4/25/2025 0 Comments ဘုံကောင်းကျိုး၏ အခရာဖြစ်မှုဒီနေ့ခေတ် ကမ္ဘာကြီးမှာ ဘုံကောင်းကျိုး ဆိုတဲ့ အယူအဆဟာ သဘောအားဖြင့် ပိုပြီး အရေးကြီးလာနေပေမဲ့ များသောအားဖြင့် လျစ်လျူရှု ခံနေရတယ်။ ဒါကို မိမိတို့ ပြန်လေ့လာကြည့်ရအောင်။
အကျဉ်းချုပ် ပြောရရင် ဘုံကောင်းကျိုး ဆိုတဲ့ အယူအဆဟာ ရှေးခေတ် ဂရိနဲ့ ရောမ ဒဿနပညာရှင်တွေရဲ့ အတွေးအခေါ်တွေမှာ အမြစ်တွယ်နေတယ်။ Plato နဲ့ Aristotle တို့ဟာ သူတို့ လူ့အဖွဲ့အစည်းတွေကို အုပ်ချုပ်ဖို့ ကိုယ်ကျင့်တရား နိယာမတွေနဲ့ ထိရောက်တဲ့ နည်းလမ်းတွေအဖြစ် သူတို့ ယူဆတာတွေကို ထောက်ခံခဲ့ကြတယ်၊ ဒီ စိတ်ကူးတွေဟာ နောက်ပိုင်းမှာ 'ဘုံကောင်းကျိုး' နဲ့ ဆက်စပ်လာတယ်။ Cicero နဲ့ St. Augustine တို့ရဲ့ ဘုံကောင်းကျိုး အပေါ် စိတ်ကူးတွေဟာ ငြိမ်းချမ်းရေးနဲ့ လူမှုရေးအစီအစဉ်ကျနမှု ကို ရည်ရွယ်ပေမဲ့ လူတိုင်း ဖွံ့ဖြိုးတိုးတက်ဖို့ အခြေအနေတွေ ဖန်တီးပေးဖို့ နိုင်ငံတော်ရဲ့ တာဝန်လို့ သူတို့ မယူဆခဲ့ဘူး။ Thomas Aquinas က သူ နားလည်တဲ့ 'ဘုံကောင်းကျိုး' ကို သူ့ရဲ့ ဘာသာရေးဘောင်ထဲမှာ နိုင်ငံသားတွေရဲ့ ကိုယ်ကျင့်တရား ကောင်းမွန်မှုနဲ့ ချိတ်ဆက်ခဲ့တယ်။ ဒါပေမဲ့ သူ့ရဲ့ အမြင်က လူမှုရေး ပြောင်းလဲမှုတွေနဲ့ လိုက်လျောညီထွေ ဖြစ်ဖို့ လိုအပ်တယ်ဆိုတာ ထည့်သွင်း စဉ်းစားခြင်း မရှိခဲ့ဘူး။ Hobbes၊ Locke နဲ့ Bentham လို ဒဿနပညာရှင်တွေက ဘုံကောင်းကျိုးကို ပုဂ္ဂလိက အကျိုးစီးပွားတွေရဲ့ ပေါင်းစုအဖြစ် မြင်ခဲ့ကြတယ်၊ ဒါက ပုဂ္ဂလဝါဒဆီ ဦးတည်စေခဲ့တယ်။ ၁၉ ရာစုနဲ့ ၂၀ ရာစု အစောပိုင်းတွေမှာ ဈေးကွက်လစ်ဘရယ်ဝါဒနဲ့ ဆိုရှယ်လစ်ဝါဒကြား ပဋိပက္ခတွေကြားမှာ ကက်သလစ် ဘုရားကျောင်းရဲ့ လူမှုရေး သွန်သင်မှုတွေက ဘုံကောင်းကျိုး ဆိုတဲ့ အယူအဆကို ပြန်လည် အသက်သွင်းခဲ့တယ်။ ပုပ်ရဟန်းမင်းကြီး Leo XIII နဲ့ Pius XI တို့ဟာ လူသား ဂုဏ်သိက္ခာ၊ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေနဲ့ လူမှု တရားမျှတမှုတွေကို အလေးထား ဆွေးနွေး/စဉ်းစားပါတယ် ။ ပုပ်ရဟန်းမင်းကြီး John XXIII က ဘုံကောင်းကျိုးကို ပိုပြီး ကျယ်ပြန့်စွာ သတ်မှတ်ခဲ့တယ်၊ ပုဂ္ဂလိက အခွင့်အရေးတွေ ကာကွယ်ဖို့၊ လူမှုရေး အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုဖို့နဲ့ အစိုးရ ဝင်ရောက် စွက်ဖက်တာကို လက်ခံဖို့ တိုက်တွန်းခဲ့တယ်။ ဒါ့အပြင် ဒုတိယ ဗာတီကန် ကောင်စီက ဘုံကောင်းကျိုး ဆိုတဲ့ အယူအဆကို ထပ်မံ ရှင်းလင်းခဲ့ပြီး လူသား ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပြည့်စုံမှု မြှင့်တင်ပေးတဲ့ အခြေအနေတွေကို ကာကွယ် မြှင့်တင်ရာမှာ အစိုးရ အာဏာပိုင်တွေနဲ့ အေဂျင်စီတွေရဲ့ အခန်းကဏ္ဍကို အသေးစိတ် ဖော်ပြခဲ့တယ်။ ပုပ်ရဟန်းမင်းကြီး Paul VI က ဘုံကောင်းကျိုးနဲ့ ဆန့်ကျင်စွာ ပစ္စည်းပိုင်ဆိုင်မှု အခွင့်အရေးတွေ သုံးစွဲတာကို သတိပေးခဲ့တယ်။ သူက နိုင်ငံတကာ တာဝန်တွေအပေါ် ပိုပြီး အလေးထား ဆွေးနွေး/စဉ်းစားပါတယ် ၊ "လူမှုရေး ပြဿနာဟာ ကမ္ဘာလုံးဆိုင်ရာ ကိစ္စတခု ဖြစ်လာပြီ" လို့ ကြေညာခဲ့တယ်။ ဒီအချိန်အထိ ဘုံကောင်းကျိုး အပေါ် အမြင်ဟာ ခရစ်ယာန် ဘာသာရေး ဦးစားပေး ဖြစ်နေတယ်လို့ သင် ထင်နိုင်တယ်။ မိမိတို့ဟာ Aristotle၊ Rousseau နဲ့ John Rawls တို့ရဲ့ အတွေးအခေါ်တွေအပေါ် အခြေခံပြီး ဘုံကောင်းကျိုးကို ဆွေးနွေးပါမယ် ။ Aristotle ရဲ့ နိုင်ငံရေးမိတ်သဟာယဖြစ်မှု ဆိုတဲ့ စိတ်ကူးဟာ ကျွန်တော်တို့ 'နိုင်ငံရေး' လို့ တံဆိပ်တပ်ထားတဲ့အရာမှာ ပူးပေါင်းဆောင်ရွက်မှုအကြောင်း တွေးခေါ်ဖို့ မဟာဗျူဟာကျကျ အသုံးဝင်တဲ့ အခြေခံတခုကို ပေးတယ်။ ဒီ စိတ်ကူးက ကောင်းမွန်တဲ့ လူ့အဖွဲ့အစည်း တခု တည်ဆောက်ဖို့အတွက် နိုင်ငံသားတွေကြား အချင်းချင်း နားလည်မှု၊ လေးစားမှုနဲ့ ပူးပေါင်းဆောင်ရွက်လိုစိတ်တွေဟာ မရှိမဖြစ် လိုအပ်တယ်လို့ အကြံပြုတယ်။ နိုင်ငံရေးမိတ်သဟာယဖြစ်မှု ဟာ နိုင်ငံသားတွေကြား ပုဂ္ဂိုလ်ရေးရင်းနှီးမှု၊ ယုံကြည်မှုနဲ့ သစ္စာစောင့်သိမှုတွေကို မြှင့်တင်ပေးတယ်၊ ဒါတွေက တည်ငြိမ်ပြီး သာယာဝပြောတဲ့ လူ့အဖွဲ့အစည်း တခု ဖြစ်ဖို့ အထောက်အကူ ဖြစ်စေတယ်။ ဒါကြောင့် Rousseau ရဲ့ General Will Theory က လူ့အဖွဲ့အစည်း တခုရဲ့ အထွေထွေ ဆန္ဒကို ကိုယ်စားပြုတယ်။ ဒီ အယူအဆက လူတိုင်းဟာ ကိုယ့် အကျိုးစီးပွားထက် ပိုပြီး အဖွဲ့အစည်း တခုလုံးရဲ့ ကောင်းကျိုးကို ရှာဖွေလိုစိတ် ရှိတယ်လို့ ယူဆတယ်။ ဒါဟာ ပုဂ္ဂိုလ်ရေး အကျိုးစီးပွားတွေရဲ့ ပေါင်းစုထက် ပိုတယ်။ သူ့ရဲ့ "Discourses on