THE CALLING DIGEST
  • Home
  • Politology
    • Our Philosophy
    • Core Index
    • Decentralized Models
    • Cultivating Peace
  • Blog
  • Chronicle
  • About
  • မြန်မာဘာသာ
    • ဆောင်းပါးများ
  • Home
  • Politology
    • Our Philosophy
    • Core Index
    • Decentralized Models
    • Cultivating Peace
  • Blog
  • Chronicle
  • About
  • မြန်မာဘာသာ
    • ဆောင်းပါးများ
Search by typing & pressing enter

YOUR CART

ဆောင်းပါးများ

မိမိ၏မောဟအတိုင်းအတာကို သိမှသာ မှန်သော အသိသုတဖြစ်သည်။
-ကွန်ဖြူးရှပ်

5/15/2025 0 Comments

နိုင်ငံရေးနှင့် ဝေါဟာရစကားလုံးများ


နိုင်ငံရေးဟာ လက်နက်စွဲကိုင်ပြီး ကြမ်းတမ်းတဲ့ စစ်ပွဲတွေကို ဦးတည်တာမဟုတ်ဘဲ ယဉ်ကျေးတဲ့ ပဋိပက္ခ အခင်းအကျင်းဖြစ်ဖို့ ဦးတည်ရမှာဖြစ်တယ်။ ဒါမှလည်း လူတွေဟာ လူပီပီသသ နေရမယ်၊ အခြေခံ လိုအပ်ချက်တွေ ရမယ်။ ဒါကြောင့် လက်နက်တွေအစား နှုတ်စကားတွေကို ယုံကြည်ဖို့လိုတယ်။ ဝေါဟာရတွေကို အဓိပ္ပာယ်အတူတူ နားလည်သဘောပေါက်ပြီး အစဉ်အမြဲ တသမတ်တည်း အသုံးပြုဖို့ လိုတယ်။ ဘာသာစကားနဲ့ ဝေါဟာရတွေဟာ ကျွန်တော်တို့က လောကကြီးကို ဘယ်လိုမြင်တယ်၊ ဘယ်လိုဘာသာပြန်တယ်၊ ဘယ်လိုအဓိပ္ပာယ်ကောက်တယ် ဆိုတာတွေအပေါ်  သက်ရောက်မှုရှိတယ်။

နိုင်ငံရေးမှာ ဘာသာစကားနဲ့ ဝေါဟာရတွေဟာ ရည်ရွယ်ချက်တွေကို ဆက်သွယ်ဖို့အတွက် သုံးတဲ့ကြားခံတွေလောက်သာ မဟုတ်ဘဲ စကားလုံးတွေမှာ အင်အားရှိတယ်။ အဲ့စကားလုံးတွေကနေ အဆင့်အတန်းသတ်မှတ်ပြီး လူ့အဖွဲ့အစည်းကို ခွဲခြားဆက်ဆံကြတယ်။ စကားလုံးတွေကနေ လူထုရဲ့ ကံကြမ္မာ၊ နိုင်ငံရဲ့လားရာကို ပုံဖော်သတ်မှတ်ကြတယ်။
ဥပမာပြောရရင် လူမျိုး၊ လူမျိုးကြီး၊ လူမျိုးငယ်၊ လူမျိုးစု စတဲ့ အသုံးအနှုန်းတွေမှာ အဆင့်အတန်းတွေ သတ်မှတ်ဖော်ပြကြတယ်။ မြန်မာစကားမှာ လူမျိုးဆိုတဲ့ ဝေါဟာရဟာ “လူ-အမျိုးအစား” ဆိုပြီး အဓိပ္ပာယ်ရတယ်။ ရှေးတုန်းက လူမျိုးပေါင်း တရာ့တပါးဆိုတဲ့ စကားဟာ မတူညီတဲ့ လူအုပ်စုတွေကို ရည်ညွှန်းတယ်။ “မျိုး” ဆိုတဲ့ စကားကို သန့်မြင့်ဦးနဲ့ မိုက်ကယ်ချာနေက “မျိုးစေ့” ကိုလဲ ဆိုလိုတယ်လို့ ဖွင့်ဆိုတယ်။ ကုန်းဘောင်ခေတ်က မင်းမျိုးနဲ့ ကျွန်မျိုး ဆိုပြီး ယေဘုယျအနေနဲ့ လူတန်းစားခွဲခြားတယ်။ မူရင်းအနေနဲ့ အာရှတိုက်မှာရှိတဲ့ လူ့အဖွဲ့အစည်းတွေမှာ အိန္ဒိယအသွင်လွှမ်းမိုးတဲ့ လူမှုဖွဲ့စည်းမှုတွေ (Indianization of civilizations) ဖြစ်လာပေမဲ့ အိန္ဒိယထက် ပိုမိုပျော့ပြောင်းပြီး လှုပ်ရှား (socially mobilized) နိုင်တဲ့ လူမှုဖွဲ့စည်းမှုအဖြစ် ပုံဖော်နိုင်တယ်လို့ ယူဆနိုင်တယ်။

