THE CALLING DIGEST
  • Home
  • Politology
    • Our Philosophy
    • Core Index
    • Decentralized Models
    • Cultivating Peace
  • Blog
  • Chronicle
  • About
  • မြန်မာဘာသာ
    • ဆောင်းပါးများ
  • Home
  • Politology
    • Our Philosophy
    • Core Index
    • Decentralized Models
    • Cultivating Peace
  • Blog
  • Chronicle
  • About
  • မြန်မာဘာသာ
    • ဆောင်းပါးများ
Search by typing & pressing enter

YOUR CART

ဆောင်းပါးများ

မိမိ၏မောဟအတိုင်းအတာကို သိမှသာ မှန်သော အသိသုတဖြစ်သည်။
-ကွန်ဖြူးရှပ်

4/25/2025 0 Comments

ဘဝနဲ့ တော်လှန်ရေး ပြန်ညှိကြနိုင်ဖို့


မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးမတည်ငြိမ်မှုကို ပြန်ကြည့်ရင် ခုခံတော်လှန်ရေးရဲ့သဘောသဘာဝမှာကိုက နက်ရှိုင်းပြီး အသွင်ပြောင်းနိုင်တဲ့အတွေးအခေါ်မျိုး ထွက်ပေါ်လာဖို့ဟာ အရေးတကြီးလိုအပ်နေပါတယ်လို့ သိမြင်နိုင်တယ်။ သဘာဝအရ လူအများအပြားဟာ စစ်အာဏာမသိမ်းခင်က မိမိတို့ဟာ ဇာတ်လမ်းကြီးတခုထဲမှာ စီးမြောနေတယ်လို့ မြင်ကြတာပါ။ ဒီဇာတ်လမ်းဟာ မင်းအောင်လှိုင်ရဲ့စစ်အာဏာသိမ်းမှုကြောင့် ယာယီရပ်နားထားတဲ့ဇာတ်လမ်းတခုဖြစ်သွားတယ်လို့ သဘောထားပြီး တော်လှန်ရေးထဲ ပါလာကြတယ်။ ဒါကိုပဲ မြင်သာအောင် ပြောရရင် ရုပ်ကြီးတကားကြည့်နေတုန်း မင်းအောင်လှိုင်က "Pause" လာနှိပ်လို့ သန့်စင်ခန်းဝင်လာသလိုပဲလို့ သဘောထားကြတယ်။ မင်းအောင်လှိုင်မရှိရင် မူလဇာတ်လမ်းကြီးကို Play ပြန်နှိပ်သလို ကိုယ့်ဘဝတွေထဲမှာ ရပ်နားထားတဲ့ ရုပ်ဝတ္ထုပစ္စည်းကြွယ်ဝမှုနဲ့ လူမှုရေးဆိုင်ရာ အောင်မြင်မှုအမျိုးမျိုးဆိုတဲ့ ရည်မှန်းချက်ပန်းတိုင်တွေကို ပြန်သွားရှာကြမယ်လို့ တွေးကြတာ ရှိပါတယ်။ ဒါပြီးရင် နိုင်ငံရေးတွေ မပါတော့ဘူးဆိုတာမျိုးတွေ ကြားကြမှာပါ။