Political Economy" မှာ ဒါက လူတိုင်းကို အကျိုးပြုပြီး ဘယ်သူ့ကိုမှ ဖယ်ထုတ်တာ မရှိတဲ့အတွက် General Will ဟာ တရားမျှတမှုကို ရရှိနိုင်တယ်လို့ သူက ငြင်းခုံတယ်။ ဒီ သီအိုရီက လူတိုင်းရဲ့ အခွင့်အရေးတွေနဲ့ လိုအပ်ချက်တွေ၊ လူနည်းစု အသံတွေပါ ပါဝင် စဉ်းစားပြီး ပိုပြီး ပြည့်စုံတဲ့ ဘုံကောင်းကျိုး ကို ဖြစ်နိုင်စေတယ်။ နောက်ပိုင်းမှာ John Rawls ရဲ့ အယူအဆတွေဟာ ခေတ်သစ် ဒီမိုကရေစီ နိုင်ငံတွေအတွက် အထူး အရေးကြီးလာတယ်။ နိုင်ငံရေးအရစည်းလုံးညီညွတ်မှုက မတူညီတဲ့ အုပ်စုတွေကြား ပူးပေါင်းဆောင်ရွက်မှုနဲ့ နားလည်မှုကို မြှင့်တင်ပေးတယ်။ တန်းတူဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်တဲ့ လူသိရှင်ကြား ကျိုးကြောင်း ဆင်ခြင်မှု (သူ့ ဘာသာစကားအရ Veil of Ignorance) က ဆုံးဖြတ်ချက်ချရာမှာ ကျိုးကြောင်း ဆီလျော်မှု၊ ပွင့်လင်းမြင်သာမှုနဲ့ တရားမျှတမှုတို့ကို အားပေးတယ်။ ဒီ အယူအဆတွေက အားလုံး ပါဝင်ပြီး အားလုံး လက်ခံနိုင်တဲ့ ဆုံးဖြတ်ချက်တွေ ချဖို့ ကူညီတယ်။ ဒီ ဒဿနပညာရှင်တွေရဲ့ စိတ်ကူးတွေကို ပေါင်းစပ်လိုက်ရင် အောက်ပါ အစိတ်အပိုင်းတွေ ပါဝင်တဲ့ အယူအဆ တခုအဖြစ် ဘုံကောင်းကျိုးကို မဟာဗျူဟာကျကျ သတ်မှတ်နိုင်တယ် - က) အားလုံးကို အကျိုးပြုတာ - ဘုံကောင်းကျိုးဟာ လူ့အဖွဲ့အစည်းထဲက လူတိုင်းကို အကျိုးပြုရမယ်။ ဆင်းရဲချမ်းသာမှု၊ ပညာရေး၊ လူမျိုး ဒါမှမဟုတ် ဘာသာ မခွဲခြားဘဲ လူသား အားလုံးရဲ့ ဘဝ အရည်အသွေးကို မြှင့်တင်ပေးရမယ်။ ခ) တရားမျှတမှု - ဘုံကောင်းကျိုးဟာ လူတန်းစား တခု ဒါမှမဟုတ် အုပ်စု တခုကို ဦးစားမပေးဘဲ လူ့အဖွဲ့အစည်း တခုလုံးအတွက် တရားမျှတတဲ့ အကျိုးကျေးဇူးတွေ ဖန်တီးပေးရမယ်။ ဒါက လူထုယုတ္တိဆင်ခြင်မှုပေါ် အခြေခံပြီး အခွင့်အလမ်းတွေ၊ အရင်းအမြစ်တွေနဲ့ ဝန်ဆောင်မှုတွေကို တရားမျှတစွာ ခွဲဝေပေးခြင်းအားဖြင့် တရားမျှတမှုကို မြှင့်တင်ပေးရမယ်။ ဂ) ဘက်ပေါင်းစုံ ပါဝင်နိုင်မှု - ဘုံကောင်းကျိုးဟာ ဘယ်သူ့ကိုမှ ဖယ်ထုတ်ထားလို့ မရဘူး။ ဒါက လူနည်းစုတွေ၊ ဖယ်ကြဉ်ခံထားရတဲ့ အုပ်စုတွေနဲ့ အားနည်းတဲ့ လူတန်းစားတွေရဲ့ လိုအပ်ချက်တွေနဲ့ စိုးရိမ်မှုတွေကို ထည့်သွင်း စဉ်းစားရမယ်။ လူတိုင်း ပါဝင် ဆောင်ရွက်နိုင်ဖို့ လူမှုရေးနဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေ ဖန်တီးပေးရမယ်။ ဃ) ရေရှည် တည်တံ့ခိုင်မြဲမှု - ဘုံကောင်းကျိုးဟာ လက်ရှိ မျိုးဆက်ကိုတင် မဟုတ်ဘဲ နောင် အနာဂတ် မျိုးဆက်တွေကိုပါ အကျိုးပြုရမယ်။ ဒါက သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ရေရှည် တည်တံ့ခိုင်မြဲတဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ လူမှုရေး တည်ငြိမ်မှုတို့ကို အာရုံစိုက်ရမယ်။ င) ပူးပေါင်းဆောင်ရွက်မှုကို အားပေးတာ - ဘုံကောင်းကျိုးဟာ လူ့အဖွဲ့အစည်းထဲမှာ ပူးပေါင်းဆောင်ရွက်မှု၊ စည်းလုံးမှု၊ မိတ်ဆွေဖြစ်မှုနဲ့ အချင်းချင်း နားလည်မှုကို မြှင့်တင်ပေးရမယ်။ ဒါက စုပေါင်း ပြဿနာ ဖြေရှင်းတာနဲ့ အတူတကွ ပန်းတိုင် အောင်မြင်အောင် ကြိုးစားတာကို အားပေးရမယ်။ နိဂုံးချုပ်အနေနဲ့ ဘုံကောင်းကျိုးဟာ "ပုံသေ" မဟုတ်ဘဲ လူ့အဖွဲ့အစည်း တခုရဲ့ စည်းလုံးညီညွတ်မှု၊ တရားမျှတမှုနဲ့ သာယာဝပြောမှုအတွက် အရေးကြီးတဲ့ အယူအဆတခု ဖြစ်တယ်။ လူတိုင်းရဲ့ အကျိုးစီးပွားတွေကို ထည့်သွင်း စဉ်းစားဖို့နဲ့ လက်ရှိနဲ့ နောင် အနာဂတ် မျိုးဆက်တွေရဲ့ အကျိုးအတွက် ဆုံးဖြတ်ချက်ချတာကို လမ်းညွှန်ဖို့ အရေးကြီးတယ်။ ဘုံကောင်းကျိုး ရဲ့ ခွန်အားဟာ စိန်ခေါ်မှု ရှိတဲ့ စံနမူနာ ဖြစ်ပေမဲ့ ကွဲပြားမှုတွေကြား ပြန်လည် ညှိနှိုင်းနိုင်တာမှာ တည်ရှိတယ်။ ဒါဟာ လူသား လုပ်ဆောင်နိုင်စွမ်း လိုအပ်တာကို စုပေါင်း အသက်ရှင်ရပ်တည်မှုနဲ့ ချိန်ညှိဖို့ မဟာဗျူဟာကျတဲ့ ဘောင်တခု ဖြစ်တယ်၊ ပုံသေအဆုံးသတ် အမှတ်တခု မဟုတ်ဘူး။ ဘက်ပေါင်းစုံ ပါဝင်နိုင်တဲ့ ဘုံကောင်းကျိုး(များ) မူဘောင်ဆီ ဦးတည်တဲ့ လူ့အဖွဲ့အစည်း တခုဟာ ပိုပြီး တရားမျှတတဲ့၊ စည်းလုံးတဲ့နဲ့ ရေရှည် တည်တံ့ခိုင်မြဲတဲ့ အနာဂတ်ကို ရရှိနိုင်တယ်။ မိမိတို့ဟာ မိသားစု၊ နိုင်ငံတော် ဒါမှမဟုတ် ကမ္ဘာလုံးဆိုင်ရာ အသိုင်းအဝိုင်းလို လူမှုရေး ဖွဲ့စည်းပုံတွေရဲ့ မတူညီတဲ့ အဆင့်တွေမှာလည်း ဘုံကောင်းကျိုးအတွက် ကြိုးစားရပါလိမ်မယ်။
0 Comments
Leave a Reply. |
ဆောင်းပါးရှင် - ဆန်းစ စာမရီဆန်းစ စာမရီသည် နိုင်ငံရေးနှင့် ဒဿနများ လေ့လာသူတဦးဖြစ်သည်။ ArchivesCategories |
Site powered by Weebly. Managed by Porkbun