6/18/2025 0 Comments နာဂလန်းရဲ့ ချင်းလူမျိုးများ(ယခုစာမှာ Draft မူကြမ်းဖြစ်၍ အချက်အလက်ကို နောက်ဆုံးအကြိမ် ပြန်လည်မစစ်ဆေးရသေးပါ။)
ချင်းလူမျိုးများသည် ဗမာ-အိန္ဒိယနယ်စပ်နဲ့ ဝန်းကျင်ဒေသများရှိ မြင့်မားသောတောင်တန်းများတွင် နေထိုင်ကြသောလူမျိုးစုများဖြစ်သည်။ ဘာသာစကားနှင့် ဒေသိယအသံအခွဲမျိုးစုံ ပြောဆိုကြပြီး နိုင်ငံအတွင်းမှာပင် ၄၄ မျိုးခန့် ကွဲပြားသည်ဟုဆိုသည်။ ခရစ်ယာန် သာသနာပြုများရောက်မလာချိန်အထိ စာပေထွန်းကားမှု မရှိခဲ့ပေ။ အများစုမှာ ခရစ်ယာန်ဘာသာ ကိုးကွယ်ကြသော်လည်း မြောက်ပိုင်း-တောင်ပိုင်း ယဉ်ကျေးမှုများ ကွဲပြားကြသည်။ ရှေးကဆိုလျှင် ရန်သူခေါင်းများကို ဖြတ်ယူစုဆောင်းသောချင်းများရှိသလို၊ ယောနယ်ဘက် ဆင်းကာ လူဖမ်းပြီး ခိုင်းစားသော၊ ငွေနှင့်ပြန်ရွေးခိုင်းသောချင်းများလည်းရှိသည်ဟု တွေ့ရသည်။ လူမျိုးလူထုဟူသည် ရိုးရိုးရှင်းရှင်း မျိုးရိုးဆင်းသက်မှု၊ သို့မဟုတ် အသားအရောင်ကိစ္စသက်သက်မျှ မဟုတ်ပေ။ ဇာတ်ကြောင်းများ၊ အမည်များ၊ သင်္ကေတများ၊ စုပေါင်းမျှဝေသည့် မှတ်ဉာဏ်များနှင့် မျှဝေခံစားရသော သမိုင်းအသိစိတ်တို့ စုစည်းပေါင်းစပ်ထားခြင်းဖြစ်သည်။ “ချင်းလူမျိုးတဦးကို ချင်းဖြစ်စေသောအရာ” ကို စူးစမ်းရာတွင် ဘာတွေကို တွေ့ရမည်နည်း။ Anthony D. Smith ၏ Ethnosymbolism သီအိုရီမှ ဆွဲထုတ်ကာ လူမျိုးသင်္ကေတအမြင်ကို သုံး၍ ရှုကြည့်မည်ဆိုလျှင် မျှဝေထားသောအမည်၊ ဘုံဆင်းသက်လာမှု ဒဏ္ဍာရီ၊ ဇာတိမြေနှင့်ဆက်နွယ်မှု၊ စုပေါင်းမှတ်ဉာဏ်၏ အုတ်မြစ်ရေခံမြေခံ၊ တူညီသည့် ယဉ်ကျေးမှုလက္ခဏာများ၊ စည်းလုံးသည့် စိတ်ဓာတ် တို့ကို ကြည့်ရမည်ဖြစ်သည်။ Benedict Anderson ပြောသကဲ့သို့ မျှဝေစဉ်းစားထားသည့် နိုင်ငံရေးအသိုက်အမြုံကိုလည်း ကြည့်ရမည်။ Gellner ပြောသကဲ့သို့ ယဉ်ကျေးမှု တူသူများ ဖြစ်သလား၊ မိမိတို့အချင်းချင်း လူမျိုးတူဟု စဉ်းစားသလား ဟုလည်း ကြည့်ရမည်။ ဤရှုထောင့်များသည် သဘောတရားအရ ကြွယ်ဝရုံသာမက ချင်းတို့အတွက်လည်း အရေးပါသည်။ ချင်းတို့၏ ရိုးရာအယူအဆဖြစ်သော Miphun (မျှဝေထားသောအမည်နှင့် ဘိုးဘွားစဉ်ဆက်) နှင့် ရမ်-Ram (ဇာတိမြေနှင့် သမိုင်း မှတ်ဉာဏ်) တို့တွင် နက်ရှိုင်းစွာ စွဲမြှုပ်ထားသည်။ မြန်မာ့လွတ်လပ်ရေးသည် ကတိပျက်မှုများ၊ စစ်အာဏာသိမ်းမှုများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အပြောင်းအလဲများ၊ ပြည်တွင်း၌ အိုးအိမ်စွန့်ခွာမှုများနှင့် နယ်ခြားဖြတ်ကျော် ရွှေ့ပြောင်းနေထိုင်မှုများဖြင့် ချင်းတို့အတွက် ကွဲပြားသော ဘဝအချိုးအကွေ့များ ပေါ်ထွန်းလာစေခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ ချင်းလူမျိုးများသည် ဌာနေဒေသခံ နိုင်ငံရေးအသိဝိဉာဉ်သာမက အခြားနိုင်ငံများတွင်ပါ ပြန့်ကျဲရောက်ရှိနေသော နိုင်ငံရေးအသိစိတ်တစ်ခုကိုလည်း တိုးတက်စေခဲ့သည်။ ပြည်ပရောက် ချင်းအသိုင်းအဝိုင်းများ (အထူးသဖြင့် အိန္ဒိယ၊ မလေးရှားနှင့် အနောက်နိုင်ငံများတွင် ရောက်နေကြသူများ) ကလည်း ချင်းလူမျိုးစု၏ အမှတ်အသားကို ထိန်းသိမ်းရာတွင်၊ ပြန်လည်ဖော်ထုတ်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ သူတို့လည်း မိမိတို့၏ သမိုင်းမှတ်တမ်းတင်သူများ၊ မိမိတို့၏ ကလေးများ၏ ပညာပေးသူများနှင့် မြန်မာနိုင်ငံရှိ ဖက်ဒရယ်စနစ်နှင့် လူ့အခွင့်အရေးအတွက် အလုပ်လုပ်သူများ ဖြစ်လာခဲ့သည်။ “ချင်း” ဟူသောအမည်သည် သွေးမျိုးဆက် သို့မဟုတ် အုပ်ချုပ်ရေးဆိုင်ရာ အညွှန်းသက်သက်မဟုတ်ပေ။ ယဉ်ကျေးမှုနှင့် စုပေါင်းကံကြမ္မာတို့နှင့် ဆက်စပ်ပေးသော သင်္ကေတတံတားတခု ဖြစ်သည်။ ၎င်း၏ ဝေါဟာရ အရင်းမြစ်ကို ချင်းလူမျိုးတို့၏ မူလအစဟုဆိုသော ဒဏ္ဍာရီလာ လှိုဏ်ဂူတစ်ခုဖြစ်သည့် ချင်းလွန်း (Chinlung)/ စင်းလွန်းခေါ် ဒေသ သို့ မကြာခဏ ပြန်ခြေရာခံလေ့ရှိသည်။ ဒေသိယစကားများနှင့် မျိုးနွယ်စုများအလိုက် ကွဲပြားမှုများစွာရှိသော်လည်း ဤဒဏ္ဍာရီသည် ချင်းတို့၏ အခြေခံသင်္ကေတအဖြစ် ကမ္ဘာမြေကြီးမှ ပေါ်ထွက်လာခြင်း၊ မွေးဖွားခြင်းနှင့် ဖြစ်တည်လာခြင်း လောကအမြင်တို့တွင် အံ့သြဖွယ်ကောင်းလောက်အောင် ရှိနေဆဲဖြစ်သည်။ ချင်းတို့၏ ရိုးရာဓလေ့များသည် ပါးစပ်သမိုင်းများနှင့် ရိုးရာပုံပြင်များဖြင့် ပြည့်နှက်နေသည်။ ရှေးစာဖြင့်ရေးသားထားသော မှတ်တမ်းမရှိခြင်းကြောင့် ပုံပြင်များ၊ သီချင်းများ (တွမ်ဘီးယား) နှင့် ရိုးရာဓလေ့များသည် ယဉ်ကျေးမှုဆိုင်ရာ မှတ်ဉာဏ်အဖြစ် လုပ်ဆောင်ခဲ့သည်။ ဥပမာအားဖြင့်၊ မီဇိုမျိုးနွယ်စု၏ ဟမာအုပ်စုသည် ယနေ့တိုင် သီဆိုနေဆဲ သီချင်းများတွင် “စင်လွန်း” ကို ၎င်းတို့၏ ဘိုးဘွားတို့၏ နေအိမ်အဖြစ် ရည်ညွှန်းကာ ၎င်းတို့၏ အိုးအိမ်စွန့်ခွာမှုနှင့် ညီညွတ်ရေးအတွက် တောင့်တမှုကို ထင်ဟပ်စေသည်။ ခူရမ်ကဲ့သို့သော ပူဇော်ပသခြင်းဆိုင်ရာ ရိုးရာဓလေ့များတွင်လည်း ချင်းလွန်းမှ လမ်းကြောင်းကို ရည်ညွှန်းသော အလားတူ ရည်ညွှန်းချက်များကို တွေ့ရှိရသည်။ ချင်းလူမျိုးတို့၏ မွေးရပ်မြေအဖြစ် ချင်းလွန်းကို ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်ခြင်းသည် နှုတ်ပြောစကား ရိုးရာပုံပြင်များတွင်သာ ရပ်မသွားပေ။ ဟရန်နောလ်နှင့် ဗမ်ဆွန်ကဲ့သို့သော ထင်ရှားသော ချင်းပညာရှင်များသည် လူမျိုးစုဆိုင်ရာလက္ခဏာအဖြစ် ပြခဲ့သည်။ Piate အမျိုးသားကောင်စီကဲ့သို့သော နိုင်ငံရေး အဖွဲ့အစည်းများသည် လူမျိုးစည်းလုံးညီညွတ်ရေးနှင့် အခွင့်အရေးများအတွက် တရားဝင်တောင်းဆိုမှုများတွင် ချင်းလွန်းကို စနစ်တကျ ထည့်သွင်းခဲ့သည်။ “ချင်း” ဟူသည် လူစု၊ အသိုက်အမြုံဟုပင် အဓိပ္ပာယ်ရသည်။ ကိုလိုနီခေတ်သမိုင်းနှင့် ပြင်ပဘာသာဗေဒဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက်များက “ချင်းလူမျိုးဖြစ်မှု” ကို သက်ရောက်မှု ရှိခဲ့၏။ ဒေသဆိုင်ရာနှင့် ကိုလိုနီခေတ်သုံး စကားများတွင် “ခယန်”၊ “ကူကီ”၊ “လူရှိုင်း” နှင့် “ခေါင်” ကဲ့သို့သော ကွဲပြားမှုများ တွေ့ခဲ့ရသည်။ ပြင်ပလူများက ဤအမည်များကို အသုံးပြုခဲ့သော်လည်း၊ “ချင်း” ဟူ၍ သတ်မှတ်ခြင်းသည် ၁၈၉၆ ခုနှစ် ချင်းတောင်တန်းဥပဒေတွင် ဤအသုံးအနှုန်းကို တရားဝင်အသိအမှတ်ပြုခြင်းဖြင့် ခိုင်မာလာခဲ့သည်။ ‘ချင်း’ ဟူသောအမည်သည် တကယ်တမ်း “လူ” ဟူသည့် မူလအစတွင် အခြေခံထားသော်လည်း၊ ချင်းလူထုအဖို့မူ ကိုလိုနီခေတ်နှင့် လွတ်လပ်ရေးရပြီးခေတ် စိန်ခေါ်မှုများကို ရင်ဆိုင်ရမည့် နိုင်ငံရေးဆိုင်ရာ အတွေ့အကြုံများနှင့် ရည်မှန်းချက်များကို ပုံဖော်ပေးခဲ့သည်။ လူမှုဗေဒပညာရှင် ကလစ်ဖို ဂီးရ့်ဇ် (Clifford Geertz) က လူမျိုးစုများသည် မျှဝေထားသော သွေး၊ နယ်မြေနှင့် ဒဏ္ဍာရီတို့မှ အမြစ်တွယ်သော မူလနှောင်ကြိုးများဖြင့် ချည်နှောင်ထားသည်ဟု ဆိုခဲ့သည်။ ချင်းလူမျိုးများအကြားတွင် ဤနှောင်ကြိုးများကို မျိုးဆက်များနှင့် ဘာသာစကားနယ်နိမိတ်များကို ဖြတ်ကျော်၍ ချင်းလွန်းဒဏ္ဍာရီကို တူညီစွာ တွေ့ရခြင်းက အားဖြည့်ပေးသည်။ ဥပမာအားဖြင့် မီဇို၏ ရာလ်တဲအုပ်စုသည် သဘာဝကမ္ဘာကို အနှောင့်အယှက်ဖြစ်စေသော ကြီးမားသော မှောင်မိုက်မှုကာလဖြစ်သည့် သင်မ်ဇင် (Thimzing) ကာလအတွင်း လူများပေါ်ထွက်လာပုံ ဇာတ်လမ်းကို လက်ဆင့်ကမ်းထားသည်။ ဂျေ ရှိတ်စပီးယား (J. Shakespear) သည် ၂၀ ရာစုအစောပိုင်းတွင် ဤပါးစပ်သမိုင်းများကို မှတ်တမ်းတင်ခဲ့ပြီး၊ ထိုဒဏ္ဍာရီများသည် ဇာတ်ကြောင်းဆိုင်ရာ စည်းလုံးမှုသာမက ဝိညာဉ်ပိုင်းဆိုင်ရာ အလေးအနက်ထားမှုကိုလည်း မည်သို့ပေးသည်ကို မှတ်သားခဲ့သည်။ အခြားကွဲပြားမှုများသည် ဤဒဏ္ဍာရီတွင် အလွှာများထပ်ထည့်ခြင်းဖြစ်သည်။ မာရာမျိုးနွယ်စုသည် မြေကြီးမှ ပေါ်ထွက်လာသော လူထုကို ၎င်းတို့၏အမည်များကို မည်မျှကျယ်လောင်စွာနှင့် ယုံကြည်မှုရှိရှိ ကြေငြာသည်အပေါ် မူတည်၍ ဘုရားသခင်က ကန့်သတ်ထားပုံ ပုံပြင်ရှိသည်။ ဆူညံသံနည်းပါးစွာ ပေါ်ထွက်လာသော “လူရှိုင်း” လူမျိုးများအား ကမ္ဘာပေါ်တွင် လူဦးရေတိုးပွားရန် အချိန်ပိုပေးခဲ့သည်။ မျိုးနွယ်စုများအကြား လူဦးရေကွာခြားမှုကို ရှင်းပြချက်တခုဖြစ်သည်။ ထို့အပြင် ယင်းပုံပြင်များ ပျောက်ဆုံးသွားသည့် လူမျိုးစုများလည်း ရှိနိုင်သည်။ ဤကွဲပြားမှုများရှိသော်လည်း၊ လှိုဏ်ဂူ သို့မဟုတ် မြေအောက်မူလအစမှ ပေါ်ထွက်လာခြင်း၏ အကြောင်းအရာသည် ဆက်လက်တည်ရှိနေသည်။ အချို့ရိုးရာဓလေ့များသည် ၎င်းကို ခူလ် (Khul)၊ ခူရ် (Khur)၊ လွန်ကွာ (Lung-kua) စသည်ဖြင့် ခေါ်သော်လည်း၊ အားလုံးသည် သင်္ကေတအရ တူညီသည့် မွေးဖွားမှုတခုအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ အားလုံး အတူတကွ နေရာတခုမှ လာကြသည်ကိုလည်း ဖော်ပြသည်။ ဧရာမမြွေကြီးနှင့် ရေလွှမ်းမိုးမှု၏ ဒဏ္ဍာရီကဲ့သို့သော ကွဲပြားခြားနားသော ချင်းပုံပြင်များပင်လျှင်၊ နောက်ဆုံးတွင် တခုတည်းသော မူလအစကို အတည်ပြုရင်း ပြန့်ကျဲသွားခြင်းကို ရှင်းပြရန် ကြိုးစားကြခြင်းဖြစ်သည်။ ထိုဒဏ္ဍာရီများကို အမှန်တကယ် ပထဝီဝင်ဆိုင်ရာ ဖြစ်ရပ်များနှင့် ဆက်စပ်နေနိုင်သည်။ ဟတ်တန်နှင့် ဂန်တဲကဲ့သို့သော ပညာရှင်များသည် ဤဒဏ္ဍာရီများသည် ချင်းတွင်းမြစ် ရေလွှမ်းမိုးခြင်းကဲ့သို့သော သဘာဝ ဘေးအန္တရာယ်များကို ရည်ညွှန်းနိုင်ပြီး၊ ထိုရေလွှမ်းမိုးမှုကြောင့် ချင်းတွင်းနား