ဒီလိုအတွေးအခေါ်မျိုးတွေက စိတ်လှုပ်ရှားဖွယ်စိတ်ကူးတွေ၊ စွန့်စားမှုတွေနဲ့ ယာယီစေ့ဆော်မှုရတဲ့ ခံစားရမှုတွေကို ဖန်တီးပေးနိုင်ပေမယ့် မြန်မာနိုင်ငံမှာ ကြာရှည်စွာစွဲစွဲမြဲမြဲဖြစ်နေတဲ့ စနစ်နဲ့ဆက်စပ်နေတဲ့ပြဿနာတွေကို အလွယ်တကူဖြေရှင်းလို့ရတယ်လို့ ထင်မှတ်စရာဖြစ်နေပါတယ်။ ဒီနိုင်ငံဟာ တာဝန်မယူတဲ့ လူစုလူဝေးနဲ့ အာဏာရှင်စနစ်ရဲ့ချုပ်ကိုင်မှုအောက်မှာ ပိတ်မိနေပါတယ်။ မြန်မာနိုင်ငံဟာ ဘယ်တုန်းကမှ တာဝန်ယူနိုင်တဲ့နိုင်ငံ မဖြစ်ခဲ့ပါဘူး။ ဘယ်ညှိနှိုင်းမှုကိုမဆို ရှေ့တက်နောက်ဖျက်နဲ့ လွတ်လပ်ရေး ရကတည်းက ဖဆပလ-ကွန်မြူနစ် ကနေ နဝတ/နအဖ - NCGUB ၊ NLD - USDP အခုဆို စကစ - NUG ဆိုတာမျိုး အပြန်အလှန်အမြစ်ဖြတ်ချေမှုန်းပစ်ဖို့ ကြိုးစားနေတဲ့ အုပ်စုကြီးနှစ်ခုက အမြဲရှိနေခဲ့တယ်။ နိုင်ငံဟာ မာဖီးယားနိုင်ငံဖြစ်ပြီး လူတွေကို အမဲပြန်လိုက်တဲ့နိုင်ငံဖြစ်တယ်။ ဘယ်တုန်းကမှ တာဝန်ခံနိုင်မှုမရှိခဲ့ပါဘူး။ ဒါ့အပြင် ဒီဖြစ်တည်မှာဟာ နိုင်ငံအစိုးရဝါဒ၊ စံနှုန်းတင်းမာမှုဝါဒ၊ လူမျိုးရေးအစွန်းရောက်ဝါဒဆိုတဲ့ ခိုင်မာတဲ့အခြေခံဝါဒတွေပေါ်မှာ ရပ်တည်နေပါတယ်။ ဒီအတွေးအယူတွေဟာ အာဏာရှင်စနစ်ကို တရားဝင်ဖြစ်စေတဲ့ စိတ်ကူးယဉ်အကာအရံတွေအဖြစ် လုပ်ဆောင်ပြီး စနစ်တကျဖိနှိပ်မှုတွေကို မှန်ကန်သယောင်ပြလေ့ရှိပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံရဲ့တိုက်ပွဲဟာ စစ်ခေါင်းဆောင်တဦးကို ဖယ်ရှားဖို့၊ ယာယီအာဏာအချိုးအစားပြောင်းလဲမှုတခုနဲ့ ပြေလည်မှာလည်း မဟုတ်ပါဘူး။ ဒါဟာ နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်းရဲ့အခြေခံအုတ်မြစ်တွေအထိ နက်နက်ရှိုင်းရှိုင်းပြောင်းလဲဖို့ လိုအပ်တယ်။ ပြည်တွင်းစစ်ကို အမြစ်ဖြတ်ရေး လိုပါတယ်။ စစ်တပ်နဲ့ လုံခြုံရေးယန္တရားတွေဟာ ခေါင်းပုံဖြတ်မှုနဲ့ တာဝန်မခံမှုသံသရာကနေ လွတ်မြောက်ဖို့ ပကတိအသွင်ပြောင်းလဲမှုတွေ လိုအပ်နေပါတယ်။ ဒါပေမယ့် ဒီစနစ်တကျပြောင်းလဲမှုတွေကို လုပ်ဆောင်နေတဲ့အချိန်မှာပဲ တော်လှန်ရေးသမားတွေဟာလည်း သူတို့ရဲ့ကိုယ်ပိုင်ဘဝလမ်းကြောင်းကို အခြေခံကျကျပြောင်းလဲဖို့ လိုအပ်နေပါတယ်။

