4/25/2025 0 Comments နိုင်ငံရေးမိတ်သဟာယဖြစ်မှုဒီနေ့ခေတ်မှာ နိုင်ငံရေးကို ပြိုင်ပွဲနယ်ပယ် တခုအဖြစ် မြင်လာတာ ကျင့်သား ရနေပြီ။ ပြိုင်ဘက်ဝါဒတွေ အားပြိုင်ကြတယ်၊ အကျိုးစီးပွားတွေ ညှိနှိုင်းကြတယ်၊ ပြီးတော့ အောင်ပွဲတွေကို GDP လို ဂဏန်းတွေနဲ့ တိုင်းတာတာ များတယ်။ နိုင်ငံရေးဟာ ဗျူဟာတွေနဲ့ တွက်ချက်မှုတွေ၊ ဟောပြောမှုတွေနဲ့ ဆောင်ပုဒ်တွေ၊ အာဏာကို အတည်ပြုတာနဲ့ ခုခံတာတွေရဲ့ နေရာတခုလို့ မိမိတို့ ယူဆထားမိတယ်။ ဒါပေမဲ့ ဒီနိုင်ငံရေးလမ်းတလျှောက် အသံမထွက်ပေမယ့် အလွန်အမင်း အခြေခံကျတဲ့ စိတ်ကူးတခုအကြောင်း ပြောဆိုတာကို မိမိတို့ ရပ်လိုက်မိတယ်။ အဲ့ဒါက နိုင်ငံရေးမိတ်သဟာယစိတ်ပဲ။ နိုင်ငံရေးမိတ်သဟာယဆိုတာ ညစာ အတူစားတာ ဒါမှမဟုတ် သီချင်းခံစားပုံ တူတာတွေကနေ ဖြစ်ပေါ်လာတဲ့ မိတ်ဆွေပုံစံမျိုး မဟုတ်ဘူး။ ပိုရှားပါးတဲ့၊ ပိုရှေးကျတဲ့၊ ပိုနက်ရှိုင်းတဲ့ ပုံစံမျိုး။ မိတ်ဆွေဖွဲ့မှုဟာ ဒီဖွံ့ဖြိုးတဲ့ အဓိပ္ပာယ်အရ ဆိုရင် တဦးနဲ့တဦး ဂရုစိုက်နိုင်စွမ်း ဖြစ်တယ်။ အကျိုးအမြတ်ကိုအမြဲကြည့်ဖို့ မဟုတ်ဘူး။ "မင်း ငါ့အတွက် ဘာလုပ်ပေးနိုင်လဲ" လို့ မမေးဘဲ "ငါတို့ အတူတူ ကောင်းကောင်းမွန်မွန် ဘယ်လို နေထိုင်နိုင်မလဲ" လို့ မေးတဲ့ စိတ်ဗီဇ ဖြစ်တယ်။ ဒါဟာ စာချုပ်တွေ ဒါမှမဟုတ် အဆင်ပြေမှုတွေမှာ အခြေခံတာ မဟုတ်ဘဲ ယုံကြည်မှုနဲ့ တခြားလူရဲ့ ဘဝဟာ (သူကကိုယ်နဲ့ မသိကျွမ်းသေးရင်တောင်၊ ရင်းနှီးမှု မရှိရင်တောင်မှ) အရေးကြီးသေးတယ်ဆိုတဲ့ ယုံကြည်မှုမှာ အခြေခံတယ်။ ဆိုလိုတာက နိုင်ငံရေးအရ တနိုင်ငံတည်း၊ လူထုတခုတည်း၊ တကမ္ဘာတည်း မျှဝေနေကြတာဖြစ်လို့ မိတ်ဆွေစိတ်ကို ဒီကနေဖြစ်တည်ရင် လက်ဖက်ရည် အတူတူသောက်ဖူးစရာကို မလိုဘူး။ အကယ်၍ နိုင်ငံရေးဟာ သူ့ရဲ့ လူသားအဆန်ဆုံး အခြေအနေမှာ ရန်သူတွေကို စီမံခန့်ခွဲတာ မဟုတ်ဘဲ ဒီလိုမျိုး မိတ်ဆွေဖွဲ့မှုကို ပျိုးထောင်တာ ဖြစ်မယ်ဆိုရင် ခင်ဗျားဘာတွေးမိသလဲ။ လူစိမ်းတွေကို ဂရုစိုက်ခြင်းရဲ့ ကျင့်ဝတ်ကို