ချင်းနှင့် သျှမ်းလူမျိုးများအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အတိအလင်း အာမခံခဲ့သည်။ လွတ်လပ်ရေးရရှိပါက ကချင်ပြည်နယ်ဖွဲ့စည်းရန် နှုတ်ကတိပြုခဲ့သည်။ ကောင်းမွန်သောဆန္ဒအခြေခံကာ ဖက်ဒရယ်ပြည်ထောင်စု အနာဂတ်အတွက် မျှော်လင့်ချက်များဖြင့် လက်မှတ်ရေးထိုးခဲ့သော ဤသဘောတူညီချက်သည် ကချင်လူထု၏ ရည်မှန်းချက်များကို တရားဝင် အသံထုတ်ဖော်ပေးခဲ့သည်။ သို့သော် ထိုနှစ်နောက်ပိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီးနောက် ဤသဘောတူညီချက်၏ ပျက်စီးလွယ်မှု ထင်ရှားလာခဲ့သည်။ ပင်လုံတွင် ထားရှိခဲ့သော မျှော်လင့်ချက်များသည် လွတ်လပ်ရေးရပြီးနောက် နိုင်ငံရေးအဂတိတရားများ၊ ပေးခဲ့သည့်ကတိတို့ ပျက်ပြားမှုနှင့် ဆယ်စုနှစ်များစွာကြာ ပြည်တွင်းစစ်တို့အကြားတွင် မကြာမီ စမ်းသပ်ခံရတော့မည် ဖြစ်သည်။ အရှေ့တောင်အာရှတွင် နိုင်ငံ-အစိုးရဟူသော ခေတ်သစ်အယူအဆ မပေါ်ပေါက်မီကပင်၊ ဗြိတိသျှ ကိုလိုနီနယ်ချဲ့သမားများက မြေတိုင်းပညာများ၊ မြေပုံကွင်းဆက်များနှင့် ကလောင်တံများဖြင့် နယ်နိမိတ်များကို သတ်မှတ်ခြင်းမပြုမီကပင်၊ မြောက်ပိုင်းတောင်တန်းဒေသများသည် နိုင်ငံရေးအရ နက်နဲစွာ တည်ရှိခဲ့ပြီးဖြစ်သည်။ ဘာသာစကား၊ မျိုးရိုးနှင့် မြေမျက်နှာသွင်ပြင် ကွဲပြားသည့် ကချင်လူမျိုးများအတွက် နိုင်ငံရေးဘဝကို ဝေးလံသော ဘုရင်များ သို့မဟုတ် ဗဟိုတရားရုံးများက ပုံဖော်ခဲ့ခြင်း မဟုတ်ဘဲ ဌာနေမြေ၊ မျိုးနွယ်စုနှင့် ဝိညာဉ်ဆိုင်ရာ ယုံကြည်မှုတို့က ပုံဖော်ခဲ့ခြင်းဖြစ်သည်။ နယ်မြေသည် နေထိုင်ရန် သို့မဟုတ် စိုက်ပျိုးရန် နေရာသက်သက် မဟုတ်ပါ။ ဌာနေရပ်သည် အသက်ဝင်သော နိယာမတခုဖြစ်သည်။ ယင်းကို Lamu Ga (လမု ဂါ) ဟု ဆိုသည်။ lamu (မြေ) နှင့် ga (လူ သို့မဟုတ် လူမှုအသိုင်းအမြုံ) ကို တသားတည်း ပေါင်းစပ်ထားသော သဘောတရား တခုဖြစ်သည်။ ကိုလိုနီခေတ်မတိုင်မီ ဧရာဝတီမြစ်ဝှမ်းဒေသတွင် ဗဟိုပြုခဲ့သော မြန်မာဘုရင့်နိုင်ငံများကို သတ်မှတ်သည့် ဗဟိုချုပ်ကိုင်မှု အာဏာနှင့်မတူဘဲ၊ ကချင် နိုင်ငံရေးဘဝသည် ဝိညာဉ်ရေးရာ၊ လူမှုရေးရာနှင့် လက်တွေ့ကျသော နယ်မြေဆိုင်ရာ ကိုယ်ပိုင်လက္ခဏာတခုပတ်လည်တွင် လည်ပတ်ခဲ့သည်။ Lamu Ga (လမု ဂါ) သည် Sinpraw Ga (ဆင်ပြောင်ဂါ / အရှေ့ဘက်နယ်မြေများ) နှင့် Htingnai Ga (ထင်နိုင်ဂါ / မိုးကောင်း-ကသာ ဒေသ) ကဲ့သို့သော နေရာများတွင် ကိုယ်ပိုင်လက္ခဏာများကို အခြေပြုကာ ပထဝီမြေတွင် ဆက်နွယ်ပိုက်ထွေးမှုကို ဖြစ်ပေါ်စေခဲ့သည်။ ဤမြေများအကြောင်း ပြောဆိုခြင်းသည် မြေဆီလွှာနှင့် မြှုပ်နှံထားသည့် ဝိညာဉ်နှစ်ခုစလုံးကို ဖော်ညွှန်းခြင်းဖြစ်သည်။ ခေတ်သစ်နိုင်ငံရေးအင်စတီကျူးရှင်းများက ယုံကြည်လက်ခံသလို သဘာဝတွင်မရှိဘဲ လူတို့ ဖန်တီးယူထားသည့် အချုပ်အခြာအာဏာဆိုသည့် အရာများနှင့် အခြေခံအားဖြင့် ကွဲပြားသော သဘောတရားတခုဖြစ်သည်။ ဤခေတ်အတွင်း ကချင်တို့အုပ်ချုပ်မှုသည် ဗဟိုချုပ်ကိုင်မှု ကင်းမဲ့ပြီး၊ မျိုးနွယ်စုအလိုက် အခြေခံကာ၊ ဆွေမျိုးနွယ်မှုနှင့် လောကအမြင်နှစ်ခုစလုံးတွင် နက်နက်ရှိုင်းရှိုင်း တည်မြဲနေခဲ့သည်။ မျိုးနွယ်စုတခုစီသည် ၎င်း၏ ဘိုးဘွားမျိုးရိုးစဉ်ဆက်နှင့်အညီ အမည်ပေးထားသော သီးခြားနယ်မြေတခုကို ပိုင်ဆိုင်ကြောင်း တွေ့ရသည်။ Marip Ga (မာရစ်ဂါ)၊ Lahtaw Ga (လထော်ဂါ)၊ Lahpai Ga (လဖိုင်ဂါ)၊ Maran Ga (မာရန်ဂါ) စသည်ဖြင့် ရှိသည်။ ယင်းတို့မှာ ကြုံရာကျပန်းသတ်မှတ်ထားခြင်းများ မဟုတ်ပါ။ မျိုးနွယ်စုတခုစီက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ထိန်းသိမ်းထားပြီး မိမိတို့ကိုယ်ပိုင် မျိုးစုတွင်း အဆင့်ဆင့်အုပ်ချုပ်မှုများမှတဆင့် ဆောင်ရွက်သည့် နိုင်ငံရေးစုဖွဲ့မှု ကဲ့သို့သော နယ်ပယ်ဌာနများ ဖြစ်ကြသည်။ Sinpraw Ga (ဆင်ပြောင်ဂါ) နှင့် Htingnai Ga (ထင်နိုင်ဂါ) ကဲ့သို့သော ပိုမိုမြေဩဇာကောင်းမွန်ပြီး နိုင်ငံရေးအရ ဗဟိုချုပ်ကိုင်မှုရှိသော ဒေသများတွင် အထင်ရှားဆုံးဖြစ်သည့် Gumchying Gumsa (ဂွမ်ချင်ဂွမ်ဆာ) စနစ်သည် (ခံယူချက်အရ မဟုတ်သော်လည်း) ပုံစံအရ ဥရောပ မြေရှင်စနစ်နှင့် ဆင်တူသည်။ ၎င်း၏ ဗဟိုတွင် လောကီရော ဘာသာရေးပါ အာဏာရှိသော ဒူဝါခေါင်းဆောင်တဦး ရှိသည်။ ဤအာဏာသည် လုံးဝပြည့်စုံခြင်း မဟုတ်ဘဲ ဆက်ယှက်တည်ဆောက်ထားပြီး Salang Hpawng (ဆလန်ဖောင်) ဟုခေါ်သော အုပ်ချုပ်ရေးကောင်စီဖြင့် ထိန်းထားသည်။ ဤကောင်စီတွင် Bawmungs (ဘောမုံး / ပညာရှိအကြီးအကဲများ)၊ Salangs (ဆလန်း / ရွာလူကြီးများ) နှင့် Agyis (အာဂျိး / လက်ထောက်ရွာလူကြီးများ) တို့ ပါဝင်သည်။ ဤပုဂ္ဂိုလ်များသည် တရားမျှတမှုကို ဆောင်ရွက်ခြင်း၊ အငြင်းပွားမှုများကို ဖြေရှင်းခြင်းနှင့် ရိုးရာဓလေ့များကို ထိန်းသိမ်းခြင်းတို့ကို ကြည့်ရှုကြပ်မတ်ခဲ့သည်။ ဤနိုင်ငံရေးဖွဲ့စည်းပုံကို အခြေခံထားသည်မှာ လောကအမြင်နှင့် အုပ်ချုပ်ရေးတို့ကြား နက်ရှိုင်းစွာ ဆက်စပ်နေသော ဘာသာရေးဘဝသက်တာ ဖြစ်သည်။ ဒူဝါ၏ အာဏာကို မျိုးရိုးစဉ်ဆက်ဖြင့်သာမက ဝိညာဉ်ယုံကြည်မှုဖြင့်ပါ တရားဝင်မှုရှိရန် အတည်ပြုသည်။ Madai (မဒိုင် / ကောင်းကင်နတ်) နှင့် အခြားသော နတ်များထံ ပူဇော်ပသခြင်းများသည် ယုံကြည်မှုအခန်းကဏ္ဍတွင် အဓိကကျသည်။ Joiwa (ဂျိုဝါ / နှုတ်ပြောသမိုင်းဆရာများ)၊ Dumsa (ဒွမ်ဆာ / ဘုန်းတော်ကြီးများ)၊ Hkinjawng (ချင်ဂျောင် / ပူဇော်သက္ကာယဇ်သမားများ)၊ Myithtoi (မြစ်ထိုင် / ပရောဖက်များ)၊ Ningwat (နင်ဝပ် / နတ်ဆရာများ) နှင့် Hpunglum (ဖုံလမ် / ဘာသာရေးထုံးတမ်းစဉ်လာ အကူအညီများ) တို့က ပံ့ပိုးပေးခဲ့သည်။ ဝိညာဉ်ရေးနွယ်သည့် နိုင်ငံရေးစနစ်သည် လူမှုစည်းလုံးမှုကို ထိန်းသိမ်းပြီး ဒူဝါ ၏ အုပ်ချုပ်မှုကို ပိုမိုတရားဝင်စေခဲ့သည်။ ဝေးလံခေါင်ဖျားသော မြောက်ပိုင်း Dureng Ga (ဒူရင်ဂါ / ပူတာအိုဒေသ) နှင့် ပတ်ဝန်းကျင် တောင်ကြားများတွင် အခြားသော