တော်လှန်ရေးနဲ့အတူ ဘဝကိုချိန်ညှိဖို့ လိုတယ်။ ကိုယ်ပိုင်ဇာတ်လမ်းတွေကို တချက် Pause လုပ်ပြီး ခဏဝင်လာတဲ့ တော်လှန်ရေးကို မြင်တဲ့ ပြန်လည်တုံ့ပြန်မှုစိတ်ကူးတွေကို ကျော်လွှားဖို့ပါ။ ဒါဟာ ဓနအဆင့်အတန်း၊ ဇိမ်ခံလူမှုဆက်ဆံရေး၊ ဒါမှမဟုတ် အစဉ်အလာစံနှုန်းတွေကို ထိန်းသိမ်းခြင်းလိုမျိုး ပင်ကိုရည်မှန်းချက်တွေမဟုတ်တဲ့ ခုခံတော်လှန်ရေးဘဝတစ်ခုကို ဖန်တီးကတိကဝတ်လိုအပ်ပါတယ်။ မိသားစုရှိတဲ့သူနဲ့၊ ဘဝကို ဓနပေါ် အခြေခံစဉ်းစားသူတွေအတွက် ပိုပင်ပန်းမှာလည်း အမှန်ပါ။ သာမန်အခြေအနေတွေမှာ အရေးပါနိုင်ပေမယ့် ဒီအာရုံစိုက်မှုတွေဟာ ထိန်းချုပ်မှုနဲ့ ခေါင်းပုံဖြတ်မှုတွေကို မြဲမြံစေတဲ့ နိုင်ငံတော်ယန္တရားနဲ့ ရင်ဆိုင်ရတဲ့အခါ အတားအဆီးတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် "နှောင်ကြိုးမှတပါး ဆုံးရှုံးစရာမရှိ" ဆိုတာလည်း ဖြစ်လာတာပါပဲ။ လူတိုင်းကတော့ မိသားစုကို ပစ်ပြီးလုပ်နိုင်မှာ မဟုတ်သလို ကလေးတွေ ပညာရေးကို ပစ်ပြီးလည်း လုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီဘောင်ထဲကနေပဲ တာဝန်ခံနိုင်တဲ့နိုင်ငံနဲ့ အတင်းဝါးမြိုအမြတ်ထုတ်မှု မရှိတဲ့လူ့ဘောင်ကို တည်ဆောက်ရေးအတွက် ဘာလုပ်လို့ရမလဲ ချိန်ဆရပါလိမ့်မယ်။ မိမိတို့ ရယူတဲ့ သတင်းရင်းမြစ်၊ မိမိထုတ်လုပ်တဲ့ သတင်းစကားနဲ့ လူထုကြားအမြင်များဖန်တီးမှုတွေကိုတော့ အနည်းဆုံး တာဝန်ယူရမှာပါပဲ။ မဟာဗျူဟာကျဖို့လည်း လိုပါတယ်။ ကိုယ်လုပ်တဲ့အလုပ်ရဲ့ ၉၀% ဟာ စစ်တပ်ကိုအမြစ်ဖြတ်ရေးအတွက်ပဲ ဖြစ်ရမှာဖြစ်ပြီး ဘဝတူချင်း ဖိဖို့ မဖြစ်သင့်ပါဘူး။ ဒါ့အပြင် ကိုယ်နဲ့ အမြင်မတူတဲ့ လူ့အခွင့်အရေးစောင့်ရှောက်သူများကိုလည်း ကာကွယ်ပေးဖို့ လိုပါတယ်။ လူထုထဲမှာ မကွဲပြားအောင်၊ စည်းလုံးအောင် လုပ်ပေးဖို့လည်း လိုပါတယ်။

