THE CALLING DIGEST
  • Home
  • Politology
    • Our Philosophy
    • Core Index
    • Decentralized Models
    • Cultivating Peace
  • Blog
  • Chronicle
  • About
  • မြန်မာဘာသာ
    • ဆောင်းပါးများ
  • Home
  • Politology
    • Our Philosophy
    • Core Index
    • Decentralized Models
    • Cultivating Peace
  • Blog
  • Chronicle
  • About
  • မြန်မာဘာသာ
    • ဆောင်းပါးများ
Search by typing & pressing enter

YOUR CART

ဆောင်းပါးများ

မိမိ၏မောဟအတိုင်းအတာကို သိမှသာ မှန်သော အသိသုတဖြစ်သည်။
-ကွန်ဖြူးရှပ်

5/5/2025 0 Comments

ပြန်ထပ်ပုံစံ ရှာဖွေခြင်း (Pattern Recognition)


မိမိတို့ အားလုံးဟာ ပြန်ထပ်ပုံစံတွေ ရှာဖွေသူတွေအဖြစ် ဘဝကို စတင်ကြတယ်။ မွေးတာ လအနည်းငယ်ပဲ ရှိသေးတဲ့ ကလေးက မျက်နှာတခု ရှေ့တိုးလာတဲ့အခါ ပြုံးရယ်ပြဖို့ သင်ယူတယ်။ ဒီအကျင့်ဟာလည်း တယောက်ယောက်က သင်ပေးခဲ့တာ မဟုတ်ဘဲ ဒါကို သူ့အနေနဲ့ သတိထားမိသွားလို့ပါ။ ငါ ပြုံးရင် တခြားသူမျက်နှာတွေက ပြန်ပြုံးတယ်ပေါ့။ ပြီးရင် ကောင်းမွန်တာလေးတွေ ခံစားရတယ်ပေါ့။ ဒီ အစောပိုင်း၊ မြင်ရခဲတဲ့ လုပ်ရပ်ဟာ တသက်တာလုံးအတွက် ပြန်ထပ်ပုံစံတွေရှာတဲ့ အလေ့အကျင့်တခုရဲ့ အစ နမူနာပဲ။

ပုံစံ အသိအမှတ်ပြုခြင်းဟာ မိမိတို့ "ဥာဏ်ရည်" လို့ ခေါ်တဲ့အရာအများစုရဲ့ နောက်ကွယ်က တိတ်တိတ်ကလေး ရှိနေတဲ့ ကျွမ်းကျင်မှု ဖြစ်တယ်။ ဘေခရာသီဥတု ဘယ်အချိန် ပြောင်းမလဲဆိုတာ မိမိတို့ ဘယ်လို သိလဲ၊ ဒါမှမဟုတ် တယောက်ယောက် အသံမမြှင့်ခင် သူတို့ ဒေါသထွက်တော့မယ်ဆိုတာ ဘယ်လို သိလဲဆိုတာတွေကို စဉ်းစားကြည့်ပါ။ မိမိတို့က သေးငယ်တဲ့ လက္ခဏာတွေကို မြင်ပြီး သူတို့ကို ဆက်စပ်လိုက်တယ်။ မျက်ခုံးပင့်လိုက်တာ၊ ရုတ်တရက် တိတ်ဆိတ်သွားတာ၊ စူးရှတဲ့ အသံထွက်တာမျိုးတွေပေါ့။ ဒါတွေက မိမိတို့ ဖတ်တတ်အောင် သင်ယူခဲ့တဲ့ ပုံစံတွေ ဖြစ်တယ်။ ပြီးရင် ဘာဖြစ်လာမလဲ မှန်းနိုင်တယ်။ အဲသည်စွမ်းရည်သာ မရှိရင် ဘဝကို ရှုပ်ထွေးနေလိမ့်မယ်။

ဒါပေမဲ့ ဒီ ကျွမ်းကျင်မှုက မျက်နှာအမူအရာတွေ ဖတ်တာ ဒါမှမဟုတ် မိုးရွာတာကို ခန့်မှန်းတာနဲ့တင် ရပ်တန့်မနေဘူး။ တကယ်တော့ ဒါဟာ ပိုပြီး နက်ရှိုင်းတဲ့ အရာတခု ဖြစ်လာနိုင်တယ်။ တကယ့် ထွင်းဖောက်ဝေဖန်နားလည်တဲ့ အတွေးအခေါ်ရဲ့ အစပေါ့။