အစောပိုင်းအခြေချနေထိုင်သူများ ပြန့်ကျဲသွားခဲ့မှုကို ပြောသည်ဟု ခန့်မှန်းခဲ့ကြသည်။ ဤသမိုင်းအမြင်ကို လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ၊ ဒဏ္ဍာရီ၏ စိတ်ပိုင်းဆိုင်ရာနှင့် ယဉ်ကျေးမှုဆိုင်ရာ လွှမ်းမိုးမှုသည် အတူတူပင်ဖြစ်ပေသည်။ ကမ္ဘာသို့ အတူတကွ ပေါ်ထွက်လာခြင်း စုပေါင်းယုံကြည်မှုအပေါ် အခြေခံသော မျှဝေခံစားရသည့် ဘိုးဘွားစဉ်ဆက်တူညီကြသည့် ခံစားချက်ကို မြှင့်တင်ပေးသည်။ ဇာတိမြေနှင့် ဆက်နွယ်မှုနှင့် မျှဝေခံစားရသော သမိုင်း မှတ်ဉာဏ်သည်လည်း ချင်းတို့တွင် အချင်းချင်း နီးကပ်စွာ ဆက်စပ်နေသည်။ ချင်းတို့၏ ရမ် (Ram) အယူအဆသည် နယ်မြေအပေါ် အခြေခံရုံသာမက အတိတ်ကာလ ရုန်းကန်မှုများ၊ ရွှေ့ပြောင်းနေထိုင်မှုများနှင့် အောင်မြင်မှုများ၏ စုဆောင်းထားသောမြေ ပထဝီ မှတ်ဉာဏ်ကိုလည်း သွင်းထားသည်။ ကမ္ဘာပေါ်ရှိ ဌာနေတိုင်းရင်းသား အများအပြားအတွက် မြေသည် အဓိပ္ပာယ် ရှိကြသည်။ ချင်းတို့အတွက်လည်း ဇာတိမြေသည် မြေကွက်အကန့်အသတ်တစ်ခုမဟုတ်ဘဲ အဓိပ္ပာယ်များဖြင့် ပြည့်နှက်နေသော သမိုင်းဝင်နေရာတစ်ခုဖြစ်သည်။ ဒဏ္ဍာရီလာ ချင်းလွန်းဖြစ်စေ၊ မြန်မာနိုင်ငံအနောက်ပိုင်း တောင်တန်းများဖြစ်စေ၊ မီဇိုရမ်နှင့် မဏိပူရပြည်နယ်များ၏ ကုန်းမြင့်များဖြစ်စေ၊ ဇာတိမြေသည် ရိုးရာဓလေ့၊ ပါးစပ်ရာဇဝင်နှင့် ဇစ်မြစ်ဆိုင်ရာဘဝအသိတို့မှတဆင့် အသက်ဝင်သော မှတ်ဉာဏ်ရှုခင်းတခုအဖြစ် တည်ရှိသည်။ ရမ် (Ram) အယူအဆသည် ရုပ်ပိုင်းဆိုင်ရာနှင့် နာမ်ပိုင်းဆိုင်ရာတို့ကို ပေါင်းစပ်ကာ ပုံပြင်များနှင့် ဝိညာဉ်ရေး ပူဇော်သက္ကာယပြုခြင်းများမှတဆင့် လူတို့ကို ပထဝီမြေပံသုနှင့် ချည်နှောင်ထားသည်။ ခေတ်သစ်နိုင်ငံများအတွက် မြေသည် အမြတ်ထုတ်ရမည့်နေရာ၊ ပိုင်ဆိုင်ရန် အကွက်ရိုက်ရသည့် နေရာ၊ စီးပွားရေးလုပ်ရန် ရှင်းလင်းရမည့်နေရာ ဖြစ်သော်လည်း ကမ္ဘာ့ဌာနေတိုင်းရင်းသား အများအပြားသည် ယခုကဲ့သို့ မိမိတို့မြေကို စီးပွားရေးပိုင်ဆိုင်မှုတခုအဖြစ်လျှော့ချခြင်းသည် ရွံမုန်းဖွယ်ရာဖြစ်သည်ဟု မြင်ကြသည်သာဖြစ်၏။ ပါးစပ်ရာဇဝင်များတွင်ရှိခဲ့ပြီး ချင်းပညာရှင်များ၏ ရေးသားထားသော စာပေများတွင် တဖြည်းဖြည်း ထွန်းလင်းလာသည့် သမိုင်းမှတ်ဉာဏ်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် တိုက်ပွဲများ၊ ကိုလိုနီအင်အားစုများကို ခုခံတော်လှန်မှုများနှင့် လူမျိုးစုစည်းလုံးညီညွတ်ရေးအတွက် ရုန်းကန်မှုများ ပါဝင်သည်။ ဤမှတ်ဉာဏ်များသည် ဖြစ်ရပ်များကို သာမန်စကားဝိုင်းလို ပြန်လည်ပြောပြခြင်းမဟုတ်ဘဲ၊ လက်ရှိနှင့် အနာဂတ်မျိုးဆက်များအတွက် ကိုယ်ကျင့်တရားနှင့် တည်ရှိမှုဆိုင်ရာ ဘောင်များကို ပေးအပ်ကာ ၎င်းတို့ကို အဓိပ္ပာယ်ဖွင့်ဆိုသည်ဟု မြင်ရမည်။ နိုင်ငံရေး မှတ်ဉာဏ်သည်လည်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်။ အိန္ဒိယနှင့် မြန်မာနိုင်ငံအတွင်း ဖက်ဒရယ်အရ အသိအမှတ်ပြုမှုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့အတွက် တောင်းဆိုမှုများသည် ဤမျှဝေခံစားရသော မှတ်ဉာဏ်များနှင့် ဒဏ္ဍာရီများကို မကြာခဏ ရည်ညွှန်းကြသည်။ စိတ်ခံစားမှုအတွက်သာမက တရားဝင်မှုကို အခိုင်အမာအဆိုပြုနှင့် တရားမျှတမှုကို တောင်းဆိုရန်ဖြစ်သည်။ ဥပမာအားဖြင့်၊ အိန္ဒိယ-မြန်မာနယ်စပ်တလျှောက် ချင်းလူမျိုးများကို စည်းလုံးညီညွတ်စေရန် တောင်းဆိုမှုများသည် မျှဝေခံစားရသော ဆင်းရဲဒုက္ခနှင့် မူလအစ၏ သမိုင်းဆိုင်ရာ ဇာတ်ကြောင်းများကို အခြေခံသည်။ ရမ် (Ram) သည် မြေယာ သို့မဟုတ် နယ်မြေအကြောင်းသာမက မျှဝေခံစားရသည့် ဘုံသမိုင်းကြောင်းတွင် စုပေါင်းပါဝင်ခြင်း အကြောင်းလည်း ဖြစ်သည်။ ပထဝီ နေရာတခုတွင်သာမက ယင်း၏ဇာတ်ကြောင်းပေါ်တွင်လည်း အခြေခံထားသည်။ ချင်းရွာများတွင် သာမန်လူတန်းစားများနှင့် ဦးဆောင်သူများဟူ၍ ကွဲပြားရှိတတ်သည်။ အုပ်ချုပ်မှုမှာ ရမ်အုပ် ခေါ် နယ်ရှင်ကြီးများသဖွယ်စနစ်ကို သုံးစွဲနိုင်သလို အကြီးအကဲအဖွဲ့ကောင်စီဖြင့် အုပ်ချုပ်သည့် တပိုင်းဒီမိုကရေစီစနစ်လည်း ရှိသည်။ ရှေးယခင်က အချို့သော အသိုက်အဝန်းများတွင် ကျွန်များပိုင်ဆိုင်သည်။ ယင်းကျွန်များမှာ စစ်သုံ့ပန်းများ၊ အကြွေးပေးချေသည့် အနေဖြင့် ကျွန်ဖြစ်လာသူများ၊ ကလဲ့စားချေခံရခြင်းမှ ရှောင်ကြဉ်ရန် အကာအကွယ်အဖြစ် ခေါ်ထားသူများ ဖြစ်ကြသည်။ ဦးဆောင်သူတို့အိမ်မှ အမျိုးသမီးများသည် မျိုးရိုးအလိုက် ကျွန်ဖြစ်တတ်သည်။ ရှေးအခါကမူ ဦးဆောင်သူတို့အတွက် အိမ်ဆောက်ခြင်း၊ လယ်ယာ စိုက်ပျိုးခြင်းတို့ကို ရွာသားများအား အလကားလုပ်ခိုင်းတတ်သော်လည်း နှောင်းခေတ်များတွင် ထိုအလေ့များ မရှိတော့ပေ။ အချို့မျိုးနွယ်စုများတွင် သေဆုံးသောအခါ ဈာပနအခမ်းအနားတွင် ပိုင်ဆိုင်မှုများကို ဖော်ပြပြီး ဘဝတွင် မည်မျှဖွံ့ဖြိုးခဲ့သည်အားသိကြရသည်ဟု ဆိုသည်။ သမိုင်းအားဖြင့် ကံရာဇာကြီးမင်း၊ ရခိုင်ဘုရင် မင်းဖလောင်း၊ ဘုရင့်နောင်၊ အလောင်းဘုရားနှင့် ကုန်းဘောင်ဘုရင်တို့၏ စာရင်းများတွင် ချင်းလူမျိုးများအမှုထမ်းခြင်းကို မြင်ရသည်။ သို့သော် ချင်းလူမျိုးသည် မျိုးနွယ်စုများစွာရှိပြီး ဘာသာစကားပင်အလွန်ကွဲပြားရာ ယင်းဘုရင်တို့ထံ အမှုထမ်းသောချင်းများမှာ တီးတိန်၊ ကလေးဘက်ဝန်းကျင်မှ ချင်းမျိုးနွယ်စုများကသာ အများစု ဖြစ်မည်ဟု ယူဆရသည်။ ဖာသာ Sangermono ကမူ သူ၏ The Burmese Empire ဟူသော စာအုပ်တွင် ယောလူမျိုးများသည် အချိန်ကြာလာသည်နှင့်အမျှ ဗမာဖြစ်သွားသော ချင်းများ ဖြစ်တန်ရာသည်ဟု ဆိုသည်။ ချင်းမျိုးနွယ်စုအချင်းချင်း တိုက်ခိုက်ကြသော ကာလလည်း ရှိသည်။ ရခိုင်၊ ဗမာ၊ သျှမ်း အုပ်ချုပ်သူများ၊ စော်ဘွားများနှင့် ဖြစ်ကြသော စစ်ပွဲများလည်း ရှိလေသည်။ ဗြိတိသျှတို့က ရခိုင်၊ အာသံနှင့် မဏိပူရတို့ကို သိမ်းသောအခါ ယင်းဒေသမှ ချင်းတို့လည်း အပါအဝင်ဖြစ်သော်လည်း ချင်းတောင်တန်းကိုမူ အာဏာချက်ချင်းမရောက်ပေ။ ပလက်ဝ ဒေသဘက်ကိုပင် ၁၈၄၁ မှသည် ၇ နှစ်တိုင်တိုင် တိုက်ရပေသည်။ မီဇိုလူမျိုးစုများက Zolûti ဟုလည်းကောင်း ခေါ်ဝေါ်သော စကော့တလန်သူလေး Mary Winchester (နောက်ပိုင်းတွင် Mary Innes Howie ) သည် အာသံပြည်နယ်၊ ကချာဒေသရှိ ဗြိတိသျှ လက်ဖက်ခြံမန်နေဂျာ ဂျိမ်းစ် ၀င်ချက်စတာ၏ တရားမဝင်သမီးငယ်ဖြစ်သည်။ ၁၈၇၁ ခုနှစ် ဇန်နဝါရီလတွင် သူမသည် ခြောက်နှစ်ပြည့်ခါနီးပြီး ဗြိတိန်နိုင်ငံသို့ ပညာသင်ကြားရန် စေလွှတ်ခံရတော့မည့်အချိန်တွင် အလက်ဇန္ဒြာပူရ စိုက်ခင်း၌ နှုတ်ဆက်ပွဲတစ်ခု ကျင်းပခဲ့သည်။ ဥယျာဉ်ထဲတွင် လမ်းလျှောက်နေစဉ် ဗြိတိသျှတို့ကို ကျူးကျော်သည်ဟု မြင်သော အိန္ဒိယရှိ Mizo စစ်သည်များက ရုတ်တရက်စီးနင်းတိုက်ခိုက်ခံခဲ့ရသည်။ သူမ၏ဖခင်ကို သေစေလောက်သည့်အထိ ပစ်ခတ်ကာ မေရီကို သေလုမျောပါးဖြစ်နေသော ဂျိမ်းစ်လက်မှ ဆွဲထုတ်သွားခဲ့သည်။ ထိုစီးနင်းဝင်ရောက် တိုက်ခိုက်မှုတွင် အခြားသူများလည်း သေဆုံးခဲ့ပြီး မေရီအပါအဝင် အချို့ကို ဓားစာခံအဖြစ် ဖမ်းဆီးသွားခဲ့သည်။ ထို့နောက် မေရီအား ရွာလူကြီးတဦး၏ဇနီးဖြစ်သူ Pi Tluangi ၏ စောင့်ရှောက်မှုအောက်တွင် ထားရှိခဲ့သည်။ သူမသည် မေရီအား အလွန်ကြင်နာစွာ ဆက်ဆံကာ အစားအစာ၊ အဝတ်အစားနှင့် အရုပ်များ ပေးခဲ့သည်။ ဗြိတိသျှ ရှာဖွေရေးအဖွဲ့ ရောက်ရှိလာသည်ဟူသော သတင်းများ ပြန့်နှံ့လာသောအခါ Mizo စစ်သည်အချို့သည် မေရီကို သတ်ရန် စဉ်းစားခဲ့ကြသော်လည်း Pi Tluangi က သူမကို ကာကွယ်ခဲ့သည်။ မေရီ ပြန်ပေးဆွဲခံရသည့်သတင်းသည် ဗြိတိန်နိုင်ငံသို့ ရောက်ရှိသွားပြီး မိုရေးနှင့် နာအန်းမှ လွှတ်တော်အမတ်သည် ထိုကိစ္စကို ဗစ်တိုးရီးယားဘုရင်မထံ တင်ပြခဲ့ရာ ၁၈၇၁ ခုနှစ် အောက်တိုဘာလတွင် ဗြိတိသျှ ကိုလိုနီအစိုးရက လူရှိုင်းစစ်ဆင်ရေးကို စတင်ခဲ့သည်။ ဗြိတိသျှတပ်ဖွဲ့များသည် Mizo ရွာများကို တစ်ရွာပြီးတစ်ရွာ သိမ်းပိုက်ပြီးနောက် ၁၈၇၂ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ဆိုင်လမ်ရွာမှ မေရီ ၀င်ချက်စတာကို ကယ်တင်နိုင်ခဲ့သည်။ ကယ်တင်ချိန်တွင် ကလေးမလေးသည် ချင်းတဦးပမာ ပြုမူဆက်ဆံနေပြီး ဗြိတိသျှတို့ကို "နိုင်ငံခြားသားတွေ" ဟုပင် ပြန်ခေါ်ဝေါ်ခဲ့သည်ဟု ဆိုသည်။ ဤဖြစ်ရပ်သည် မီဇိုရမ်တွင် ဗြိတိသျှအုပ်ချုပ်မှု စတင်ခြင်းကို ဖြစ်စေခဲ့ပြီး ထိုဒေသသို့ ခရစ်ယာန်သာသနာပြု မစ်ရှင်နရီများ ရောက်ရှိကာ ခရစ်ယာန်ဘာသာကို မိတ်ဆက်ရန်အတွက်လည်း သွယ်ဝိုက်သောအားဖြင့် လမ်းဖွင့်ပေးခဲ့သည်။ မြန်မာဘက် ယနေ့ဖလမ်းမြို့အနီးသည် နဂိုက တာဆွန်ရွာဖြစ်ပြီး ချင်းလူမျိုးများ၏ ဦးဆောင်ဒေသ ဖြစ်သည်။ အကြီးအကဲငါးဦးပါသော တာဆွန်ကောင်စီရှိပြီး ကလေး-ကဘော်နယ်မှ စော်ဘွားများပင် တာဆွန်ကောင်စီကို အခွန်ဆက်ကြသည်ဟု ဆိုသည်။ တာဆွန်တို့သည် ချင်းအင်အား ၁၀,၀၀၀ ခန့်ကို ချက်ချင်းဆင့်ခေါ်နိုင်သည်ဟု ဗြိတိသျှမှတ်တမ်းတွင် တွေ့ရသည်။ ဗမာဘုရင်၏ အာဏာစက်အောက် မဟုတ်ပေ။ ၁၈၈၈ ခုနှစ် ဇန်နဝါရီတွင် တာဆွန်မင်းကြီးကြွန်ဘိ (ဗိုလ်ဆွန်ပက်) သည် ဗြိတိသျှ Capt. Raikes နှင့်တွေ့ဆုံသည်။ မူလစော်ဘွားကိုဖြုတ်ချပြီး ဗြိတိသျှတို့ အသစ်ခန့်သော ကလေး-ကဘော်စော်ဘွားတို့အား တာဆွန်တို့မှ အသိအမှတ်ပြုရန်၊ မြေပြန့်သို့ ချင်းများတိုက်ခိုက်နေသည့် အကြောင်း၊ ကုန်သွယ်ရေးအကြောင်း၊ စစ်တကောင်းဘက် ဖြတ်သန်းသွားနိုင်မည့် လမ်းအကြောင်း စသည်တို့ကို လေးနာရီခန့်ကြာ ဆွေးနွေးသည်။ တာဆွန်ကောင်စီတွင် ဆွေးနွေးမည့်အကြောင်း ကြွန်ဘိကပြောကာ သူလျှိုမလွှတ်ရန်၊ ဗြိတိသျှတို့ကို သတိပေးပြီး လက်ဆောင်မယူပဲ ပြန်ရန်ပြင်သည်။ ဗြိတိသျှတို့က အမြှောက်ပစ်ပြကာ ခြိမ်းခြောက်လိုက်သည့် အခါ ကြွန်ဘိသည် ဗြိတိသျှတို့ကိုမယုံကြည်တော့ပေ။ ဇန်နဝါရီအကုန်တွင် ထောင်ပြေးလာသော ရွှေဂျိုးဖြူမင်းသားနှင့် ယခင်ကလေးစော်ဘွား မောင်ရစ်တို့ တာဆွန်ဘက်သို့ခိုလှုံလာသည်။ မတ်လပိုင်းတွင် ဗြိတိသျှတို့တင်ခဲ့သော ကလေးစော်ဘွားထံ တာဆွန်နှင့် စီးယင်းစစ်သည်များ ချီတက်သွားကာ ပူးပေါင်းရန်ဖိအားပေးသည်။ ချင်းတို့သည် စည်းရုံးလာကြပြီး ဗြိတိသျှကို တိုက်လိုကြသည်။ ကြွန်ဘိကမူ အခြေအနေကို လေ့လာရန်ပြောပြီး တာဆွန်နယ်အားမသိမ်းရန် ဗြိတိသျှကိုယ်စားလှယ်ထံ လက်ဆောင်များပို့ကာ ညှိနှိုင်းသည်။ ရွှေဂျိုးဖြူမင်းသားအား မင်းလယ်တောင်တွင် ထားခဲ့သည်။ သို့သော် မင်းလယ်တောင်မှ ချင်းတပ်သားတို့သည် ရွှေဂျိုးဖြူ၊ မောင်သာဒွန်းတို့နှင့်ပေါင်းကာ မြေပြန့်အားသွားတိုက်ကြသလို စီးယင်းစစ်သည်များကလည်း တိုက်ကြသည်။ ၁၈၈၈ အောက်တိုဘာတွင်မူ တာဆွန်စစ်သည်တို့ ကံကြီးနှင့် လောင်းရှည်ရွာများသို့ ချီတက်ခဲ့သည်။ ဗမာတပ်သားတို့က စစ်ကိုင်းဘက် စစ်ထိုင်ကြရာ ဗြိတိသျှတို့က ရွှေဂျိုးဖြူမင်းသားနှင့် စော်ဘွားဟောင်းကို ဗြိတိသျှတို့က တောင်းသော်လည်း တာဆွန်တို့ ထုတ်မပေးပေ။ ထိုသို့နှင့် ဗြိတိသျှတို့က စစ်ဆင်ရေးခင်းပြီး ချင်းလူမျိုးများကို ဗြိတိသျှ အုပ်ချုပ်မှုအောက်သို့ သွတ်သွင်းရန် ဆုံးဖြတ်ကြပေသည်။ စီးယင်းနယ်ကို သိမ်းပိုက်ရန် စီးယင်းနယ်လမ်းများ စဖောက်ကြသည်။ လမ်းဖောက်သူတို့ကို ချင်းတို့တိုက်သလို နောက်စခန်းများကိုလည်း တိုက်ကြသည်။ ဗြိတိသျှနိုင်ငံရေးအရာရှိ Mr. Carey က ချင်းတို့ စစ်ရေးကျွမ်းကျင်တာ သိသာတယ်ဟု မှတ်တမ်းတင်ခဲ့သည်။ General George White က တိုက်ဖူးသမျှ စစ်ပွဲတွေထဲ အနိုင်ရဖို့ အခက်ဆုံးတိုက်ပွဲတွေပါပဲဟု ပြောခဲ့လေသည်။ ၁၈၈၉ မေတွင် ရှာလ်လုမ်းခံတပ် တိုက်ပွဲဖြစ်သည်။ ဗြိတိသျှတိုက်စစ်ကို စီးယင်း-တာဆွန်တပ်များက ပြန်လည်ခုခံသော်လည်း ဗြိတိသျှတို့ အနိုင်ရပြီး ရွာများကို မီးရှို့ပစ်ခဲ့သည်။ အနောက်ဘက်ချင်းတောင်တန်းဒေသတွင်လည်း စစ်ပွဲများဖြစ်ပွားသည်။ အသေအချာပြင်ဆင်ပြီး ၁၈၈၉ ဒီဇင်ဘာတွင် ထပ်မံဖိတိုက်ပြီး တာဆွန်ကောင်စီကို လက်နက်ချရန် ဖိအားပေးသည်။ လက်နက်ချင်းမမျှသည်ကို သိသော်လည်း အုပ်ချုပ်မခံလိုသလို အစိုးရအဖြစ် အခွန်ပေးရမည်ကို မလိုသဖြင့် တာဆွန်အကြီးအကဲ ပူကြွန်ဘိခ်က (ဗိုလ်ဆွန်ပက်) က ဦးဆောင်ကာ ၁၈၉၀ မတ်လ ၁၁ မှသည် စစ်တိုက်ရန်ပြင်ကြတော့သည်။ ချင်းတောင်တန်းအရပ်ရပ်မှ ဖလမ်းတွင်စုစည်းကာ ဗြိတိသျှတို့ကို တော်လှန်သည်။ ထိခိုက်မှုများ များလွန်းလှသဖြင့် တာဆွန်အကြီးအကဲတို့က လူများစွာ သေကြေရခြင်းထက် အခွန်ဆောင်ခြင်းသာ ပြုရန်ဆုံးဖြတ်လိုက်သည်။ နှစ်စဉ်ပေးရမည်မှာ များလွန်းသဖြင့် သုံးနှစ်တခါပေးရရန် ညှိနှိုင်းခဲ့သည်။ ရွှေဂျိုးဖြူမင်းသားကိုမူ ထုတ်မပေးခဲ့ပေ။ တာဆွန်ချင်းတို့သည် ကလေး-ကဘော်နယ်များကို ဗြိတိသျှတို့အား မပေးလိုသဖြင့် တောက်လျှောက် ခုခံခြင်းများ ရှိသည်။ ချင်းတို့နှင့် ခွဲမရသည့် သေနတ်များကို သိမ်းဆည်းခြင်းတို့ကြောင့် တိုက်ပွဲများ ထပ်ဖြစ်ပြန်သည်။ သို့နှင့် ၁၈၉၂ တွင် အခွန်ဆက်စနစ်ကိုဖျက်ကာ ဗြိတိသျှတို့က ဖလမ်းကို မတ်လ ၁၄ မှစကာ တိုက်ရိုက်အုပ်ချုပ်သည်။ ဝိတိုရိယ ဘုရင်မကြီး၏ အာဏာစက်အောက် ရောက်ရှိသွားပြီဖြစ်ကြောင်း တာဆွန်အကြီးအကဲများထံ အကြောင်းကြားလိုက်သည်။ ဖလမ်းသည် အစိုးရရုံးစိုက်ရာမြို့တော် ဖြစ်ခဲ့သည်မှာ ၁၉၆၅ ခုနှစ်ထိဖြစ်ပြီး နောက်မှသာ ဟားခါးမြို့ကို မြို့တော် အဖြစ် ပြောင်းရွှေ့သတ်မှတ်ခြင်းဖြစ်ပေသည်။ တပိုင်းဒီမိုကရေစီစနစ် (သို့မဟုတ် ပရိုတိုဒီမိုကရေစီစနစ်) ဆန်သည့် ချင်းအုပ်ချုပ်ရေးကို ပယ်ဖျက်သည့်တိုင် ဒေသအုပ်ချုပ်ရေးကို ဒေသအကြီးအကဲများသာ အပ်နှင်းသလို တာဆွန်နယ်အားလည်း တာဆွန်မင်းကြီး ကြွန်ဘိခ်ကိုသာ ဆက်အုပ်ချုပ်စေသည်။ ချင်းမျိုးနွယ်စုများ၏ ပျောက်ကြားစစ်ကတော့ ဆက်လက်တည်ရှိ သလို ဆွမ္မရာတောင်တန်းတခုလုံးကိုတော့ ၁၉၁၀ မှသာ ထိန်းချုပ်နိုင်သည်ဟု ဆိုနိုင်သည်။ အချို့မျိုးစုများကလည်း လက်နက်ဆက်ကိုင်ထားခဲ့သည်။ ၁၈၉၆ တွင် ဗြိတိသျှတို့က ချင်းတောင်တန်းအုပ်ချုပ်ရေးစည်းမျဉ်းဖြင့် အုပ်ချုပ်ခဲ့သည်။ အချို့ချင်းများက ဗြိတိသျှအောက်တွင် အမှုထမ်းသလို၊ အဆင်ပြေကြသော်လည်း အချို့ကမူ ယဉ်ကျေးမှုများ ရုတ်သိမ်းခံရခြင်း၊ အခွန်များခြင်းနှင့် လူများအခြားနိုင်ငံသို့ အလုပ်သမားများအဖြစ်လည်းကောင်း၊ စစ်သားများဖြင့်လည်းကောင်း အပို့ခံရခြင်းကို လုံးဝမကျေနပ်ကြပေ။ ထို့ကြောင့်လည်း ၁၉၁၄ တွင် ခေါင်လီပုန်ကန်မှု၊ ၁၉၁၇ တွင် Zalengam ပုန်ကန်မှု၊ ၁၉၁၈ တွင် မင်းတပ်ပုန်ကန်မှု၊ ၁၉၁၉ တွင် ဟားခါးပုန်ကန်မှု၊ ၊ ၁၉၄၃ တွင် Vaipei ပုန်ကန်မှု၊ စသည်ဖြင့် အကြိမ်ကြိမ်ဖြစ်လေသည်။ ဗြိတိသျှတို့လည်း ပုန်ကန်သူများကို စစ်အင်အားများစွာဖြင့် တိုက်ခိုက်ခြင်း၊ သေဒဏ်၊ ထောင်ဒဏ်ချခြင်း၊ မျိုးနွယ်တူများဆီ မပြန်စေပဲ ထိန်းသိမ်းခြင်းများ မျိုးစုံပြုလေသည်။ ၁၉၃၃ တွင် မင်းတပ်၌ ချင်းအမျိုးသားများ စည်းလုံးညီညွတ်ရေးအဖွဲ့ကို နိုင်ငံရေးအဖွဲ့အနေဖြင့် ဖွဲ့စည်းသည်။ ဗြိတိသျှအမှုထမ်းဟောင်း ဦးဝမ္မသူးမောင်က ဦးဆောင်သည်။ ၁၉၃၈ ခုနှစ်တွင် ဝမ္မသူးကျေးရွာတွင် ချင်းအမျိုးသားများ စည်းလုံးညီညွတ်ရေးအဖွဲ့ တတိယအကြိမ် ညီလာခံကို ကျင်းပခဲ့ပြီး တောင်းဆိုချက် ကိုးချက်ကို အင်္ဂလိပ်အစိုးရထံ ကိုယ်စားလှယ်စေလွှတ်၍ တောင်းဆိုသည်။ အင်္ဂလိပ်အစိုးရနှင့် ချင်းအမျိုးသားများ စည်းလုံးညီညွတ်ရေးအဖွဲ့တို့ ၁၉၄၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် ကန်ပက်လက်မြို့၌ တွေ့ဆုံဆွေးနွေးခဲ့ရာ လူထုကိုယ်စားလှယ် သုံးထောင်ကျော် တက်ရောက်ခဲ့သည်။ ထိုဆွေးနွေးပွဲတွင် တောင်းဆိုချက်များကို ပယ်ချခဲ့ပြီးနောက် ချင်းအမျိုးသားများ စည်းလုံးညီညွတ်ရေးအဖွဲ့ကို မတရားအသင်း ကြေညာပြီး ခေါင်းဆောင် ကိုးဦးကိုပါ ဖမ်းဆီးခဲ့သည်။ တိုက်နယ်ဥက္ကဋ္ဌ ၃၆ ဦးတို့ နယ်ပိုင်ဝန်ထောက်ထံ ရာထူးခန့်စာများကို ပစ်ပေါက်အပ်နှံကာ ရာထူးမှ နုတ်ထွက်ခဲ့ကြသည်ဟု ဆိုပါသည်။ ဦးဝမ္မသူးမောင်သည် သခင်အောင်မောင်း အမည်ဖြင့်လည်း လှုပ်ရှားခဲ့ရာ ထောင်မှလွတ်သည့်အခါတွင်လည်း ဗမာ့လွတ်မြောက်ရေး တပ်မတော်ဘက်သို့ ချင်းရဲဘော် ၆၀၀ ကျော်မျှ ပို့ပေးဖူးသည်ဆိုပါသည်။ ဗြိတိသျှတို့လက်အောက်အမှုထမ်းသော ချင်းများတွင် ပထမကူကီးလေဗီးတပ် (၁၈၄၉)၊ ဒုတိယကူကီး လေဗီးတပ် (၁၈၈၀)၊ ခေါင်ဆိုင်တပ်ရင်း (၁၈၇၅)၊ ချင်းတောင်စစ်ပုလိပ်အဖွဲ့ (၁၉၀၈) တို့ရှိသလို ပြင်သစ် စစ်မြေပြင်၊ ပါလက်စတိုင်းစစ်မြေပြင်၊ မက်ဆိုပိုတေးမီးယားစစ်မြေပြင်များသို့ ပို့သော ချင်းမျိုးနွယ်စုများ၏ အလုပ်သမားတပ်ရင်း (၁၉၁၇) လည်း ရှိလေသည်။ ဗမာလက်နက်ကိုင်တပ်ရင်း ၁၀ ရင်းတွင်လည်း ကရင်၊ ကချင်၊ ချင်းများစွာ ပါဝင်လေသည်။ ဂျပန်တို့နှင့် တိုက်ခိုက်သည့် သေနတ်ကိုင်တပ်ရင်းများတွင် ချင်းတို့များစွာပါဝင်သည်။ မူလက ၁၈၉၄ တွင်ဖွဲ့သော Burma Military Police Battalion သည် အိန္ဒိယမှ ဗမာနိုင်ငံကို ခွဲထုတ်အုပ်ချုပ်သည့်နောက်တွင် Burma Frontier Force ဖြစ်လာကာ ၁၉၂၂ ကာလများတွင် ချင်းအများစုဖြစ်လာသည်။ ဂျပန်နှင့်တိုက်သည့်အခါ Anti-tank/Motor Regiment အဖြစ်ဖွဲ့စည်းပြီး ၁၉၄၆ တွင် Chin Hill Anti-Tank Regiment အဖြစ်၊ ၁၉၄၇ တွင် Chin Hills Battalion အဖြစ်၊ ၁၉၄၈ တွင် ချင်းသေနတ်ကိုင်တပ်ရင်း အမှတ် ၃ အဖြစ် အဆင့်ဆင့်ပြောင်းလဲခဲ့သည်။ ယင်းဗြိတိသျှတို့ထံ သစ္စာခံ စစ်မှုထမ်းစဉ် ဖြစ်ပေါ်ခဲ့သောဖြစ်စဉ်အချို့ကလည်း အနိုင်ကျင့်ခံခဲ့ရသူ လူမျိုးစုငယ်တို့နှင့် ယနေ့ခေတ် လူမျိုးရေးပြဿနာများအတွက် မီးဇာဖြစ်ခဲ့ပါသည်။ ဂျပန်တို့နှင့်တိုက်သည့် ဒေသခံ ချင်းတပ်များတွင် ချင်းဝန်ထမ်းတပ်၊ ဇာညှပ်ပျောက်ကြားများ၊ စီးရင်းလွတ်လပ်ရေးတပ်မတော်၊ စုတ်သဲ ဟားခါး ဖလမ်းတို့မှ လေဗီးတပ်များ၊ နယ်စောင့်တပ်များ ရှိသည်။ ဂျပန်ကို တိုက်ခိုက်ရာတွင် အဝင်ကာလ၌ ဗမာဂျပန်နှစ်ခုလုံးကို ခုခံသောတပ်များရှိသလို မဟာမိတ်နှင့် ပေါင်းကာ ပြန်တိုက်ထုတ်သည့်တပ်များလည်း ရှိပါသည်။ ဗြိတိသျှတို့ကိုတိုက်သောချင်းတပ်များတွင်မူ ဖိနှိပ်မှုကို မခံနိုင်ကာ ပေါက်ကွဲလာသည့်ပုန်ကန်ခြင်းများ ရှိသလို နိုင်ငံရေးအရ တိုက်သည်လည်းရှိသည်။ ဂျပန်တို့ဖိအားပေးသောကြောင့် အလုပ်လုပ်ရသူများကိုလည်း ဗြိတိသျှက အပြစ်ဒါဏ်ပေးခြင်း၊ ဗြိတိသျှ၏ ထိုးစစ်ဆင်မှုအောက် မိသားစုများ ထိခိုက်ရခြင်းတို့ကြောင့်လည်း ပါသည်။ ၁၉၄၂ နိုဝင်ဘာတွင် Chin Independence Army ကို ဖွဲ့စည်းကာ ဂျပန်နှင့်ပေါင်းပြီး ဗြိတိသျှကို တိုက်သည်။ ၁၉၄၄ တွင်မူ ချင်းအမျိုးသားများ မည်သည့်လူမျိုးအောက်မှ မကျရောက်သင့်ဟုဆုံးဖြတ်ကာ Chin Defense Army အဖြစ်ပြောင်းလဲဖွဲ့စည်းသည်။ အကြမ်းအားဖြင့် ချင်းဒေသ တောင်ဘက်သည် ဂျပန်တပ်၊ ဗမာတပ်တို့နှင့် ကနဦးပူးပေါင်းသူများ ဖြစ်ပြီး ချင်းဒေသ မြောက်ဘက်မှာမူ ဗြိတိသျှတို့ဘက်မှ ပိုမိုပါဝင်ခဲ့ကြလေသည်။ ချင်းတောင်မြောက်ပိုင်းတွင် ပူးဝမ်းကိုဟောဦးဆောင်သော ချင်းတောင်အမျိုးသားလွတ်မြောက်ရေးဥသျှောင်အဖွဲ့ (Chin Leaders’ Freedom League) ကို ဖွဲ့စည်းပြီး ချင်းအမျိုးသားကောင်စီဟု အသိများသည်။ ချင်းတောင်တောင်ပိုင်းတွင်မူ ချင်းတောင်အုပ်ချုပ်ရေးကောင်စီကိုဖွဲ့ပြီး ပူးဝမ္မသူးမောင်က ဦးဆောင်ပေသည်။ နှစ်ဦးလုံးမှာ နောက်ပိုင်း ပင်လုံတွင် ပါဝင်တက်ရောက်ခဲ့သည်။ အင်္ဂလိပ်သတင်းစာဆရာ Peter Popham က သူ့စာထဲတွင် အောက်ပါအတိုင်း ရေးသားခဲ့သည်။ “အဲဒါက ၁၉၄၃ ခုနှစ်တွေပေါ့ဗျာ။ နောက်နှစ်နှစ်လောက်ကြာတော့ ချိန်သီးကတခါ လှည့်သွားပြီး ၁၈၉၀ ခုနှစ်တွေတုန်းက အရင်သောင်းကျန်းခဲ့တဲ့ ဗြိတိသျှတွေ ပြန်ရောက်လာ ပြန်တယ်။ ငြိမ်းချမ်းရေး ဖြစ်လာခဲ့တယ်။ လွတ်လပ်ရေးဟာ အပြောင်းအလဲ အနည်းငယ် ရှိလာခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီး ဖက်ဒရယ်စနစ်နဲ့ ပတ်သက်တဲ့ ကတိကဝတ်တွေ ပျက်ပြယ်သွားတယ်။ မပေါက်ကွဲသေးတဲ့ ဂျပန်ဗုံးတွေကို တူးဖော်၊ ဖြိုဖျက်ပြီး ဘုရားကျောင်း တွေအတွက် ခေါင်းလောင်းအဖြစ် ရိုက်ထည့်ခဲ့ပါတယ်။ ချင်းပြည်နယ်ဆိုတာ သူ့သဘာဝ အခြေအနေဟု ထင်ရလောက်တဲ့ တိမ်မြုပ်နေတဲ့ အခြေအနေဆီကို ပြန်ရောက်သွားတော့တာပါပဲ "ကမ္ဘာကြီး မေ့သွားပြီ၊ ကမ္ဘာက မေ့သွားပြီ”…" ဗြိတိသျှအင်ပါယာ၏ ယိုယွင်းနေသော ကိုလိုနီအုပ်ချုပ်မှု အဆောက်အအုံသည် ကမ္ဘာ့စနစ်သစ်တစ်ခုသို့ လမ်းဖွင့်ပေးလိုက်ချိန်တွင်၊ ချင်းလူမျိုးများသည် ပြောင်းလဲနေသော ကိုလိုနီအုပ်ချုပ်မှုဗျူဟာများ၊ အမျိုးသားရေး ရည်မှန်းချက်များနှင့် မသေချာသော အနာဂတ်တို့၏ ဆုံမှတ်တွင် ရောက်ရှိနေခဲ့၏။ စစ်အတွင်း သစ္စာရှိမှုနှင့် စစ်ရေးဆိုင်ရာပံ့ပိုးမှုများရှိခဲ့သော်လည်း စစ်ပြီးခေတ် ညှိနှိုင်းဆွေးနွေးမှုများတွင် ဗြိတိသျှတို့၏ ပစ်ပယ်ခံရခြင်းသည် ချင်းလူထု၏ နိုင်ငံရေး၊ ယဉ်ကျေးမှုနှင့် အမျိုးသားရေးဆိုင်ရာ စုပေါင်းအသိစိတ်ကို ပုံဖော်ခြင်းကို နက်နက်ရှိုင်းရှိုင်း လွှမ်းမိုးခဲ့သည်။ ကိုလိုနီနယ်မြေအုပ်ချုပ်ရေး အစီအစဉ်ပျက်ပြားခြင်းနှင့် နောက်ဆုံးတွင် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတို့ကြား ချင်းဒေသများ တစစီ ပါဝင်လာခဲ့သည်။ ပြဋ္ဌာန်းထားသော နိုင်ငံတော်နှင့် တည်မြဲသော နိုင်ငံရေး အမွေအနှစ်ဆိုင်ရာ အသိတို့အကြား လမ်းကြောင်းရှာဖွေကာ စုပေါင်းလူထုပြန်လည်ဖန်တီးခြင်း၏ ရှုပ်ထွေးသော ခရီးလမ်း မည်သို့ ကြမ်းခဲ့ပါသနည်း။ ဒုတိယကမ္ဘာစစ်အဆုံးသတ်သည် ချင်းကဲ့သို့သော ဗမာမဟုတ်သော တိုင်းရင်းသားလူမျိုးများအတွက် ကိုလိုနီခေတ်၏ လက်အောက်ခံဖြစ်မှုထက် ကျော်လွန်သော ရည်မှန်းချက်များကို ဖော်ပြရန် ရှားပါးသော နိုင်ငံရေးအခွင့်အရေးတခုကို ဖွင့်လှစ်ပေးခဲ့သည်။ ချင်းတို့သည် ဗြိတိသျှတို့ အသည်းစွဲဖြစ်ခဲ့ဖူးပြီး ချင်းလေဗီး တပ်များသည် အလွန်အသုံးဝင်ခဲ့သည်။ သို့သော် ၁၉၄၅ ခုနှစ်တွင် ဗြိတိသျှတို့သည် Crown Colonial Scheme ကို ပယ်ချပြီးနောက်ပိုင်း စစ်ပြီးခေတ် အရေးပါသော ညှိနှိုင်းဆွေးနွေးမှုများတွင် စည်းလုံးသော ချင်းဦးဆောင်မှုကို နေရာရှာထုတ် မပေးခဲ့ပေ။ ယင်းကဲ့သို့ ဘေးဖယ်ထားခြင်းသည် သုံးချင်သမျှသုံးပြီး ပစ်ချခဲ့ခြင်း ဖြစ်သည်။ ချင်းတို့သည် မြန်မာ-အိန္ဒိယ-အရှေ့ပါကစ္စတန် (နောင် ဘင်္ဂလားဒေ့ရှ်) နိုင်ငံတခုခုအတွင်း လုံးဝကျရောက်နေသည် မဟုတ်သလို သီးခြား အချုပ်အခြာအာဏာပိုင် လမ်းကြောင်းကိုလည်း မရရှိခဲ့ပဲ ယင်းသုံးနိုင်ငံကြား ကွဲထွက်ခဲ့၏။ ကိုလိုနီခေတ်လွန် ရှေးဆွဲခဲ့သော “နယ်နိမိတ်” ဟူသည့် မျဉ်းကြောင်းများသည် ချင်းများ၏ ဘဝကို အလွန်သက်ရောက်ခဲ့သည်။ နိုင်ငံရေးနှင့် သင်္ကေတဆိုင်ရာ အသိအမှတ်ပြုမှုများ လုံလောက်စွာ မရရှိခဲ့သည့် လေဟာနယ်သည် ချင်းလူထုဖြစ်ပေါ်လာခြင်းအတွက် ပေါင်းခံအိုးတခု ဖြစ်လာခဲ့သည်။ ကိုလိုနီခေတ်တွင်းရှိခဲ့သည့် လူမှုပဋိညာဉ် ပျောက်ဆုံးသွားခြင်းသည် ချင်းတို့၏ မျှဝေထားသော လူမျိုးနွယ်ဇစ်မြစ်ဆိုင်ရာ ဆွေမျိုးတော်စပ်မှုမှ နိုင်ငံရေးဆိုင်ရာ ဖွဲ့စည်းမှုအတွင်းသို့ တွန်းပို့ခဲ့သည်။ ၁၉၃၀ ခုနှစ်များနှင့် ၁၉၄၀ ခုနှစ်များတွင် ‘ချင်း’ ဟူသည် ဗြိတိသျှတို့အဖို့ အုပ်ချုပ်ရေးဆိုင်ရာ အဆင်ပြေမှုအတွက် ဇို (Zo) စကားပြောသော အသိုင်းအဝိုင်းအမျိုးမျိုးကို စုစည်းကာ ယေဘုယျသဘောပြဋ္ဌာန်းထားသော အမျိုးအစားတခုသာ ဖြစ်နေဆဲဖြစ်သည်။ သို့သော် အင်ပါယာ၏ လျစ်လျူရှုမှုကြောင့် “ချင်းဆိုတာ ဘယ်သူတွေလဲ၊ ငါတို့ ဘာလိုချင်လဲ” ဟူသော မေးခွန်းသည် ပိုမိုထက်မြက်သော ဖော်ပြချက်ကို စတင်ရရှိလာခဲ့သည်။ လူမျိုးစုဖြစ်ပေါ်လာခြင်းသည် မျဉ်းဖြောင့်အတိုင်း ဖြစ်ခဲလှပါသည်။ ချင်းတို့အတွက်မူ လူမျိုးလူထုဟူသည် ခုခံမှုနှင့် လိုက်လျောညီထွေမှု၏ မဟာဗျူဟာအဖြစ် ပေါ်ပေါက်ခဲ့သည်။ ၁၉၄၆ ခုနှစ် လန်ဒန်ဆွေးနွေးပွဲများတွင် တွေ့ကြုံခဲ့ရသော နိုင်ငံရေးအရ ပစ်ပယ်ခံရမှုသည် ဗြိတိသျှတို့၏ ကမ္ဘာစစ်အတွင်း မဟာမိတ်များအပေါ် သစ္စာဖောက်ရုံသာမက ကိုလိုနီခေတ်လွန် နိုင်ငံတော်တည်ဆောက်ရေး၏ လက်တွေ့သင်ခန်းစာတခုလည်း ဖြစ်ခဲ့သည်။ တုံ့ပြန်သည့်အနေဖြင့် ချင်းခေါင်းဆောင်များသည် မိမိတို့၏ လူမျိုးလူထုများကို အင်ပါယာ၏ အရန်တပ်ဖွဲ့အတွက်ရှိသည့် မျိုးနွယ်စုငယ်များအဖြစ်မဟုတ်ဘဲ ပိုမိုအဆင့်မြင့်သည့် နိုင်ငံရေးစုဖွဲ့မှုများအနက်မှ တခုအဖြစ်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် မွေးရာပါအခွင့်အရေးများရှိသော လူမျိုးများအဖြစ် ပုံဖော်ခဲ့ကြသည်။ ဖေဖော်ဝါရီ ၁၂ ရက်၊ ၁၉၄၇ ခုနှစ်တွင် ပင်လုံ၌ ဗိုလ်ချုပ်အောင်ဆန်းသည် မြောက်ရခိုင်ရိုးမမှ ချင်းခေါင်းဆောင်များနှင့် ကြားဖြတ် မြန်မာအစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံတော်၏ အနာဂတ်ကို ဆွေးနွေးခဲ့သည်။ ချင်းခေါင်းဆောင်များသည် ကြားဖြတ်ကာလတွင် ပြည်ထောင်စုသို့ ပါဝင်ရန် သဘောတူခဲ့သော်လည်း ၎င်းတို့တွင် အဓိက ရည်မှန်းချက် တစ်ခုသာရှိသည်- နောက်ဆုံးတွင် စီးပွားရေးနှင့် နိုင်ငံရေးအရ လွတ်လပ်ရေး ရရှိရန်ဖြစ်သည်။ ပင်လုံညီလာခံသို့ တက်ရောက်ခဲ့သော သက်သေခံတစ်ဦးက ဤသို့ပြောကြားခဲ့သည်- ‘ကော်မတီအကြောင်း ဘာမှမသိဘူး... အနာဂတ်အတွက်ဆိုရင် အရင်တုန်းကလိုပဲ တခြားလူမျိုးတွေ လွှမ်းမိုးမခံဘဲ လွတ်လွတ်လပ်လပ် နေချင်တယ်’ လို့ ပြောတယ်။ နယ်စပ်၏ အခြားတစ်ဖက်တွင်လည်း အလားတူ အစည်းအဝေးတစ်ခု ကျင်းပခဲ့သည်။ သြဂုတ် ၁၄ ရက်တွင် အိုက်ဇောလ်၌ လူရှိုင်းခေါင်းဆောင်များသည် လူရှိုင်းတောင်တန်းများ၏ ဗြိတိသျှ ကြီးကြပ်ရေးမှူး L.L. Peters နှင့် တွေ့ဆုံ၍ အိန္ဒိယ၏ အာဏာစက်မှ လွတ်လပ်ရေးကို တောင်းဆိုသည့် မှတ်တမ်းတစ်ခုကို ရေးဆွဲခဲ့သည်။ မှတ်တမ်းတွင် ဤသို့ဖော်ပြထားသည်- [ငါတို့] မှာ လွင်ပြင်နဲ့ ဘာမှတူတာမရှိဘူး... ဘယ်သွားသွား [ငါတို့] ရဲ့ ရှေးရိုးဓလေ့တွေ၊ ယဉ်ကျေးမှုတွေနဲ့ အသက်ရှင်နေထိုင်ပုံတွေကို အစစ်အမှန်အတိုင်း ယူသွားတယ်၊ အမြဲတမ်း ကိုယ့်ကိုယ်ကို မီဇိုလို့ပဲ ခေါ်ပြီး သတ်မှတ်တယ်။ ထို့ပြင် လူရှိုင်းတောင်တန်းမှ ဇိုလူမျိုးများသည် ပါမောက္ခ Reginald Coupland ၏ အကြံပြုချက်များကို ရည်ညွှန်းခဲ့သည်။ သူသည် လူရှိုင်းတောင်တန်းတွင် တာဝန်ထမ်းဆောင်နေသော အရာရှိများ ရေးသားသည့် နယ်စပ်ဒေသမှ အစီရင်ခံစာတစ်စောင်ကို ရရှိခဲ့သည်။ ၎င်းတို့ကလည်း Reid ၏ အကြံပြုချက်များကို ရည်ညွှန်းခဲ့ပြီး ၎င်းတို့၏ တစ်စိတ်တစ်ပိုင်းတွင် ဤသို့ဖော်ပြထားသည်။ မြန်မာနဲ့ အာသံက တောင်တန်းဒေသတွေရဲ့ ပြဿနာဟာ တစ်ခုတည်းလို့ ကျွန်တော်တို့ ယူဆတယ်။ [ဇို] ကို ‘အိန္ဒိယ’ လို့လည်းကောင်း၊ ‘မြန်မာ’ လို့လည်းကောင်း သတ်မှတ်လို့မရဘူး... လက်ရှိ နှစ်နိုင်ငံနယ်နိမိတ်ကို လုံးဝအတုအယောင်လို့ သတ်မှတ်ရမယ်။ Coupland က နယ်နိမိတ်ကို ဖျက်သိမ်းသင့်ပြီး ဇိုလူမျိုးများကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးသင့်ကာ အချိန်တန်သောအခါ ၎င်းတို့ကိုယ်တိုင် အုပ်ချုပ်နိုင်စွမ်းရှိလာလိမ့်မည်ဟု ဆိုခဲ့သည်။ သို့သော် လွတ်လပ်ရေးရသည့် အချိန်တွင် လူရှိုင်းတောင်တန်းမှ ဇိုလူမျိုးများသည် နယ်စပ်ပြဿနာများကို မဆွေးနွေးခဲ့ကြပေ။ ယင်းအစား ၎င်းတို့အား အရှေ့ပါကစ္စတန်၏ လက်အောက်ခံနယ်မြေတစ်ခုသို့ ပါဝင်ခွင့်ရရှိရန် ဆန္ဒရှိခဲ့ကြသည်။ မြောက်ရခိုင် အိန္ဒိယ-မြန်မာနယ်စပ် နှစ်ဖက်စလုံးရှိ တောင်ပေါ်ဒေသခံ နှစ်စုစလုံးတွင် တူညီသော ရည်မှန်းချက်ရှိသည်မှာ ထင်ရှားသည်။ နှစ်ဦးစလုံးသည် လွင်ပြင်ဒေသ အစိုးရများထံမှ လွတ်လပ်ရေး လိုချင်ကြသည်။ သို့သော် တစ်ဦးနှင့်တစ်ဦး ပူးပေါင်း၍ ချင်း-လူရှိုင်းတောင်တန်းများကို ပြန်လည်ပေါင်းစည်းရန်မှာ မည်သည့်အုပ်စုအတွက်မျှ အလေးအနက်ထားစရာ မဖြစ်ခဲ့ပေ။ နှစ်အနည်းငယ်ကြာမှသာ ဇိုလူမျိုးများသည် အိန္ဒိယနိုင်ငံ (လူရှိုင်းတောင်တန်းနှင့် မဏိပူရတွင်) နှင့် မြန်မာနိုင်ငံတော်အတွင်း အိန္ဒိယ-မြန်မာနယ်စပ် နှစ်ဖက်စလုံးတွင် ၎င်းတို့၏ မရေရာသော အနေအထားများကို သဘောပေါက်လာခဲ့ကြသည်။ ဤကာလအတွင်း ချင်းနိုင်ငံရေးခေါင်းဆောင်မှုများ ပေါ်ပေါက်လာခြင်းသည် အိန္ဒိယ၊ ဗမာ သို့မဟုတ် ကရင်လူမျိုးများ၏ လူပေါ်လူဇော်အလွှာများနှင့် နှိုင်းယှဉ်လျှင် အတိုင်းအတာအားဖြင့် သေးငယ်သော်လည်း၊ တန်းတူအမျိုးသားလူထုများ၏ ပြည်ထောင်စုကတိနှင့် မြန်မာနိုင်ငံတွင် ဖက်ဒရယ်အမြင်တစ်ခုကို စတင်ခဲ့သည်။ ၁၉၄၇ ခုနှစ် ပင်လုံညီလာခံသို့ ပါဝင်လာခြင်းသည် ဤအသွင်ကူးပြောင်းနေသော အမျိုးသားထုဖြစ်ပေါ်လာခြင်းကို ထင်ဟပ်စေသည်။ ပင်လုံသည် နောက်ဆုံးတွင် အပြည့်အဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို မပေးခဲ့သော်လည်း၊ ၎င်းသည် ညှိနှိုင်းနိုင်စွမ်းနှင့် နိုင်ငံရေးဆိုင်ရာ စွမ်းဆောင်ရည်ရှိသော ဖွဲ့စည်းပုံအခြေခံ အမျိုးသားလူထုတခုအဖြစ် ချင်းတို့ကို တည်ဆောက်ပေးခဲ့သည်။ ဤသည်မှာ ယဉ်ကျေးမှုဆိုင်ရာနိုးထမှုသက်သက်မဟုတ်ဘဲ နိုင်ငံရေးအမွေအနှစ်ဆိုင်ရာ ချင်းတို့၏ အာဏာ၊ အမှတ်အသားနှင့် အုပ်ချုပ်ရေးအတွက် အကာအကွယ်များရှာဖွေရင်း ပြည်ထောင်စုသို့ ပါဝင်ရန် ဆုံးဖြတ် လုပ်ဆောင်ခဲ့ခြင်းပင် ဖြစ်ပေသည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလတွင် လက်မှတ်ရေးထိုးခဲ့သော ပင်လုံစာချုပ်သည် ချင်းတို့၏ နိုင်ငံရေးခရီးစဉ်တွင် အလွန်ဝိရောဓိဖြစ်သော အပိုင်းတစ်ခုအဖြစ် တည်ရှိနေဆဲဖြစ်သည်။ ပင်လုံကတိသည် ချင်း၊ ကချင်နှင့် သျှမ်းခေါင်းဆောင်များသည် အနာဂတ် မြန်မာနိုင်ငံသို့ တန်းတူမိတ်ဖက်များအဖြစ် ပူးပေါင်းရန် သဘောတူခဲ့ကြသော မျှော်လင့်ချက်ရှိသော ဖက်ဒရယ်စနစ်၏ မျှော်မှန်းချက်တခုကို ကိုယ်စားပြုသည်။ သို့သော် နိုင်ငံတော်သစ်၏ ဖွဲ့စည်းပုံများသည် ထိုတန်းတူညီမျှမှုကို ထင်ဟပ်ရန် ပျက်ကွက်ခဲ့သည်။ နောက်ပိုင်း အစိုးရများ အဆက်ဆက်သည် ဖက်ဒရယ်နိုင်ငံကို ပစ်ပယ်၍၊ အမျိုးသားနိုင်ငံအိပ်မက်ကို အစဉ်မက်ခဲ့ကြသည်။ ချင်းတို့အတွက် ပင်လုံသည် အပြည့်အဝ ဂုဏ်ပြုခြင်းမခံရသော နိုင်ငံရေးစာချုပ်တစ်ခု၏ သက်သေအဖြစ် နောက်ဆယ်စုနှစ်များတွင် ထပ်ခါတလဲလဲ ရည်ညွှန်းခဲ့ရသည်။ ပြည်ထောင်စု၏ ဖွဲ့စည်းပုံအခြေခံမူဘောင် ခိုင်မာလာသည်နှင့်အမျှ အစိုးရများဗဟိုချုပ်ကိုင်မှုသည် နိုင်ငံတော်၏ လွှမ်းမိုးသော “ယုတ္တိဗေဒ” ဖြစ်လာခဲ့သည်။ အစိုးရပဲ၊ လူအများစုပဲ၊ တရားဥပဒေအရပဲ ဟူသော ဆင်ခြေများအောက် ချင်းများသည် ပစ်ပယ်ခံ “လူနည်းစု” ဖြစ်လာသည်။ အပေါ်ယံ တရားဝင်အသိအမှတ်ပြုခံရသော်လည်း ချင်းတို့သည် မညီမျှသော ဖွံ့ဖြိုးတိုးတက်မှု၊ ကန့်သတ်ထားသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ဆက်လက်ရှိနေသော ခွဲခြားခံရမှုတို့ကို ကြုံတွေ့ခဲ့ကြရသည်။ တကယ်တမ်း ပင်လုံစာချုပ်သည် ချင်းတို့အဖို့ ခေတ်သစ်ပြည်ထောင်စု၏ အင်စတီကျူးရှင်းဆိုင်ရာ ဖော်ပြချက်လည်း ဖြစ်ပြီး ဆက်လက်ဖြစ်မည့် အင်စတီကျူးရှင်းဆိုင်ရာ ဖော်ပြမှုများကို လမ်းခင်းပေးခဲ့သည်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင် ချင်းဝိသေသတိုင်းကို ဖန်တီးခြင်းသည် နောက်ဆုံးတွင် ချင်းပြည်နယ်ဖြစ်လာမည့် အုပ်ချုပ်ရေး အင်စတီကျူးရှင်းဆိုင်ရာ အခြေခံအုတ်မြစ်ကို ချခဲ့ခြင်းဖြစ်သည်။ သို့သော် ပြည်နယ်ဖြစ်ရန် လိုသည်ဟု တည်ဆောက်မပေးပဲ “ဝိသေသတိုင်း” ဟုသာ တဖက်လှည့်၍ တည်ဆောက်ခဲ့သည်။ နိုင်ငံတော်သည် အပြည့်အဝ တန်းတူညီမျှမှုကို ဖန်တီးပေးအပ်ရန် ပျက်ကွက်ခဲ့သည်။ ယင်းကန့်သတ်မှုများနှင့် နောင်နှစ်ကာလများတွင် ဖြစ်လာမည့် ခွဲခြားဆက်ဆံမှုများက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်လမ်းဆီ လျှောက်စေခဲ့သည်။ ပင်လုံ၏ နိုင်ငံရေးဆိုင်ရာ ကတိကဝတ်များ ယိမ်းယိုင်လာသည်နှင့်အမျှ၊ ချင်းတို့သည် တိုးပွားလာသော ဗမာဗဟိုပြုနိုင်ငံတော်အတွင်း မိမိတို့၏ ထူးခြားသော ယဉ်ကျေးမှုနှင့် နိုင်ငံရေးဆိုင်ရာ အသိစိတ်ကို ပုံဖော်ရန် လူမှုပုံရိပ်သရုပ်၏ အခြားရှုထောင့်များဘက် လှည့်ခဲ့ကြသည်။ ယင်းတို့အနက် ဘာသာရေးသည် အရေးပါသည့် ပုံရိပ်တခု ဖြစ်သည်။ ပြည်ထောင်စုဝါဒသည် လက်နက်ချခြင်းမဟုတ်ဟု နားလည်ရမည်။ အင်ပါယာ၏ ပထဝီနိုင်ငံရေးဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုနှင့် အခြားရွေးချယ်စရာများများစားစား မရှိခြင်းတို့မှ အမြစ်တွယ်သော ရွေးချယ်မှုတခု ဖြစ်သည်။ ချင်းတို့အတွက် မြန်မာ့လွတ်လပ်ရေးတွင် ပါဝင်ခဲ့ခြင်းသည် ဘယ်သောအခါမျှ တည်ငြိမ်သော အခြေအနေတခု မဟုတ်ခဲ့ပေ။ ပိုမိုကျယ်ပြန့်သော ဓနသဟာယအမြင် ပျက်ပြားသွားခြင်းနှင့်အတူ၊ ချင်းတို့၏ မြန်မာနိုင်ငံနှင့် ပူးပေါင်းမှုသည် ဖက်ဒရယ်ညီမျှမှု၏ စံတန်ဖိုးများနှင့် ဗဟိုချုပ်ကိုင်မှု၏ လက်တွေ့အခြေအနေများ တိုက်ဆိုင်သောအခါ တိုက်ပွဲသစ်တစ်ခုအတွက် အခြေအနေကို ဖန်တီးပေးခဲ့သည်။ တန်းတူညီမျှသော လူမျိုးများ၏ ပြည်ထောင်စုကို ကနဦး ယုံကြည်မှုရှိသော်လည်း၊ သျှမ်းနှင့် ကချင်တို့နှင့်အတူ ချင်းတို့သည် ပင်လုံစာချုပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေကဲ့သို့သော စာချုပ်တခုမဟုတ်ဘဲ ပျက်ကွက်နေသော နိုင်ငံရေးကတိကဝတ်တစ်ခုဖြစ်ကြောင်း မကြာမီ တွေ့ရှိခဲ့ကြသည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်ရေးရပြီးနောက် ချက်ချင်းဆိုသလို ယိုယွင်းတိုက်စားလာသော ကတိကဝတ်တခုဖြစ်သည်။ သဘောတူထားသော ဖက်ဒရယ်ညီမျှမှု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ခွဲထွက်ခွင့်တို့၏ အခြေခံမူများသည် လွတ်လပ်သော မြန်မာနိုင်ငံတော်အတွက် နိုင်ငံရေးအရ အဆင်မပြေဖြစ်လာခဲ့သည်။ ကိုလိုနီခေတ် အုပ်ချုပ်ရေးယန္တရား၊ ကိုလိုနီအမွေ အမျိုးသားနိုင်ငံ ပရောဂျက်နှင့် ကိုလိုနီခေတ်မတိုင်မီ ဘုရင်စနစ်၏ စိတ်ကူးစိတ်သန်းတို့မှ အမွေဆက်ခံသော ဗဟိုချုပ်ကိုင်မှုဆိုင်ရာ လမ်းကြောင်းများကို ကိုလိုနီခေတ်လွန် ဗမာခေါင်းဆောင်မှုက စတင်ပြောဆိုလာခဲ့သည်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအတွင်း ချင်းတို့ကို “ပြည်နယ်” အစား “ဝိသေသတိုင်း” အဖြစ် သတ်မှတ်ခြင်းသည် သဘောထားကြီးစွာဖြင့် လျှော့ပေါ့ပေးခြင်းမဟုတ်ပါ။ ၎င်းသည် တန်းတူအမျိုးသားလူထု ဖြစ်မှုအတွက် ၎င်းတို့၏ တောင်းဆိုမှုကို တရားဥပဒေနှင့် နိုင်ငံရေးအရ ပယ်ချခြင်းဖြစ်သည်။ ရမ်ကို “တိုင်းပြည်” အစား “ခရိုင်” ဟုလည်းကောင်း၊ ဖုန်လမ်ကို ရိုးရိုး “ဓလေ့ထုံးစံဥပဒေ” ဟုလည်းကောင်း အဓိပ္ပာယ်လွဲမှားခြင်းသည် ချင်းတို့၏ နိုင်ငံရေးဆိုင်ရာ ရည်မှန်းချက်များကို မတော်တဆဖြစ်စေ၊ မဟာဗျူဟာမြောက်ဖြစ်စေ နက်နက်ရှိုင်းရှိုင်း နားလည်မှုလွဲမှားခြင်းကို အင်စတီကျူးရှင်းအဖြစ် တည်ထောင်စေခဲ့သည်။ ရလဒ်အနေဖြင့် ချင်းတောင်တန်းများသည် ၎င်းတို့ ထိန်းသိမ်းလိုသော ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ အချုပ်အခြာအာဏာကို ဆုံးရှုံးကာ ရန်ကုန်ရှိ ဗဟိုအစိုးရနှင့် ဗဟိုပင်မက ဖွဲ့စည်းပုံအခြေခံဥပဒေအရ ချည်နှောင်ခံခဲ့ရသည်။ ဤဖွဲ့စည်းပုံအခြေခံဥပဒေအရ အဆင့်နှိမ့်ချခြင်းသည် ချင်းတို့ကို ဗမာအများစုရှိသော နိုင်ငံတော်အတွင်း ယဉ်ကျေးမှုဆိုင်ရာ လူနည်းစုအဆင့်သို့ လျှော့ချခဲ့သည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် အမျိုးသားလုံခြုံရေးကို ဆွေးနွေးရန် အတွင်းဝန်ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံနေသော ဗိုလ်ချုပ်အောင်ဆန်းနှင့် အဖွဲ့ဝင်များ လုပ်ကြံခံခဲ့ရသည်။ ချင်းတောင်တန်းမှ ဇိုလူမျိုးများသည် အလွန်ဝမ်းနည်းကြေကွဲခဲ့ကြသည်။ ၎င်းတို့သည် ဗိုလ်ချုပ်အောင်ဆန်းကို အမှတ်ရစေရန် ပါးစပ်ရာဇဝင် သီချင်းများစွာကို ရေးစပ်ခဲ့ကြသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ချင်းတောင်တန်းမှ ဇိုလူမျိုးများအတွက် သူရဲကောင်းတစ်ဦး ဖြစ်ခဲ့သည်။ သူ့အား လုပ်ကြံခြင်းကိုကြည့်၍ မြန်မာအစိုးရသစ်၏ ဖိနှိပ်မှုများ ပိုမိုခံစားရလိမ့်မည်ဟု ၎င်းတို့က စိုးရိမ်ခဲ့ကြသည်။ ဗိုလ်ချုပ်အောင်ဆန်း ကွယ်လွန်ခြင်းနှင့်အတူ နယ်စပ်ဒေသလူမျိုးများသည် ၎င်းတို့၏ အယုံကြည်ရဆုံး ဗမာမဟာမိတ်ကို ဆုံးရှုံးခဲ့သည်။ သူ၏ နိုင်ငံရေးအမွေခံများ၊ အထူးသဖြင့် ဦးနုနှင့် ၎င်း၏ အစိုးရသည် ပင်လုံ၏ ဖက်ဒရယ်စိတ်ဓာတ်ကို တဖြည်းဖြည်း ဘေးဖယ်ကာ တစုတစည်းတည်း အမျိုးသားနိုင်ငံ အစီအစဉ်ကို နှစ်သက်ခဲ့သည်။ သျှမ်းပြည်နယ်အား ကတိပြုထားသော်လည် ကချင်နှင့် ချင်းပြည်နယ်ကဲ့သို့သော အခြားသူများအတွက် ကွေ့ဝိုက်ထားသော ခွဲထွက်ခွင့်ကို လက်တွေ့တွင် ဘယ်သောအခါမျှ အစပြုပင်မခံခဲ့ပါ။ ရန်ကုန်သည် ဘဏ္ဍာရေး၊ စစ်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် အာဏာအလုံးစုံကို ထိန်းချုပ်ကာ ဗဟိုချုပ်ကိုင်ထားခဲ့ပြီး၊ နယ်စပ်ဒေသလူမျိုးများကို နိုင်ငံရေးအရခွဲထားခဲ့သလို စီးပွားရေးအရ လျစ်လျူရှုထားခဲ့သည်။ ဖက်ဒရယ်ပြည်ထောင်စုအတွင်း တူညီသည့် အဆင့်အတန်းကို ချင်းတို့သည် ရည်မှန်းခဲ့သော်လည်း၊ နိုင်ငံရေးဆိုင်ရာ ကိုယ်ပိုင်အာဏာ တဖြည်းဖြည်း လျော့ပါးလာခြင်းကိုသာ ရင်ဆိုင်ခဲ့ရသည်။ ကိုလိုနီခေတ်၏ တိုက်ရိုက်မဟုတ်သော အုပ်ချုပ်မှုပုံစံမျိုးတွင်ပင် မိမိတို့၏ ရိုးရာအုပ်ချုပ်မှုကို ထိန်းသိမ်းထားခဲ့သော်လည်း၊ လွတ်လပ်ရေးရရှိသည့် နိုင်ငံတွင်မူ “ညီညွတ်မှုကို တသမတ်တည်းဖြစ်မှုနှင့်တူညီသည်” ဟု သတ်မှတ်သော အမျိုးသားနိုင်ငံတော်တည်ဆောက်ရေး စီမံကိန်းကြီးနှင့် အစားထိုးခဲ့သည်။ ရန်ကုန်ရှိ အဆက်ဆက်သော အစိုးရများသည် ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်းကို အမျိုးသားညီညွတ်ရေးအတွက် ခြိမ်းခြောက်မှုအဖြစ် မြင်ကြပြီး၊ ဖက်ဒရယ်တောင်းဆိုမှုများကို ခွဲထွက်ရေးများ သို့မဟုတ် သစ္စာဖောက်မှုများအဖြစ် မကြာခဏ ပုံဖော်ကြသည်။ ချင်းတို့၏ ကိုလိုနီခေတ်မတိုင်မီ နိုင်ငံရေးအမွေအနှစ်နှင့် ကိုလိုနီခေတ်လွန် နိုင်ငံရေးဆန္ဒ၏ တရားဝင်မှုကို ငြင်းပယ်ခဲ့သည်။ နောက်ဆယ်စုနှစ်များတွင် ပြည်ထောင်စုသည် ညီညွတ်မှု၏ သင်္ကေတမှ သစ္စာဖောက်ခြင်း၏ ပုံရိပ်အဖြစ် ပြောင်းလဲသွားခဲ့သည်။ သမိုင်းဆိုင်ရာဒဏ်ရာနှင့် မကျေနပ်ချက်တခု ဖြစ်လာခဲ့သည်။ ချင်းတို့အတွက် တချိန်က အကောင်းမြင်မှုများဖြင့် ပြည့်နှက်နေသောနေ့သည် သိမ်းယူခံရခြင်း၏ အစဟု မှတ်မိလာခဲ့သည်။ ဖက်ဒရယ်စနစ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် အချို့အဖွဲ့များ၏ လွတ်လပ်ရေးလှုပ်ရှားမှုများသည် အိပ်မက်များသက်သက်မဟုတ်ဘဲ နိုင်ငံရေးအမွေအနှစ် ရှင်သန်ရပ်တည်ရေး၏ လုပ်ရပ်များအဖြစ် ပြန်လည်ပေါ်ပေါက်လာခဲ့သည်။ ချင်းတို့သည် ကိုလိုနီခေတ်မတိုင်မီ ကိုယ်ပိုင်အာဏာ၊ ဖလမ်းညီလာခံ၏ ဆုံးဖြတ်ချက်များနှင့် မြန်မာနိုင်ငံသို့ ပါဝင်ရန် ၎င်းတို့၏ သဘောတူညီချက်များမှ မူလရည်ရွယ်ချက်များကို ပြန်လည်သုံးသပ်ခဲ့သည်။ အဓိကနိုင်ငံရေးဝေါဟာရများအား အဓိပ္ပာယ်လွဲမှားခြင်းသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားအချင်းချင်း ဆက်ဆံရေးကို ဆက်လက်ခြောက်လှန့်နေခဲ့သည်။ ရမ် - ram ကို “တိုင်းပြည်” အဖြစ် အသိအမှတ်မပြုခြင်းသည် ချင်းအမျိုးသားဖြစ်မှုအမွေအနှစ်ကို ဖျက်သိမ်းခြင်းသို့ ဦးတည်ခဲ့သလို phunglam ကို ရိုးရိုး “ဓလေ့ထုံးစံဥပဒေ” အဖြစ် ဘာသာပြန်ဆိုမှုလွဲမှားခြင်းသည် ချင်းတို့၏ နိုင်ငံရေးဆိုင်ရာဝိသေသ အမှတ်အသားကို ယဉ်ကျေးမှုဆိုင်ရာ သင်္ကေတအဖြစ် လျှော့ချခဲ့ရာ ရောက်ခဲ့သည်။ ဤအဓိပ္ပာယ်လွဲမှားမှုများသည် လွတ်လပ်ရေးရပြီးခေတ် မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အုပ်ချုပ်ရေးဆိုင်ရာ ဗိသုကာလက်ရာတွင် အင်စတီကျူးရှင်းခိုင်လာ၍၊ တန်းတူညီမျှသော ပြည်ထောင်စုကို ဗဟိုအစိုးရ၊ ဗဟိုအစိုးရကို အတိုက်အခံပြုသူများ၏ ဇာတ်ကြောင်းများ ရှိလာသည့်အခါ ဌာနေတိုင်းရင်းသားတို့မှာ ဇာတ်ပို့ဇာတ်ရန်များ ဖြစ်လာ၏။ သူတို့၏ နိုင်ငံရေးအမွေအနှစ်မှာ ပါးလျသွားခဲ့၏။ လွတ်လပ်ရေးရသောအခါ ချင်းဒေသသုံးပိုင်းဖြစ်သွားပြီး တပိုင်းသည် ဗမာနိုင်ငံတွင် ပါဝင်လာသည်။ ချင်းဝိသေသတိုင်း အစိုးရဖွဲ့ရာတွင် ဦးဝမ်းသူးမောင်က ချင်းရေးရာဝန်ကြီးဖြစ်လာခဲ့သည်။ ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၂ ရက်အထိ ချင်းအမျိုးသားညီလာခံကို ဖလမ်းမြို့တွင် ကျင်းပရာ မြန်မာနိုင်ငံအရပ်ရပ်မှ ချင်းတိုင်းရင်းသား ကိုယ်စားလှယ် ၅၀၀၀ ကျော် တက်ရောက်ခဲ့သည်။ ချင်းလူထုသည် ဒီမိုကရေစီကို လိုလားသော လူထုဖြစ်သည်ကို သိသာစေသောအချက်မှာ ဒေသ၏ တိုက်သူကြီးစနစ်ကို ဖျက်သိမ်းပြီး ဒီမိုကရေစီစနစ်ကို အစားထိုးရန် မဲကောက်ခံသည့်အခါ ကိုယ်စားလှယ် ၅၀၀၀ ကျော်တွင် ကန့်ကွက်မဲ ၁၇ မဲသာ ရှိသည်ဟု ဆိုပါသည်။ ဖေဖော်ဝါရီ ၂၀ ရက် အစည်းအဝေးတွင် တိုက်သူကြီး အုပ်ချုပ်ရေးစနစ်ကို ဖျက်သိမ်းလိုက်သည်။ ယင်းနေ့ကို ချင်းအမျိုးသားနေ့အဖြစ် ကနဦး သတ်မှတ်ခဲ့သည်။ ပူးဝမ်းကိုဟောသည် ချင်းတောင်တန်းမှ ဇိုလူမျိုးများ၏ ခေါင်းဆောင်တဦးအဖြစ် ထင်ရှားလာသည်။ သူ၏ ဦးစားပေးအစီအစဉ်မှာ လူကြိုက်နည်းသော အကြီးအကဲများကို လူကြိုက်များသော ရွာသူကြီးများဖြင့် အစားထိုးရန် ဖြစ်သည်။ ဗြိတိသျှတို့၏ ကိုယ်စားလှယ်များအဖြစ် ဆယ်စုနှစ်များစွာကြာပြီးနောက် အကြီးအကဲများသည် ဇိုလူမျိုးများကို ကိုယ်စားမပြုတော့ဘဲ ၎င်းတို့၏ကိုယ်ကျိုးစီးပွားကိုသာ ကိုယ်စားပြုကြောင်း သူသဘောပေါက် လာခဲ့သည်။ ပူးဝမ်းကိုဟောသည် ကျွန်စနစ်နှင့် အဓမ္မလုပ်အားပေးမှုကိုလည်း ဖျက်သိမ်းခဲ့သူဖြစ်သည်။ ချင်းတောင်တန်းမှ ဇိုလူမျိုးများသည် ၎င်းတို့၏ အနာဂတ်ကို ကိုယ်တိုင် တာဝန်ယူလာခဲ့ကြသည်။ သို့သော် ၁၉၅၀ ခုနှစ်များ အစောပိုင်းတွင် ချင်း၊ ကချင်နှင့် သျှမ်းတို့သည် ဖက်ဒရယ်မိတ်ဖက်များမှ ပြည်တွင်း လူနည်းစုများအဖြစ် ပြောင်းလဲသွားသည်ကို တွေ့ရှိခဲ့ကြသည်။ “ညီညွတ်သော ပြည်ထောင်စု” အတွက် စုပေါင်းရည်မှန်းချက်သည် ဗမာအမျိုးသားရေးဝါဒ၏ ရေစီးကြောင်းတွင် သင်္ဂြိုဟ်ခံခဲ့ရသည်။ နယ်စပ်ဒေသများသို့ စစ်တပ်ချဲ့ထွင်ခြင်း၊ စောင့်ကြည့်ခြင်းနှင့် အုပ်ချုပ်ရေးရာထူးများတွင် ဗဟိုအစိုးရကြီးမှ ခန့်အပ်ခြင်းများသည် ဒေသခံခေါင်းဆောင်များအပေါ် လေးစားမှုလျော့နည်းလာခြင်းကို ပြသနေသည်။ ဂျပန်ကို တိုက်ခိုက်ရာတွင် မဟာမိတ်များဖြစ်ခဲ့ပြီး ပြည်ထောင်စုစာချုပ်ကို အတူတကွ လက်မှတ်ရေးထိုးခဲ့သော ချင်းတို့သည် ဖက်ဒရယ်နိုင်ငံရေး၏ အစုဝင်များအဖြစ်ထက် အမျိုးသားနိုင်ငံတော်၏ လုနည်းစုလူမျိုး လက်အောက်ခံများအဖြစ် သဘောထားခံခဲ့ရသည်။ ပင်လုံကတိများကို အကောင်အထည်ဖော်ရန် ပျက်ကွက်ခြင်းကြောင့် ချင်းနှင့် အခြားတောင်ပေါ်ဒေသ လူမျိုးများသည် အမည်ခံပြည်ထောင်စု၏ နိုင်ငံရေးမူဘောင်အပေါ် ယုံကြည်မှု လျော့နည်းလာခဲ့သည်။ ပူးပေါင်းဆောင်ရွက်မှုအဖြစ် စတင်ခဲ့သောအရာသည် ရေရှည်လက်အောက်ခံဖြစ်မှုအဖြစ် ပြောင်းလဲလာနေသည်။ ဗိုလ်ချုပ်အောင်ဆန်းက ကတိပြုခဲ့သော အုပ်ချုပ်မှု၏ လုပ်ငန်းစဉ်များ၊ ပညာရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးတိုးတက်မှု အိပ်မက်များသည် မလုံမလောက်သာ ပေးအပ်ခြင်းခံရသည်။ အဂတိလိုက်စား၍ ယှဉ်ပြိုင်သည့် နိုင်ငံရေး၏ လက်အောက်ခံဖြစ်ခဲ့သည်။ ပညာရေးဆိုင်ရာ စာပေများသည် ဗမာဗဟိုပြု သမိုင်းမှတ်တမ်းကို မြှင့်တင်ခဲ့ပြီး၊ နယ်စပ်ဒေသသမိုင်းများကို အရေးမပါသော နောက်ဆက်တွဲမှတ်စုနှင့် Footnote များအဖြစ် လျှော့ချခဲ့သည်။ အခြေခံအဆောက်အအုံ စီမံကိန်းများသည် နယ်စပ်ဒေသဆက်သွယ်မှုထက် ရန်ကုန်စီးပွားရေးအကျိုးစီးပွားကို ဦးစားပေးခဲ့သည်။ ထိုအချိန်တွင် ချင်းတို့သည် ကိုယ့်ကြမ္မာကိုယ်ဖန်တီးရမည့်အကြောင်းကို တွေးလာကြသည်။ လူရှိုင်းတောင်တန်းမှ ဇိုလူမျိုးများသည်လည်း ၎င်းတို့၏ အနာဂတ်ကို ကိုယ်တိုင် ဆုံးဖြတ်ရမည်ဟု သဘောပေါက်ခဲ့ကြသည်။ Verghese နှင့် အခြားသူများက ‘ဒုတိယကမ္ဘာစစ်အထိ သိသာထင်ရှားသော နိုင်ငံရေး နိုးကြားမှု မရှိခဲ့ဘူး’ ဟု ဆိုကြသည်။ သို့သော် လူရှိုင်းတောင်တန်းမှ အကြီးအကဲများသည် ဗြိတိသျှတို့၏ အုပ်ချုပ်မှုအောက်တွင် များစွာသော အခွင့်အရေးများကို ခံစားခဲ့ကြသည်။ အစိုးရ၏ ကိုယ်စားလှယ်များ ဖြစ်ခဲ့ကြသည်။ ဗြိတိသျှတို့သည် အကြီးအကဲများထံ မြေယာများ ခွဲဝေပေးခြင်း အပါအဝင် များစွာသော အာဏာများကို ပေးအပ်ခဲ့သည်။ မြေယာသည် တောင်တန်းများတွင် အမြဲတမ်း ပြဿနာတခု ဖြစ်ခဲ့သည်။ ထို့ကြောင့် အကြီးအကဲများကို မြေယာခွဲဝေမှုအပေါ် ထိန်းချုပ်ခွင့်ပေးခြင်းသည် ဇိုလူမျိုးများ၏ မကျေနပ်မှုကို ဖြစ်စေခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် လူရှိုင်းတောင်တန်းမှ လူငယ်ဇိုလူမျိုးများသည် အကြီးအကဲများကို တော်လှန်ခဲ့ကြသည်။ ၎င်းတို့သည် ချင်းတောင်တန်းမှ ဇိုလူမျိုးများနှင့် မဏိပူရရှိ အခြားသူများနှင့် ချိတ်ဆက်ခွင့်ရရှိရန်လည်း လိုလားခဲ့ကြသည်။ အကြီးအကဲများအတွက် အထူးအခွင့်အရေးများကို နောက်ဆုံးတွင် ဖျက်သိမ်းခဲ့ပြီး ၎င်းတို့၏ တောင်တန်းပြည်နယ် တောင်းဆိုမှုများကို ထပ်လောင်းအတည်ပြုခဲ့သည်။ ဝါးပင်များ ပွင့်တိုင်း ဇိုတောင်တန်းများတွင် အငတ်ဘေး ဆိုက်ရောက်ခဲ့သည်။ အနှစ်ငါးဆယ်တစ်ကြိမ် ပွင့်သော ဝါးပင်များသည် ဖရတ်တို့စ်ဓာတ်များသော အသီးများကို သီးတတ်သည်။ ကြွက်များသည် ၎င်းတို့ကို စားသုံးကြပြီး ယင်းကြောင့် ကြွက်ဦးရေ အဆမတန် တိုးပွားလာသည်။ လူရှိုင်းတောင်တန်းမှ ဇိုလူမျိုးများသည် အိန္ဒိယနိုင်ငံတော်ထံမှ အထူးအကူအညီများ မရရှိခဲ့ကြသောကြောင့် ခွဲထွက်ရေး လှုပ်ရှားမှုများ စတင်ခဲ့သည်။ မီဇိုအမျိုးသားတပ်ဦး (MNF) ကို သီးခြားပြည်နယ်တစ်ခု ဖြစ်လာစေရန် ရည်ရွယ်ချက်ဖြင့် တည်ထောင်ခဲ့သည်။ မြန်မာနိုင်ငံ မဏိပူရတွင် ၁၉၆၂ ခုနှစ်၌ ဗိုလ်နေဝင်းသည် အာဏာသိမ်း၍ တိုင်းပြည်ကို စစ်အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်ခဲ့သည်။ နောက်ဆယ်စုနှစ်များသည် နယ်စပ်နှစ်ဖက်စလုံးရှိ ဇိုလူမျိုးများအတွက် အမြဲတမ်း မငြိမ်သက်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။ ဇိုလူမျိုးများသည် ခေတ်ပညာများသင်ယူခဲ့ကြပြီး ၎င်းတို့၏ ကိုယ်ပိုင်သမိုင်းများကို ပုံစံသစ် သွန်းလုပ်ရေးသားလာခဲ့ကြသည်။ မရေရာသော နိုင်ငံရေးအခြေအနေများကြောင့် ဤသမိုင်းများသည် မကြာခဏ နိုင်ငံရေးရည်ရွယ်ချက်များရှိနေသည်ကို တွေ့ရပြီး သက်ဆိုင်ရာဒေသအသီးသီးမှ ဇိုလူမျိုးများသည် မတူညီသော နိုင်ငံရေးလမ်းကြောင်းများသို့ ရွေ့လျားခဲ့ကြသည်ဟု ဆိုနိုင်သည်။ အိန္ဒိယနိုင်ငံမှ ဇိုလူမျိုးများသည် ကုလသမဂ္ဂ၏ လက်အောက်တွင် မြေယာအခွင့်အရေးများနှင့် နိုင်ငံရေး စတင်ခဲ့ကြသည်။ ချင်းတောင်တန်းမှ ဇိုလူမျိုးများသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီလိုလားသော လှုပ်ရှားမှုနှင့် ပူးပေါင်းခဲ့ကြသည်။ အချိန်ကြာလာသည်နှင့်အမျှ မြောက်ရခိုင်ရိုးမမှ ချင်းလူမျိုးများသည် တဦးနှင့်တဦး ပိုကွာဝေးလာခဲ့ ကြသည်။ ဟားခါးဒေသကဲ့သို့သော အချို့အုပ်စုများမှာ ချင်းလူမျိုးများ၏ ရှေ့တန်းရောက် အုပ်စုတစ်ခုအဖြစ် ထင်ရှားလာခဲ့သည်။ သို့နှင့် ၁၉၆၂ တွင် ဗိုလ်နေဝင်း စစ်အာဏာ သိမ်းသွားခဲ့သည်။ ၁၉၄၈ - ၁၉၅၀ အတွင်း ဗမာအစိုးရဘက်မှ စစ်အတွင်း ရပ်တည်တိုက်ခိုက်ခဲ့သည့် ဒုတိယ ဗိုလ်မှူးကြီး ဆွန်ခိုပေါင်သည် ၁၉၆၂ အာဏာသိမ်းသောအခါ လွတ်လပ်သောချင်းပြည်ထူထောင်ရန် စိုင်းပြင်းလေတော့သည်။ သူ့ဦးဆောင်မှုဖြင့် ချင်းလူငယ် ၃၀ ဦးတို့သည် အရှေ့ပါကစ္စတန် (ယခု ဘင်္ဂလာဒေ့ရှ်)သို့ စစ်ပညာသင်ယူခဲ့ကြပြီး လက်နက်နှင့်အတူ ပြန်လည်ရောက်ရှိလာ ကြသည်။ ထို့နောက် ၁၉၆၄ တွင် ပြန်ဝင်လာကာ တော်လှန်သော ချင်းခေါင်းဆောင်များနှင့်တွေ့ဆုံရာ ချင်းပြည်လွတ်မြောက်ရေးအတွက် ဗမာနိုင်ငံအစိုးရကိုသာ တော်လှန်မည့်သူ အများစုနှင့် အိန္ဒိယ-ဗမာ နှစ်နိုင်ငံလုံးအစိုးရများကို တော်လှန်မည့်အုပ်စုများ ကွဲသွားခဲ့သည်။ ဗိုလ်နေဝင်း အာဏာသိမ်းကာလများတွင် ချင်းပြည်နယ်သည် နိုင်ငံရေးကော၊ သယံဇာတပါ စစ်အာရှင်တို့အတွက် သိပ်မထူးခဲ့သည့်အတွက် ကရင်ပြည်နယ်၊ သျှမ်းပြည်နယ်တို့ကဲ့သို့ ကြီးမားသော စစ်ပွဲကြီးများမဖြစ်ခဲ့ချေ။ သို့သော် လှုပ်ရှားမှုများရှိသည်။ ၁၉၆၅ ခုနှစ်တွင် အိန္ဒိယဝန်ကြီးချုပ် Lal Bahadur Shastri သည် မြန်မာနိုင်ငံသို့သွားရောက်ခဲ့ပြီး ဗိုလ်ချုပ်နေဝင်းနှင့် ဆွေးနွေးခဲ့ကြရာ နှစ်နိုင်ငံအတွင်း ခွဲထွက်ရေးလှုပ်ရှားမှု၊ တိုင်းပြည်ပြိုကွဲစေမည့် လှုပ်ရှားမှုမှန်သမျှကို ပူးတွဲတားဆီးရန် သဘောတူခဲ့ကြသည်။ ထို့နောက် ဆွန်ခိုပေါင်၊ ဒမ်ကိုဟောက်၊ ရိုထန်၊ ဟရန်နောလ်နှင့် အခြားမျိုးချစ် ပုဂ္ဂိုလ်တို့ကို အိန္ဒိယအစိုးရမှ ဖမ်းဆီးပြီး မြန်မာပြည်တွင်းသို့ ၁၉၆၆ တွင် လွဲပြောင်းပေးခဲ့ကြသည်။ ဂျွန်မန်တလင်းနှင့် မျိုးချစ်လူငယ်တို့သည် ၁၉၆၉ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင်လည်းကောင်း၊ ဝီလျှံဆာလျန်ဇမ်နှင့် မိုက်ကယ်လ် မန်ခမ်းတို့သည် ၁၉၇၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင်လည်းကောင်း ထိုင်းနိုင်ငံသို့ အသီးသီးရောက်ရှိခဲ့ပြီး ချင်းဒီမိုကရေစီပါတီကို ဖွဲ့စည်းခဲ့ကြသည်။ ၁၉၇၁ ခုနှစ် ဖေဖော်ဝါရီလတွင် ဇိုမီးချင်းလွတ်မြောက်ရေးတပ်ဦးနှင့်ဆွေးနွေးကာ နှစ်ပါတီစလုံးဖျက်သိမ်းပြီး ညီညွှတ်သော ဇိုမီး ဒီမိုကရေစီပါတီကို ထူထောင်ခဲ့ကြသည်။ မကြာခင် ပြန်လည်နုတ်ထွက်သွားသဖြင့် ဖေဖော်ဝါရီလ ၂၈ တွင် ချင်းဒီမိုကရေစီပါတီအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ကြသည်။ ၁၉၇၂ ခုနှစ် ဩဂုတ်လ (၂၄) ရက်နေ့တွင် တော်လှန်ရေးရေးနယ်မြေရောက် ချင်းအမျိုးသားများ စည်းဝေးခဲ့ကြပြီး ချင်းလွတ်မြောက်ရေးတပ်မတော်ကို တည်ထောင်ရန် ဆုံးဖြတ်သည်။ ၁၉၇၆ ခု မှ ၁၉၇၇ ခုတွင် ချင်းပြည်သို့ပြန်ချီတက်ရာ လေဒဏ်၊ မိုးဒဏ်၊ အအေးဒဏ်၊ အစားအသောက်၊ ဆေးဝါးပြတ်လပ်သည့်ဒဏ်များ အကြီးအကျယ်ခံကြရသည်။ မဆလတပ်များနှင့် တိုက်ရသည်။ ဖမ်းမိသူတို့ အမှုစီရင်ခြင်းမခံရပဲ တခါတည်းပစ်သတ်ခံခဲ့ရသည်။ များစွာအဖမ်းခံ၊ အသတ်ခံရသဖြင့် ချင်းလွတ်မြောက်ရေး တပ်မတော်လည်း နာလန်မထူနိုင်အောင် ထိခိုက်သွားရသည်။ သို့ရာတွင် ယနေ့တော်လှန်သော သက်လုံကို ထိန်းသိမ်းရန် ထူးခြားသည့် အချက်များရှိ၏။ ချင်းအမျိုးသားရေးအသိစိတ်၏ အခြားသော အရေးပါသည့် ရှုထောင့်တခုမှာ ဘာသာရေးနှင့် လူမှုပုံရိပ် အမှတ်အသား ရောယှက်နေခြင်းဖြစ်သည်။ အမေရိကန် နှစ်ခြင်းသာသနာပြုများက ၁၉ ရာစုနှောင်းပိုင်းနှင့် ၂၀ ရာစုအစောပိုင်းတွင် စတင်မိတ်ဆက်ခဲ့သော ခရစ်ယာန်ဘာသာသည် ၂၀ ရာစုအလယ်ပိုင်းတွင် ချင်းရိုးရာ လူ့အဖွဲ့အစည်း၏ အဓိကလက္ခဏာတခု ဖြစ်လာခဲ့သည်။ ဗုဒ္ဓဘာသာလွှမ်းမိုးထားဆဲဖြစ်သော မြန်မာနိုင်ငံ၏ ဒေသအများအပြားနှင့်မတူဘဲ ချင်းတို့၏ ခရစ်ယာန်ဘာသာဝင်ဖြစ်လာခြင်းသည် နိုင်ငံတော်အာဏာကို ခုခံသည့် ကိုယ်ကျင့်တရားနှင့် ယဉ်ကျေးမှုဆိုင်ရာ ဘဝနေမှုတမျိုးကို ပေးအပ်ခဲ့သည်။ ဦးနုသည် မြန်မာနိုင်ငံကို လူများစု ဗုဒ္ဓဘာသာအမျိုးသားရေး အမှတ်အသားဆီသို့ ရွေ့လျားစေသောအခါ၊ ခရစ်ယာန်အများအပြားရှိသည့် ချင်းတို့သည်လည်း စိတ်ပျက်ခဲ့ရသည်။ ဘာသာရေးဆိုင်ရာ အမှတ်အသားသည် နိုင်ငံရေးအရ ခုခံမှု၏ အရင်းအမြစ်တခုလည်း ဖြစ်လာခဲ့သည်။ ချင်းတို့၏ ညီညွတ်မှု၊ ကိုယ်ကျင့်တရားဆိုင်ရာ တရားဝင်မှု၊ ယဉ်ကျေးမှုဆိုင်ရာ သွတ်သွင်းမှုကို ခုခံရန်အတွက် များစွာအထောက်အကူပြုသည်။ ချင်းတို့ကို ပိုမိုကျယ်ပြန့်သော ကမ္ဘာလုံးဆိုင်ရာ ကွန်ရက်များကို (အထူးသဖြင့် ယူကေနှင့် အမေရိကန်ပြည်ထောင်စုတို့ကို) ဆက်သွယ်ပေးခဲ့သည်။ သာသနာပြုလုပ်ငန်းမှ ဗဟိုပြုပေါက်ဖွားလာသော နယ်မြေဖြတ်ကျော် ဆက်သွယ်မှုသည် နောက်ဆယ်စုနှစ်များတွင် တစတစ ပိုမိုအရေးပါလာမည့် ပြန့်ကျဲရောက်ရှိနေသူများ၏ စည်းလုံးညီညွတ်မှု၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများနှင့် ပညာရေးအခွင့်အလမ်းများအဖြစ် တဖြည်းဖြည်း ဖွံ့ဖြိုး တိုးတက်လာသည်။ ချင်းတို့၏ လူထုတရပ် ဖြစ်ပေါ်လာခြင်းသည် မြန်မာနိုင်ငံအနောက်တောင်တန်းများ သို့မဟုတ် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသများတွင်သာ ကန့်သတ်မထားပေ။ ချင်းတို့၏ လူမှုပုံရိပ်သည် တကမ္ဘာလုံးသို့ ပြန့်ကျဲရောက်ရှိနေသူများအထိ ကျယ်ပြန့်၏။ ပြည်ပရောက် အသိုင်းအဝိုင်းများသည် ချင်းတို့၏ အမှတ်အသားကို အရေးပါသော ထိန်းသိမ်းသူများ၊ တင်ပြသူများ ဖြစ်လာခဲ့သည်။ ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းမှုနှင့် နောက်ဆက်တွဲ ဖိနှိပ်မှုများကြောင့် ထောင်နှင့်ချီသော ချင်းလူမျိုးများသည် အိန္ဒိယ (မီဇိုရမ်၊ မဏိပူရ)၊ မလေးရှားနှင့် အနောက်နိုင်ငံများ (အထူးသဖြင့် အမေရိကန်ပြည်ထောင်စု၊ ကနေဒါနှင့် သြစတြေးလျ) သို့ ထွက်ပြေးခဲ့ကြသည်။ မလွှဲသာ၍ ဖြစ်ပေါ်လာသော ဤအသိုင်းအဝိုင်းများသည် ယဉ်ကျေးမှု ထိန်းသိမ်းရေး၊ ပညာရေးနှင့် နိုင်ငံရေးဆိုင်ရာ အရေးဆိုမှုများအတွက် ပလက်ဖောင်းတစ်ခုအဖြစ် ပြောင်းလဲခဲ့ပြီး၊ ချင်းတို့၏ သရုပ်ပုံရိပ် ခံနိုင်ရည်ရှိကြောင်း သေချာစေခဲ့သည်။ အိန္ဒိယနိုင်ငံ (အထူးသဖြင့် မီဇိုရမ်ပြည်နယ်) တွင် မြန်မာနိုင်ငံမှ ချင်းဒုက္ခသည်များသည် မျိုးနွယ်တူ မီဇိုလူမျိုးများနှင့် ဘာသာစကား၊ လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာ ဆက်နွယ်မှုများရှိပြီး၊ သီးခြားချင်းရိုးရာဓလေ့များကို ထိန်းသိမ်းရင်း ကူးလူးပေါင်းစည်းမှုကို တိုးပွားစေသည်။ အိုင်ဇောလ်မြို့ရှိ ချင်းဒုက္ခသည်များကော်မတီကဲ့သို့သော အသိုင်းအဝိုင်းများသည် ကွတ် (စပါးရိတ်သိမ်းပွဲများ) နှင့် ဆစ်ပွီ (ဆောင်းရာသီပွဲများ) ကဲ့သို့သော ယဉ်ကျေးမှုရိုးရာ ပွဲတော်များကို ကျင်းပကြပြီး၊ ရိုးရာသီချင်းများ (တွမ်ဘီးယား) နှင့် အကများသည် ချင်းလွန်းဒဏ္ဍာရီနှင့် စုပေါင်း မှတ်ဉာဏ်ကို အားဖြည့်ပေးသည်။ ဤပွဲများသည် ဥပဒေနှင့် တရားဝင်နိုင်ငံသားဖြစ်ခွင့်မရှိသော ဒေသတွင်ပင် ချင်းတို့၏ ယဉ်ကျေးမှုဆိုင်ရာ အုတ်မြစ်ချ ကျောက်ဆူးများနှင့် ခုခံမှု၏ လုပ်ရပ်များဖြစ်လာသည်။ ၁၉၉၀ ခုနှစ်များနှင့် ၂၀၀၀ ခုနှစ်များတွင် ချင်းအများအပြား ခိုလှုံခွင့်တောင်းခံခဲ့သော မလေးရှားနိုင်ငံတွင် ကွာလာလမ်ပူမြို့ရှိ မြို့ပြခိုလှုံသူ အသိုင်းအဝိုင်းများသည် အင်္ဂလိပ်စာနှင့်အတူ ချင်းဘာသာစကားများ (ဥပမာ- ဟားခါး၊ ဖလမ်း၊ တီးတိန်) ကို သင်ကြားရန် ပုံမှန်တွေ့နေကျမဟုတ်သော ကျောင်းများကို တည်ထောင်ခဲ့သည်။ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ကဲ့သို့သော NGO များ၏ အကူအညီဖြင့် တည်ထောင်ထားသော ဤကျောင်းများသည် လူငယ်မျိုးဆက်များကြားတွင် ယဉ်ကျေးမှု တိုက်စားခံရနိုင်ခြေကို ကာကွယ်ကြသည်။ ၁၉၉၅ ခုနှစ်တွင် တည်ထောင်ခဲ့သော CHRO သည် ချင်းပြည်နယ်ရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများကိုလည်း မှတ်တမ်းတင်ကာ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကဲ့သို့သော နိုင်ငံတကာ ဖိုရမ်များတွင် ဒုက္ခသည်များနှင့် ပြန့်ကျဲရောက်ရှိနေသူများ၏ အသံများကို မြှင့်တင်ပေးသည်။ ချင်းအသိုင်းအဝိုင်းများသည် ခရစ်ယာန်ဘာသာနှင့် ဆက်စပ်သည့် ကမ္ဘာလုံးဆိုင်ရာကွန်ရက်များမှတဆင့် ခိုင်မာသော အဖွဲ့အစည်းများကို တည်ဆောက်နိုင်ခဲ့သည်။ အမေရိကန်ပြည်ထောင်စုရှိ အင်ဒီယာနာပိုလစ်နှင့် ဖို့တ်ဝိန်းကဲ့သို့သော မြို့များသည် ချင်းလူဦးရေ အများအပြားကို လက်ခံထားပြီး၊ ဘုရားကျောင်းများသည် ယဉ်ကျေးမှုနှင့် လူမှုရေးဆိုင်ရာ အချက်အချာနေရာများအဖြစ် လုပ်ဆောင်သည်။ ဥပမာအားဖြင့် Chin Baptist Churches USA သည် ဘာသာရေးဝတ်ပြုမှုနှင့် ယဉ်ကျေးမှုဆိုင်ရာဖျော်ဖြေပွဲများကို ပေါင်းစပ်ထားသော နှစ်ပတ်လည် ညီလာခံများကို ကျင်းပသည်။ ခူရမ် (ပူဇော်ပသခြင်းဆိုင်ရာ အခမ်းအနားများ) ကဲ့သို့သော ရိုးရာဓလေ့များသည် ခေတ်သစ်နှင့်လိုက်လျောညီထွေဖြစ်စေ၏။ ဘုရားကျောင်းမိတ်သဟာယအဖွဲ့များစွာသည် မြန်မာနိုင်ငံရှိ ဖက်ဒရယ်စနစ်နှင့် လူ့အခွင့်အရေးအတွက် လုပ်ဆောင်သော ပညာတတ် ချင်းမျိုးဆက်သစ်များကို မြှင့်တင်ပေးသည့် ချင်းလူငယ်များအတွက် ပညာသင်ဆုများကိုလည်း