6/18/2025 0 Comments ဖက်ဒရယ်သျှမ်းပြည်ထောင်စု(ယခုစာမှာ Draft မူကြမ်းဖြစ်၍ အချက်အလက်ကို နောက်ဆုံးအကြိမ် ပြန်လည်မစစ်ဆေးရသေးပါ။)
သျှမ်းလူမျိုးများသည် မြန်မာနိုင်ငံ အရှေ့ပိုင်းနှင့် အနောက်မြောက်ဘက် (မြန်မာနိုင်ငံ) နှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်တို့တွင် ပျံ့နှံ့နေထိုင်သည့် လူမျိုးများဖြစ်သည်။ အာသံ၊ လာအို၊ ထိုင်းနှင့် မြောက်ဗီယက်နမ်တို့တွင်လည်း သျှမ်းလူမျိုးများရှိပါသည်။ Sino-Tai ဘာသာစကား အုပ်စုတွင် ရှိသော ၎င်းတို့၏ကိုယ်ပိုင်ဘာသာ သျှမ်းဘာသာစကားအနွယ်များကို ပြောဆိုကြသည်။ အများစုက ထေရဝါဒ ဗုဒ္ဓဘာသာဝင်များဖြစ်သည်။ သျှမ်းလူမျိုးများသည် ကိုယ်ပိုင်ဘာသာစကား၊ စာပေနှင့် ခိုင်မာသော လူမျိုးရေးလက္ခဏာရှိကြသည်။ သျှမ်းကုန်းပြင်မြင့်တွင် အဓိကနေထိုင်ကြပြီး ချိုင့်ဝှမ်းများနှင့် လွင်ပြင်များက တောင်တန်းနိမ့်များနှင့် တောတောင်ကုန်းများတွင်လည်း ရောနှောနေထိုင်ကြသည်။ အနီးနားရှိ တောင်ပေါ်ဒေသများတွင် သျှမ်းတို့နှင့် စီးပွားရေးအရ ဆက်နွှယ်သော ဌာနေတိုင်းရင်းသား လူမျိုးများလည်း ရှိပါသည်။ စပါးစိုက်ပျိုးခြင်းသည် သျှမ်းစီးပွားရေး၏ အခြေခံဖြစ်ပြီး ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးခြင်းလည်း လုပ်ကြသည်။ သျှမ်းတို့သည် ဗမာ၊ တရုတ်တို့နှင့် ရာစုနှစ်များစွာ ကျယ်ကျယ်ပြန့်ပြန့် ကုန်သွယ်မှုပြုခဲ့သည်။ သျှမ်းအုပ်ချုပ်မှုမှာ ပဒေသရာဇ်စော်ဘွား အုပ်ချုပ်ရေးစနစ်များ ဖြစ်သည်။ ရှေးက စော်ဘွားသေသည့်အခါ ကျွန်ကိုသတ်ပြီး ထည့်မြှုပ်သည့်ဓလေ့ ရှိသည့်ဒေသများ ရှိခဲ့ကြောင်း၊ ဘုရင့်နောင်က တိုက်ခိုက် သိမ်းပိုက်ပြီးနောက်မှ ပျောက်သွားကြောင်း အချို့စာပေတို့တွင် ဖော်ပြသည်။ သမိုင်းကြောင်းအရ သျှမ်းတို့သည် ၁၃ ရာစုမှ ၁၆ ရာစုအတွင်း မြန်မာနိုင်ငံတွင် သိသာထင်ရှားသော သြဇာလွှမ်းမိုးမှု ရှိခဲ့သည်။ ထိုကာလများမှ ဗမာပြည်တွင်းဘုရင်များမှာ သျှမ်းသော်လည်းကောင်း၊ သျှမ်းသွေးပါသူသော်လည်းကောင်း ဖြစ်တတ်သည်။ အထူးသဖြင့် ပုဂံကို မွန်ဂိုတို့ဖျက်ဆီးအပြီးတွင် မင်းမဲ့အခြေအနေနှင့် ကြုံတွေ့နေရစဉ်ကာလတွင် ရာဇသင်္ကြန်၊ အသင်္ခယာနှင့် သိင်္ဂသူ (တစ်စီးရှင်သီဟသူ) သျှမ်းညီအစ်ကို သုံးဦးတို့ ခေတ်ဖြစ်ပြီး မြင်စိုင်း၊ ပင်းယ၊ စစ်ကိုင်းတို့တွင် ကြီးစိုးကြသည်။ နောက်တကြိမ်တွင် အင်းဝဘုရင် ရွှေနန်းကျော့ရှင်နရပတိ (၈၆၃-၈၈၈) အားနည်းချိန်တွင် မြောက်ဘက်တလွှားမှစော်ဘွားများ အင်အားကြီးမားလာပြီး အင်အားအကြီးဆုံးဖြစ်သည့် မိုးညှင်းစော်ဘွား မိုးညှင်းစလုံ (၈၈၈-၉၀၄) က နရပတိကို သတ်ကာ ထီးနန်းအရိုက်အရာကို သားဖြစ်သူ သိုဟန်ဘွားမှ (ကြားခံအုပ်စိုးမှုအဖြစ်) ဆက်ခံခဲ့သည်။ သိုဟန်ဘွားသည် တောင်ငူကိုတိုက်ရန် ကြံစည်သောအခါ သျှမ်းတို့ကြီးစိုးမည်စိုးသဖြင့် ဗမာအမတ်တို့က လှည့်စားပြီးမတိုက်ပဲနေစေသည်။ နောင်တွင် သိုဟန်ဘွား မောက်မာမှုကို မကြိုက်ကြသော မင်းကြီးရန်နောင်ဦးဆောင်သည့် ဗမာအမတ်တို့ ပေါင်းသတ်၍သေလျှင် မင်းကြီးရန်နောင်က အင်းဝကို ယခင်နရပတိဘုရင်၏မိတ်ဆွေ အုန်းဘောင်(သိန္နီ)စော်ဘွား ခုံမှိုင်းကို နန်းတင်ရန်ပြောဆိုမှာကြားပြီး တောထွက်သွားခဲ့သည်။ နောက်အုန်းဘောင်ခုံမှိုင်းလွန်လျှင် မိုးဗြဲနရပတိ ဆက်လက်စိုးစံခဲ့သည်။ ထိုမှသည် သျှမ်းအင်အား ကျဆင်းလာသည့်အခါ၊ သျှမ်းပဒေသရာဇ်နယ်များစွာ ဖြစ်လာသည်။ ကုန်းဘောင်ခေတ်တွင် သျှမ်းစော်ဘွားတို့သည် ဗမာဘုရင်ထံ သစ္စာခံခဲ့ကြသည် ရှိသလို အချို့စော်ဘွားများက တရုတ်၊ ထိုင်းတို့နှင့်ပါ အဆက်အစပ်ပြုခဲ့သည်။ ဗမာဘုရင်များက ရှမ်းဒေသတို့ကို သိမ်းပိုက်သည့်ပုံစံကို Vassal-Suzerainty Relationship (ပဏ္ဏာဆက်ခြင်းနှင့် နိုင်ငံခြားရေးကို ချုပ်ကိုင်ခံရသည့် ပြည်ထောင်များ) ဟု အချို့ပညာရှင်များက ဆိုကြသည်။ ကုန်းဘောင်ခေတ်တွင် သျှမ်းစော်ဘွားတို့၏ သားသမီးမျိုးဆွေများကို ချစ်ကြည်ချီးမြှောက်သည်ဟု ဆိုကာ ဘုရင်နန်းတော်တွင်ခေါ်ထားတတ်သည်။ ဘုရင်ကို ဝါဝင်၊ ဝါထွက်၊ နှစ်ကူးများတွင် အရိုအသေပြုရန်လာရသည်။ မလာနိုင်ပါက ပုန်ကန်သည့်စာရင်းတွင် ပါဝင်သွားသည်။ မင်းတုန်းမင်းလွန်သည့်အခါ သီပေါမင်းကို ပုန်ကန်သော သျှမ်းစော်ဘွားများ ရှိသလို သီပေါမင်း ပါတော်မူသည့်အခါ သျှမ်းအချို့က ပြန်လုရန် ပြင်ဆင်ခဲ့သေးသည်ဟု မှတ်သားရသည်။ သီပေါမင်းကို ပုန်ကန်သည့် ကျိုင်းရုံးကြီးစော်ဘွားနှင့် မိုးနဲ၊ မိုင်းနောင်နှင့် ရပ်စောက် စော်ဘွားများက လင်းပင်မင်းသားကို နန်းတင်ရန် ရည်မှန်းသည်။ လင်းပင်မင်းသားကလည်း မန်စံ၊ မိုင်းလွန်းနှင့် လဲချားနယ်များကို တိုက်သည်။ ၁၈၈၇ တွင် လင်းပင်မင်းသား ကာလကတ္တားမြို့သို့ နယ်နှင်ခံရသည်။ သံလွင်မြစ် အနောက်ဘက်ရှိ စော်ဘွားနယ်များသည် အင်္ဂလိပ်လက်အောက်သို့ ဝင်ရောက်ကြပြီး ၁၈၉၀ ခုနှစ်တွင်မှ အင်္ဂလိပ်လက်အောက် နောက်ဆုံးရောက်သည့်ရှမ်းနယ်မှာ ကျိုင်းတုံနယ် ဖြစ်သည်။ ၁၈၉၇ ခုတွင် ဒုတိယဘုရင်ခံကို အကြံပေးရန် ဥပဒေပြုကောင်စီဖွဲ့စဉ်က ရှမ်းစော်ဘွားများ ပါဝင်ခဲ့သည်။ ၁၉၁၉ တွင် ရှမ်းပြည်နှင့် သင့်တော်သောအုပ်ချုပ်ရေးကို လေ့လာရန် အိုင်စီအက်စ် တွမ်လစ္စတာကို မလေးစူလ်တန်စော်ဘွားများ အုပ်ချုပ်ရေးကို လေ့လာစေကာ အစီရင်ခံစာကို မှီငြမ်း၍ ၁၉၂၂ အောက်တိုဘာမှစကာ သျှမ်း ပြည်နယ် ဒေသများမှာ ပဒေသရာဇ်သျှမ်းပြည်စု Federated Shan State အနေဖြင့် ဖွဲ့စည်း အုပ်ချုပ်ခဲ့သည်။ Princely States များဖြစ်သည့်အတွက် အင်္ဂလိပ်တို့တိုက်ရိုက်မအုပ်ချုပ်ပဲ စော်ဘွားကောင်စီမှ အုပ်ချုပ်သော်လည်း အင်္ဂလိပ်က ဥက္ကဋ္ဌ လုပ်နေသည်။ ပြည်သူ့လုပ်ငန်း ဌာန၊ ကျန်းမာရေး၊ ပညာရေး၊ သစ်တော၊ စိုက်ပျိုးရေးနဲ့ ရဲတပ်ဖွဲ့ကို ဗဟိုက တာဝန်ယူရသည်။ အခြားလုပ်ငန်းတွေကို သက်ဆိုင်ရာစော်ဘွား၊ မြို့စား၊ ငွေခွန်မှူးတို့က တာဝန် ယူရသည်။ ကျိုင်းတုံ၊ မိုးနဲ၊ သီပေါ၊ ညောင်ရွှေစော်ဘွားကြီးများ မြန်မာပြည်ဆင်းလျှင် ဘူတာတွင် အမြောက် ကိုးချက် ပစ်ဖောက် ကြိုဆိုရသည်။ ဗမာနိုင်ငံနှင့် သီးခြားဖြစ်သလို ဗမာပြည်မနှင့် သျှမ်းဒေသကြား လွတ်လပ်စွာကူးသန်းခွင့် မရှိပေ။ ၁၉၃၀ ခု အိန္ဒိယ-မြန်မာ ခွဲရေးတွဲရေးအတွက် လန်ဒန်အစည်းအဝေးသို့ မြန်မာဘက်မှ ၂၁ ဦး တက်ခွင့်ရရာ စော်ဘွားများပါဝင်ရန် အရေးဆိုကာ ၂ ဦးတက်ရောက်ခွင့်ရသည်။ ယင်းနေ့ကို အမျိုးသားနေ့ဟု မူလက သတ်မှတ်သော်လည်း အနှစ်သာရမရှိသလို မည်သူမျှအလေးမထားခဲ့ပေ။ ဂျပန်တို့ဝင်လာပြီး ၁၉၄၃ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့တွင် ဂျပန်အစိုးရသည်ရှမ်းပြည်ကို ဗမာနိုင်ငံအတွင်း ထည့်သွင်းခဲ့သော်လည်း သံလွင်မြစ်အရှေ့ဘက်ဒေသများ ဖြစ်ကြသော ကျိုင်းတုံနှင့် မိုင်းပန်ဒေသများမှာမူ ဂျပန်တို့နှင့် သဘောတူညီချက်အရ ထိုင်းနိုင်ငံမှ Saharat Thai Doem (ညီညွတ်သောမူလထိုင်းဒေသများ) အဖြစ် သိမ်းပိုက်ထားခဲ့သည်။ မဟာမိတ်များ စစ်နိုင်သည့်အခါမှ ထိုင်းဘက်မှ ညှိနှိုင်းကာ နောက်ဆုံး ၁၉၄၅ ဩဂုတ်မှသာ ထိုင်းတပ်က ထွက်ခွာသွားလေသည်။ ၁၉၄၅ အောက်တိုဘာတွင် မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း၏ မဟာဒေဝီဈာပနသို့ အနယ်နယ် အရပ်ရပ်မှ သျှမ်းစော်ဘွားများ ရောက်ရှိလာကာ အနာဂတ်အရေးဆွေးနွေးကြပြီး ၁၉၄၆ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် မိုင်းကိုင် (မိန်းကိန်) ညီလာခံကို ကျင်းပကာ စဝ်ဖလုံကောင်စီ (သျှမ်းပြည်နယ် စော်ဘွားများကောင်စီ) ကို ဖွဲ့စည်းကာ ပလောင်စော်ဘွားကြီး ခွန်ပန်းစိန်မှ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ ဗြိတိသျှတို့က ၁၉၂၂ ခုက ဖွဲ့စည်းသော တရားဝင် (Statutory) အဆင့်ရှိသည့် ကောင်စီကိုသာ အသိအမှတ်ပြုလိုသည်။ ယခုကောင်စီမှာ နိုင်ငံရေးအစုအဖွဲ့အသွင် ဖြစ်နေသည်။ ယင်းကောင်စီ အစည်းအဝေးမှ ၁၉၄၆ မတ်လတွင်မူ လဲချားပင်လုံဘုရားပွဲတွင် ရှမ်းပြည်လက်မှုပြပွဲတရပ် ကျင်းပပြီး၊ ထိုပွဲတွင် စော်ဘွားများဦးဆောင်ကာ ကချင်၊ ချင်း၊ ဗမာ ခေါင်းဆောင်များနှင့်တွေ့ဆုံကြကာ အတူတွဲ၍ လွတ်လပ်ရေး ယူရေး၊ မယူရေး နှီးနှောဖလှယ်ရန် ဆုံးဖြတ်ကြသည်။ ဗြိတိသျှအနေဖြင့် အိန္ဒိယ၏ မဟာရာဂျာများနည်းတူ မြေရှင်၊ ပဒေသရာဇ် စော်ဘွားတို့သည် တရားဝင်အုပ်ချုပ်သူများဟု အသိအမှတ် ပြုထားသည်ကို ခေတ်ပညာတတ်၊ လက်ဝဲအမြင်နှင့် အထိအတွေ့ရှိလာသော ခေတ်လူငယ်တို့က မလိုလားချေ။ သို့နှင့် ဗမာမူဆလင်ဆရာကြီး ဦးဖေခင်၏ အကူအညီဖြင့် ဦးထွန်းမြင့်လေး၊ ဦးတင်ဧ စသည့် လူငယ်တို့သည် ၁၉၄၆ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပသော ဖဆပလ ညီလာခံသို့ တိတ်တဆိတ် တက်ရောက်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းတို့နှင့် တွေ့ဆုံဖြစ်ခဲ့သည်။ လက်ဝဲသဘောတရား သင်ခန်းစာများကို သခင်စိုး၊ သခင်တင်မြ၊ သခင်သိန်းဖေတို့ထံမှ နာယူခဲ့သည်။ ဗမာပြည်မ သီခြားလွတ်လပ်ရေးယူမည့် အနေအထားကို ကန့်ကွက်ကာ သျှမ်းပြည်ကို ဗမာပြည်မနှင့်အတူ လွတ်လပ်ရေး ရယူရန် ဖဆပလ ခေါင်းဆောင်များက အပြင်မှ ညှိနှိုင်းမည်၊ သျှမ်းလူငယ်တို့က အတွင်းဘက်မှ တက်တက်ကြွကြွ လှုပ်ရှားဖိအားပေးမည်ဟု သဘောတူခဲ့သည်။ ပထမပင်လုံကို ၁၉၄၆ ခုနှစ် မတ်လတွင် ကျင်းပခဲ့ရာ ဗိုလ်ချုပ်အောင်ဆန်းအနေဖြင့် မတက်ရောက်နိုင်သော်လည်း ဦးနုနှင့် ဂဠုန်ဦးစောတို့ သွားရောက်တက်ကာ ဟောပြောခဲ့ကြသည်။ သျှမ်းနှင့် ကချင်ခေါင်းဆောင်များကြား ဗမာပြည်မနှင့်အတူ လွတ်လပ်ရေး ယူသင့် မယူသင့် ဆွေးနွေးဆဲဖြစ်သည်။ ဩဂုတ်လ ၂၀ တွင် သျှမ်း (ရှမ်း) ပြည်လွတ်လပ်ရေးအဖွဲ့ချုပ် (ရပလ) ကို တောင်ကြီးတွင် ထူထောင်ရာ အခြေခံမူ သုံးရပ်မှာ အောက်ပါအတိုင်း ဖြစ်သည်။ (၁) လွတ်လပ်သောတိုင်းပြည်အဖြစ် သျှမ်းပြည်ရပ်တည်နိုင်သင့်သည်။ (၂) ဗမာပြည်နှင့်ပူးပေါင်းပြီး တပြိုင်တည်းလွတ်လပ်ရေးယူသင့်သည်။ (၃) ခွဲထွက်ပိုင်ခွင့်ရှိပါက ဗမာပြည်နှင့် ပြည်ထောင်စုအဖြစ်ထူထောင်သင့်သည်။ ၁၉၄၆ ခု ဒီဇင်ဘာလ ၂၃ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းက တောင်ကြီးဘောလုံးကွင်းတွင် လူထုအား အောက်ပါစကားများဖြင့် မိန့်ခွန်းပြောကြားခဲ့သည်။ “ဗမာပြည်မနဲ့ ရှမ်းပြည် တပြိုင်တည်း တိုးတက်ကြီးပွားစေချင်တယ်…… ရှမ်းပြည်ကို ရှမ်းပြည်သူလူထုတွေ ရွေးကောက်တင်မြောက်တဲ့သူတွေပဲ အုပ်ချုပ်ဖို့ ကျွန်တော်တို့ ဆွေးနွေးနေပါတယ်…… ဗမာကို အထင်မလွဲစေချင်ဘူး၊ ဗမာလည်း ရှမ်းပြည်ကို လာမအုပ်စိုးဘူး …… ရှမ်းပြည်နယ်ထဲက ဘာမှလည်း လာမယူဘူး” ထို့နောက် ဒီဇင်ဘာ ၂၅ ရက်တွင် စော်ဘွားများနှင့် ဆက်လက်တွေ့ဆုံရာ “ကမ္ဘာ့အခြေအနေ ပြောင်းလဲမှုကြောင့် မကြာမီ ဗမာပြည်မတော့ လွတ်လပ်ရေးရတော့မယ်၊ ဗမာပြည်မ ရသလို ရှမ်းပြည်ကိုလည်း ရစေချင်တယ်။ ……. ဗမာပြည် ရှမ်းပြည်ပူးပေါင်းဖို့ အင်္ဂလန်ကို သွားရဦးမယ်။ ဒါကြောင့်မို့ ရှမ်းစော်ဘွားတွေ ပူးပေါင်းဖို့ သဘောတူတဲ့အကြောင်း လက်မှတ်ထိုးဖို့ စာတစောင်တော့လိုအပ်တယ် …… ကျုပ်တို့က နယ်ချဲ့တွေကို တိုက်မှာမို့လို့ နယ်ချဲ့တွေနဲ့ မိတ်ဖွဲ့နေဦးမယ်ဆိုရင် ခင်ဗျားတို့ကိုလည်း တိုက်ရမှာပဲ” ဟု ပြောခဲ့သော်လည်း သျှမ်းစော်ဘွားတို့က စာမရေးပေးလိုက်ချေ။ ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလတွင် လန်ဒန်မြို့၌ မြန်မာတို့ဘက်မှ ဗိုလ်ချုပ်အောင်ဆန်းက ခေါင်းဆောင်၍ လည်းကောင်း၊ ဗြိတိသျှ အစိုးရ ဘက်မှ ဗြိတိသျှ ဝန်ကြီးချုပ် ကလီးမင့် ရစ်ချတ် အက်တလီ (Clement Richard Attlee) က ခေါင်းဆောင်၍လည်းကောင်း ဆွေးနွေးနေစဉ် ဇန်နဝါရီ ၂၁ ရက်စွဲဖြင့် “ဗမာပြည်အစိုးရ ကိုယ်စားလှယ်အဖွဲ့သည် သျှမ်းပြည်နှင့် တောင်တန်းဒေသများကို ကိုယ်စားပြုနိုင်ခြင်း မရှိကြောင်း” သျှမ်းစော်ဘွားတို့က ကြေးနန်းရိုက်ခဲ့သည်။ ထိုအခြေအနေကို တုန့်ပြန်ရန် ဖဆပလ၏ အကူအညီဖြင့် ဦးတင်ဧ၊ ဦးထွန်းမြင့်တို့ ဦးဆောင်၍ တောင်ကြီးဈေးတွင်းရှိသော လူ ၂၀၀၀ ခန့်ကို လူစုဟောပြောကာ ဇန်နဝါရီ ၂၅ ရက် နေ့စွဲဖြင့် ရန်ကုန်ရှိ ဖဆပလအဖွဲ့သို့လည်းကောင်း၊ လန်ဒန်ရှိ ဗိုလ်ချုပ်အောင်ဆန်းထံသို့ လည်းကောင်း၊ ဗြိတိသျှနန်းရင်းဝန် အက်တလီထံသို့လည်းကောင်း ဗိုလ်ချုပ်အောင်ဆန်းကို ထောက်ခံကြကြောင်း ဦးဖေခင်မှပင် ကြေးနန်းရိုက်ပြီး စာပေးပို့ခဲ့သည်။ ဤသို့နှင့် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ချုပ်ဆိုသော “အောင်ဆန်း - အက်တလီ” စာချုပ်ထဲတွင် တိုင်းရင်းသားလူမျိုး ခေါင်းဆောင်များနှင့် ပင်လုံ (သို့မဟုတ် အထူးကွန်ဖရင့်တခု) တွင် သွားရောက်ညှိနှိုင်းရမည်ဟူ၍ ဖြစ်လာခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း လန်ဒန်မှ အသံလွှင့်စဉ်တွင်လည်း “လွတ်လပ်ရေး အတူယူ၊ မယူမှာ မိမိသည် တောင်တန်းဒေသတို့၏ ကိုယ်စားလှယ်မဟုတ်ပါ၍ သူတို့သဘော ဖြစ်ပါသည်” ဟု ဆိုခဲ့ပါသေးသည်။ ဒုတိယပင်လုံညီလာခံကို ၁၉၄၇ ခု ဖေဖော်ဝါရီလအစတွင်ပင် ကျင်းပလျက်ရှိရာ ဗမာဘက်မှ ဗိုလ်ချုပ်အောင်ဆန်း ရောက်မလာခင်ကာလ ၆ ရက်နေ့နှင့် ၇ ရက်နေ့များတွင် သျှမ်း-ကချင် ကိုယ်စားလှယ် အစည်းအဝေးမှ အောက်ပါအချက်များ သဘောတူဆုံးဖြတ်ထားကြသည်။ (၁) ကချင်ပြည်ရရှိရေးသဘောတူကြောင်း (၂) ဗမာပြည်နှင့်တန်းတူရေး (၃) မိမိပြည်တွင်းရေးကိစ္စကို ကိုယ်တိုင်တာဝန်ယူရန်နှင့် တပြည်လုံးနှင့်ဆိုင်သည့် အခြားကိစ္စများ အတွက် ပူးပေါင်းတာဝန်ယူရေး (၄) အောင်ဆန်း-အက်တလီစာချုပ်ကိုလက်မခံကြောင်း (၅) ခွဲထွက်ခွင့်ရရှိရေး ဖေဖော်ဝါရီ ၇ ရက်နေ့တွင် ဥက္ကဋ္ဌထံ ဘုရင်ခံက သျှမ်းပြည်ကောင်စီ၏ တင်ပြချက်၊ တောင်းဆိုချက် များကိုလက်မခံ၊ ပယ်ချကြောင်း အင်္ဂလိပ်ကော်မရှင်နာက ကြေးနန်းဖြင့် အကြောင်းပြန်ပြီး ဖက်ဒရယ် ဥပဒေမရှိဟု ကြေးနန်းဝင်လာရာ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားရာမှ ဦးထွန်းမြင့်၏ အကြံပြုချက်နှင့်အညီ ပင်လုံရောက်လာသော ပြည်သူ့ထောက်ခံမှုကို ချက်ချင်းရယူပြီး သျှမ်းပြည်ကောင်စီ၏ လူထုနှင့် စော်ဘွားကိုယ်စားလှယ် ၇ ဦးစီ ပါ၀င်မှု ဆုံးဖြတ်ချက်ကို အတည်ပြုကြောင်း၊ အင်္ဂလိပ်၏ ကြေးနန်းစာကို ဆန့်ကျင်ကြောင်း ကော်မရှင်နာနှင့် ဘုရင်ခံတို့ထံ ကြေးနန်းပြန်ရိုက်လိုက်ကာ သျှမ်းပြည်ကောင်စီကို ဖွဲ့စည်းလိုက်သည်။ ဗြိတိသျှကိုအာခံခဲ့သော ယင်း ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်နေ့သည်ပင် သျှမ်းအမျိုးသားနေ့ ဖြစ်ပေသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဖေဖော်ဝါရီ ၈ ရက်နေ့တွင် ပင်လုံသို့ရောက်လာခဲ့သည်။ ထို့နောက် ဆွေးနွေးကြရာ သျှမ်းစော်ဘွားများနှင့် ကချင်ဒူဝါများ၏ လိုလားချက်အချို့နှင့် ဗိုလ်ချုပ်အောင်ဆန်း အဆင်မပြေဖြစ်ခဲ့သေးသည်။ သျှမ်းပြည်နယ် ဒေသခံ လူငယ်ခေါင်းဆောင်များကလည်း အသင့်စုထားသော ကျောင်းသားလူငယ် ၂၀၀ ကို ကားဖြင့်ခေါ်လာပြီး သျှမ်းစော်ဘွားများကို ဖိအားပေးရန် ရှိခဲ့သည်။ နောက်တနေ့တွင်မူ ဗိုလ်ချုပ်အောင်ဆန်းက သဘောတူ လျှော့ပေါ့ညှိနှိုင်းရာ ခွဲထွက်ခွင့်ရလျှင် ဗမာပြည်မ လွတ်လပ်ရေးနှင့် ပူးပေါင်းလွတ်လပ်ရေးရယူမည်ဟု သဘောတူမျှကြသည်။ သို့နှင့် ပင်လုံစာချုပ် ချုပ်ဆိုကြပြီး ဗမာပြည် လွတ်လပ်ရေးတွင် သျှမ်းစော်ဘွား စဝ်ရွှေသိုက်က မြန်မာ့ပထမဆုံး သမ္မတ ဖြစ်လာခဲ့သည်။ ယင်းသဘောတူညီမှုကို ဗမာ့တပ်မတော်မှ နဂိုတည်းက ကျေနပ်ခြင်း မရှိဟု ကြည်ဝင်းစိန်က နှောင်းပိုင်းတွင် ပြန်ရေးသားသည်။ ဗိုလ်ချုပ်အောင်ဆန်းသာမက ပင်လုံတွင်ပါဝင်သော ဗိုလ်မှူးချုပ် တင်ထွဋ်လည်း ကားဗုံးခွဲ လုပ်ကြံခံခဲ့ရသည်။ လက်သည်လည်း မပေါ်ပေ။ အစပထမပိုင်းတွင် ဗမာအစိုးရနှင့် သျှမ်းစော်ဘွားတို့အကြား ဆက်ဆံရေး မဆိုးပေ။ ထိုကိစ္စကိုလည်း သျှမ်းလူငယ်တို့က မကျေနပ်ပေ။ ဦးထွန်းမြင့်လေး၏စာတွင် ဖဆပလ အစိုးရနဲ့ သျှမ်းစော်ဘွားတို့ ဆက်စပ်နေမှုကြောင့် အပြောင်းအလဲလုပ်ရမှာ မလွယ်ကူပုံကို ဝေဖန်ထားသည်။ ၁၉၅၀ နှစ်များတွင် ကူမင်တန် တရုတ်ဖြူတပ်များ၏ ကျူးကျော်မှုနောက်တွင် ဗမာစစ်တပ်များစွာ သျှမ်းပြည်နယ်သို့ ရောက်လာသည်။ တရုတ်ဖြူတို့ကိုတိုက်ရန် စော်ဘွားတို့တွင် အင်အားမရှိသလို၊ အချို့ စော်ဘွားများနှင့် တရုတ်ဖြူတို့ အဆင်ပြေနေသည့်အတွက် ဗမာတပ်တို့ ရောက်ရှိလာသည်မှာ သဘာဝကျသော်လည်း သဘာဝမကျသည်က ကူမင်တန်တို့မရှိသည့် ဒေသများပါ စစ်အုပ်ချုပ်ရေး ကြေငြာခံကြရခြင်း ဖြစ်သည်။ သျှမ်းစော်ဘွားတို့က ဘဝင်မကျသလို ဗမာစစ်တပ်ဘက်ကလည်း စော်ဘွားများကို ဗြိတိသျှ၏လူ ပဒေသရာဇ်အုပ်စုဟု မြင်သည့်အတွက် တင်းမာမှုများ မျိုးစုံ ဖြစ်လာခဲ့သည်။ သျှမ်းပြည်နယ်ကောင်စီဥက္ကဋ္ဌ ရွေးရာတွင် ဝန်ကြီးချုပ် သဘောမတူပါက အပယ်ခံနေရသည်ကိုလည်း ဝေဖန်မှုများရှိလာသည်။ ထိုကာလများတွင် ပဒေသရာဇ် ဆန့်ကျင်ရေးအင်အားစုများကလည်း အရှိန်ရလာသည်။ စော်ဘွားများကလည်း ဆန့်ကျင်မှုများကို အားသုံးဖိနှိပ်မှုများ ရှိခဲ့သည်။ ထိုစဉ်က ချင်းပြည်နယ်တွင်လည်း