ဘုရင်တွေက မိမိတို့ အနိုင်ယူလိုက်တဲ့ လူမျိုးတွေကို “ကျွန်” လို့ အမည်တပ်တယ်။ ဥပမာပြောရမယ်ဆိုရင် ဗန္ဓုလအနေနဲ့ ရခိုင်ကို တိုက်ခိုက်ပြီးနောက် ရခိုင်စစ်ရှောင်သူတွေကို လိုက်လံဖမ်းဆီးရာမှာ အင်္ဂလိပ်ကို ပို့တဲ့ ရာဇသံမှာ “ငါတို့ ကျွန်တွေကို ပြန်ပေး” ဆိုတဲ့သဘော ရေးသားထားတယ်။ ဒါကြောင့် ကုန်းဘောင်ခေတ်တိုင်အောင် စစ်နိုင်သူက “သခင်မျိုး”၊ စစ်ရှုံးတဲ့ ဘုရင်နဲ့ သူ့နိုင်ငံသားတွေက “ကျွန်မျိုး” ဆိုတဲ့ အယူအဆရှိကြောင်း တွေ့မြင်ရတယ်။ ဗြိတိသျှကိုလိုနီလက်အောက် ရောက်တဲ့အခါမှာ ငါတို့က “စစ်ရှုံးသော်လည်း သခင်မျိုး” ဆိုပြီး ယူဆလာကြတယ်။

ယခုခေတ်မှာ “လူမျိုးစု” ဆိုတဲ့ စကားကို Ethnic လို့ ဘာသာပြန် ဖလှယ်လေ့ရှိတယ်။ တကယ်တမ်း Ethnic ဆိုတဲ့ စကားလုံးက အင်္ဂလိပ်ဘာသာမှာလဲ မျိုးဆက်၊ သွေးသားနဲ့ အခြေခံတဲ့အတိုင်း ပြောနေကြသော်လဲ ရှေးခေတ်က အသုံးအနှုန်းများမှာ အခြားနေရာကလာတဲ့ ဒေသရဲ့ ပင်ရင်းယဉ်ကျေးမှု၊ ဘာသာတရားနဲ့ မတူသူတွေကို ဆိုလိုတာဖြစ်တယ်။ “Heathen, Pagan” စတဲ့ စကားလုံးတွေနဲ့ အပြန်အလှန် အဓိပ္ပာယ်ဖလှယ်ပြီး သုံးကြတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ လူမျိုးစုတွေကို Ethnic လို့ သတ်မှတ်တာကို ရှေးခေတ်အင်္ဂလိပ်တဦးသာ ဖတ်လိုက်မယ်ဆိုရင် အခြားဒေသက လာကြတဲ့ အဓိကမဟုတ်တဲ့ လူအုပ်စုငယ်များလို့သာ နားလည်သွားကြပေလိမ့်မယ်။ ယခုခေတ်မှာတော့ Ethnic က မျိုးရိုး ဆက်စပ်မှုအတွက် သုံးတဲ့ စကားလုံး ဖြစ်နေပြီ။

ကုလသမဂ္ဂက မိမိတို့ရဲ့ ဌာနေဒေသမှာပဲ မွေးပြီး နိုင်ငံရေးအာဏာ မရရှိသူတွေကို Indigenous ဖြစ်တယ်လို့ ဘာသာပြန်တယ်။ မြန်မာလို “ဌာနေတိုင်းရင်းသား” လို့ ဘာသာပြန် ခေါ်ဝေါ်တယ်။ ဒါပေမဲ့ ဗမာတွေကလဲ ဌာနေတိုင်းရင်းသားဖြစ်သလား လို့ မေးစရာဖြစ်လာတယ်။ တို့ဗမာအစည်းအရုံးခေတ်က စာတွေမှာ “ယနေ့ နိုင်ငံရင်းသားဖြစ်သော ဗမာတို့သည် အာဏာမရသေး” လို့ ဖော်ပြထားတယ်။ လွတ်လပ်ရေးကြေငြာစာတမ်းမှာတော့ တိုင်းရင်းသား ဆိုတဲ့ အသုံးအနှုန်း နှစ်ကြိမ်ပါဝင်ပြီး “တိုင်းပြည်၊ နိုင်ငံ၏ အရင်းအစမှတည်သော လူသား၊ သားသမီး” ဆိုတဲ့ အဓိပ္ပာယ်မျိုး ကောက်နိုင်တယ်။ ဒါပေမဲ့ လူမျိုးစုနဲ့ တိုင်းရင်းသားကို  အတူတူလိုပဲ သုံးကြတယ်။ ဗမာစကားရဲ့ ရှုထောင့်နဲ့ကြည့်မယ်ဆိုရင် နိုင်ငံရင်းသားမှာ ဗမာပါတယ်လို့ ဆိုနိုင်သော်လဲ “ဌာနေတိုင်းရင်းသား အခွင့်အရေး” (Indigenous Rights) ကို ကုလသမဂ္ဂက ဖွင့်ဆိုရာမှာ နိုင်ငံရေးအာဏာမရတဲ့ ဖိနှိပ်ခံလူထုကို ဆိုလိုခြင်းဖြစ်တယ်။ ဗမာစကား “ဌာနေ တိုင်းရင်းသား” မှာ နိုင်ငံရေးအာဏာ လူများစုဖြစ်တဲ့ ဗမာတို့ကို ထည့်သွင်းထားတဲ့အတွက် “ဌာနေတိုင်းရင်းသား အခွင့်အရေး” ဆိုင်ရာ စာချုပ်၊ စာတမ်း၊ ညှိနှိုင်းမှုနှင့် အကာအကွယ်အားလုံးကို သက်ရောက်စေခြင်း မရှိတော့ပေ။ ဒါကြောင့် “ဗမာလည်း တိုင်းရင်းသားပဲ” ဆိုတာမှန်ပေမဲ့ အစီအမံအားဖြင့် ဖိနှိပ်ခံ ဌာနေတိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ကာကွယ်တဲ့ ယန္တရားတွေဟာ မြန်မာနိုင်ငံမှာ အသုံးမဝင်ဘူးလို့ ဆိုလိုရာ ရောက်သွားလိမ့်မယ်။