အုပ်ချုပ်မှုပုံစံတခု ထွန်းကားခဲ့သည်။ Gumrawng Gumtsa (ဂွမ်ရောင်ဂွမ်ဆာ) ဟုခေါ်သော ညီမျှခြင်းစနစ် ဖြစ်သည်။ Rawang (ရဝမ်)၊ Lisu (လီစူ)၊ နှင့် Duleng (ဒူလင်) အသိုင်းအဝိုင်းများအကြား ကျင့်သုံးခဲ့သော ဤပုံစံသည် မျိုးရိုးလိုက် အုပ်ချုပ်မှုကို ရှောင်ရှားသည်။ အာဏာကို ခန့်အပ်ထားသော Salangs (ဆလန်း) များက ကျင့်သုံးခဲ့ပြီး ခေါင်းဆောင်မှုသည် ဂုဏ်အရည်အချင်းနှင့် လူမှုအသိုင်းအဝိုင်း သဘောတူညီချက်အပေါ် အခြေခံ၍ လည်ပတ်ခဲ့သည်။ အခွန်များ၊ ဒူဝါများ၊ ခိုင်မာသော အဆင့်ဆင့်အုပ်ချုပ်မှုများ မရှိပေ။ တာဝန်ဝတ္တရားများကို မျှဝေခြင်းနှင့် အကြီးအကဲများအကြား ရိုးရာဓလေ့ဆိုင်ရာ တာဝန်များကို လွှဲပြောင်းပေးခြင်းသာ ရှိခဲ့သည်။ Gumchying Gumsa (ဂွမ်ချင်ဂွမ်ဆာ) နှင့် Gumrawng Gumtsa (ဂွမ်ရောင်ဂွမ်ဆာ) အကြား ခြားနားချက်သည် နိုင်ငံရေးဆိုင်ရာ ကွဲပြားမှုကိုသာမက ကချင်လူမျိုးထု၏ လိုက်လျောညီထွေရှိသော ပါးနပ်မှုကိုပါ ဖော်ပြသည်။ စိမ်းလန်းစိုပြေသော တောင်ပိုင်းတောင်ကြားများသည် အပိုဆောင်းနှင့် အဆင့်ဆင့်အုပ်ချုပ်မှုကို အထောက်အကူပြုသည်။ ဝေးလံသော မြောက်ပိုင်း တောင်တန်းများသည် အရင်းအမြစ်ရှား၍ တန်းတူညီမျှမှုနှင့် အပြန်အလှန်အကူအညီပေးမှုကို လိုသည်။ ဤစနစ်များသည် ဒေသအလိုက်နေထိုင်သူများ၏ မြေမျက်နှာပြင်နှင့် စိတ်နေသဘောထားကို ထင်ဟပ်စေခဲ့သည်။ သို့သော် သတိပြုရန်က Gumchying Gumsa (ဂွမ်ချင်ဂွမ်ဆာ) စနစ်အတွင်းရှိ လူအားလုံးက ၎င်း၏ တင်းကျပ်သော အဆင့်ဆင့်ခွဲခြားထားသည့် အုပ်ချုပ်မှုများကို လက်ခံခဲ့ကြသည် မဟုတ်ပါ။ တခါတရံ တောင်ကုန်းများတလျှောက် ပုန်ကန်မှုမီးများ တောက်လောင်ခဲ့သည်။ ၎င်းသည် မကျေနပ်မှုမှ ပေါ်ပေါက်လာသော လှုပ်ရှားမှုတခုဖြစ်သည့် Gumlau (ဂွမ်လော) ဖြစ်သည်။ အသိုင်းအဝိုင်းများသည် ၎င်းတို့၏ ဒူဝါ များကို ဖြုတ်ချခဲ့ပြီး ကောင်စီများ ထူထောင်ခဲ့ကာ မျိုးရိုးလိုက်အုပ်ချုပ်မှုကို ခန့်အပ်ထားသော ခေါင်းဆောင်မှုဖြင့် အစားထိုးသည်။ အချိန်တိုတောင်းပြီး ပထဝီအနေအထား အကန့်အသတ် ရှိသည့်တိုင် Gumlau (ဂွမ်လော) သည် ကိုယ်ကျင့်တရားဆိုင်ရာ အငြင်းပွားမှုတခုကို ရောင်ပြန်ဟပ်သည်။ အာဏာကို အမွေဆက်ခံခြင်းဖြင့်သာမက ဝန်ဆောင်မှုဖြင့်ပါ တရားမျှတရမည်ဟူသော ယူဆသည့် လူထုများ၏ အသံပင်ဖြစ်သည်။ ဤအုပ်ချုပ်မှု ပုံသဏ္ဍာန်သည် တောင်တန်းများသို့ အင်ပါယာ၏ ရေစီးကြောင်းများ ရောက်ရှိသည်အထိ တည်ရှိနေခဲ့သည်။ ၁၈၉၅ ခုနှစ်တွင် ဗြိတိသျှတို့က Gumchying Gumsa (ဂွမ်ချင်ဂွမ်ဆာ) မူဘောင်အတွင်းရှိ ဒူဝါ၏ အာဏာကို ထိထိရောက်ရောက် အသိအမှတ်ပြုခဲ့ပြီး ၎င်းတို့ကို ဗြိတိသျှ၏ သွယ်ဝိုက်အုပ်ချုပ်မှုစနစ်အတွင်းသို့ ပေါင်းစည်းခဲ့သည်။ ဒူဝါ၏ အာဏာကို ကိုလိုနီခေတ် တည်ဆောက်ပုံအတွင်း သွတ်သွင်း၍ ဘိုးဘွားဥပဒေကို နယ်ချဲ့ရေးဝါဒဆိုင်ရာ အဆင်ပြေမှုနှင့် ချိတ်ဆက်ပေးခဲ့သည်။ ထိုစဉ်းစားချက်များက ပင်လုံတွင် ပြန်ပါလာသည်။ ယခုနေရာတွင် အလျဉ်းသင့်၍ Kachin Sub-State[1] အကြောင်း ပြောလိုပါသည်။ တောင်ငူအင်ပါယာ (Taungoo Empire) ဆုတ်ယုတ်ချိန်တွင် သိန္နီ၏ သျှမ်းစော်ဘွား ခမ်းကိုင်နွဲ့သည် မိမိနယ်မြေကို ပြန်လည်ထိန်းချုပ်ရန် ကြိုးပမ်းခဲ့သည်။ သို့သော် ဗမာဘက်မှ အင်းဝဘုရင်သစ်နှင့် တရုတ်တို့ထံမှ အခွန်တောင်းခံမှုများကြောင့် ရှုပ်ထွေးခဲ့သည်။ ခမ်းကိုင်နွဲ့သည် မိမိ၏ မိတ်ဆွေရင်း အယုဒ္ဓယဘုရင် နရေဆွန် (Naresuan) ၏ အကူအညီဖြင့် ထီးနန်းပြန်ရသည်ဟုမြင်ကာ အယုဒ္ဓယသို့သာ အခွန်ဆက်သရန် ကြေညာခဲ့သည်။ ဤရပ်တည်ချက်ကြောင့် သိန္နီနယ်သည် တရုတ်နှင့် မြန်မာတို့၏ စစ်ခင်းမှုနှင့် အာဏာပြိုင်ဆိုင်မှုကြားတွင် တည်ရှိခဲ့သည်။ နရေဆွန်က စစ်ကူလာသော်လည်း ယနေ့မိုင်းတုံဒေသအနီး ကွယ်လွန်ပြီးနောက် ခမ်းကိုင်နွဲ့ ရှုံးနိမ့်ကာ ထီးနန်းစွန့်ခဲ့ရသည်။ နောက်ပိုင်း သိန္နီနယ်တွင် မတည်ငြိမ်မှုများ ဆက်လက်ဖြစ်ပေါ်ခဲ့သည်။ ၁၈၈၈ ခုနှစ် မတ်လတွင် ဗြိတိသျှအုပ်စိုးသူတို့က သိန္နီနယ်ကို မြောက်ပိုင်းနှင့် တောင်ပိုင်းဟူ၍ နှစ်ပိုင်းခွဲခဲ့ပြီး တောင်ပိုင်းကို စော်ဘွားဟောင်း၏သား နော်မိုင်းကို အုပ်ချုပ်ရန်ပေးပြီး၊ မြောက်ပိုင်းကို ပုန်ကန်သူဟောင်း ခွန်ဆန်တွန်ဟုန်းအား ပေးခဲ့သည်။ ခွန်ဆန်တွန်ဟုန်း၏ အောင်မြင်မှုတွင် သိန္နီနယ်ရှိ ကချင်လူမျိုးများ၏ အကူအညီသည် အရေးပါခဲ့သည်။ မြောက်သိန္နီတွင် ကချင်တို့နေရာမှာ များပြားခဲ့သည်။ စော်ဘွား ဖြစ်လာပြီးနောက် ခွန်ဆန်တွန်ဟုန်းကို ကချင်တို့ မကျေနပ်၍ ၁၈၉၁ ခုနှစ်တွင် ကချင်တို့၏ သိန္နီမြို့ ဝိုင်းရံခြင်းကို ခံခဲ့ရပြီး ဗြိတိသျှတို့ထံ အကူအညီတောင်းရသည်။ ဗြိတိသျှတို့သည် ကချင်တို့၏ မကျေနပ်မှုကို ဖြေရှင်းရန် ၁၈၉၃ ခုနှစ်တွင် ကချင်တောင်တန်းဒေသဥပဒေ ပြဋ္ဌာန်းရာတွင် ဒူးဝါများအား အုပ်ချုပ်ခွင့်ပေးခဲ့သည်။ ကမ္ဘာစစ်ပြီးသည့်အခါ မြောက်ပိုင်းသျှမ်းပြည်နယ်ရှိ မုန်မြစ်-ဆင်လီဒေသ (Mong Mit-Sinli region) မှ ကချင်ခေါင်းဆောင်များသည် ကချင်ပြည်နယ်တောင်းဆိုရန် ကောင်စီဖွဲ့စည်းခဲ့ပြီး ဗြိတိသျှတို့ထံ တင်ပြခဲ့သည်။ သို့သော် မြစ်ကြီးနားနှင့် ဗန်းမော်ကဲ့သို့သော ဒေသများ ဆုံးရှုံးမည်ကို စိုးရိမ်သောကြောင့် Kachin Sub-State ကို အပေးအယူအဆိုပြုခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် Kachin Sub-State ဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ထိုးခဲ့ပြီး ၁၉၄၈ ခုနှစ်တွင် သျှမ်းပြည်နယ်အစိုးရက တရားဝင် အသိအမှတ်ပြုခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းကွယ်လွန်ပြီးအခြေအနေကို ပြန်ကောက်ပါစို့။ ဦးနုကမူ နဂိုတည်းက ပြည်နယ်များ ဖန်တီးပေးရခြင်းကို နှစ်သက်သူ မဟုတ်သည့် အားလျော်စွာ ကချင်ပြည်ကို ပြည်နယ်တခုဟူ၍ သီးခြားသတ်မှတ်မနေပဲ ကချင်ရေးရာဌာနမျှသာ သတ်မှတ်ရန် ဆွေးနွေးရာ ကချင်ကိုယ်စားလှယ်များက ပြန်ရန်ပြင်သဖြင့် ဗိုလ်ချုပ်အောင်ဆန်းက လိုက်ခေါ်ရသေးသည်ဟု ဒေါက်တာ မနာမ်တူးဂျာက ရေးထားသည်။ နောင်တွင် ဗန်းမော်ခရိုင်ကိုပါ ကချင်ပြည်နယ်တွင်း ထည့်သွင်းပေးမည်ဟု ညှိနှိုင်းကြပြီး ၁၉၄၇ ခုဖွဲ့စည်းပုံတွင် ခွဲထွက်လိုက ခွဲထွက်နိုင်သည်ဟူသော အခန်းကို ဖြုတ်ထားခဲ့ပေသည်။ မူလစဉ်းစားချက်မှာ ကချင်ပြည်နယ် ဖွဲ့စည်းပေးပြီးမှ ပြည်ထောင်စုကိုဖွဲ့ရန် ဖြစ်သော်လည်း လွတ်လပ်ရေးယူ၍ မြန်မာပြည်နယ် ပေါ်လာပြီး ခြောက်ရက်အကြာ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး ယင်းနေ့ကိုပင် ကချင်ပြည်နယ်နေ့ဟု သတ်မှတ်သည်။ ကချင်ပြည်နယ်၏ ပထမဆုံး ကောင်စီ ဥက္ကဋ္ဌမှာ ဆမားဒူဝါ ဆင်ဝါးနောင်ဖြစ်သည်။ ဆမားဒူဝါသည် မြစ်ကြီးနားသားဖြစ်ပြီး မိုးကောင်းမြို့မှ ဘုန်းကြီးကျောင်း လက်ထွက်ဖြစ်သည်။ ဗမာတို့နှင့် ရင်းနှီးသည်။ ဖဆပလတွင် ပါဝင်လှုပ်ရှားခဲ့သည်။ အသက် ၁၅ နှစ်ကတည်းက အင်္ဂလိပ်က ထောင်ချုပ်အဖြစ် ခန့်အပ်မှုကို ခံရသည်။ သို့သော် အင်္ဂလိပ်ကို ဆန့်ကျင်သူဖြစ်သည့်အတွက် ရာထူးစွန့်ရ၏။ ဂျပန်ခေတ်တွင်လည်း ဂျပန်တောင်တန်းဝန်ထောက် ဖြစ်လာသည်။ ပင်လုံစာချုပ်တွင် ပါဝင်၍ လက်မှတ်ထိုးပြီး ဘုရင်ခံ၏ ဒုတိယအတိုင်ပင်ခံ ဝန်ကြီးဖြစ်လာသည်။ ၁၉၄၉ ကာလများ၏ ပြည်တွင်းစစ် အတွင်းတွင်လည်း ကချင်ဝန်ကြီး ဆမားဒူဝါ ဆင်ဝါးနောင်ကိုပင် ကာကွယ်ရေးဝန်ကြီး ခန့်အပ်ခဲ့သည်။ နိုင်ငံကို ပြန်လည်သိမ်းပိုက်ရာတွင်လည်း ဒုတိယကမ္ဘာစစ်ပြန် ကချင်စစ်သည်တော် ထောင်ပေါင်းများစွာက ပါဝင်၍ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြသည်။ ထို့ကြောင့် ဦးနုက “ပြည်ထောင်စုကြီး ချောက်ထဲကျရန် လက်နှစ်လုံးလောက် အလိုမှာ ဆမားကြီး ဝင်ကယ်လို့” ဟု ပြောတတ်သည်။ နိုင်ငံတော်ဝန်ကြီးချုပ်၏ သဝဏ်လွှာများတွင်လည်း ကချင်တို့ကို ပြည်ထောင်စုကြီးအား ကယ်တင်သူများဖြစ်၍ ကျေးဇူးတင်ပါကြောင်း ဖော်ပြသည်ကို တွေ့ရသည်။ သို့သော် လက်တွေ့တွင် သခင်နုမှာ တိုင်းရင်းသားအရေးကို ဂရုမစိုက်ပေ။ ၁၉၅၁ ရွေးကောက်ပွဲတွင် ကချင်အမျိုးသားကွန်ဂရက်က မဲအများဆုံးနိုင်သော်လည်း ဖဆပလမှ ဆမားဒူဝါ ဆင်ဝါးနောင်ကိုသာ ဝန်ကြီးခန့်ရန် လုပ်၍ အဆင်မပြေမှ ကချင်အမျိုးသား ကွန်ဂရက်ကို မညီညွတ်အောင် သွေးထိုးကာ သူကြိုက်သူတဦးကို ဝန်ကြီး ခန့်ခဲ့သည်။ ဆမားဒူဝါ ဆင်ဝါးနောင်မှာ ပြည်ထောင်စုစိတ်ကို ပြည်နယ်ထက် တန်ဖိုးထားသူဖြစ်ပြီး ပြည်ထောင်စုအစိုးရအတွက် အကျိုးရှိရေးကို ပိုစဉ်းစားတတ်သည်။ ဆမားဒူဝါ၏ စီမံကိန်းများမှာ ကချင်လူထုလိုအပ်ချက်နှင့် ကိုက်ညီမှု မရှိလှသည့်အတွက် ကန့်ကွက်ရာတွင်လည်း ဦးနုက လုပ်ပေးမည်ဟု ဆိုသာဆိုသော်လည်း တကယ်တမ်း အရာမရောက်ပေ။ ၁၉၆၂ ခုနှစ် အာဏာသိမ်းပြီးသောအခါ တရုတ်ပြည်ဆိုင်ရာ မြန်မာသံအမတ်ကြီး ဖြစ်လာသည်။ ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးရရှိပြီးနောက် ပင်လုံကတိများ ပြိုကွဲစပြုလာခဲ့သည်။ ဦးနုဦးဆောင်သော ဗမာအများစု အစိုးရသည် ဗမာမဟုတ်သော အုပ်ချုပ်မှုပုံစံများကို အနားသတ်သည့် အမျိုးသားစည်းလုံးညီညွတ်မှု အမြင်ကို လိုက်ခဲ့သည်။ အမျိုးသားနိုင်ငံတည်ရေး အိပ်မက်အောက်တွင် Lamu Ga (လမု ဂါ) ၏ မူလအချုပ်အခြာအာဏာကို ဗမာဇာတ်သွင်းရေး၊ ယဉ်ကျေးမှုပေါင်းစည်းရေးနှင့် ဗဟိုချုပ်ကိုင်သည့် မူဝါဒများက ထိခိုက်စေခဲ့သည်။ ရိုးရာဓလေ့နှင့် ကိုလိုနီဥပဒေ နှစ်ခုစလုံးအောက်တွင် ကာလကြာရှည်စွာ ကာကွယ်ထားသော မျိုးနွယ်စုအခြေခံ ကိုယ်ပိုင်အုပ်ချုပ်ခွင့်သည် တပုံတည်းဖြစ်မှုနှင့် အတင်းမရမက ညီညွတ်မှုကို စွဲလမ်းနေသော နိုင်ငံတော်နှင့် ရုတ်တရက် ဆန့်ကျင်ဘက်ဖြစ်လာခဲ့သည်။ ဤခေတ်ပြောင်းလဲချိန်တွင် ဒူဝါ၊ ဒွမ်ဆာနှင့် ဂွမ်လောစိတ်တို့က ခုခံတွန်းလှန်မှုအတွက် အခြေခံအုတ်မြစ် ဖြစ်လာခဲ့သည်။ မကြာမီမှာပင် ပြည်တွင်းစစ် စဖြစ်လာခဲ့ရာ စစ်အတွင်းက ကချင်ရိန်းဂျား ဖြစ်ခဲ့သည့် လဖိုင်နော်ဆိုင်းမှ ကချင်သနက ၁ တွင် တပ်ခွဲမှူးဗိုလ်ကြီးအဖြစ် တာဝန်ယူနေရာမှ အစိုးရကို ပြန်တော်လှန်ခဲ့သည်။ ကေအန်ယူ၊ ဗကပတို့နှင့်အတူတွဲ၍ ပဲခူး၊ ပြင်ဦးလွင်၊ မန္တလေးတို့ကို သိမ်းယူလာပြီး ကချင်နိုင်ငံတော်၊ ကချင်တပ်မတော် တည်ထောင်ရန်အမြင်ဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းသို့ ချီတက်ခဲ့သည်။ သျှမ်းမြောက်ခရီးတွင် လားရှိုးနယ်သား လထော်ဇော်ဆိုင်းက ပူးပေါင်းခဲ့သည်။ သို့သော် ကချင်နိုင်ငံတော် တည်ထောင်ရန်တော့ ထိုအချိန်က ကချင်ဒူဝါများလည်း လက်မခံပေ။ သို့နှင့် ဗိုလ်နော်ဆန်လည်း တရုတ်ပြည်တွင် နိုင်ငံရေးခိုလှုံပြီး နောင်တွင်တော့ ဗကပနှင့်တွဲကာ ပြန်တိုက်ခဲ့သည်။ လထော်ဇော်ဆိုင်းက နောက်ချန်နေခဲ့ကာ ကချင်ပြည်နယ်တွင် စည်းရုံးရေးများ လုပ်ခဲ့သလို ၁၉၅၇ မှစကာ ရန်ကုန်တက္ကသိုလ်မှ ညီဖြစ်သူ လထော်ဇော်တူးနှင့် စည်းရုံးရေးဆင်းခဲ့ပြီး ကချင်ကျောင်းသားများနှင့် အဖွဲ့ငယ်လေးများ ဖွဲ့ထားခဲ့သည်။ နောက်နှစ်များတွင်တော့ သျှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ပိုမိုအာရုံထား စည်းရုံးခဲ့သည်။ ၁၉၆၀ ခုနှစ် အောက်တိုဘာလတွင် သျှမ်းပြည်မြောက်ပိုင်းမှ စကာ Kachin Independence Organization (KIO) ကို နိုင်ငံရေးအဖွဲ့အဖြစ် တည်ထောင်ခဲ့သည်။ ကချင် အုပ်ချုပ်မှု၏ ဇာတ်လမ်းသည် ခေတ်နောက်ကျကျန်သော မျိုးနွယ်စုစနစ်၏ ပုံပြင်မျှမဟုတ်ဘဲ နိုင်ငံရေးစမ်းသပ်မှု၊ လိုက်လျောညီထွေမှုနှင့် နက်ရှိုင်းစွာ အမြစ်တွယ်နေသော အချုပ်အခြာအာဏာပိုင်ဆိုင်မှုတို့၏ ပုံပြင်တခုဖြစ်သည်။ မျိုးနွယ်စုအခြေခံနယ်မြေများနှင့် ဘာသာရေးအာဏာမှစ၍ တန်းတူညီမျှမှု ပုန်ကန်မှုများနှင့် ကိုလိုနီခေတ် လိုက်လျောညီထွေမှုများအထိ၊ ကချင်များသည် မိမိတို့၏ မြေမျက်နှာသွင်ပြင်၊ စံတန်ဖိုးများနှင့် Lamu Ga (လမု