နိုင်ငံရေးအကြောင်း ပြောနေတဲ့ လူတွေ အပြည့်ရှိတဲ့ အခန်းတခုထဲမှာ မိမိတို့ ရှိနေတယ်လို့ စိတ်ကူးကြည့်ပါ။ တချို့က ဒေါသထွက်နေမယ်။ တချို့က မျှော်လင့်ချက် ရှိနေမယ်။ လူတိုင်းမှာ ခိုင်မာအောင် ဆုပ်ကိုင်ထားတဲ့ သဘောထားတွေ ရှိမယ်။ မိမိတို့က တိတ်ဆိတ်စွာ နားထောင်မယ်။ တစ်ခုခုကိုလည်း သတိထားမိတယ်။ အဲ့ဒါက တချို့လူတွေက အသံအကျယ်ဆုံး ပြောတတ်ကြတယ်။ တချို့လူတွေက ဆုံးဖြတ်ချက်တွေကို လက်ဝါးကြီး အုပ်သွားတယ်။ ဒါတွေက စာအုပ်ထဲမှာ ဖတ်ရတဲ့ အချက်အလက်တွေ မဟုတ်ဘူး။ ဒါတွေက ဘဝထဲက ပုံစံတွေပဲ။ ဒါ့အပြင် တခါ မြင်လိုက်ပြီဆိုရင် မိမိတို့က မတူညီစွာ စဉ်းစားဖို့ စတင်လာတယ်။ မေးခွန်းတွေ မေးတယ်။ ဆူညံသံတွေရဲ့ အောက်ခံမှာ ဘာတွေ ရှိလဲဆိုတာကို တွေးတောတယ်။

တခါတလေ နိုင်ငံရေးမှာ ကြောက်ရွံ့မှု မြင့်တက်လာတဲ့အခါ သနားကြင်နာမှု ပျောက်ကွယ်သွားတယ်ဆိုတာကို မိမိတို့ သတိပြုမိနိုင်တယ်။ တခါတလေ မုန်းတီးမှုကြီးလာရင် ကိုယ့်အကျိုးကိုပါ ဖျက်ပြီး သူများကို ထိခိုက်အောင် လုပ်ချင်လာတယ်။

ဒီလိုနည်းနဲ့ ပြန်ထပ်နေတဲ့ပုံစံတွေကို ဖြစ်နေတဲ့အတိုင်း အသိအမှတ်ပြုခြင်းက ဝေဖန်ပိုင်းခြား တွေးခေါ်မှုအဖြစ် ကြီးထွားလာတယ်။

ဝေဖန်ပိုင်းခြား တွေးခေါ်မှုဆိုတာ အဆိုးမြင်နေတာကို ဆိုလိုတာ မဟုတ်ဘူး။ ဒါဟာ ပိုပြီး ရှင်းရှင်းလင်းလင်း မြင်တာကို ဆိုလိုတယ်။ ဒါဟာ မိမိတို့ ပြန်ထပ်ပုံစံတွေကို မြင်ရုံတင် မဟုတ်ဘဲ မေးခွန်းမေးတဲ့အခါ ဝေဖန်တွေးမှုဖြစ်လာတယ်။ ဘာ့ကြောင့် ဒီ ပုံစံလဲ။ ဘယ်သူတွေ အကျိုးခံစားရလဲ။ ဘာတွေ ပျောက်ဆုံးနေလဲ။ မိမိတို့က အပေါ်ယံပဲ လက်ခံတာကို ရပ်လိုက်တယ်။ အကြောင်းနဲ့ အကျိုးဆက်အကြောင်း မေးတယ်။ တခြားနည်းလမ်းတွေကို စိတ်ကူးယဉ်တယ်။

ကျောင်းသားတယောက်က သမိုင်းသင်ခန်းစာတိုင်းဟာ တူညီတဲ့ သူရဲကောင်းမျိုးနဲ့ စတင်တယ်ဆိုတာ မြင်နိုင်တယ်။  ဝေဖန်ပိုင်းခြားနိုင်လာရင် သူတို့က မေးလာနိုင်တာက ဘာ့ကြောင့် ဒီ သူရဲကောင်းတွေကို ပြောနေသင်နေသလဲ။ ချန်လှပ်ထားခဲ့တဲ့ သူတွေကရော ဘယ်လိုလဲ။ နိုင်ငံသားတယောက်က ရွေးကောက်ပွဲ သံသရာတိုင်းဟာ ကတိတွေနဲ့ အရှုပ်တော်ပုံတွေရဲ့ ဇာတ်ညွှန်းအတိုင်း သွားနေတယ်ဆိုတာ သတိထားမိနိုင်တယ်။ ပြီးတော့ သူတို့ တွေးတောနိုင်တာက ဘာလို့ ဒီလိုဖြစ်နေတာလဲ၊ စနစ်က ဘာဖြစ်နေတာလဲ။ ဒါက မိမိတို့ရဲ့ ဒီမိုကရေစီအကြောင်း ဘာပြောနေတာလဲ။