နောက်ထပ်စကားတမျိုးမှာ “လူမျိုးကြီး” ဆိုတဲ့ အသုံးအနှုန်းဖြစ်တယ်။ ကိုလိုနီခေတ် ဗိုလ်ချုပ်အောင်ဆန်းတို့ လက်ထက်ကတည်းက လူမျိုးကြီးဆိုတဲ့ အသုံးအနှုန်းဟာ ဂုဏ်ရှိတဲ့၊ ယဉ်ကျေးမှုမြင့်တဲ့၊ စုစည်းနိုင်တာကို ဖော်ပြတဲ့ ဝေါဟာရအဖြစ် မြင်ကြတယ်။ ယခုခေတ်မှာ လူမျိုးကြီး လို့ပြောရင် ဖိနှိပ်သူတွေ၊ မတရားဂုဏ်မောက်သူတွေအဖြစ် မြင်ကြပြီး ဝေါဟာရက ပေးတဲ့ ခံစားချက်က ပြောင်းလဲသွားတယ်။ နိုင်ငံရေးအရ စုစည်းနိုင်ပြီး ဘာသာစကား၊ ယဉ်ကျေးမှုတူကြတဲ့ လူမျိုးစုတွေ စုပေါင်းခြင်းကို လူမျိုးကြီးတရပ် ပေါ်လာတယ်ဆိုပြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် နားလည်ထားတယ်လို့ သူ့ရဲ့ ဖဆပလ ပဏာမညီလာခံ ပြင်ဆင်တဲ့မိန့်ခွန်းမှာ တွေ့ရတယ်။ ဒီလို ဖွင့်ဆိုချက်ကို ယခုခေတ်မှာ အမျိုးသားလူထု Nation ဆိုတဲ့ အမြင်နဲ့ တိုက်ရိုက်ဖလှယ်ကာ နားလည်နိုင်တယ်။ အဲ့အချိန်က မွန်၊ ရခိုင်တို့ကိုတောင် လူမျိုးကြီး ဆိုပြီး ဗိုလ်ချုပ်အောင်ဆန်းက မသတ်မှတ်ဘဲ လူမျိုးကြီးဖြစ်လာဖို့ ပါဝင်ရမဲ့လူမျိုးစုတွေလို့သာ ရှုမြင်ခဲ့တယ်။ ယခုခေတ်မှာ ဒီစကားလုံးဟာ အတိုင်းအတာတခုအထိ နိုင်ငံရေးအာဏာကို စုဖွဲ့ပိုင်ဆိုင်ဖူးတဲ့ သမိုင်းရှိသူတွေလို့ နားလည်ကြတယ်။

အင်္ဂလိပ်ဝေါဟာရ Nation ဆိုတာ မူလအဓိပ္ပာယ်အရ မွေးလာတဲ့သဘော၊ မွေးရာပါတဲ့သဘော၊ ဘာသာစကားနဲ့ လူမှုရေးဆက်သွယ်ကာ အတူယှဉ်တွဲနေလိုတဲ့ သဘောလို့ ဆိုလိုတယ်။ ယခုခေတ်မှာ (အထူးသဖြင့် လူမျိုး တမျိုးထဲရှိတဲ့ ဥရောပနိုင်ငံတွေမှာ) Nation ဆိုတဲ့ အသုံးအနှုန်းက State ဆိုတဲ့ နိုင်ငံကို ရည်ညွှန်းတာလဲ ရှိပြန်တယ်။ Nationality လို့ ဆိုရင် လူမျိုးများလွန်းတဲ့ ရွှေ့ပြောင်းလာသူတွေရဲ့ အမေရိကန်နိုင်ငံ၊ ဒါမှမဟုတ် လူမျိုးတခုထဲရှိပြီး ကွဲပြားမှုနည်းတဲ့ ဂျာမဏီလို နိုင်ငံတွေမှာ Citizen နဲ့ သဘောတရားတူတူ သုံးကြတယ်။ ဒါပေမဲ့ အမေရိကန်နိုင်ငံမှာ Novajo Nation လို့ ပြောလိုက်တာနဲ့ ဌာနေတိုင်းရင်းသားတို့ရဲ့ စုဖွဲ့မှုလို့ နားလည်ကြသေးတယ်။ Nation ဟာ စိတ်ပိုင်းဆိုင်ရာ ဆက်စပ်မှု ဖြစ်ပြီး State ဆိုတာ အာဏာနဲ့အုပ်ချုပ်တဲ့ နိုင်ငံလို့ နားလည်လို့ရတယ်။ Nation အတွက် မြန်မာမှာ အနီးစပ်ဆုံးစကားမှာ “အမျိုးသားလူထု” ဖြစ်တယ်။

ဝေါဟာရတွေကို ဒီလိုကြည့်လိုက်ရင် စကားတလုံးချင်းစီက လူမှုနိုင်ငံရေးအပေါ် သက်ရောက်မှုတွေရှိကြတယ်။ “နိုင်ငံ” ဆိုတဲ့ ဝေါဟာရဟာ အရေးပါမှု၊ စိန်ခေါ်မရမှု၊ အာဏာရှိမှုကို ဖော်ပြပြီး “လူမျိုး” ဆိုတာ စုစည်းမှု၊ ဆက်စပ်မှုကို ဖော်ပြတယ်။ “လူမျိုးစု” ဆိုတဲ့ စကားမှာ သေးငယ်မှု၊ အာဏာမရှိမှုကို ဖော်ပြရာရောက်ပြီး ယနေ့ “လူမျိုးကြီး” ဆိုတဲ့စကားမှာ ဖိနှိပ်တတ်မှု၊ မလိုလားမှုကို ဖော်ပြရာရောက်တယ်။ “တိုင်းရင်းသား” ဆိုတဲ့ စကားလုံးဟာ မူလဒေသ အရင်းအမြစ်တွေနဲ့ သက်ဆိုင်မှု၊ နိုင်ငံရဲ့အောက်မှာ တည်ရှိတယ်လို့ ဖော်ပြတယ်။ “ခိုးဝင်လာသူများ” ဆိုတဲ့ စကားလုံးမှာ မလိုလားအပ်မှုနဲ့ ဥပဒေပြင်ပကနေ စီရင်လို့ရတယ်ဆိုတဲ့ စဉ်းစားချက်ကို ပေးတယ်။ “လူမျိုးငယ်” ဆိုတဲ့ စကားလုံးမှာ အာဏာမရှိမှုနဲ့ ခေတ်နောက်ကျမှုလို့ ဆိုလိုရာရောက်တယ်။ “လူမျိုးရေးအမြင်” ဆိုတဲ့ စကားမှာ မကျေနပ်မှု၊ ခေတ်နောက်ပြန်ဆွဲမှု ဆိုပြီး ယူဆကြတယ်။ ဒီလို စကားလုံးတွေရဲ့ အသုံးအနှုန်းတွေဟာ လူထုအပေါ် ဘယ်လိုသက်ရောက်မှုရှိစေလဲဆိုတာတွေကို နားလည်ဖို့လိုတယ်။

ဒါထက်အရေးကြီးတာက တယောက်တမျိုး ဝေါဟာရတွေကို သုံးချင်သလို သုံးကြပြီး နိုင်ငံရေးကို ညှိနှိုင်းကြတဲ့အခါ ဆိုလိုတာတမျိုး၊ နားလည်တာတမျိုး ဖြစ်လာပြီး နောင်မှာ သဘောတူထားသမျှ ပြိုကျပြီး အမုန်းပွားရတော့တယ်။ ဥပ‌မာ ဒီမိုကရေစီဆိုတဲ့ စကားလုံးကိုပင် KNU က ပဲခူးရိုးမကျပြီးတဲ့ကာလတွေမှ စတင်ပြီး “အမျိုးသားဒီမိုကရေစီ (Ethnic democracy)” အဖြစ် ညွှန်းဆိုခဲ့တယ်။ နောက်ပိုင်းတွင် တိုင်းရင်းသားမျိုးစုံက လူမျိုးရေးလွတ်မြောက်ရေးနဲ့ ယှဉ်တွဲတဲ့ “Decolonized democracy” နဲ့ နိုင်ငံရေး ကိုယ်စားလှယ်များအားလုံးက သဘောတူညှိနှိုင်းရပြီး ရလာတဲ့ “Consociational democracy” ကို ညွှန်းဆိုတယ်။ NLD က လူမှုရေးအရ အမြင်သာတဲ့ “Depoliticized democracy” နဲ့ NLD ကို ဗဟိုပြုပြီး အားလုံးလာကပ်ကြတဲ့ ကင်းခြေများသဏ္ဍာန် “Centripetal democracy” ကို ညွှန်းဆိုတယ်။ စစ်တပ်က သူ့ထိန်းချုပ်မှုအောက်မှာ ရှိတဲ့ “စည်းကမ်းပြည့်ဝသော”လို့ ခေါင်းစဉ်အမှားတပ်ထားတဲ့ “Illiberal democracy” ကို ညွှန်းရာတွင် သုံးတယ်။ ယခုခေတ်မှာလဲ စစ်တပ်၊ NUG နဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အားလုံးက ဖက်ဒရယ်ဒီမိုကရေစီ လို့ ပြောနေပေမဲ့ လက်တွေ့ဆိုလိုရင်းကတော့ မတူကြပါ။