တိုက်သူကြီးစနစ်ကို ဖျက်သိမ်းထားသည့် ဥပမာကောင်း ရှိရာ ၁၉၅၂ ခု အောက်တိုဘာလအတွင်း မိုးမိတ်စော်ဘွားဦးစီးသော ယခင်သျှမ်းပြည်နယ်အစိုးရက ခေတ်နှင့်လျော်ညီသော ဒီမိုကရေစီ အုပ်ချုပ်ရေး ရှိရန်နှင့် ပြည်နယ်အကျိုးအဘက်ဘက်တွင် တိုးတက်ရရှိရေးကို မျှော်ကိုးပြီး သျှမ်းပြည်၏ နယ်ရှင်ဖြစ်သည့် စော်ဘွားများအား ၎င်းတို့၏ အုပ်ချုပ်မှုအာဏာ တရားစီရင်မှုအာဏာ အခွန်တော် စည်းကြပ်မှု အာဏာများကို စွန့်လွှတ်ရန် တိုက်တွန်းသည်။ ၁၉၅၂ ဒီဇင်ဘာလ ၇ ရက်နေ့တွင် အင်းလေးညီညွတ်ရေးအသင်း (UIA) ကိုဖွဲ့စည်းကာ ပဒေသရာဇ်ဆန့်ကျင်ရေး အားပေးသည်။ စော်ဘွားများအနေဖြင့် ရှမ်းပြည်လူငယ်အဖွဲ့ (ရပလ)၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပအမဖ) စသည်တို့ကို ဖဆပလအဖွဲ့က ကြိုးကိုင်နေသည်ဟု သံသယရှိကာ မကျေနပ်ပေ။ ၁၉၅၃ ခုနှစ် စက်တင်ဘာလတွင် ဖဆပလအစိုးရအဖွဲ့၏ ကာကွယ်ရေးဝန်ကြီး ဦးဘဆွေက သျှမ်းပြည်စော်ဘွားများ ဦးစီးသည့် တောင်တန်းဒေသ စည်းလုံးညီညွတ်ရေးအဖွဲ့ (တစညဖ) အပါအဝင် နိုင်ငံရေးအသင်းပေါင်းစုံကို တွေ့ဆုံဆွေးနွေးရာမှ ရှမ်းပြည်လုံးဆိုင်ရာအဖွဲ့ချုပ် (ရပလဖ) ပေါ်လာသည်။ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပအမဖ) ကမူ ပူးပေါင်းခြင်းမရှိပဲ စော်ဘွားများကို တော်လှန်ပယ်ရှားရန် လိုလားခဲ့သည်။ စော်ဘွားများကမူ အာဏာကို စွန့်လွတ်ရေးအတွက် သျှမ်းပြည်အခြေခံဥပဒေ စည်းမျဉ်းဆွဲရန် လိုနေသည်ဟု ပြောသော်လည်း လက်တွေ့တွင် ညီညီညွတ်ညွတ် ရေးဆွဲမပြနိုင်သည့်အတွက် ပဒေသရာဇ် ဆန့်ကျင်ရေး အင်အားစုများကလည်း မယုံကြည်ပါချေ။ ၁၉၅၆ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင်မူ ရှမ်းပြည်နယ်ညီညွတ်ရေးပါတီမှ ခွဲထွက်ရေးအဆိုကို ကြေငြာခဲ့သည်။ ၁၉၅၇ တွင် ညောင်ရွှေမဟာဒေဝီ၊ မှိုင်းရှူးစော်ဘွား၊ တောင်ပိုင်းသိန္နီစော်ဘွား၊ ကျေးသီးမန်စံ စော်ဘွားတို့ တွေ့ဆုံကာ “ရှမ်းပြည်ညီညွတ်ရေးအဖွဲ့” ဖွဲ့စည်းပြီး ခွဲထွက်ရေးအတွက် ဆုံးဖြတ်ကြသည်။ ယင်းနှစ် ဖေဖော်ဝါရီလတွင်ပင် လားရှိုးမြို့၌ စော်ဘွားများ အာဏာစွန့်ရေး မလိုလားကြောင်း လူတသောင်းကျော် ဆန္ဒပြသည်။ ရှမ်းပြည်ခွဲထွက်ရေး စိတ်အားထက်သန်သည့် အင်အားစုများနှင့် ကျိုင်းတုံစော်ဘွား အနွယ်တော်များက ၁၉၅၈ ခုနှစ် မေလတွင် နွံစစ်ဟန် တော်လှန်ရေးတပ်ဖွဲ့ (NSH) ကို တည်ထောင်ကာ ပထမဆုံး သျှမ်းလက်နက်ကိုင် တော်လှန်ရေးကိုစတင်ခဲ့ကြသည်။ ၁၉၅၈ အောက်တိုဘာတွင် ဗိုလ်နေဝင်း အိမ်စောင့်အစိုးရ တက်လာသည်။ စော်ဘွားများ အာဏာစွန့်ရေး၊ မစွန့်ရေး အကွဲအပြဲနှင့် KNDO တပ်၊ တရုတ်ဖြူတပ်များ၊ ဗမာတပ်များ သျှမ်းပြည်ဆီသို့ ရောက်လာခြင်းတို့က အလွန်ရှုပ်ထွေးစေခဲ့၏။ အာဏာသိမ်းထားချိန် ၁၉၅၉ ခုနှစ် အစောပိုင်းတွင် သျှမ်းစော်ဘွားများကို ငွေလျော်ပေးပြီး လက်မှတ်ထိုးစေသည်။ တဘက်ကလည်း အချို့စော်ဘွားများမှာ ဘာကို လက်မှတ်ထိုးလိုက်မိမှန်းပင် မသိခဲ့ဟု ကြုံလိုက်သူများက ပြန်လည်ရေးသားကြသည်။ မည်သို့ဆိုစေ ၁၉၅၉ ခုနှစ် ဧပြီလ ၂၄ ရက်တွင်မူ တောင်ကြီးမြို့တွင် အထူးအခမ်းအနားတရပ် ကျင်းပပြီး ရှမ်းစော်ဘွား ၃၄ ဦးတို့ အာဏာတရားဝင် စွန့်ခဲ့သည်။ သိန္နီစော်ဘွား စဝ်ဟုံဖမှ အာဏာကိုလက်ခံကာ လူထုရွေးကောက်ခံ သျှမ်းပြည်အစိုးရ အုပ်ချုပ်သော သျှမ်းပြည်အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ယင်းအချက်မှာ သျှမ်းပြည်တွင် ပဒေသရာဇ်စနစ်၏ နေဝင်ချိန်ဖြစ်သော်လည်း ဒီမိုကရေစီရောင်နီမသမ်းပဲ စစ်တပ်၏ အရိပ်ဆိုး ထိုးလာမည့် အစပင် ဖြစ်ချေသည်။ ၁၉၆၀ ခုနှစ် အလွန်တွင် ရှမ်းပြည်လွတ်လပ်ရေး တပ်မတော် (SSIA) နှင့် ရှမ်းအမျိုးသား တပ်မတော် (SNA) တို့ ဖြစ်လာကာ နွံစစ်ဟန်သည် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အလယ်ပိုင်း တကြောတွင် လှုပ်ရှားနေပြီး SSIA နှင့် SNA သည် ရှမ်းပြည် နယ်မြောက်ပိုင်းနှင့် ရှမ်းပြည်နယ် အရှေ့ပိုင်းတို့တွင် အခြေစိုက် လှုပ်ရှားနေခဲ့ကြသည်။ သျှမ်းခွဲထွက်ရေး အဖွဲ့အများအပြား ပေါ်လာသည်။ မည်သို့မျှ ဖက်ဒရယ်မဆန်သည့် ပြည်ထောင်စုအတုကြီး ဖြစ်လာသည့်အတွက် ၁၉၆၁ ခုနှစ်တွင် “ရှစ်ပြည်နယ်မူ” ခေါ် “သျှမ်းမူ” ကို