ပြောရအောင်။ နိုင်ငံရေးမိတ်သဟာယဖြစ်မှု ဆိုတဲ့ စကားစုမှာ တိတ်ဆိတ်တဲ့ ကိုယ်ကျင့်တရားဆိုင်ရာ တော်လှန်မှုတခု ပါဝင်တယ်။ ဒါက စိတ်ခံစားမှု ဒါမှမဟုတ် ဘဝထဲက အကြောင်းအရာမျှဝေတာတွေ မလိုအပ်ဘူး။ ဒါက ပိုရိုးရှင်းပေမဲ့ ပိုခက်ခဲတဲ့အရာတခုကို တောင်းဆိုတယ်။ ဘယ်တော့မှ မတွေ့ဖူးသေးတဲ့ လူတွေရဲ့ ကောင်းကျိုးကို မိမိတို့ ချမှတ်တဲ့ ဆုံးဖြတ်ချက်တွေထဲ ထည့်သွင်း ထားဖို့ပဲ။ သူတို့ကို တန်းတူညီမျှနဲ့ ရိုးသားစွာ ဂရုစိုက်မှု စက်ဝိုင်းထဲ ထည့်သွင်းဖို့ဖြစ်တယ်။ အမြတ်အစွန်း၊ ကွဲပြားခြားနားခြင်းနဲ့ စွမ်းဆောင်ရည်တွေက ပုံဖော်နေတဲ့ ကမ္ဘာမှာ ဒါက မလွယ်ဘူး။ အင်စတီကျူးရှင်းတွေက၊ ဈေးကွက်တွေက၊ ကြောက်ရွံ့မှုကပါ ကျွန်တော်တို့ကို တွက်ချက်ဖို့၊ တန်ဖိုးကို တိုင်းတာဖို့၊ တခြားသူတွေကို သူတို့ရဲ့ အသုံးဝင်မှု ဒါမှမဟုတ် မိမိတို့ဘက်နဲ့ ကိုက်ညီမှုအပေါ် အခြေခံပြီး သတ်မှတ်ဖို့ လေ့ကျင့်ပေးထားတယ်။ ဒါပေမဲ့ မိတ်ဆွေဖြစ်မှုဟာ နိုင်ငံရေးနိယာမတခုအနေနဲ့ အာဏာကို ခုခံနိုင်တယ်။ ဒါဟာ ငွေကြေးအမြတ်ရဖို့ ကုန်စည်လဲလှယ်တဲ့ ပုံစံမျိုး မဟုတ်ဘူး။ သဘောမတူတာနဲ့ ပျက်ပြယ်သွားတာ မဟုတ်ဘူး။ တခြားသူတွေအပေါ် ဂရုထားဖို့ တိုက်တွန်းတယ်။ ဒါကလည်း သူတို့က မိမိတို့နဲ့သရုပ်တူလို့ ဒါမှမဟုတ် သဘောတူလို့ မဟုတ်ဘဲ သူတို့က နိုင်ငံရေးမိတ်ဆွေနွေ ဖြစ်နေလို့ပဲ။ မိမိတို့ဟာ တကယ်တမ်း အာဏာအကြောင်း မပြောဘဲ မိတ်ဆွေဖွဲ့မှုအကြောင်း မပြောနိုင်ဘူး။ မိတ်ဆွေဖွဲ့မှုဟာ ဟာလာဟင်းလင်း နေရာမှာ ကြီးထွားလာမှာ မဟုတ်ဘူး။ ဒါဟာ မိမိတို့ သူ့ပတ်ဝန်းကျင် တည်ဆောက်ထားတဲ့ အခြေအနေတွေမှာ ကြီးထွား ဒါမှမဟုတ် နွမ်းနယ်သွားတယ်။ တန်းတူမညီမျှမှု၊ ဖိနှိပ်မှု ဒါမှမဟုတ် သမိုင်းနဲ့ချီတဲ့ အကြမ်းဖက်မှုတွေ ရှိတဲ့ လူ့အဖွဲ့အစည်းတွေမှာ မိတ်ဆွေဖွဲ့မှုဟာ နွေးထွေးတဲ့ ခံစားချက် သက်သက် မဟုတ်ဘူး၊ ဒါဟာ အာဏာ ပြန်လည် ဖြန့်ဝေတဲ့ လုပ်ရပ် ဖြစ်တယ်။ ဒါက ခက်ခဲတဲ့ မေးခွန်းတွေ မေးတယ်- အသိအမှတ်ပြုမှု