4/25/2025 0 Comments နိုင်ငံရေးဆိုတာ ဘာလဲ'နိုင်ငံရေး' ဆိုတဲ့ ဝေါဟာရဟာ ရှုပ်ထွေးပြီး ဘက်ပေါင်းစုံထင်ဟပ်၊ ကဏ္ဍစုံပါဝင်တဲ့ အမှတ်တံဆိပ်တခု ဖြစ်တယ်။ သမိုင်း တလျှောက် ပညာရှင်တွေ၊ နိုင်ငံရေးသမားတွေနဲ့ တွေးခေါ်ဆရာတွေက မတူညီတဲ့ လူမှုရေးနဲ့ ဒဿနအခြေအနေတွေကို ထင်ဟပ်ရင်း နည်းလမ်းအမျိုးမျိုးနဲ့ အဓိပ္ပာယ် ဖွင့်ဆိုခဲ့ကြတယ်။ ဒီနေရာမှာ 'နိုင်ငံရေး' လို့ တံဆိပ်တပ်ထားတဲ့အရာကြီးအပေါ် မတူညီတဲ့ အမြင်တွေနဲ့ ဒီအမြင်တွေက လူ့အဖွဲ့အစည်းရဲ့ ဒီအရေးကြီးတဲ့ အစိတ်အပိုင်းတွေကို နားလည်ပုံကို ဘယ်လို ပုံဖော်သလဲ ဆိုတာကို လေ့လာသွားပါမယ်။
ထင်ရှားတဲ့ နိုင်ငံရေးသိပ္ပံပညာရှင် Harold Lasswell က နိုင်ငံရေးကို "ဘယ်သူက ဘာကို၊ ဘယ်တော့နဲ့ ဘယ်လို ရသလဲ" ဆိုတဲ့ လုပ်ငန်းစဉ်အဖြစ် မြင်ခဲ့တယ်။ ဒီ တိကျတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ဟာ နိုင်ငံရေးရဲ့ ဥစ္စာတန်ဖိုးတွေ ဖြန့်ဝေတဲ့ သဘာဝနဲ့ လူ့အဖွဲ့အစည်းထဲမှာ အရင်းအမြစ်တွေနဲ့ အာဏာကို ခွဲဝေပေးတဲ့ သူ့ရဲ့ အခန်းကဏ္ဍကို မီးမောင်းထိုးပြတယ်။ နောက်ထပ် နိုင်ငံရေး သီအိုရီ ပညာရှင်တဦးဖြစ်တဲ့ David Easton အတွက်တော့ နိုင်ငံရေးဟာ "လူ့အဖွဲ့အစည်းအတွက် တန်ဖိုးတွေကို အခွင့်အာဏာနဲ့ ခွဲဝေပေးတာ" ဖြစ်တယ်လို့ ဆိုပြန်တယ်။ ဒီအမြင်က လူ့အဖွဲ့အစည်းရဲ့ စံနှုန်းတွေနဲ့ ဦးစားပေးတွေကို သတ်မှတ် အတည်ပြုတဲ့ နိုင်ငံရေးရဲ့ အခန်းကဏ္ဍကို အလေးထားတယ်။ ရုရှား တော်လှန်ရေး ခေါင်းဆောင် Vladimir Lenin ကတော့ စီးပွားရေးဘက်လမ်းကို ပိုပြီး ချဉ်းကပ်ခဲ့တယ်၊ သူက "နိုင်ငံရေးဟာ စီးပွားရေးရဲ့ အမြင့်မားဆုံး စုစည်းထားတဲ့ ဖော်ပြချက်ပဲ" လို့ ပြောခဲ့တယ်။ ဒီအမြင်က နိုင်ငံရေး အာဏာနဲ့ စီးပွားရေး စနစ်တွေကြားက နီးကပ်တဲ့ ဆက်ဆံရေးကို ပေါ်လွင်စေတယ်။ Bernard Crick က ပိုပြီး ပြည့်စုံတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ပေးတယ်၊ သူက နိုင်ငံရေးကို "အုပ်ချုပ်မှု နယ်ပယ် တခုထဲမှာ ရှိတဲ့ ကွဲပြားတဲ့ အကျိုးစီးပွားတွေကို အဖွဲ့အစည်း တခုလုံးရဲ့ ကောင်းကျိုးနဲ့ အသက်ရှင်ရပ်တည်ရေးအတွက် သူတို့ရဲ့ အရေးကြီးမှုအရ အချိုးကျ အာဏာ ခွဲဝေပေးခြင်းအားဖြင့် ညှိနှိုင်း ဆောင်ရွက်တဲ့ လှုပ်ရှားမှု" လို့ ဖော်ပြတယ်။ ဒီအမြင်က မတူညီတဲ့ အကျိုးစီးပွားတွေကို စီမံခန့်ခွဲတာနဲ့ လူ့အဖွဲ့အစည်းထဲမှာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်တဲ့ နိုင်ငံရေးရဲ့ အခန်းကဏ္ဍကို မီးမောင်းထိုးပြတယ်။ Adrian Leftwich က ဒီစိတ်ကူးကို ပိုပြီး ချဲ့ထွင်တယ်။ သူက လူတွေဟာ သူတို့ရဲ့ လူမှုရေးနဲ့ ဇီဝဘဝအသက်တာတွေ ပြန်လည်ထုတ်လုပ်ရာမှာ အရင်းအမြစ်တွေကို အသုံးပြုဖို့၊ ထုတ်လုပ်ဖို့နဲ့ ဖြန့်ဝေဖို့ အတူတူစုစည်းလာတဲ့အခါ ဖြစ်ပေါ်လာတဲ့ ပူးပေါင်းဆောင်ရွက်မှု၊ ညှိနှိုင်းမှုနဲ့ ပဋိပက္ခဆိုင်ရာ လှုပ်ရှားမှု အားလုံးကို နိုင်ငံရေးမှာ ပါဝင်တယ်လို့ အကြံပြုတယ်။ ဒီ ကျယ်ပြန့်တဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်က နိုင်ငံရေးကို လူသားတွေအပြန်အလှန် ဆက်ဆံမှုနဲ့ လူမှုရေး အဖွဲ့အစည်းရဲ့ မွေးရာပါ အစိတ်အပိုင်းတခု အဖြစ် အသိအမှတ်ပြုတယ်။ ဒီ ကွဲပြားတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ ရှိနေပေမဲ့ မိမိတို့ 'နိုင်ငံရေး' လို့ တံဆိပ်တပ်ထားတဲ့ လုပ်ဆောင်မှုတွေနဲ့ အာဏာရွေ့လျားမှုတွေဟာ သာမန်လူတွေရဲ့ ဘဝတွေနဲ့ နက်နက်ရှိုင်းရှိုင်း ဆက်စပ်နေတယ်ဆိုတာ ရှင်းပါတယ်။ တကယ်တော့ လူတွေရဲ့ အပြုအမူတွေနဲ့ ဘဝတွေဟာ နိုင်ငံရေး အင်စတီကျူးရှင်းတွေရဲ့ သက်ရောက်မှု အမြဲခံနေရပြီး တချိန်တည်းမှာ မိမိတို့ကလည်း ကိုယ့် လုပ်ဆောင်မှုတွေနဲ့ ရွေးချယ်မှုတွေကနေ ဒီအဖွဲ့အစည်းတွေကို ပုံဖော်နေတာ ဖြစ်တယ်။ ဒီ ကွဲပြားတဲ့ အမြင်တွေရဲ့ အမျိုးမျိုးက 'နိုင်ငံရေး' ဆိုတာ ပုံသေအနှစ်သာရ ရှိတဲ့ တခုတည်းသောအယူအဆ မဟုတ်ဘဲ ဒီလို အမျိုးအစားခွဲထားတဲ့ လှုပ်ရှားနေတဲ့၊ ပြောင်းလဲနေတဲ့ လုပ်ဆောင်မှုတွေ၊ ပြောဆိုမှုတွေနဲ့ အာဏာဆက်ဆံရေးတွေပဲ ဖြစ်တယ်ဆိုတာကို မီးမောင်းထိုးပြတယ်။ ဒါက မိမိတို့ဘဝရဲ့ ပုဂ္ဂိုလ်ရေး အဆုံးအဖြတ်တွေကနေ ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်တွေအထိ အရာအားလုံးကို ဆိုလိုနေတယ်။ "နိုင်ငံရေး" အပေါ် က ဒီမတူညီတဲ့ အမြင်တွေကို နားလည်တာဟာ အချက်အလက်တွေကို နားလည်မှု ပိုပြည့်စုံတဲ့၊ ပိုပြီးပါဝင်ပတ်သက်တဲ့ နိုင်ငံသားတွေ ဖြစ်လာဖို့ မိမိတို့ကို ကူညီနိုင်တယ်။ အရင်းအမြစ်ခွဲဝေတာနဲ့ တန်ဖိုး သတ်မှတ်တာကနေ ပဋိပက္ခ ဖြေရှင်းတာနဲ့ လူမှုရေး ပူးပေါင်းဆောင်ရွက်တာအထိ နိုင်ငံရေးရဲ့ မတူညီတဲ့ ရှုထောင့်ဘက်ပေါင်းစုံကို သိရှိခြင်းအားဖြင့် ကျွန်တော်တို့ လူ့အဖွဲ့အစည်းတွေနဲ့ ကျွန်တော်တို့ရဲ့ တဦးချင်း ဘဝတွေကို ပုံဖော်ရာမှာ "နိုင်ငံရေး" ရဲ့ အရေးပါပုံကို ပိုကောင်းကောင်း နားလည်နိုင်တယ်။ စာရေးသူ ပုဂ္ဂိုလ်ရေးအရ အကြိုက်ဆုံးကို ပြောပါရစေ။ Mark Warren က နိုင်ငံရေးဟာ ပဋိပက္ခနဲ့ အာဏာတို့ရဲ့ ဆုံမှတ်ပဲလို့ဆိုတယ်။ အဲဒီမှာ ဦးတည်ချက် အကြောင်းအရာ တခု စာရေးသူက ထပ်ထည့်တယ်။ ပူးပေါင်းဆောင်ရွက်မှုပါ။ ဒါကြောင့် မိမိတို့ 'နိုင်ငံရေး' လို့ ခေါ်တဲ့အရာကို နားလည်ဖို့ နည်းလမ်းတခုက ဒါကို ပဋိပက္ခနဲ့ အာဏာတို့ရဲ့ ဆုံမှတ်အဖြစ် မြင်တာပဲ။ ဒီဘောင်ထဲမှာ ပူးပေါင်းဆောင်ရွက်မှုအတွက် နေရာပိုများအောင် လုပ်တာကို ပိုပြီး 'နိုင်ငံရေးကျတဲ့' နည်းလမ်းအဖြစ် သတ်မှတ်နိုင်တယ်။ တခြားတဖက်မှာ ပူးပေါင်းဆောင်ရွက်မှု နည်းလေလေ၊ ပိုပြီး ကွဲပြားခြားနားလေလေ၊ ဒါက နိုင်ငံရေးထက် စစ်ပွဲနဲ့ ပိုတူလာလေလေ ဖြစ်တယ်။ ဒါပေမဲ့ အာဏာဟာ သက်ဆိုင်ရာအဖွဲ့တွေကြား အများအားဖြင့် တန်းတူမညီဘူးဆိုတာ မိမိတို့ မှတ်သားထားရမယ်။ ဒီနေရာမှာ နိုင်ငံရေးမိတ်သဟာယဖြစ်မှုက အရေးကြီးတယ်။ ဒါက မတူညီတဲ့ အစမှတ်တွေ ရှိတယ်ဆိုတာကို သိမှတ်ဖို့ လိုအပ်တယ်။ ဒါဟာ ထုံအရိုးရှင်းစွာ စည်းလုံးမှုကိုရှာဖို့ မဟုတ်ဘဲ အာဏာကို ပြန်လည် ဖြန့်ဝေဖို့ တမင်တကာ ကြိုးစားအားထုတ်မှုပဲဖြစ်တယ်။ အခိုင်အမာ ရှိနေတဲ့ အဆင့်ဆင့်စနစ်တွေကို ဖြိုဖျက်ဖို့ မျှဝေထားတဲ့ ရည်မှန်းချက်တွေကို မဟာဗျူဟာကျကျ လိုက်နာတာ ဖြစ်တယ်။ ခိုင်မာပြီး သဟဇာတဖြစ်တဲ့ လူ့အဖွဲ့အစည်းတခုဟာ ကောင်းမွန်တဲ့ နိုင်ငံရေး စနစ်တွေရဲ့ အခြေခံပေါ်မှာ တည်ဆောက်ထားတာ ဖြစ်တယ်။ ပြီးတော့ အဲဒီ စနစ်တွေကို အချက်အလက် ပြည့်စုံတဲ့နဲ့ တက်ကြွတဲ့ နိုင်ငံသားတွေက ပုံဖော်ပေးတယ်။ နိုင်ငံရေးကို ချိတ်ဆက်နားလည်ရာမှာ ဒါရဲ့ ရှုထောင့်စုံချဉ်းကပ်နိုင်တဲ့သဘာဝကို နားလည်ခြင်းအားဖြင့် လူတွေအားလုံးအတွက် ပိုပြီး တရားမျှတတဲ့၊ တန်းတူညီမျှတဲ့၊ သာယာဝပြောတဲ့ အသိုက်အမြုံတွေ ဖန်တီးရာမှာ ပါဝင်နိုင်ပါတယ်။ မိမိတို့ရဲ့ နိုင်ငံရေးမိတ်သဟာယဖြစ်မှုနဲ့ ဘုံကောင်းကျိုးကို အာရုံစိုက်ကြပါစို့။
0 Comments
Leave a Reply. |
ဆောင်းပါးရှင် - ဆန်းစ စာမရီဆန်းစ စာမရီသည် နိုင်ငံရေးနှင့် ဒဿနများ လေ့လာသူတဦးဖြစ်သည်။ ArchivesCategories |
Site powered by Weebly. Managed by Porkbun