ဂါ) အပေါ် ထင်ဟပ်စေသည့် နည်းလမ်းများဖြင့် နိုင်ငံတော်ကို အာခံကာ မိမိတို့ကိုယ်ကို အမြဲတမ်း အုပ်ချုပ်ခဲ့ကြသည်။ လွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံ၏ အမျိုးသားနိုင်ငံတည်ဆောက်ရေး စီမံကိန်းသည် ဤသမိုင်းများကို ဖျက်ပစ်ရန်၊ ဝါးမြိုရန် ကြိုးပမ်းခဲ့သောအခါ တော်လှန်ရေးမှတ်တမ်းများ ဖြစ်လာမည်လေသည်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး မရမီကာလတွင် မက်ခဲ့သည့်ရည်မှန်းချက်သည် တောက်ပနေခဲ့သည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ကချင်ပြည်နယ် ကို ဖွဲ့စည်းခဲ့ခြင်းသည် တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို စည်းလုံးညီညွတ်မှုနှင့် လဲလှယ်၍ ကတိပြုခဲ့သော ၁၉၄၇ ခုနှစ် သမိုင်းဝင်သဘောတူညီချက်ဖြစ်သည့် ပင်လုံစာချုပ် ၏ ထင်ရှားသော ပြည့်စုံမှုအဖြစ် အများအပြားက အဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြသည်။ ကချင် လူမျိုးများနည်းတူ သျှမ်း၊ ချင်း နှင့် အခြားတိုင်းရင်းသားများကလည်း ဖက်ဒရယ်ခေတ်သစ်ကို မျှော်လင့်ခဲ့ကြသည်။ သို့သော် ဗဟိုအစိုးရ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အပေါ် ကတိကဝတ်သည် စကားလုံးများသာဖြစ်ကြောင်း မကြာမီ ထင်ရှားလာခဲ့သည်။ လွတ်လပ်ရေးမရမီ ကိုယ်ပိုင်စီမံခန့်ခွဲနိုင်ခဲ့သည့် လူထုသည် လွတ်လပ်ရေးရသည့်နိုင်ငံတွင် ရုတ်တရက် လူနည်းစုဖြစ်သွားခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း မရှိသည့်နောက် ဝန်ကြီးချုပ်သစ် ဦးနုသည် ဗမာဗဟိုပြု နိုင်ငံတည်ဆောက်ရေးကို ဦးတည်ခဲ့ပြီး ဗမာ့နှလုံးသားဒေသ၏ သင်္ကေတများ၊ လက္ခဏာ၊ ယဉ်ကျေးမှုနှင့် အာဏာဖွဲ့စည်းပုံများကို မကြာခဏ အလေးထားခဲ့သည်။ လက်တွေ့ပေါ်ထွက်လာသည်မှာ ဖက်ဒရယ်ပြည်ထောင်စု မဟုတ်ဘဲ ဗဟိုချုပ်ကိုင်သော နိုင်ငံတခုဖြစ်သည်။ ကချင် လူမျိုးများနှင့် အခြားများစွာသော ဌာနေတိုင်းရင်းသားများအတွက် လွတ်လပ်ရေး၏ အစောပိုင်းနှစ်များသည် အင်အားတိုးတက်မှုထက် စိတ်ပျက်အားငယ်မှု တိုးပွားလာခြင်းကို မှတ်မိခဲ့ရသည်။ ၁၉၅၀ ပြည့်လွန်နှစ်များရောက်သော် ကချင်တို့အတွက် သံသယများ ပို၍ပင်တိုးလာခဲ့ရသည်။ ဝန်ကြီးချုပ် ဦးနု၏ ၁၉၅၆ ခုနှစ် စက်တင်ဘာလ တရုတ်နိုင်ငံခရီးစဉ်အတွင်း နမ်ဝမ်နယ်မြေ (Namwan Assigned Tract) ဟုခေါ်သော ဒေသအပေါ် မြန်မာ့အချုပ်အခြာအာဏာကို တရုတ်က အသိအမှတ်ပြုခြင်းနှင့် ကချင်ပြည်နယ်ရှိ ဖီမော်၊ ဂေါ်လုံနှင့် ကန်ဖန်ဟူသော ကချင်ရွာသုံးရွာကို တရုတ်နိုင်ငံသို့ ပေးအပ်ခြင်းနှင့် တရုတ်နိုင်ငံက မိုင် ၁,၃၅၇ ရှည်လျားသော နယ်စပ်အပိုင်းအပေါ် မြန်မာနိုင်ငံ၏ တောင်းဆိုချက်များကိုလည်း အသိအမှတ်ပြုရန် သဘောတူအစီအစဉ်ဖြင့် ပြန်လာ၏။ ၁၉၆၀ ပြည့်နှစ် Burma-China Boundary Agreement (မြန်မာ-တရုတ်နယ်စပ်သဘောတူညီချက်) တွင် ဗဟိုအစိုးရသည် နယ်စပ်မြေများကို ဒေသခံလူထုသဘောတူမှုကို မရရှိဘဲ တရုတ်သို့ လွှဲပြောင်းပေးခဲ့သည်ကို ကချင်များစွာက သစ္စာဖောက်မှုအဖြစ် ရှုမြင်ခဲ့ကြသည်။ ဤမြေများသည် ၎င်းတို့သည် ဘိုးဘွားပိုင်ဆိုင်မှု၊ ယဉ်ကျေးမှုဆိုင်ရာ ကိုယ်ပိုင်လက္ခဏာနှင့် ဗျူဟာမြောက် နေရာများဖြစ်သည်။ ခြံကွက်ကလေးများသာ မဟုတ်ပေ။ တချိန်တည်းမှာပင် ဂျပန်ကို တိုက်ခိုက်ရာတွင် ဗြိတိသျှတို့နှင့်အတူ စစ်မှုထမ်းခဲ့ကြသော ဒုတိယကမ္ဘာစစ် စစ်ပြန်များသည် ဗမာစစ်ပြန်များ ရရှိခဲ့သော ပင်စင်နှင့် အသိအမှတ်ပြုမှုများကို မရခဲ့ပေ။ ထို့ကြောင့်အချို့ စစ်ပြန်များက မိမိတို့ကို ပြန်လည်ပေးအပ်သည့်အနေဖြင့် လွတ်လပ်သည့်ပြည်ထောင်တခု ရသင့်သည်ဟု စဉ်းစားခဲ့ကြသည်ဟု ဆိုသည်။[2] နယ်မြေဆုံးရှုံးမှု၊ နိုင်ငံရေးအရ ဖယ်ထုတ်ခံရမှုနှင့် ယဉ်ကျေးမှုဒဏ်ခံရမှုတို့ စုပေါင်းဖြစ်ပေါ်လာခြင်းက ကချင်ခုခံတော်လှန်မှုကို မီးထိုးပေးခဲ့သည်။ ၁၉၆၀ ပြည့်နှစ် အောက်တိုဘာလ ၂၅ ရက်နေ့တွင် ရန်ကုန်ရှိ ကချင် တက္ကသိုလ်ကျောင်းသား ခုနစ်ဦးအဖွဲ့သည် Kachin Independence Organization (ကချင်လွတ်လပ်ရေးအဖွဲ့ / KIO) ကို ဖွဲ့စည်းခဲ့သည်။ လေးလပင်မပြည့်မီ ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် Kachin Independence Army (ကချင်လွတ်လပ်ရေးတပ်မတော် - KIA) ကို သျှမ်းပြည်မြောက်ပိုင်းတွင် ဖွဲ့သည်။ ဤနေ့သည် “Kachin Revolution Day (ကချင်တော်လှန်ရေးနေ့)” အဖြစ် အမှတ်တရ ဖြစ်လာခဲ့သည်။ ဌာနချုပ်မှာ ချင်းမိုင်တွင် ရှိခဲ့သည်။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ ရှင်းလင်းပြတ်သားသည်။ ကချင်လူမျိုးများအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ဂုဏ်သိက္ခာနှင့် ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ရရန်ဖြစ်သည်။ ၁၉၆၁ ဩဂုတ် ၂၆ ရက်တွင် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ကြေညာခဲ့ရာ နှစ်ပေါင်းများစွာ သာသနာပြုလုပ်ငန်းများ၏ လွှမ်းမိုးမှုကြောင့် ၎င်းတို့၏ ယုံကြည်ချက်ကို ပုံဖော်ခဲ့သော ခရစ်ယာန် ကချင်များစွာကို အလှမ်းဝေးသွားစေခဲ့သည်။ ခရစ်ယာန်သာသနာပြုကျောင်းများနှင့် အဖွဲ့အစည်းများကို နိုင်ငံပိုင်ပြုလုပ်ခြင်းသည် ကချင်ယဉ်ကျေးမှုဘဝ၏ အဓိကအချက်အချာကို ထိခိုက်စေသည်ဟု မြင်ကြ၏။ နယ်မြေနှင့် နိုင်ငံရေးတိုက်ပွဲအဖြစ် စတင်ခဲ့သည်မှာ ယခုအခါ ယဉ်ကျေးမှုနှင့် ဘာသာရေးရှုထောင့်များ ပိုမိုပါဝင်လာခဲ့သည်။ သျှမ်း လူမျိုးများကဲ့သို့ ဘာသာရေးဆန့်ကျင်မှုမပါသည့် တိုက်ပွဲများနှင့် မတူဘဲ ကချင်ခုခံမှုသည် ဝိညာဉ်ရေးရာ ဝိုင်းရံမှုခံရခြင်း ပါလာ၏။ ၁၉၆၀ ကျော်ကာလများတွင် ဗကပထံမှ ကွန်မြူနစ်အတွေးအခေါ်နှင့် အမျိုးသားရေး အတွေးအခေါ် လွန်ဆွဲခြင်းများ ရှိခဲ့သည်။ အလယ်ပိုင်းဒေသမှ ဗကပတပ်ဖွဲ့များသည် သျှမ်းမြောက်နှင့် ကချင်ပြည်သို့ ရောက်လာသောအခါ မြောက်ပိုင်း ကွန်မြူနစ်တို့နှင့် အမြင်မတူသလို