ပုံစံတွေက ချည်မျှင်တွေလိုပဲ။ ဝေဖန်ပိုင်းခြား တွေးခေါ်မှုဟာ သူတို့ကို ကမ္ဘာကြီးကို နားလည်အောင် ကူညီပေးတဲ့ အဝတ်စတခုအဖြစ် ရက်လုပ်ခြင်း လုပ်ငန်းပဲ။ ပုံပြင်တွေ၊ အလေ့အကျင့်တွေ၊ အာဏာတွေမှာ ချည်မျှင်တွေကို ပိုပြီး ကောင်းကောင်း မြင်လေလေ၊ မိမိတို့က ပိုပြီး ကောင်းမွန်တဲ့ မေးခွန်းတွေ မေးနိုင်လာလေလေပဲ။ ဒါ့အပြင် ပိုပြီး ကောင်းမွန်တဲ့ မေးခွန်းတွေနဲ့အတူ မိမိတို့က ပိုကောင်းတဲ့ လမ်းကြောင်းတွေကို ရွေးချယ်ဖို့ စတင်လာတယ်။ ပိုအသုံးကျတဲ့ အသိပညာတွေ ရလာတယ်။

ဒါကြောင့် ပြန်ထပ်ပုံစံ အသိအမှတ်ပြုခြင်းဟာ သင်္ချာပညာရှင်တွေ ဒါမှမဟုတ် သိပ္ပံပညာရှင်တွေအတွက် သက်သက် မဟုတ်ဘူး။ ဒါဟာ မိမိတို့ အားလုံးအတွက်၊ နေ့တိုင်း၊ ပညာရှိရှိ နေထိုင်ဖို့ ကြိုးစားတဲ့အခါ လိုအပ်တယ်။ ပြန်ထပ်ပုံစံတွေကို မိမိတို့ အသိအမှတ်ပြုတဲ့အခါ နောက်ခံအကြောင်းအရာတွေကို နားလည်အောင် လုပ်ဆောင်ဖို့ အစဖြစ်တယ်။ အဲဒီ ပုံစံတွေကို မိမိတို့ မေးခွန်းထုတ်တဲ့အခါ သူတို့ကို ပြောင်းလဲဖို့ ဖြစ်စေလာနိုင်တယ်။

ဒါ့အပြင် တခါတလေ ရိုးရှင်းတဲ့ မေးခွန်းလေးတွေက အပြောင်းအလဲ စတင်တာပဲ။ တခြားသူတွေ မမြင်နိုင်တဲ့ အရာတခုကို ရိုးရိုးလေးရှုမြင်ခြင်းနဲ့၊ ဘာကြောင့်လဲ၊ တခြားနည်းလမ်း ရှိနိုင်မလားလို့ တွေးတောခြင်းအားဖြင့်ပေါ့။

နယူတန်ဟာ ပန်းသီးလေးတွေ ကျလာတဲ့ ပြန်ထပ်ပုံစံကို ကြည့်ပြီး ဒြပ်ဆွဲအားကို တွေးခဲ့တယ်။ ပန်းသီးတွေ ကမ္ဘာပေါ်ကျရင် လမင်းကြီးက ကမ္ဘာပေါ် ဘာလို့ကျမလာသလဲ မေးလိုက်ရာက ကဲကုလသင်္ချာဘာသာရပ်ကြီးတခု ဖြစ်လာတယ်။

မိမိတို့ကော... ဘာပြန်ထပ်ပုံစံတွေ ကြည့်ပြီး၊ ဘာမေးခွန်းတွေ မေးကြမလဲ။

0 Comments



Leave a Reply.

    ဆောင်းပါးရှင်

    ဆန်းစ စာမရီ

    Archives

    June 2025
    May 2025
    April 2025

Site powered by Weebly. Managed by Porkbun