ရန်ပုံငွေထောက်ပံ့သည်။ ချင်းအမျိုးသားတပ်ဦး (Chin National Front) ကို ၁၉၈၈ ခုနှစ် မတ်လ ၂၀ ရက်နေ့တွင် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် မြို့တော်အိုက်ဇောလ်တွင် ဖွဲ့စည်းခဲ့သည်။ ၁၉၈၈ ခုနှစ် အာဏာထပ်သိမ်းသောအခါ ချင်းကျောင်းသားမျိုးချစ်လူငယ်များသည် အိန္ဒိယနိုင်ငံသို့ လမ်းကြောင်းနှစ်ခုမှဝင်ပြီး မီဇိုရမ်ပြည်နယ်တွင် အမျိုးသားလှုပ်ရှားမှုပြုလုပ်ရန် မြန်မာနိုင်ငံ ဒီမိုကရက်တစ်တပ်ဦး (အနောက်ဘက်ခြမ်း) ကို ဖွဲ့စည်းခဲ့ကြသည်။ ထို့နောက် ချင်းအမျိုးသားတပ်ဦးခေါင်းဆောင်များနှင့် ဆွေးနွေးမှုပြုလုပ်ကာ ၁၉၈၉ ခုနှစ် ဇန်နဝါရီလတွင် ဒီမိုကရက်တစ်တပ်ဦးအားဖျက်သိမ်းပြီး ချင်းအမျိုးသားတပ်ဦးသို့ ပူးပေါင်းခဲ့ကြသည်။ ၁၉၈၉ ခုနှစ် အောက်တိုဘာလတွင် တပ်ဦးအတွင်း စိတ်ဝမ်းကွဲမှုဖြစ်ပွားကာ တဖွဲ့ခွဲထွက်ပြီး ချင်းလွတ်မြောက်ရေး ကောင်စီအဖြစ် လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။ CNF အနေဖြင့် ချင်းအမျိုးသား လွတ်မြောက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်နိုင်ရေး အတွက် ၁၉၈၈ တွင် ဖွဲ့စည်းသော CNLD နှင့် ပူးပေါင်းလုပ်ဆောင်မှုများစွာ ရှိသလို ၁၉၉၆ နှစ်ဦးမှစကာ CNF နှင့် ကျောင်းသားတပ်တော် ABSDF တို့ ဆွေးနွေးမှုများ ရှိပြီး ယနေ့တိုင် ပူးပေါင်းဆောင်ရွက်မှုများစွာရှိသည်။ ၁၉၉၇ တွင် NCUB အနောက်ဘက်ဒေသကော်မတီ ဖွဲ့စည်းရေး ပါဝင်ခဲ့သည်။ အလုပ်သမားအဖွဲ့၊ ရှေ့နေအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုခဲ့သည်။ First Chin Seminar ကို ၁၉၉၈ တွင် ကနေဒါနိုင်ငံ၌ ကျင်းပကာ Chin Forum (1998) ကို ဖွဲ့စည်းနိုင်သည်။ The Seminar on Chin Consensus Building ကို ၂၀၀၄ ခုနှစ်တွင် ကျင်းပနိုင်ခဲ့ပြီး Political Affairs Committee of Chinland ကို ဖွဲ့စည်းနိုင်သည်။ ထိုမှတဆင့် Chin National Assembly ကို ၂၀၀၆ ခုနှစ်တွင် ဖွဲ့စည်းနိုင်ခဲ့သည်။ ၁၉၉၃ ခုနှစ် ဇွန်လတွင် ချင်းအမျိုးသားတပ်ဦး၏ ပထမအကြိမ်ပါတီညီလာခံ၊ ၁၉၉၇ ခုနှစ် ဇွန်လတွင် ဒုတိယအကြိမ်ပါတီညီလာခံ၊ ၂၀၀၃ ခုနှစ် နိုဝင်ဘာလအတွင်း တတိယအကြိမ်ညီလာခံ၊ ၂၀၀၈ ခုနှစ် ဒီဇင်ဘာလတွင် စတုတ္ထအကြိမ်ပါတီညီလာခံကို ကျင်းပနိုင်ခဲ့ကြသည်။ ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံခဲ့ပဲ တိုက်ပွဲများရှိခဲ့ပြီး ၂၀၁၂ တွင်မူ ပြည်နယ်အဆင့်၊ နိုင်ငံတော်အဆင့် အပစ်အခတ်ရပ်စဲရေးများ စတင်ခဲ့ပြီး ၂၀၁၅ တွင် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့သည်။ လက်ရှိနွေဦးတော်လှန်ရေးတွင် CNF အနေဖြင့် တော်လှန်ရေးတပ်ဦးမှ လှုပ်ရှားကာ NUCC/NUG နှင့် စစ်ရေးလှုပ်ရှားမှုများတွင် ပါဝင်နေသည်။ ချင်းနိုင်ငံရေးတွင် ပြည်ပရောက် ချင်းများ၏ အခန်းကဏ္ဍမှာလည်း အားကောင်းသည်။ နိုင်ငံရေးအရ ပြန့်ကျဲရောက်ရှိနေသူများသည် ချင်းအမျိုးသားတပ်ဦး (CNF) ကို ပံ့ပိုးရာတွင်လည်း အရေးပါသည်။ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့တွင် ပြည်ပရောက်နေသူများသည် ၂၀၀၆ ခုနှစ် ချင်းအမျိုးသားညီလာခံ၏ ဖက်ဒရယ်ဆိုင်ရာ တောင်းဆိုချက်ကဲ့သို့သော မူဝါဒအဆိုပြုချက်များကို ရေးဆွဲရန် ကမ္ဘာအနှံ့ပြန့်ကျဲရောက်ရှိနေသည့် အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သည်။ လူမှုမီဒီယာများတွင် ချင်းဘာသာစကား စာမျက်နှာများနှင့် ချင်းရေးရာချန်နယ်များ အပါအဝင် လူမှုမီဒီယာပလက်ဖောင်းများသည် ပြန့်ကျဲရောက်ရှိနေသူ ချင်းများနှင့် ချင်းတို့ဇာတိမြေကို ဆက်သွယ်ပေးကာ သမိုင်းရာဇဝင်များ၊ ရိုးရာပုံပြင်များသာမက နိုင်ငံရေးဆိုင်ရာ နောက်ဆုံးအခြေအနေများနှင့် လှုပ်ရှားမှုများကို ဖြန့်ဝေပေးသည်။ ပြန့်ကျဲရောက်ရှိနေသူများ၏ အခန်းကဏ္ဍသည် စိန်ခေါ်မှုများမရှိသည်မဟုတ်ပေ။ ရိုးရာဓလေ့များကို ဦးစားပေးသော သက်ကြီးသူများနှင့် ပေါင်းစပ်မှုများကို လက်ခံသော လူငယ်များကြား မျိုးဆက်ကွာဟမှုများသည် တင်းမာမှုများကို ဖြစ်စေခြင်းလည်း ရှိသည်။ မလေးရှားကဲ့သို့သော အိမ်ရှင်နိုင်ငံများတွင် အကန့်အသတ်ရှိသော အရင်းအမြစ်များနှင့် ဥပဒေအခင်းအကျင်းများသည်လည်း အသိုင်းအဝိုင်းတည်ဆောက်မှုကို ဟန့်တားသည်။ သို့သော် ဤစိန်ခေါ်မှုများသည် တီထွင်ဖန်တီးမှုများကိုလည်း လှုံ့ဆော်ပေးခဲ့သည်။ ချင်းတို့သည် ချင်းလူမှုပုံရိပ်ကို ခေတ်မီစေရင်း ခုခံအာခံကြဆဲ ဖြစ်သည်။ Miphun (မျှဝေထားသော ဘိုးဘွားစဉ်ဆက်) နှင့် Ram (ဇာတိမြေ မှတ်ဉာဏ်) ၏ ကြိုးမျှင်များကို ကမ္ဘာလုံးပြန့်ကျဲပါဝင်အောင် ရက်လုပ်ထားသည့်၊ ချင်းတို့၏ အမှတ်အသားသည် ဇာတိနေရာတွင်သာမက ခံနိုင်ရည်ရှိရန်နှင့် ပြန်လည်အဓိပ္ပာယ်ဖွင့်ဆိုရန် စုပေါင်းဆန္ဒတွင်လည်း ဖွံ့ဖြိုးနေပါ၏။ သို့သော် အားလုံး တပုံတည်း ညီညွတ်မှုရနေသည်တော့ မဟုတ်ပါ။ နိုင်ငံရေးအရ ကွဲပြားမှုများစွာလည်း ရှိနေဆဲ ဖြစ်သည်။ ချင်းများသည် မျိုးနွယ်စုများပြားပြီး၊ ချင်းဒေသမှာလည်း နိုင်ငံ ၃ နိုင်ငံအတွင်းပျံ့နှံ့နေသည်။ အချင်းချင်းကြား ဒဏ်ရာဟောင်းများနှင့် သဘောမတူညီမှုများလည်း ရှိကြရာ ချင်းအားလုံး ပူးပေါင်းရေးခက်သလို တနိုင်ငံတည်းအတွင်းရှိ ချင်းအဖွဲ့ တခုချင်းစီမှာလည်း ပြဿနာများ ရှိနေသေးသည်။ မျိုးနွယ်စုများလွန်းနေသည့်အတွက် အလုပ်ဖြစ်ပါ့မလားဟု CNF ၏ ဒုတိယ ဥက္ကဋ္ဌ -၃ ထန်နန်လျန်ထန် ကို ဧရာဝတီမှ ၂၀၁၃ ခု ဇန်နဝါရီလတွင် မေးမြန်းရာ အောက်ပါအတိုင်း ဖြစ်ပါသည်။ ဒါဟာ ခက်ခဲတဲ့ အခြေအနေတခု မဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ အရင်တုန်းက ချင်းမျိုးနွယ်စုတွေ အများကြီးရှိခဲ့တယ်။ ကျွန်တော်တို့ဒေသမှာ တစ်ယောက်နဲ့တစ်ယောက် ငြိမ်းချမ်းစွာ အတူနေထိုင်ခဲ့ကြတယ်။ ကိုလိုနီခေတ်မှာ ဗြိတိသျှတွေက ကျွန်တော်တို့ရဲ့ ဇိုမီဒေသကို ဇိုမီနဲ့ တီးတိန်အကြီးအကဲက အုပ်ချုပ်ခွင့်ပေးခဲ့ပြီး ဖလမ်းအကြီးအကဲက သူ့ရဲ့ နိုင်ငံငယ်လေးကို အုပ်ချုပ်ခဲ့တယ်။ အဲဒီတုန်းက မြို့ငယ်လေးတစ်ခုဟာ နိုင်ငံတစ်ခုလိုပဲ။ ပင်လုံစာချုပ်ကို ချင်းဒေသ သုံးခုရဲ့ နယ်အကြီးအကဲတွေဖြစ်တဲ့ ဖလမ်းက ပူးလွှာမှုန်း၊ တီးတိမ်က ပူးသောင်ဇာခုပ်၊ ဟားခါးက ပူးကီးယိုမန်တို့က လက်မှတ်ရေးထိုးခဲ့ကြတယ်။ ၁၉၆၂ ကနေ ၁၉၈၈ အထိ ကျွန်တော်တို့မှာ ကိုယ်ပိုင် မြေအောက်လှုပ်ရှားမှုရှိခဲ့ပြီး ကျောင်းသားအားလုံး အတူတကွ လုပ်ဆောင်ခဲ့ကြတယ်။ နောက်ပိုင်းမှာ ချင်းပါတီငါးခု ပေါ်ပေါက်လာတယ်။ ညီညွတ်ရေးဆိုတာ ချွတ်စွပ်ပုံတူညီခြင်းမဟုတ်ဘူး။ ညီညွတ်ရေး ဆိုတာ ကွဲပြားခြင်းထဲမှာပဲ။ ချင်းလူမျိုးအားလုံး တစ်ပါတီတည်း ဖြစ်သင့်တယ်လို့ ကျွန်တော်တို့ မပြောနိုင်ဘူး။ လူတိုင်းမှာ သီးခြားပါတီရှိနိုင်ပေမယ့် အတူတကွ လုပ်ဆောင်နိုင်တယ်။ ပါတီတိုင်း ယှဉ်ပြိုင်ပြီး ရွေးကောက်ခံရလိမ့်မယ်။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က စစ်အစိုးရနဲ့ ဒီအစိုးရရဲ့ “မဟာဗမာ (Great Burma) ဝါဒ” ကို ဖြုတ်ချဖို့ပဲ။ တစ်ခုခုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အချင်းချင်း တိုက်ခိုက်နေမယ်ဆိုရင် အဓိပ္ပာယ်မရှိဘူး။ ၂၀ ရာစုနှောင်းပိုင်းနှင့် ၂၁ ရာစုအစောပိုင်းတွင် “ဖက်ဒရယ်” တောင်းဆိုမှုများသည် ဖက်ဒရယ်ဝါဒီများ၊ တိုင်းရင်းသားလူမျိုးများနှင့် ဗမာဒီမိုကရက်အချို့ကြားတွင်ပင် အရှိန်အဟုန်ရရှိခဲ့သည်။ မူလသဘောတူညီချက် ပျက်ကွက်ခြင်းသည် နိုင်ငံရေးသမားချင်း မရိုးသားမှုကြောင့်သာမက ဖွဲ့စည်းပုံဆိုင်ရာ အဓိပ္ပာယ်လွဲမှားမှုများနှင့် အာဏာခွဲဝေရာတွင် မညီမျှမှုများကြောင့်ဖြစ်ကြောင်း လူထု၏အသံများက အသိအမှတ်ပြုခဲ့သည်။ ချင်းတို့အတွက် မည်သည့်အနာဂတ်ပြည်ထောင်စုပုံစံမဆို ဤအခြေခံဖွဲ့စည်းမှုဆိုင်ရာ လွဲမှားမှုများကို ပြင်ဆင်ရမည်ဖြစ်သည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ယဉ်ကျေးမှုထိန်းသိမ်းခြင်းမျှသာ မဟုတ်ဘဲ နိုင်ငံရေးဆိုင်ရာ ကိုယ်ပိုင်အာဏာအဖြစ် အတည်ပြုရမည်ဖြစ်သည်။ ချင်းတို့သည် ဒီမိုကရေစီအကူးအပြောင်း ကာလများတွင် ဗမာများနှင့် အတော်ရင်းနှီးသူများလည်း ရှိ၏။ ၂ဝ၁၅ ရွေးကောက်ပွဲတွင် NLD အာဏာရလာသောအခါ ဟင်နရီဗန်ထီးယူကို ဒုတိယသမ္မတ ရွေးကောက်ပြီး နောက် ချင်းပြည်နယ်ဖွံ့ဖြိုးရေးများ ပိုမိုဖြစ်လာခဲ့သည်။ မြို့တော်ဟားခါးမြို့မတွင် မြို့လယ်လမ်းကြီးကို အောင်ဆန်းစုကြည်လမ်းဟု အမည်ပေးခဲ့သည်။ ဗိုလ်မင်းအောင်လှိုင်ကိုလည်း ချင်းသူရဲကောင်းဆု (Gal Hang Pah Tawi Na Award) ကို ချီးမြှင့်ခဲ့သည်လည်းရှိသလို တဘက်က ကန့်ကွက်စာထုတ်သူများလည်း ရှိခဲ့သည်။ သို့သော် အာဏာသိမ်း စစ်ကောင်စီလက်ထက် တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ်များ တိုက်ခိုက်ကြရာတွင်လည်း ချင်းသည်ရှေ့ဦးတပ်များဖြစ်သလို ထိခိုက်မှုအများဆုံးနေရာတခုလည်း ဖြစ်ခဲ့ပြီး ကနဦးတွင်ပင် ထန်တလန်မြို့သည် လုံးဝပျက်စီးခဲ့ရပေသည်။ လေကြောင်းနှင့် လက်နက်ကြီးများ အပါအဝင် စစ်တပ်၏ ဖိနှိပ်တိုက်ခိုက်မှု များစွာရှိသော်လည်း လက်ရှိတွင် ချင်းပြည်နယ်သည် စစ်ကောင်စီမှ လုံးဝထိန်းချုပ်မရသည့် ပြည်နယ်ဖြစ်နေပေသည်။
0 Comments
Leave a Reply. |
Site powered by Weebly. Managed by Porkbun