လူမျိုးရေးသဘောထားများ သဟဇာတ မဖြစ်ရာ မဟာမိတ်မှာလည်း များစွာမရှည်ကြာခဲ့ပေ။ ဗကပမှ ကေအိုင်အေကို ဗကပလက်အောက်တွင် ပူးပေါင်းရန်ပြောသော်လည်း မအောင်မြင်ခဲ့ချေ။ ၁၉၆၀ ပြည့်လွန်နှစ်များနှင့် ၁၉၇၀ ပြည့်လွန်နှစ်များအတွင်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သည် လက်နက်ကိုင်အဖွဲ့ငယ်တစ်ခုမှ အင်အားကြီးမားသော တော်လှန်ရေးတပ်ဖွဲ့အဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။ ၁၉၆၆-၆၇ ခုနှစ်များတွင် တရုတ်နှင့် အိန္ဒိယနိုင်ငံများသို့ သံတမန်များ စေလွှတ်နိုင်သည်အထိ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၏ အင်အား တောင့်တင်းလာခဲ့သည်။ ၁၉၆၈ ခုနှစ်မှ ၁၉၇၆ ခုနှစ်အတွင်း ကချင်၊ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) နှင့် မြန်မာ့တပ်မတော်တို့အကြား တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့သည်။ နောက်ပိုင်းတွင် ကေအိုင်အေ ခေါင်းဆောင်များ လုပ်ကြံခံရပြီး ခေါင်းဆောင်သစ်များ တက်လာသောအခါ ဗကပ နှင့် သဘောတူညီမှု ရရှိခဲ့ကာ ကေအိုင်အေ နှင့် မြန်မာ့တပ်မတော်တို့ ဆက်လက် တိုက်ခိုက်ခဲ့ကြသည်။ အဆင့်ဆင့် အပစ်အခတ်ရပ်စဲရေးနှင့် လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ အားလုံးပါဝင်ရေး ကြိုးပမ်းခဲ့သော်လည်း ရေရှည်တည်မြဲခြင်းမရှိဘဲ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခဲ့သည်။ ယခုအချိန်ထိ ရှမ်းနီလူမျိုးစု တပ်ဖွဲ့များနှင့်လည်း ပဋိပက္ခများစွာ ရှိနေဆဲဖြစ်သည်။ ဟူးကောင်းချိုင့်ဝှမ်း၏ ခက်ခဲကြမ်းတမ်းသော မြေမျက်နှာသွင်ပြင်နှင့် ရိုးရာမျိုးနွယ်စု ကွန်ရက်များကို အသုံးချကာ KIA သည် မြောက်ပိုင်းကချင်ပြည်နယ်၊ မြောက်ပိုင်းရှမ်းပြည်နယ် အချို့ဒေသများနှင့် မြစ်ဆုံအနီးရှိ တြိဂံဒေသ၏ ကျယ်ပြန့်သော နယ်မြေအများအပြားကို ထိန်းချုပ်နိုင်ခဲ့သည်။ ဗဟိုချုပ်ကိုင်မှုရှိသော မြန်မာ့တပ်မတော်၏ အုပ်ချုပ်ရေးယန္တရားနှင့် ဆန့်ကျင်ဘက်အနေဖြင့် KIA ၏ ခုခံတော်လှန်မှုနှင့် လူမှုအသိုင်းအဝိုင်းတွင် ရောနှောတည်ရှိမှုတို့က မဟာဗျူဟာမြောက် အားသာချက်ကို ပေးခဲ့သည်။ အာဏာကို စုစည်းရန်အတွက် ရိုးရာအုပ်ချုပ်ရေးကို ပြောင်းလဲရန်လည်း လိုအပ်ခဲ့သည်။ KIO သည် ရိုးရာ ဒူးဝါးစနစ်ဟောင်းကို ဖျက်သိမ်းရန် စတင်ခဲ့ပြီး မျိုးနွယ်စုအခြေခံ အုပ်ချုပ်မှုကို နိုင်ငံရေးဖွဲ့စည်းပုံတစ်ခုအတွက် ဖယ်ရှားခဲ့သည်။ ဤပြောင်းလဲမှုသည် လှုပ်ရှားမှု၏ ညီညွတ်မှုကို အားကောင်းစေခဲ့သော်လည်း လူမျိုးစုအချင်းချင်း တင်းမာမှုများ၏ အစကိုလည်း ဖြစ်စေခဲ့သည်။ အထူးသဖြင့် ဂျင်းဖောလူမျိုးများ လွှမ်းမိုးသော ခုခံမှုအတွင်း မိမိတို့ကိုယ်ကို အရေးမပါသူများအဖြစ် ခံစားရသည့် အခြားလူမျိုးစုများကြားတွင် သိသာထင်ရှားခဲ့သည်။ ဤဆယ်စုနှစ်များအတွင်း ၁၉၆၃၊ ၁၉၇၂ နှင့် ၁၉၈၁ ခုနှစ်များတွင် အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းမှုများစွာ ပြုလုပ်ခဲ့သော်လည်း အားလုံးမှာ သက်တမ်းတိုခဲ့သည်။ အပစ်အခတ်ရပ်စဲရေးတိုင်းသည် ဆွေးနွေးမှု၏ အလားအလာကို သယ်ဆောင်လာခဲ့သော်လည်း အပြန်အလှန် မယုံကြည်မှု၊ မရေရာသော အသုံးအနှုန်းများနှင့် တပ်မတော်၏ စစ်မှန်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို လက်ခံရန် ဆန္ဒမရှိမှုတို့ကြောင့် ပျက်ပြားခဲ့သည်။ ဤယာယီရပ်ဆိုင်းမှုများသည် ကရင်အမျိုးသားအစည်းအရုံး (KNU) ကဲ့သို့သော အခြားတိုင်းရင်းသားလှုပ်ရှားမှုများ၏ အတွေ့အကြုံများနှင့် ဆင်တူခဲ့ပြီး ဆွေးနွေးမှု ကြိုးပမ်းမှုများသည် စိတ်ပျက်ဖွယ်အဆုံးသတ်ခဲ့ရသည်။ တစ်ချိန်တည်းမှာပင် ၎င်း၏ ထိန်းချုပ်မှုအောက်ရှိ နယ်မြေများတွင် KIO သည် ကျန်းမာရေးဝန်ဆောင်မှုများ၊ ပညာရေးနှင့် ဥပဒေစိုးမိုးရေးတို့ကို စီမံခန့်ခွဲသည့် အမှန်တကယ် အစိုးရတစ်ခုအဖြစ် လုပ်ဆောင်ခဲ့သည်။ ဟူးကောင်းချိုင့်ဝှမ်းတွင် အထင်ရှားဆုံးဖြစ်ပြီး ကျောင်းများ လည်ပတ်ခြင်း၊ ဆေးခန်းများ လုပ်ဆောင်ခြင်းနှင့် အရပ်ဘက်အဖွဲ့အစည်းများ ပေါ်ပေါက်ခြင်းတို့ ရှိခဲ့သည်။ ဤအုပ်ချုပ်ရေးဆိုင်ရာ ကြိုးပမ်းမှုကို မကြာခဏ "လမူဂါ" ("မြေနှင့်လူ") ဟု ရည်ညွှန်းလေ့ရှိပြီး ဗဟိုအစိုးရအောက်တွင် ကြုံတွေ့ခဲ့ရသော လျစ်လျူရှုမှု သို့မဟုတ် ဖိနှိပ်မှုကို တုံ့ပြန်ခြင်းဖြစ်သည်။ ၁၉၈၀ ပြည့်လွန်နှစ်များ နှောင်းပိုင်းတွင်မူ ကချင်ခုခံတော်လှန်မှုသည် တစ်ခုတည်းသော အင်အားစု မဟုတ်တော့ပေ။ ၁၉၈၉ ခုနှစ်တွင် ကချင်ဒီမိုကရက်တစ်တပ်ဖွဲ့သစ် (NDA-K) သည် ကွဲထွက်သွားပြီး အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ရယူကာ အစိုးရ၏ သစ္စာခံမှုနှင့် ဖွံ့ဖြိုးရေးအကူအညီများကို လက်ခံခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် ကချင်ကာကွယ်ရေးတပ်ဖွဲ့ (KDA) နှင့် KIA ၏ တပ်မဟာ ၄ တို့သည်လည်း သီးခြားစီ သဘောတူညီချက်များ ရယူခဲ့ကြသည်။ ဤကွဲထွက်သွားသော သဘောတူညီချက်များသည် KIO ၏ စည်းလုံးညီညွတ်မှုနှင့် ဆွေးနွေးမှု အနေအထားကို အားနည်းစေခဲ့ကာ အစိုးရ၏ ခွဲခြားအုပ်ချုပ်ရေး နည်းလမ်း အောင်မြင်ခဲ့ခြင်းဖြစ်သည်။ ကေအိုင်အို ဥက္ကဋ္ဌ မရန်ဘရန်ဆိုင်းနှင့် ကျောက်စိမ်းသူဌေး ဒူးဝါးဘွမ်ဝမ်လရော်တို့ ပူးပေါင်း၍ ၁၉၉၀ ခုနှစ်များကပင် ကွန်ပျူတာကောလိပ်၊ အင်္ဂလိပ်စာသင်တန်းကျောင်း၊ စိုက်ပျိုးမွေးမြူရေးသင်တန်းကျောင်းနှင့် ဆရာအတတ်သင်ကျောင်း စသည်တို့ကို ဖွင့်လှစ်သင်ကြားပေးခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် တင်းမာမှုများ လျှော့ချကာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် ဗိုလ်ချုပ်ခင်ညွန့်၏ ဦးဆောင်ညှိနှိုင်းမှုဖြင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့သည်။ ၁၉၉၉ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့တွင် ကချင်အမျိုးသားအစည်းအရုံး (KNO) ကို တည်ထောင်ခဲ့သည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အတည်ပြုပြီးနောက် အပစ်အခတ်ရပ်စဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် နယ်ခြားစောင့်တပ် (BGF) များဖြစ်လာရန် ဖိအားပေးခံခဲ့ရသည်။ ထိုကာလတွင် ကေအိုင်အေသည် ပြည်သူလူထုနှင့် ဆွေးနွေးပြီး နယ်ခြားစောင့်တပ်ဖွဲ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံကိုပါ လက်မခံခဲ့ပေ။ ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်နေစဉ် ၂၀၁၁ ခုနှစ်တွင် မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်။ ဘင်နီဒစ် ရော်ဂျာကမူ အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် မြန်မာ့တပ်မတော်၏ တပ်ရင်းအရေအတွက် ၁၅၀ အထိ တိုးလာသည်ဟု ဆိုသည်။ ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် KIO သည် တပ်မတော်နှင့် အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ရေးထိုးခဲ့သည်။ ဤသဘောတူညီချက်သည် ရှင်းလင်းသော နိုင်ငံရေးအခြေခံအပေါ် တည်ဆောက်ထားခြင်း မဟုတ်သော်လည်း "ဖွံ့ဖြိုးရေးအကူအညီနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆွေးနွေးပွဲများ" ကို ကတိပြုခဲ့သည်။ ၎င်းသည် KIO အား ၎င်းတို့၏ အဓိကနယ်မြေများကို ထိန်းချုပ်ထားရန်နှင့် လက်နက်များကို သိမ်းဆည်းထားရန် ခွင့်ပြုခဲ့ပြီး တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုကို ထိရောက်စွာ ဖန်တီးပေးခဲ့သည်။ သေနတ်သံများ တိတ်ဆိတ်သွားသော်လည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် တရားမျှတမှုအတွက် နက်ရှိုင်းသော ရည်မှန်းချက်များမှာ မပြည့်ဝသေးပေ။ ဝေဖန်သူများကမူ KIO ခေါင်းဆောင်အချို့သည် တရားမဝင် စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေပြီး ထိပ်ပိုင်းခေါင်းဆောင်များ ချမ်းသာလာချိန်တွင် သာမန်ကချင်များမှာမူ ဘဝပြောင်းလဲမှု နည်းပါးကြောင်း စွပ်စွဲခဲ့ကြသည်။ နိုင်ငံရေးအဖြေမရှိဘဲ ငြိမ်းချမ်းရေး၊ ဖက်ဒရယ်စနစ်မပါဘဲ ဖွံ့ဖြိုးတိုးတက်ရေးဟူသော ကတိများသည် တည်မြဲခြင်းမရှိခဲ့ပါ။ ၂၀၁၁ ခုနှစ်တွင် စစ်ပွဲပြန်လည်ဖြစ်ပွားသည်အထိ တည်တံ့ခဲ့သော ပျက်စီးလွယ်ပြီး အပေးအယူများဖြင့် တည်ဆောက်ထားသည့် ယာယီငြိမ်းချမ်းရေး သက်သက်သာ ဖြစ်ခဲ့သည်။ ၁၉၉၄ ခုနှစ် အပစ်အခတ်ရပ်စဲပြီးနောက် နိုင်ငံရေးဖိနှိပ်မှု တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။ နိုင်ငံရေးဆိုင်ရာ လှုပ်ရှားမှုများသည် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ (KBC) ကဲ့သို့သော ဘာသာရေးအဖွဲ့အစည်းများဆီသို့ ရောက်ရှိသွားခဲ့သည်။ ဘုရားကျောင်းများသည် နိုင်ငံရေးဆွေးနွေးပွဲများအတွက် စုဝေးရာနေရာများ ဖြစ်လာခဲ့ပြီး အရှေ့တီမောရှိ ကက်သလစ်ဘုရားကျောင်း၏ အခန်းကဏ္ဍနှင့် ဆင်တူခဲ့သည်။ ၂၀ ရာစုအစောပိုင်းမှ ယနေ့အထိ ခရစ်ယာန်ဘာသာသည် ကချင်လူမျိုးတို့၏ ကိုယ်ပိုင်လက္ခဏာ၏ အဓိကအုတ်မြစ်တစ်ခုအဖြစ် တည်ရှိခဲ့သည်။ ဘုရားကျောင်းများနှင့် ခရစ်ယာန်ကျောင်းများသည် ယုံကြည်ခြင်း၏ ဘေးကင်းရာနေရာများသာမက ခုခံတော်လှန်မှု၏ ခိုလှုံရာနေရာများလည်း ဖြစ်ခဲ့သည်။ အထူးသဖြင့် ဗမာ-ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒကို အားပေးခဲ့သော စစ်အစိုးရများလက်ထက်တွင် ဤအဖွဲ့အစည်းများသည် တိုင်းရင်းသား အမျိုးသားရေး ရည်မှန်းချက်များကို ထိန်းသိမ်းရာတွင် အရေးပါခဲ့သည်။ ၂၀ ရာစုအစောပိုင်းတွင် တည်ထောင်ခဲ့သော ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ (KBC) သည် အရေးပါသော ယဉ်ကျေးမှုနှင့် နိုင်ငံရေးဆိုင်ရာ အဖွဲ့အစည်းတစ်ခုအဖြစ် ပေါ်ထွက်လာခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် မြစ်ကြီးနား၌ ကျင်းပခဲ့သော လူငယ်ညီလာခံတစ်ခုတွင် KBC သည် ကချင်လူမျိုးများကို "အချုပ်အခြာအာဏာပိုင်နိုင်ငံ" အဖြစ်ပင် ကြေညာခဲ့သည်။ ထိုသို့သော ကြေညာချက်များသည် ထိုအဖွဲ့အစည်း၏ ဝိညာဉ်ရေးရာနှင့် အမျိုးသားရေး ဦးဆောင်မှုဟူသော ကဏ္ဍနှစ်ရပ်စလုံးကို အလေးပေးဖော်ပြသည်။ ဖိနှိပ်ချုပ်ချယ်သော နိုင်ငံရေးအခြေအနေများတွင် KBC သည် ကိုယ်ပိုင်လက္ခဏာနှင့် အနာဂတ်အကြောင်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးရန် နေရာအနည်းငယ်ထဲမှ တစ်ခုကို ပံ့ပိုးပေးခဲ့သည်။ KBC သည် အဓိကကျသော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်ခဲ့ပြီး အထူးသဖြင့် ၂၀၁၅ ခုနှစ် လူငယ်ညီလာခံတွင် ကချင်လူမျိုးများကို “အချုပ်အခြာအာဏာပိုင်နိုင်ငံ” အဖြစ် ကြေညာခဲ့ပြီးနောက်ပိုင်းတွင် ပို၍ပင် ထင်ရှားခဲ့သည်။ စစ်ဖိအားများကြားမှပင် ၎င်းသည် လူမှုအသိုင်းအဝိုင်း အစီအစဉ်များနှင့် ယဉ်ကျေးမှုထိန်းသိမ်းရေးတို့ကို ဆက်လက်ဆောင်ရွက်ကာ စိတ်ဓာတ်ခွန်အားကို မြှင့်တင်ပေးခဲ့သည်။ ဤအမျိုးသားရေးစိတ်ဓာတ်ကို ကချင်အမျိုးသားသီချင်းက ထင်ဟပ်စေပြီး မဂျိုင်ရှင်ဂရာဘွမ်ကို ဂုဏ်ပြုကာ နယ်မြေပိုင်ဆိုင်မှုကို အလေးအနက်ပြုသည်။ ကရင်အမျိုးသားသီချင်းကဲ့သို့ပင် ၎င်းသည် ရိုးရာဓလေ့တစ်ခုသက်သက်မဟုတ်ဘဲ နိုင်ငံရေးမျှော်လင့်ချက်၏ အသက်ဝင်သော သင်္ကေတတစ်ခုဖြစ်ပြီး စည်းလုံးညီညွတ်မှုနှင့် ခိုင်မာသော ဆုံးဖြတ်ချက်ကို ဖော်ညွှန်းရန်အတွက် စည်းရုံးပွဲများနှင့် ဘုရားကျောင်းပွဲများတွင် မကြာခဏ သီဆိုလေ့ရှိသည်။ အမျိုးသားညီလာခံ (၁၉၉၃–၂၀၀၇) ကာလအတွင်း ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) သည် ကချင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အဖွဲ့အစည်းဆိုင်ရာ အသိအမှတ်ပြုမှုရရှိရန် ခိုင်မာစွာ တောင်းဆိုခဲ့သည်။ ၎င်းတို့၏ အချက် ၁၉ ချက်ပါ အဆိုပြုချက်သည် မြန်မာနိုင်ငံအတွင်း တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို လေးစားသော ဖက်ဒရယ်ပြည်ထောင်စုတစ်ခုကို ရည်မှန်းခဲ့သည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေက ထိုမျှော်လင့်ချက်များကို ပျက်ပြားစေခဲ့သည်။ ၎င်းသည် စစ်တပ်တွင် အာဏာကို ဗဟိုချုပ်ကိုင်စေခဲ့ပြီး ဖက်ဒရယ် ရည်မှန်းချက်များကို ဘေးဖယ်ထားခဲ့ရာ တိုင်းရင်းသားများအကြားတွင် ကျယ်ပြန့်သော စိတ်ပျက်အားငယ်မှုများကို ဖြစ်ပေါ်စေခဲ့သည်။ ဤအခြေအနေများကြားတွင် KIO သည် ၂၀၀၀ ပြည့်လွန်နှစ်များနှင့် ၂၀၁၀ ပြည့်လွန်နှစ်များတွင် ပြည်တွင်း ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ခဲ့သည်။ ၎င်းသည် လွှမ်းမိုးထားသော ဂျင်းဖောအဖွဲ့အပြင် ရဝမ်နှင့် လီဆူးတို့၏ အသံများကို ထည့်သွင်းခြင်းဖြင့် ခေါင်းဆောင်မှုတွင် ပါဝင်ပတ်သက်မှုကို တိုးချဲ့ခဲ့သည်။ ဂွမ်လော၏ တန်းတူညီမျှမှုနိယာမများမှ လှုံ့ဆော်မှုခံရသော ဤလုပ်ရပ်သည် ယုံကြည်မှုကို ပြန်လည်တည်ဆောက်ရန်နှင့် တရားဝင်မှုကို ချဲ့ထွင်ရန် ရည်ရွယ်ခဲ့သော်လည်း ဆုံးဖြတ်ချက်ချမှတ်ရာတွင် အနည်းငယ် နှောင့်နှေးစေခဲ့သည်။ ကချင်ပြည်နယ်တိုးတက်ရေးပါတီ (KSPP) ကို ၂၀၀၉ ခုနှစ်တွင် တည်ထောင်ခဲ့သော်လည်း ၂၀၁၀ ရွေးကောက်ပွဲများကို သပိတ်မှောက်ခဲ့ပြီး ဒီမိုကရေစီနေရာ မရှိခြင်းကို ပြစ်တင်ရှုတ်ချကာ နိုင်ငံတော်အပေါ် KIO ၏ မယုံကြည်မှုကို ထင်ဟပ်စေခဲ့သည်။ ၂၀၁၁ ခုနှစ် ဇွန်လတွင် ကြိုးပမ်းခဲ့သော ငြိမ်းချမ်းရေးသည် ပျက်ပြားခဲ့သည်။ တပ်မတော်က ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အား ၎င်းတို့၏ နယ်ခြားစောင့်တပ်ဖွဲ့ (BGF) အတွင်းသို့ ပေါင်းစည်းရန် တောင်းဆိုခဲ့ပြီး ယင်းကို KIO က ၎င်းတို့၏ စစ်ရေးနှင့် နိုင်ငံရေးဆိုင်ရာ လက္ခဏာကို ဖျက်သိမ်းခြင်းအဖြစ် ရှုမြင်ခဲ့သည်။ ထိုငြင်းပယ်မှုကြောင့် မြစ်ကြီးနားနှင့် ဗန်းမော်ဒေသများတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ စစ်တပ်သည် ကျောင်းများ၊ ဘုရားကျောင်းများနှင့် တက်ကြွလှုပ်ရှားသူများကို ပစ်မှတ်ထားခဲ့သည်။ ပြဿနာကို ပိုမိုရှုပ်ထွေးစေသောအချက်မှာ ဒေသ၏ ကြီးမားသော သဘာဝသယံဇာတ ကြွယ်ဝမှုဖြစ်သည်။ ကျောက်စိမ်း၊ သစ်နှင့် ရေအားလျှပ်စစ်တို့သည် ကချင်နိုင်ငံရေးအတွက် အကျိုးအပြစ် နှစ်မျိုးစလုံးကို သယ်ဆောင်လာခဲ့သည်။ ၂၀၁၁ ခုနှစ်မှစ၍ KIO သည် ယဉ်ကျေးမှုကာကွယ်ရေးနှင့် သယံဇာတ အချုပ်အခြာအာဏာဆိုင်ရာ ဇာတ်ကြောင်းကို ပို၍အဓိကထား တင်ပြခဲ့သည်။ အချို့သော ဌာနေလူမျိုး တိုင်းရင်းသားအဖွဲ့များ၏ ရုန်းကန်မှုများသည် စစ်ရေးသဘော သက်ရောက်နေဆဲဖြစ်သော်လည်း KIO သည် ၎င်းတို့၏ ခုခံမှုကို ကချင်သမိုင်း၊ ဘာသာစကားနှင့် ကိုယ်ပိုင်လက္ခဏာတို့တွင် အခြေခံခဲ့သည်။ ဤအရာသည် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ချဉ်းကပ်မှုနှင့် ဆင်တူသော်လည်း KIO ၏ လမူဂါကို ရည်ညွှန်းခြင်း သည် ထူးခြားစွာ နယ်မြေဆိုင်ရာနှင့် ဝိညာဉ်ရေးရာ သွင်ပြင်လက္ခဏာများ ပါဝင်နေသည်။ သယံဇာတ ထိန်းချုပ်မှုနှင့်ပတ်သက်၍ တပ်မတော်နှင့် KIO အကြား ပြိုင်ဆိုင်မှုများသည် ပဋိပက္ခကို စီးပွားရေးစစ်ပွဲအဖြစ်သို့ ပြောင်းလဲစေခဲ့သည်။ ရှမ်းပြည်နယ်ရှိ ဘိန်းကုန်သွယ်မှုနှင့် ဆင်တူသော ပုံစံများဖြင့် ဒေသခံအသိုင်းအဝိုင်းများသည် ထုတ်ယူမှုကြောင့် ဖြစ်ပေါ်လာသော စစ်ရေးလှုပ်ရှားမှု၏ ဒဏ်ကို ခံစားခဲ့ရသည်။ ၂၀၁၁ ခုနှစ်မှ ၂၀၂၀ ခုနှစ်အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများသည် လက်ရှိအကျပ်အတည်းကို ကျော်လွှားနိုင်ခဲ့ခြင်း မရှိပေ။ ၂၀၁၃ ခုနှစ်တွင် မြစ်ကြီးနား၌ ပြုလုပ်ခဲ့သော ဆွေးနွေးပွဲများသည် တပ်မတော်၏ လက်နက်ချကြရန် တောင်းဆိုမှုနှင့် KIO ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အခိုင်အမာ တောင်းဆိုမှုတို့ကြောင့် ပျက်ပြားခဲ့သည်။ KIO က အစိုးရ၊ တိုင်းရင်းသားအဖွဲ့များနှင့် ဒီမိုကရေစီအင်အားစုများ ပါဝင်သော သုံးပွင့်ဆိုင် ဆွေးနွေးမှုကို ထောက်ခံခဲ့သော်လည်း တပ်မတော်က ငြင်းပယ်ခဲ့သည်။ သမိုင်းဆိုင်ရာ မကျေနပ်မှုများ၊ ခွဲခြား၍မရသော သယံဇာတများနှင့် အပေါ်ယံဆန်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တို့က အကျပ်အတည်းကို ပိုမိုနက်ရှိုင်းစေခဲ့သည်။ ကချင်တို့၏ ကိုယ်ပိုင်လက္ခဏာသည် နယ်နိမိတ်များကို ကျော်လွန်သည်။ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့တွင် ဆင်းဖိုနှင့် ဂျင်းဖိုတို့သည် ဘာသာစကား၊ ခရစ်ယာန်ဘာသာနှင့် တူညီသော ဒဏ္ဍာရီများမှတစ်ဆင့် ယဉ်ကျေးမှုဆိုင်ရာ ဆက်နွယ်မှုများကို ဆက်လက်ထိန်းသိမ်းထားသည်။ ဤနယ်စပ်ဖြတ်ကျော် ကိုယ်ပိုင်လက္ခဏာသည် ထိုင်းနိုင်ငံနှင့် အခြားဒေသများရှိ ကရင်လူမျိုးများ ပြန့်ကျဲနေထိုင်မှုကဲ့သို့ပင် ကချင်အမျိုးသားရေး အစီအစဉ်ကို အားဖြည့်ပေးသည်။ အထူးသဖြင့် အမေရိကန်၊ မလေးရှားနှင့် ဥရောပတို့ရှိ ကချင်လူမျိုးများ ပြန့်ကျဲနေထိုင်မှုသည် ၎င်းတို့၏ လူမျိုးများအတွက် ထောက်ခံအားပေးရာတွင်နှင့် တိုင်းရင်းသား-နိုင်ငံရေးဆိုင်ရာ လှုပ်ရှားမှုများကို ငွေကြေးထောက်ပံ့ရာတွင် တိုးပွားလာသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ ကချင်ပြည်သည် ယခုထက်တိုင် စစ်မီးမငြိမ်းသည်သာမက ရွာလုံးကျွတ်ရှင်းလင်းခြင်းများ ခံနေရဆဲဖြစ်သည်။ သို့သော် ကချင်ထိန်းချုပ်ဒေသများတွင် ကေအိုင်အိုအစိုးရအနေဖြင့် ဝန်ကြီးဌာနများနှင့် တော်လှန်ရေး အုပ်ချုပ်မှုယန္တရား လည်ပတ်နေသည်။ မိုင်ဂျာယန်မြို့လေးသည် ယခုအခါ မိုင်ဂျာယန် ပညာရေးတက္ကသိုလ်၊ မိုင်ဂျာယန်ကောလိပ်၊ Institute of Liberal Arts and Science (ILAS)၊ School of Intensive English Program၊ Federal Law Academy ကျောင်းများဖြင့် ပညာရေးမြို့တော် ဖြစ်လာခဲ့ပြီဖြစ်သည်။ ယခုနွေဦးတော်လှန်ရေးတွင် KIA သည် အရေးကြီးသည့်နေရာမှ ပါဝင်ကာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ကြိုးပမ်းကြရန် တိုက်တွန်းလျက်ရှိသည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုသည် နွေဦးတော်လှန်ရေးကို ဖြစ်ပွားစေခဲ့ရာ ကချင်လူမျိုးများသည် ခိုင်မာသော စစ်ရေးအင်အားတို့ဖြင့် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ စစ်အာဏာသိမ်းမှုအပြီးတွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် ၎င်း၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့သည် စစ်အာဏာရှင်စနစ်ကို ချက်ချင်းရှုတ်ချခဲ့ပြီး ဒီမိုကရေစီလိုလားသူတို့ဘက်မှ ရပ်တည်ခဲ့သည်။ စစ်အာဏာသိမ်းပြီး မကြာမီပင် KIA နှင့် မြန်မာ့တပ်မတော်တို့အကြား တိုက်ပွဲများ ပြင်းထန်လာခဲ့သည်။ နွေဦးတော်လှန်ရေးတွင် ကချင်တို့၏ အရေးပါဆုံး အခန်းကဏ္ဍတစ်ခုမှာ အာဏာသိမ်းမှုအပြီး ပေါ်ပေါက်လာသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDFs) ကို လေ့ကျင့်ပေးခြင်းနှင့် လက်နက် ထောက်ပံ့ပေးခြင်းဖြစ်သည်။ KIA သည် ၎င်းတို့၏ ထိန်းချုပ်နယ်မြေများအတွင်း လေ့ကျင့်ရေးစခန်းများ ဖွင့်လှစ်ပေးခဲ့ပြီး မြန်မာနိုင်ငံအနှံ့အပြားမှ တော်လှန်ရေးသမားများအတွက် လုံခြုံသော ခိုလှုံရာနှင့် လေ့ကျင့်ရေးမြေ ဖြစ်လာခဲ့သည်။ နွေဦးတော်လှန်ရေးတပ်များနှင့် KIA ကြားတွင် ပွတ်တိုက်မှု မရှိသည်မဟုတ်၊ ရှိသည်။ သို့ရာတွင် အတတ်နိုင်ဆုံး နှစ်ဘက်လုံးက ထိန်းထိန်းသိမ်းသိမ်း ပြုကြသည်ကို တွေ့ရသည်။ ထို့အပြင် ဗျူဟာမြောက် စစ်ရေးထိုးစစ်များကို ဆင်နွှဲခဲ့ပြီး တပ်မတော်၏ အခြေစိုက်စခန်းများနှင့် စစ်ရေးပစ်မှတ်များကို သိမ်းပိုက်ကာ ၎င်းတို့၏ ထိန်းချုပ်နယ်မြေများကို တိုးချဲ့ခဲ့သည်။ ဤတိုက်ခိုက်မှုများသည် စစ်အာဏာရှင်ကို ဖိအားပေးရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ စစ်ရေးလှုပ်ရှားမှုများအပြင် KIO သည် နိုင်ငံရေးနယ်ပယ်တွင်လည်း တက်ကြွစွာ ပါဝင်ခဲ့သည်။ ကချင်နိုင်ငံရေး ကြားကာလ ညှိနှိုင်းရေးအဖွဲ့ (KPICT) ကို ဖွဲ့စည်းကာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။ ဤသည်မှာ ကချင်တို့၏ ဖက်ဒရယ်စနစ်အပေါ် ရေရှည်ပန်းတိုင်ကို တွေ့ရခြင်းဖြစ်သည်။ KIO သည် ၎င်းတို့၏ ထိန်းချုပ်နယ်မြေများတွင် ကျန်းမာရေး၊ ပညာရေးနှင့် ဥပဒေစိုးမိုးရေးတို့ကို စီမံခန့်ခွဲသည့် အမှန်တကယ် အစိုးရတစ်ရပ်အဖြစ် ဆက်လက်လုပ်ဆောင်ခဲ့သည်။ နွေဦးတော်လှန်ရေးတွင် ကချင်တို့၏ စိန်ခေါ်မှုများ အနေဖြင့် တပ်မတော်၏ ပြင်းထန်သော တန်ပြန်ထိုးစစ်များ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများနှင့် သယံဇာတ ထိန်းချုပ်မှုဆိုင်ရာ ရှုပ်ထွေးမှုများကို ရင်ဆိုင်ခဲ့ရသည်။ ဥပမာ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက် ညအချိန်တွင် ဖားကန့်မြို့နယ်၌ မြန်မာတပ်မတော် (လေ) မှ လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက်လုပ်ဆောင်ရာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၏ တပ်မဟာ ၉ နယ်မြေအတွင်းရှိ အနန့်ပါဒေသ လဟာပြင်၌ ကျင်းပပြုလုပ်လျက်ရှိသော ဖျော်ဖြေပွဲတခုကို တိုက်ခိုက်ခဲ့ပြီး KIA အရာရှိများနှင့် ဂီတဖျော်ဖြေသူများ အပါအဝင် အရပ်သားဦးရေ ၈၀ ထက်မနည်း သေဆုံးခဲ့ရသည်။ အချို့ကိစ္စများတွင် KIA သည် အရပ်ဘက်အဖွဲ့အစည်းများကို နားထောင်နေသည်ကို မြင်ရသည်။ ဥပမာအားဖြင့် မြေရှားသတ္တုကိစ္စနှင့် ပတ်သက်၍ KIA နှင့် NUG အတူတူ မူလသဘောတူမှုကို အရပ်ဘက် လူ့အဖွဲ့အစည်းများက ဝိုင်းဝန်းတားမြစ်သည့်အခါ၊ NUG က ဝင်ရောက်ပြောဆိုမှု မရှိတော့ဘဲ KIA လည်း ရပ်တန့်လိုက်သည်ကို တွေ့ရသည်။ ကချင်တို့သည် ဘဝတူ ကရင်၊ ချင်းနှင့် ကရင်နီအဖွဲ့များ အလားတူ ပြန်လည်ညှိနှိုင်းမှုများကို ရည်ရွယ်ကာ စစ်အုပ်ချုပ်ရေး၏ အရိပ်အောက်တွင် လက်တွေ့ကျသော မဟာမိတ်များကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ စစ်ရေးများမှာ ရှေ့ရောက်သော်လည်း နိုင်ငံရေးဆွေးနွေးမှုများမှာ များစွာတိုးတက်မှုမရှိသေးဟု မကြာခင်က ဗိုလ်မှူးကြီး နော်ဘူနှင့် ဗိုလ်ချုပ်ဂွမ်မော်တို့ ပြောခဲ့သည်ကို တွေ့ရသည်။ ဖက်ဒရယ်စနစ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုင်ရာ သဘောထားကွဲလွဲမှုများကို ညှိရဦးမည်သာ ဖြစ်သည်။ ယနေ့တွင် ကချင်တို့၏ နယ်မြေဆိုင်ရာ ရည်မှန်းချက်များကို NUG ၏ ဖက်ဒရယ် အိပ်မက်များနှင့် ချိတ်ဆက်ရန် ကြိုးပမ်းသည်။ သို့သော် ဤဟန်ချက်ညီညီ လုပ်ဆောင်မှုသည် ပိုမိုကျယ်ပြန့်သော ကချင် ရုန်းကန်မှုကဲ့သို့ပင် နိုင်ငံတော်က ကချင်အချုပ်အခြာအာဏာကို ခြိမ်းခြောက်မှုအဖြစ် မြင်ရန် မလိုတော့သည့် စည်းလုံးညီညွတ်မှု၏ အခြေခံအုတ်မြစ်လို၏။ ဥပဒေအရသာမက ယုံကြည်မှုအရပါ ဖက်ဒရယ်စနစ်စစ်စစ် အသိအမှတ်ပြုနိုင်ခြင်းအပေါ် မူတည်သည်။ စိန်ခေါ်မှုများ ဆက်လက်တည်ရှိနေသည်။ မယုံကြည်မှု၊ ကျောက်စိမ်းနှင့် ရေအားလျှပ်စစ်၏ အဓိကကျမှုနှင့် တပ်မတော်၏ ဆက်လက်ဖိနှိပ်မှုတို့သည် အဓိပ္ပာယ်ပြည့်ဝသော ဆွေးနွေးမှုကို အဟန့်အတား ဖြစ်စေသည်။ KIO အတွက် ဖက်ဒရယ်စနစ်သည် အခြေခံအချက်အချာ ဖြစ်သည်။ သို့သော် နိုင်ငံတော်က လမူဂါကို စစ်မြေပြင် သို့မဟုတ် သယံဇာတဇုန်တစ်ခုအဖြစ်သာမက ကွဲပြားမှုများကြားတွင် စည်းလုံးညီညွတ်မှု၏ အခြေခံအုတ်မြစ်အဖြစ် ဥပဒေအရသာမက ယုံကြည်မှုအရပါ ဖက်ဒရယ်စနစ်စစ်စစ် အသိအမှတ်မပြုမချင်း ငြိမ်းချမ်းရေးသည် မရေရာဆဲပင် ဖြစ်မည်။ [1] ထိုအချိန်က State ဟူသောအသုံးအနှုန်းသည် ဒေသအလိုက် အာဏာတည်ရှိမှုကို ရောင်ပြန်ဟပ်ကာ ကျယ်ပြန့်စွာ အသုံးပြုခဲ့သည်။ ယနေ့ကဲ့သို့ ပြည်နယ်ကို ဆိုလိုခြင်း မဟုတ်ပေ။ [2] https://asia.nikkei.com/Politics/Helping-Myanmar-s-forgotten-WWII-soldiers
0 Comments
Leave a Reply. |
Site powered by Weebly. Managed by Porkbun