စကားလုံးတွေကို ဖတ်တဲ့၊ နားထောင်တဲ့အခါမှာ သူတို့ရဲ့ နောက်ကွယ်က ဘာကိုဆိုလိုတယ်ဆိုတဲ့ ရည်ရွယ်ချက်ကို တွေးဖို့လိုပါတယ်။ စစ်တပ်က “ငြိမ်းချမ်းရေး”လို့ ပြောတဲ့အခါ လက်နက်ဖြုတ်သိမ်းရေးကို ဆိုလိုတာဖြစ်နိုင်တယ်။ “ဒီမိုကရေစီ ဖက်ဒရယ်” ဆိုတဲ့ စကားကလဲ ပညာရပ်ဆိုင်ရာ ဝေါဟာရမှာရှိတဲ့ စကားမဟုတ်ပါ။ ဒီစကားကို ဖန်တီးရတဲ့ရည်ရွယ်ချက်က အာဏာစုစည်းမှုဟာ အမျိုးသားတန်းတူရေးထက် အရေးကြီးတယ်ဆိုတဲ့ အမြင်ကို အခြေခံထားတယ်လို့ ဆိုနိုင်တယ်။ “မြန်မာနိုင်ငံရဲ့ ဖြစ်စဉ်ဟာ ထူးခြားတယ်” ဟု အားလုံးက ပြောကြတယ်။ စစ်တပ်အတွက် ဒီစကားက “ငါတို့နိုင်ငံရေးက မထွက်နိုင်၊ တိုင်းရင်းသားတွေ လက်နက်အရင်ဖြုတ်ပါ” လို့ ပြောဖို့ သုံးတတ်တယ်။ ဌာနေလူမျိုး တိုင်းရင်းသားလှုပ်ရှားမှုတွေကတော့ လစ်ဘရယ်ဒီမိုကရေစီကို တိုက်ရိုက်သုံးမရသေးဘူးလို့ ပြောလိုတာဖြစ်နိုင်တယ်။

ဒီလို ပြောတာဟာ မယုံကြည်မှုကို တိုးစေဖို့ ရည်ရွယ်တာမဟုတ်ဘဲ စကားလုံးတွေကို ကျော်ပြီး နားလည်ဖို့ဖြစ်တယ်။ ဒါ့အပြင် စကားလုံးတွေကို အခြေခံပြီး တည်ဆောက်တဲ့ ယုတ္တိအမှားတွေ မဖြစ်စေဖို့ ရည်ရွယ်ပါတယ်။ စကားလုံးတွေကို နားလည်မှု တူ မတူ ဆိုတဲ့အချက်ကို အမြဲဆန်းစစ်ဖို့ လိုပါတယ်။
 

0 Comments



Leave a Reply.

    ဆောင်းပါးရှင်

    ဆန်းစ စာမရီ

    Archives

    June 2025
    May 2025
    April 2025

Site powered by Weebly. Managed by Porkbun