အခြေအနေတွေကို ဘယ်သူ သတ်မှတ်သလဲ။ ဘယ်သူ့ အသံကို နားထောင်သလဲ။ ဘယ်သူက ပိုင်ဆိုင်သလဲ။ နိုင်ငံရေးမိတ်သဟာယဖြစ်မှု ကို ကျင့်သုံးတာဟာ ကြင်နာမှုတင် မဟုတ်ဘဲ တရားမျှတမှုအတွက်ပါ ကတိကဝတ် ပြုတာ ဖြစ်တယ်။ ဒါဟာ လူတချို့ကို အမြဲတမ်း အသံမဲ့အောင် ဖိထိန်းထားတဲ့ အလွှာစနစ်တွေကို ဖြိုဖျက်တာ ဖြစ်တယ်။ ဒါဟာ ဂရုစိုက်ပေးမှုတင် မဟုတ်ဘဲ စည်းလုံးညီညွတ်မှုကို ပေးတာ ဖြစ်တယ်။ ပိုပြီး ကွဲပြားခြားနားလာတဲ့ အချိန်မှာ လူတွေကို တံဆိပ်တွေအဖြစ် လျှော့ချလိုက်တဲ့အခါ၊ နိုင်ငံရေးဟာ (လက်နက် ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ) ပြည်တွင်းစစ် ပုံစံတခု ဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိတဲ့အခါ မိတ်ဆွေစိတ်ဟာ ခေတ်နောက်ကျနေတဲ့ ပုံပေါ်နိုင်တယ်။ ဒါပေမဲ့ ဒါဟာ မိမိတို့ အမှန်တကယ် လိုအပ်တဲ့အရာပဲ ဖြစ်နေနိုင်တယ်မဟုတ်လား။ မိတ်ဆွေဖြစ်မှုဟာ နိုင်ငံရေးအရ နားလည်ရမယ်ဆိုရင် တခြားသူတွေကို ရန်သူတွေအဖြစ် ပုံသဏ္ဌာန် သတ်မှတ်တာကို ဆန့်ကျင်တဲ့ ခုခံမှု ဖြစ်တယ်။ ရှုပ်ထွေးမှုကို ပယ်ဖျက်ဖို့ ငြင်းဆန်ခြင်း ဖြစ်တယ်။ သဘောမတူတာတောင်မှ ဆွေးနွေးမှုကို အခိုင်အမာ တောင်းဆိုတယ်။ နိုင်ငံရေးဟာ မူဝါဒအဖြစ် ပုံဖော်ထားတဲ့ လွှမ်းမိုးမှုသက်သက်ပဲလို့ ယုံကြည်တဲ့ ထုံအရိုးရှင်းတဲ့ သွေးဆောင်မှုကနေ မိမိတို့ကို ကာကွယ်တယ်။ နိုင်ငံရေး အားလုံးဟာ ယုံကြည်မှုဆိုတာအပေါ် အခြေခံတယ်။ ပြီးတော့ ယုံကြည်မှုဟာ မိတ်ဆွေဖြစ်မှုလိုပဲ ဥပဒေနဲ့ ပြဋ္ဌာန်းလို့ မရဘူး။ ဒါဟာ စောင့်ကြည့်မှု ဒါမှမဟုတ် ဆောင်ပုဒ်တွေနဲ့ တည်ဆောက်တာ မဟုတ်ဘူး။ ဒါဟာ ပုံမှန် ပါဝင်ခြင်း၊ နားထောင်ခြင်း၊ ထိခိုက်မှု ရှိကြောင်း သိမှတ်ခြင်းနဲ့ ထွက်မသွားခြင်းတို့ရဲ့ သည်းခံမှုရှိတဲ့ အလုပ်မှာ ဖြည်းဖြည်းချင်း ကြီးထွားလာတယ်။ မိမိတို့ မိတ်ဆွေဖွဲ့မှု ဆုံးရှုံးတဲ့အခါ စိုးမိုးထိန်းချုပ်မှုကို ကျင့်သုံးတတ်ကြတယ်။ ပိုပြီး စည်းမျဉ်းတွေ များများ၊ ပိုပြီး ပြင်းထန်တဲ့ အပြစ်ပေးမှုတွေ၊ ပိုထူတဲ့ နံရံတွေ လုပ်လာမယ်။ ဒါပေမဲ့ ဒါတွေ ဘယ်တခုကမှ လူတွေကို ဂရုစိုက်ဖို့ သင်မပေးဘူး။ လူမှုဆက်ဆံရေးတွေကသာ သင်ပေးတယ်။ ပြီးတော့ ဂရုစိုက်မှုရဖို့ ဖြစ်နိုင်ချေတောင် မရှိရင် နိုင်ငံရေးဟာ ငြိမ်းချမ်းရေးအတွက် နေရာတခု မဟုတ်တော့ဘူး။ ဒါဟာ စာရွက်စာတမ်းတွေနဲ့ စီမံခန့်ခွဲတဲ့ စစ်ပွဲတခု ဖြစ်လာတယ်။ နိုင်ငံရေးမိတ်သဟာယဖြစ်မှုအကြောင်း ပြောတာဟာ သဘောတူညီမှု ဒါမှမဟုတ် သရုပ်တူညီတာကို တောင်းဆိုတာ မဟုတ်ဘူး။ တကယ်တော့ အကောင်းဆုံး မိတ်ဆွေဖွဲ့မှုတွေဟာ ပဋိပက္ခထဲမှာ ကြီးထွားတယ်။ မတူညီမှုနဲ့ သစ္စာစောင့်သိမှုကြား အမှန်မြင်ရဲတဲ့ တင်းမာမှုမှာပေါ့။ မိတ်ဆွေတွေဟာ သဘောမတူပေမဲ့ တယောက်ကို တယောက် စွန့်ပစ်တာ မရှိဘူး။ မသက်မသာ ဖြစ်တဲ့အခါမှာတောင် သူတို့ ဆက်ဆံပေါင်းသင်းနေနေကြတယ်။ ဆိုးတဲ့ သူငယ်ချင်းရှိလာရင် သူ့ကိုကူညီဖို့၊ ကောင်းလာအောင် ဝိုင်းလုပ်ပေးနိုင်ဖို့ တွေးကြတယ်။ နိုင်ငံရေးမိတ်သဟာယဖြစ်မှု ဆိုတာ စိတ်ကူးယဉ် ပြီးပြည့်စုံတဲ့ နိဗ္ဗာန်လိုနေရာတခု မဟုတ်ဘူး။ ဒါက ကျင့်စဉ်တခု ဖြစ်တယ်။ ဒါက နက်နဲတဲ့ ကွဲပြားမှုတွေကြား မျှဝေထားတဲ့ ဘဝတွေကို ဆက်လက် ညှိနှိုင်းဖို့ မိမိတို့ကို တောင်းဆိုတယ်။ ယုံကြည်မှုရဖို့ ခက်ခဲတဲ့အခါမှာတောင် တယောက်နဲ့ တယောက် ကတိကဝတ် ရှိနေဖို့ဖြစ်တယ်။ ပဋိပက္ခသဘောတရားကို ပြန်လည် စိတ်ကူးယဉ်ဖို့ ဖိတ်ခေါ်တယ်။ ပဋိပက္ခဟာ ဖယ်ရှားပစ်ရမယ့် ခြိမ်းခြောက်မှုတခုအဖြစ် မဟုတ်ဘဲ ဂုဏ်သိက္ခာကို ဆက်လက် ကာကွယ်နိုင်တဲ့ နေရာတခုအဖြစ် ပုံပြောင်းဖို့ဆိုပါတော့။ ဘယ်သူက နိုင်ငံရေး မိတ်ဆွေ ဖြစ်ထိုက်သလဲ လို့လည်း မိမိတို့ မေးနိုင်တယ်။ လက်တွေ့မှာ လူတွေရဲ့ သနားကြင်နာမှုတောင်မှ နိုင်ငံ၊ လူမျိုး၊ ဘာသာ ဒါမှမဟုတ် ဝါဒကနေ မိမိတို့ အမွေရရှိတဲ့ နယ်နိမိတ်တွေကနေ ပုံဖော်ခံရတာပါပဲ။ ဒုက္ခရောက်တာနှစ်ခုတွေ့ရင်တောင် တချို့ကို ပိုကြည့်ဖို့လိုမျိုးပေါ့။ ဒါပေမဲ့ မိတ်ဆွေဖွဲ့မှုဟာ နိုင်ငံရေးကို ပြန်လည် အသက်သွင်းဖို့ ဆိုရင် အဲဒီ ကန့်သတ်မှုတွေကို ပြန်တွေးကြရမယ်။ ဒါဟာ "ငါ ဘယ်သူ့ကို ဂရုစိုက်လဲ" လို့ မေးရုံတင် မဟုတ်ဘဲ "တခြားသူတွေကို ဘယ်လို ဂရုမစိုက်ဖို့၊ လျစ်လျူရှုမိဖို့ သင်ယူခဲ့ရလဲ" လို့ မိမိတို့ကို မေးဖို့ သင်ပေးရမယ်။ ပြီးတော့ အဲဒီ သင်ယူမှုကို ဖျက်သိမ်းတာ ဘာကို ဆိုလိုနိုင်မလဲ။ Aristotle က တခါက မိတ်ဆွေဖြစ်မှုကို လူ့ဘဝရဲ့ အမြင့်မြတ်ဆုံး ကောင်းကျိုးလို့ ခေါ်ခဲ့တယ်။ ဒါက လွယ်လို့ မဟုတ်ဘူး။ မိမိတို့ဟာ တဦးတည်းသော သတ္တဝါတွေ မဟုတ်ဘူးဆိုတာ ဒါက မိမိတို့ကို သတိပေးတာပါပဲ။ မိမိတို့ဟာ အတူတူနေဖို့၊ ပူးပေါင်းဆောင်ရွက်နေထိုင်ဖို့ လူမှုသတ္တဝါတွေ ဖြစ်တယ်မဟုတ်လား။ နိုင်ငံရေးဟာ ထိခိုက်အောင် လုပ်တာထက် ကုစားဖို့ ဖြစ်မယ်ဆိုရင် ဒီအရှိတရားကို ပြန်လည် ဖော်ထုတ်ရမယ်။ မိတ်ဆွေဖြစ်မှုဟာ စိတ်ခံစားမှုဆိုင်ရာ အလှဆင်မှုတခုအဖြစ် မဟုတ်ဘဲ လူ့လောက အခြေခံအုတ်မြစ် တခုအဖြစ်ဖန်တီးဖို့ ဖြစ်တယ်။ နိုင်ငံရေးမိတ်သဟာယစိတ်ဟာ နိုင်ငံရေးက မိမိတို့ကို တောင်းဆိုနိုင်တဲ့ အလိုအပ်ဆုံးအရာ ဖြစ်နိုင်တယ်။ ဒါဟာ အလွတ်မြောက်ဆုံးအရာလည်း ဖြစ်နိုင်တယ်။ ဘာလို့လဲဆိုတော့ မိတ်ဆွေဖြစ်မှု ရှုထောင့်မှာ တရားမျှတမှုဟာ လူတွေကို ပြုပြင်တာ ဒါမှမဟုတ် လူတွေကို အနိုင်ရသူနဲ့ အရှုံးသမားတွေအဖြစ် ခွဲခြားတံဆိပ်ကပ်တာ မဟုတ်ဘူးလို့ သင်ပေးနိုင်လို့ပဲ။ ဒါဟာ နေရာတွေ မျှဝေတာ၊ လိုအပ်ချက်တွေကို ညှိနှိုင်းတာနဲ့ ဂုဏ်သိက္ခာကို ရွေးချယ်တာတွေမှာ အတူတူပူးပေါင်းလုပ်ကြဖို့ အကြောင်းပဲ။ ဒီရှုထောင့်မှာ နိုင်ငံရေး မိတ်သဟာယစိတ်ဟာ အာဏာထက် ပိုပြီး၊ အမြတ်အစွန်းထက် ပိုပြီး နိုင်ငံရေးအတွက် အခြေခံကျတဲ့ စိတ်ကူးပဲ ဖြစ်တယ်မဟုတ်လား။
0 Comments
Leave a Reply. |
ဆောင်းပါးရှင် - ဆန်းစ စာမရီဆန်းစ စာမရီသည် နိုင်ငံရေးနှင့် ဒဿနများ လေ့လာသူတဦးဖြစ်သည်။ ArchivesCategories |
Site powered by Weebly. Managed by Porkbun