ဒီချိန်ညှိမှုဟာ အကြောင်းအမျိုးမျိုးကြောင့် လိုအပ်ပါတယ်။ လူထုထဲမှာပါ အမြစ်စွဲနေတဲ့ ပဒေသရာဇ်စိတ်၊ အမြတ်ထုတ်တာ ပုံမှန်လို့ တွေးတဲ့စိတ်၊ အဂတိနဲ့ အာဏာရှင်စနစ်ကို တိုက်ဖျက်ရေးဟာ အကြိမ်ကြိမ်ထကြွမှုတွေ ဒါမှမဟုတ် ကောက်ရိုးမီးပြည်သူ့စိတ်ဓာတ်တွေနဲ့ မအောင်မြင်နိုင်ပါဘူး။ ဒါတွေနဲ့အတူ စနစ်အသွင် ပုံစံတကျဖြစ်ရပါမယ်။ နိုင်ငံရေး၊ လူမှုရေး၊ ကိုယ်ပိုင်ဘဝအထိ ဘက်စုံပျံ့နှံ့နေတဲ့ မပြတ်တောက်တဲ့ခုခံမှုကို ဘဝနေနည်းအဖြစ် ရွေးလိုက်တဲ့သူတွေ လိုပါတယ်။ တော်လှန်ရေးနဲ့အတူ ဘဝကိုချိန်ညှိခြင်းဖြင့် တိုက်ပွဲဟာ မပြတ်တောက်တဲ့ဖြစ်စဉ်တစ်ခုဖြစ်လာဖို့ လိုပါတယ်။

နိုင်ငံကြီးဝါဒ၊ အစိုးရကြီးဝါဒ၊ အမျိုးသားဝါဒတွေကို မျက်စိမှိတ်လက်ခံခြင်း၊ တခြားနေရာကစံနှုန်းတွေကို အတင်းသွတ်သွင်းခြင်း၊ နိုင်ငံတော်အာဏာကို အရာရာထက်သာလွန်မြှင့်တင်ခြင်း စတဲ့အတွေးအခေါ်တွေဟာ လက်ရှိအခြေအနေကို ပိုလို့ခိုင်မာစေပါတယ်။ လူတွေဟာ သူတို့ကိုယ်သူတို့ ကြိုတင်သတ်မှတ်ထားတဲ့ဇာတ်လမ်းတွေထဲက သားကောင်တွေ ဒါမှမဟုတ် တကိုယ်တော်သူရဲကောင်းတွေလို့ မြင်လာတဲ့အခါ လှုပ်ရှားမှုတွေအတွက် မလိုအပ်တဲ့ ပြန်လည်တုံ့ပြန်မှုပုံစံတွေ ဖြစ်လာနိုင်ပါတယ်။ စံနှုန်းတွေဟာ ပုံမှန်နိုင်ငံတွေမှာ ပြောလို့ရပေမယ့် မာဖီးယားနိုင်ငံနဲ့ ပဒေသရာဇ်စိတ်ပျံ့နှံ့နေတဲ့ လူ့အသိုင်းအဝိုင်းမှာ အများကြီးသုံးလို့မရပါဘူး။ ကိုယ့်ဒီမိုကရေစီကို ကိုယ့်ဘာသာ ဓာတ်ခွဲခန်းမှာ စမ်းသပ်သလို ထုတ်ရမယ်ဆိုတာကို သတိထားဖို့ လိုအပ်လှပါတယ်။ ကိုယ့်ဘဝရဲ့ ပန်းတိုင်တွေကို တော်လှန်ရေးနဲ့ ဆန့်ကျင်ဘက် ဖြစ်မနေအောင်၊ အနာဂတ်နိုင်ငံရဲ့ ခုခံပြုပြင်ရေးလမ်းနဲ့ ဝိရောဓိ မဖြစ်နေအောင်၊ ပြန်ညှိပါ။ ပုံမှန်အေးဆေး ဖြစ်ချင်စိတ်နဲ့ ပြဿနာကို အခြေထိုင်စေသူတွေထဲမှာ ကိုယ်ပါ ရောပြီးပါဝင်သွားမယ့်အန္တရာယ်ကို သတိရှိရှိ ရှောင်ဖို့ကိုလည်း တိုက်တွန်းချင်တာပါပဲ။


0 Comments



Leave a Reply.

    ဆောင်းပါးရှင်

    ဆန်းစ စာမရီ

    Archives

    June 2025
    May 2025
    April 2025

Site powered by Weebly. Managed by Porkbun