တင်သွင်းပြီး အခြေခံဥပဒေကိုပြင်ကာ နိုင်ငံရေးလမ်းကို တွန်းရန် ရွေးသော်လည်း ဗမာစစ်တပ်ဘက်မှ ဖက်ဒရယ်ကိုခွဲထွက်ရေးဟု ဝါဒဖြန့်ခဲ့သည်။ ၁၉၆၂ ခုနှစ် မတ်လ ၂ တွင် စစ်အာဏာသိမ်းပြန်တော့သည်။ ယင်းနောက် ကျိုင်းတုံဟော်နန်းကို ဖျက်ဆီးကာ ညောင်ရွှေဟော်နန်းကို သိမ်းခဲ့သည်။ သမ္မတဟောင်းကြီး ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက်၊ အမတ် သီပေါစော်ဘွား စဝ်ကြာဆိုင် နှင့် အခြားရှမ်းခေါင်းဆောင်များသည် သျှမ်းလက်နက်ကိုင်ပုန်ကန်မှုကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ဖို့ရန် ကြိုးပမ်းခဲ့သည်ဟု ဘာတေးလ်လင့်တနာက ဆိုပါသည်။ သို့သော် သမ္မတဟောင်း စော်ဘွားကြီး စဝ်ရွှေသိုက်ပင် ထောင်ထဲတွင် ကွယ်လွန်ခဲ့ရပြီး သီပေါစော်ဘွား စဝ်ကြာဆိုင်လည်း စစ်တပ်လက်ထဲတွင် ဆုံးဆုံးမြုပ် ပျောက်သွားခဲ့သည်။ အချို့ကလည်း လက်နက်ကိုင်တော်လှန်မှုကို မထောက်ခံကြောင်း စာထုတ်ပေးရန် ညှင်းပန်းသော်လည်း မထုတ်ပေးပဲ အသေခံသွားသည်ဟု ဆိုကြသည်။ အတည်မပြုနိုင်ပေ။ သီပေါစော်ဘွားပျောက်ဆုံးသွားမှုကို သူ့မဟာဒေဝီပြန်ရေးသော Twilight Over Burma စာအုပ်တွင် ဖတ်ရှုနိုင်ပါသည်။ သျှမ်းပြည်တိုးတက်ရေးပါတီ (Shan State Progressive Party - SSPP) အာဏာသိမ်းလိုက်ပြီးသည့်နောက် သမ္မတကြီးစဝ်ရွှေသိုက်၏ မဟာဒေဝီ စဝ်နန်းဟိန်းခမ်းသည် သျှမ်းလက်နက်ကိုင် လှုပ်ရှားရာ ဒေသများဆီသို့ ရောက်လာခဲ့ပြီးနောက် အမည်နာမ အမျိုးမျိုး ကွဲပြားနေသော သျှမ်းလက်နက်ကိုင်အဖွဲ့များကို စုစည်းပြီး သျှမ်းပြည်တပ်မတော်ကို ၁၉၆၄ ခုနှစ်တွင် ထူထောင်လိုက်သည်။ အစောပိုင်းကာလများတွင် ကိုးကန့်၊ တအာင်း၊ ပလောင် စသော အခြားတိုင်းရင်းသားများလည်း ပူးပေါင်း ပါဝင်ခဲ့သည်။ သို့ရာတွင် မဟာဒေဝီနှင့်အတူတွဲသည့် စော်ဘွားစနစ် လိုလားသူများ၏ ဆက်ဆံမှုများကို မခံနိုင်ဖြစ်ခဲ့ကြကာ အချို့လည်း ခွဲထွက်ကုန်ကြသည်။ ထိုသို့ တည်ထောင်လာပြီး ကြားကာလ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် နီးစပ်မှုများ၊ ပါတီနှင့် တပ်တွင်း ခေါင်းဆောင်များကြား သဘောထားကွဲလွဲမှုများ၊ တပ်တွင်းမှ တပ်မဟာအလိုက် ခွဲထွက်သွားမှုများ၊ နိုင်ငံရေး ခေတ်စနစ်အပြောင်းအလဲများကြား စစ်အစိုးရလက်အောက်တွင် ပြည်သူ့စစ်အဖြစ် ခွဲထွက် ဖွဲ့စည်းသွား ခြင်းများ ရှိသော်လည်း SSPP/SSA သည် ယနေ့ထိ အင်အား အသင့်အတင့်ရှိသည့် သျှမ်းတော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့အဖြစ် ဆက်လက် တည်တံ့ နေဆဲဖြစ်သည်။ သံလွင်မြစ် အရှေ့ဘက်ခြမ်း တကြောဖြစ်သည့် မိုင်းရှုး၊ ကျေးသီး၊ တန့်ယန်းအပြင် ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ နမ္မတူ၊ သိန္နီ၊ နမ့်ခမ်း မြို့နယ်များအထိ ဖြန့်ကျက်လှုပ်ရှားသည်။ သမ္မတ ဦးသိန်းစိန်လက်ထက် ၂၀၁၂ တွင် SSPP က ဦးသိန်းစိန်၏ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ ကိုယ်စားလှယ်များ နှင့် ဆွေးနွေးပြီး ပဏာမအပစ်ရပ် စာချုပ် ၂ စောင်ကို လက်မှတ်ရေးထိုးခဲ့သည်။ သို့သော်လည်း နယ်ကျော်စစ်တပ်နှင့် တိုက်ပွဲများ ဖြစ်ပွားနေခဲ့သည်။ Mong Tai Army ၁၉၆၀ ခုနှစ်ဝန်းကျင်တွင် ကူမင်တန်တပ်များမှ အကြွင်းအကျန် တပ်များစွာလည်းရှိရာ ခွန်ဆာဦးဆောင်သော တပ်ဖွဲ့ငယ်လည်း တခုအပါအဝင်ဖြစ်သည်။ ယင်းတပ်သည် ၁၉၆၀ ခုနှစ်တွင် မြန်မာအစိုးရ ဩဇာခံ လွယ်မော်ကာကွယ်ရေးတပ်အဖြစ် ပြောင်းလဲခဲ့သည်။ ရှမ်းပြည်တပ်မတော်အား ဗမာအထောက်အပံ့ဖြင့် တိုက်ခိုက်ခဲ့သော်လည်း ၁၉၆၄ ခုနှစ်မှ စတင်တောခိုကာ ဘိန်းထုတ်လုပ်ရေးဖြင့် ရပ်တည်ခဲ့သည်။ ၁၉၆၇ ခုနှစ်တွင် ကူမင်တန်အကြွင်းအကျန်များနှင့် မသင့်မမြတ်ဖြစ်ပြီး ၁၉၆၉ တွင် အဖမ်းခံရသည်။ လက်ထောက်တပ်မှူးက ရုရှားလူမျိုးနှစ်ဦးကို ပြန်ပေးဆွဲကာ ပြန်လဲသည့်အတွက် ၁၉၇၄ တွင် လွတ်လာသည်။ ၁၉၈၅ ခုနှစ်တွင် စဝ်ကွဏ်းဇိန်း ဦးဆောင်သည့် ရှမ်းတော်လှန်ရေးကောင်စီနှင့် ပူးပေါင်းပြီး စဝ်ကွန်းဇိန်းက ဥက္ကဋ္ဌ၊ ခွန်ဆာက ဒုဥက္ကဋ္ဌအဖြစ် ဟိုမိန်းဌာနချုပ်ကို တည်ထောင်ကာ Mong Tai Army ဖြစ်လာသည်။ ၁၉၉၁ တွင် ခွန်ဆာ ဥက္ကဋ္ဌဖြစ်လာသည်။ ၁၉၉၅ ခုနှစ်တွင် တပ်တွင်းပုန်ကုန်မှုဖြစ်ရာ ၁၉၉၆ ခုနှစ် ဇန်နဝါရီလ၌ မြန်မာအစိုးရထံ လက်နက်ချသွားသည်။ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (Restoration Council of Shan State - RCSS) လက်နက်ချသည့် ဘိန်းဘုရင် ခွန်ဆာ၏ MongTai Army မှ တပ်သားများနှင့် SSA မှ ခွဲထွက်လာပြီး ဗိုလ်မိုးဟိန်း ဦးဆောင်သည့် SURA ရှမ်းတော်လှန်ရေး တပ်သားများပါဝင်ကာ တောင်ပိုင်းအခြေစိုက် ရှမ်းပြည်တပ်မတော် (SSA) ကို ၁၉၉၆ ဇန်နဝါရီတွင် ထူထောင်သည်။ ဗိုလ်ချုပ်ကြီးယွက်စစ် ဦးဆောင်ပြီး လွယ်တိုင်းလျန်းတွင် ဌာနချုပ် အခြေစိုက်ကာ နိုင်ငံရေးဦးဆောင်မှု အဖွဲ့အဖြစ် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ကို ၂၀၀၀ မေလတွင် တည်ထောင်ခဲ့သည်။ တပ်မတော်နှင့် ထိတွေ့တိုက်ခိုက်မှုများရှိခဲ့ပြီး သမ္မတ ဦးသိန်းစိန် လက်ထက် ၂၀၁၂ တွင် RCSS သည် ပဏာမအပစ်ရပ် စာချုပ်နှစ်စောင်ကို လက်မှတ်ထိုးခဲ့သည်။ ထို့ပြင် ၂၀၁၅ အောက်တိုဘာ ၁၅ ရက်တွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ကို ပါ ထပ်မံ လက်မှတ်ရေးထိုးကာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဦးတည်ပြီး ဆွေးနွေးသည့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် ပါဝင်ခဲ့သည်။ RCSS သည် တပ်မတော်နှင့် အပစ်ရပ်စာချုပ်များ အဆင့်ဆင့် လက်မှတ်ရေးထိုးစဉ်က ပြုလုပ်ခဲ့သည့် သဘောတူညီမှုများတွင် တပ်နေရာ တဖက်နှင့်တဖက် အသိအမှတ်ပြုမှုကဏ္ဍ၌ RCSS ၏ တပ်များသည် ရှမ်းပြည်နယ် တောင်ပိုင်းတွင်သာ အင်အားကောင်းခဲ့သော်လည်း NCA ရေးထိုးပြီးနောက်တွင် RCSS သည် SSPP သာမက TNLA နှင့်ပါ တိုက်ပွဲများဖြစ်လာခဲ့သည်။ SSPP ဘက်ကမူ ၎င်းတို့ စစ်ရေးအရ လှုပ်ရှားနေသည့် နယ်မြေများ၊ အုပ်ချုပ်ရေးယန္တရား တည်ဆောက်ထားသည့် ကျေးရွာများဘက်သို့ ဝင်လာခြင်းကို လက်မခံနိုင်ဟု ဆိုပြီး RCSS ဘက်က သမိုင်းကြောင်းတလျှောက်တွင် ၎င်းတို့တပ်များ လှုပ်ရှားခဲ့ဖူးသည့် နယ်မြေများကို ပြန်လည်၍ လှုပ်ရှားခြင်း ဖြစ်သလို ရှမ်းတပ်ဖွဲ့ဖြစ်သဖြင့် ရှမ်းတပြည်နယ်လုံးတွင် လှုပ်ရှားခွင့် ရှိသည်ဟု အကြောင်းပြသည်။ နှစ်ဖွဲ့အားပြိုင်မှုတွင် ဒေသခံအများအပြား ဒုက္ခရောက်ကြရပြီး ယင်းပြဿနာကို နှစ်ဖွဲ့ခေါင်းဆောင်များ မှလည်း သိရှိပါကြောင်း ပြောဆိုကြသည်။ သို့ရာတွင် နိုင်ငံရေး အုပ်ချုပ်ရေး အမြင်မတူသည့်အတွက် အခက်အခဲ ရှိနေသည်။ ညီနောင်သုံးဖော် အစွမ်းပြသော ၁၀၂၇ စစ်ဆင်ရေး နောက်တွင်မူ SSPP နှင့် RCSS အပစ်အခတ် ရပ်စဲထားကြောင်း ကြေငြာခဲ့သည်။ သျှမ်းပြည်ရှိ နိုင်ငံရေးပါတီများ သျှမ်းပြည်သည် ကြီးမားပြီး စုံလင်ကွဲပြားလှသော နယ်တခု ဖြစ်သည့်အလျောက် နိုင်ငံရေးပါတီများ မျိုးစုံကို တွေ့ရှိရပါသည်။ သျှမ်းတို့မှာ လူမျိုးစုံသော်လည်း နိုင်ငံရေးမှာ တလျှောက်လုံး နယ်မြေကို အခြေခံပြီး စဉ်းစားခဲ့ခြင်းသာ ဖြစ်သည်။ ပြဿနာများမှာလည်း နယ်မြေရေးဆိုင်ရာကသာများပြီး သျှမ်းနယ်တွင်းရှိ လူမျိုးများမှာ ငြိမ်းချမ်းမှုကို လိုလားပြီး အေးချမ်းစွာ နေခဲ့ကြသည်။ သို့သော် လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင် လူမျိုးရေးကွဲပြားမှုများ ဖြစ်လာသည်။ သျှမ်းတို့၏ အမျိုးသားနိုင်ငံရေးတွင် အထင်ရှားဆုံး ပါတီနှစ်ခုမှာ SNLD နှင့် SNDP ပါတီတို့ ဖြစ်ပါသည်။ SNLD (ကျားခေါင်းပါတီ) ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ကို ၁၉၈၈ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့တွင် ဖွဲ့စည်းနိုင်ခဲ့သည်။ ပထမဆုံးရုံးခန်းကို အမှတ် (၅၈)၊ ပထမထပ်၊ မဟာဗန္ဓုလပန်းခြံလမ်း (ယခင်ဘားလမ်း)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၌ ၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် မဲများစွာရရှိပြီး အလွန်ကြီးမားစွာ အောင်မြင်မှုရခဲ့သည်။ ၁၉၉၃ ခုနှစ် နဝတအစိုးရမှ အမျိုးသားညီလာခံကို ရန်ကုန်မြို့ သမ္မတအိမ်တော်အတွင်း၌ စတင်ကျင်းပခဲ့ရာ SNLD မှ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ၅ ဦး၊ ပါတီဗဟိုဦးစီးအဖွဲ့ဝင် ၅ ဦး စုစုပေါင်း ၁၀ ဦး တက်ရောက်ခဲ့သည်။ သို့သော် နဝတ အစိုးရ၏ စေတနာမမှန်မှုကြောင့် ၂၀၀၄ ခုနှစ် မေလ ၁၄ ရက်နေ့တွင် SNLD သည် အမျိုးသားညီလာခံမှ ထွက်ခဲ့သည်။ ယင်း အခြေအနေကြောင့် ဖြစ်လာသည့် အဟကိုလည်း နဝတက သူ့လူများပြန်ထည့်ကာ ကောင်းစွာ အသုံးချခဲ့သည်။ ၂၀၀၄ ခုနှစ် နိုဝင်ဘာလ စိန်ကျော့ဒေသရှိ SSPP/SSA ဗဟိုဌာနချုပ်တွင် သက်ဆိုင်ရာဒေသ စစ်တိုင်းမှူး၏ ခွင့်ပြုချက်ဖြင့် နိုင်ငံတော်အစိုးရနှင့် ရှမ်းပြည်တပ်မတော်တို့ ငြိမ်းချမ်းရေးရယူခဲ့သည့် (၁၅) နှစ်ပြည့် အခမ်းအနားကို ဥက္ကဋ္ဌ ခွန်ထွန်းဦး၊ အတွင်းရေးမှူး စိုင်းညွန့်လွင်၊ ဗဟိုဦးစီးအဖွဲ့ဝင်များဖြစ်သော စိုင်းလှအောင်၊ စဝ်သာဦး တို့ တက်ရောက်ခဲ့ကြရင်း ရှမ်းပြည်အတိုင်ပင်ခံကောင်စီ ဖွဲ့စည်းရေး ကိစ္စကို ဆွေးနွေးခဲ့ကြသည်။ ထိုနောက် ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့ (ရှမ်းပြည်နယ်နေ့) တွင် ရှမ်းပြည်ပညာရှင်များ အတိုင်ပင်ခံကောင်စီ ကို ဖွဲ့စည်းခဲ့သည်။ ထိုသို့ဖွဲ့စည်းပြီး နောက်တစ်နေ့မှစကာ SNLD ခေါင်းဆောင်များကို လမ်းပေါ်တွင်လည်းကောင်း၊ နေအိမ်များတွင်လည်းကောင်း ဖမ်းဆီးခဲ့သည်။ ၂၀၀၅ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့တွင် အမျိုးသားညီလာခံအား ဖျက်ဆီးနှောင့်ယှက်သူများ ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေပုဒ်မအပြင်စသည့် ဥပဒေပုဒ်မပေါင်းများစွာဖြင့် ထိုသို့ချမှတ်ရာတွင် ခွန်ထွန်းဦးအား ထောင်ဒဏ် ၉၃ နှစ်ဖြင့် ကချင်ပြည်နယ် ပူတာအိုထောင်သို့ လည်းကောင်း၊ စိုင်းညွန့်လွင်အား ထောင်ဒဏ် ၈၅ နှစ်ဖြင့် စစ်ကိုင်းတိုင်း ကလေးထောင်သို့ လည်းကောင်း၊ စိုင်းလှအောင်အား ထောင်ဒဏ် ၇၉ နှစ် ချမှတ်၍ ရခိုင်ပြည်နယ် ကျောက်ဖြူထောင်သို့ လည်းကောင်း ပို့ဆောင်ခဲ့သည်။ နောက်ပိုင်းတွင် SNLD ပါတီကိုလည်း ပါတီတည်ထောင်ခွင့် ဆက်လက်လျှောက်ထားခြင်း မရှိ၍ ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလ၁၄ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာချက်အမှတ် (၉၇/၂၀၁၀) ဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်ကြောင်း ကြေညာခဲ့သည်။ အရပ်သားတပိုင်း အစိုးရသစ် တက်လာပြီးနောက်ပိုင်း သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် ၂၀၁၂ ခုနှစ် ဇန်နဝါရီလတွင် SNLD ခေါင်းဆောင်များသည် ပြန်လည် လွတ်မြောက်လာခဲ့ကြကာ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် SNLD ပါတီအား တရားဝင်ပါတီအဖြစ် ပြန်လည်ရပ်တည်ခဲ့ကြသည်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီအား ၂၀၁၂ ခုနှစ် ဇွန်လ ၁၂ ရက်နေ့ ရက်စွဲဖြင့် ပါတီမှတ်ပုံတင်အမှတ်စဉ် (၅၆) ဖြင့် ခွင့်ပြုကြောင်း အကြောင်းပြန်ခဲ့သည်။ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင်လည်းကောင်း၊ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင်လည်း မဲအရေအတွက် များစွာ အနိုင်ရရှိခဲ့သည့် အစဉ်အလာကြီးသော ပါတီဖြစ်သည်။ SNDP (ကျားဖြူပါတီ) ပါတီကို ၂၀၁၀ ခုနှစ် ဧပြီလတွင် မှတ်ပုံတင်ခဲ့သည်။ ပါတီ၏ ဌာနချုပ်မှာ ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်တွင် တည်ရှိပြီး ပါတီဥက္ကဋ္ဌမှာ ဦးစိုင်းအိုက်ပေါင်း ဖြစ်သည်။ ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် မန္တလေးတိုင်း ဒေသကြီးတို့မှ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲပြီးနောက် ပါတီဝင် ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နှစ်ဦးဖြစ်သော ဦးစိုင်းအိုက်ပေါင်းနှင့် ဦးစိုင်းနော်ခမ်းတို့ကို ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာ ဝန်ကြီးများအဖြစ် ခန့်အပ်ခံခဲ့ရသည်။ ၂၀၁၁ ခုနှစ် ဒီဇင်ဘာတွင် ပါတီ ဌာနချုပ်ကို တောင်ကြီးမြို့သို့ ပြောင်းရွှေ့ခဲ့သည်။ စစ်အာဏာသိမ်းအပြီး ပါတီမှတ်ပုံ တင်ခဲ့ရာ “ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ” မှ “ရှမ်း နှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ” ဟု နာမည်ပြောင်းလဲခဲ့သည်။ ပါတီအလံတွင်လည်း ဝါစိမ်းနီ ဘောင်ခတ်မှု တိုးလာသည်။
0 Comments
Leave a Reply. |
Site powered by Weebly. Managed by Porkbun